သူဌေးဝါဒ

 ‎သူဌေးဝါဒ (၂၀)(စ/ဆုံး)


‎——————–

‎ထိုနှစ်က ရေအလွန်ကြီးသောနှစ်ဖြစ်သည်။ မိုးကလည်းကြီးသည်။ အိမ်မိုးရန် တောင်ထန်းဖိုးငွေမတတ် နိုင်သေးသဖြင့် အမိုးပေါက်တွေကိုဖာထေးကာ စာအုပ်တွေကို ဟိုရွှေ့ သည်ရွှေ့နေရသည်။ ထိုကြားထဲရေက တက်လာသည်။ ကျွန်တော်နေသည့်ရပ်ကွက်ကအမြင့်ပိုင်းတွင်ရှိနေသဖြင့် ရေမရောက်နိုင်သေး။

‎ကျွန်တော်တာဝန်ကျရာ မူလတန်းကျောင်းလေးသည်ပင် ရေမြုပ်သွားသည်။ နှစ်ထပ်ကျောင်းကြီးမှာ အောက်ထပ်မြုပ်တော့မည်။ စာသင်ဘောတွေ၊ ခုံတွေကို အပေါ်ထပ်ကို ရွှေ့ကြရသည်။ ရပ်ကွက်ထဲတွင်လည်း ရေများဝင်ပြီး အိမ်တွေ မြုပ်နေသောကြောင့် လူတွေ ဘုန်းကြီးကျောင်းကို အပြောင်းအရွှေ့ လုပ်နေရသည်။

‎ကိုယ့်အပူနှင့်ကိုယ် ကျွန်တော့်ကျောင်းဘက်ကို လာရောက်ကူညီနိုင်ခြင်းမရှိသဖြင့် ကျွန်တော်နှင့် အထွေထွေ လုပ်သား နှစ်ယောက်တည်း ခုံတွေကိုထမ်းပြီး ကျောင်းအပေါ်ထပ်ကိုတင်နေစဉ် ဦးလေးသိန်းက လှေတစ်စင်းနှင့် ရောက်လာသည်။

‎“ဆရာ … တစ်ယောက်တည်း လုပ်နေရသလား”

‎“ကိုစိုးသိန်းလည်းရှိပါတယ်”

‎“ကျွန်တော့် အလုပ်သမားတွေ လွှတ်ပေးရမလား”

‎“နေပါ ဦးလေးသိန်းရယ် … ပြီးတော့မှာပါ။ ဒါနဲ့ ရေတွေ မိုးတွေနဲ့ ဘယ်ကိုလာတာလဲ”

‎“ကျွန်တော့် ဆေးလိပ်ခုံက ဆေးလိပ်သမတွေရဲ့အိမ်တွေ အခြေအနေလိုက်ကြည့်တာ”

‎“အားလုံး ရေနစ်ကုန်ပြီ ဦးလေးသိန်းရေ”

‎“ဟုတ်တယ်ဆရာရေ … ဒါနဲ့ ဆရာပြန်ရင် ကျွန်တော့်အိမ်ကို ဝင်လာပါဦးလား … ကျွန်တော် ဆရာနဲ့ တိုင်ပင်စရာ ရှိလို့”

‎“ဝင်ခဲ့မယ်လေ ဦးလေးသိန်း”

‎ကျွန်တော်နှင့် ကျောင်းလုပ်သား ကိုစိုးသိန်းတို့ အောက်ထပ်မှ သိမ်းဆည်းစရာတွေကို သိမ်းပြီးနောက် ကျွန်တော်က ရေပြင်ကျယ်ကြီးထဲမှာပင် လက်ပစ်ကူးကာ ရေချိုးလိုက်သည်။ ထို့နောက် အဝတ်ခြောက် တွေကို လဲပြီး ဦးလေးသိန်း ဆေးလိပ်ခုံကို လှေတစ်စင်းငှားကာ ထွက်လာခဲ့သည်။

‎ဦးလေးသိန်းက မှာထားသဖြင့် သူ့ခြံစောင့်က ကျွန်တော့်ကို ဦးလေးသိန်းတိုက် အပေါ်ထပ်ကို ခေါ်သွားသည်။

‎“လာ … ဆရာရေ … ဆရာလာမယ်ပြောတယ်”

