အရောင်စွန်းသောရိုးဂုဏ်

 အရောင်စွန်းသောရိုးဂုဏ်(စ/ဆုံး)


——————————–


လူကုံထံအသိုင်းအဝိုင်းတစ်ခု၏ ခြံကြီးရှေ့မှာ

ရပ်၍ ဒေါ်မြယုံ လူခေါ်ဘဲလ်ကို ရှာပြီး

တီးလိုက်တယ်။

သုံးမိနစ်ခန့်အကြာမှာ လူတစ်ယောက်ထွက်လာပြီး

တံခါးပေါက်ကနေ ချောင်းကြည့်လာတယ်။


“”ဘယ်သူလဲ ဘာကိစ္စလဲ “”


“”ဟုတ်..ဒေါ်မိသေး လွှတ်လိုက်တာပါ။

အဝတ်လျှော်မယ့်သူ ပါ””


“”ဟို လိူင်သာယာက လာမယ်ဆိုတဲ့ တစ်ယောက်လား””


“”ဟုတ်…ဟုတ်ပါတယ်””


“”ခဏနေဦး””


ခဏနေဦးဆိုပြီး တော်တော်နှင့်ပြန်ထွက်မလာပေ။

ဒီနေ့ကျမှ ထီးကမပါ။

ခေါင်းပေါ်က နေလုံးကြီးက ပူချင်တိုင်းပူနေပါတယ်။

မရှိဆင်းရဲ့တဲ့ဘဝမှာ မြယုံတို့ဘဝက

ဘယ်နေရာမှာဖြစ်ဖြစ် ဖြောင့်ဖြောင့်ဖြုးဖြုးရယ်

မရှိပေ။

ကိုဗစ်တွေ နိူင်ငံရေးတွေမဖြစ်ခင်က မြယုံ တို့ဘဝ

ထိုမျှလောက်မဆင်းရဲခဲ့ပေ။


အိမ်မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိသည်။

အသက်နှစ်ဆယ်သားက ဘာအလုပ်မှမလုပ်။

အတန်းပညာကလည်း သိတ်မရှိ၍ အလုပ်ကောင်းကောင်းကမရ။

ကိုယ်ကမနေနိုင်တော့ ရတဲ့အလုပ်တွေ လိုက်စပ်ပေးရတယ်။

အလုပ်ကြမ်းပဲ ရတာပေါ့။

တစ်ရက်နှစ်ရက်ဆင်းပြီးရင် ဟိုအကြောင်းပြ

ဒီအကြောင်းပြနဲ့ အလုပ်မဆင်းပြန်တော့ဘူး။

မိဘ အဆင်မပြေတာ ကြပ်တည်းတာ သူနဲ့မဆိုင်သလို၊ ဖုန်းလေးတစ်လုံးကိုင် တစ်ချိန်လုံး ဂိမ်းတိုက်တယ်ဆိုလားပဲ။


