ကျွန်တော့်သူငယ်ချင်း ရာကက်(စ/ဆုံး)

 ကျွန်တော့်သူငယ်ချင်း ရာကက်(စ/ဆုံး)

‎—————————–

‎ကျွန်တော့်ဘဝတွင် မမေ့နိုင်သော သူငယ်ချင်းတစ်ယောက်မှာ ရာကက်ဖြစ်သည်။ သူနှင့် ကျွန်တော်က ၈ တန်းရောက်မှ တွေ့သည်။ အရပ်ရှည်ရှည် ကလန်ကလားနှင့် ကြည့်ရသည်ကတော့ အတော်လေး အဆင် မပြေသူဖြစ်သည်။

‎ရာကက်ထူးခြားချက်မှာ သင်္ချာတော်ခြင်းဖြစ်သည်။ ကျွန်တော်က သင်္ချာအလွန်ညံ့သည်။ ထို့ကြောင့် နံနက်ဆိုလျှင် ကျောင်းကိုစောစောလာပြီး ရာကက်ထံမှ သင်္ချာတွက်ပြီးသား စာအုပ်ကိုယူကာ ကူးချပြီး တင်ရသည်။ သင်္ချာဆရာကလည်း အရိုက်ကြမ်းသည်။ အိမ်စာတွက်မလာလို့ကတော့ တင်ပါးတွင် အရှိုးရာ ထင်ပြီ။

‎ရာကက်က မြောက်ပိုင်းတွင်နေပြီး၊ ကျွန်တော်ကတောင်ပိုင်းတွင်နေသည်။ သူနှင့်ကျွန်တော်အပြင် နောက်သူငယ်ချင်းတစ်ယောက်မှာ ယုချိန်ဖြစ်သည်။ သူက ကျွန်တော်တို့ထက် ပိုဝေးသည့် မဇင်းပိုင်းတွင် နေသည်။

‎ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်၏ ထူးခြားချက်မှာ နေ့ခင်းမုန့်စားလွှတ်သည်နှင့် ကျောင်းမှ အိမ်ကို အမြန်လမ်းလျှောက်ပြန်ပြီး ထမင်းစားကြခြင်းဖြစ်သည်။ ထမင်းစားပြီး မြောက်ပိုင်းလမ်းထိပ်တွင် ပြန်စု၊ ကျောင်းကို လမ်းပြန်လျှောက်၊ ကျောင်းရောက်သည်နှင့် ကျောင်းတက်သွားသည်။

‎တစ်ချိန်က ပဲခူးဈေးအဆင်း တံတားဘေးတွင် ဗန်းသေးသေးလေးနှင့် အပ်ချည်၊ အပ်၊ ချိတ်၊ နဖာကလော်၊ ကြယ်သီးစသည့် တိုလီမိုလီလေးတွေရောင်းသော ကျွန်တော့် သူငယ်ချင်း၊ မနက်ခင်းတိုင်း ကျောင်းမလာမီ ဆိုင်ခင်းကာ ဈေးထိုင်ရောင်းတတ်သည့် သူငယ်ချင်း၊ ကျောင်းပိတ်လည်း လမ်းဘေးထိုင်ကာ ဈေးရောင်း နေတတ်သည့် ကျွန်တော့်သူငယ်ချင်းရာကက်ကို ယနေ့တိုင် သတိရနေမိသည်။

‎ရာကက်မိသားစုက ဈေးထဲတွင် အပ်ချည်လုံး၊ အပ်၊ ကြယ်သီးစသည့် တိုလီမိုလီတွေရောင်းသည်။ ကျွန်တော့် မိဘတွေကလည်း ဈေးတွင် ဗာဂျီးနီးယားဆေးမှုန့်ရောင်းသည်။ တရုတ်လေး ယုချိန်အဖေက ဈေးတွင် ဘဲသား ရောင်းသည်။ ကျွန်တော်တို့သုံးယောက်စလုံး ဈေးတွင် ကြီးပြင်းလာကြသူများလည်း ဖြစ်သည်။

‎ယခုတော့ ယုချိန်နှင့် ကျွန်တော်က ကျောင်းဆရာ၊ စာရေးဆရာတွေဖြစ်ပြီး၊ သူငယ်ချင်း ရာကက်ကတော့ သူဌေးကြီးဖြစ်နေပြီ။ သူ့ဘဝကလည်း လမ်းဘေးမှ ထိပ်ကိုရောက်ပြီးချမ်းသာလာသူအဖြစ် စာရေးလျှင် စာအုပ် တစ်အုပ်လောက်ရနိုင်သည်။

‎သူနှင့် ပတ်သက်ပြီး မမေ့နိုင်စရာ အကြောင်းတစ်ခုမှာ

‎“အပျော်အပါးအတွက် ဘယ်တော့မှ အိမ်က ပိုက်ဆံမတောင်းနဲ့” ဆိုသည့် စကားဖြစ်သည်။

‎သူက မိခင် မုဆိုးမကြီးနှင့်အတူ ညီအစ်ကို မောင်နှမများစွာဖြင့် နေထိုင်ရသူဖြစ်သည်။ တစ်နေ့တွင် ကျွန်တော်က

‎“ရာကက်ရာ ရုပ်ရှင်ကြည့်ချင်လိုက်တာကွာ” ဟု ပြောမိသည်။

‎ထိုအချိန်က အထက်တန်းမှ တစ်ကျပ်ခွဲနှင့် နှစ်ကျပ်သာဖြစ်သည်။ ငါးမူးတန်း၊ တစ်ကျပ်တန်းတွေက တန်းစီပြီး ဝင်ရသည်။ မြောက်ပိုင်းတွင် သူတို့အိမ်အနီးရှိသည့် ရုပ်ရှင်ရုံမှာ “အောင်ချမ်းသာ” ဖြစ်သည်။ တစ်ပတ်လျှင် ရုပ်ရှင် အသစ်တစ်ခါတင်သည်။ ရုပ်ရှင်ကြိုက်သောကျွန်တော်က ပိုက်ဆံမရှိသဖြင့် ညည်းသည်ကို သူက

‎“မင်းမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ”

‎“တစ်ကျပ်ပဲရှိတယ်”

‎“ပေး ငါ့ကို”

‎သူက ကျွန်တော့်ထံမှ ပိုက်ဆံတစ်ကျပ်ကို ယူလိုက်သည်။ ထို့နောက် သူ့အိတ်ထဲမှ ငါးကျပ်တန်တစ်ရွက်ကို ထုတ်လိုက်ပြီး

‎“လာ သွားမယ်” ဟုပြောလိုက်သည်။

‎ရုပ်ရှင်ရုံကို ရောက်သည့်အခါ သူဘာလုပ်သည် ထင်သနည်း။ တစ်ကျပ်ခွဲတန်းနှင့် နှစ်ကျပ်တန်းပေါက်က လက်မှတ် ရောင်းသည့်စနစ်ဖြစ်သည်။ လက်မှတ်ကို လူတွေက တိုးနေကြသည်။ ရုပ်ရှင်ကလည်းကောင်းသည်။ လူတွေကလည်း ထိုခေတ်က တန်းစီတာရှားသည်။ လက်မှတ်ပေါက်ကို တိုးကာ ဝှေ့ကာ လက်မှတ်ယူကြသည်။

‎ရာကက်က လူပိန်ပိန်၊ ကလန်ကလား၊ ခြေတံလက်တံရှည်ရှည်။ သူက အင်္ကျီကို ချွတ်ကာ ကျွန်တော့် အားပေးပြီး

‎“ရော့ ကိုင်ထား” ဟုဆိုကာ လက်မှတ်ဝင်တိုးသည်။

‎သူ့ထံတွင် ၆ ကျပ်ပါသွားသည်။ တစ်ကျပ်ခွဲတန်းမှ လေးစောင်ကို ခက်ခက်ခဲခဲတိုးကာ ရအောင်ယူခဲ့သည်။

‎“ဟေ့ကောင် လေးစောင်တောင် ဘာလုပ်မှာလဲ”

‎သူက အင်္ကျီကိုပြန်တောင်းကာ ဝတ်လိုက်ပြီး

‎“လာ လိုက်ခဲ့” ဟုခေါ်ပြန်သည်။

‎ရုပ်ရှင်ရုံနှင့် မနီးမဝေးတွင် သူက

‎“လာ … လာ လက်မှတ်တွေ ရမယ် … တစ်ကျပ်ခွဲတန်း ၃ ကျပ် … တစ်ကျပ်ခွဲတန်း ၃ ကျပ်”

‎ထိုအချိန်တွင် လက်မှတ်ကကုန်သွားသဖြင့် လက်မှတ်ပေါက်ကလည်း ပိတ်နေပြီ။

‎ကျွန်တော်က ရှက်လွန်းသဖြင့် သူနှင့်ဝေးဝေးမှရပ်ကာ ကြည့်နေမိသည်။

‎သူက လက်မှတ် နှစ်စောင်ရောင်းလိုက်သည်။ ၆ ကျပ်ရသည်။ သူ့အရင်း ၅ ကျပ်ကို အိတ်ထဲ ပြန်ထည့်သည်။ ကျွန်တော့်ကို တစ်ကျပ်ပြန်ပေးသည်။

‎“လာ ရုံထဲဝင်မယ်”

‎“မင်းကွာ လက်မှတ်မှောင်ခိုရောင်းတာ မရှက်ဘူးလား”

‎“ရှက်စရာလားကွ … သူများဆီက ခိုးတာမှ မဟုတ်တာ … ငါလည်း အပင်ပန်းခံတိုးထားတာ … သူတို့ကလည်း ကျေနပ်လို့ ပေးကြည့်တာ။ အတင်းရိုက်ပြီး ယူခိုင်းတာမှ မဟုတ်တာ။ ခုဆိုရင် မင်းလည်း ငွေမကုန်၊ ငါလည်း ငွေမကုန် ရုပ်ရှင်ကြည့်လို့ရပြီ”

‎ယင်းသည် ရာကက်၏ ငွေရှာနည်းဖြစ်သည်။

‎ကျွန်တော် ကျောင်းဆရာဘဝနှင့် ရုန်းကန်နေရချိန်တွင် ရာကက်က တိုက်နှင့်ဖြစ်နေပြီ။ သူက ၉ တန်းလောက် ကတည်းက ကျောင်းထွက်သည်။ စာလည်းတော်သားနှင့် ဘာကြောင့် ကျောင်းထွက်ရသလဲဟု သူ့ကို မေးကြည့်မိသည်။ သူကရယ်နေသည်။

‎“ငါ့မိသားစုကများတယ် … ကျောင်းတက်ဖို့ထက် ပိုက်ဆံရှာဖို့လိုတယ်” သူက ဤမျှလောက်သာ ပြောသည်။

‎ကျောင်းဆရာဘဝ ဒုက္ခတွေပတ်လည် ဝိုင်းနေချိန်တွင် မီတာတွေချပေးနေပြီဆိုသည့် သတင်းကြားလိုက် ရသည်။ ကျွန်တော့်အိမ်က လျှပ်စစ်မီးမရှိ။ ထို့ကြောင့် လျှပ်စစ်မီးလေး လိုချင်မိသည်။ သို့သော် လျှောက်ထား တိုင်းတော့ မရ၊ အထက်က မချဟုဆိုသည်။

‎တစ်နေ့တွင် လျှပ်စစ်ဌာနမှ မိတ်ဆွေတစ်ဦးက

‎“ဆရာက လမ်းရိုးကြီးအတိုင်း လျှောက်တာကိုး” ဟုဆိုသည်။ ကျွန်တော်က နားမလည်သဖြင့်

‎“ဘာပြောတာလဲ ကိုသိန်းဌေး” ဟု မိတ်ဆွေကို ပြန်မေးရသည်

‎“ဆရာ … ဆရာ့လက်ထဲမှာ နှစ်သောင်းလောက် မရှိဘူးလား”

‎ကျောင်းဆရာလစာ ၇၀၀ ကျော်လောက်သာရသူကို လက်ထဲတွင် ငွေနှစ်သောင်းလောက် မရှိဘူးလားဟု လာပြောသည်မှာ ရန်စကားလာပြောသလို ဖြစ်နေသည်။

‎“မရှိပါဘူးဗျာ”

‎“ဆရာ့ဆီမှာ ငွေနှစ်သောင်းသာရှိ … နေ့ချင်းအပြီး မီတာလာတပ်ပေးလိမ့်မယ်”

‎“တရားမဝင်နည်းတွေလား”

‎“ဒီခေတ်မှာ တရားဝင်ဆိုတာ အာဏာရှိမှရတာဆရာ … ဆရာသာ အထက်က ပါတီကောင်စီနဲ့သာပိုင်ကြည့် ချက်ချင်းရမှာပေါ့”

‎“အင်း ကျွန်တော်ကလည်း အဲသည်လိုလူတွေကို အောက်ကျခံရမှာ ချေးထက်ရွံတယ်”

‎“ဆရာ့စိတ်ကို သိတယ်လေ … ဒါကြောင့် ဘယ်တော့မှ မီးရမှာ မဟုတ်ဘူး”

‎ကျွန်တော့်မှာ ထိုနေ့ကတည်းက စိတ္တဇဖြစ်တော့သည်။ မှန်အိမ်လေးနှင့် စာကြည့်နေရသည့်ဘဝက လွတ်ချင်ပြီ။ ငွေ နှစ်သောင်းအတွက် ငွေစုငွေချေးကလည်း ချေးရန်မဖြစ်နိုင်။ သူငယ်ချင်း ကျောင်းဆရာ တစ်ယောက်၏ ဇနီးဖြစ်သူ မီးဖွားစရိတ်မရှိသဖြင့် စုငွေကိုထုတ်ပေးလိုက်သည်က မကြာသေး။

‎နောက်ဆုံး အကြံရသဖြင့် အလွန်ခင်မင်ရင်းနှီးသော ဆရာတစ်ဦးထံ ငွေသွားချေးသည်။ ထိုဆရာက ဆရာထဲတွင် မိန်းမနောက်ခံကောင်းသဖြင့် ချမ်းသာသည်ဟုဆိုနိုင်သည်။ ပြီးတော့ သူ့မိန်းမက ငွေတိုး ချေးသည်။ သူနှင့်ကျွန်တော်ကလည်း အလွန်ခင်မင်ကြသည်။

‎“ဆရာ ကျွန်တော့်ကို ပိုက်ဆံ နှစ်သောင်းလောက်ချေးပါ”

‎“ကျွန်တော့်မိန်းမက အလွတ်မချေးဘူး … အပေါင်တင်ရတယ်”

‎“အပေါင်တင်စရာ ဘာမှ မရှိပါဘူး။ အိမ်ပဲရှိတာ”

‎“ခဏ … သွားပြောကြည့်ဦးမယ်”

‎သူ့မိန်းမက သူနှင့်အတူ လိုက်လာသည်။

‎“အပေါင်မရှိရင် မချေးပါဘူး … ဒါပေမဲ့ ကိုမောင့် သူငယ်ချင်းပဲ ကူညီရမှာပေါ့”

‎ကူညီမည်ဆိုသဖြင့် ကျွန်တော် ပျော်သွားသည်။ သူက သူ့လက်တွင် ဝတ်ထားသည့် လက်ကောက် သုံးကွင်းကို ချွတ်ပြီး

‎“ရော့” ဟုပေးသည်

‎“လက်ကောက်တွေ ဘာလုပ်ရမလဲ”

‎“သွားပေါင်လိုက်လေ … နှစ်သောင်းလောက်တော့ရမှာပါ”

‎ကျွန်တော် နားလည်သွားသည်။ ထို့ကြောင့် သူတို့ကို နှုတ်ဆက်ပြီး ပြန်ခဲ့သည်။ အိမ်ဝတွင်

‎“ဆရာ … ကိုရီဆီသွားပါလား … ကိုရီက ဆရာနဲ့ ရင်းနှီးတယ်လေ … သူတို့လည်း ငွေတိုးပေးတာပဲ … ဆရာ့ကို ကူညီမှာပါ”

‎ကျွန်တော်လည်း နောက်ဆုံး ကြိုးစားကြည့်မည်ဆိုသည့် သဘောဖြင့် ကိုရီထံ ထွက်ခဲ့သည်။

‎“ကိုရီရေ”

‎“ဟာ … ဆရာ … လာ … မလာစဖူး”

‎“ဒီလိုဗျာ”

‎ကျွန်တော်က အကြောင်းစုံကို ပြောပြသည်။ သူက နားထောင်ပြီး အိမ်ထဲဝင်သွားသည်။ အိမ်ထဲတွင် သူ့ဇနီးနှင့် နှစ်ယောက်သား တိုးတိုးလေးတွေ ပြောနေသည်။ ကိုရီပြန်ထွက်လာသည်။ သူ့လက်ထဲတွင် ပိုက်ဆံကိုင် လာသည်။ ကျွန်တော် ဝမ်းသာသွားသည်။

‎“ရော့ … ဆရာ”

‎သူကျွန်တော့်ကို ပေးသည်က ငွေ နှစ်ထောင်သာဖြစ်သည်

‎“ကိုရီ ကျွန်တော် ချေးတာ နှစ်သောင်းလေ”

‎“ဒါ ချေးတာ မဟုတ်ဘူး … ပေးတာ … ဆရာ့ကို ကူညီလိုက်တာ … ပြန်ပေးစရာ မလိုပါဘူး”

‎ကျွန်တော် ဒေါသထွက်သွားမိသည်။ မာနကိုသာမက သိက္ခာကိုပါ စော်ကားလိုက်သလို ခံစားမိသည်။ ထို့ကြောင့် ငွေနှစ်ထောင်ကို သူ့ရှေ့တွင်ချကာ ပြန်လာခဲ့သည်။

‎စိတ်ထဲတွင် မီတာကို ဖျောက်လိုက်သည်။ တောင်ငူလမ်းမကြီးအတိုင်း လမ်းလျှောက်ပြန်လာရင်း အတိတ်ကို သတိရနေမိသည်။ တစ်ချိန်က ဤလမ်းအတိုင်း နေ့ခင်း ထမင်းစားလွှတ်ချိန်တွင် မုန့်ဝယ်မစားနိုင်ကြ သောကြောင့် သူငယ်ချင်းသုံးယောက် နှစ်မိုင်လောက်ခရီးကို လမ်းလျှောက်ပြန်ပြီး ထမင်းစားကြသောဘဝကို အမှတ်ရနေသည်။

‎“တီ … တီ … တီ”

‎ကျွန်တော့်ဘေးမှ ကားတစ်စီးထိုးရပ်လိုက်ပြီး

‎“ဟေ့ကောင် ရဲဘော်” ဟု ခေါ်သံကြားလိုက်ရသည်

‎ကျွန်တော့်ကို ရဲဘော်ဟု ခေါ်သူတွေ သူငယ်ချင်းထဲတွင် သိပ်မရှိ။ ရာကက်ပဲခေါ်သည်

‎“ဟေ့ကောင် ရာကက် … ဘယ်ကလာသလဲ”

‎“လာတက် … ကားပေါ်တက်”

‎သူက ကျွန်တော့်ကို လက်ဖက်ရည်ဆိုင် တစ်ဆိုင် အတင်းခေါ်သွားသည်

‎“ငါ သတိရနေတာ … မင်းနဲ့ ထမင်းစားလွှတ်ရင် လမ်းလျှောက်ပြန်ကြတာကို”

‎“အေး … အဲဒီတုန်းက အကျိုးပဲကွ ခုလည်း လမ်းလျှောက်ရင် မြန်တုန်း … နေဦး တို့မတွေ့တာ”

‎“၁၀ နှစ် လောက်ရှိတော့မယ်ထင်တယ်”

‎“မင်းရော ကျောင်းဆရာပဲလား … ဘယ်ကပြန်လာတာလဲ … မျက်နှာလည်း မကောင်းပါလား”

