ဖောက်ထွက်လိုက်ပါ

 ဖောက်ထွက်လိုက်ပါ

-----------------

ယနေ့တော့ ဂျပန်စာရေးဆရာ ဟာရူကီ မူရာကာမီ (Haruki Murakami) ၏ စကားလေးကို မိတ်ဆက်ပေးချင်ပါ သည်။


“အကယ်၍ မင်းဟာ လူတိုင်းဖတ်နေတဲ့ စာအုပ်တွေကိုပဲ လိုက်ဖတ်နေမယ်ဆိုရင်၊ မင်းရဲ့ တွေးခေါ်မှုတွေ ဟာလည်း လူတကာတွေးနေတဲ့ဘောင်ထဲမှာပဲ ရှိနေလိမ့်မယ်” ဆိုသည့် စကားလေးကိုဖြစ်ပါသည်။


လူတွေအုပ်စုလိုက် အဘယ်ကြောင့် မှိုင်းမိကုန်ကြသနည်းဆိုသည့် အဖြေကိုပေးသွားသည်ဟု ထင်ပါသည်။ လူတိုင်းသည် အတွေးအခေါ် ပုံတူကူးချခြင်းကို နှစ်သက်ကြသည်။ သူဆိုလိုသည်မှာ လူတိုင်းသည့် ရေပန်းစား နေသည့် Best Seller စာအုပ်တွေကိုသာ ဖတ်နေကြမည်ဆိုလျှင်၊ လူပြောသူပြောများသည့် သတင်းတွေနောက် ကိုသာ လိုက်နေကြမည်ဆိုလျှင်၊ လူတိုင်းကြည့်နေသည့် ရုပ်ရှင်တွေ၊ ဇာတ်ပွဲတွေကိုသာ လိုက်ကြည့် နေကြမည်ဆိုလျှင် အားလုံး၏ ဦးနှောက်ထဲတွင် ရှိနေသည့် အချက်အလက်များမှာ အတူတူဖြစ်သွားလိမ့်မည် ဟူ၍ ဆိုလိုကြောင်း သဘောပေါက်လိုက်ပါသည်။


လူတွေသည် အုပ်စုလိုက်အတွေး (Group Thinking) ထဲတွင် နစ်မြုပ်သွားပြီး ကိုယ်ပိုင်အတွေးတွေ ပျောက်ကွယ်သွားနိုင်သည်ကို သတိပေးသည့် စကားစုလည်းဖြစ်သည်။


မူရာကာမီ ဆိုလိုသည့်သဘောမှာ တခြားသူတွေ မမြင်သည့်ရှုထောင့်ကို မြင်ချင်လျှင် တခြားသူတွေ မဖတ်သည့် စာပေများကိုလည်း ရှာဖွေဖတ်ရှုနိုင်ရမည်ဟု ဆိုလိုသည်။ လူနည်းစုသာသိသော ခေတ်ဟောင်း စာပေများ၊ ဒဿနများ၊ မတူကွဲပြားသော အမြင်များကို ရှာဖွေလေ့လာ ဖတ်ရှုနိုင်လျှင် ကိုယ့်အမြင်၊ ကိုယ့် အတွေးများသည်လည်း တခြားသူတွေထက်ပိုပြီး ထူးခြားထက်မြက်လာနိုင်ပါသည်။


ယခုခေတ်တွင် ဂျင်းစကားတွေ၊ ဂျင်းတရားတွေ အဘယ်ကြောင့် ပျံ့နှံ့လွယ်ရသနည်းဆိုသော် လူတိုင်းက


“ဒါလေးကြားပြီးပြီလား … လိုင်းပေါ်မှာ ဟော့နေလို့” ဆိုသည့် ဝါဒဖြန့်မှုကတစ်ဆင့် ဝိုင်းဖတ်၊ ဝိုင်းကြည့်၊ ဝိုင်းယုံကြည်ကြရာမှ ဂျင်းတွေပျံ့နှံ့ကုန်သည့်သဘောဖြစ်သည်။ လူတိုင်းသည် သူများယုံသလို လိုက်ယုံနေပါက ကိုယ်လည်း သားကောင်ဘဝကို ရောက်သွားနိုင်ကြောင်း သတိပြုစေချင်ပါသည်။


