သူ့လို မိန်းကလေး(စ/ဆုံး)
———————–
ထွေးမော်ရေ………ရေတစ်ထမ်းလောက်ဟေ့……
ဟုတ်ကဲ့ ဦးလေး ဟုတ်ကဲ့
ထွေးမော်ရေ……ပြီးရင် တို့ဘက်ကိုလည်းနှစ်ထမ်းလောက်……
ဟုတ်ကဲ့ ဖွားလေးရေ………ဟုတ်ကဲ့
ထွေးမော်လေးသည် သူမကိုမွေးပြီးပြီးချင်း သူ့မေမေမှာ မီးတွင်းထဲဆုံးပါးခဲ့ပါသည်။
သူ့ဖေဖေမှာ
ငယ်ရွယ်သေးသူမို့ မိန်းမစိတ်နှင့်စိတ်တွေလေလွင့်ကာ သမီးလေးနီတာရဲကို သူ့မေမေ၏အကိုကြီးဆုံးအိမ်မှာပို့ထားကာခြေရာပျောက်၍ရေပါနှောက်သွားခဲ့လေပြီ။
သူ့ဘကြီး၏မိန်းမက ကလေးတစ်ယောက်မှမရှိသေးသဖြင့် သူမကိုသမီးအရင်းလေးလိုမွေးစားလိုက်လေသည်။ မွေးစားပြီးမှ ကံကောင်းစွာ တနှစ်တယောက်နှုံးဖြင့်သမီးနှစ်ယောက်ဆက်တိုက်ရလေသော် ထွေးမော်နှင့်အမည်ဆင်တူ
ဌေးဌေးမော်
အေးအေးမော် ဟုပေးလေသည်။
ထွေးမော်အပါအဝင်
နောက်ထပ် သမီးချည်းနှစ်ယောက်ဆက်တိုက်မွေးပြီး
သားချည်းနှစ်ယောက်ဆက်တိုက်မွေးကာရပ်သွား၏။
မထင်မှတ်ပဲ ကလေးများက တနှစ်နှစ်နှစ်ခန့်သာကွာပြီးမွေးရာ ကလေးများဘုစုခရုနှင့် ထွေးမော်ဘကြီး လယ်လုပ်သားတံငါသမားကြီး ပုဆိုးရေမခြောက် ရုန်းကန်လုပ်ကြွေးရလေသည်။
ကျောင်းနေရမည့်အရွယ် အကြီးဆုံးသမီးလေးမွေးစားတူမလေးကိုပါ သမီးတွေနှင့်သိပ်မကွာသဖြင့် အတန်းပါအတူတူထားသည်။
သမီးတွေဆယ်တန်းဆို ထွေးမော်လေးပါဆယ်တန်း
ပင်ပမ်းဆင်းရဲသည့်ကြားက အကြီးဆုံးသမီးမွေးစားတူမလေးသည် ခြောက်တန်းနှစ်ထဲက
အိမ်တွေမှာ သောက်ရေလိုက်ထည့်သည်။
ရသည့်ပိုက်ဆံမွေးစားမေမေကိုအပ်သည်။
မွေးစားမေမေသည် သူ့မေမေအရင်းဖြစ်ပြီး
မွေးစားဖေဖေ သူမဘကြီးသည် သူမဖေဖေအရင်းသာဖြစ်လေသည်။
သူနှင့်သိပ်မကွာသော ညီမလေးများအား အများကြီးအသက်ကွာနေသည့်ပမာ သူမညှာတာသည်။ ချစ်သည်။ သနားသည်။ သူမအငတ်ခံကာသူမရသည့်မုန့်ဖိုးညီမလေးတွေခွဲကြွေးသည်။
အပျိုအရွယ်ဖြစ်လာသော်လည်း
သူမအတွက်သီးသန့်ရယ်လို့ပူဆာတာမရှိ၍ အဝတ်အစားအသစ်မရှိ ရွယ်တူလိုဖြစ်နေသောညီမလေးများအကျကိုသာဝတ်ဆင်သည်။
သူမရေထမ်း၍ရသောအခကြေးငွေကလေးများထဲမှ သူမလိုချင်သည့် ပိတ်စကလေးများထမိန်စကလေးများအား ညီမလေးများက ကြိုက်သည်ဆိုကာ ယူပြီးချုပ်ဝတ်လျင်လည်း သူမနှမြောသော်လည်း အပြုံးမပျက်ပေးသည်။
ဒီကြားထဲက သူမညီမလေးများမနိုးခင်အရင်ထပြီးထမင်းဟင်းချက်ပြုတ် ရေထမ်း
သူမညီမလေးများက နောက်ကျမှထပြီး သူမချက်ကြွေးတာခူးခပ်စား ကျောင်းကိုဖြီးလိမ်းပြီးမှထွက်သွား
သူမက ရေထမ်း၍ နောက်ကျပြီးမှကျောင်းကိုသုတ်ခြေတင်ရောက်
ဆရာက နောက်ကျ၍ အပြစ်ပေးတော့ အကျိုးအကြောင်းသူမ မပြောရဲ။ ညီမလေးများက ဒါကိုမသနားသည့်ပြင် သူမကြောင့်သူတို့ပါအရှက်ရပါသည်ဆိုကာ စူဆောင့်