ခလေးတွေအဖေကဆုံးသွားတာသုံးနှစ်ရှိပြီ။

မြယုံ တို့သားအမိသုံးယောက်က ခလေးအဖေရှိစဥ်ထဲက ယောက္ခမခြံဝိုင်းလေးထဲ အနောက်ဘက်မှာ

အိမ်သေးသေးလေးတလုံးနဲ့နေရတာ။

ယောက္ခမက သားအကြီးမိသားစုနဲ့နေကြတယ်။

သူတို့လည်း သူတို့အခြေအနေနဲ့သူတို့မို့ မြယုံတို့ကို

မပံပိုးပေးနိူင်ကြပါဘူး။

နေခွင့်လေးရနေ၍ မြိုပြကြီးမှာ အိမ်လစာမပေးရတာအတော်လေး ခံသာနေပါသေးတယ်။

အိမ်မှာ ခင်ပွန်းရှိစဥ်က ခင်ပွန်းကလက်သမားအလုပ်လေးကြို့ကြား ကြို့ကြားလုပ်တော့

အရမ်းမကြပ်တည်းခဲ့ဘူးလေ။


သမီးအငယ်က အသက်ဆယ့်ခြောက်နှစ်နဲ့

မှတ်ပုံတင် မရှိသေးပေမယ့် မအေ အဆင်မပြေတာသိတော့ အထည်ချုပ်အလတ်စားလေးတစ်ခုမှာ

သူများအကူအညီနဲ့ အလုပ်ရအောင်ဝင်လုပ်ရှာတယ်။

တစ်လကို တစ်သိန်းခွဲလောက်ရတော့ မိသားစု

သုံးယောက် နည်းနည်းလေး ခုသာ ခံသာရှိတာပေါ့။

မြယုံအသက်က လေးဆယ့်ခြောက်နှစ်ရှိပြီမို့

အလုပ်က တော်ရုံ ဘယ်မှာမှ မရဘူး။

ခင်ပွန်းမရှိတဲ့နောက်ပိုင်း ခိုင်းမယ့်သူရှိရင်

အဝတ်လိုက်လျှော်တယ်။ အနင်းအနှိပ်လေး

နည်းနည်းရတော့ အနင်းအနှိပ်လေးခေါ်ရင်

လိုက်နှိပ်တယ်။


ကိုဗစ်လိူင်းတွေ တစ်လိူင်းပြီးတစ်လိူင်းဖြစ်တယ်။

မြယုံတို့ တောင့်ခံပြီးဖြတ်သန်းလာတယ်။

နိူင်ငံရေး လည်း ထဖြစ်ရော မြယုံတို့ ဒုက္ခရောက်လေသတည်းပေါ့။

သမီးလေးကေသီက အသက်မပြည့်သေးတော့

အလုပ်နားခံရတယ်။

တစ်လတစ်ခါ ရလာတဲ့ လစာလေးမရတော့

မိသားစု ကြပ်တည်းလာပြီပေါ့။

ကေသီမလေးလည်း နောက်အလုပ်ရုံမှာ

အလုပ်ထပ်ရဖို့ သူငယ်ချင်းအပေါင်းအသင်း

နီးစပ်ရာဆီမှာ အလုပ်တစ်ခုထပ်ရဖို့

ကြိုးစားနေရတယ်။

တချိူ့အလုပ်ရုံတွေတောင် ပိတ်တဲ့ရုံက

ပိတ်နေလေတော့ အသက်ကလည်းမပြည်ံ့၊ ကျွမ်းကျင်လုပ်သားလည်းမဟုတ်တဲ့အတွက်

ကြောင့် အလုပ်ထပ်မရပဲ ကြန့်ကြာနေတာ

နှစ်လရှိနေပြီ။


ဒီနေ့တော့ လမ်းထဲက ဒေါ်မိသေး အဆက်အသွယ်နဲ့

လူကုံထံရပ်ကွက်က အိမ်ကို အဝတ်လျှော်ဖို့

ရောက်လာခြင်းဖြစ်ပါတယ်။

အိမ်ရှင်မိန်းမက အနည်းငယ်မောက်မာပေမယ့်

တခြားသူတွေထက် ငွေကြေးပေးကမ်းမူ့ကျ

မနှမြောတတ်ဘူးဟုသိရပါတယ်။

အထဲကလူ ပြန်မလာမချင်းကို နေပူကြီးထဲမှာ

ရပ်စောင့်နေရခြင်းဖြစ်ပါတယ်။

ဆယ့်ငါးမိနစ်ခန့် အကြာမှာ တံခါးချပ်ဟာ

ပွင့်လာပြီး မျက်နှာထားဆိုးဆိုးနဲ့ အသက်ငါးဆယ်ကျော်လူကြီးက သူမကို ခေါင်းအစ ခြေအဆုံး

ကြည့်နေပါတော့တယ်။


“”လာ အထဲကိုဝင် “”


