စကား

 ” စကား “(စ/ဆုံး)


———

ညောင်ပင်စုရွာဟာ အိမ်ခြေ၆၀၀ ခန့်ရှိတဲ့ရွာကြီးတရွာဖြစ်တယ်၊မူလကအိမ်ခြေနှစ်ရာခန့်သာရှိပြီး တရွာလုံးဟာနည်းမျိုးစုံနဲ့တော်စပ်တဲ့ဆွေမျိုးသားချင်းတွေဖြစ်ခဲ့ကြတယ်။

ကာလကြာတော့ တမြို့တရွာသားတွေနဲ့ညားကြလေရာ ညောင်ပင်စုရွာမှာငယ်မွေးခြံပေါက်များသာမက နယ်စုံပယ်စုံ အကျင့်စရိုက်စုံသူစိမ်းတစ်ရံဆံများရောနှောရောက်ရှိလာခဲ့တယ်။

ဒေါ်တင်ဝင်းဟာ ပုပုပြတ်ပြတ် အသက်ရှစ်ဆယ်တွင်း ဇရာရွယ်၊ကျန်းကျန်းမာမာမို့ လပြည့်လကွယ် ရှစ်ရက်သီတင်းနေ့များနဲ့အခါကြီးရက်ကြီးများမှာဥပုသ်စောင့်သည့်ပြင်တတ်စွမ်းသမျှလှူဒါန်းလေ့ရှိတယ်။

သူ့ထက်ကြီးသူတွေတယောက်ပြီးတယောက်ဆုံးပါးသွားကြတော့ ညောင်ပင်စုရွာမှာ ဒေါ်တင်ဝင်းထက်ကြီးသူရှစ်ဦးလောက်သာရှိတော့တယ်၊နှစ်စဥ်မြန်မာနှစ်ဆန်းတရက် သက်ကြီးရွယ်အိုများကန်တော့နေ့မှာဒေါ်တင်ဝင်းဟာကန်တော့ခံဘိုးဘွားတဦးပေါ့။

ရပ်ရွာဓလေ့သီတင်းကျွတ်လပြည့်ကျော်၁ရက်နေ့သက်ကြီးဝါကြီးများကန်တော့နေ့မှာလည်း ဆွေမျိုးမတော်စပ်သော်ငြား ဒေါ်တင်ဝင်းတို့လိုအကျင့်သီလနဲ့ပြည့်စုံတဲ့လူကြီးသူမများကို လာရောက်ကန်တော့ကြတယ်။

ဒါ့ပြင် ရွာခံသတို့သားသတို့သမီးများရဲ့ထိမ်းမြားလက်ထပ်ပွဲများမှာလည်း အဖွားဒေါ်တင်ဝင်းကို ကန်တော့ခံ လူကြီးသူမအနေနဲ့ဖိတ်ကြားလေ့ရှိကြတယ်။

အစဥ်လာမပျက်ကန်တော့ကြသူများကို ဒေါ်တင်ဝင်းဟာစာတတ်ပေတတ်ပန်းဒကာဦးညွန့်တင်ရေးသားပေးပြီးသူအာဂုံဆောင်ထားတဲ့ဆုတောင်းမေတ္တာပို့စာကိုသေသေချာချာရွတ်ဆိုပြီးနိဗ္ဗာန်ရောက်သည်အထိဆုပေးလေ့ရှိတယ်။


တရွာလုံးဟာဆွေမကင်းမျိုးမကင်းတွေဖြစ်ပြီး သူ့ထက်ငယ်ရွယ်သူတွေမို့ ဒေါ် တင်ဝင်းကကြုံရင်ကြုံသလိုဆိုဆုံးမလေ့ရှိတယ်၊အချို့မအားလပ်သော်လည်း လေးစားသမှုနဲ့အချိန်ပေးနားထောင်ကြရတယ်။

တနေ့နေ့လည်ခင်း ရွာမြောက်ဖျားကဦးစံငွေ ဒေါ်နှင်းဦးတို့ရဲ့သားလူပျိုပေါက်လေး သူ့အိမ်ရှေ့ကဖြတ်အသွား အဖွားဒေါ်တင်ဝင်းကခေါ်ယူဆုံးမတယ်။

‘လူလေးက မနှင်းဦးရဲ့သားကြီးလား၊မနှင်းဦးရဲ့အမေ လူလေးတို့အမေကြီးဒေါ်တုတ်နဲ့ ဒို့နဲ့ကငယ်သူငယ်ချင်းတွေ၊ညီအစ်မအရင်းလိုပဲ သိပ်ချစ်ကြတာ၊ဒေါ်တုတ်ကတအားရိုးတယ်’

ခေတ်အလိုက် ဒူးခေါင်းအထက်အောက်စုတ်ပြဲဘောင်းဘီဝတ်ထားတဲ့လူငယ်ကဒေါ်တင်ဝင်းဘာပြောချင်မှန်းမသိ၊သူသွားလိုရာသွားချင်နေပြီ ၊သို့ပေမဲ့ အဖွားအိုကိုအားနာလို့နားထောင်နေရရှာပေါ့။

‘လူလေးတို့အမေကြီးရဲ့ရိုးဂုဏ်ကိုလူလေးတို့ကထိန်းသိမ်းရမှာ’

လူငယ်က ပြီးပြီးရော-

‘ဟုတ်’

‘ဒါနဲ့ လူလေးကရွာလယ်က ဦးကျော်သင်းရဲ့သားနဲ့သူငယ်ချင်းဆို’

‘ဟုတ်’

‘ဟုတ်လား မဟုတ်လားတော့မသိပါဘူးကွယ်၊ဦးကျော်သင်းရဲ့သမီး ဝိုင်းစန္ဒာရဲ့ဖုန်းပျောက်သွားလို့တဲ့၊အဲ့နေ့ကသူတို့အိမ်ကိုလူလေးလဲလာတယ်လို့ပြောနေကြတယ်’

‘ဗျာ ‘

‘သူ့ဖုန်းက လေးသိန်းကျော်တောင်ပေးရတာတဲ့၊ဗေဒင်မေးကြည့်တော့ ယူသွားတဲ့လူကို လူလေးလို့ထင်နေကြတယ်တဲ့’

‘ကျွန်တော် မယူပါဘူး အဖွား’

‘အဖွားကလူလေးယူတယ်မပြောပါဘူး၊သူများပြောတဲ့အတိုင်းပြောတာပါ၊ယူမိရင်လဲပြန်ပေးလိုက်ပေါ့လူလေးရယ်၊သူများပစ္စည်းခိုးရင် ငရဲကြီးတတ်တယ်’

လူငယ်ကမျက်နှာနီမြန်းပြီး ဒေါ်တင်ဝင်းကိုနှုတ်ပင်မဆက်တော့ဘဲ သုတ်သုတ်ထွက်ခွာသွားတယ်၊မျက်စိမှုန်တဲ့ဇရာအိုက အရိပ်အကဲမသိ။

သူမစိတ်ထဲမှာ လူငယ်လေးသာတကယ်ယူထားရင် ပိုင်ရှင်ကိုဖုန်းပြန်ပေးလိုက်တော့ ပစ္စည်းပျောက်သူလည်းဝမ်းသာ သူငယ်ချင်းဒေါ်တုတ်ရဲ့မြေးလေးလည်းလူကောင်းသူကောင်းဖြစ် သူဆုံးမရကျိုးနပ်ပြီပေါ့။


အဲ့ညနေမှာဒေါ်တင်ဝင်းထက်နည်းနည်းငယ်ပေမဲ့ ရွာမိရွာဖလည်းဖြစ် ဂေါပကအဖွဲ့ဝင်လည်းဖြစ်ကြတဲ့ဦးကံလှိုင်နဲ့ဦးမြင့်ဆွေတို့ဒေါ်တင်ဝင်းအိမ်ကိုပေါက်ချလာတယ်။

ဒေါ်တင်ဝင်းကအိမ်ဦးခန်းမှာနေရာပေးပြီး-

‘ဦးကံလှိုင်တို့မလာစဖူး အကြောင်းထူးများရှိလို့လား’

လူကြီးနှစ်ယောက်က တယောက်မျက်နှာတယောက်ကြည့်ပြီး ဦးကံလှိုင်ကဦးဆောင်လျက်-

‘ဒီလို မမဝင်းရေ၊နေ့ခင်းကဒေါ်တုတ်ရဲ့မြေးလေးကို မမဝင်းခေါ်ပြီးဆုံးမလိုက်တယ်မဟုတ်လား’

‘အင်း ဟုတ်တယ်၊ဦးကျော်သင်းတို့အိမ်က ဖုန်းပျောက်တာ ဒီကောင်လေးယူတယ်ပဲတပ်အပ်ပြောနေကြတော့ ငါလဲကြုံတာနဲ့ပြောလိုက်မိတာ၊အဲ့ဒါဘာဖြစ်လို့လဲ’

‘အဲ့ကလေးကမျက်စိပျက်မျက်နှာပျက်နဲ့အိမ်ပြန်သွားတော့ သူ့အဖေနဲ့အမေသိသွားပြီး ပွက်လောရိုက်နေပြီ’

‘ဟင် ဟုတ်လား၊ငါနဲ့ဒေါ်တုတ်ကလည်ပင်းဖက်ကြီးလာတာပါဟယ်၊ကောင်လေးအမေနှင်းဦးလဲ ငါ့လက်ပေါ်ကြီးလာတာပဲ၊ဘာများစိတ်ဆိုးစရာရှိလို့လဲ’

ဦးစံငွေဒေါ်နှင်းဦးတို့နဲ့အိမ်နီးချင်းဖြစ်တဲ့ဦးမြင့်ဆွေက-

‘ခုက ဟိုတုန်းကနဲ့မတူတော့ဘူးလေ မမဝင်း၊ဒီနှစ်ထဲ သူတို့မီးသွေးဈေးကောင်းရလို့ စီးပွားအတော်တက်တယ်၊သူတို့ဖူးဖူးမှုတ်ထားတဲ့သားလူပျိုလေးကိုသူခိုးယိုးရကောင်းလားဆိုပြီး မောင်စံငွေကတုတ်ဆွဲဓားဆွဲရှူးရှူးရှားရှားနဲ့၊ကျွန်တော်အတော်ဖျောင်းဖျထားခဲ့ရတာ’

ဦးကံလှိုင်ကလည်း-

‘နှင်းဦးကလဲ ဒီလိုသူခိုးယိုးခံရတဲ့အတွက် သူတို့မျိုးရိုး

ဂုဏ်သိက္ခာထိခိုက်တယ်၊ဥက္ကဌကိုတိုင်မယ်တောမယ်ဖြစ်နေတယ်၊မြို့နယ်ရုံးကိုတောင်သွားချင်နေတာ၊အဲ့ဒါလက်လွန်ခြေလွန်မဖြစ်ခင် မမဝင်းကိုကျွန်တော်တို့လာပြောတာ’

‘မောင်စံငွေကတရပ်တရွာကဒီမှာလာအိမ်ထောင်ကျတာဆိုတော့ ထားပါတော့လေ၊နှင်းဦးကဖြင့် ငါ့ကိုဒီလိုပြောရက်သလားကွယ်၊သူ့သားကိုဆုံးမတယ်ဆိုတာလဲ ငါ့မြေးလေးလိုသဘောထားပြီးဆုံးမတာပါ’

‘ကျွန်တော်တို့ကတရွာတည်းသား အကြောင်းသိတွေပါမမဝင်းရယ်၊ဒါပေမဲ့ မောင်စံငွေနဲ့နှင်းဦးတို့က မမဝင်းကသူတို့သားကိုမဟုတ်မမှန်စွပ်စွဲတဲ့အတွက် ကန်တော့ပွဲအုန်းပွဲနဲ့တောင်းပန်မှကျေနပ်နိုင်မယ်ဖြစ်နေတယ်’

ဒေါ်တင်ဝင်းမှာလုံးဝမမျှော်လင့်ထားတဲ့စကားကိုကြားလိုက်ရတဲ့အတွက် ခေါင်းနားပန်းကြီးသွားတယ်၊ကိုယ့်နားကိုယ်တောင်မယုံချင်၊သူမကလေသံပျော့လေးနဲ့-

‘ဒါလောက်တောင်ပဲလားကွယ်’

‘အသရေဖျက်မှုနဲ့တိုင်ခံရရင် အမှုကချဲ့ရင်ချဲ့သလိုကြီးသွားမှာ၊ရုံးရောက်သွားရင်ပြန်နုပ်ဖို့မလွယ်ဘူးခင်ဗျ၊ငွေကုန်ကြေးကျများမယ်၊ကျွန်တော်တို့က မောင်စံငွေကို မင်းတို့စိတ်တိုင်းကျဖြစ်စေရမယ်၊စိတ်လိုက်မာန်ပါမလုပ်ပါနဲ့လို့ တောင်းတောင်းပန်ပန်ပြောခဲ့ရတာ’

ဦးမြင့်ဆွေကလည်း-

‘အုန်းသီးငှက်ပျောသီးက ကျွန်တော်တို့သန်းအေးကိုတာဝန်ပေးခဲ့ပြီ၊ဖယောင်းတိုင် အမွှေးတိုင် ဆပ်ပြာမွှေးကမိမုန်းကိုဝယ်ခိုင်းပြီးပြီ၊ကန်တော့ပွဲကိုသန်းအေးမိန်းမမိဝိုင်းရွက်လိမ့်မယ်၊ဟိုမှာပြောစရာရှိရင်ကျွန်တော်တို့ပဲပြောမယ်၊မမဝင်းကလူလိုက်ခဲ့ရုံပဲ’

ကန်တော့ပွဲရဲ့ကုန်ကျစရိတ်ကအကြောင်းမဟုတ်ပေမဲ့

အိုကြီးအိုမ ဒီအရွယ်ကျမှ တချိန်ကသူမပေးကမ်းထောက်ပံ့ခဲ့တဲ့နှင်းဦးတို့ကို ကန်တော့ပွဲနဲ့သွားရောက်တောင်းပန်ရမဲ့အဖြစ်က ဒေါ်တင်ဝင်းအဖို့ရင်နာစရာ။


စွပ်စွဲပြောဆိုမိတဲ့အတွက်ဦးစံငွေဒေါ်နှင်းဦးတို့အိမ်ကိုဝန်ချတောင်းပန်ဖို့ချီတက်သွားကြတဲ့အဖွားဒေါ်တင်ဝင်းတို့လူသိုက် သွားရာလမ်းတလျှောက် ရွာသူရွာသားများကစိတ်ဝင်တစား။

‘အဖွားဝင်းတို့ ဘယ်သွားမလို့လဲဗျ’

‘ကြီးကြီးဝင်း ဘယ်လဲဗျ’

‘ဦးကြီးလှိုင်တို့ ဘယ်ကိုလဲဗျ’

သူတို့လူသိုက်ဟာ ပေါ်ထင်မေးသူ လက်တို့မေးသူ မည်သူ့ကိုမျှ မတုံ့ပြန်၊တီးတိုးစကားတွေကိုမကြားယောင်ပြု။

ရင်းနှီးခဲ့တဲ့မျက်လုံးပေါင်းသောင်းခြောက်ထောင်က ခုတော့အဖွားဝင်းကိုခြောက်လှန့်နေသလိုစေ့စေ့မကြည့်ရဲ၊ရှက်လွန်းလို့ မျက်နှာဘယ်လိုထားရမယ်မသိ။

အသိစိတ်မဲ့သလိုရွေ့လျားနေတဲ့ခြေလှမ်းများနဲ့မျက်ရည်ကြည်ဝေ့ဝဲနေတဲ့ဒေါ်တင်ဝင်းရဲ့မျက်လုံးထဲမှာသူမဆယ်နှစ်ဆယ့်တစ်နှစ်သမီးအရွယ်ခန့်ကဖြစ်စဥ်လေးတခုကိုမြင်ယောင်လျက်။

ပြွတ်နေအောင်သီးတဲ့အဖွားစိန်ရဲ့မာလကာပင်၊လမ်းဘက်ကိုညွှတ်ကျနေတဲ့အကိုင်းမှာဝင်းဝါနေတဲ့မာလကာသီးသုံးလုံးကစားချင့်စဖွယ်။

ကလေးသာသာမိတင်ဝင်းက ပကာပျဥ်နဲ့ကာထားတဲ့ခြံပေါ်ကိုတက်ပြီး မမီမကမ်းဖြစ်နေတဲ့မာလကာသီးတွေကိုမော်ကြည့်၊ တလုံးပြီးတလုံးတုတ်နဲ့ရိုက်ချ။