အရွယ်လေးတွေရောက်လာတော့ အလုပ်နှင့်လက်စဉ်ဆက်မပြတ်လုပ်နေရသော သူမလေးသည် ကိုယ်လုံးကိုယ်ထည် ကြံ့ခိုင်ကျစ်လျစ်ပြီး ညီမနှစ်ယောက်ထက်ပို၍လှပကျော့ရှင်းနေပြီး လူတိုင်းနှင့်သင့်မြတ်အောင်ပေါင်းတတ်သင်းတတ်၍ ချစ်စဖွယ်သဘောမနောကောင်းကာ နာမည်ဂုဏ်သတင်းပိုကြီးလေလျင် ညီမနှစ်ယောက်မနာလိုအူပုပ်ကာ မိခင်ကိုကတုံးကတိုက်လုပ်ကာရန်တိုက်ပေးလေသည်။
မိခင်သည် သမီးအရင်းတွေထက်သူမကိုမချစ်တော့တာသေချာလေပြီ။ နေ့စဉ်ငြူစူရိုက်နှက် နှိမ်နင်းလေသည်။ သူမသည် ကျောင်းလည်းမမှီ
ရေထမ်းလည်းနောက်ကျ
အဝတ်အစားမှာလည်း သူမညီမနှစ်ယောက်မဝတ်ချင်တော့သောအကျများဖြင့် သူမဘဝကိုသူမစတင်ကာ နာကျည်းမှုတွေဝင်လာလေပြီ။
ဘယ်လောက်လျှော့စားပေး၍အောက်ကျို့ဆက်ဆံပါသော်လည်း မိခင်၏ခွဲခြားဆက်ဆံမှု
ဘကြီးဖေဖေ၏ မသိကျိုးကျွံနေတတ်မှုတို့ကြားမှာ သူမစတင်၍ သိမ်ငယ်ကာ ဝမ်းနည်းအားငယ်တတ်လာလေသည်။
ဘေးပတ်ဝန်းကျင်ကစကားတချို့သည် သူမ၏နုငယ်သောနှလုံးသားတစုံကိုနာကျင်မှုများပေးလေပြီ။
ညီးက မွေးစားသမီးကိုး သမီးအရင်းတွေလောက်ဘယ်ချစ်ပါ့မလည်း
နေရာတကာ သူ့သမီးတွေပဲဦးစားပေးနေတာသူ့သမီးတွေကဘော်ကျော့လေးညီးကတအိမ်လုံးစားဖို့လည်း ရေထမ်းပြီးငွေရှာရသေး
သူတို့အကျလည်းဝတ်ရသေး
သူတို့စားဖ်ု့လည်း မိုးမလင်းခင်ကထချက်ရသေး
ဝတ်ရတော့ သူ့သမီးတွေမဝတ်ချင်တဲ့အကျမှ
ဒီကြားထဲတအိမ်လုံးချိုးဖို့လျှော်ဖို့ရေကအစ ညီးပဲခပ်ရ လျှော်ရ ဆေးကြောရ။
သူမသည် မမြင်ကွယ်ရာတိတ်တိတ်ကလေးမှာ တိတ်တိတ်ကလေးမျက်ရည်ပေါက်ကြီးများကျဆင်း
သွားပြီ သူမ အိမ်ပေါ်ကတိတ်တိတ်ခိုးဆင်းပါလေပြီ။
ရန်ကုန်သို့ အဆက်အသွယ်မရှိ ဘာမရှိ သူမအတင့်ရဲစွာထွက်သွားလေပြီ။
မွေးကတည်းက ဒီရွာမှာ ကြီး ဒီရွာမှာပဲ ဆယ်တန်းထိနေခဲ့ပေမယ့် ရန်ကုန်မြို့ဆိုတာ သူမအတွက်အမည်သာကြားဖူးပြီး ဗွီဒီယိုတွေထဲမှာသာတွေ့ဖူးလေသည်။
ဒါပေမယ့် သူမဝတ္ထုတွေထဲမှာဖတ်ဖူးထားသည်။ ရန်ကုန်မှာ အလုပ်တွေပေါသည်။
ထမင်းဆိုင်တွေပေါသည်။
ထမင်းဆိုင်တဆိုင်ဆိုင်မှာ ပနိးကန်ဆေးအလုပ်ပဲရရ
ထမင်းစားရရင်တော်ပါပြီ။
သူမကျန်တာတွေ မတွေး
မိုးမလင်းခင်ထွက်သော တခြားရွာမှကားတွေကို
ရွာထိပ်မှောင်မဲမဲထဲမှ သူမရပ်စောင့်သည်။
မီးထိုးပြီးနှင်းထုကိုခွဲကာလာနေသောခရီးသည်တင်ဂျစ်ကားတစင်း သူမရှေ့ရပ်ပေးသည်။
သူမ ဂျစ်ကားပေါ်တက်ထိုင်တော့ ကားပေါ်ကလူငွေ့တွေနှင့် သူမအတန်ငယ်နွေးထွေးသွားသည်။ ကားလေးစတင်ထွက်တော့ သူမနေထိုင်ကြီးပြင်းခဲ့သည့်ရွာကြီးကို နောက်ဆုံးနှုတ်ဆက်ခြင်းဖြင့် စိတိထဲမှနေ၍နှုတ်ဆက်လိုက်သည်။
ငါ……နင်တို့ဆီ ဘယ်တော့မှ ပြန်မလာတော့ဘူး
သိလား………ပြန်မလာတော့ဘူး………
ရန်ကုန်မြို့သို့မရောက်ခင် သူမသည် ဒလနာရီစင်ရှေ့မှာမှားဆင်းမိသည်။
လူအများကဆင်းကြသည်မို့ သူမပါရောယောင်ဆင်းမိခြင်းပါ
ကျောင်းလွယ်အိပ်စုတ်ဖွားလေးထဲ သူမအဝတ်အစားဆန့်သလောက်ထိုးထည့်ထားရာ သုံးလေးစုံအပြင်ပိုမပါမိ။