စကားက တိုတိုပြတ်ပြတ်သာပြောပြီး မြယုံအထဲရောက်သည်နှင့် တံခါးကိုပြန်ပိတ်လိုက်သည်။

ထိုလူနောက်ကနေ မဝံမရဲနှင့် မြယုံလိုက်ပါ

သွားခဲ့ပါတယ်။

အိမ်ကြီးရဲ့ အနောက်ပေါက်ကနေ ဝင်ပြီးတဲ့အခါမှာ

အနောက်ဘက်မီးဖိုခန်းမှာ မြယုံ

အနည်းငယ်ကြီးပုံရတဲ့ အမျိုးသမီးတစ်ဦး ထမင်းစားနေတာတွေ့လိုက်ရပါတယ်။


“”ချစ်မောင်ရေ ခဏ ထိုင်ခိုင်းထားဦး

အိမ်ရှေ့မှာ အခြေအနေမကောင်းဘူး

ရန်ပွဲက မပြီးနိူင်မစီးနိူင်ဖြစ်နေတာ၊

အဝတ်လျှော်မယ့်သူ ရောက်နေပြီလို့တော့ ငါပြောထားပြီးပြီ””


ထိုမိန်းမစကားကြောင့် မြယုံစိတ်ညစ်သွားသည်။

ပိုက်ဆံလေးပိုရမယ်ထင်၍ လိူင်သာယာကနေ

မှတ်တိုင်အများကြီးစီးပြီး တကူးတက

လာခဲ့လိုက်တာ။

အိမ်ရှင်မိသားစုမှာ အခြေအနေတစ်ခုကြောင့်ရန်ဖြစ်စကားများနေတယ်ဆိုတော့

အလုပ်မှဖြစ်ပါ့မလားရယ်လို့ တွေးပြီး

စိတ်ညစ်မိသွားပါသည်။


“”ငါ ဒီမနက် ခြံထဲက ငါပျိုးထားတဲ့အပင်လေးတွေ

နွားချေးလေးတွေ မြေသြဇာလေးတွေ ကျွေးချင်တော့ လက်စွပ်ကိုချွတ်ထားခဲ့တာ။

သေသေချာချာကို အခန်းထဲက စားပေါ်ပေါ်မှာ

မနက်ကတင်ထားတာ၊ အခုချက်ချင်းရှာလို့မတွေ့တော့ဘူးဆိုတော့ မဟုတ်သေးဘူးလေ

အခုကာလက စာအုပ်ထဲ မှာငွေရှိလဲ ထုတ်ချင်တိုင်း

ထုတ်လို့ရတာ မဟုတ်ဘူး။

မင်း.နှစ်လုံးရှုံးတာလား….ဖဲရှုံးတာလား

ငါ့ကိုမှန်မှန်ပြော မနေ့ညကတောင်မင်းငါဆီက

သိန်းနှစ်ဆယ်လောက် အသုံးလိုလို့ ပေးပါပြောသေးတယ်။

မပေးဘူးမဟုတ်ဘူး…သုံးရက်လောက်စောင့်ပါ

ပြောခဲ့သေးတယ်လေ

အခုမနက် ငါ့လက်စွပ်ပျောက်နေတယ်ဆိုတော့

မင်းလက်ချက် ကျိန်းသေတယ်””


အရှေ့ဘက်ခန်းမှ ဒေါသဖြင့်ပြောနေသောစကားတို့သည် အနောက်မီးဖိုခန်းထိ အတိုင်းသား

ကြားနေရပါသည်။

သူမအဖို့ ပြသဒါးရက်မှာ လာမိသလိုပင်ဖြစ်နေပါတော့သည်။


“”မအေးရေ အိမ်ရှေ့မှာ အခြေအနေတွေက ပြင်းထန်နေပြီ။

ဒီကအမကြီးကို ဘယ်လိုလုပ်မှာလဲ

လမ်းစရိတ်ပေးပြီးပြန်လွှတ်လိုက်ကြမလား””