သုံးလုံးစလုံးရိုက်ချပြီး ခြံပေါ်ကနေခုန်အချ အောက်မှာဝါးခြမ်းပြားကိုင်ပြီးစောင့်နေတာက အဖိုးချမ်းအေး။

‘နင့်ကိုဖွားစိန်ကပေးလို့လား’

မိတင်ဝင်းကကြောက်ကြောက်နဲ့ခေါင်းခါပြလိုက်တဲ့အခါမှာတော့ ဖိုးချမ်းအေးကရိုက်လည်းရိုက် ပါးစပ်ကလည်းပြော။

‘ဖွားစိန်မပေးဘဲနဲ့ခူးတော့ ခိုးတာပေါ့၊စားချင်ရင် ဖွားစိန်ဆီမှာတောင်းစားပါလား၊နင့်အမေက အမြင်မတော်တာ ရှိရင်ဆုံးမပါ၊ရိုက်စရာရှိရိုက်ပါလို့ ငါ့ကိုအပ်ထားတာ’

ဖိုးချမ်းအေးပြောဆိုဆုံးမနေခိုက်မှာ အဖွားစိန်ရောက်လာတယ်။

‘ကလေးကိုမရိုက်ပါနဲ့ ကိုရင်ချမ်းအေးရယ်၊မာလကာသီးတွေပေါပါတယ်၊ကျွန်မ ခူးလဲမခူးနိုင်ဘူး၊ရောင်းလဲမစားဘူး၊ငှက်တွေလင်းနို့တွေစားကြတာပဲ၊ကျွန်မအားတဲ့အခါမှအလုံးလှတာလေးခူးပြီးဆွမ်းတော်တင်ဖြစ်တယ်’

အော်.. ဟိုခေတ်ဟိုအခါကတော့ တဦးနဲ့တဦးအပြစ်မမြင် ချစ်ခင်၊မိတင်ဝင်းရဲ့အဖေကကိုယ့်သမီးအရိုက်ခံရတာစိတ်မဆိုးတဲ့အပြင် အားမလိုအားမရပြောလိုက်သေး။

‘ဒါလောက်တောင်ငတ်ကြီးကျတာ၊ဘထွေးမို့နှစ်ချက်သုံးချက်နဲ့ပြီးတာ၊ကျွန်တော်ဆိုတုတ်ကျိုးအောင်ရိုက်မှာ’


‘ရောက်ပြီ မမဝင်း၊ဘာမှစိတ်မပူနဲ့၊ဘာမှလဲမပြောနဲ့၊ကျွန်တော်တို့ဖာသာအဆင်ချောအောင်ပြောသွားမယ်’

ဦးကံလှိုင်ရဲ့အားပေးစကားသံကြောင့်အတိတ်ကိုစိတ်ရောက်သွားတဲ့ဒေါ်တင်ဝင်းဟာ ဦးစံငွေတို့အိမ်ရှေ့ရောက်နေပြီဆိုတဲ့အသိဝင်သွားတယ်။

အိမ်ဝင်းထဲလှမ်းကြည့်လိုက်တော့ ဦးစံငွေတို့လင်မယားနှစ်ယောက်မျက်နှာကမာထန်ထန်နဲ့မကြည်မသာ။

လာပါ ထိုင်ပါလောကွတ်မပြုပေမဲ့ ဦးကံလှိုင်က-

‘ဝင်ခဲ့ပြီနော မောင်စံငွေ၊ဒီမှာ မင်းတို့ကြီးကြီးဝင်းက မင်းတို့ကိုတောင်းပန်ချင်လို့တဲ့’

ဒေါ်တင်ဝင်းက ဒေါ်နှင်းဦးမျက်နှာကိုလျော့ရဲရဲအပြုံးနဲ့ကြည့်လိုက်တော့ ဒေါ်နှင်းဦးမျက်နှာက ဟိုယခင် ဒေါ်တင်ဝင်းထံဆန် ဆီ ငွေကြေးတောင်းရမ်းချေးငှားခဲ့တဲ့မျက်နှာနဲ့ဘာမှမဆိုင်။

