အတွင်းခံတပ်တည်ဆောက်ခြင်း
အတွင်းခံတပ်တည်ဆောက်ခြင်း
-----------------------------------
ယနေ့ကာလတွင် လူတွေသည် အမှန်တရားကို ကာကွယ်ရန်ထက်၊ အများအကြိုက်နှင့် အကျိုးအမြတ်ကိုသာ အကာအကွယ်ပေးနေကြသည်ကို တွေ့ရပါသည်။
ဆိုလိုသည်မှာ မူထက် လူကိုဦးစားပေးနေကြသည်ဟု မြင်ပါသည်။ တရားမျှတမှုထက် အခွင့်အရေးကို ရှေ့တန်းတင်လာကြသည့် လူ့အဖွဲ့အစည်းဖြစ်လာကြသည်။ အမှန်တရားထက် အကျိုးအမြတ်ကို ရှေ့တန်း တင်လာကြသည့်သဘောပင်။
ကိုယ်နှစ်သက် ကိုးကွယ်သည့် ဘာသာရေးပုဂ္ဂိုလ်တစ်ဦးဦးက အမှားတစ်ခုခု လုပ်လိုက်၊ ပြောလိုက် သည်ဆိုလျှင်ပင် မှားမှန်းသိသိနှင့် အဲဒါအမှားဟု မပြောတော့ဘဲ အတင်းအကျပ်အကာအကွယ်ပေးနေကြ သည်။
ထို့ကြောင့် အမှန်တရားဆိုသည်မှာ ပျောက်ကွယ်သွားပြီး ထိုစကားသည် “ဘယ်သူပြောတာလဲ” ဆိုခြင်းက ပိုပြီး အရေးကြီးလာသည်။ ယင်းသည် လူ့အဖွဲ့အစည်းကို မျက်ကွယ်ပြုသည့် ပုဂ္ဂိုလ်စွဲအန္တရာယ်ဖြစ်သည်။
အမှန်တရားဘက်က ရပ်တည်လိုက်လျှင် ကိုယ့်အတွက် အန္တရာယ်ရှိကောင်းရှိနိုင်သည် သို့မဟုတ် အကျိုး အမြတ် မရှိနိုင်ဟူ၍တွေးလိုက်သည့် အခါတွင် လူတွေက အမှားကို သိသိနှင့် ငြိမ်နေကြတော့သည်။ အချို့ဆိုလျှင် အားကြီးသူဘက်က သို့မဟုတ် အာဏာရှိသူဘက်က မိမိအကျိုးအမြတ်အတွက် လိုက်လံ အကာအကွယ်ပေးနေမှုူများကိုပင်တွေ့ရသည်။
ရလဒ်ကားအဘယ်နည်း
အားနည်းသူတို့အတွက် အမှန်တရားပျောက်ကွယ်ပြီး၊ အားကြီးသူတွေက အမြဲမှန်သည်ဆိုသော အတွေးအခေါ် တွေ ဝင်လာနိုင်သည်။
အမှန်တရားအပေါ် အခြေမခံဘဲ အုပ်စုစွဲ၊ ဝါဒစွဲအပေါ်တွင် အခြေခံသဖြင့် အချင်းချင်း ရန်လိုမှုတွေ များလာသည်။
“ရိုးသားခြင်း” ထက် “လိမ္မာပါးနပ်ခြင်း” က ပိုပြီးတန်ဖိုးရှိသည်ဟု အထင်မှားလာနိုင်သည်။
ယနေ့ခေတ်တွင် “ငါ့အတွက် ဘာအကျိုးအမြတ်ရှိမလဲ” နှင့် “အဲဒါ ငါ့လူလား … ငါ့ဘက်သားလား” ဆိုသည့် အတွေးအခေါ်တွေနှင့် လောကကြီးကို ရှုမြင်နေသည်။ ကိုယ့်ပရိသတ်နှင့် အာဏာ သို့မဟုတ် ငွေကို ကာကွယ်ရန်အတွက် အမှန်တရားကို လျစ်လျူရှုထားကြတော့သည်။
ထို့ကြောင့်
မည်သူ့ကို ကြိုက်ခြင်း၊ မကြိုက်ခြင်းထက် အမှန်တရားကို ကိုယ်တိုင်ဆင်ခြင်တုံတရားနှင့် ဆုံးဖြတ်နိုင်သည့် Internal Freedom ကိုပြန်လည်တည်ဆောက်ရန် လိုအပ်လာသည်။