“”မဟုတ်တာဟယ်…သူတို့လင်မယားက

အလကားနေ ရန်ဖြစ်နေကျ ငါကအဝတ်လျှော်တဲ့

အလုပ်တော့မလုပ်နိူင်ဘူးဟယ်

ကိုယ့်ဝတ်တဲ့အဝတ်လေးတစ်ထည်စ နှစ်ထည်စ လျှော်တာတောင် ရင်တွေကြပ်လွန်းလို့

မနက်က သဉ်ဇာ စိမ်ခိုင်းတဲ့ အဝတ်တွေကို

စိမ်ပြီးသား လျှော်မယ့်သူလာမှာကျိန်းသေတယ်

ဆိုလို့ စိမ်ခိုင်းထားတာ ဒီလိုလုပ်ပါလား

ဒီကအမကြီးဟိုမှာတွေ့လား စိမ်ထားတဲ့ဇလုံကြီး

အဲဒါကို ကျော်စိန် ဟိုအပြင်ဘက်က

ရေအုတ်ကန်ထိ မ ရွေ့ပေးလိမ့်မယ်။

နေပူကြီးကလာရတာ ခဏနားဦး။

ပြီးမှ သွားလျှော်လိုက်နော်။

အိမ်ရှင်လင်မယားက ပစ္စည်းပျောက်လို့ ရန်ဖြစ်နေလေရဲ့””


“”ဟုတ်ကဲ့ပါ…ခနနေ ကျွန်မ လျှော်မယ်နော်””


“”မအေးရေ…လက်စွပ်ပျောက်တဲ့အမူ့က

ကျွန်တော်တို့ဘက် လှည့်ဦးမလား””


“”ဟဲ့ လှည့်ရအောင် မနက်က သူတို့အခန်းကို

ဘယ်သူမှ မဝင်ဘူး။

အခန်းတံခါးလော့ချထားတာ ကြားထဲက ပူမနေနဲ့

ဆက်နားထောင်နေ အဖြုအမဲ ကွဲလာလိမ့်မယ်””


မြယုံလည်း အခုမှ သည်အိမ်ထဲရောက်ပေမယ့်

စိတ်ဝင်တစားဖြစ်သွားမိပြန်သည်။


“”ကိုကောင်းမြတ်နော်….သဉ္ဇာ.ကို ပေါက်ကရတွေ

လာပြီးမစွပ်စွဲနဲ့ ဟွန်း….မပြောချင်လို့နော်

ရှင့်မယားငယ်မ ကို မနေ့ညကတည်းက

ချွတ်ပေးထားခဲ့တာ မို့လား

မသိရင် ခက်မယ်၊ အကွက်တွေက ရိုး ဟိုး ဟိုး””


“”ဟ…ငါအဲ့လောက် မွုန်နေတဲ့ကောင်မဟုတ်ဘူး

မိသဉ်ဇာရဲ့..

အခုခောတ်ကြီးမှာ အငယ်အမြှောင်တို့

ဇယားတို့ရှိတာ ဘာဆန်းလဲ

ငါ မိသားစုကို တာဝန်ကျေတယ်လေ။

ငါတို့အခြေအနေ နဲ့ အနေအထားနဲ့ ဆေးလိပ်ဖိုး

ကွမ်းဖိုး သရေစာဖိုးလောက်လေး စွန့်ပြီး

ငါအငယ်နေတာ၊ မင်းတို့မိသားစုကို

ဘာတစ်ခုမှ ဝတ္တရားပျက်မနေခဲ့ဘူး။

ဟွန်း…မင်းသာ လိုင်းသုံးပြီး messager မှာ

သူငယ်လေးတွေနဲ့ ကျုနေတာ ငါမသိဘူးထင်နေလား””


“”ကိုကောင်းမြတ်နော်…ကိုယ့်စိတ်နဲ့ နိူင်းပြီး

ရိုင်းမနေနဲ့….ရှင့်မယားငယ်ကို

လက်စွပ်ပေးလိုက်တာ ကျိန်းသေတယ် ၊

ပြီးတော့ ကြောင်သူတော် လုပ်ပြီး လူကို

မဟုတ်တမ်းတရားတွေ လာပြောမနေနဲ့

သဉ္ဇာ တို့က ရှင်ထင်သလောက်စျေးမပေါဘူး””


မြယုံ အပေါ်ဝတ်အကျီ်လေးကိုချွတ်ပြီး

ပါလာတဲ့ ပိုက်ဆံအိတ်လေးနဲ့ ဖုန်းလေးကို

လုံးပြီးပတ်လိုက်ပါတယ်။

အိမ်ရှေ့က အိမ်ကြီးရှင်တို့၏ ရန်ပွဲဖြစ်စဥ်ကို

အနည်းငယ်သဘောပေါက်လိုက်ပါပြီ။

ကိုယ့်အကြောင်းလည်းမဟုတ်တဲ့အပြင်၊

အဓိကက အဝတ်လျှော်ခ ရမှာကျိန်းသေသည်မို့

အလုပ်စရန် ပြင်လိုက်ပါသည်။


“”အမရေ အကျီ်တွေကို ရိုက်မလျှော်နဲ့နော်””


“”ဟုတ်ကဲ့ပါ ရိုက်မလျှော်ပါဘူး””


မြယုံ အဝတ်တွေ စလျှော်ပါပြီ။

ဇလားတစ်လုံးအပြည့်ဖြစ်သည့်အပြင်

ဂျင်းဘောင်းဘီ ကြီးများမှာ အသားကထူပိတ်ပြီး

လေးတစ် နေ၍ လျှော်ရတာ ပင်ပန်းလွန်းပါသည်။

ပိတ်သားအကျီ်ကနည်းပြီး စပို့ရှပ်သားအထူ

များက များလွန်းနေပါတယ်။

အိမ်ရှေ့က ရန်ပွဲက မြယုံ အဝတ်လျှော်နေတာ တစ်ဝက်ကျိုးသည့်တိုင် မပြီးဆုံးသေးပေ။

ဆင်းရဲသားလူတန်းစားတွေက နေရေး စားရေးအတွက်သောကရောက်ပြီး ရုန်းကန်နေရချိန်တွင်

ငွေကြေးချမ်းသာသော ဤမိသားစုက

လူမူ့ရေးကိစ္စများကို ပြသနာလုပ်ပြီး တစ်ဦးနှင့်တစ်ဦးအနိူင်ပိုင်းပြီး ပြောနေကြခြင်းဖြစ်ပါတယ်။


“”အေးနော် အဲ့လက်စွပ်က သိန်းနှစ်ဆယ်ကျော်တန်တယ်။

တနေရာမှာ မင်းရောင်းလိုက်တာ သတင်းအစအန

ထွက်လာရင် မင်းနဲ့ငါ ပြသနာကြီးပြီလို့မှတ်

ဒါပဲ ငါအပြင်ခဏသွားမယ်””


“”ဟွန်း……မယားအငယ်မဆီကိုသွားမှာ မသိတာမှတ်လို့ အေးပေါ့ လက်စွပ်လေးရောင်းရတဲ့ငွေနဲ့

မယားငယ်…….””


“”တော်….ကြာရင် လက်ပါခြေပါဖြစ်တော့မယ်

ငါပွဲရုံ ဘက်ကိုသွားမှာ “”


စကားသံတို့ ထပ်မကြားရတော့ပေ။

ခဏအကြာမှာ အိမ်နေရင်းစပန့်ဂါဝန်အပွကြီးနှင့်

အသက်သုံးဆယ့်ငါး လေးဆယ်ခန့်ရှိသော

မိန်းမတစ်ယောက်နောက်ဖေး သို့ရောက်လာပါတယ်။

ဆံပင်အရောင်မှာ ရွှေအိုရောင်ဖြစ်ပြီး

ကျော ကျော်ကျော်လောက်တွင် အခွေအလိတ်လေးများကျနေပါတယ်။

မျက်နှာမှာ ပြောင်ဝင်းပြီးတင်းနေသည်။

ဝက်ခြံ မှဲ့ခြောက် တစ်ခုမှမရှိပဲ အသားအရည်

အလွန်လှပါတယ်။

မျက်ခုံးမွေုးများမှာ အညိုရောင်များဆွဲထား၍

အတော်လေးကြည်ကောင်းနေတယ်။

မပိန်မဝ ခန္ဓာကိုယ် အချိုးအစားဖြစ်ဟန်တူပါသည်။

အပွဝါဝန်ကြီးဝတ်ထားသည်မို့ သိတ်မသိတ်ကွဲပေ။

သူမက ယပ်တောင်တစ်ခုဖြင့် ယပ်ခပ်ရင်း

မြယုံကို လှမ်းကြည့်နေပါသည်။


“”မအေးရေ… မီးကမလာဘူး။

ဟိုတစ်ယောက် အဝတ်လျှော်တာ ရေရောရှိရဲ့လား””