သူမသည် လွယ်အိပ်လေးကိုတင်းတင်းပိုက်ရင်း ဟိုဘက်ကားလမ်းပဲဖြတ်ကူးရတော့မလိုလို ဒီဘက်ကားလမ်းဘေးပဲဆက်ရပ်ရတော့မလိုလိုဖြစ်ကာ အရဲစွန့်ပြီး အနားမှာပြောင်းဖူးပြုတ်ရောင်းနေသောအဒေါ်ကြီးတစ်ယောက်ကို မေးကြည့်ဖို့ဆုံးဖြတ်လိုက်လေသည်။
“ဒေါ်ကြီး ဒါ ရန်ကုန်လားဟင်……”
အဒေါ်ကြီးသည် သူမကိုကြည့်ခါ မအူမလည်တောသူမှန်းသဘောပေါက်သွားကာ
“ဟဲ့ နင်စာမတတ်ဘူးလား ဟိုမှာဆိုင်းဘုတ်တွေလိုက်ဖတ် ခုမှဒလပဲရှိသေးတယ် ညီး ဘယ်ကိုသွားမှာလဲ ရန်ကုန်လား
ရန်ကုန်ဆို ဟော့ ဟိုးမှာလာနေတဲ့ကားတွေ့လား အဲ့ကားရပ်လို့လူတွေဆင်းတာနဲ့ ညီးလိုက်တက် နောက်ထပ်တရာပေးရင် ဒလရောက်ပြီ ဒလကို ဂိတ်ဆုံး အဲ့ကနေ ဇက်နဲ့ပန်းဆိုးတန်းကိုကူး”
“ဟင်……ဇက်ဆိုတာ ဘာလဲ ဟင်အဒေါ်ကြီး……”
“ဟော်တော်……”
အဒေါ်ကြီးသည် ဟိုဘက်ဒီဘက် လူသူတွေလျှောက်ကြည့်လိုက်ကာဟော်တော်ဟု အသံထွက်သွားပြီး သူမကိုသူ့အနားလာရန် လက်ယပ်ခေါ်လေသည်။ “ညီး မိဘတွေမသိအောင်အိမ်ပေါ်ကဆင်းလာတာလား ရန်ကုန်မှာဘယ်သူတွေရှိလို့သွားမှာလဲ ညီးလိုအပျိုလေးတစ်ယောက်ထဲ အဖော်မပါပဲလျှောက်ထွက်နေတာအန္တာရာယ်များတာ ညီးမသိဘူးလား
ကဲပါအေ……ဒီပြောင်းဖူးပြုတ်ကုန်ရင် ငါအိမ်ပြန်တော့မှာ ငါနဲ့ညီးလိုက်ခဲ့ အိမ်ကျမှပြောတော့……”
ဒီလိုနှင့် အဒေါ်ကြီးခေါ်သွားသောအိမ်သို့ သူမလိုက်သွားလေလျှင် အိမ်ဟုသာပြောသည် သူမတွေ့တာကတော့ လေးတိုင်စင်ပေါ် ဓနိဖက်တွေမိုးပြီး ဗီနိုင်းကြော်ငြာတွေကို ပတ်လည်ကာထားသောအခင်းနေရာမှာ ဇာတ်ပွဲတွေမှာခင်းသောဖျာကြမ်းကြီးများခင်းထားသောမြေစိုက်တဲအိမ်သာဖြစ်လေသည်။ အနားမှာ အမှိုက်ပုံကြီးဟီးနေလေသည်။ သူမသည်အစမှာ အမှိုက်ပုံကြီးလို့မထင်
တောင်သေးသေးလေးဟုမြင်ကာ ကလေးတချို့ထိုတောင်ပေါ်တက်ဆော့နေကြသည်ကိုငေးမိနေသေးသည်။ အဒေါ်ကြီးတို့လို မြေစိုက်တဲအိမ်လေးတွေအမှိုက်ပုံကြီးကိုပတ်လည်၍ဆောက်ထားတာမွစိထနေသည်။ တချို့မြေစိုက်တဲလေးတွေမှာ ထီးပိတ်စုတ်တွေကို ဖဲထီးသံချောင်းတွေဖြုတ်ပြီး ဒီအတိုင်း ကြိုးနှင့်တုပ်ချည်ကာအိမ်စုတ်ကလေးကိုပတ်ကာထားပြီး မြွေရေခွံအိတ်တွေနှင့်လည်းပတ်ကာထားသေးေလသည်။ အမှိုက်ပုံကြီးဆီက အနံ့အသက်ပေါင်းစုံ ကလေးများမြူးထူးပျော်ပါးသံစုံတို့ကြား သူမခေါင်းပင်မူးနောက်နောက်ဖြစ်လာသည်။
ကလေးတွေကလည်း မဲသဲကာဆံပင်နီကြောင်စုတ်ဖွားလေးတွေတပုံစံထဲဖြစ်နေသည်။ လူကြီးများလည်းထို့အတူ
ဒီကြားထဲ သူမကို အကြည့်စူးစူးရဲရဲများဖြင့်ကြည့်နေသောလူမျိုးခြားလေးငါးဦးမကတွေ့ရလေသော် သူမကျောထဲစိမ့်ကာကြောက်ရွံ့တုန်လှုပ်လာလေသည်။
အဒေါ်ကြီးက
“ငါ့မှာ တူမတစ်ယောက်ရှိတယ် ညီးလိုပဲ သူ့အမေဆုံးသွားထဲကငါနဲ့အတူနေတာ သူ့ဆီမနက်ကျလိုက်ပို့ပေးမယ် သူရွှေလင်ပန်းဘက်မှာစက်ရုံဆင်းနေတယ် အဲ့မှာသွားနေ အဲ့ကနေသူနဲ့အတူစက်ရုံဆင်းပေါ့ ဒီမှာတော့နေလို့မရဘူးညီးမြင်တဲ့အတိုင်းလူမျိုးစုံ လူ့ပေါက်ပန်းလေးဆယ်အစုံနေကြတာ”