အတွင်းစိတ်လွတ်မြောက်မှု (Internal Freedom) ဆိုသည်မှာ ပြင်ပလောကတွင် ကျွန်တော်တို့၏ ရုပ်ခန္ဓာကို ချုပ်နှောင်ထားနိုင်သော်လည်း ကျွန်တော်တို့၏ စိတ်ဓာတ်နှင့်အတွေးအခေါ်ကို လာရောက်ချုပ်ကိုင်၍မရဆို သည့် စိတ်ပိုင်းဆိုင်ရာ အချုပ်အခြာအာဏာဖြစ်သည်။
သာမန်လူတွေသည် ပြင်ပအဆိုးတစ်ခုခုနှင့်ကြုံလာလျှင် (ဥပမာ တစ်ယောက်ယောက်က ဆဲလိုက်လျှင်) ချက်ချင်း ဒေါသထွက်ကာ တုံ့ပြန်တတ်ကြသည်။ ယင်းသည် External Control အောက်ရောက်သွားသည့် သဘောဖြစ်သည်။
Internal Freedom ရှိသူတစ်ယောက်သည် ပြင်ပလှုံ့ဆော်မှုနှင့် ကိုယ့်တုံ့ပြန်မှုကြားတွင် နေရာလပ်တစ်ခုကို အမြဲထားသည်။ ထိုနေရာလပ်ထဲမှသူက “ငါဒေါသနဲ့ ပြန်ထွက်မလား … လျစ်လျူရှုမလား … စာနာပေးမလား” ဟူ၍ ရွေးချယ်တတ်ကြသည်။
Internal Freedom ရှိသူတစ်ယောက်သည် ကိုယ့်ပျော်ရွှင်မှု၊ တည်ငြိမ်မှုနှင့် ကျင့်ဝတ်များကို ပြင်ပ အခြေအနေများက သက်ရောက်ခြင်းအား လုံးဝလက်မခံသူတွေဖြစ်သည်။
“မင်း ငါ့ကို နှိပ်စက်လို့ရတယ် … ဒါပေမဲ့ ငါ့ကို မုန်းတီးသူဖြစ်အောင် လုပ်လို့မရဘူး” ဆိုသည့် ခံယူချက်မျိုး ရှိသူတို့သည် ကိုယ့်အတွင်းစိတ်ကို အောင်နိုင်သူများဖြစ်ကြသည်။
Internal Freedom ကို Stoic ဒဿနပညာရှင် Marcus Aurelius က “အတွင်းခံတပ်” ဟူ၍ တင်စားသည်။ လောကကြီး မည်မျှ ပရမ်းပတာဖြစ်နေပါစေ ကိုယ့်အတွင်းစိတ် ယုံကြည်ချက်နှင့် ခံယူမှုကို မည်သူမျှ လာရောက်ဖျက်ဆီး၍မရဘဲ အေးချမ်းမှုနှင့် အမှန်တရားကို တည်ဆောက်နိုင်သည့် အတွင်းခံတပ်လုံခြုံရန် အရေးကြီးသည်။
“ငါသည်သာ ငါ့ဘဝ၏အရှင်သခင်” ဆိုသည့် စိတ်ဓာတ်မျိုးဖြစ်ရန်အတွက် Internal Freedom သည် မရှိမဖြစ် လိုအပ်သည်။
Internal Freedom ရှိသူသည်
- မည်သူမှိုင်းတိုက်သည်ဖြစ်စေ မယုံပေ (ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသောကြောင့်)
- မည်သူ ခြိမ်းခြောက်သည်ဖြစ်စေ မကြောက်ပေ (ကိုယ့်တန်ဖိုးကိုယ်သိသောကြောင့်)
- မည်မျှဆင်းရဲသည်ဖြစ်စေ ဂုဏ်သိက္ခာမပျက် (အဓိပ္ပာယ်ကို ရှာတွေ့သောကြောင့်)
တစ်နည်းဆိုရလျှင် Internal Freedom ဆိုသည်မှာ လူသားတစ်ယောက် ပိုင်ဆိုင်နိုင်သော အကြီးမားဆုံး “အာဏာ” တစ်ခုဖြစ်သည်။
တင်ညွန့်
၂၁.၂.၂၀၂၆