တည၊ တမှား ၊တသက်တာ(စ/ဆုံး)

 တည၊ တမှား ၊တသက်တာ(စ/ဆုံး)

———————————-

သူ(မ) အဲဒီညကို ဘယ်တော့မှမေ့မှာမဟုတ်ဘူး။ အရာအားလုံးကို ပြောင်းလဲသွားစေခဲ့တဲ့ည။ တစ်ကြိမ်တည်းသော အမှားတစ်ခုက အသက်ငယ်ငယ် မိန်းကလေးတစ်ယောက်ရဲ့ဘဝကို ကြေမွသွားစေခဲ့တဲ့ည။

သူ့နာမည်က အေဒါ။ အသက် ၂၂ နှစ်အရွယ်၊ ဘဝနှင့်အိပ်မက်တွေနဲ့ ပြည့်နေတဲ့ မိန်းကလေး။ တက္ကသိုလ်စာမေးပွဲများ ပြီးဆုံးခဲ့ပြီး အဖြေစာရင်းကို စောင့်ဆိုင်းနေဆဲ။ အေဒါဟာ လူတွေကို အလွယ်တကူယုံလွန်းတတ်တဲ့ မိန်းကလေးတွေထဲက တစ်ယောက်။ မိတ်ဆွေအရင်းကို ယုံကြည်သူ၊ လူတွေကို ယုံကြည်သူ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ယုံကြည်မှုဟာ အန္တရာယ်အရှိဆုံးသောအရာလည်းဖြစ်နိုင်တယ်။

အေဒါမှာ စင်သီယာဆိုတဲ့ အရင်းနှီးဆုံးသူငယ်ချင်းရှိခဲ့တယ်။ နှစ်နှစ်ကြာ အတူရှိခဲ့ကြတာ။ အမြဲတမ်းရယ်မောပြီး လျှို့ဝှက်ချက်တွေမျှဝေခဲ့ကြတယ်။ ဒါပေမယ့် ထိုညမှာ အေဒါ သိလိုက်ရတာက မိတ်ဆွေဆိုသူများအားလုံး အစစ်အမှန်မဟုတ်ကြောင်းပါပဲ။

သောကြာညနေတစ်ခုမှာ စင်သီယာက သူမကိုဖုန်းဆက်လာတယ်။
“အေဒါ၊ ဒီည night out ထွက်ကြရအောင်။ မြို့ထဲမှာ ပါတီတစ်ခုရှိတယ်။ ပျော်စရာအရမ်းကောင်းမှာ!”

အေဒါစဉ်းစားနေမိတယ်။ သူမက ပါတီဆိုတာနဲ့ စိမ်းတဲ့သူမျိုး။ ဒါပေမယ့် စင်သီယာကတောင်းပန်နေတယ်။
“ဒီတစ်ကြိမ်ပဲ သူငယ်ချင်းရာ။ နင့်အိမ်ကို ငါပြောပေးမယ်။ ကျေးဇူးပြုပြီးလာပါဟာ။ နင် ကအမြဲငြင်းနေတာ။ ဘဝကိုနည်းနည်းပေါ့ပေါ့ပါးပါးရှင်သန်ပါဦး!”
အေဒါ နောက်ဆုံးသဘောတူလိုက်တယ်။ ဒါကသူမရဲ့ ပထမဆုံးအမှားပဲ။ အရာအားလုံးကိုပြောင်းလဲသွားစေသောည။

သူတို့အဝတ်အစားလှလှလေးတွေဝတ်ဆင်ပြီး အဆင်သင့်ဖြစ်သွားကြတယ်။ အေဒါက ရိုးရိုးလေးနဲ့လှနေပေမယ့်၊ စင်သီယာကတော့ မလုံတလုံအဝတ်အစားကို ဝတ်ထားတယ်။ တက်စီနဲ့ကလပ်ကိုသွားတဲ့အခါ နေရာကအသံကျယ်ပြီး လူတွေနဲ့ပြည့်ကာ ဆေးလိပ်နဲ့အရက်အနံ့တွေပြင်းနေတယ်။

“အရက်တွေသောက်ကြရအောင်” စင်သီယာကပြောပြီး အေဒါကိုဘားဆီဆွဲခေါ်သွားတယ်။

အေဒါကအရက်သောက်ရတာမကြိုက်ပေမယ့် စင်သီယာကဖန်ခွက်တစ်ခု ထိုးပေးလိုက်တယ်။
“တစ်ငုံလောက်ပဲသောက်” လို့ပြုံးရင်းပြောတယ်။

အေဒါတစ်ငုံသောက်လိုက်တယ်။ နောက်တစ်ငုံ။ စင်သီယာကသူ့ကို လူငယ်တွေနဲ့မိတ်ဆက်ပေးတဲ့အချိန်ကို သူမမှတ်မိတော့ဘူး။

