#ခွေးဇာတ်ခင်းသောသမီး(စ/ဆုံး)

 

လွန်ခဲ့သော နှစ်ပေါင်း (၂၀) ခန့်က... မြို့စွန်က တဲစုတ်လေးတစ်ခုထဲမှာ ဦးဘုန်းတစ်ယောက် ဒူးတုန်အောင် အလုပ်လုပ်နေခဲ့ရသည်။ သူ့ဇနီးက မွေးဖွားပြီးစမှာပင် ဆုံးပါးသွားခဲ့သဖြင့် ရင်ခွင်ပိုက်သမီးလေး 'နွယ်' ကို ကြည့်ရင်း သူ မျက်ရည်ကျခဲ့ဖူးသည်။

"သမီးလေး... နင့်အမေ မရှိပေမယ့် အဖေရှိတယ်။ အဖေ ရှိသရွေ့တော့ နင့်ကို လောကအလယ်မှာ မျက်နှာမငယ်စေရဘူး"

ထိုနေ့မှစ၍ ဦးဘုန်းသည် သမီးလေးအတွက် 'စက်ရုပ်' တစ်ရုပ်လို အလုပ်လုပ်ခဲ့သည်။ မနက်ပိုင်းတွင် ကုန်တင်ကုန်ချ၊ ညပိုင်းတွင် လုံခြုံရေး၊ အားလပ်ချိန်တွင် အမှိုက်ကောက်သည်။ ရသမျှ ပိုက်ဆံကို တစ်ပြားမကျန် စုဆောင်းကာ လုပ်ငန်းသေးသေးလေး စတင်ခဲ့သည်။ သမီးလေးက "အဖေ... သမီး အရုပ်လေး လိုချင်တယ်" ဟု ဆိုလျှင် ဦးဘုန်းသည် ထိုနေ့က ထမင်းမစားဘဲ အရုပ်ဝယ်ပေးခဲ့သူ ဖြစ်သည်။

အချိန်တွေ ကုန်လွန်လာသောအခါ ဦးဘုန်းသည် မြို့ပေါ်မှာ နာမည်ရ လုပ်ငန်းရှင်ကြီး ဖြစ်လာခဲ့သည်။ နွယ်သည်လည်း အရမ်းချောမောလှပသော၊ အလန်းစား သူဌေးသမီးလေး ဖြစ်လာခဲ့သည်။ သို့သော် ဖခင်၏ ချွေးနှဲစာများကို အချိန် တန်ရင် အလို အလေလျောက် အမွေဆက်ခံ ရ ရှိမည်ဟုပင်မှတ်ယူခဲ့သည်။

နွယ်သည် ကျောင်းစာကို စိတ်မဝင်စားဘဲ အပေါင်းအသင်း မှားယွင်းလာသည်။ ရည်းစားများကို တစ်ယောက်ပြီးတစ်ယောက် ထည်လဲတွဲကာ ဖခင်ပေးသော ပိုက်ဆံများဖြင့် ညစဉ် ကလပ်များတွင် ပျော်ပါးခဲ့သည်။

"သမီး... ညဉ့်နက်လှပြီ၊ အိမ်ပြန်ခဲ့ပါတော့။ အဖေ ရင်ကျပ်လို့ ဆေးရုံသွားရမလို့" ဟု ဦးဘုန်းက ဖုန်းဆက်ခေါ်သောအခါ... "အဖေကလည်း... အဖေ့မှာ အိမ်ဖော်တွေ အများကြီးပဲလေ၊ သူတို့ကို ခိုင်းလိုက်ပေါ့။ ကျွန်မက အခု သူငယ်ချင်းတွေနဲ့ ပျော်နေတာ။ လာမနှောင့်ယှက်နဲ့" ဟု ဆိုကာ ဖုန်းကို ပိတ်ပစ်ခဲ့သည်။

နွယ်၏ မိုက်မဲမှုက ထိုမျှနှင့် မရပ်ခဲ့။ သူမ တွဲနေသော ရည်းစားက သူမ၏ အဖေပိုင်ဆိုင်သော ကုမ္ပဏီရှယ်ယာများကို လိမ်လည်ယူရန် ကြံစည်လာသည်။ နွယ်သည် ထိုယောကျ်ားအပေါ် အကန်းနာကောက် ချစ်မိသဖြင့် ဖခင်၏ လက်မှတ်ကို ခိုးယူကာ ပိုင်ဆိုင်မှုအချို့ကို လွှဲပေးခဲ့သည်။

ဦးဘုန်း သိသွားသောအခါ ရင်ဘတ်ကို ဖိရင်း "သမီး... ညည်း ငါ့ကို သတ်လိုက်တာပဲ အကောင်းသား" ဟု ငိုယိုပြောဆိုသော်လည်း... နွယ်က "အဖေ သေရင်တောင် ဒီပိုင်ဆိုင်မှုတွေက ကျွန်မအတွက်ပဲ မဟုတ်လား။ အခုကတည်းက ပေးလိုက်ရတာ ဘာထူးလဲ" ဟု ခါးခါးသီးသီး ပြန်ပြောခဲ့သည်။

