လူသားစိတ်ထားဆိုသည်မှာ
-------------------------------
ကားတစ်စီးကို ရဲကတားလိုက်သည်။
ကားကရပ်ပေးလိုက်သည်။ ရဲက ကားဆီကိုသွားပြီးစစ်ဆေးသည်။ ကားမောင်းလာသူ၏လိုင်စင်သည် ရက်လွန် နေပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။
ရဲအရာရှိက
“ဒီမှာ ခင်ဗျားလိုင်စင် ရက်လွန်နေပြီ … ဘာကြောင့် သက်တမ်းမတိုးထားရတာလဲ”
လူငယ်ကဖြေသည်။
“ကျွန်တော့် ညပိုင်းအလုပ်ပြုတ်သွားတာကြာပြီ။ ကျွန်တော့်မိသားစုကို ကျွေးမွေးဖို့အတွက် ကျွန်တော် အတော်လေးသောကရောက်နေပါတယ်။ ကျွန်တော့်မှာ ပိုက်ဆံလည်းမရှိဘူး။ အိမ်လခ၊ စားစရိတ်တွေနဲ့ ပတ်ချာလည်နေရတယ်။ ဒီကားကလည်း ကျွန်တော့်ကားမဟုတ်ဘူး။ ဒီနေ့ အလုပ်အင်တာဗျူးတစ်ခု သွားဖြေမလို့ နောက်ကျနေတာနဲ့ သူငယ်ချင်းဆီကနေ ယူမောင်းလာတာ။ ကျွန်တော်နောက်ကျနေလို့ပါ ကျေးဇူးပြုပြီး သွားပါရစေနော်”
ရဲအရာရှိက တာဝန်အရဆောင်ရွက်ရမည်လား၊ လွှတ်ပေးလိုက်ရမည်လားတွေဝေကာ စဉ်းစားနေသည်။ ထို့နောက်
“ခင်ဗျား ကားပေါ်ကဆင်းလိုက်ပါ”
လူငယ်က ကားပေါ်က ဆင်းလိုက်သည်။
“အင်တာဗျူးက ဘယ်နှနာရီလဲ”
“၉ နာရီပါ”
“ခုက ၉ နာရီ ၁၅ ရှိနေပြီ … တော်တော်နောက်ကျနေပြီ”
“ဟုတ်ပါတယ်ခင်ဗျာ … ကျွန်တော် သွားပါရစေ”
ရဲအရာရှိက လူငယ်၏ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးလိုက်ပြီး
“ကဲ … ခင်ဗျားကို ကျွန်တော်ကိုယ်တိုင် ကားမောင်းပြီးလိုက်ပို့မယ်။ ကားပေါ်တက်”
လူငယ်က မယုံကြည်နိုင်လောက်အောင်ဖြစ်နေသည်။
ရဲအရာရှိက ကားမောင်းသည့် နေရာတွင်ဝင်ထိုင်လိုက်သည်။ သူကိုယ်တိုင် လူငယ်ပြောသည့် နေရာကို ကားမောင်းပို့ပေးသည်။
အလုပ်အင်တာဗျူးဖြေသည့် နေရာကို ရောက်လာသည်။ ရဲအရာရှိကကိုယ်တိုင် အလုပ်ဌာနကို ဝင်လာပြီး သူစစ်ဆေးနေသဖြင့် နောက်ကျနေရခြင်းဖြစ်ကြောင်း တောင်းပန်ပေးသည်။ လူငယ်ကို အလုပ်က အင်တာဗျူး ဖြေဆိုခွင့်ပေးသည်။
အင်တာဗျူးဖြေပြီးနောက် လူငယ်အပြင်ကို ပြန်ထွက်လာသည်။ ရဲအရာရှိက အပြင်တွင်စောင့်နေသည်။
“ဘယ်လိုလဲ”
“ကျွန်တော် အလုပ်ရခဲ့ပြီဗျာ … ကျေးဇူးတင်ပါတယ်”
“ခင်ဗျားကားမောင်းလို့ မရဘူး။ ကားကို ခင်ဗျားသူငယ်ချင်းကို လာယူခိုင်းလိုက်ပါ။ လိုင်စင်ကို သက်တမ်းတိုး လိုက်ပါ။ ကျွန်တော် နောက်တစ်ခါ ခင်ဗျားကို လိုင်စင်သက်တမ်းကျော်တာကြီးနဲ့ မတွေ့ပါရစေနဲ့”
“ဟုတ်ကဲ့ပါ … ခုလိုကူညီတာ ကျေးဇူးပါ”
(မှတ်ချက် - နိုင်ငံခြားတိုင်းပြည်တစ်ပြည်တွင် ဖြစ်ပါသည်။ That's what humanity is. ကို မြန်မာမှု ပြုထားခြင်းဖြစ်ပါသည်)
တင်ညွန့်
၂၂.၂.၂၀၂၆