ပြည်သူပေးသည့်ဆု

 ပြည်သူပေးသည့်ဆု

-------------------

ကျွန်တော်ဖတ်ဖူးသည့် အကြောင်းအရာလေးတစ်ခုရှိသည်။ ကြာတော့ကြာပါပြီ။ မှတ်မိသလောက် ပြန်ရေးပြ ပါမည်။


တစ်နေ့တွင် လူသူအရောက်အလွန်းနည်းသည့် ကျွန်းတစ်ကျွန်းပေါ်ကို ရဟတ်ယာဉ်တစ်စီး ဖြတ်ပျံသွားသည်။ ရဟတ်ယာဉ်ပေါ်မှ လူတစ်ယောက်က သူသောက်နေသည့် ဆိုဒါပုလင်းအဖုံးကို အောက်သို့ ပစ်ချလိုက်မိသည်။ ထိုပြောင်လက်လက်အဖုံးလေးကို ကျွန်းပေါ်နေ လူရိုင်းတွေထဲမှ တစ်ဦးကကောက်ရသွားသည်။


သူတို့က အဖုံးကို မိုးပေါ်ကကျလာသဖြင့် ဘုရားပေးသောလက်ဆောင်ဆိုကာ တန်ဖိုးထားပြီး သူတို့ ကိုးကွယ်သည့် ရုပ်တုကြီးနဖူးတွင်ကပ်ကာ ရှိခိုးကိုးကွယ်ကြလေသည်။ နေရောင်က ထိုအဖုံးကိုထိုးလိုက်လျှင် ပြောင်လက်လက် အရောင်ပြန်ထွက်သည်ကို တန်ခိုးပြသည်ဆိုကာ ရှိခိုးကြလေသည်။


နောက်ပိုင်းတွင် ထိုကျွန်းပေါ်ကို လူတွေရောက်လာသည်။ လူတွေနှင့်အတူ ဆိုဒါတွေ ကိုလာတွေ ပက်စီတွေ ပါလာသည်။ ပုလင်းဖုံးတွေက ထိုကျွန်းပေါ်တွင် ပျံ့ကုန်သည်။ ထိုလူရိုင်းတွေ တန်ဖိုးအလွန်ထားသည့် နဖူးပေါ်ကအရာသည် ဘာမျှမဟုတ်သော အဖုံးတစ်ခုဖြစ်နေမှန်းသိကြသော လူရိုင်းတွေက ထိုအဖုံးကို နတ်ဘုရားရုပ်တု နဖူးမှဖြုတ်ကြသည်။ ကျွန်းပေါ်နေ ကလေးတွေကအစ ပုလင်းအဖုံးတွေသည် ဆော့ကစားစရာ ဖြစ်ကုန်သည့် အခါတွင် ယခင်တန်ဖိုးထားလာသမျှသည် တန်ဖိုးမဲ့သောဘဝကို ရောက်ရလေ တော့သည်။


ကျွန်တော်ဖတ်ဖူးသည့် အကြောင်းအရာကို ပြန်ရေးပြခြင်း ဖြစ်ပါသည်။ အနည်းငယ်ကွဲလွဲနိုင်သော်လည်း သဘောကတော့ အတူတူဖြစ်နိုင်ပါသည်။


ကျွန်တော်ဆိုလိုချင်သည်မှာ တန်ဖိုးရှိသည်ဟု ထင်နေသည်ကို တန်ဖိုးကျစေချင်လျှင် ပေါများအောင်လုပ်လိုက် ဆိုသည့်သဘောဖြစ်သည်။


ငွေစက္ကူတွေကို အဆမတန် ရိုက်ထုတ်လိုက်လျှင် ငွေတန်ဖိုးကျသွားနိုင်သည်။ ထိုကဲ့သို့ပင် တန်ဖိုးထားသည့် ဘွဲ့တွေ ဂုဏ်တွေ တံဆိပ်တွေကိုလည်း အဆမတန်ပေးလိုက်လျှင် ထိုဘွဲ့များ ဂုဏ်များ၏ အနှစ်သာရသည် အလိုအလျောက် ပျက်စီးသွားနိုင်သည်။ ယင်းကို ဘွဲ့ထူးဂုဏ်ထူးများ ဖောင်းပွမှု (Inflation of Honors) ဟုခေါ်သည်။