ထိုစကားသည် ဦးဘုန်း၏ နှလုံးသားကို ဓားဖြင့် မွှန်းလိုက်သလိုပင်။ ဖခင်ကြီးသည် ထိုနေ့မှစ၍ စိတ်ထိခိုက်ပြီး လေဖြတ်ကာ အိပ်ယာထဲ လဲသွားတော့သည်။

ဦးဘုန်း အိပ်ယာထဲမှာ တုံးလုံးလဲနေစဉ်အတွင်း နွယ်ကတော့ သူမ ရည်းစားနှင့် ပျော်ပါးနေဆဲ။ သို့သော် နောက်ဆုံးတွင် သူမ ရည်းစားက ပိုက်ဆံများအားလုံးကို ယူကာ အခြားမိန်းမတစ်ယောက်နှင့် ထွက်ပြေးသွားမှ နွယ် တစ်ယောက်တည်း ဝမ်းနည်းပူဆွေးကာ ကျန်ရစ်ခဲ့သည်။

နွယ် အိမ်မပြန်သည်မှာလအနည်းငယ်ကြာခဲ့ပီဖြစ်သည် သူမ အိမ်ပြန်ရောက်တဲ့အချိန် သူမအတွက်တုန်လှုပ်ခြောက်ခြားဖွယ်မြင်ကွင်တစ်ခုကိုတွေ့လိုက်ရသည် သူမအဖေဦးဘုန်းမှာ ကုတင်ပေါ၌ ခွေခွေလေး လဲလျောင်းနေကာ သူ၏ခန္တာကိုယ်တစ်ခုလုံးမှာ ပိန်လီ၍အရိုးပေါ်အရည်တင်ကာ အသက်ကိုခက်ခဲစွာရှူနေရခြင်းပင်ဖြစ်သည် သူ စကားမပြောနိုင်တော့သော်လည်း ဦးဘုန်း နွယ် ကိုကြည့်ကာ မျက်ရည်စများ မျက်ဝန်းဝိုင်းတွင် ပြည့်နက် လို့လာကာ သူ့လက်တုန်တုန်လေးဖြင့် ခေါင်းအုံးအောက်က စာအိတ်လေးတစ်ခုကို ထုတ်ပေးသည်။

နွယ် စာအိတ်ကို ဖွင့်ကြည့်လိုက်သောအခါ ၎င်းမှာ ' အမွေဆက်ခံရန်' စာချုပ် သာ ဖြစ်သည်။ ထိုစာချုပ်ပေါ်တွင် ဦးဘုန်းက တုန်ရီနေသော လက်ရေးဖြင့် ရေးထားသည်မှာ - "သမီးလေး... ညည်း အဖေ့ကို ဘယ်လောက်ပဲ မုန်းမုန်း၊ အဖေ မရှိတော့ရင် ညည်း ဒုက္ခရောက်မှာ စိုးလို့ အဖေ့အသက်နဲ့ ရင်းပြီး ဒီပိုက်ဆံတွေကို စုထားပေးခဲ့တယ်..."

စာသားကို ဖတ်ပြီးချိန်မှာပင် ဦးဘုန်း၏ လက်ကလေးက ကုတင်ပေါ်သို့ ဘုတ်ခနဲ ကျသွားသည်။ အခန်းတခုလုံးလည်း ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည် "အဖေ!!! အဖေ... မသေပါနဲ့ဦး။ သမီး မှားပါပြီ။ သမီးကို ပြန်ကြည့်ပါဦး အဖေရဲ့..."

နွယ်သည် ဖခင်၏ အေးစက်နေသော ခြေထောက်များကို ဖက်ကာ မြေကြီးပေါ်မှာ လူးလှိမ့်ငိုကြွေးနေသော်လည်း ဖခင်ကြီးကတော့ ဘယ်သောအခါမှ ပြန်မနိုးတော့ပေ။ သူမ ခင်းခဲ့သော 'ခွေးဇာတ်' သည် ဖခင်ကို သတ်လိုက်ရုံသာမက သူမ၏ ဘဝတစ်ခုလုံးကိုလည်း အမှောင်ထုထဲသို့ ထာဝရ တွန်းပို့လိုက်လေပြီ။


နောင်တဆိုတာ နောက်ကျမှ ရတတ်တဲ့ အမျိုးအစားမို့... မိဘတွေ ရှိနေတုန်းမှာ သူတို့ရဲ့ မေတ္တာကို စော်ကားမိခြင်းကနေ ဆင်ခြင်နိုင်ကြပါစေ။