“”ရှိတယ် သဉ်ဇာရေ ရှိတယ်

ကိုကောင်းမြတ် ထွက်သွားပြီလား””


“”အင်း…သွားပြီ အလကားပါ ဒေါ်အေးရယ်

သူ့ဘာသာ မယားအငယ်မကို ပေးထားခဲ့ပြီး

လူကို ပြသနာလာလုပ်နေတာ၊

အဲ့လက်စွပ် က သိန်းနှစ်ဆယ်လောက် တန်တယ်””


“”နှမြောစရာကြီး..သဉ်ဇာ ရယ်””


ဟုတ်ပါသည်။ ကြားထဲက မဆီမဆိုင်

မြယုံပင် နှမြောသလိုလို ဖြစ်လာရပါသည်။

သိုပေမယ့် ထိုမိန်းမကိုကြည့်ရသည်မှာ

အရမ်းကြီး နှမြောတသနေပုံမပေါ်။

လင်ယောကျာ်းမှာ မယားအငယ်ရှိ၍ သောကရောက်နေသည့် ရုပ်လည်းပေါက်မနေပေ။

ကိုယ့်လင်သား နောက်မီးလင်းခြင်းကိစ္စသည်

အိမ်ထောင်ရှင်မများအဖို့ အကြီးမားဆုံးသောက

ဖြစ်သည်။

သဉ်ဇာဆိုသညျ့ အမျိုးသမီးကတော့

အေးရာအေးကြောင်း ဖြစ်နေသည်ကို အံသြစွာ

တွေ့ရပါတယ်။


“”အခန်းထဲမှာ လိုက်ရှာကြည့်သေးလား””


“”ရှာကြည့်ပြီးပြီ ဒေါ်အေးရေ နှံနေပြီ မတွေ့ပါဘူး

ရှာနေလည်း ပင်ပန်းတာပဲ အဖတ်တင်မယ်

မရှာတော့ဘူး သူရှာထားတာသူမနှမြောရင်

သူဖြုန်းပေါ့ လွမ်းမနေတော့ပါဘူး။

အယ်…. ဟိုအမ ဟိုအမ

ကုတ်ပိုးတွေကို ဘရက်ရှ်ကြီးနဲ့ တအားမတိုက်ပါနဲ့

အဲ့အကျီ်တွေက အကောင်းစားတွေမို့ပါ””


“”သြော်…အေးပါ ညီမလေး အေးပါ အမလက်နဲ့ပဲ

ပြောင်အောင်တွန်းပေးပါ့မယ်””


မြယုံ အတွေးပေါက်သွားပါတယ်။

ဒါကြောင့်ဒေါ်မိသေးက အသေအချာမှာလိုက်တာကိုး။

အိမ်ရှင်က နည်းနည်း တော့ မောက်မာတယ်ဆိုလား။

နောက်အခါတွေကျ ခေါ်ချင်အောင် မြယုံအသေအချာလေးဖြုဖြုစင်စင်ဖြစ်အောင် လျှော်ပေးနေလိုက်ပါတယ်။