“ငါ့သူငယ်ချင်းတွေနဲ့တွေ့ကြည့်” စင်သီယာကပြုံးပြရင်းပြောတယ်။

အေဒါစိတ်ထဲမသက်မသာဖြစ်လာတယ်။ ဒါပေမယ့် ရိုင်းစိုင်းမှုမဖြစ်ချင်ဘူး။ ထိုလူတွေကအသက်ကြီးပြီး စျေးကြီးနာရီတွေဝတ်ထားတယ်။ သူတို့ကအရက်တွေထပ်ဝယ်တယ်။
လူတစ်ယောက် စင်သီယာနားမှာ ရက်ကာရယ်ပြီးတီတီတာတာပြောနေတယ်။

တွန်းဒဲဆိုတဲ့လူတစ်ယောက်က အေဒါကိုကြည့်နေတယ်။
“မင်းကအရမ်းလှတာပဲ မိန်းကလေး”

အေဒါကအတင်းပြုံးပြလိုက်တယ်။ သူမ ဒီနေရာကနေ ထွက်သွားချင်နေပြီ။
“စင်သီယာ၊ ထွက်ကြရအောင်” လို့ တိုးတိုးပြောလိုက်တယ်။

“စိတ်မညစ်နဲ့!” စင်သီယာကမျက်လုံးလှုပ်ပြီး ပြောတယ်။
ပြီးတော့ တွန်းဒဲကနောက်ထပ်ဖန်ခွက်တစ်ခု
ကမ်းလိုက်တယ်။ အေဒါငြင်းတယ်။
“ဒီ တစ်ခွက်ပဲ” လို့သူကဇွတ် ထိုးပေးတယ်။

စင်သီယာကရယ်ပြီး အေဒါလက်ကိုကိုင်လိုက်တယ်။
“သောက်လိုက်ပါဦး၊ အရက်တစ်ခွက်ပဲ။ ငါ
နင်နဲ့အတူရှိနေတယ်၊ ဘာမှမဖြစ်ဘူး။ ကလေး မဆန်နဲ့”

အေဒါသက်ပြင်းချလိုက်တယ်။ ကလေးဆန်တယ်လို့ အထင် မခံချင်မတော့ဘူး။ ဒါကသူမရဲ့ ဒုတိယ အမှား။

ထိုအရာသည် သူမမှတ်မိနိုင်သောနောက်ဆုံးအရာ။
နောက်တစ်ခေါက် အေဒါခေါင်းထဲမှာတဝဲလည်လည်ဖြစ်နေတယ်။ ခန္ဓာကိုယ်ကအားနည်းနေသလိုခံစားရတယ်။ ဂီတသံတွေဝေးကွာနေသလိုပဲ။
သူမထရပ်ဖို့ကြိုးစားတယ်။ ဒါပေမယ့်ခြေထောက်တွေကမလှုပ်ချင်ဘူး။
“စင်သီယာ… ငါနေမကောင်းဘူး” လိုလျှို့ဝှက်ပြောလိုက်တယ်။
စင်သီယာဘယ်မှာမှ မရှိ။

တွန်းဒဲကသူ့ပခုံးကိုထိလိုက်တယ်။
“လေကောင်းလေသန့်ရှု ကြည့်ရအောင်”

သူမ မတွန်းကန်နိုင်တော့ဘူး။ သူမကိုအပြင်ဘက်ခေါ်သွားတယ်။ လေကအေးနေပေမယ့် ခန္ဓာကိုယ်ကပူနေတယ်။ စကားပြောဖို့ကြိုးစားတယ်။ ဒါပေမယ့်နှုတ်ခမ်းတွေကလေးလေးနဲ့။

အပြင်ဘက်မှာ ကားနက်ကြီးတစ်စီးရပ်နေတယ်။

တံခါးဖွင့်လိုက်တယ်။

လက်တစ်ဖက်ကသူမကိုဆွဲသွင်းလိုက်တယ်။

ပြီးတော့ မှောင်မိုက်သွားတယ်။

မနက်ခင်းနိုးလာတဲ့အခါ
အေဒါဟာ ဟိုတယ်အခန်းတစ်ခုထဲမှာနိုးလာတယ်။ ခေါင်းကတဆတ်ဆတ်ကိုက်နေတယ်။ သူမ၏အင်္ကျီကစုတ်ပြဲနေတယ်။ သူမ မတွေးချင်တဲ့ နေရာတွေမှာ ကိုယ်ခန္ဓာ ကိုက်ခဲနေတယ်။
မျက်ရည်တွေဝဲလာတယ်။ ဖြစ်ပျက်ခဲ့တာတွေကိုပြန်မှတ်မိဖို့ကြိုးစားတယ်။ ညကဖြစ်ရပ်တွေကပြန်ပေါ်လာတယ်။

