ပြိုင်သင့်မှပြိုင်
---------------
လင်းယုန်ငှက်တွေကို ရင်ဆိုင်ယှဉ်ပြိုင်တိုက်ခိုက်ဝံ့သော ငှက်များမှာ ကျီးကန်းတွေဖြစ်သည်။
သို့သော်ထူးဆန်းသည်မှာ လင်းယုန်ငှက်တို့သည် ကျီးကန်းတွေကို ပြန်လည်မတိုက်ခိုက်ခြင်းဖြစ်သည်။
အဘယ်ကြောင့်နည်း။
ကျီးကန်းသည် သူ့ထက်အဆပေါင်းများစွာကြီးသည့် လင်းယုန်ငှက်ကို ရဲရင့်သောကြောင့် တိုက်ခိုက်သလား၊ ရူးလို့တိုက်ခိုက်သလား စဉ်းစားစရာပင်။ ကျီးကန်းသည် လင်းယုန်၏ ကျောပေါ်ကို ရဲဝံ့စွာပျံတက်လိုက်ပြီး နောက် သူ့ကိုပြန်တိုက်ခိုက်လာလျှင် ရင်ဆိုင်ရန် အသင့်ပြင်ထားလိုက်သည်။ ကိုယ့်ကျောပေါ်ကို တက်ခွ စီးသည့် မည်သည့်သတ္တဝါမဆို ရန်တုံ့ပြန်မည်မှာ သေချာသည်။ သို့သော် လင်းယုန်သည် ကျီးကန်းကို အရေးပင် မလုပ်၊ သူပျံသန်းစရာရှိသည်ကို ဆက်ပြီး ပျံသန်းသည်။
တစ်နည်းပြောရလျှင် မိမိနှင့် တန်းတူရည်တူ အဆင့်တူမဟုတ်သည့် ကျီးကန်းလိုသတ္တဝါကို ဘက်ပြိုင်ပြီး တိုက်ခိုက်ကာ မိမိစွမ်းအားတွေကို အကုန်မခံဆိုသည့် သဘောပင်။
လင်းယုန်ငှက်သည် ဘာလုပ်သနည်း။
သူသည် အမြင့်ကိုပျံတက်သည်။ မြင့်သည်ထက်မြင့်အောင် ပျံတက်သွားသည်။ တိမ်တွေအပေါ်ကို ရောက်သည့်တိုင် ပျံတက်သွားသည်။ ထိုနေရာသည် ကျီးကန်းလိုသတ္တဝါအတွက် အသက်ရှူရန် လေထု ပါးလွှာသည့် နေရာဖြစ်သည်။
အသက်ရှူ၍မရနိုင်လောက်သည့်အခါတွင် ကျောပေါတွင်စီးလာသည့် ကျီးကန်းသည် အောက်ကိုထိုးဆင်းကာ လင်းယုန်ကို စွန့်ခွာသွားရတော့သည်။
လင်းယုန်သည် ကျီးကန်းကို မတိုက်ခိုက်
ကျီးကန်းကြောင့်လည်း အာရုံမပျက်
သူ့အစွမ်းကို မြှင့်တင်ပြီးရင်း မြှင့်တင်သွားသည်။
နောက်ဆုံး သူသည်သာ အနိုင်ရသူဖြစ်သွားသည်။
ကျွန်တော်တို့ ထိုအဖြစ်အပျက်လေးမှ သင်ခန်းစာယူစရာတွေရှိပါသည်။
“အရေးမပါသည့်သူတွေအတွက် မိမိစွမ်းအား (အင်အား) တွေကို မဖြုန်းတီးမိပါစေနှင့်”
ကိုယ့်ကို မနာလိုမှုမှသည် အတင်းပြောမှုူများ၊ မနာလိုမှုမှသည် အမုန်းစကားတွေကို ပြောသူပေါင်းများစွာ ကြုံတွေ့နိုင်ပါလိမ့်မည်။
ထိုသူတို့သည် ကိုယ့်ကျောပေါ်ကို လာတက်စီးသည့် ကျီးကန်းလိုကောင်တွေဟုသာ သဘောထားလိုက်စေလိုပါ သည်။
အရာရာကို လိုက်ပြီးတုံ့ပြန်နေရန်မလိုကြောင်း သတိပြုစေချင်ပါသည်။
ကျွန်တော်တို့ လင်းယုန်နှင့်ကျီးသင်ခန်းစာမှ ဘာတွေကို ထုတ်ယူနိုင်သနည်း။
လင်းယုန်သည် သူ့ကျောပေါ်တက်လာပြီး လည်ပင်းကို လာဆိတ်သည့် ကျီးကန်းကို အချိန်ကုန်ခံပြီး ပြန်လည် မတိုက်ခိုက်ရခြင်းမှာ ကျီးကန်းကို သူ့ပြိုင်ဘက် (Equal Partner) မဟုတ်မှန်း သိနေသောကြောင့်ဖြစ်သည်။
အာဏာနှင့်ဂုဏ်ကို သိမ်းပိုက်လိုသော ကျီးလိုကောင်တွေက တစ်ဖက်သားဒေါသထွက်စေရန်နှင့် တုံ့ပြန်စေရန် ဆွပေးနေကြမည်သာဖြစ်သည်။ ကိုယ်က ကျီးကန်းလိုကောင်တွေကို လိုက်တုံ့ပြန်နေလျှင် ကျီးကန်း၏အဆင့် (Level) ထဲကို လိုက်ဆင်းသွားသလို ဖြစ်သွားပေလိမ့်မည်။ လင်းယုန်၏ နည်းဗျူဟာမှာ လျစ်လျူရှုနည်းနှင့် တိုက်ခိုက်ခြင်းဖြစ်သည်။ လင်းယုန်သည် ပြဿနာကို ရင်ဆိုင်ရန်အတွင် မြေပြင်ကို မရွေးချယ်ခြင်းမှာလည်း သူ့ဗျူဟာဖြစ်သည်။
နိုင်ငံရေးအရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ ကိုယ့်ကိုလာပြီးနှောင့်ယှက်သူများရှိလာလျှင် သူတို့ကို အချိန်ကုန်ခံပြီး အင်အားလည်း အကုန်ခံစရာမလိုပေ။ ကိုယ့်အရည်အချင်း၊ ကိုယ့်သိက္ခာအဆင့်အတန်းကို ပိုမြင့်အောင် တည်ဆောက်လိုက်ခြင်းဖြင့် အနိုင်ယူလိုက်ရန်သာဖြစ်သည်။
တင်ညွန့်
၁၄.၂.၂၀၂၆