ဘိုဆံတောက် (စ-ဆုံး)
နုနုရည် (အင်းဝ)
သဲပြင်ချောင်းတစ်လျှောက်မှာ စူးရှတဲ့ နေရောင်က တရှိန်ရှိန်တောက်လို့။
ပူကျွတ်နေတဲ့ သဲမှုန်လေး တစ်မှုန်တောင် မလွင့်အောင် လေကလဲ ငြိမ်သက်နေတယ်။
အရိပ်မရှိ၊ နားခိုစရာမရှိ၊ ဘယ်နေရာကြည့်ကြည့် ခြောက်သွေ့နေတဲ့ အပူလွင်ပြင်ကြီး။
သဲပြင်ချောင်းရဲ့ သဲမှုန်ပူပူတွေပေါ်မှာ ဖိနပ်မပါတဲ့ ခြေဖဝါးပိုင်ရှင် နှစ်ယောက်။
ဘောင်းဘီညစ်ညစ်၊အင်းကျီမဲမဲနဲ့ ကလေးလေးက ဆံပင်စုတ်ဖွား၊ မျက်လုံးနီနီ၊ တစ်ကိုယ်လုံး အရက်နံ့တွေလှိုင်နေတဲ့ လူကြီးရဲ့လက်ကို တွဲထားတယ်။ လူကြီးရဲ့ လက်တစ်ဘက်မှာတော့ လေးထောင့်သစ်သားသေတ္တာလေးတစ်လုံးကို ဆွဲလို့။ သေတ္တာလေးပေါ်မှာ မြေဖြူနဲ့ရေးထားတဲ့ စာလုံးသုံးလုံးရှိတယ်။ `ဘို…ဆံတောက်´ တဲ့.။
သဲပြင်ချောင်းစပ်အကျော်က ရွာအ၀င်ကို ရောက်တာနဲ့ လူကြီးက အော်တယ်။
`ဘို…ဆံတောက်´
လက်တွဲထားတဲ့ ကလေးလေးကလဲ အော်လိုက်တယ်။
`ဘို…ချတောက်´
ပြီးတော့ နှစ်ယောက်စလုံး ပြိုင်တူအော်ကြပြန်တယ်။
`ဘို…ဆံတောက်´
****** ********** ********** *********** *******
`အဖေ´ လို့ ကျွန်တော် တိုးတိုးလေး ခေါ်ကြည့်မိတယ်။ `ဘို…ဆံတောက်´ လို့ တိုးတိုးလေး အော်ကြည်မိတယ်။ ပျော်နေတဲ့စိတ်ကြောင့် ကျွန်တော့်အသံက တုန်နေပြီ။ ကျွန်တော် ရင်တွေလဲ ခုန်နေတယ်။ တရိပ်ရိပ်ပြေးနေတဲ့ ကားကြီးရဲ့ အရှိန်လဲ ပါမှာပေါ့။ ကျွန်တော် အဖေ့ဆီ ပြန်လာနေပြီ အဖေ။ ဒီတစ်ခါ တကယ်ပြန်လာနေတာ။ အဟုတ်ပြန်လာနေတာ။ အိမ်မက် မက်တာ မဟုတ်တော့ဘူး အဖေရ၊ သိရဲ့လား ….. ။
အဖေနဲ့ ခွဲလာရကတည်းက ညဆို အိမ်မက်နှစ်ခု ကျွန်တော် အမြဲမက်တာ။ ဟောဒီလို ကားကြီးစီးပြီး အဖေ့ဆီ ပြန်လာနေတဲ့ အိမ်မက်ရယ်။
ပြီးတော့ ကျွန်တော်ငယ်ငယ်တုန်းက တစ်ရွာ၀င် တစ်ရွာထွက် အဖေ့ဆံပင်လျှောက်ညှပ်နေတဲ့ နောက်ကို တကောက်ကောက်လိုက်ရင်း ကျွန်တော်တို့ ရွာအထွက်က သဲပြင်ချောင်းကိုဖြတ်ရင်း `ဘို…ချတောက်´လို့ အော်နေတဲ့ အိမ်မက်ရယ်ပေါ့။
အခုတော့ ကျွန်တော် `ဘို…ဆံတောက်´ လို့ ပီပီသသ အော်တတ်နေပါပြီ။ အသက်ပဲ ဆယ့်လေးနှစ်ရှိလို့ ခြောက်တန်းတောင် ရောက်နေပြီလေ။
ကျွန်တော် ကျောင်းစနေတုန်းက သူများတွေထက် တစ်နှစ်နောက်ကျပြီးမှ ကျောင်းနေရတော့ အသက် ကိုးနှစ်ကျမှ `တစ်တန်း´ ရတယ်။