စင်သီယာ။
အရက်တွေ။
လူတွေ။
တွန်းဒဲ။
ကား။
သူမတုန်ယင်လာတယ်။

ဖုန်းကိုကိုင်လိုက်တယ်။ စင်သီယာကမက်ဆေ့ချ်တွေချန်ထားခဲ့တယ်။
“အေဒါ၊ မင်းအဆင်ပြေရဲ့လား”
“တွန်းဒဲကမင်းကိုဂရုစိုက်ပေးတယ်လို့ပြောတယ်”
“စိတ်မဆိုးနဲ့၊ မင်းအဆင်ပြေသွားမှာ”
လက်တွေတုန်နေတယ်။ “ဂရုစိုက်ပေးတယ်” ဆိုတာဘာကိုဆိုလိုတာလဲ။
သူမဟိုတယ်ကနေပြေးထွက်လာတယ်။ လမ်းပေါ်ကိုရောက်တော့ လူတွေကကြည့်နေကြတယ်။ ဒါပေမယ့်သူမဂရုမစိုက်ဘူး။ တက်စီယာဉ်စီးပြီးအိမ်ပြန်တယ်။
အိမ်ရောက်တော့ ရေချိုးခန်းထဲ လော့ချပြီး ငိုတယ်။ ခန္ဓာကိုယ်ကိုပွတ်တိုက်တယ်။ ဒါပေမယ့်ခံစားရတဲ့ညစ်ပတ်မှုက အတွင်းဘက်မှာ၊ ဆပ်ပြာနဲ့မရောက်နိုင်တဲ့နေရာမှာ။

တစ်ယောက်ယောက်ကိုခေါ်ဖို့၊ ပြောဖို့ကြိုးစားတယ်။ ဒါပေမယ့်ဘယ်သူယုံမှာလဲ။
မိဘတွေက ရှေးရိုးဆန်တယ်။
သူမကိုပဲအပြစ်တင်မှာ။
“ကလပ်ထဲမှာဘာလုပ်နေတာလဲ”
“ဘာလို့အရက်သောက်တာလဲ”
“ဘယ်သူ့ကိုယုံပြီးသွားတာလဲ”

ဖုန်းကိုကိုင်ပြီး စင်သီယာကိုမက်ဆေ့ချ်ပို့တယ်။
“မင်းငါ့ကိုဘာလုပ်လိုက်တာလဲ”

စင်သီယာက တစ်ခဏနေမှပြန်ဖြေတယ်။
“အေဒါ၊ စိတ်လျှော့ပါ။ ဒါကသိပ်အကြီးကြီးမဟုတ်ပါဘူး။ တွန်းဒဲကချမ်းသာတယ်။ သူကမင်းကိုကြိုက်တယ်။ လူဆိုးတစ်ယောက်မဟုတ်ပါဘူး”

အေဒါမက်ဆေ့ချ်ကိုငေးကြည့်နေတယ်။
အကြီးကြီးမဟုတ်ဘူးလား။

သူမပျို့အန်ချင်လာတယ်။ သစ္စာဖောက်ခံရသလိုခံစားရတယ်။ စိတ်ကွဲအက်သွားသလိုပဲ။

စင်သီယာဟာ ဘယ်တော့မှသူငယ်ချင်းမဟုတ်ခဲ့။ သူမကိုရောင်းစားခဲ့တာ။

ရက်တွေကြာလာတယ်။ အေဒါစားလို့မရ။ အိပ်လို့မရ။ ညစ်ပတ်နေသလိုခံစားရတယ်။ အသုံးချခံရသလိုခံစားရတယ်။ မသိတဲ့ ဖုန်း နံပါတ်ကမက်ဆေ့ချ်တွေရောက်လာတယ်။
“မင်းကိုလွမ်းတယ်၊ အေဒါ”
“နောက်တစ်ခါထပ်တွေ့ကြရအောင်”

နံပါတ်ကိုပိတ်လိုက်တယ်။ ဒါပေမယ့်ကြောက်စိတ်ကကျန်နေတယ်။

ရက်သတ္တပတ်အနည်းငယ်အကြာမှာ ဓမ္မတာလာချိန်လွန်သွားတယ်။

သူမ၏နှလုံးသားကရပ်သွားတယ်။ ဘုရားကိုတောင်းပန်တယ်။ ဒါပေမယ့်စစ်ဆေးတဲ့အခါမှာ အဖြေကရှင်းနေတယ်။
အနီနှစ်ကြောင်း။
သူမရေချိုးခန်းကြမ်းပြင်ပေါ်ထိုင်ပြီး သူမ၏ဘဝတစ်ခုလုံးပြိုလဲသွားသလိုခံစားရတယ်။

တစ်ည။
တစ်မှား။
အခုတော့သူမ၏ဘဝအပြီးပြောင်းသွားပြီ။

သူမ ငိုကြွေးချင်တယ်။ သေချင်တယ်။

ဒါပေမယ့်အဆုံးစွန်နာကျင်ရတာက ယုံကြည်မှုကနေစခဲ့တာ။

သူမဟာ မိတ်ဆွေမှားကိုယုံခဲ့တယ်။ ပြီးတော့ တန်ဖိုးအပြည့်အဝ ပေးလိုက်ရတယ်။

#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန်