ဖောက်ပြန်သူ၏ဝဋ်ကြွေး

 

ဖောက်ပြန်သူ၏ဝဋ်ကြွေး

ဆရာ.သမီးကိုဒီတစ်ခုတော့ဖြစ်အောင်ကူညီပေးပါ.နောက်လည်းအပေးအယူမျှစေရမယ်.

ကျုပ်ကလည်း မပိုင်ရင်ခြင်တောင်မရိုက်ဘူး.ကျုပ်အလုပ်ကျုပ်လုပ်မယ်.. မင်းသာဂတိတည်ပါစေ.ဟားဟား.

သေတော့မသေစေနဲ့နော်ဆရာ. သေတာထက်စာရင်ဒီတိုင်းလေးကပိုပြီး ကျေနပ်စရာကောင်းလားလို့ပါ.အိမ်ထောင်ကွဲအောင်လုပ်ပေး…”

အေးပါငါသိပါတယ်.ကဲအဲကောင်မရဲ့ပုံရယ်၊နာမည်ရယ်နေ့နံရယ်ဘဲ ငါ့ကိုတိတိကျကျပြော.

မြတ်ဖူးစုံတဲ့. ကြာသပတေးသမီး.

အေးရပြီ.တစ်လလောက်စောင့်ကြည့်နေလိုက်. ဟိုကောင်မအကောင်းတိုင်းရှိနေသေးရင် ငါ့လည်လာဖြတ်လှည့်.အေးနင်ဖြစ်စေချင်တဲ့အတိုင်းဖြစ်သွားပြီနင်ကျေနပ်ပြီဆိုရင်တော့ ဟင်းဟင်း.”

အေးပါဖြစ်အောင်သာလုပ်စမ်းပါ.ငါပြန်ပြီဒါဘဲ.

ဟင်းဟင်းဟင်း..

နွယ်ရုံက လူအိုကြီးကိုမျက်စောင်းထိုးလိုက်ပြီး ကပိုကရိုဖြစ်နေသောဆံပင်နှင့်အဝတ်အစားများကို သေသပ်အောင်လုပ်လိုက်ပြီး လက်ကိုင်အိတ်ဆွဲကာ ခပ်မြန်မြန်ထွက်သွား၏။ အိပ်ယာပေါ်ကျန်ခဲ့သော လူကြီးကနွယ်ရုံ၏ကျောပြင်ကိုကြည့်ရင်း ကျေနပ်စွာပြုံးလိုက်၏။ ထို့နောက် နွယ်ရုံပေးခဲ့သောကောင်မလေး၏ဓာတ်ပုံကိုသေချာစွာကြည့်လိုက်ပြီး

မင်းနာဖို့သာပြင်ထားတော့ကောင်မရေဟင်းဟင်းဟင်း.

ထိုသို့ပြောပြီး အမှောင်ချထားသောအစီအရင်ခန်းထဲသို့ဝင်သွားခဲ့သည်။ နွယ်ရုံကား သူ့တွေးနဲ့သူတွေးရင်း ခါးကုန်းကြီး၏အိမ်မှထွက်သွား၏။

ရုံးပိတ်ရက်ဖြစ်သောကြောင့် မြတ်ဖူးစုံတို့မိသားတစ်စုတို့ အိမ်ရှေ့ရှိသစ်ပင်ရိပ်တွင်ထိုင်ပြီး အကင်လုပ်စားကြ၏။ မြတ်ဖူးစုံမှာရုံးစာရေးမလေးတစ်ယောက်ဖြစ်ပြီး ကိုဘုန်းသော်မှာ မူလတန်းပြကျောင်းအုပ်ဆရာတစ်ယောက်ဖြစ်၏။ ဝန်ထမ်းချင်းညားကြသည်ဖြစ်ရာ ရုံးပိတ်ရက်၊ကျောင်းပိတ်ရက်များမှသာ မိမိသားစုကိုအချိန်ပေးနိုင်ကြ၏။ သမီးလေးတစ်ယောက်၊သားလေးတစ်ယောက်မွေးထားကြပြီး ထိုကလေးနှစ်ယောက်ကို ဖခင်တာဝန်ကျရာကျောင်း၌ပင်ပညာသင်စေ၏။

မောင်.သင်္ကြန်ရုံးပိတ်ရက်ကျ ကလေးတွေကိုပုဂံဘုရားဖူးလိုက်ပို့ရအောင်နော်..

ကလေးတွေကိုလိုက်ပို့မယ်ဆိုပြီး သူကသွားချင်နေတာမလား မောင့်စကားတတ်မလေးရဲ့..

ဟိဟိမောင်ကလည်း ဖူးမှပုဂံမရောက်ဖူးသေးတာကိုလို့..”

ဖူးကထိုသို့ပြောပြီး အိမ်ထဲသို့အချည်ရည်သွားယူရန်ထွက်သွား၏။ မောင်က ကလေးတွေနှင့်အတူအကင်ကင်နေ၏။

 

အင်းပါမောင်ကလည်းပိတ်ရက်ကျဘယ်လိုက်ပို့ရမလဲစဉ်းစားနေတာပါ.

 

ဖေကြီး သားကိုဟိုကြက်ပေါင် အရင်ကင်ပေး..” အေးအေးသားလေး နောက်ဆုတ်နေဖေကြီးလုပ်ပေးမယ် ..သားကိုအပူလောင်မှာကြောက်လို့.

ဖေကြီးသမီးကိုရောကြက်ပေါင်ကင်ပေးနော်..

အေးပါကွယ်.ဖေကြီးကသားနဲ့သမီးအတွက်ကြက်ပေါင်သီးသန့်ဝယ်လာပေးပါတယ်ဗျာ

ယေး.ဒါမှတို့ဖေကြီးကွ.

ဖူးရေ.အချည်ရည်လေး လုပ်ပါဦးဗျို့.

လာပြီမောင်ရေလာပြီ..ဆလတ်ရွက်ဆေးနေလို့နဲနဲကြာသွားတာ.”

ဟာ.အကင်နံ့လေးကမွှေးနေတာဘဲ.ဒို့လင်မယားအငြိမ်းစားယူပြီးရင် အကင်ဆိုင်လေးဖွင့်စားကြမလားမောင်.

ဖူးလေးသဘောပါဗျာ.ဟောဒီမောင်က ဖူးစိတ်ချမ်းသာရင်ဘာမဆိုလိုက်လုပ်ပေးမဲ့လူပါ.

မေကြီးသမီးတို့ကျောင်းက ဆရာမဒေါ်နွယ်ရုံက သမီးကိုအမြဲတမ်းမုန့်ကျွေးတယ်သိလား.”

သမီးကစာတော်လို့နေမှာပေါ့ကွဲ့.

မဟုတ်ဘူးမေကြီးရဲ့ သူကလေသမီးမုန့်စားဆင်းချိန်ဆို သမီးကိုခေါ်ပြီးမုန့်ကျွေးတာပြီးတော့ သမီးဖေကြီးက သမီးမေကြီးကိုအရမ်းချစ်တာလားလို့လဲမေးသေးတယ်.

အဲတော့သမီးကဘယ်လိုပြန်ဖြေလိုက်လဲ.”

အင်းအရမ်းချစ်တာလို့ဘဲပြန်ဖြေလိုက်တာပေါ့မေကြီးရဲ့.

 

အင်းအင်းသမီးလေးစားစား.ရော့သားလေး ဒီမှာမေကြီးအသားတွေနွှင်ထားပေးတယ်.

 

ဟုတ်မေကြီး.

 

သမီးငယ်စကားကြောင့်စိတ်ကသိကအောက်ဖြစ်မိသော်လည်း သဘောရိုးဖြင့်မေးသည်ဟုသာမှတ်လိုက်ပြီး စကားလမ်းကြောင်းလွဲလိုက်၏။ ဒေါ်နွယ်ရုံကား မောင်နဲ့တစ်ကျောင်းတည်းတာဝန်ကျသည့် ဆရာမလေးတစ်ဦးဖြစ်ကြောင်း မောင်ပြောပြထားဖူးသဖြင့် သိနှင့်ပြီးဖြစ်၏။

 

မောင်. ကလေးတွေစာလိုက်နိူင်ရဲ့လား.ဆရာဆရာမတွေကိုရိုသေလေးစားရဲ့လား.

 

ကလေးတွေကလိမ္မာပါတယ်ဖူးရဲ့.ဖူးရဲ့သွန်သင်ဆုံးမမှုတော်လို့ ကြီးသူရိုသေငယ်သူသနားတတ်ကြပါတယ်.

 

ဒါနဲ့မောင့်ကျောင်းက ဆရာမနွယ်ရုံကရော အိမ်ထောင်သည်ဘဲလားမောင်.

 

ဒါတော့မောင်မသိဘူးဘဲဖူး.သူ့ဟာသူအိမ်ထောင်သည်ဖြစ်ဖြစ်၊အပျိုဖြစ်ဖြစ်မောင်တို့နှင့်မှမဆိုင်တာဖူးရဲ့.

 

အင်း.

 

ဖူးကထိုသို့သာဖြေလိုက်ပြီးအကင်ကိုဆက်စားနေလိုက်၏။

 

ကျောင်းဖွင့်ရက်ဖြစ်သဖြင့် ဖူးအိပ်ယာမှအစောထပြီး မောင်နှင့်ကလေးတွေစားဖို့ ချက်ပြုတ်ပြင်ဆင်ပေး၏။ ပြီးသည်နှင့် ရေမိုးချိုးကာရုံးသွားသည့်ဝတ်စုံကိုတစ်ခါထဲလှဲလှယ်ထားလိုက်၏။ မောင်နှင့်ကလေးများနိူးလာပြီးသန့်ရှင်းရေးလုပ်မနက်စာစားသောက်ကြ၏။

 

မောင်ဒီနေ့အချိန်ပိုခေါ်ထားလား.

 

မခေါ်ဘူးဖူး.သောကြာနေ့ညမှခေါ်မှာဘာလို့လဲ…”

 

ဘာမှမဟုတ်ပါဘူး.အချိန်ပိုခေါ်ရင် ကလေးတွေကိုဖူးလာကြိုပေးမလို့ပါ.

 

ဘာများလဲလို့ ဖူးရယ်.

 

စားသောက်ပြီးစီးသည်နှင့်မောင်နှင့်ကလေးနှစ်ယောက်အတွက် ထမင်းချိုင့်၊ရေဗူးထည့်ပေးပြီး မိမိအတွက်ထမင်းချိုင့်နှင့်ရေဗူးပါထည့်ကာ ဆိုင်ကယ်ယူပြီးရုံးသို့ထွက်သွား၏။

 

သောကြာနေ့ညနေခင်းပိုင်း၌မောင်က ကလေးများကိုအချိန်ပိုပေးနေသဖြင့် သားနှင့်သမီးကိုကြိုရန် မောင်ရှိရာကျောင်းသို့လိုက်သွားခဲ့၏။ စတုတ္ထတန်းမှလွှဲ၍ကျန်အတန်းများမှာကျောင်းလွှတ်ပြီဖြစ်သဖြင့် စာသင်ကျောင်းမှာတိတ်ဆိတ်နေ၏။ ကျောင်းဆိုင်ကယ်စတန့်တွင်မောင့်ဆိုင်ကယ်နှင့်တခြားဆိုင်ကယ်တစ်စီးကိုတွေ့ရ၏။ စာသင်ခန်းတစ်ခန်းတွင်ကလေးများဆူညံနေသဖြင့် ထိုအခန်းထဲတွင်မောင်စာပြနေလိမ့်မည်ထင်ပြီး သွားချောင်းကြည့်ရာ မောင့်ကိုမတွေ့ရ။

 

မောင်လည်းမရှိပါလား.သားနှင့်သမီးကရောဘယ်ရောက်နေတာလဲ.မောင့်ရုံးခန်းထဲမှာများလား.

 

ဖူးထိုသို့တွေးပြီး မောင့်ရုံးခန်းရှိရာအပေါ်ထပ်သို့တက်သွား၏။ ရုံးခန်းအပြင်ဘက်၌မောင့်ဖိနပ်အပြင်မိန်းကလေးစီးဖိနပ်တစ်ရံရှိနေသဖြင့် တခြားဆရာမတစ်ဦးလည်းရှိနေမှန်း ဖူးသိလိုက်၏။ သို့ကြောင့်ရုံးခန်းတံခါးဝသို့သွားပြီးချောင်းကြည့်လိုက်ရာ မောင့်စားပွဲပေါ်၌ကုန်း၍သူ့အားကျောပေးရပ်နေသောဆရာမတစ်ဦးကိုတွေ့လိုက်ရ၏။ ထိုအခါဖူးက စိတ်ထဲထင့်သွားပြီး

 

မောင်.ကလေးတွေရော.

 

ဟုတမင်တကာအသံမြှင့်ကာမေးလိုက်ရာ ထိုမိန်းမရောမောင်ပါလန့်ပြီး ဖူးကိုလှည့်ကြည့်လာကြ၏။

 

ဟာလန့်လိုက်တာဖူးရာ အသံမပေးဘာမပေးနဲ့ ကလေးတွေကျောင်းဆောင်နောက်မှာဆော့နေုကြတယ်.

 

မောင်ကထိုသို့ပြောလိုက်သကဲ့သို့ မောင့်ရှေ့မဆရာမကလည်း

 

ဆရာကြီး.ဒါကဆရာကြီးရဲ့ဇနီးလား.ချောလိုက်တာနော်ဆရာကြီးက ဇနီးချောကိုပိုင်ဆိုင်ထားတာဘဲ.ဟင်းဟင်း တို့ကဆရာ့ရဲ့လက်အောက်မှာအလုပ်လုပ်နေတဲ့ဆရာမတစ်ယောက်ပါ နွယ်ရုံလို့ခေါ်ပါတယ်အစ်မ..

 

ဟုတ်ကဲ့မောင်ပြောပြထားလို့သိပြီးပါပြီ.ကလေးတွေပြောပြတာလည်းပါတာပေါ့.

 

နွယ်ရုံကသူ့ကိုယ်သူမိတ်ဆက်လာသဖြင့် ဖူးလည်းအလိုက်သင့်ပြန်ဖြေလိုက်၏။

 

မောင်အချိန်ပိုက၅နာရီထိမလား….ကလေးတွေဗိုက်ဆာနေမှာစိုးလို့ဖူးအရင်ခေါ်ပြန်လိုက်မယ်.

 

အင်းဟုတ်တယ်ဖူး..ကလေးတွေကျောင်းနောက်မှာဆော့နေကြပါလိမ့်မယ်.

 

အင်းအင်း. ဖူးသွားပြီနော်မောင်.ကလေးတွေမောင့်ကိုမျှော်နေကြပြီအခန်းထဲမှာ.

 

ဖူးကထိုမျှသာပြောပြီး ရုံးခန်းထဲမှအောက်ထပ်သို့ဆင်းလာကာ ကလေးနှစ်ယောက်ကိုလိုက်ရှာတော့သည်။

 

ရာသီအလီလီပြောင်းသော်လည်း မောင့်ကျောင်းကဆရာမနွယ်ရုံကပြောင်းမသွားချေ။ ကလေးများလည်းဆရာမနွယ်ရုံအကြောင်းပြောပြလွန်းသဖြင့် သူမှမကြားချင်တော့ချေ။ တစ်ခါတစ်လေမောင်သည် နွယ်ရုံအား အိမ်၌ထမင်းဖိတ်ကျွေးတတ်သည်။ ထိုအချိန်မျိုးတွင် မောင်နှင့်နွယ်ရုံတို့၏ဆက်ဆံရေးသည် ပုံမှန်မဟုတ်မှန်း ဖူးသတိထားမိလာသည်။ မောင်သည် သူမအပေါ်အရင်လိုမဟုတ်တော့ချေ။ တစ်ခါတစ်ခါအချိန်ပိုခေါ်သည်ဆိုပြီး ည၆နာရီထိအိမ်ပြန်ရောက်မလာချေ။ မိန်းမသားပေမို့ မြွေမြွေချင်းခြေမြင်သည်။

 

မောင့်ကိုပြောသော်လည်းမောင်က

 

နွယ်ရုံကကိ်ုယ့်ကျောင်းကဆရာမလေ ဖူးရဲ့.ကလေးတွေကိုစာပြပေးချင်လို့သူ့မှာမအားတဲ့ကြားထဲအိမ်ထိလိုက်လာပေးတာ.နဲနဲပါးပါးတော့နားလည်ပေးမှပေါ့.

 

ဆိုပြီးပြောတတ်သည်။ ထိုအချိန်မျိုးတွင် ဖူးသည် စိတ်ဆင်းရဲကိုယ်ဆင်းရဲခြင်းကြီးစွာဖြင့် ချောင်မှာကြိတ်ငိုနေမိသည်။ တစ်ခုသောနွေရာသီတွင်ကား ဖူးသည်ရောဂါမယ်မယ်ရရမရှိဘဲ ကောက်ကာငင်ကာဖျားတော့သည်။ အဖျားအလွန်ကြီး၍လားမသိ။ ဖူး၏တစ်ကိုယ်လုံး၌အနီလုံးကြီးများထွက်လာပြီး တစ်လုံးပြီးတစ်လုံးပေါက်ပြဲတော့သည်။

 

အား.ပူတယ်.ပူတယ်..အား……”

 

ဖူးသတိထားဦးမှပေါ့.မောင်ပိတ်ရက်ကျမှဆေးရုံလိုက်ပို့ပေးမယ်နော်.ခုတော့ခဏသည်းခံထားဦး..

 

တစ်ရက်တစ်လေလေး ခွင့်ယူလို့မရဘူးလားမောင်ရယ်.ဖူးမသက်သာလွန်းလို့ပါ.

 

မရလို့ပေါ့ဖူးရဲ့.ကလေးတွေရဲ့နောက်ဆုံးစာမေးပွဲကြီးလဲနီးလာပြီလေ.ကလေးတွေအောင်ချက်ကောင်းဖို့ မောင်ကြိုးစားပေးရမှာ.

 

မောင့်စကားကြောင့် ဖူးသည်မောင့်အတွက်အရေးမပါတော့မှန်းသိလိုက်ရသဖြင့် မျက်ဝန်းထောင့်မှမျက်ရည်များယိုစီးကျလာတော့သည်။ အဲဒါကိုပင်မောင်က

 

ကြည့်ကလေးလေးကျနေတာဘဲဒီလောက်ဝေဒနာလေးကိုငိုနေရတယ်လို့ မောင်ပိတ်ရက်ကျမှဆေးရုံပို့ပေးမယ်ဟုတ်ပြီလား.ကဲမောင်ဒီမှာဆေး၊ရေနွေးအပြည့်အစုံထားခဲ့ပေးတယ်.အတန်းချိန်နီးပြီမို့မောင်သွားပြီနော်စောစောပြန်လာခဲ့မယ်.

 

ထိုသို့ပြောပြီးမောင်ကစိတ်ချစွာဖြင့် ကလေးနှစ်ယောက်ကိုခေါ်ပြီး ဆိုင်ကယ်တစ်စီးဖြင့် ထွက်သွားတော့သည်။

 

မောင်ထွက်သွားပြီးသည့်နောက်တစ်အိမ်လုံး အပ်ကျသံပင်မကြားရလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေသည်။ ဖူးသည်အိပ်ယာထက်မှ လူးလှိမ့်နေရင်း

 

အား.ပူတယ်.ပူတယ်မရွတ်နဲ့တော့.မရွတ်နဲ့တော့ အမေ့.အား..

 

သူမ၏နားထဲ၌ တစ်ခုခုကိုဆက်တိုက်ရွတ်ဖတ်နေသည့်အသံကိုကြားလိုက်ရသဖြင့် နားနှစ်ဖက်ကိုအတင်းပိတ်ထားလိုက်၏။ ထိုစဉ်သူမမျက်နှာပေါ်သို့ မီးရှို့ထားသောစက္ကူကိုတစ်စက်ခြင်းချနေသကဲ့သို့ခံစားရပြီး ရင်ထဲအသဲထဲအထိနာကျင်သွားရ၏။

 

ပူတယ်.ပူတယ်.အမေရေသမီးကိုကယ်ပါဦး.အဟီးဟီး..

 

မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ပြီး ကြီးစွာငိုကြွေးနေတော့၏။

 

ဟားဟားဟား.ဟားဟားဟား..

 

မလာနဲ့.မလာနဲ့.သွားသွား.

 

သုမ၏နားထဲ၌လဲ ကြောက်မက်ဖွယ်ကောင်းသောရယ်သံကိုကြားနေရ၏။

 

မောင်ရေ ဖူးကြောက်တယ်.မြန်မြန်ပြန်လာပါတော့.ဖူးကြောက်တယ်.

 

အိပ်ယာထောင့်၌ကပ်ပြီး ကြောက်ကြောက်ဖြင့် မောင့်ကိုတမ်းတမိသည်။ သို့သော်မောင်ကပြန်ရောက်မလာခဲ့ချေ။

 

ဤသို့ဖြင့်မြတ်ဖူးစုံနေမကောင်းသည်မှာတစ်လတင်းတင်းပင်ပြည့်ခဲ့ချေပြီ။ မျက်နှာမှအစတစ်ကိုယ်လုံး အပူလုံးများပေါက်ပြီး ပြည်တည်ကာ အရိအချွဲများပင်ကျနေသည်။ မောင်ကဆေးရုံကိုလိုက်ပို့ပေးသော်လည်း သက်သာမလာခဲ့ချေ။ ဆရာဝန်များက အရေပြားရောဂါဖြစ်နေသည်ဟုဆိုကာ သောက်ဆေး၊စားဆေး၊လိမ်းဆေးများ ပေးသော်လည်း အနာကဒုံရင်းဒုံရင်းပင်။

 

မောင်.ဖူးကိုနောက်ကြောကအနာဆေးထည့်ပေးပါအုံး.

 

သမီးကြီးကိုထည့်ခိုင်းလိုက်လေ.မောင်မအားဘူး အစည်းအဝေးသွားရမှာ.

 

အစည်းအဝေးကလည်းနေ့တိုင်းလိုပါဘဲလားမောင်ရဲ့..

 

သူပေးတဲ့လစာထိုင်စားနေမှတော့ သူခိုင်းတာလုပ်ရမှာပေါ့ ဒါလေးတောင်နားမလည်ဘူးလားဖူး..

 

မောင်ကထိုသို့ခါးခါးသီးသီးပြောပြီး ထွက်သွားတော့သည်။ ဖူးသည်ဝေဒနာကြောင့် ရုံအလုပ်မှထွက်လိုက်သဖြင့် ဝင်ငွေမရှိတော့ချေ။ ဤသည်ကိုမောင်က သိပ်မကြည်ချင်တော့ပေ။ ဖူးသည်ဆေးဗူးကလေးကိုကိုင်ပြီး ပါးပြင်ပေါ်မျကျလာသောမျက်ရည်ကိုသုတ်ပစ်လိုက်သည်။ မောင်သည် ဖူးအပေါ်အများကြီးပြောင်းလဲသွားသည်။ တစ်ခါမှရန်မဖြစ်ခဲ့ဖူးသော အိမ်ထောင်ရေးသည် ယခုမူကား ရန်တကျက်ကျက်ဖြစ်ကာ မောင်ကကွဲပေးရန်တောင်းဆိုလာတော့သည်။

 

မြို့အစွန်ရှိသစ်သားနှစ်ထပ်အိမ်ကြီးသို့ သူမထပ်ရောက်လာသည်။ သာမာန်အချိန်ဆို သူမဤနေရာကိုရွံသည်။ သို့သော်အလုပ်ကရှိသေးသဖြင့် မတတ်နိုင်တော့ချေ။ ခြံဝန်းထဲသို့ဝင်လိုက်ပြီး စေ့ထားသောအိမ်တံခါးမကြီးကိုခေါက်လိုက်သည်။ ဤနေရာကြီးကိုသူရောက်လာသည်မှာ ဒီတစ်ကြိမ်အပါ နှစ်ကြိမ်ရှိနေပြီ။

 

ဆရာ.ဆရာအထဲမှာလား.

 

အေးဟုတ်တယ်ရောက်လာပြီလားမိန်းမဟားဟားဟား…”

 

အထဲမှပြန်ဖြေသံကြီးကြောင့် သူမနှာခေါင်းရှုံ့မိသည်။ သူမတံခါးဖွင့်လိုက်သည်နှင့် ခါးကုန်းကြီးဆီညှီစို့စို့နံ့ကဆီးကြိုနေသဖြင့် ပျို့တက်ခြင်စိတ်ကိုမနဲထိန်းထားရသည်။ ခါးကုန်းကြီးကသူမကိုဆီးဖက်လိုက်ပြီး

 

ဖယ်စမ်းပါ.ထိုင်ပါရစေဦး.

 

ခါးကုန်းကြီးကိုသူမတွန်းထုတ်လိုက်ပြီးကုလားထိုင်ပေါ်တွင်ထိုင်လိုက်၏။ ထိုအခါ ခါးကုန်းကြီးကမဲ့လိုက်ပြီး

 

ဘာသဘောလဲကောင်မ နင့်အလုပ်အဆင်ပြေသွားတော့ငါ့ကိုအာခံပြီပေါ့ ဟုတ်စ ……”

 

ရှင့်ကျွန်မကိုမိန်းမလို့မခေါ်စမ်းပါနဲ့.ကျွန်မမကြိုက်ဘူး.

 

အံမယ် ကောင်မကစျေးကိုင်လှချေလား. နာချင်ပြီနဲ့တူတယ်ငါ့ကိုအာခံလို့ရမယ်လို့မထင်နဲ့ကောင်မ.လာစမ်း.

 

ဖျန်း..

 

အား..

 

ခါးကုန်းကြီးကသူမ၏မျက်နှာအား လက်ကြမ်းကြီးဖြင့်အားပါပါရိုက်ပစ်လိုက်ရာ သူမကြမ်းပေါ်၌ပုံ၍လဲကျသွား၏။ ကိုယ့်မိုက်ပြစ်နဲ့ကိုယ်မို့ ခါးကုန်းကြီးပြုသမျှနုခံရတော့၏။

 

မှတ်ထားကောင်မ ငါ့ကိုအာခံတဲ့လူတွေမှန်သမျှငါအလွှတ်မပေးဘူး.. ငါကဒါဆိုဒါဘဲ ငါပြောရင်ပြောတဲ့အတိုင်းလုပ်.

 

နွယ်ရုံသည် ခါးကုန်းကြီးကိုနာကြည်းစွာကြည့်လိုက်ရင်း

 

ရှင်နဲ့ကျွန်မဒီနေ့ကစပြီး ဘာမှထပ်ပတ်သက်စရာမလိုတော့ဘူး.ရှင်လိုတာအကုန်ကျွန်မပေးပြီးပြီ.နောက်ထပ်ကျွန်မကိုထပ်မနှောင့်ယှက်နဲ့တော့.

 

နွယ်ရုံ၏စကားကြောင့် ခါးကုန်းကြီးသည် ဖက်ကြမ်းလိပ်ကိုခဲထားရင်း

 

ဟားဟားဟား.နင်စတဲ့ဇာတ်လမ်းနင်ဘဲအဆုံးသတ်ရမယ်ကောင်မစံမှဲ့တဲ့ကွ မပိုင်ရက်ခြင်တောင်မရိုက်ဘူး.ရှင်းလားကောင်မ.

 

တောက်!…”

 

နွယ်ရုံခါးကုန်းကြီးကို နာကျည်းစွာကြည့်လိုက်ပြီး လွယ်အိတ်ကိုယူကာထွက်သွားတော့၏။

 

ဟားဟားဟား.ဟားဟားဟား…”

 

ခါးကုန်းကြီးကနွယ်ရုံ၏ကြောပြင်ကိုကြည့်ရင်း သဘောကျစွာရယ်မောနေ၏။

 

ဘုန်းသော်သည်ယခုတလောအိမ်သိပ်မကပ်လိုပေ။ သူ့စိတ်ထဲ၌မိန်းမနှင့်ကလေးနှစ်ယောက်၏အဝေးကိုထွက်ပြေးချင်နေသည်။ ကျောင်းတွင်လည်း စာကိုအာရုံစိုက်ပြီးမသင်နိုင်ချေ။ အချိန်ပြည့်ဆရာမလေးနွယ်ရုံကိုသာ တွေ့ချင်နေသည်။ အိမ်မှကျန်ခဲ့သောရောဂါသည်ဇနီးမယားနှင့် နွယ်ရုံ၏အလှသည် မိုးနဲ့မြေကဲ့သို့ကွာခြားလှသည်။ မြတ်ဖူးစုံကအရာရာစိစစ်လွန်းလှသည်။ နွယ်ရုံကားထိုသို့မဟုတ်။ သူ့အပေါ်လိုက်လျောလွန်းလှသည်။ ဂရုစိုက်လွန်းလှသည်။ ကိုဘုန်းသော်သည် နွယ်ရုံ၏ဂရုစိုက်မှုအပေါ် သာယာသွားခဲ့သည်။

 

တနင်္လာနေ့မနက် ကျောင်းသူကျောင်းသားနှင့်ဆရာဆရာမများအားလုံး ကျောင်းရှေ့ရှိအလံတိုင်ရှေ့၌ညီညာစွာတန်းစီနေကြသည်။ ကျောင်းအုပ်ဆရာကြီးသည် တန်းစီနေသောကျောင်းသူကျောင်းသားများထံအာရုံမရောက်ချေ။ ကျောင်းပေါက်ဝသို့သာ တမျှော်မျှော်ဖြစ်နေသည်။ တခြားဆရာ၊ဆရာမများက ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမနွယ်ရုံတို့၏ ပုံမှန်မဟုတ်သောဆက်ဆံရေးကို သိထားသဖြင့် ဆရာမတစ်ယောက်က

 

ဆရာမနွယ်ရုံကို မျှော်နေတာလားဆရာကြီးသူဒီနေ့နေမကောင်းလို့ခွင့်တိုင်ထားတယ်ရှင့်.

 

အင်းအင်း.

 

ဆရာကြီးကထိုမျှသာပြန်ဖြေကာ တစ်နေရာ၌ငေးငေးငိုင်ငိုင်ရပ်နေ၏။

 

နွယ်ရုံသည် ဝန်ထမ်းအိမ်ယာမှအတူနေဆရာမတစ်ယောက်ကို ခွင့်တိုင်ခိုင်းလိုက်ပြီး အိပ်ယာထက်၌လှဲလျောင်းနေသည်။ ပါးပြင်တစ်ဖက်မှာလည်းယောင်ကိုင်းနေပြီး အညိုရောင်သမ်းနေ၏။

 

သူတောင်းစားကြီးက ငါ့ကိုဒီအတိုင်းလွတ်ပေးမှာမဟုတ်ဘူး.ငါဘာလုပ်ရမှာလဲ.စဉ်းစားစမ်းစဉ်းစားစမ်း.

 

ခါးကုန်းကြီး၏လက်မှလွှတ်ရန် အကြံထုတ်နေ၏။

 

ဟုတ်ပြီ.ဟိုကောင်မနှင့်ကလေးနှစ်ကောင်ရဲ့ ရင်ခွင်ထဲကနေ ကို့ကိုရအောင်ခေါ်ထုတ်ပြီး ဒီနေရာကနေအပြီးတိုင်ထွက်သွားရမယ်.ဒါကငါတို့နှစ်ယောက်အတွက်အကောင်းဆုံးဘဲ.

 

ထိုသို့တွေးပြီးစာတစ်စောင်ရေးလိုက်၏။ ဖောယောင်နေသောမျက်နှာကိုသနပ်ခါးအဖွေးသားလိမ်းလိုက်ပြီး ဆံပင်ကိုမျက်နှာတခြမ်းအုပ်အောင်ချထားလိုက်၏။ ပြင်ဆင်ပြီးသည်နှင့်ညမေခင်းကျောင်းလွှတ်ချိန်အမှီကျောင်းအုပ်ကြီး၏အိမ်သို့သွားလေ၏။

 

ဆရာ.ဆရာပြန်ရောက်ပြီလား…”

 

အဟွတ်အဟွတ် မောင်ပြန်မရောက်သေးဘူးဆရာမ.

 

ဖူးကဆရာမနွယ်ရုံ၏အသံမှန်းမျက်မှန်းတမ်းမိနေသဖြင့် အိပ်ယာထဲမှပြန်ဖြေလိုက်၏။

 

ဪဟုတ်ကဲ့အစ်မ.အစ်မနေမကောင်းသေးဘူးလား နွယ်ရုံတက်လာခဲ့မယ်နော်.

 

နွယ်ရုံကထိုသို့ပြောပြီး အိမ်ပေါ်သို့တက်လာခဲ့၏။

 

ထိုင်ပါအုံးဆရာမ.အစ်မနေမကောင်းတော့အိမ်တွေသန့်ရှင်းရေးမလုပ်ထားရဘူး အားတော့နာပါရဲ့.

 

ရပါတယ်အစ်မရယ်.ဆရာပြန်ရောက်မလာသေးဘူးဆိုတော့ နွယ်ခဏစောင့်လိမ့်မယ်.

 

အင်း..

 

မောင်နှင့်ဆရာမနွယ်ရုံအကြောင်းကို သိသင့်သလောက်သိပြီးဖြစ်သဖြင့် သူမဘာမှမပြောလိုတော့ချေ။ မောင်ပျော်ဖို့သာအဓိကဖြစ်သည်။

 

ဝူးဝူးဝူး.

 

ဟာကိုအဲဆရာပြန်ရောက်လာပြီထင်တယ်.

 

အိမ်ဝန်းထဲဝင်လာသည့်ဆိုင်က်သံကြားသည်နှင့် နွယ်ရုံသည်တရွရွဖြစ်ကာ ကိုဟူသောစကားပင်လွှတ်ခနဲပြောမိ၏။ ဖူးကမကြားချင်ယောင်ဆောင်ကာတစ်ဘက်သို့လှည့်အိပ်နေလိုက်သည်။ ဆရာကြီးသည်ဆိုင်ကယ်သွင်းပြီးသည်နှင့် အိမ်ပေါ်သို့တက်လာခဲ့၏။ ကလေးနှစ်ယောက်လည်း လွယ်အိတ်နှင့်ချိုင့်ကိုယ်စီယူပြီးတက်လာ၏။ အိမ်တံခါးဝသို့ရောက်သည်နှင့် နွယ်ရုံကဆီးကြိုလိုက်သဖြင့်

 

ဟာ.နွယ်.နွယ်.အဲဆရာမ.

 

ရှူး.အစ်မဆီခဏလာလည်တာပါဆရာ.

 

နွယ်ရုံကထိုသို့စကားလှည့်လိုက်ပြီး လက်ထဲမှစာကို ဆရာ့လက်ထဲသို့ထိုးပေးလိုက်၏။

 

ဆရာမ.နေမကောင်းဘူးဆိုသားတို့အိမ်တော့လာနိူင်တယ်နော်.

 

အိမ်ထဲသို့ဝင်လာသောဆရာ့သားအငယ်မျိုးမောင်ကထိုသို့ပြောလိုက်သဖြင့် နွယ်ရုံတစ်ချက်မျက်နှာပျက်သွားသော်လည်း ချက်ချင်းပြုံးလိုက်ကာ

 

ကိစ္စရှိလို့ပါသားရဲ့.ကဲကဲအဝတ်စားသွားလဲကြချေ.

 

ဟုတ်ဆရာမ.

 

ဆရာနွယ်ပြန်ပြီနော် အစ်မကိုဂရုစိုက်လိုက်ပါဦး သူ့မှာအိပ်ယာထဲတစ်ယောက်တည်း လဲနေရရှာတာဟင်းဟင်း..

 

နွယ်ရုံကထိုသို့မထိတရိပြောပြီး လှည့်ပြန်သွား၏။ ဖူးက မသိချင်ယောင်ဆောင်ပြီး ခေါင်းမူးခြုံကာ အိပ်နေလိုက်၏။

 

ကိုဘုန်းသော်တစ်ယောက်အဝတ်ပင်မလဲသေးဘဲ နွယ်ရုံပေးခဲ့သော စာကိုဖွင့်ဖတ်ကြည့်၏။

 

သို့

 

ကိုကို နွယ်ရုံတို့အလုပ်ကထွက်ပြီး တခြားနေရာမှာဘဝသစ်ထူထောင်ရအောင်…… နွယ်ရုံဒီမှာမနေချင်တော့ဘူး……. ကိုကိုနဲ့လည်းခွဲပြီးမနေချင်တော့ဘူး. ကိုကိုနွယ်ရုံ့ကိုချစ်ရင် ဒီည၁၀နာရီလူခြေတိတ်ချိန်မှာ နွယ်ရုံရှိတဲ့ဝန်ထမ်းအိမ်လေးကိုလာခေါ်ပါ.. အသင့်စောင့်နေမယ်..

 

ချစ်တဲ့နွယ်……

 

စာမှာထိုမျှလောက်သာပါ၏။ စာဖတ်ပြီး ကိုဘုန်းသော် စိတ်လှုပ်ရှားနေ၏။ သူလည်းနွယ်ရုံကိုမခွဲနိုင်ချေ။ သို့ကြောင့် ဖြစ်ချင်ရာဖြစ်ပါစေတော့ဟုဆုံးဖြတ်လိုက်ပြီး အဝတ်အစားသုံးလေးစုံနှင့် ဇနီးသည်ကိုမအပ်ဘဲသပ်သပ်သိမ်းထားသောငွေကိုယူပြီး အိတ်ထဲထည့်လိုက်၏။

 

ထိုည၌ကိုဘုန်းသော်တစ်ယောက်ဂဏှာမငြိမ်ဖြစ်နေသည်ကို ဖူးရိပ်မိ၏။ သက်ပြင်းမောချပြီး အိမ်ရှေ့၌ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေ၏။ ကလေးနှစ်ယောက်ကား ဖူး၏ဘေးတွင်တခူးခူးအိပ်ပျော်နေချေပြီ။ တဖြည်းဖြည်းညည့်နက်လာရာ ဖူးလည်းမျက်လုံးများလေးလံလာပြီး အိပ်ပျော်သွား၏။ တစ်အိမ်လုံးတိတ်ဆိတ်သွားသည်နှင့် ကိုဘုန်းသော်သည် အိတ်ကိုယူပြီး ရပ်ထားသောဆိုင်ကယ်ကိုအသာတွန်းထုတ်လိုက်၏။ လမ်းထိပ်ရောက်မှသာဆိုင်ကယ်ကိုစက်နိူးပြီး ဝူးခနဲမောင်းထွက်သွား၏။

 

အောက်အီးအီးအွတ်.အောက်အီးအီးအွတ်.

 

ကတော်.ကတော်.ကတော်.

 

က်လိက်လိ.က်လိ..

 

ကြက်သံငှက်သံကြားမှ ဖူးနိုးလာ၏။

 

ဟင် ဘယ်ချိန်တောင်ရှိပြီလဲသမီးလေး.

 

ဟဲ့ဘယ်ရောက်သွားကြကုန်တာလဲ.အမလေး……ကျွတ်ကျွတ်.ခါးကလည်းနာလိုက်တာ.

 

အိပ်ယာမှဖြည်းညင်းစွာထလိုက်ပြီး ဆံပင်ကိုသပ်တင်ကာစည်းနှောင်ထားလိုက်၏။

 

သမီး.သမီး.သားသားလေးဘယ်ရောက်ကုန်တာလဲဟဲ့.

 

သမီးတို့ဒီမှာပါအမေ.

 

မီးဖိုဆောင်ဘက်အသံကြားသဖြင့် သွားကြည့်လိုက်ရာမောင်နှမနှစ်ယောက်ထမင်းကြမ်းစားနေသည်ကိုတွေ့လိုက်ရ၏။

 

ထမင်းကြမ်းတွေစားနေပါလား.ညည်းတို့ဖေကြီးရော.

 

သမီးတို့ထခါရင်း ဖေကြီးကိုမတွေ့ဘူးမေကြီး.အဲဒါနဲ့ဗိုက်ဆာလာလို့ ညအကျန်ထမင်းကြမ်းစားနှင့်တာ.

 

မောင်ဘယ်ရောက်သွားတာလဲ.

 

မီးဖိုဆောင်ထဲမှချာကနဲလှည့်ထွက်ပြီး အခန်းထဲသွားကြည့်ရာ မွှေနှောက်ထားသောအဝတ်အစားများကိုဖရိုဖရဲတွေ့လိုက်ရ၏။ အိမ်အောက်သွားပြီး ဆိုင်ကယ်ကိုကြည့်လိုက်ရာ မောင့်ဆိုင်ကယ်ပါမရှိတော့သည်ကိုတွေ့လိုက်ရ၏။

 

လုပ်ရက်လိုက်တာမောင်ရယ်.အဟီးဟီး.အဟင့်.

 

မောင်သည်သူမရင်ခွင်ကိုစုန်ကန်ပြီး အပြီးတိုင်ထွက်သွားခဲ့မှန်းသူမနားလည်လိုက်သည်။

 

ညကြီးနှစ်ယောက်သားဆိုင်ကယ်တစ်စီးဖြင့် ထွက်လာရာ နေခဲ့သည့်နေရာနဲ့အတော်ဝေးဝေးပင်ရောက်နေချေပြီ။

 

ကိုတို့ဘယ်ကိုဆက်သွားကြမလဲနွယ်.

 

နွယ့်မိဘဆီပြန်ကြမယ်လေ.

 

ဖြစ်ပါ့မလားနွယ်.

 

လိုက်သာလိုက်ခဲ့စမ်းပါ.

 

ကိုဘုန်းသော်တစ်ယောက်နွယ်ရုံ၏အိမ်သို့လိုက်ခဲ့ပြီး ယောက္ခအမြင်ကြည်အောင်နေနေရ၏။ ဘာအလုပ်မှပင်ပန်းကြီးစွာမလုပ်ခဲ့ဖူးသောကြောင့် အလုပ်ကိုလက်ကြောတင်းအောင်မလုပ်တတ်ချေ။ ခါးကုန်းကြီးသည် နွယ်ရုံတစ်ယောက်သူ့ထံရောက်မလာသည်မှာကြာပြီဖြစ်သဖြင့် သူမ၏နေရပ်ကိုစုံစမ်းကြည့်သည်။ သို့သော်ကျောင်းဆရာမတစ်ဦးသာဖြစ်ပြီး အလုပ်မှထွက်ပြီဖြစ်ကြောင်းသာသိလိုက်ရသဖြင့် စိတ်ပျက်သွား၏။

 

တောက်! ကောင်မနင်ငါ့ဆီကထွက်သွားရဲတယ်ပေါ့.ငါ့အကြောင်းကောင်းကောင်းသိစေရမယ်.

 

ထိုသို့တွေးပြီး မြို့အစွန်ရှိအိမ်သို့ပြန်လာကာ သိမ်းထားသောဆံပင်ကျွတ်နှင့် ချည်မျှင်ကိုယူကာအစီအရင်ခန်းထဲသို့ဝင်သွားခဲ့၏။ ထို့နောက် အရုပ်တစ်ရုပ်ထဲသို့ချည်မျှင်နှင့်ဆံပင်ကိုထည့်ချုပ်လိုက်ပြီး သွေးပက်ဖြန်းလိုက်ပြီး အခေါင်းသေးသေးလေးထဲသို့ထည့်လိုက်၏။ ချည်မျှင်နှင့်ဆံပင်မှာ နွယ်ရုံထံမှပိုင်ရှင်မသိအောင်ယူထားခြင်းဖြစ်၏။

 

ဟားဟားဟား.ကောင်မနင်ငါ့ဆီထွက်သွားလို့မရဘူး.ပြန်လာခဲ့စမ်း.ငါ့ဆီပြန်လာခဲ့စမ်းကောင်မ.ဟားဟားဟား.

 

ထိုသို့ပြောပြီး ဖယောင်းတိုင်ထွန်းကာ အခေါင်းသေးသေးလေးကိုမီးဖြင့်မြိုက်ပြီး ဂါထာတစ်ပုဒ်ကိုရွတ်ဆိုလိုက်၏။

 

ကိုဘုန်းသော်တို့ဇနီးမောင်နှံသည်သီးနှံစိုက်ပျိုးရန်အတွက်တောရိုင်းပင်များကိုခုတ်ထွင်ရှင်းလင်းနေကြ၏။ ပြီးသည်နှင့်တောရိုင်းပင်ခြောက်များကိုစုပုံပြီး မီးရှိူ့၏။

 

မီးအရှိုန်ကြီးလာပြီနွယ်နောက်ဆုတ်နေ.

 

ဟိုနားပုံထားတဲ့ဟာလည်းတစ်ခါထဲရှို့ရအောင်ကိုဘုန်း.

 

မီးတွေကူးမှာစိုးလို့ တစ်နေရာငြိမ်းသွားမှတစ်နေရာရှို့ပါနွယ်ရဲ့.

 

အဲလို့လုပ်နေရင် ဘယ်ပြီးနိူင်တော့မလဲရှင့်.အားကိုးရမယ်ထင်ပြီး ယူမိပါတယ်. ဘာအလုပ်မှစောက်ကြောတင်းအောင်မလုပ်တတ်ဘူး..

 

နွယ်ရုံကလင်ဖြစ်သူကိုတဗြစ်တောက်တောက်လုပ်ပြီး မီးပုံဆီမှမီးစွဲနေသောထင်းစကိုကောက်ယူကာ အခြားတစ်ပုံထဲသို့ပစ်ထည့်လိုက်၏။ တောရိုင်းမှာခြောက်နေပြီဖြစ်သဖြင့် မီးမှာဟုန်းဟုန်းတောက်လောင်နေ၏။ ထိုစဉ်တောင်လေသည်တဖြူးဖြူးတိုက်ခတ်လာပြီးမီးစများမှာဟိုဟိုသည်သည်လွှင့်သွားကြကုန်၏။

 

ဟာ.မီးတွေသူများအခင်းဆီကူးကုန်ပြီ.နွယ်ရေ.သစ်ကိုင်းကြီးယူပြီးမီးကိုလိုက်ငြိမ်းဟ..

 

ဟာနွယ်မလုပ်ရဲဘူး.ကြောက်တယ်..

 

ထိုသို့ပြောပြီး အနောက်သို့ပြန်လှည့်ပြေး၏။ မီးအရှိန်မှာလေတိုက်နူန်းကြောင့် ပို၍ကြီးထွားလာပြီး ကျန်အခင်းများပါမီးကူးကုန်၏။ ထိုစဉ်နွယ်ရုံသည် ပြေးနေရာမှရပ်ပြီး မီးလောင်နေသည်ကိုစိုက်ကြည့်ကာ မီးထဲသို့ခုန်ဝင်သွားတော့၏။

 

အား………”

 

မီးငြိမ်းသတ်နေသောကိုဘုန်းသော်မှာ အားဟူသော်အော်သံနက်ကြီးကြောင့်ကြည့်လိုက်ရာ နွယ်ရုံမှာမီးထဲသို့ခုန်ချသွားသည်ကိုတွေ့လိုက်ရ၏။

 

ဟာနွယ်နွယ်ကယ်ကြပါဦးဗျို့.ကယ်ကြပါဦး.

 

မတတ်နိူင်တော့သည့်အဆုံး အနီးအနားရှိလူများထံအော်ဟစ်အကူအညီတောင်းရတော့၏။ သို့သော်တောထဲတောင်ထဲဖြစ်သဖြင့် မည်သူတစ်ဦးတစ်ယောက်မျှရောက်မလာခဲ့ချေ။

 

နွယ်.နွယ်ရေ.မင်းကိုမကယ်နိူင်လို့ကိုယ့်ကိုခွင့်လွှတ်ပါကွာ.

 

သူလည်းနွယ်ရုံကိုကယ်ဖို့မတတ်နိူင်။ နွယ်ရုံမှာမီးပုံထဲ၌အောက်ဟစ်လူးလွန့်နေတော့၏။ ကိုဘုန်းသော်၏နှာခေါင်းထဲတွင်ကား ဇနီးသည်ထံမှထွက်လာသော အသားမီးလောင်သည့်ညှော်နံ့ကိုရလိုက်ပြီး ခေါင်းချာချာလည်ကာ မှောင်အတိကျသွားတော့၏။

 

ကိုဘုန်းသော်ထွက်သွားပြီးသည့်နောက်ပိုင်း မြတ်ဖူးစုံတစ်ယောက်ခက်ခဲစွာရုန်းကန်ရ၏။ အလုပ်လိုက်လျှောက်သော်လည်း သူမ၏အနာရောဂါကြောင့်မည်သူမျှအလုပ်မခန့်ချင်ကြချေ။ နောက်ဆုံး၌ဖြစ်ချင်ရာဖြစ်ဆိုကို ဆိုင်ကယ်နှင့်ရွှေစအချို့ကိုရောင်းပြီး ကုန်စုံဆိုင်အသးလေးတစ်ဆိုင်ဖွင့်လိုက်၏။ တဖြည်းဖြည်းပြေလည်လာပြီး ဆိုင်ကြီးတစ်ဆိုင်ဖြစ်လာ၏။ သို့သော်အနာရောဂါမှာကား ရှိနေဆဲပင်တည်း။

 

တစ်နေ့ ကလေးနှစ်ယောက်ကျောင်းသွားနေသဖြင့် သူမလည်းဆိုင်စောင့်ကျန်ခဲ့ရင်း စာရင်းဇယားများတွက်ချက်နေ၏။ စျေးဝယ်လည်းမရှိသဖြင့် တိတ်ဆိတ်ငြိမ်သက်နေ၏။ ထို စဉ် အသားစကိုမီးလောင်ထားသည့်ညှော်နံ့တစ်ခုကိုရလိုက်၏။

 

ညှော်လိုက်တာ…… ဘယ်သူ့အိမ်ကအကင်လုပ်စားနေကြတာလဲမသိ.

 

ထိုသို့တွေးနေစဉ် ဆိုင်ထဲသို့ဝင်လာသည့်လူရိပ်လူယောင်ကိုတွေ့လိုက်ရ၏။ သို့ကြောင့်စားပွဲမှထပြီး

 

ဘာလိုလဲရှင့်.

 

ဟုမေးလိုက်၏။ သို့သော်ဘာမှပြန်မဖြေချေ။ မုန့်စင်တွေနောက်ဝင်သွားသည်အထင်ဖြင့် လိုက်ကြည့်မိ၏။

 

ညှော်လိုက်တာ. အသားကိုမီးလောင်တဲ့အနံ့ကြီး.

 

နှာခေါင်းထဲညှော်နံ့ရသဖြင့် လက်ဖြင့်နှာခေါင်းကိုအုပ်ထားလိုက်၏။

 

ဘုတ်.

 

ဟင်သူခိုးများလားစောစောကတွေ့လိုက်တာ.

 

စားပွဲခုံံပေါ်မှ စာရင်းစာအုပ်ကဘုတ်ခနဲပြုတ်ကျသွားသဖြင့် သူခိုးဝင်သည်ထင်ကာ ထိုနေရာသို့ပြေးသွားလိုက်၏။ စာရင်းစာအုပ်မှာကြမ်းပြင်ပေါ်သို့ ရောက်နေပြီး ကျန်ပစ္စည်းများမှာနေရာတကျရှိနေဆဲပင်။ ထိုစဉ်မိမိ၏အနောက်သို့ လူတစ်ယောက်ရပ်နေသလိုခံစားရသဖြင့် လှည့်ကြည့်လိုက်ရာ

 

အမလေးဗုဒ္ဓေါ……..

 

တစ်ကိုယ်လုံးမဲနက်နေပြီး မျက်လုံးကြီးပြူးထွက်နေသောမိန်းမတစ်ယောက်ကို တွေ့လိုက်ရသဖြင့် အနောက်သို့ဖင်ထိုင်လျက်လဲကျသွား၏။

 

အော့.ဝေါ့..

 

ညှော်နံ့ကြီးမှာထိုမဲမဲအကောင်ထံမှရသဖြင့် သူမအော့အန်မိ၏။ ထိုအခါအကောင်ကြီးမှာသူမကိုတဟီးဟီးရယ်ပြီးအနားကိုတိုးကပ်လာ၏။

 

ဟီးဟီးဟီး.ဟီးဟီးဟီး.

 

မလာနဲ့သွားသွား.မလာခဲ့နဲ့.မြတ်စွာဘုရားကယ်တော်မူပါ.သံဗုဒ္ဓေအဋ္ဌဝီသဉ္စ.ဒွါဒအာ့အာ့ာ့……”

 

မရွတ်နဲ့.ဟီးဟီးဟီး.

 

သူမဆီတရွေ့ရွေ့လာနေသောမဲမဲအကောင်ကြီးကိုကြောက်အားလန့်အားဖြင့် မောင်းထုတ်ပြီး သံဗုဒ္ဓေဂါထာတော်ကြီးကိုရွတ်လိုက်ရာ မဲမဲအကောင်သည်ဒေါသထွက်သည့်အမူအရာဖြင့် သူမအပေါ်အုပ်မိုးလိုက်ပြီး လည်ပင်းကိုညှစ်ထားရာ အသက်ရှူကြပ်သွားပြီးဆက်မရွတ်နိူင်တော့ချေ။ အားပါလှသောညှစ်ချက်ကြောင့် သူမမျက်လုံးများပြာဝေလာပြီး အသိစိတ်လွှတ်ချင်လာသည်။ နောက်ဆုံး၌မိမိ၏သည်တခြားနေရာသို့လွှင့်သွားသကဲ့သို့ခံစားလိုက်ရ၏။

 

ကျောင်းလွှတ်ချိန်ရောက်ပြီဖြစ်သဖြင့် မောင်နှမနှစ်ယောက်အိမ်သို့ပြန်လာကြရာ တစ်အိမ်လုံးတံခါးများပိတ်ထားသည်ကိုတွေ့လိုက်ရ၏။

 

မမ.မေကြီးဘယ်သွားတာလဲမသိဘူးနော်.ဖေကြီးလိုသားတို့ဆီကထွက်သွားခဲ့ပြီလား.

 

ဟာပေါက်ကရမောင်လေးရယ် မေကြီးတစ်နေရာရာသွားတာနေမှာပေါ့.ကြည့်ပါလားတံခါးသော့တောင်မခတ်ခဲ့ဘူးလေ…”

 

အင်းပါ.သားကမေကြီးပျောက်သွားမှာကြောက်လို့.

 

လာလာအတွေးများမနေနဲ့မေကြီးကိုအိမ်မှာဘဲစောင့်.စောင့်.

 

ဝုန်း.

 

အကြီးမကတံခါးဖွင့်မည်အလုပ် အထဲမှဝုန်းခနဲတံခါးတွန်းဖွင့်လိုက်သဖြင့် မောင်နှမနှစ်ယောက်လန့်သွား၏။

 

မေကြီးရယ်လန့်လိုက်တာအိမ်မှာရှိနေလျက်နဲ့ဘာလို့တံခါးတွေပိတ်ထားရတာလဲ.

 

ဘေးဖယ်နေစမ်းကောင်မ.

 

ဟမ်.

 

မိခင်၏အက်ရှရှအသံကြီးကြောင့်ကလေးမရွံ့အသွား၏။

 

မေကြီးနေမကောင်းဘူးလားအသံကတမျိူးကြီး.

 

မေကြီးအကင်လုပ်ထားတာလား အသားညှော်နံ့ရနေတယ်.

 

အငယ်ကောင်ကနှာခေါင်းတရှုံ့ရှုံ့လုပ်ပြီး ထိုသို့ပြော၏။

 

ငါနင်တို့အမေမဟုတ်ဘူးဖယ်ကြစမ်းကောင်မတွေ.

 

အာ့..

 

မြတ်ဖူးစုံကသူ့ရှေ့ပိတ်ရပ်နေသောသားငယ်ကိုတွန်းဖယ်လိုက်ရာ အရှိန်လွန်ပြီး ကလေးမှာခပ်ဝေးဝေးသို့လွှင့်သွား၏။ အကျနာသွားသဖြင့် ကောင်လေးမှာအာ့ခနဲအော်ပြီး တရှုံ့ရှုံ့ငိုနေ၏။ အကြီးမကမောင်ဖြစ်သူထံပြေးသွားလိုက်ပြီး ဆွဲထူလိုက်ကာ

 

မေကြီးဘာဖြစ်နေတာလဲ.အမေရူးသွားတာလား.

 

ဟားဟားဟားဟားဟားဟား.ငါကမင်းတို့အမေမဟုတ်ဘူး.မင်းတို့အမေကိုသေရွာပို့မဲ့သူ.

 

မြတ်ဖူးစုံမှာတဟားဟားအော်ရယ်ပြီး ဆိုင်ခန်းတံခါးကိုဖွင့်ကာ ရောင်းဖို့ထားထားသောကြိုးခွေကိုလှမ်းယူပြီး လမ်းမကြီးဘက်သို့တချိုးတည်းပြေးသွား၏။

 

အမေအမေဘယ်သွားမှာလဲ…”

 

ဟီးဟီးဟီးဟားဟားဟား.

 

မမသားလက်နာတယ်.

 

မှန်းမမကိုပြစမ်း.အိုသွေးတွေထွက်နေပါလား. လာလာမမဆေးသွားထည့်ပေးမယ်.

 

မောင်ဖြစ်သူက ပွန်းပဲ့နေသောလက်ဖဝါးအနာကိုပြလိုက်ရာ အစ်မဖြစ်သူလည်းစိတ်ပူသွားပြီးအနာဆေးထည့်ရန် အိမ်ထဲသို့ခေါ်ဆောင်သွား၏။

 

မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်း တည်းဖို့နေရာရှာရင်း တစ်နေရာသို့ရောက်လာကြ၏။ ထိုစဉ် လမ်းဘေးရှိသစ်ပင်ကြီးတစ်ပင်အောက်၌ မဲမဲအကောင်ကြီးတစ်ကောင်နှင့်အတူ သစ်ကိုင်းတစ်ခု၌ကြိုးဆွဲချနေသော မိန်းမတစ်ယောက်ကိုတွေ့လိုက်ရ၏။

 

ကောင်မရပ်လိုက်စမ်း.သူတစ်ပါးကိုဘာလို့နှောင့်ယှက်နေတာလဲ.မီးစက်ကွင်းတွေသူ့ကိုပြေးမရအောင်ဝိုင်းထားလိုက်စမ်း.

 

ဟင်.

 

မောင်ရေခဲက ထိုသို့လှမ်းအော်လိုက်ရာမဲမဲအကောင်မှာ ဟင်ခနဲအသံပြုပြီး ထွက်ပြေးမည်ပြုသော်လည်း ဘေးပတ်ပတ်လည်တွင်မီးတောက်များထလာသဖြင့် ပြေး၍မရတော့ချေ။

 

ထင်ပေါ်သူ့ကိုကယ်လိုက်မြန်မြန်.

 

မောင်ထင်ပေါ်လည်း တွဲလောင်းဖြစ်နေသော အမျိုးသမီး၏ခြေထောက်ကိုဖက်ပြီးမထားလိုက်၏။ ထို့နောက်လည်ပင်း၌ချည်ထားသောကြိုးကိုမောင်ရေခဲက ခရီးဆောင်စင်္ကြာဓားဖြင့်ဖြတ်ပေးလိုက်၏။

 

အဟွတ်အဟွတ်အဟွတ်.သရဲသရဲတကိုယ်လုံးမဲနေတဲ့သရဲမကြီး…”

 

အစ်မအစ်မသတိထား.အစ်မဘာမှမဖြစ်တော့ဘူး.ရော့ဒီရေသောက်လိုက်…”

 

အောက်သို့ရောက်သည်နှင့် လည်ပင်းကိုလက်နဲ့ဖိထားပြီး ကြောက်လန့်တကြားအော်နေသဖြင့် မောင်ထင်ပေါ်ကပရိတ်ရေတိုက်လိုက်၏။

 

သရဲမကြီးသရဲမကြီးသူငါ့ကိုကြိုးဆွဲချခိုင်းတယ်.သူငါ့ကိုသတ်ဖို့ကြံနေတယ်.

 

စိတ်လျှော့ထားအစ်မ.ကျွန်တော်တို့ရှိတယ်.

 

မောင်ရေခဲကမီးပတ်ပတ်လည်ဝိုင်းထားသောမဲမဲအကောင်ကြီး၏အနားသို့တိုးကပ်မည်ပြုစဉ် ရှဲခနဲမြည်သံကြားလိုက်ရပြီး မီးများငြိမ်းသွား၏။

 

ဟားဟားဟားစံမှဲ့ကိုဘယ်သူလာစိန်ခေါ်ရဲတာလဲ.ကိုယ်နဲ့မဆိုင်ရင် ဝင်မပါတာအကောင်းဆုံးဘဲကိုယ့်လမ်းကိုသွားပါ.

 

ဟူသောအသံနှင့်အတူ သရဲမလည်းပျောက်ကွယ်သွား၏။ ထိုအခါမောင်ရေခဲက

 

ကဲထင်ပေါ်ဖြေရှင်းစရာတွေပေါ်လာပြီအစ်မကြီးအစ်မကြီးဘယ်မှာနေတာလဲ.

 

ဒီအရှေ့ကမြို့လေးမှာပါ.ကျွန်မဘာလို့ဒီနေရာကိုရောက်လာတာလဲမသိဘူး.ကျွန်မအသိစိတ်ပြန်ဝင်လာတော့ သစ်ပင်ပေါ်မှာတွဲလောင်းဖြစ်နေပြီ.ကျွန်မဘေးမှာလည်း တကိုယ်လုံးမဲနေတဲ့မိန်းမကြီးတစ်ယောက်ကရပ်နေပြီး မသေမချင်းကြိုးဆွဲချဖို့တွန်းအားပေးနေတယ်.

 

ကဲကျွန်တော်တို့ကို အစ်မရဲ့အိမ်ခေါ်သွားပါ.အစ်မဆီမှာမကောင်းတဲ့အငွေ့အသက်တွေတွေ့နေရတယ်.

 

ဟုတ်ကဲ့ပါရှင့်.

 

မောင်ရေခဲကထိုသို့ပြောလိုက်ရာ အမျိုးသမီးကြီးကထလာပြီး သူမ၏အိမ်ရှိရာသို့ခေါ်ဆောင်သွား၏။ အမျိုးသမီးတို့နေထိုင်သောရပ်ကွက်လေးမှာချောင်ကျပြီး အခြေခံလူတန်းစားအများဆုံးတွေ့ရ၏။ အမျိုးသမီး၏အိမ်ရှေ့ရောက်သည်နှင့် ပတ်ပတ်လည်ကိုကြည့်လိုက်ရာ အမဲရောင်အငွေ့အသက်များကိုတွေ့လိုက်ရပြီး အိမ်စည်းပေါက်နေသည်ကိုတွေ့လိုက်ရ၏။

 

ဒါကျွန်မရဲ့အိမ်ပါရှင့်. အထဲကြွကြပါ.သားသမီးရေ.ဘယ်ရောက်နေကြတာလဲ.ဧည့်သည်ပါလာတယ်လာကြဦး.

 

အမျိုးသမီးကထိုသို့အော်လိုက်သည်နှင့်အထဲမှ ကလေးနစ်ယောက်ထွက်လာပြီး မလှမ်းမကမ်းတွင်ရပ်နေ၏။

 

ဟဲ့ရုပ်ကဘယ်လိုတွေဖြစ်နေကြတာလဲ.

 

မေမေကြီးကိုကြောက်ကြောက်လို့ပါ.