‎ဦးလေးသိန်း ဇနီးဖြစ်သူက ကျွန်တော့်ကိုကြိုဆိုပြီး ဧည့်ခန်းတွင်ထိုင်ခိုင်းသည်။

‎“ဦးလေးသိန်းရောအဒေါ်”

‎“အဲဒီမှာလေ … မိုးထဲလေထဲက ပြန်လာပြီး ဖျားချင်သလိုလိုဆိုပြီးတော့ ဆေးသောက်ပြီး ဝင်အိပ်နေလေရဲ့။ ဆရာလာရင် နှိုးဖို့ပြောထားတယ်”

‎“အို မနှိုးပါနဲ့ … ကျွန်တော်နောက်မှလာခဲ့မယ်”

‎“ကျွန်တော် နိုးနေပါပြီဆရာ”

‎ဦးလေးသိန်းက အခန်းထဲက ထွက်လာသည်။

‎“ငါ့ကို ကော်ဖီပူပူလေးတစ်ခွက်လောက် … ဆရာရော ဘာသောက်မလဲ”

‎“မသောက်တော့ဘူးဦးလေးသိန်း … ထမင်းစားချိန်နီးနေလို့။ ကျွန်တော့်ကိုခေါ်တာ ဘာကိစ္စလဲ”

‎“ဒီလိုဆရာရေ … ကျွန်တော့်ဆေးလိပ်ခုံက လုပ်သားတွေ သိပ်ဒုက္ခရောက်နေကြတယ်။ စားစရာ ဆန်လိုတယ်။ အဲဒါ ဆရာ့ကျောင်းကနေ ဆန်ဝေပေးလို့ ဖြစ်မလား။ ဘုန်းကြီးကျောင်းမှာကလည်း ခြေချစရာတောင်မရှိဘူး”

‎“ဦးလေးသိန်းက ဆန်ဘယ်လောက်တောင်ဝေမှာလဲဗျ”

‎“ကျွန်တော့် ဆေးလိပ်သမတွေသာမက တစ်ရပ်ကွက်လုံးကိုဝေမယ်ဗျာ။ အဲဒါ ပထမဆုံး ဆန်အိတ်တွေ ထားဖို့နဲ့ စောင့်ရှောက်ဖို့က ဆရာ့ကျောင်းပဲ မျက်စိထဲမြင်တယ်။ လုံခြုံတယ်ထင်လို့ပါ။ နောက်ပြီး ဝေတဲ့ကိစ္စမှာလည်း ဆရာ့ကို ကူညီစေ့ချင်တယ်။ ကျွန်တော်က ပေါင် ၁၁၀ အိတ် ၅၀ လောက် လှူဖို့ စိတ်ကူးထားတယ်”

‎“ဟာ အများကြီးပဲ”

‎“ဟုတ်တယ်ဆရာ … ကျွန်တော် ဘုန်းကြီးကျောင်းတွေအတွက် ဆိုပြီးတော့ အစိုးရဆီကနေလျှောက်ထားတာ။ ခုတော့ ရေဘေးအတွက်လှူလိုက်တော့မယ်”

‎“ကောင်းတယ်ဗျာ … ဒါနဲ့ ဘယ်သူတွေကို လှူပေးရမလဲ”

‎“ကျွန်တော် ဘုန်းကြီးကျောင်းထဲကို ရောက်ခဲ့ပြီးပြီ။ အိမ်ထောင်စုတွေကို စာရင်းလိုက်ကောက်ကြည့်လိုက်တာ ၆၀ လောက်ရှိမယ်။ ဒါက ဘုန်းကြီးကျောင်းကို ရောက်လာတာတွေ။ ဆရာ့ကို ကူညီစေ့ချင်တာက ကျွန်တော်လည်း နေမကောင်းတော့ ကုန်သွယ်ရေး ဂိုဒေါင်ကနေ ဆန်ထုတ်တာကအစ၊ ကျောင်းပေါ် ရောက်အောင်သယ်ပြီး … နောက်ဆုံး ဝေတဲ့အထိက ဆရာကပဲ ဦးဆောင်ပြီး လုပ်ပေးစေချင်တာပါ”

‎“လုပ်ပေးရမှာပေါ့ဗျာ … အပိုင်းထဲက ဒုက္ခရောက်နေတဲ့သူတွေကလည်း ကျွန်တော့်ကျောင်းက ကလေး တွေရော သူတို့ မိဘတွေရောလေ … ကျွန်တော် ကူညီမယ်”

‎“ဝမ်းသာတယ်ဆရာ … ကျွန်တော် နေမကောင်းလို့ပါ။ ပြီးတော့ ရပ်ကွက်လူကြီးတွေ လက်ထဲကို ဝကွက်ပြီး အပ်လိုက်ဖို့ဆိုတာလည်း အရှင်းဆုံးပြောရရင် မယုံဘူးဗျ”

‎“ကျွန်တော် ဝေတဲ့အခါကျရင် သူတို့မပါလို့ မဖြစ်ဘူး ဦးလေးသိန်း”

‎“ဆရာ့ကိုကျတော့ အားလုံးက ကြည်ညိုလေးစားကြတယ်လေ။ ပြီးတော့ ကျွန်တော့်စကားထက် ဆရာ့စကားကို ပိုပြီး အလေးထားကြတာ”

‎“အဲဒီလောက်ကြီးလည်း မဟုတ်ပါဘူးဗျာ”

‎ဦးလေးသိန်းက စားပွဲပေါတင်ထားသော ဖိုင်တွဲကို ဖွင့်လိုက်ပြီး ပြေစာ ဘောင်ချာများကို ထုတ်လိုက်သည်။ ကုန်သွယ်ရေးမှ ဆန်ခွဲတမ်း အိတ် ၅၀ ရောင်းချပေးရန် ထောက်ခံစာတွေ၊ ပြေစာတွေ အပြည့်အစုံရပြီးဖြစ် သည်။

‎“ဆရာ ကျွန်တော့်ကို ကူညီပေးရမှာက ဒီဘောင်ချာထဲမှာ ပါတဲ့အတိုင်း ဘဏ်မှာ ငွေသွားသွင်းပေးဖို့ပဲ။ ငွေသွင်းပြီးရင် ဘဏ်ကချလံယူပြီးတော့ ရဲတံခွန်ရုံရှေ့က ကုန်သွယ်ရေးရုံးမှာ ဘောင်ချာတစ်ခါ ထပ်ဖြတ်ရဦး မယ်။ အဲဒီက ဘယ်စက်မှာထုတ်ရမယ်ဆိုပြီး ချပေးလိမ့်မယ်”

‎“ကျွန်တော် ကျောင်းအတွက် ဆန်ထုတ်ဖူးပါတယ်။ အဲဒီ အစီအစဉ်တွေကို လုပ်နိုင်ပါတယ်”

‎ဦးလေးသိန်းက စာရွက်စာတမ်းတွေ အပြည့်အစုံ ကျွန်တော့်လက်ထဲ ထည့်ပြီးနောက်

‎“ဒါက ဘဏ်မှာ သွင်းရမယ့်ငွေတွေဆရာ”

‎ကျွန်တော်က ဘောင်ချာထဲက ငွေသားအတိုင်း ဦးလေးသိန်းပေးသည့် ငွေပမာဏ ကိုက်ညီမှု ရှိ၊ မရှိကို သားရေကွင်းနှင့်စည်းထားသည့် အထပ်တွေအားဖြေကာ တစ်ရွက်ချင်းရေတွက်စစ်ဆေးရန်ပြင်လိုက်သည်။ ဦးလေးသိန်းသည် တိကျသူဖြစ်သော်လည်း ကျွန်တော်က ငွေရေးကြေးရေး ကိစ္စဖြစ်နေသဖြင့်

‎“ဦးလေးသိန်း ကျွန်တော် စစ်ကြည့်မယ်နော်”

‎“စစ်ပါ … စစ်ပါ”

‎ဦးလေးသိန်းက ပြုံးပြီးပြောသည်။

‎ကျွန်တော်က ငွေများကို ရေတွက်ပြီးနောက် ဘောင်ချာထဲက အရေအတွက်နှင့် ကိုက်ညီသဖြင့် သားရေးကွင်းတွေနှင့် ငွေတွေကို ဘောင်ချာတွေနှင် ပြန်ပတ်ကာ လွယ်အိတ်ထဲထည့်လိုက်သည်။ ထို့နောက်

‎“ဒါပဲ မဟုတ်လား ဦးလေးသိန်း … ကျွန်တော် ပြန်တော့မယ်”

‎“ဆရာ … နေပါဦး”

‎“ဘာကိစ္စရှိသေးလို့လဲ”

‎“ဆရာ မနက်ဖြန် ဘဏ်ကိုသွားရမယ်နော်”

‎“ဟုတ်ကဲ့”