မူရာကာမီ၏စကားကို ကျွန်တော်နှစ်သက်သည်။ အဘယ်ကြောင့်ဆိုသော် အတွေးအခေါ်သူပုန် (Intellectual Rebel) ဖြစ်ရန် တိုက်တွန်းထားသောကြောင့်ဖြစ်သည်။ အားလုံးသည် အပျော်ဖတ်၊ အပျော်ကြည့်တွေနှင့် အပျော်အပါး ရေစီးကြောင်းထဲတွင် မျောနေချိန်၌ သမိုင်း၊ ဒဿန၊ ရသတွေကို လေ့လာပြီး ကိုယ်ပိုင်စံနှုန်း တစ်ခုကို တည်ဆောက်ရန် သတိပေးလိုက်သောကြောင့်ဖြစ်သည်။


ထို့ကြောင့် စာဖတ်သည်ဆိုရာတွင် အပျော်ဖတ်ဆိုတာထက် မိမိဦးနှောက်ကို အလုပ်ပေးစေနိုင်သည့် စာပေများကို ရှာဖွေဖတ်ရှုခြင်းသည် မြောင်းပုပ်ထဲကို ပစ်ချပြီး ရေစီးကြောင်းထဲ ကူးခတ်ရန် တွန်းအားပေးနေ သည့်ကြားမှ ရုန်းထွက်ကာ ဘောင်ကိုကျော်ပြီး ကောင်းမွန်သည့်လမ်းကို လျှောက်စေခြင်းဖြစ်သည်။


လူငယ်များအနေဖြင့် ဂျင်းအကြီးစား (Grand Manipulation) တွေကြားက ရုန်းထွက်နိုင်ရန် အသိ၊ သတိတွေ ရှိဖို့လိုသည်။ မိမိတို့ကို “အကြောက်တရား” နှင့် “မှားယွင်းသောယုံကြည်မှု” တွေပေါင်းစပ်ပြီး မိမိတို့ အနာဂတ်ကို ပိတ်လှောင်ရန် ကြိုးစားနေကြကြောင်း သိကြစေချင်သည်။


ထို့ကြောင့် စကားတစ်ခွန်းကို ကြားလိုက်လျှင် ချက်ချင်း မယုံကြည်လိုက်ပါနှင့်။


ထိုစကား၊ ထိုတရားကြောင့် မည်သူတွေကောင်းစားပြီး၊ တည်မြဲသွားနိုင်သည်ဆိုခြင်းကို လေ့လာသုံးသပ် ကြည့်ကြစေချင်သည်။


အယုံသွင်းမှုများကို မျက်စိမှိတ်ယုံနေကြလျှင် ကျွန်တော်တို့ ဦးနှောက်များသည် ရွှံ့စေးတုံးတွေဖြစ်သွားနိုင် သည်။ သမိုင်းကိုလေ့လာကြပါ။ အခြားသောနိုင်ငံတွေက အုပ်ချုပ်သူတွေ မည်သို့ကျဆုံးသွားခဲ့ရသည်ကို လေ့လာကြည့်ပါ။ ဒဿနပညာရှင်တွေ၏ အမြင်နှင့်တွေးအခေါ်စာတွေကိုဖတ်ပါ။ နေ့စဉ်ဖြစ်ပေါ်လာသော ဂျင်းသတင်းတွေသည် မိမိတို့ကို အပင်းသွင်းနေသလိုဖြစ်နေကြောင်း သဘောပေါက်လာပါလိမ့်မည်။


အပေါ်ယံဝတ်ရုံကိုကြည့်ပြီး အမှန်တရားဟူ၍ မဆုံးဖြတ်လိုက်ကြပါနှင့်။


အမှန်တရားဆိုသည်မှာ စာနာမှု (Empathy) နှင့် ယုတ္တိဗေဒ (Logic) တို့ပေါင်းစပ်ထားသည့် နေရာမှာသာ ရှိနိုင်သည်။


တင်ညွန့်


၂၈.၂.၂၀၂၆