ဦးမြင့်ဆွေကကန်တော့ပွဲရွက်ထားတဲ့မိဝိုင်းကိုကြည့်လိုက်တော့ မိဝိုင်းကအကင်းပါးစွာ ကန်တော့ပွဲကိုပွေ့ပိုက်ပြီးအိမ်ပေါ်ကိုတက်သွားတယ်၊လူကြီးတွေနဲ့အိမ်သားများကသူ့နောက်က ထက်ချပ်မကွာ။

ဦးကံလှိုင်နဲ့ဦးမြင့်ဆွေက အိမ်ဦးခန်းမှာနေရာယူကြတယ်၊ဒေါ်တင်ဝင်းကတော့အသက်ပင်ကြီးသော်ငြား လောလောဆယ်တရားခံမို့ မျက်နှာအောက်ချပြီးအိမ်ရှင်များနှင့်တတန်းတည်း။

ပွဲလယ်တင့်ခဲ့သမျှစကားတခွန်းကြောင့်သိမ်ငယ်ရရှာပေါ့။

ဦးကံလှိုင်က-

‘မောင်စံငွေကနှင်းဦးနဲ့အိမ်ထောင်ကျမှ ဒီရွာကိုရောက်ခဲ့တာဆိုတော့ မောင်စံငွေမသိမမီလိုက်တဲ့အကြောင်းလေးတွေနည်းနည်းပြောပြချင်တယ်၊ခုမင်းတို့ကိုတောင်းပန်ဖို့ရောက်လာတဲ့ဒေါ်တင်ဝင်းက မင်းယောက္ခမဒေါ်တုတ်နဲ့ညီအစ်မလိုချစ်တဲ့သူငယ်ချင်းတွေ၊မင်းတို့ဒီဘက်ကိုမရွှေ့ခင်က အိမ်ချင်းကပ်ရက်နေခဲ့ကြတာ’

ဦးကံလှိုင်ကသူ့စကားကိုအများစိတ်ဝင်စားမှုရှိမရှိတချက်အကဲခတ်ပြီးတော့-

‘ဒေါ်တုတ်တို့လင်မယားအခင်းဆင်းရင် နှင်းဦးကိုဒေါ်တင်ဝင်းအိမ်မှာအပ်ထားခဲ့တာ၊ဒေါ်တင်ဝင်းမှာသားသမီးမထွန်းကားတော့နှင်းဦးကိုအလွန်ချစ်ရှာတယ်၊ချေး သေးကအစ အတော်အနွံတာခံတယ်၊သူ့သမီးအရင်းနဲ့မခြားဘူး’

ဦးကံလှိုင်က ဒေါ်နှင်းဦးကိုကြည့်ပြီး-

‘ခုမှဒီစကားပြောတယ်မထင်နဲ့ ငါ့တူမ၊နင့်အမေဒေါ်တုတ်တို့အခင်းထဲကပြန်မလာမချင်း ဒေါ်တင်ဝင်းကနင့်ကိုကျောပိုးပြီးထိန်းခဲ့တာ၊မသိရင် သားသည်မအေပါ့၊ဒီရွာထဲမှာသိမီတဲ့လူတွေခုထိရှိသေးတယ်’

ဦးကံလှိုင်ရေနွေးကြမ်းသောက်နေခိုက် ဦးမြင့်ဆွေက-

‘မောင်စံငွေတို့ကို ဦးတို့ပြောချင်တာက ဒေါ်တင်ဝင်းဟာတို့ရွာမှာအဖွားအရွယ်လူကြီးတယောက်၊သူကဆုံးမရင်လဲ ကောင်းစေချင်တဲ့ဆန္ဒနဲ့ပြောတာပါ၊နစ်နာစေလိုတဲ့ဆန္ဒမရှိပါဘူး’

ဦးကံလှိုင်က အကြမ်းပန်းကန်ကိုချပြီး-

‘မင်းတို့ကသာဒေါ်တင်ဝင်းကိုသူစိမ်းလို့သဘောထားနေတာ၊သူ့အနေနဲ့တော့ မင်းတို့ကသူ့သားမြေးတွေပဲ၊မင်းတို့အမေဒေါ်တုတ်ဆိုရင်လဲ သူ့မြေးကို ဒီလိုပဲဆုံးမမှာမဟုတ်လား ဟင် နှင်းဦး’