 

ဘယ်လိုဘယ်လိုငါ့ကိုကြောက်တယ်အကြီးမပြောစမ်းဘာတွေဖြစ်နေကြတာလဲ…”

 

ကောင်မလေးလည်း မိခင်ဖြစ်သူ၏အမေးကြောင့် ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်ရာ အမျိုးသမီးကြီးမှာပါးစပ်အဟောင်းသားဖြင့်

 

ဒါတွေငါလုပ်ခဲ့တာလား သားလက်ပြစမ်းအမလေး.ကွဲပြဲနေပါရောလား.မေကြီးတောင်းပန်ပါတယ်ကွယ်.လာလာအိမ်ထဲဝင်ကြစို့.လာမောင်လေးတို့အိမ်ထဲဝင်ကြ…”

 

အမျိုးသမီးမှာကလေးနှစ်ယောက်၏ပခုံးကိုဖက်ရင်းအိမ်ထဲသို့ဦးဆောင်ခေါ်သွား၏။ ညမှောင်တော့မည်ဖြစ်သဖြင့် အိမ်ကိုသာစည်းအထပ်ထပ်ချထားလိုက်ပြီး ဆောင်ရွက်စရာများကိုမနက်မှလုပ်ဆောင်ရန်ထားလိုက်၏။

 

မနက်ရောက်သည်နှင့်လိုအပ်သည်များကိုဝယ်ခြမ်းခိုင်းလိုက်ပြီး အမျိုးသမီးသားအမိကိုခေါ်လိုက်၏။

 

ဒီရှေ့မှာလာထိုင်ကြပါအစ်မ.

 

ဟုတ်ကဲ့…”

 

ကဲအားလုံးဘုရားကိုကန်တော့လိုက်ကြ.

 

မောင်ရေခဲကထိုသို့ပြောလိုက်ရာသုံးယောက်စလုံးဘုရားကန်တော့ကြ၏။ ပြီးသော်

 

ကဲညီလေးနဲ့ညီမလေး ဟောဟိုကအစ်ကိုနားမှာငြိမ်ငြိမ်လေးထိုင်နေကြဘာဖြစ်ဖြစ်မလန့်ကြ၊မအော်ကြနဲ့နော်.အစ်မကြီးနေခဲ့…”

 

ဟုတ်ကဲ့အစ်ကို.

 

ကလေးနှစ်ယောက်လည်း မောင်ထင်ပေါ်၏နံဘေး၌လာထိုင်ကြ၏။ မောင်ရေခဲက ဘုရားဘက်သို့လှည့်လိုက်ပြီး လက်အုပ်ချီမိုးကာ အနန္တောအနန္တ ငါးပါးကိုဦးစွာရှိခိုးလိုက်၏။ ပြီးမှအထက်ဝိဇ္ဇာရှစ်သောင်းဆရာအပေါင်းတို့ကို ရှိခိုးပြီးလျှင် အရှေ့ပြန်လှည့်လာကာ

 

အစ်မကြီးရဲ့ဆံပင်တွေဖြေချထားလိုက်ပါဆောင်ထားတဲ့အင်း၊အိုင်လက်ဖွဲ့တွေရှိရင်လည်း ခဏချွတ်ထားလိုက်ပါ.အစ်မကဘာနေ့သမီးလဲ.

 

ကြာသပတေးသမီးပါဆရာ.

 

အေးအေးအစ်မစိတ်ကိုစုစည်းပြီးလျှော့ချလိုက်ပါ.

 

ဟုတ်ကဲ့.

 

အမျိုးသမီးလည်း စိတ်ကိုစုစည်းပြီးလျှော့ချထားလိုက်၏။ မောင်ရေခဲလည်း အထက်ဆရာသခင်များကိုတိုင်တည်ပြီးသည်နှင့်

 

ဤကြာသပတေးသမီးရဲ့မိသားစုကို နှောင့်ယှက်နေတဲ့အဖျက်ကောင် ယခုချက်ချင်းငါ့အရှေ့ရောက်လာစေ.အပိတ်အပင်အတားအဆီးများမရှိစေရ.

 

ဟုအမိန့်ပြန်လိုက်၏။ သို့သော် အမျိုးသမီးမှာတုတ်တုတ်မျှပင်မလှုပ်။

 

ခေါင်းမာရင် ဖြစ်လာမဲ့နောက်ဆက်တွဲကိုသိတယ်မလား.လာစမ်းခုချက်ချင်း. ဘုတ်ဘုတ်ဘုတ်.

 

ဒုတိယအကြိမ်ထပ်မံခေါ်လိုက်ပြီး ကြမ်းခင်းကိုသုံးချက်ပုတ်လိုက်၏။ ထိုစဉ် အသားမီးလောင်နံ့တချက်ရလိုက်ပြီး အမျိုးသမီးမှာ လှုပ်လှုပ်ရှားရှားဖြစ်လာ၏။ မျက်လုံးများလည်းနီရဲလာပြီး မျက်တောင်လည်းတချက်မှမပုတ်။ မောင်ရေခဲကိုသာစူးစိုက်ကြည့်နေ၏။

 

ငါမင်းကိုမခေါ်ဘူး.မင်းရဲ့နောက်ကြောကကြိုးကိုင်တဲ့လူကိုခေါ်တာမင်းဘာကိစ္စလာတာလဲမှန်မှန်ဖြေစမ်း.

 

အဟင်းဟင်းအဟင်းဟင်းဟင်း..ငါ့ကိုခိုင်းစေတဲ့လူမရှိဘူး.နင်ခေါ်လို့ငါလာတာဘာဖြစ်လဲ…”

 

သရဲပါးမဝနဲ့ကောင်မ. မီးနဲ့ထပ်မြိုက်လိုက်လို့ နောက်တစ်ခါ ထပ်သေသွားမယ်.မင်းလိုမိန်းမမျိုးက သူတစ်ပါးရဲ့အသိုက်အမြုံကိုဖျက်ဆီးတယ်မနာလိုဝန်တိုစိတ်ရှိတယ်.မင်းသွားရမဲ့လမ်းက ငရဲကလွဲပြီး တခြားနေရာမရှိဘူး……”

 

ဟားဟားဟားမင်းမှာဘာအဆင့်ရှိလို့ငါ့ကိုခြိမ်းခြောက်ရဲရတာလဲဆရာစုတ်ရဲ့.ဟင်းဟင်းဟင်းထပ်ခြိမ်းခြောက်ရင်ဒီကောင်မရဲ့အသက်ကိုငါအပြီးနူတ်ယူပစ်မယ်.ဟင်းဟင်းဟင်း…”

 

လေကျယ်လှချေလားကောင်မ.မင်းနောက်ကလူကိုအားကိုးမနေနဲ့ မင်းကိုပြစ်ဒဏ်ချပြီးရင်သူ့အလှည့်လာမယ်.ခုချက်ချင်း ဒူးထောက်ထိုင်လိုက်စမ်း.

 

မထိုင်ဘူးလုံးဝမထိုင်နိူင်ဘူး.ဒီကောင်မကိုငါသတ်မယ်.အစ်အစ်.အစ်..

 

ရပ်လိုက်စမ်းကောင်မ.ဆိုင်ရာတွေသူ့ကိုမီးကြိမ်တုတ်နဲ့ ရိုက်လိုက်စမ်း ကြာသပတေးသမီးကိုမထိစေနဲ့.

 

ဖျန်း.ဖျန်းဖျန်း.

 

အားပူတယ်.ပူတယ်နာတယ်.အား.ပူတယ်…”

 

သရဲမက အမျိုးသမီး၏ကိုယ်ထဲမှနေ၍ လည်ပင်းပြန်ညစ်နေသဖြင့် မောင်ရေခဲလည်းအကြမ်းနည်းကိုသုံးလိုက်ရ၏။ ကြိမ်စင်္ကြာမီးတုတ်ကြောင့် အမျိုးသမီးမှာကြမ်းပြင်ပေါ်၌ လူးလှိမ့်နေ၏။

 

ကြောက်ပြီလား.ကိုယ့်အမှားကိုပြန်သုံးသပ်နိုင်ပြီလား..သူတစ်ပါးရဲ့အသိုက်အမြုံကိုဖျက်ဆီးတတ်တဲ့သူဟာ သူနဲ့ထိုက်တဲ့ငရဲဘုံကလွှဲပြီးတခြားအရပ်မလားနိူင်.ကိုယ့်အပြစ်ဒဏ်ကိုယ်ခံပေတော့.

 

မောင်ရေခဲကထိုသို့ပြောလိုက်သည်နှင့် ခန္ဓာတစ်ခုလုံးနီရဲပြီး ရုန့်ရင်းကြမ်းကြုတ်သည့် သဏ္ဍာန်ရှိသည့်လူနီနှစ်ယောက်ပေါ်လာပြီးသရဲမကိုချိုင်းကြားမှတစ်ဖက်စီကိုင်ပြီး ဒရွတ်တိုက်ဆွဲခေါ်သွားတော့၏။

 

ကြောက်ပါပြီကြေက်ပါပြီ.ကယ်ပါကယ်ပါ.ငရဲမသွားချင်ဘူး.တောင်းပန်ပါတယ်.

 

သရဲမမှာလူနီနှစ်ယောက်၏လက်မှ ရုန်းရင်းကန်ရင်းဖြင့် အော်ဟစ်အကူအညီတောင်းသော်လည်း ကိုယ့်မိုက်ပြစ်နဲ့ကိုယ်မို့ မည်သူမျှမကယ်နိူင်တော့ချေ။

 

ဟားဟားဟား.မင်းရဲ့အစွမ်းကလဲမသေးလှပါလားကိုယ့်လူရေ.ငါလက်သပ်မွေးထားတဲ့သရဲမကိုတောင်ငရဲပို့ပစ်နိူင်တယ်ဆိုတော့ ငါမချီးကျူးဘဲမနေနိူင်ဘူး..

 

မောင်ရေခဲက အမိန့်ဖြင့်မခေါ်ရသေး။ သရဲမနောက်ကကြိုးကိုင်သူကိုယ်တိုင်ရောက်လာပြီး တဟားဟားရယ်မောကာပြောဆိုနေတော့သည်။ ထိုအခါ မောင်ရေခဲက

 

ငါတောင်ခေါ်စရာမလိုဘဲ ကိုယ့်အသိနဲ့ကိုယ်ရောက်လာတာကောင်းတယ်.မင်းလဲငရဲဂျိုးကပ်မဲ့ကောင်မျိုးဘဲ.ကြည့်စမ်း မင်းဖျက်ဆီးခဲ့တဲ့ပန်းကောင်းအညွှန့်လေးတွေမနဲဘူး.

 

ဟားဟားဟားဒါကကိ်ုယ့်ကုသိုလ်ကံနဲ့ကိုယ်လာတာမနာလိုမဖြစ်နဲ့ကိုယ့်လူ.