‎“ဘာနဲ့သွားမလဲ”

‎“ကျွန်တော့်မှာ စက်ဘီးရှိတယ်လေ … စက်ဘီးနဲ့ သွားမှာပေါ့”

‎“ဟုတ်ပြီ … ဘဏ်ကို စက်ဘီးနဲ့ သွားလို့ရတယ်။ ကုန်သွယ်ရေးရုံးကို စက်ဘီးနဲ့ သွားလို့ရတယ်။ နောက်ဆုံး ဆန်စက်ကလည်း ဆရာ စက်ဘီးနဲ့ သွားလို့ရတယ်။ ကဲဗျာ ဆန်အိတ်တွေ ထုတ်လာပါပြီတဲ့။ ဆရာ စက်ဘီးနဲ့ တစ်အိတ်ချင်း ကျောင်းကို ရွှေ့မလို့လား”

‎“ဟာ အိတ် ၅၀ လုံးတော့ မဖြစ်နိုင်ဘူးပေါ့ခင်ဗျာ။ ဒီနီးနီးနားနား ဆန်စက်က ဆန်ကို ထုတ်ရရင်တော် သေးတယ်။ ပိုလန်ဂိုဒေါင်ကဆိုရင် ဘယ်တတ်နိုင်မလဲ”

‎“အဲဒါကို ပြောချင်တာ။ နောက်ပြီး ဘဏ်ကိစ္စ၊ ရုံးကိစ္စတွေက ခုဝင်၊ ခုပြီး မယ်လို့ထင်သလား။ ဆရာ ကံကောင်းမှ နေ့ချင်းပြီးမှာ။ နေ့လယ်စာ စားဖို့ကိစ္စ”

‎“ရပါတယ် ဦးလေးသိန်းရာ”

‎“ရပါတယ်မလုပ်နဲ့ … ဆန်ထုတ်ရင် ဂိုဒေါင်ကထုတ်ထုတ်၊ ဆန်စက်ကထုတ်ထုတ် အလုပ်သမားခရှိတယ်။ သယ်ယူဖို့ ကားခတွေရှိတယ်။ ဒီရောက်ရင် လှေနဲ့ အလုပ်သမားနဲ့ ကျောင်းပေါ်ရောက်အောင်တင်ရမှာ ဆရာ တစ်ယောက်တည်း လုပ်နိုင်သလား”

‎“မလုပ်နိုင်ပါဘူး”

‎“ဆရာ လုပ်နိုင်လည်း မလုပ်ရပါဘူး။ နေရာတိုင်း သူ့အတိုင်းအတာနဲ့သူ ပေးရမှာတွေရှိတယ်။ ကုန်ကျရမှာ တွေရှိတယ်။ ခရီးစရိတ်တွေရှိတယ်။ ဒါတွေက ဆရာစိုက်စရာမှ မလိုတာ။ ကျွန်တော်လှူမယ်ဆိုကတည်းက ဒါတွေကို တွက်ပြီးသား။ ရော့ပါဆရာ … ဒါငွေက ဆရာကုန်ကျနိုင်မယ့် စရိတ်တွေအားလုံးအတွက် ငွေတွေပါ”

‎ဦးလေးသိန်းက ကျွန်တော့်ကို သားရေကွင်းနှင့်စည်းထားသည့် ငွေတစ်ထပ်ကို နောက်ထပ်ထုတ်ပေးသည်။

‎“အများကြီးပဲ ဦးလေးသိန်း”

‎“ဆရာ့ကို အားလုံး လွှဲလိုက်ပြီဗျာ … လိုတဲ့နေရာ လိုတာကိုသုံးပါ။ ကျွန်တော့်ကို ပြန်တိုင်ပင်စရာ မလိုဘူး”

‎ကျွန်တော် နောက်တစ်နေ့တွင် ဆန်ထုတ်ဝေရေးကိစ္စတွေကို စတင်လှုပ်ရှားသည်။

‎ဌာနဆိုင်ရာများနှင့် ဆက်ဆံရသည်မှာ ဘဏ်ကတည်းက စိတ်ပျက်စရာတွေဖြစ်သည်။ ဘဏ်ဖွင့်ကတည်းက ငွေသွင်းရန်စောင့်လိုက်သည်မှာ နေ့လယ်မှ ကိစ္စပြီးသည်။