“ဟုတ်ကဲ့ပါ”
“အေး တအောင့်နေ ငါ့ညီမသားအမိတွေပြန်လာလိမ့်မယ် သူတို့အမှိုက်လိုက်ကောက်နေတာ ပလတ်စတစ်တို့ ဗူးတို့ပုလင်းတို့ပေါ့ ”
အဒေါ်ကြီးသည် နောက်ထပ်ပြုတ်ရောင်းမည့်ပြောင်းဖူးများကို အိုးကြီးထဲထည့်ကာ မီးမွှေးနေ၏။
သူမသည် ရန်ကုန်ကိုလွယ်လွယ်လေးနှင့်ရောက်မည်ထင်ထားသမျှ အခုမှ မလွယ်ပါလားတွေးကာသက်ပြင်းမောကိုချမိလေသည်။
ညနေကျတော့ အဒေါ်ကြီး၏ညီမသားအမိနှစ်ယောက်အိတ်တွေနှင့်ရောက်လာကြကာ သူမကိုကြည့်ပြီးအဒေါ်ကြီးကိုမေးမြန်းနေလေသည်။ အဒေါ်ကြီးသည် တိုးတိုး တိုးတိုးနှင့်သူမမကြားအောင် သူ့ညီမကိုဘာတွေပြောနေသည်မသိ
သူ့ညီမ၏သား ဆယ့်တစ်နှစ်အရွယ်ကောင်လေးအား တစုံတရာကိုတီးတိုးမှာကြားနေသည်ကိုမသင်္ကာဖွယ်ရာ သူမတွေ့လေလျင် သူမသည် ချက်ချင်းဆိုသလိုထိုင်နေရာမှ လွယ်အိပ်ကလေးကိုကောက်လွယ်လိုက်လေသည်။
“ဟေ့ ဟေ့ ဟိုကောင်မလေး ဒါဘယ်လဲ……”
သူမကိုအဒေါ်ကြီးနှင့်သူ့ညီမကလှမ်းခေါ်ရုံမက သူ့ညီမကလှစ်ခနဲဆိုသလို သူမဆီပြေးလိုက်လေလျင် သူမသည်လည်း ဘာမှမစဉ်းစားတော့ လာရာလမ်းလေးအတိုင်းပြေးလေတော့သည်။
သူမကားလမ်းလေးသို့ရောက်ရှိလေလျင်ကားတစင်းသည်တိုက်ဆိုင်စွာ သူမရှေ့ထိုးရပ်လေသည်။
သူမလည်း ဘာမှစဉ်းစားမနေ ထိုကားပေါ်ခုန်တက်ကာလိုက်ပါလာလေတော့သည်။
သူမ ရန်ကုန်ဘက်ကိုရောက်တော့ လူအများနှင့်ရောယောင်ကာလူကူးမျဉ်းကျားအတိုင်းကူးသန်းပြီး
ယောင်ပေပေနှင့်ပင် ဘတ်စ်ကားတစ်စီးပေါ်တက်စီးလေသည်။ထိုခေတ်က YBSများမရှိသေး။ သို့နှင့် သူမ၏မအူမလယ်ရုပ်က ကားပေါ်ကလူများတချို့ထဲကသတိထားမိကြပုံရသည်။ တစ်ချို့ကသူတို့အာရုံနှင့်သူတို့မို့သူမကိုမကြည့်။ သူမကသာလိုက်ကြည့်နေမိသည်။ ကားပေါ်မှာစပယ်ယာက တိုးပါတိုးပါဆို၍ သူမလူအများနှင့်လိုက်ပါရောယောင်တိုးရင်း ရွာက သူမတို့အိမ်နီးချင်းကအစ်ကိုဝမ်းကွဲမိုးကျော်နှင့်အသက်ရွယ်တူလောက်ရှိမည့်လူတစ်ယောက်သည် သူမနှင့်အကြည့်ချင်းဆုံကာ သူမအနားတိုးကပ်ရောက်ရှိလာသည်။
သူမသည် ဒီလိုနှင့် လူအများနှင့်တိုးကြိတ်ကာ ရောယောင်ဆင်းသည်။ ဘယ်ကိုရှေ့ဆက်လို့ဆက်ရမှန်းမသိ ယောင်ပေယောင်ပေနှင့် အများနှင့်ရောယောင်ကာလူကူးမျဉ်းကျားအတိုင်းဖြတ်ကူး
ခြေဦးတည့်ရာစွတ်ရွတ်သွားသည်။အဲ့လိုနှင့် မိုးချုပ်သွားလေသည်။ သူမရောက်ရှိနေသည့်နေရာလည်းဘယ်နေရာတွေမှန်းလည်းမသိ စာတွေလျှောက်ဖတ်တော့လည်း အမြင်မှာ အတူတူပဲဖြစ်နေသယောင်ယောင် ။သို့နှင့်ဗိုက်ထဲကဆာသလိုလိုလည်းဖြစ်လာသည်နှင့် လမ်းချိုးလေးတကွေ့တွင်တွေ့ရသောထမင်းဆိုင်တစ်ဆိုင်သူမဝင်ထိုင်လေသည်။ သူမမှာငွေလေး၈၀၀ခန့်ပါနေသေးလေသဖြင့် ထမင်းတော့ဝယ်စားလို့ရဦးမှာပင်
“အစ်မကြီး ထမင်းတပွဲဘယ်လောက်လဲ ဟင်.”
