[ရေးသားသူ-အောင်ဓူဝံ]
(ဖြစ်ရပ်မှန်အကြောင်းအရာတစ်ခုကို ရေးသားတင်ပြခြင်းဖြစ်သည်)
+++++++++++++++++ ကျွန်မနာမည်က မအေးမာပါ ကျွန်မမှာတခြားသူတွေနဲ့မတူတဲ့ အချက်တစ်ခုကတော့ ပရလောကသားတွေကိုမြင်နိုင်သလို သူတို့နဲ့လည်းစကားပြောနိုင်ပါတယ်။ ဒါဟာဘာကြောင့်လည်းဆိုတာတော့ ကျွန်မလည်းမပြောတတ်ပါဘူးရှင် ကျွန်မမှာနှလုံးရောဂါအခံလည်းရှိပါတယ်။ တစ်ခါက ကျွန်မနေတဲ့ဝေါမြို့ ကနေ ရန်ကုန်ကိုအလည်သွားတော့ ကျွန်မနေတဲ့အနီးတစ်ဝှိုက်ကနေရာတစ်ခုမှာမီးအကြီးအကျယ်လောင်ပါတယ်၊ ကျွန်မလည်းမီးလောင်တာကိုထွက်ကြည့်မိပြီးမေ့လဲသွားပါတယ်။ အဲဒါနဲ့ကျွန်မကိုဆေးခန်းကို ခေါ်သွားတော့ ဆရာဝန်ကဆေးရုံတက်မလားတဲ့ အဲဒါနဲ့ကျွန်မအမျိုးသားနဲ့ဆွေမျိုးတွေက ဧည့်သည်လည်းဖြစ်နေတော့ ဆေးရုံမတက်တော့ဘူးလို့ပြောပြီး ပြန်လာခဲ့ကြတယ်။ ဆရာဝန်ကအစာမာမကျွေးပါနဲ့အုံးဆိုလို့ ကျွန်မကိုမြူ စွမ်ဝယ်ပြီးတိုက်ပါတယ်။
ကျွန်မကမသောက်ချင်ဘူးငြင်းတော့ သောက်လိုက်နော်သောက်မှဖြစ်မယ် ဆိုတာနဲ့အရည်တစ်ဇွန်းသောက် လိုက်ပါတယ်။ နောက်ထပ်တစ်ဇွန်းလည်း သောက်လိုက်ရော မြူ စွမ်ဖတ်တွေ တန်းလန်းကြီးနဲ့ကျွန်မသတိလစ်သွား ပါတယ်။ ကျွန်မမှာလေ ရန်ကုန်ကနေ ဝေါမြို့ကိုရောက်တဲ့အထိပြေးလိုက်ရတာ ပြောမနေပါနဲ့ လူလည်းမောပန်းနေ တာပဲ။ ကျွန်မတို့နေတဲ့ဝေါမြို့ ကသင်္ချိုင်းဟောင်း အနားလည်းရောက်ရော လူကြီး၅ယောက်ရေနွေးကြမ်း ထိုင်သောက်နေကြတာကိုကျွန်မမြင်လိုက်တယ်။ ကလေးတစ်ယောက်နှစ်ယောက်လည်း သူတို့အနားမှာဆော့နေတာတွေ့လိုက် ရတယ်၊ဒါနဲ့ကျွန်မလည်းမောလာတာနဲ့ အဲဒီလူကြီးတွေဆီကနေ အမောပြေ ရေနွေးကြမ်းလေးတောင်းသောက်မယ် ပေါ့ဆိုပြီး သူတို့အနားသွားထိုင်လိုက်တယ်။ “ကျွန်မအရမ်းမောလာလို့ ရေနွေးကြမ်းလေးတစ်ခွက်လောက် တိုက်ပါလားရှင့် ” “မတိုက်နိုင်ဘူး တိုက်လို့မရဘူး နင်ဘယ်ကလဲ ” ကျွန်မကိုလေသံမာမာနဲ့ နင်ဘယ်ကလဲလို့အဲဒီလူကြီးကမေးတယ်။