ဦးစံငွေနဲ့ဒေါ်နှင်းဦးမှာ မျက်ရည်စမ်းစမ်းနဲ့ထိုင်နေတဲ့ဒေါ်တင်ဝင်းကိုကြည့်ပြီး သားဇောနဲ့မဆင်မခြင်ပြုလုပ်မိတဲ့အတွက်အားတုံ့အားနာ။

နှစ်ဦးနှစ်ဖက်အခြေအနေကိုသဘောပေါက်တဲ့ဦးကံလှိုင်က –

‘ကဲ ကဲ မောင်စံငွေတို့ကဒေါ်တင်ဝင်းတောင်းပန်တဲ့ကန်တော့ပွဲကိုလက်ခံပြီး မင်းတို့စိတ်ငြိုငြင်အောင်ပြုမိတဲ့အပြစ်ကိုကျေအေးလိုက်ကြပါကွာ၊ပြီးတော့ အရင်ကလိုပဲ အခင်မင်မပျက်နေကြပါ’

ဦးမြင့်ဆွေကလည်း-

‘တကယ်တော့ ဒေါ်တင်ဝင်းကအသက်ကြီးပြီမို့ မင်းတို့ငါတို့ကစောင့်ရှောက်ပေးကြရမဲ့ဝတ္တရားရှိပါတယ်ကွာ၊တယောက်ကျေးဇူးတယောက်မကင်းတဲ့ရပ်ဆွေရပ်မျိုးတွေမဟုတ်လား’

ဦးမြင့်ဆွေစကားအဆုံးတွင် ဒေါ်နှင်းဦးက-

‘ကြီးကြီးဝင်းရဲ့ကန်တော့ပွဲနဲ့ ကြီးကြီးဝင်းကိုကျွန်မတို့ကပြန်ပြီးကန်တော့လိုက်ပါ့မယ်၊ကျွန်မငယ်တုန်းကဟာတွေကိုသိပ်မမှတ်မိပေမဲ့ အိမ်ထောင်ကျစက ကြီးကြီးဝင်းကူညီစောင့်ရှောက်ခဲ့တဲ့ကျေးဇူးတွေရှိပါတယ်၊ကျွန်မတို့က သားမျက်နှာကြည့်ပြီးဟုန်သွားလို့ပါ၊ကဲ ကိုစံငွေ ကြီးကြီးဝင်းကိုကန်တော့ကြမယ်၊သား ဇေယျာ လာ အဖွားဝင်းကိုကန်တော့ရအောင်’

ဦးကံလှိုင်နဲ့ဦးမြင့်ဆွေတို့ရှေးဟောင်းနှောင်းဖြစ်တွေအစဖော်ပြီးငြိမ်းချမ်းရေးတရားဟောကောင်းတဲ့အတွက် တထိုင်တည်းမှာအခြေအနေကပြောင်းပြန်ဖြစ်သွားခဲ့တယ်။

အော်.. ချစ်အောင်ပြောတတ်တာလည်း ဒီနှုတ်ဖျား၊မုန်းအောင်ပြောတတ်တာလည်းဒီနှုတ်ဖျား၊စကားတစ်ခွန်းရဲ့အစွမ်းက မသေးလှပါလား။

တဘက်အနားလေးနဲ့မျက်ရည်သုတ်ပြီးဆုပေးနေတဲ့အဖွားဒေါ်တင်ဝင်းရဲ့အသံက ဇရာကြောင့်တုန်တာရော ဝမ်းနည်းဝမ်းသာဖြစ်လို့တုန်တာရော ပါးရေနားရေတွန့်နေတဲ့အိုမျက်နှာက မဲ့မလိုလို ပြုံးမလိုလို။

မည်သို့ဆိုစေ အဖွားက နောက်ခါ လူငယ်များကိုဆုံးမရဲတော့မည်မဟုတ်ပါ၊အခြေအနေအရပ်ရပ်ကအရင်တုန်းကနဲ့မတူတော့မှန်း သူမကောင်းကောင်းသဘောပေါက်သွားရှာလေပြီ။


ရွှင်လန်း ချမ်းမြေ့ပါစေ ။

#အင်ကြင်း (ကသာ)

25.9.2025