စျေးသည်အစ်မကြီးက” ထမင်းတပွဲကို၈၀၀လေအဲ့မှာရေးထားတာမမြင်ဘူးလား ဘာနဲ့ပဲစား စား၈၀၀”
အိုး ဆန်တပြည်မှ ၄၀၀ပဲရှိတာကို ထမင်းတပွဲ၈၀၀တောင်းသတဲ့ မတန်ဘူး ဟု သူမစိတ်ထဲညီးညူကာ ထပြန်မည်ပြုစဉ် သူမမျက်လုံးက ထမင်းဆိုင်ထောင့်စွန်းအနားမှာထိုင်နေကာသူမဖက်သို့လှမ်းကြည့်နေသော ဘတ်စကားပေါ်မှ သူမနားတိုးကပ်ကာ မဖွယ်မရာတွေပြုလုပ်ခဲ့သော ရွာကအကိုကြီးမိုးကျော်တို့အရွယ်လူကိုမြင်လိုက်လေလျှင် ပြန်ထိုင်ချလိုက်ရလေသည်။ သူမရင်သည် စိုးရွံထိတ်လန့်မှုအရှိန်အဟုန်ခပ်ပြင်းပြင်းနှင့်တဒိုင်းဒိုင်းခုန်လှုပ်နေသည်။ ငါသိပ်မှားသွားပြီ။ သိပ်မကြာခင်မိုးကချုပ်တော့မယ်။ ငါ ဘယ်မှာ ညအိပ်ရမလဲ။
ငါနဲ့သိသူတွေလည်းတစ်ယောက်မှမရှိသလို မြင်မြင်ရတဲ့အရာမှန်သမျှ သူစိမ်းတွေချည်းပဲ။
“ဆိုင်ကကောင်မလေးက မိုးပဲချုပ်နေပြီ ဝိုင်းသိမ်းပေးဖို့ခုထိပြန်မလာတော့ဘူး ဆိုင်ကသိမ်းခါနီးနေပြီ “ဟု ထမင်းဆိုင်ပိုင်ရှင်အစ်မကြီးက ပြောဆိုနေလေသည်ကိုသူမကြားလိုက်လေသည်။
သူမသည် ရွာမှာထဲကခပ်သွက်သွက်မို့
“အစ်မကြီး ညီမဝိုင်းသိမ်းပေးမယ်လေ ညီမကိုခိုင်းပါ”
“ညီးက ဘယ်ကလဲ”
“ညီမလေးက ကွမ်းခြံကုန်းကပါ”
” ေကာ့မှူး ကွမ်းခြံကုန်းဘက်ကလား မိုးချုပ်မှဘယ်ကိုသွားမှာလဲ”
“ညီမလေးအမျိုးတစ်ယောက်နဲ့အတူတူလာတာ လမ်းမှာလူကွဲသွားလို့အစ်မကြီး ညီမလေးကိုခွင့်ပြုရင်အစ်မကြီးဆိုင်မှာခိုင်းပါနော် ပိုက်ဆံပေးစရာမလိုပါဘူး ထမင်းပဲကျွေးပါနော်”
ထမင်းဆိုင်ထောင့်မှလူအား သူမတစ်ချက်ခိုးကြည့်စဥ် ထမင်းဆိုင်အစ်မကြီးသည်သူမ၏မအူမလည်ရုပ်နှင့်အချဥ်ဖမ်းချင်သော လူလည်တစ်ယောက်အားချက်ချင်းသတိပြုမိပုံပေါ်ကာ
နောက်ဆုံးတော့ သူမပန်းကန်ဆေး ထမင်းချက်ဟင်းဝိုင်းချက် စျေးဝိုင်းရောင်းပေးရင်းအလုပ်ရသွားလေသည်။
သူမအဲ့သည်ထမင်းဆိုင်လေးမှာအနေကြာလာတော့မှ သူမရောက်သည့်နေရာ သူမသိသည်။
သိမ်ကြီးစျေးနှင့်သိပ်မဝေးတော့သောနေရာလေးဟူ၍သာမှတ်မိသည် ယခုအချိန်ပြန်စဉ်းစားတော့ သူမအတိအကျမသိတော့
အဲ့သည်ကနေ သူမဆယ်တန်းထိပညာသင်ဖူးထားမှန်းသိသဖြင့် အစ်မကြီးသည် မဲဆောက်ဘက်က သိုးမွေးစက်ရုံသို့ သူ့ညီမရှိရာ သူ့ညီမနှင့်အဖော်ရရန်အလုပ်အတူတွဲလုပ်ရန်ပို့ပေးလေသည်။
သူမသည် အစမှာ ညီမလေးများနှင့်မောင်လေးများ မိဘနှစ်ပါးကိုလည်းလွမ်းလှသေးလေသဖြင့် ပြန်ဖို့တောင်စဉ်းစားမိသေးလေသည်။
နောက်တော့ သူမစဉ်းစားသည်မှာ ငါပြန်သွားရင်ရေပဲဆက်ထမ်းရမှာပါပဲ။ ငါ ဒီထက်ပိုပြီးထူးခြားလာမှာမဟုတ်ဘူး ဟုဆိုကာ ဖြစ်ချင်ရာဖြစ် ငါမကောင်းတဲ့မိန်းမမဖြစ်ရင်တော်ပြီလို့ပဲတွေးကာ မဲဆောက်သို့လိုက်သွားလေသည်။