“ကျွန်မဝေါမြို့ ကပါ အခုရန်ကုန်ကနေ ဒီကိုပြေးလာတာမောလို့ရေနွေးလေး တစ်ခွက်တောင်မတိုက်ချင်ကြဘူး။ ဗမာလူမျိုးအချင်းချင်းအဲလောက်တော့ မနှမြောသင့်ပါဘူးရှင် ” “ငါပြောပြီးပြီပဲ နင့်ကိုတိုက်လို့မရဘူးလို့ သွားနင်ပြန်တော့ နင်နေတဲ့ဆီကိုပြန်တော့” အဲလူကြီးကကျွန်မကိုအသည်းအသန် ပြန်ခိုင်းတယ်၊ကျွန်မလည်းမပြန်ဘူးလို့ ပြောလိုက်တယ်။ “ဟေ့ကောင်တွေသွား ခေါင်းဆောင်ကိုသွားခေါ်ချေ ” အဲဒီလူကြီးကသူ့ဘေးကလူနှစ်ယောက် ကိုခိုင်းလိုက်ပါတယ်။ သူ့စကားဆုံးသွားတော့သူ့ဘေးက လူနှစ်ယောက်လည်းဖျက်ကနဲပျောက်သွားကြတယ်။ ဒါနဲ့ကျွန်မလည်းပေကပ်ပြီးထိုင်နေလိုက်တယ်။ ခဏလောက်နေတော့ “ဒုန်း ဒုန်း ဒုန်း” ဆိုပြီးအသံကြီးကိုကျွန်မကြားလိုက်ရ တယ်။ ကျွန်မမော့ကြည့်လိုက်တော့ နည်းတဲ့လူကြီးလားရှင် သူ့ခြေသလုံးက ကျွန်မထိုင်နေတာထက်တောင်ရှည်နေ သေးတယ်၊ဒါနဲ့သူကခေါင်းကြီးငုံ့ပြီး ကျွန်မကိုပြောတယ်။ ကောင်မလေးနင်ပြန်တော့တဲ့ ကျွန်မလည်းမပြန်နိုင်ဘူးလို့ ခပ်မာမာပဲပြောလိုက်တယ်။ အဲဒါနဲ့သူတို့ရဲ့ခေါင်းဆောင်ကသူတို့ကို ဟေ့ကောင်တွေသူ့ကိုလိုက်ကြစမ်းဆိုပြီး ပြောလိုက်ပါတယ်။ သူတို့ခေါင်းဆောင်ကပေးတဲ့အမိန့်သံ ကိုလည်းကြားရော ချက်ချင်းပါပဲရှင် ရေနွေးကြမ်းထိုင်သောက်နေတဲ့ လူကြီး၅ယောက်က ရုပ်ပျက်ဆင်းပျက်တွေဖြစ်သွားကြတယ်။ တစ်ယောက်ကမျက်နှာကြီးအချွန်ကြီး တစ်ယောက်ရဲ့မျက်နှာကြီးက ဇကောကြီးလိုဝိုင်းဝိုင်းကြီးဖြစ်သွားတယ်။
အစုံပါပဲရှင် သူတို့ရဲ့ရုပ်အစစ်အမှန်ကို မြင်လိုက်ရတော့ကျွန်မလည်းထွက်ပြေး တာပေါ့ရှင်။ သူတို့ကကျွန်မနောက်ကနေ ဘယ်ကနေဘယ်လိုရလာသလဲမသိတဲ့ တင်းပုတ်ကြီးတွေနဲ့လိုက်လာကြတယ်။ ကျွန်မလည်းဝေါမြို့ ထဲကိုဝင်ပြေးတယ် ဘယ်လိုပဲဝင်ပြေးပြေး ကျွန်မဝေါမြို့ ထဲကို ဝင်လို့မရဘူးရှင်။ ကျွန်မခန္ဓာကိုယ်ကြီးက ရန်ကုန်ကိုပဲ ဦးတည်ပြီးရောက်ရောက်သွားတယ် အတော်ဝေးဝေးကိုရောက်လို့ နောက်ကိုလှည့်ကြည့်လိုက်ရော သူတို့တွေလိုက်မလာကြတော့ဘူး။ ဒါနဲ့ကျွန်မနေတဲ့အိမ်ကိုလည်းရောက်ရော ကုတင်ပေါ်မှလှဲနေတဲ့ ကျွန်မကိုယ်ကျွန်မ ပြန်မြင်လိုက်တယ်။ ကျွန်မလည်းဘာမှမစဉ်းစားပဲ ကျွန်မခန္ဓာကိုယ်ထဲကိုပြန်ဝင်လိုက်တယ် အဲအခါကြမှကျွန်မပြန်ပြီးသတိလည်လာ တော့တယ်ရှင်။ ဒါကကျွန်မရန်ကုန်မှာနေတုန်းကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပေါ့ နောက်ထပ်ထူးထူးဆန်းဆန်းဖြစ်တာ ကြတော့ ကျွန်မရထားစီးရင်းကြုံခဲ့ရတာ အဲဒါလေးကိုကျွန်မပြန်ပြောပြမယ်။ ဟိုအရင်ကရန်ကုန်၊မန္တလေးစာပို့ရထားဆိုတာရှိပါတယ် အဲ့ဒီရထားကြီးမိုင်းထိခဲ့တာလည်းအတော့်ကိုကြာခဲ့ပါပြီ။ ဒါကိုကျွန်မမေ့ပြီးတော့စီးလာခဲ့တယ် ကျွန်မကပဲခူးနဲ့တောင်ကြီးကို အရောင်းအဝယ်ကိစ္စတစ်ခုနဲ့ရထားစီးပြီး ထွက်လာတာပါ၊ရထားပေါ်မှာအသက်ကြီးကြီးအဖွားကြီး တွေရောကုန်သည်တွေရောအစုံပါတာ ပေါ့ရှင်။ ကျွန်မစီးလာတဲ့ရထားကတောင်ငူနဲ့ ဖြူးကြားမှာရထားကျော်ပါတယ်။
ရထားကျော်တာ၁နာရီကျော်ကျော် လောက်စောင့်ရပါတယ်၊သူများတွေကတော့ရထားပေါ်ကနေ အလျှိုလျှိုဆင်းသွားကြတာပေါ့။ ဒါပေမယ့်ကျွန်မကမဆင်းပဲရထားပေါ်မှာ နေခဲ့တယ်။ ကျွန်မထိုင်တဲ့ခုံနံပါတ်က၄၉.၅၀ နှစ်ခုံတွဲလုံးကျွန်မယူထားတာပေါ့ရှင်၊ အဲအချိန်မှာပဲရထားပေါ်ကို အမျိုးသမီးတွေတက်လာကြတယ်. “ဟဲ့…ဟဲ့.ဝင်းမာ ဟိုမှာမအေးမာပါတယ်” ရထားပေါ်တက်လာတဲ့အမျိုးသမီးတွေ ထဲကတစ်ယောက်ကကျွန်မနာမည်ကို ပြောပြီးသူ့မိတ်ဆွေဝင်းမာကို ရထားပေါ် မှာကျွန်မပါတဲ့အကြောင်းပြောတယ်။
သူတို့ကရထားအတက်အဆင်း ထိုင်ခုံ၆၀.၆၁ကနေရထားပေါ်ကို တက်လာကြတယ်။ သူတို့နဲ့အတူကလေးတစ်ယောက်ပါတယ် အားလုံးပေါင်းလေးယောက်၊ဒါပေမယ့် သူတို့ကမဝင်းမာဆိုတဲ့အမျိုးသမီးကိုပဲ အဓိကထားပြီးပြောကြတယ်။ “မအေးမာ မအေးမာ ကျွန်မတို့ကိုကူညီပါ…” “ဟင်…နင်တို့ကဘယ်သူတွေလဲ နင်တို့ကိုငါမသိဘူး ငါကဘာကူညီရမှာလဲ မကူညီနိုင်ဘူးသွားသွား” “လုပ်ပါ ကျွန်မတို့ကိုကယ်ပါ မအေးမာ ကျွန်မတို့ကိုကူညီပါ” “မကူညီနိုင်ဘူးပြောနေတယ်လေ နင်တို့ကိုမှငါမသိပဲ” “ကျွန်မတို့က ရထားမိုင်းထိပြီး သေခဲ့ရတာပါ မအေးမာ ကျွန်မတို့ကို ကူညီပါ” ဆိုပြီးတရုတ်မကသူ့အောက်ပိုင်းကို ကျွန်မကိုပြတယ်၊ကျွန်မကြည့်လိုက်တော့ သူ့အောက်ပိုင်းကြီးတစ်ခုလုံးမရှိတော့ဘူး။ “ကျွန်မကရထားပေါ်မှာအပေါ့သွားရင်း မိုင်းထိပြီးဆုံးခဲ့ရတာပါ” လို့ပြောပြီးကျွန်မကို သူတို့သေခဲ့တဲ့ ဖြစ်စဉ်ကိုရုပ်ရှင်တစ်ပုဒ်အလား ပြန်ပြီးပြကြတယ်။ ကျွန်မလည်းသူတို့ဘယ်လိုသေခဲ့သလဲ ဆိုတာမျက်ဝါးထင်ထင်မြင်လိုက်ပါတယ်။ “ငါနင်တို့ကိုမကူညီနိုင်ဘူး ငါနင်တို့ထွက်သွားအောင်လုပ်လိုက် ရမလား” ကျွန်မကအဲသလိုပြောလိုက်တော့ စိတ်မကောင်းတဲ့မျက်နှာတွေနဲ့ရထားပေါ်ကပြန်ဆင်းသွားကြတယ်. “ဟဲ့… အေးမာ အေးမာ နင်တစ်ယောက်တည်းဘယ်သူနဲ့ စကားပြောနေတာလဲ” ကျွန်မထိုင်တဲ့ခုံနောက်က ဖြူးမြို့ ကကုန်သည် ဒေါ်မြရီက ကျွန်မကိုလှမ်းပြောလိုက်တာရှင့်… ကျွန်မလည်းအိပ်မက်လိုလို တကယ်လိုလိုနဲ့ ဘာမှန်းမသိလိုက်ဘူး။