ရွှေသည် အဘယ်ကြောင့် တန်ဖိုးရှိသနည်း။ ရှားပါးပြီး ရှာရခက်သောကြောင့်ဖြစ်သည်။ နေရာတိုင်း မတွေ့နိုင်၊ မရနိုင်သောကြောင့်လည်းပါသည်။ အကယ်၍သာ ရွှေသည် လမ်းဘေးတွင် ကျောက်ခဲတွေလို ပေါများနေလျှင် မည်သူမျှ တန်ဖိုးထားကာ အမြတ်တနိုး စုဆောင်းသိမ်းဆည်းထားမည် မဟုတ်တော့ပေ။


ဘွဲ့တံဆိပ်တွေဆိုသည်မှာ “ထူးချွန်သူ၊ ပေးဆပ်သူ” တွေကိုသာ ပေးသည်။ အလွန်ရခဲသည့် ဆုတံဆိပ်တွေ ဖြစ်သောကြောင့် လူတွေက တန်ဖိုးထား လေးစားကြသည်။ အစုလိုက် အပြုံလိုက်ပေးလိုက်သည့်အခါတွင် “ထူးချွန်မှု” ဆိုသည် စံနှုန်းပျောက်ပြီး လူတွေ၏အမြင်က တစ်မျိုးဖြစ်ကုန်သည်။


ဂုဏ်သိက္ခာအစစ်အမှန်ဆိုသည်မှာ အဘယ်နည်း။


ဂုဏ်သိက္ခာအစစ်အမှန်သည် စက္ကူပေါ်တွင် လက်မှတ်ထိုးပြီး ပေးအပ်၍ရသည့် အရာမဟုတ်ပါ။ ထို့ပြင် ငွေကြေးပေးပြီးတော့လည်း မဝယ်နိုင်ပါ။


ဂုဏ်သိက္ခာအစစ်အမှန်သည် ကိုယ်ကျင့်သိက္ခာနှင့် အမှန်တရားအပေါ် ရပ်တည်မှု၌ မူတည်သည်။ လူတစ်ယောက်သည် အကျိုးအမြတ်တစ်ခုအတွက် ကိုယ့်စိတ်ဓာတ် (ဝိညာဉ်) ကို ရောင်းစားထားသူဖြစ်လျှင် ထိုသူသည် မည်မျှချမ်းသာသည်ဖြစ်စေ၊ ဘွဲ့တွေမည်မျှ ရထားသည်ဖြစ်စေ ဂုဏ်သိက္ခာမရှိနိုင်ပေ။ ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်သည့်အခါ မျက်နှာပူစရာမရှိခြင်းမှာ အကြီးမားဆုံးသော ဂုဏ်သိက္ခာဖြစ် သည်။


ဘွဲ့တံဆိပ်ဆိုသည်မှာ အပြင်ပန်းအဆောင်အယောင်တစ်ခုသာဖြစ်သည်။ ပြည်သူလူထုက သဘောညီမျှ အတူတကွဖြင့် ပေးသင့်ပေးထိုက် (ရသင့်ရထိုက်) သည်ဟု သတ်မှတ်သော “မေတ္တာနှင့်လေးစားမှု” ကသာ အစစ်အမှန် ဖြစ်သည်။


ကျွန်တော်ဥပမာတစ်ခုပြောပါမည်။ သမိုင်းတွင် ပြည်သူ့ဘက်ကရပ်တည်ခဲ့ကြသော သူရဲကောင်းများသည် ဘွဲ့တံဆိပ်မရှိကြသော်လည်း ရာစုနှစ်နှင်ချီကာ လေးစားမြတ်နိုး တန်ဖိုးထားကြသည် မဟုတ်ပါလော။ ပြည်သူပေးသည့် ပြည်သူ့ဂုဏ်ပြုဆုသည်သာ ထာဝရတည်သည်။


တင်ညွန့်


၃.၃.၂၀၂၆