အိမ်ရှင် နှင့် အိမ်အကူမအေးတို့ အပြန်ပြန်အလှန်လှန် စကားတွေပြောနေကြပါတော့တယ်။

ပြောနေသောစကားများတွင်

လင်ယောကျာ်း၏ အားနည်းချက်များ၊

သူမ၏ ကောင်းကွက်များ၊

သူမ၏ စိတ်နေစိတ်ထားမြင်မြတ်မူ့များ၊

မိဘလက်ထက်ကတည်းက ခြေမွေုးမီးမလောင်

လက်မွေုးမီးမလောင်ခဲ့ရသည့်အကြောင်းများ၊

သူမလို မယားမျိုးရထားသော သူမ၏ခင်ပွန်းမှာ

များစွာကံကောင်းကြောင်း တို့ကို ရေပက်မဝင်

ပြောနေပါတော့တယ်။

မြယုံလည်း မိမိကောင်းကြောင်းအမွုန်းတင်၍ပြောနေသော မိန်းမ၏စကားများကို နားထောင်ရင်း

နောက်ထပ်ဂျင်းဘောင်းဘီတစ်ထည်ကို

ဘရက်ရှ်နှင့်တိုက်လိုက်ပါတော့တယ်။


#########


ဘောင်းဘီ၏ အိတ်ကပ်လေးထဲမှ

အရာဝတ္ထုတစ်ခုကို မြယုံ စမ်းမိသွားပါသည်။

လက်စွပ်တစ်ကွင်းဖြစ်နေသည်ကို သိလိုက်ပါသည်။

ချက်ချင်းဆိုသလို သိန်းနှစ်ဆယ် ဆိုသည့်

ငွေအမောက်က ခေါင်းထဲမှာ ပေါ်လာပါသည်။

ဘာပဲဖြစ်ဖြစ် သူခိုးစျေးနှင့်ရောင်းတောင်

အနည်းဆုံး ဆယ်သိန်းခန့်ရနိူင်ပါမည်။

ခက်ခဲကြပ်တည်းနေချိန်မို့ ဘယ်သူမှ မသိအောင်

တိတ်တိတ်ကလေး ယူသွားရင်ကောင်းလေမလားဟု မြယုံစဥ်းစားနေမိတယ်။

ယူသွားလိုက်မယ်…..

မယူသွားတော့ပါဘူး….ဆိုပြီးစိတ်က နှစ်ခွဖြစ်နေတယ်။


မြယုံလည်းသိတ်ရိုးသားလွန်းလို့တော့မဟုတ်ဘူး။

ယူသွားပြီးရောင်းလိုက်ပြီးခါမှ နောက်ဆက်တွဲ

ပြသနာတွေ မထင်မှတ်ပဲ တတ်လာမှာလည်း

စိုးရိမ်မိပြန်သေးတယ်။

မြယုံက သိတ်ပြီးလည်လည်ဝယ်ဝယ်လည်းမဟုတ်။

ထိုင်နေတာ အကောင်းသားရယ်။

ထသွားမှ အကျိုး ဖြစ်ချေတော့မည်။

ခုနတင် သဉ္ဇာ ဆိုသောအမျိုးသမီးပြောနေသော

စကားများအရ စိတ်ဓာတ်ကောင်းမွန်ပြီး

သဘောထားပြည့်သူ သဒ်ဓါ တရားမနည်းသူဆိုတာ

ခန့်မှန်းမိသွားပါတယ်။

ဒါကြောင့် လက်စွပ်ကို တိတ်တိတ်လေး ယူဆောင်မသွားတော့ပဲ ပြလိုက်လျှင် မြယုံအဖို့

ငါးသောင်း တစ်သိန်းထက်မလျော့ပဲ ရနိူင်ပါတယ်။

နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချပြီး

အိတ်ကပ်ထဲက လက်စွပ်ကို ထုတ်လိုက်ပါသည်။

လက်စွပ်မှာ ကြည်ရုံနှင့် တန်းဖိုးရှိမှန်းသိသာလှပါတော့သည်။


“”ဒီ ဘောင်းဘီအိတ်ကပ်ထဲက လက်စွပ်တစ်ကွင်းတွေ့တယ် ညီမလေး “”


“”ဟယ်””


“”အို””


အာမေဋိတ်သံများထွက်လာပါသည်။

သဉ္ဇာ က အငမ်းမရ လက်စွပ်ကို လှမ်းယူလိုက်ပါတယ်။


“”ဒေါ်အေးရေ ဟိုတစ်ယောက် မနက်က

ဘောင်းဘီအိတ်ထဲ ထည့်လိုက်တာကိုး

ပျော်လိုက်တာ ကျေးဇူး တင်တယ်နော်အမ

အခုလို စိတ်ထားဖြုစင်စွာ ပြန်ပေးတာ

အရမ်းကျေးဇူးတင်ပါတယ်

နောက်ကို တစ်ပတ်နှစ်ရက် အဝတ်လာလျှော်ပေးပါ။

ဒီလို ရိုသားတာ အရမ်းကောင်းတယ်အမ

ရိုးသားမူ့ဂုဏ်ဟာ ဂုဏ်ယူစရာပါ

တကယ်ကျေးဇူးတင်တယ် အမရယ်””