သူမသည် တနေကုန်မတ်တပ်ချည်ထိုး ချည်ယက်လုပ်ကိုင်ရသောအလုပ်ပေမို့ တနေ့ထက်တနေ့ပို၍ ပါးလျားပိန်လှီလာပြီး အသားအရည်မှာလည်းရောက်စနှင့်မတူ ပို၍ ဖြူဖွေးလာကာ တရုတ်မလေးကဲ့သို့ ဆင်ဆင်တူလာသည်ဟု လုပ်ဖော်ကိုင်ဖက်များကပြောကြသည်။
သူမသည် အများနှင့်ဖော်ရွေစွာနေထိုင်တတ်ပြီး အများကိုလည်းခင်မင်စွာပေါင်းတတ်သင်းတတ်သည်။ ရသမျှငွေကြေးကိုလည်း ဘဏ်စာအုပ်လုပ်ကာစုသည်။ ဒီလိုနှင့် အချိန်တွေကုန်မြန်ခဲ့ရင်းခုနှစ်နှစ်တာကာလအရောက်မှာ သူမ ပထမဆုံး ရွာသို့ပြန်ရောက်လာခဲ့လေသည်။
“ဟင်………အဲ့ဒါဘယ်သူလဲ ထွေးမော်မဟုတ်လား”
“ထွေးမော် ဒါနဲ့ ညီးကတဖက်နိုင်ငံကိုရောင်းစားခံလိုက်ရပြီဆို”
“မကောင်းတဲ့အလုပ်တွေ လုပ်နေတဲ့မကောင်းတဲ့မိန်းမဖြစ်နေတယ်ဆိုညီးက”
ထိုအချိန်က HIVရောဂါတွေကလည်းခေတ်စားနေဆဲ ပိုးဟပ်ဖြူလေးလို ဖြူဖျော့ပိန်လှီလွန်းလှသောထွေးမော်လေးကို ရွာကလူတချို့နှင့် မွေးစားဘကြီးလင်မယားနှင့်အတူ ညီမကလေးများက ရွံရှာသလို မဆက်ဆံချင်သလိုကြည့်ကြသည် ။
သူမသည် အံ့အားသင့်နာကျည်းခြင်းများဖြင့် ချုံးပွဲချငိုကြွေးသည်။
ငါ့မှာတော့ သူတို့ကိုလွမ်းလိုက်ရတာ
ငါ့မှာတော့ သူတို့အတွက်ဆိုပြီး ကြိုးစားလိုက်ရတာ
ငါ့မှာတော့ သူတို့ကိုငါ့မိသားစုဆိုပြီး တွယ်တာလိုက်ရတာ
သူမသည် ချက်ချင်း ကားငှားပြီး မဲဆောက်ကိုပြန်ဖို့ပြင်သည်။ ပါလာသည့်ငွေထုတ်ကိုတော့ ပြန်ကာနီး စိတ်ပြတ်သားစွာ သူမချစ်ရသော ဘကြီးဖေဖေနှင့် မေမေကို ချပေးရင်းကန်တော့သည်။
သူမသည် အရှုံးများစွာဖြင့် ရင်မှာထိခိုက်ခံစားနာကျင်ကာ ပြန်၍လာရာလမ်းကိုပြေးရလေသည်။
ဘကြီးဖေဖေနှင့် မွေးစားမေမေ
ညီမကလေးများသည် သူမပြန်သွားသည်နှင့် ချထားသည့်အထုပ်ကိုဖွင့်စဉ် မမြင်ဖူးမကိုင်ဖူးသောငွေကြေးပမာဏအားမြင်ရတွေ့ရစဉ်အံ့သြမင်သက်ကြကုန်သည်။ ဒါတောင် မဲ့ရွဲ့ကာ
ညီမတွေက ဖာခံခကဒီလောက်တောင်ရလာသလား မကြားနိုးနားပြောသေးလေသည်။
ဒါကို အနားကကြည့်သူတချို့ ထွေးမော်အစားရင်နာရလေသည်။
လူမိုက်နှင့်ငွေအတူမနေဆိုသည့်အတိုင်း
ထွေးမော် ပင်ပမ်းဆင်းရဲကြီးစွာရုန်းကန်ရှာဖွေ၍ကန်တော့ခဲ့သောငွေများသည်ညီမများကလည်း အဝတ်အစားရွှေထည် ဝတ် နှစ်လုံးသုံးလုံးပေါင်ထိုးသည်။ မွေးစားမေမေသည်
သမီးအရင်းတွေကတော့ ဖာခံမကြွေးဘူး မွေးစားသမီးမျိုးမစစ်မို့ ဖာခံကြွေးလည်း စားခွင့်ရတုန်းစားရမှာပင်ဟု လူအများကြားလျင် နှလုံးနာရွံရှာခံရမတတ်လျှောက်ပြောကာ အလွယ်ရလာသောပိုက်ဆံကိုအလွယ်သုံးလေသည်။