 

ထိုလူကပမာမခန့်ပုံစံဖြင့် ပြန်ပြော၏။

 

ငါကကုသိုလ်၊အကုသိုလ်ခွဲခြားတတ်တယ်.ဒါမို့လဲမင်းကိုငရဲပို့ဖို့ လုပ်နိူင်တာပေါ့.

 

အပြောသိပ်ကြီးမနေနဲ့ချာတိတ်.မင်းတိူ့နှစ်ကောင်ကိုငါစတွေ့တုန်းကတော့ သနားလို့လွတ်ပေးလိုက်ပါ့မယ်ဆိုပြီး ဘာမှမလုပ်ခဲ့တာခုတော့မင်းတို့ကိုယ်တိုင်သေချင်နေမှတော့ ငါလည်းပါရမီဖြည့်ပေးရတာပေါ့ငဖြူဒီကောင်တွေကိုတစ်စစ်ကိုက်ဖြတ်ပစ်လိုက်စမ်းဖေ့သားကြီး.

 

အမျိုးသမီးက ထိုသို့ပြောလိုက်သည်နှင့် အဖြူရောင်အမဲစင်းကြားပါသော ကျားကြီးတစ်ကောင်သည် မောင်ရေခဲရှေ့သို့တလှမ်းချင်းတိုးဝင်လာပြီး မာန်ဖီပြီး မောင်ရေခဲကိုခုန်အုပ်မည်အပြု နတ်မင်းတစ်ပါးပေါ်လာပြီး ရွှေနတ်သိုင်းဖြင့် ဆီးရိုက်လိုက်ရာ ကျားကြီးမှာအနောက်သို့လွှင့်ထွက်သွားပြီး ရွှံ့ရုပ်ကလေးဖြစ်သွား၏။

 

ဝေါင်း.ဝေါင်းဝေါင်း.

 

ထိုမြင်ကွင်းကြောင့် စံမှဲ့မှာ မျက်စိမျက်နှာပျက်သွားပြီး

 

မင်း.မင်းငါ့ရဲ့တိုက်ကျားကြီးကို သတ်ပစ်လိုက်တယ်ပေါ့. သေပေတော့ကောင်စုတ်လေး.

 

ဝုန်း..

 

စက်ပေါင်းစုထားသောအရောင်တလက်လက်တောက်နေသည့် မှော်စက်ရှင်ကို မောင်ရေခဲထံပစ်လိုက်ရာ မောင်ရေခဲကကြိမ်စင်္ကြာဓားဖြင့်ဆီးဖျက်လိုက်ပြီး ဓားဦးကိုစံမှဲ့၏ခေါင်းပေါ်သို့တင်ထားလိုက်၏။

 

ရှိသမျှပညာအစွမ်းအကုန် ငါသိမ်းတယ်.ချုပ်စမ်း.ထုတ်စမ်း..မင်းလုပ်ထားတာတွေပြန်ယူစမ်း.

 

အား.ငါ့ခေါင်းကွဲတော့မယ်နင်နိူင်တုန်းလုပ်ထားပေါ့.အား..ယူမယ်ငါလုပ်ထားတာတွေငါပြန်ယူမယ်.ဟိုကောင်မခိုင်းလို့ ငါလုပ်ရတာပါ.

 

စံမှဲ့ကလက်အုပ်လက်အုပ်ချီပြီး တောင်းပန်၏။ သို့သော်မောင်ရေခဲကဓားဦးကိုပြန်မဖယ်ပေးသေးဘဲ

 

ယူစမ်းအကုန်ုပြန်ယူ.ဒဏ်ရာအနာရွတ်တောင်မကျန်ခဲ့စေနဲ့.မင်းတို့လိုလူစားက ဆန်ကုန်မြေလေး.လူဖြစ်ကျိုးမနပ်တဲ့အကောင်တွေ.လွှတ်ပေးရင်တစ်ခြားသူကိုဒုက္ခပေးနေဦးမှာ..ဒီတော့ ကိုယ့်အပြစ်ကို ကိုယ်ခံယူဖို့သွားပေဦးတော့..

 

အား..မီးတွေမီးတွေ..အား..

 

ပညာသိမ်းပြီးဓားဦးကိုဖယ်လိုက်သည်နှင့် စံမှဲ့က တအားအားအော်ပြီးကြမ်းပြင်၌လူးလှိမ့်ပြီး တိုက်ထားသည်များကိုအကုန်ပြန်သိမ်း၏။ ခဏ၌ ငရဲမီးမြိုက်ပြီး ဇီဝိန်ချွေသွားတော့၏။ အမျိုးသမီးသည် ကြမ်းပေါ်၌ပျော့ခွေပြီးသတိလစ်နေ၏။

 

မေကြီး.မေကြီး..

 

စိတ်မပူကြပါနဲ့ကလေးတို့.ခဏဆိုနင်တို့ရဲ့မေကြီးနိူးလာလိမ့်မယ်.နိူးလာရင်ဒီရေလေးတိုက်လိုက်နော်ကျန်တဲ့ရေကိုအိမ်ပတ်ပတ်လည်ပက်ဖျန်းလိုက်လို့ ပြောလိုက်နော်.

 

ဟုတ်ကဲ့ရှင့်ဒါနဲ့အစ်ကိုတို့ကမေကြီးနိူးအလာကိုမစောင့်တော့ဘူးလား.

 

မစောင့်တော့ဘူးလေအစ်ကိုတို့သွားဖို့ရှိသေးလို့ကဲကဲမေကြီးကိုဂရုစိုက်လိုက်ကြဦးနော်..

 

ဟုတ်ကဲ့.

 

ဆရာတပည့်နစ်ယောက် ကလေးများကိုမှာခဲ့ပြီး မြို့မှထွက်ခွာလာခဲ့၏။

 

တိတ်ဆိတ်လှချေလားထင်ပေါ်.မေးစရာရှိလို့လား.

 

ဆရာကသိနေတာလားဟုတ်တယ်ဆရာ.ဟိုသရဲမနှင့် လူကြီးကိုဘာလို့လမ်းမှန်ရောက်အောင်မပြခဲ့တာလဲဗျ.

 

မှတ်ထားထင်ပေါ်.လူဆိုတဲ့အမျိုးက အမှားသိရက်နဲ့မှန်အောင်မပြင်ကြဘူး.ဆက်ပြီးမှားကြတာပြင်ပေးတဲ့လူတွေကပြင်ပေးပေမဲ့လည်း လက်ခံဖို့သူတို့မှာအတော်ခဲယဉ်းကြတယ်ဒီတော့ ကိုယ့်အမှားကို ကိ်ုယ်တ်ိုင်ပြင်တတ်ဖို့ လမ်းပြပေးလိုက်တာ.လူတိုင်းကိုကယ်လို့မရဘူးထင်ပေါ်.ဘုရားသော်တောင်မှကယ်ချွတ်သင့်တဲ့သတ္တဝါတွေဘဲကယ်တာ. မကောင်းတာလုပ်တဲ့သူဟာ မကောင်းတဲ့လမ်းကိုသွားရမှာဘဲ.

 

ကျွန်တော် နားလည်ပြီဆရာ.

 

အေးအေး.

 

သူမ၏အသက်အားကယ်တင်ပေးခဲ့သောလူငယ်နှစ်ယောက်ကို ကျေးဇူးတင်စကားပင်မပြောလိုက်ရသဖြင့် မြတ်ဖူးစုံ စိတ်မကောင်းဖြစ်နေ၏။ မှာခဲ့သည့်အတိုင်း သောက်ပြီးကျန်သည့်ရေစင်ကို မိမိ၏အိမ်ပတ်ပတ်လည်၌ ပက်ဖျန်းလိုက်၏။ ခန္ဓာကိုယ်နှင့်မျက်နှာပေါ်မှ အနာဖုသည်လည်း အနာရွတ်ပင်မကျန်ခဲ့အောင် လုံးဝသက်သာပျောက်ကင်းသွား၏။

 

တစ်နေ့တွင်သားနှင့်သမီးကိုခေါ်ပြီး တန်ခိုးကြီးဘုရားသို့သွားကြ၏။

 

အစ်မကြီး သနားပါဦး.အကြွေလေးတွေသနားကြပါဦး.ဟာ.မီးတွေအရှိန်ပိုကြီးလာပြီမီးတွေမီးတွေ.

 

ဘုရားရင်ပြင်ပေါ်ရှိအရူးတစ်ယောက်က သွေးရူးသွေးတန်းအော်ဟစ်ကာစောင်းတန်းမှပြန်ပြေးဆင်းသွား၏။

 

ဟင်ကိုကိုဘုန်းသော်ပါလား.ဝဋ်လည်တာမြန်လိုက်တာနော်.ရှင်ကျွန်မအပေါ်လုပ်ခဲ့သမျှခုတော့ ပြန်ခံရပြီပေါ့..ရှင့်ဝဋ်ကြွေးတွေ ဒီဘဝဒီမျှနဲ့သာကြေပါစေတော့ကိုဘုန်းသော်ရေ..

 

မေကြီး အဲဒီအရူးကြီးကဘာဖြစ်လို့ပြေးနေတာလဲ.

 

ဝဋ်ကြွေးဆပ်နေရလို့သမီးရဲ့.မှတ်ထားသမီး ဝဋ်ဆိုတာဘဝမကူးဘူး လည်တတ်တယ်ကွဲ့ဒါကြောင့်သူတစ်ပါးအပေါ်၊လင်ယောကျာ်း၊ဇနီးမယားအပေါ်ဖောက်လွဲဖောက်ပြန်မလုပ်ရဘူးသားနဲ့သမီးအရွယ်ရောက်ရင်နားလည်လာလိမ့်မယ်.

 

ကလေးနှစ်ယောက်မှာ သူတို့၏အဖေကိုမမှတ်မိကြချေ။ ကိုဘုန်းသော်၏ပုံစံမှာ အရင်ကနဲ့လုံးဝမတူတော့ဘဲပေစုတ်ကာ ဆံပင်ရှည်ရှည်၊နူတ်ခမ်းမွေးရှုပ်ပွနေပြီး အသားအရေမှာနေစားထားသောကြောင့်မဲညစ်နေ၏။ လုံးဝတခြားလူတစ်ယောက်ကဲ့သို့ဖြစ်သွား၏။

 

မြတ်ဖူးစုံမှာ နောက်အိမ်ထောင်မပြုတော့ဘဲ သားနှင့်သမီးကို မေတ္တာတွေပေးရင်း မုဆိုးမကြီးအဖြစ်တသက်လုံးပျော်ရွှင်စွာနေထိုင်သွားတော့သည်။……

 

ပြီးပါပြီ။

စာရေးသူ =ခွန်းအားလေးစားလျက်