သဉ္ဇာ ပျော်နေတာမြင်တော့ မြယုံပါရောပြီး

ပျော်သွားမိတယ်။

မြယုံအတွက် ဒီနေ့က ရက်ရာဇာဖြစ်နေပြန်ပါပြီ။

အပြန်ကျရင်တော့ အဝတ်လျှော်ခရော၊

ရိုးသားဂုဏ်အတွက်ပါ သူမ ရရှိတော့မည်ကို

တွေးပြီး ကြည်နူးနေမိတယ်။

လျှော်လို့ ဖွတ်လို ကိစ္စအားလုံးပြီးတဲ့အခါ

အိမ်ပြန်ဖို့ ပြင်ဆင်ရပါတယ်။

ထမီအောက်နားတွေတောင် ရေအနည်းငယ်စိုလိုနေပြန်ပါတယ်။


“”ဒေါ်အေးရေ လက်စွပ်ပြန်တွေ့တဲ့အကြောင်း

ကိုကောင်းမြတ်ပြန်လာရင် မပြောနဲ့နော်။

သဉ္ဇာ အသုံးလိုနေတာနဲ့ အတော်ပဲ

ကိူကောင်းမြတ်မသိအောင် ခိုးရောင်းလိုက်မယ်

ဟားဟား ဟား

သြော်..အဝတ်လျှော်တဲ့အမ

ဒါက အဝတ်လျှော်ခ တစ်သောင်း

ဒါက ရိုးသားမူ့အတွက် တစ်သောင်း ချီးမြုင့်တာ။

အဝတ်လျှောခက ပုံမှန်ဆို ရှစ်ထောင်လောက်ပဲ

ပေးတာ တမင်ပိုပေးလိုက်တာ

အချိန်ရှိတုန်းလေး လိူင်သာယာထိပြန်ရမှာမဟုတ်လား ပြန်တော့အမ””


“”သြော်….အေး အေး””


မြယုံလက်ထဲက ငွေနှစ်သောင်းကို ကျစ်ကျစ်ဆုပ်ပြီးခြံပြင်ကိုထွက်လာလိုက်တယ်။

ခြံပြင်ရောက်တော့ လက်ထဲမှာ ဆုပ်ထားတဲ့

ငွေနှစ်သောင်းကို ဖြန့်ကြည့်လိုက်တယ်။

သိန်းနှစ်ဆယ် တန်လက်စွပ်အတွက် ရိုးသားဂုဏ်က

ငွေတစ်သောင်းတဲ့လား…..

မြယုံ ခြံပြင်မှာ အားရပါးရ ရယ်မောလိုက်ပြီး

စီးရမယ့်ကားဂိတ်ဆီ လျှောက်လာခဲ့လိုက်ပါတယ်။


“”သြော်…..အဲလိုမှန်းသိရင်

မရိုးသားပဲ နေလိုက်ပါတယ် မမသဉ္ဇာ ရယ်””


မြယုံနူတ်မှလွှတ်ကနဲ ထွက်ကျလာသောစကားဖြစ်သည်။

လောကကြီးမှာ လူအချို့က ရိုးသားချင်သူကို

အမြဲရိုးသားစေဖို့ တွန်းအားမပေးကြပါပဲ

မရိုးသားမူ့များကြားမှ ရိုးသားဂုဏ်ကို

လက်စဖျောက်ချင်နေကြပါသည်။

မြယုံကိုယ်တိုင်လည်း မိမိ၏ရိုးသားမူ့မှာ

မရိုးသားမူ့များစွန်းထင်းပါနေသည်ကိုသတိပြုရင်း

ဘဝအမောများကြား သက်ပြင်းမောကိုချ၍

စီးရမည့်ကားပေါ်သို့ တက်လိုက်ပါတော့သည်။


ဘဝအမောတွေကြားမှာ မှန်ကန်စွာ

ရိုးသားနိူင်ကြပါစေ


#ယွန်းနှင်းဆီခိုင်