ဘကြီးမွေးစားဖေဖေသည် သေသွားသည့်နှမလေး၏ သမီးကို သမီးအရင်းနှင့်မခြားချစ်ခဲ့ပါသော်လည်း မိန်းမနှင့်သမီးတွေသားတွေကိုမလွန်ဆန်နိုင် အရွဲ့တိုက်ကာအရက်လေးတမြမြဖြစ်လာသည်။
မဲဆောက်သို့အရှုံးများနှင့်ပြန်သွားသောထွေးမော်သည် အံကိုကြိတ်ခါ မာန်ကိုတင်း၍ ဒီတခါတွင်တော့ ငါဟာ တစ်ကောင်ကြွက်က တစ်ကောင်ကြွက်ပဲဖြစ်တော့တာသေချာလေပြီ။
ငါ့မှာ အဖေမရှိ အမေမရှိ ညီမတွေမရှိသော ဆွေမျိုးနတ္ထိသာဖြစ်သော တစ်ကောင်ကြွက်ပီပီ ငါရှာဖွေရသမျှသောငွေကြေး ငါပဲစား ငါပဲဝတ်မည်။ မာန်ကိုတင်းသည်။ မျက်ရည်ဖြိုင်ဖြ်ုင်ကျသည်။
မဟုတ်ပါဘူး လေ ငါကလည်းငါပဲ အိမ်ကထွက်သွားတာကိုး ခုလောက်ထိနှစ်တွေကြာမှတော့ ငါ့ကိုသူတို့တမျိုးထင်မည်ဆိုလည်း သူတို့အမှားမဟုတ်ပါဘူးလေ………
ရွာမှာတော့
ညီမတစ်ယောက်မှာ အိမ်ထောင်ကျပြီး အိမ်ထောင်ရေးဖောက်ပြန်သဖြင့် မိဘများအရှက်တကွဲဖြစ်ကာ သမီးနှင့်မြေးကိုပြန်လည်ခေါ်ယူထိန်းသိမ်းရလေသည်။
နောက်ညီမငယ်ကျတော့ ပထမလင်က အညာသား
ကလေးတစ်ယောက်ရမှ သူမကိုပစ်ကာအညာကိုပြန်ပြေးလေသည်။
ဒုတိယလင်ကျတော့ သူမကိုအနိုင်ကျင့်နှိပ်စက်သဖြင့် မိဘများစိတ်မချမ်းသာ
ပထမလင်နှင့်မွေးထားသောကလေးကိုပါ ပထွေးကနှိပ်စက်သဖြင့် မိဘများက ခေါ်ယူထိန်းရမွေးရလေသည်။
အိမ်ထောင်ရေးဖောက်ပြန်သူသမီးက သူတိူ့ခေါ်ထိန်းသိမ်းသည့်ကြားက ဘယ်သူနှင့်ရမှန်းမသိသောကိုယ်ဝန်ထပ်ရှိလာသည် ။ မောင်တွေကကြီးလာသဖြင့်ရှက်ကာ သူ့အစ်မအားသတ်မည်ဖြတ်မည်တကဲကဲဖြစ်နေကြသည်။ မိဘများသည်အသက်တွေကြီးလာမှ သောကတွေတမျိုးပြီးတမျိုးရနေကြသည်။
ပတ်ဝန်းကျင်က လူတွေသည် သူတို့မိသားစုကိုနောက်ကွယ်ကဲ့ရဲတင်းဆိုကြသည်မှာ ထွေးမော်လေးဝဋ်တွေလည်ပြီ ဟု ဆိုကြသည်။
ရှိသည့်အိမ်နှင့်ခြံပါ တဖြေးဖြေးအပေါင်ဆုံးကာနီးဆဲဆဲ လမ်းဘေးရောက်လုဆဲဆဲတွင်
ထွေးမော်လေးတစ်ယောက် နောက်ထပ်၆နှစ်ခန့်အကြာမှာထပ်ရောက်လာရာမှာတော့
ဟဲ့ ဟိုးက မာစီးဒီးကားအနက်ကြီးက နက်ပြောင်လို့ တို့ရွာထဲဖုန်တလုံးလုံးနဲ့ဟယ် ဘယ်သူတွေတုန်း ကြည့်ကြစမ်း
ဟဲ့ ဖိုးလုံး ခင်စိန်အိမ်ရှေ့ရပ်သွားတယ်ဟဲ့ ကြည့်ကြစမ်း ဘယ်သူတွေတုန်း
ကားတံခါးဖွင့်ပြီး ထွက်လာသူကတော့ ယုန်မွှေးဆွယ်တာပန်းရောင်လွလွလေးဖြင့် အနက်ခံပေါ်အဖြူပွင့်ကြီးများပါသော အင်ဒိုနီးရှားပါတိတ်ပုံစံနှင့် တရုတ်မဖြူဖြူလှလှလေး ရွရွလေးဆင်းလာလေသည်။ နေကာမျက်မှန်အနက်တပ်ထားသော်လည်း ပန်းဆီရောင်နှုတ်ခမ်းနီနှုတ်ခမ်းပါးတစုံအားမြင်တွေ့လိုက်စဉ်
ဟင် မကြီးထွေးမော်
ဟဲ့ ထွေးထွေးမော်