‎ကုန်သွယ်ရေးရောက်တော့လည်း ဆန်ကောင်းရရေး လာဘ်ထိုးရပြန်သည်။ ငစိန်ဆန်အစား ကောက်သွယ် ဆန်ရရေးအတွက် မန်နေဂျာနှင့်ဝင်တွေ့ပြီး ပြောလိုက်ရသည်။ နောက်ဆုံး “ပုပ်မလေး” နည်းဖြင့် အားလုံး ပြေလည်သွားသည်။ ဆန်စက်ကိုသွားထုတ်တော့ ညနေ ၅ နာရီထိုးနေပြီဖြစ်သဖြင့် ထုတ်မရတော့။

‎နောက်တစ်နေ့ ကားငှားပြီးသွားထုတ်သည့် အခါတွင်လည်း တီအီးတွေပေါ်ကို အစိုးရခွဲတမ်းတွေ တင်နေသည် ဆိုကာ ကျွန်တော့် ဆန်အိတ် ၅၀ ကို မထုတ်ပေးသေးပဲ ကပ်ထားသည်။ အလုပ်သမားခေါင်းတစ်ယောက်နှင့် ရင်းနှီးသဖြင့် သူ့ကိုသွားကပ်ပြောကာ ဆန်စက်စာရေးနှင့်ပေါင်းပြီး ကိုယ့် ဆန်အိတ် ၅၀ ကို ထုတ်ပေးရန် လုပ်ရသည်။ ရိုးရိုးမရ သူလည်း “ပုပ်မလေး” လိုင်းနှင့် သွားရပြန်သည်။

‎ဆန်ကိုလည်း အိတ်မပေါက်ကောင်းကောင်းရနိုင်ရန် ဂိုဒေါင်စောင့်ကို “ပုပ်မလေး” ရပြန်သည်။

‎ညနေ ၃ နာရီလောက်မှ ဆန်ထုတ်လာပြီး ကျောင်းကိုရွှေ့ရန်လုပ်သည့်အခါတွင် ရပ်ကွက်လူကြီးတွေနှင့် စီစဉ်ထားသည့်အတိုင်း လှေတွေ၊ လုပ်အားပေးတွေနှင့် ဆန်တွေကို ကျောင်းပေါ်ရွှေ့ရပြန်သည်။ ညမိုးချုပ်မှ အလုပ်ပြီးသည်။

‎ညမိုးချုပ်တော့လည်း ကျောင်းတွင် ဆန်အိတ်တွေကို ဒီအတိုင်းထားခဲ့ရန် စိတ်မချသဖြင့် ကျောင်းစောင့်နှင့် ညအိပ်စောင့်ရင်း ရပ်ကွက်လူကြီးကပေးသည့် လူဦးရေစာရင်းနှင့် ဆန်ကို ခွဲတမ်းချရပြန်သည်။ မိုးလင်းခါနီး လောက်မှ စာရင်းပြီးသည်။

‎နောက်တစ်နေ့ နံနက် ၇ နာရီလောက်ကတည်းက ဆန်ဝေလိုက်သည်မှာ နေ့လယ် ၁ နာရီထိုးမှ ပြီးတော့သည်။ ညကတည်းက ညစာလွတ်ပြီး ဆန်တွေအားလုံးကုန်မှ ထမင်းထွက်စားရသည်။

‎ဆန်အိတ်တွေက အပေါင်ငွေတင်ထားခဲ့ရသဖြင့် ဆန်စက်ကို ပြန်ပို့ရသည်။ စရိတ်ထပ်ကုန်သည်။

‎ညနေစောင်းသော် ကျွန်တော်လည်း လူပန်း စိတ်ပန်းနှင့် ဦးလေးသိန်းထံ ထွက်လာသည်။

‎ဦးလေးသိန်းက ကျွန်တော့်ကို အပြုံးနှင့် ဆီးကြိုသည်။

‎“ဘယ့်နှယ်ဆရာ … တော်တော်လေးမှ ပင်ပန်းသွားသလား”

‎“မပြောပါနဲ့တော့ဗျာ … ဦးလေးသိန်းကို အားလုံးကိစ္စတွေပြီးသွားကြောင်း လာပြောတာ။ ဒီမှာ ဘောင်ချာတွေ၊ ပြေစာတွေ၊ ကုန်စရိတ်စုစုပေါင်း စာရင်း။ ဟောဒီမှာ ပိုငွေ”