‎ကျွန်တော်က သူ့ကို မီတာအတွက် ငွေသွားချေးတာ လက်ကောက်ပေး၊ ကူငွေပေးနှင့် အဆင်မပြေမှုတွေကို ပြောပြမိသွားသည်။ ရာကက်က

‎“လက်ဖက်ရည်ဖိုးရှင်းမယ်ဟေ့” ဟု စားပွဲထိုးလေးကို ခေါ်လိုက်သည်

‎“ဟေ့ကောင် ငါ့မှာ လက်ဖက်ရည်ဖိုးတောင် မရှင်းနိုင်ဘူး”

‎“သိပါတယ်ကွာ”

‎သူက ကျွန်တော့်ကို

‎“ခဏလေးကွာ” ဆိုကာ ကားဆီကို ပြေးသည်။ ထို့နောက် ပြန်လာပြီး ကျွန်တော့်ကို ပိုက်ဆံ တစ်ထပ်လှမ်း ပေးသည်

‎“ဘာလဲကွ”

‎“မင်းလိုနေတဲ့ ငွေနှစ်သောင်း”

‎“မင်းဆီက ငါမချေးပါဘူး … ငါတို့ သူငယ်ချင်းတွေပဲ … မင်းဆီက အကူအညီ မလိုဘူး”

‎“ယူပါကွာ … ဘာအတိုးမှလည်း မရှိဘူး … ဘယ်တော့ပြန်ပေးလို့လည်း မပြောဘူး … ဘာအနှောင်အဖွဲ့မှလည်း မရှိဘူး … အေးတစ်ခုတော့ရှိတယ် … ဘယ်တော့ဖြစ်ဖြစ် မင်းတတ်နိုင်မှ ပြန်ပေး … မင်းပေးနိုင်တဲ့ အချိန်မှ ပြန်ပေး … ပြန်တော့ ပေးရမယ် … တစ်ခုပဲ ငါ့ကို ကတိပေး”

‎“ဘာလဲကွ”

‎“ငါ မင်းကို ငွေချေးတယ်ဆိုတာ ငါ့ ညီအစ်ကို မောင်နှစ်မ ဆွေမျိုးတွေ မသိစေနဲ့”

‎“ဘာဖြစ်လို့လဲကွာ”

‎“ငါ ဘယ်သူ့ကိုမှ ငွေမချေးဖူးဘူးကွ”

‎ကျွန်တော် နောက်ဆုံးတော့ သူ့ထံက ငွေနှစ်သောင်း ယူလာခဲ့ပါသည်။ မီတာက တစ်ပတ်အတွင်း လာတပ်သည်။ အိမ်တွင် လျှပ်စစ်မီးလေးနှင့် ဖြစ်သွားသောကြောင့် ပျော်ရွှင်ရပါသည်။

‎ကျွန်တော် ရာကက်ကို နောက် ၃ လ ကြာမှ ငွေနှစ်သောင်းပြန်ပေးနိုင်သည်။ ခက်ခဲပင်ပန်းစွာ ပြန်ရှာပေးလိုက် ရသည်။ မည်မျှ ခက်ခဲကြောင်းကိုတော့ စာမဖွဲ့လိုတော့ပါ။

‎ကျွန်တော် သူ့ကို ပိုက်ဆံနှစ်သောင်း သွားပေးသည့်နေ့က

‎“အဆင်ပြေလို့လားကွာ”

‎“အဆင်မပြေတိုင်း မပေးတော့ဘူးဆိုရင် သံသရာအထိ အကြွေးပါသွားမှာပေါ့”

‎“အေးပါကွာ မင်းအဆင်ပြေရင် ပြီးတာပါပဲ”

‎သူက ကျွန်တော့်ပိုက်ဆံကို လက်ခံလိုက်သည်။ ထိုနောက်ပိုင်း ကျွန်တော်တို့ မတွေ့ဖြစ်သည်မှာ ယနေ့တိုင် ဖြစ်ပါသည်။

‎တင်ညွန့်

၁၉.၁၁.၂၀၂၀