“အမေကြီးမြရီ ဒီနေရာမှာအရင်က ဘာဖြစ်ခဲ့ဖူးလဲ……” “ဟဲ့…ကောင်မအေးမာ နင့်ပါးစိတ်ကိုပိတ်ထားစမ်း၊နင့်ကို ရွှေညောင်လမ်းမှပြောပြမယ်” ဒေါ်မြရီကကျွန်မကိုအဲသလို ပြောပြီးစောင်တွေခေါင်းမူးခြုံပြီး အိပ်နေကြတယ်။ ဒီလိုနဲ့ရွှေညောင်လမ်းရောက်တော့ ဒေါ်ကြီးမြရီကကျွန်မကိုပြောပြတယ်. “ဟဲ့အေးမာ မနေ့ညက ညည်းကိုမပြောတာငါတို့ကြောက်လို့ဟဲ့” “ဘာလို့လဲအမေကြီးမြရီရဲ့” “အဲဒီနေရာက ဟိုအရင်ကမိုင်းထိထားတဲ့နေရာဟဲ့၊ အဲဒီနေရာရောက်ရင် ငါတို့ပါလာတဲ့ ငါးခြောက်တွေဆိုသေချာထုပ်ပိုးသိမ်းမှ မဟုတ်ရင် ပါလာတဲ့ငါးခြောက်တွေ အကုန်လုံးအရိုးပဲကျန်တယ်အေ့။ ဒါကြောင့်ငါတို့ကကြောက်လို့ ညည်းကို မပြောပြခဲ့တာပေါ့ အေးမာရယ်” “ဟယ်ဟုတ်လား ကျွန်မမသိပါဘူးရှင်” ဒေါ်ကြီးမြရီပြောပြမှ ရထားမိုင်းထိပြီး သေတဲ့အထဲမှာကျွန်မတို့ရွာက မိန်းကလေးတစ်ယောက်လည်းပါနေမှန်း သိလိုက်ရတယ်။ ကျွန်မလည်းသူတို့ကိုသနားသွားမိတယ် ငါသူတို့ကိုကူညီမှဖြစ်မယ်ဆိုပြီး တွေးလိုက်တယ်။ ဒါနဲ့ကျွန်မဘာကိုသွားသတိရလဲဆိုတော့ မဟာစေတီကိုသွားပြီးသတိရလိုက်တယ် တောင်ကြီးကိုရထားပြန်မတက်ခင် မဟာစေတီကိုသွားပြီးထီးဖြူကပ်တယ်၊ မဟာစေတီဆိုတာတောင်ငူမြို့ ရဲ့ သိုက်ချုပ်နေရာပေါ့ရှင်။ ဒါနဲ့ထီးဖြူကပ်ရင်း မဝင်းမာနှင့်အပေါင်းအပါ၅ယောက် ဒီကိုကြွပါလို့ပြောပြီး အမျှအတန်းပေး လိုက်တယ်။
တောင်ကြီးကနေအရောင်းအဝယ်ကိစ္စနဲ့ ပြန်လာတော့လမ်းမှာရထားစီးနေရင်း ဖျက်ကနဲကြားလိုက်ရတယ်။ အဲဒါဘာလဲဆိုတော့ “ကျွတ်ပြီလွတ်ပြီ မအေးမာရေ ကျွတ်ပြီလွတ်ပြီတဲ့ …” အားရဝမ်းသာအော်ဟစ်နေတဲ့ အသံတွေကိုကြားပြီးကျွန်မလေ ဝမ်းသာပီတိမျက်ရည်တွေတောင် ကျခဲ့ရတာပေါ့ရှင်။
ဒါကတော့ စာဖတ်သူ အန်တီအေးမာ ပြောပြတဲ့သူ့ကိုယ်တွေ့များအား စာရေးသူအောင်ဓူဝံဖြစ်တဲ့ကျွန်တော်က ဉာဏ်ရှိသလောက်ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။