‎“ဆရာ … ကျွန်တော်က ဆရာလိုက်လုပ်ရတဲ့ကိစ္စတွေအတွက် ကုန်ကျမှာကို မတွက်ထားဘူးထင်သလား”

‎“မထင်ပါဘူး … ဦးလေးသိန်းက စနစ်ရှိသူပဲ”

‎“အဲဒီ ပိုငွေဆိုတာ ရှိကို မရှိရဘူးဆရာ … ကျွန်တော် ကျွန်တော့်လူယုံ မန်နေဂျာကို ခိုင်းရင်တောင် လိုငွေဆိုပြီး စာရင်းတင်တာ။ ဆရာ့ကျမှ ပိုရတယ်လို့”

‎“ပိုတာ ပိုလို့ပေါ့ဦးလေးသိန်းရယ်”

‎“ဆရာ ယူသွားပါ … ကျွန်တော့်ကို ပြန်မပေးနေပါနဲ့။ ကျွန်တော်က ကိစ္စအပြတ် လှူတာပါ”

‎“ဦးလေးသိန်းကို လေးစားပါတယ်။ ခင်မင်တာ တစ်ပိုင်းပါ။ အလုပ်က တစ်ပိုင်းပါ။ သူများလှူတဲ့အထဲ လုပ်အားပါဝင်ခွင့်ရတာ နည်းတဲ့ ကုသိုလ်မဟုတ်ပါဘူး။ ကျန်တာ ကျွန်တော့်အတွက် မလိုပါဘူး”

‎ကျွန်တော်က အပြတ်ပြောကာ လှည့်ထွက်ခဲ့သည်။ ဦးလေးသိန်းက လက်ပိုက်ပြီး ပြုံးကာ ကျန်ခဲ့သည်။

‎ကျွန်တော် အိမ်ပြန်ရောက်တော့ အိမ်အမိုးက မလုံသဖြင့် ရေတွေယိုကာ စာအုပ်တွေ စိုကုန်သည်။ ညကြီးမင်းကြီး တောင်ထန်းပေါက်တွေကို အောက်မှ ဖက်ထိုးကာ ဖာရသေးသည်။ ထိုညတွင်မှ ကျွန်တော် စိတ်ချလက်ချ အိပ်ရတော့သည်။ မိုးကလည်း ပါးပြီး ရေကလည်း ကျသွားပြီ။

‎နောက်တစ်နေ့ ကျွန်တော် အိပ်ရာကမနိုးမီ

‎“ဆရာ … ဆရာ” ဟု အော်သံကြားရသဖြင့် အိမ်ပြင်ကို ထွက်ကြည့်လိုက်သည်။ ကုန်တင်ကားကြီးနှင့် တောင်ထန်းတွေကိုတွေ့လိုက်ရသည်။

‎“ဘာတွေလဲဗျ”

‎“ဆရာ့အိမ်ကို တောင်ထန်းတွေ လာချတာ”

‎“ကျွန်တော် မမှာထားပါဘူး”

‎“ဦးသိန်းက ပို့ခိုင်းလိုက်တာခင်ဗျ”

‎မကြာမီ ဦးလေးသိန်း လွှတ်လိုက်သော လူ ၅ ယောက် ရောက်လာသည်။ သူတို့က ကျွန်တော့် အိမ်အမိုးကို ဖျက်ချပြီး တောင်ထန်းအသစ်တွေနှင့် မိုးပေးသွားသည်။

‎အိမ်မိုးပြီးသော် အမှိုက်တွေပါ ရှင်းပေးပြီးမှ ပြန်သွားသည်။

‎ကျွန်တော် နွေကတည်းက အိမ်မိုးချင်နေသည်။ ပိုက်ဆံ မတတ်နိုင်သဖြင့် ထားလိုက်ရသော အိမ်အမိုးမှာ ယခုတော့ အမိုးသစ်လေးဖြစ်သွားသည်။

‎နောက်ပိုင်း ဦးလေးသိန်းနှင့်ကျွန်တော်တွေ့တော့

‎“ဦးလေးသိန်း ကျေးဇူးတင်ပါတယ်ခင်ဗျာ” ဟုပြောလိုက်မိသည်။

‎သူက ကျွန်တော့်ကို စိမ်းစိမ်းကြည့်ရင်း

‎“ဘာကိုလဲဆရာ” ဟု ပြန်မေးလိုက်သည်။

‎တင်ညွန့်

‎၂၁.၂.၂၀၂၅