ထွေးမော်တစ်ယောက် ကားပေါ်ကခြေပင်မကျသေး ကားရှေ့ခန်းမှ တရုတ်အမျိုးသားလူလတ်ပိုင်းအရွယ်တစ်ယောက်သည် ဖဲထီးပန်းနုရောင်လေးအား ထွေးမော်လက်ထဲသို့သူကိုယ်တိုင်ဖွင့်ပေးကာထည့်ပေးလိုက်လေသည်။
ထွေးမော်သည် ထိုတရုတ်လူမျိုး သိုးမွေးစက်ရုံပိုင်ရှင်တစ်ယောက်၏ တရားဝင်ဇနီးမယားအဖြစ် လက်ထပ်ယူခွင့်ကိုရရှိခဲ့သည်။ ထိုတရုတ်လူမျိုးသည် သူ့နိုင်ငံမှာ သားကြီးမယားကြီးရှိသော်လည်း
မြန်မာမိန်းကလေးတစ်ဦးကိုလည်းသူ့အနေနှင့်တရားဝင်လက်ထပ်ပိုင်ခွင့်ရှိလေရာ မိနိးကလေးကျေနပ်လျင် သူပိုင်ဆိုင်ခွင့်ရှိသည်မို့ ထွေးမော်အား သိုးမွေးစက်ရုံ အလုပ်သမ အဖြစ်ကနေ ပိုင်ရှင်အဖြစ် တရားဝင်စာချုပ်စာတမ်းဖြင့်ပေးအပ်ခဲ့သည်။
လူကိုယ်တိုင်လည်း စည်းစိမ်အပြည့် အိုးအိမ်တိုက်တာအခြွေအရံအပြည့်အပြင် တခြားပိုင်ဆိုင်သမျှပါခွဲဝေပေးခဲ့သည်။ ချစ်စဖွယ်ကောင်းအောင်ပြောတတ်ဆိုတတ်သော လူချစ်လူခင်ပေါများအောင်ပေါင်းတတ်သင်းတတ်သောထွေးမော်အားဖူးဖူးမှုတ်မတတ်မြတ်နိုးရှာသည်။
နောက်ပိုင်း ထွေးမော်အားယုံကြည်၍ ရွာကလူများသည် သူတို့သားသမီးများအားထွေးမော်ပိုင်သောစက်ရုံအခုပ်ရုံသို့ လွှတ်၍ ခိုင်းစေကြရာ ထိုကလေးများပြန်လည်ပြောပုံအရ
ထွေးမော်မှာ စက်ရုံသို့လာလျင် နောက်မှ ထီးတော်မိုးတွေ သက်တော်စောင့်တွေနှင့်တအုံးအုံးဖြစ်ကာ အလွန်ကိုကြီးမြတ်သောမိန်းမသားအဖြစ်နှင့်တရုတ်၏ချစ်မြတ်နိုးတန်ဖိုးထားခံရခြင်းကိုအားကျစဖွယ်တွေ့ရလေသည်တဲ့။(ဒီလိုရေးပြလို့ အမြင်တမျိုးမမြင်ကြပါနှင့်နော် မြန်မာမိန်းကလေးတွေတိုင်းထွေးမော်လိုကံမကောင်းကြပါဘူးရှင် တကယ့်ဖြစ်ရပ်မှန်ကိုအမည်လွှဲရေးထားတာပါ ရွာမှာ သူမနှင့်သက်ဆိုင်သူတွေ ယနေ့ထိရှိနေဆဲပါ)
ဘယ်လောက်အရေးပေးခံရလည်း ထွေးမော်မှာ မာနမကြီး သူ့ရွာကကလေးတွေမြင်လျင် ပြုံးရွှင်ဖော်ရွေစွာဆက်ဆံစမြဲ။
အခြားလူများနှင့်လည်းပြေပြစ်စွာဆက်ဆံတတ်စမြဲပါတဲ့။
ဒီလိုနှင့်အစကိုပြန်စရသော် ထွေးမော်တစ်ယောက် သူ့မိဘနှင့်ညီမများအားစိတ်မနာနိုင်ပဲ နောက်ထပ်တကြော့ပြန်လာကာ အိမ်ဆောက်ရန်ငွေတွေပေး လယ်တွေဝယ်ရန်ငွေတွေပုံပေးကာ ညီမများအားလည်း ထောက်ပံ့၍ ပြန်သွားခဲ့လေသည်။
ယခုတော့ ထွေးမော်တစ်ယောက် သားယောက်ျားလေးတစ်ယောက်ကိုအောင်အောင်မြင်မြင်ချောချောမောမောမွေးဖွားကာ ယနေ့အထိ မဲဆောက်မြို့မှာ အိမ်ကြီးအိမ်ကောင်းနှင့် ချမ်းချမ်းသာသာနေထိုင်နေပါကြောင်း
တချိန်က ကျွန်မဆီ ရေထမ်းခကလေးများဖြင့် ဝတ္ထုမဂ္ဂဇင်းစာအုပ်များ လာလာငှားဖတ်တတ်သော ကောင်မလေးအားမြင်ယောင်ရင်း
ဤ သူ့လို မိန်းမ ကို ခွင့်တောင်း၍ရေးသားလိုက်ရပါသည်။
အားလုံးကိုချစ်တဲ့
ရွက်ဝါရင့်ရင့်