ကျွန်တော်တို့ရွာက ကလေးတွေအကုန်လုံး ခုနစ်နှစ်ကျမှပဲ ကျောင်းစလိုက်ကြတာ။ ထုံးစံပဲ။ ကျွန်တော်တို့ရွာက မြို့နဲ့ အင်မတန်ဝေးလံခေါင်သီပြီး ခြောက်သွေ့ရေရှားတဲ့ မြေလတ်ပိုင်းက ရွာကလေးတစ်ရွာပေ့ါ။ ရွာထဲကလူတွေ အကုန်လုံးဟာ အလုပ်လုပ်ကြတယ်။
အဖေက အဲ့ဒီယာသမားတွေကို တစ်ရွာ၀င်တစ်ရွာထွက် ဆံပင်လိုက်ညှပ်ပေးတဲ့သူပေါ့။ ကျွန်တော်တို့ ရွာနဲ့ မိုင်နှစ်ဆယ်ကျော်လောက်ဝေးတဲ့ မြို့မှာသွားပြီး ဆံပင်ညှပ်တဲ့ပညာကို အဖေ သင်ခဲ့တာတဲ့။ ကျွန်တော်တို့ရွာနီးစပ်ချုပ် သုံးလေးရွာမှ ဆံပင်ညှပ်ဆရာဆိုလို့ အဖေ တစ်ယောက်ပဲရှိတာ။
ရွာသားတွေ အကုန်လုံးကလည်း အဖေညှပ်ပေးတာ ကောင်းကောင်း မကောင်းကောင်း ဘာမှ မပြောကြပါဘူး။ အဖေ အရက် အမြဲတမ်းမူးနေတာကိုလည်း သည်းခံကြပါတယ်။ ကျွန်တော့်ကို သနားတဲ့ အတွက် ပိုက်ဆံလည်း အကြွေးမခံကြပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရွာက လူတွေက ဆံပင်ကို မတရားကြီးရှည်လာမှ ညှပ်ကြတာဆိုတော့ ကျွန်တော်တို့ သားအဖမှာ ပိုက်ဆံမရှိတာဘဲ များတယ်။ အဖေ အရက်သောက်ပစ်တာလည်း ပါတာပေါ့။
အဖေက အရက်ကို လူပျိုဘ၀ အမေနဲ့မရခင်တည်းက သောက်တတ်နေတာတဲ့။ အဖေ့ရဲ့အဖေ၊ အမေတွေက ငယ်ငယ်နဲ့ဆုံးကုန်ကြတော့ အဖေက မြို့ကအမျိုးတွေဆီသွားနေပြီး ဆံပင်ညှပ်ပညာတတ် လာတော့ ရွာကိုပြန်လာပြီး အမေနဲ့ရတာ။ အမေ့ခမျာလည်း အဖေသောက်တတ်မှန်းသိပေမယ့် ရွာနီးချုပ်စပ်က ယာသမား၊ ကိုင်းသမားတွေထက်စာရင်တော့ ဆံပင်ညှပ်ဆရာက ဂုဏ်သာတယ်ဆိုပြီး ယူမိတာ၊ ယူပြီးမှပဲ အရက်သမားမယား လုံးလုံးဖြစ်တော့တယ်။
ဒါ့ကြောင့်မို့ ကျွန်တော့်ကိုမွေးပြီး အမေသေသွားတော့ ရွာထဲကလူတွေက အေးခင် ၀ဋ်ကျွတ်တာပဲ လို့ ပြောသတဲ့။ လူဖြစ်လာတဲ့ ကျွန်တော့်ကို သနားကြသတဲ့။
ဘာပဲဖြစ်ဖြစ် အဖေ့ကို ကျွန်တော် ချစ်တယ်။ အဖေကလည်း ကျွန်တော့်ကို ချစ်ပါတယ်။ အဖေဟာ အရက်ဘယ်လောက်ပဲမူးမူး အချိန်တန်ရင် ကျွန်တော့်ကို ထမင်းကျွေးပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းကလည်း နို့ဆာလို့ ငိုပြီလားဆို မူးမူးနဲ့ ကျွန်တော့်ကို ပွေ့ပြီး ရွာထဲက သားသည်အမေတွေဆီ တစ်အိမ်တက် တစ်အိမ်ဆင်း နို့လိုက်တိုက်တော့တာပဲတဲ့။
သူဆံပင်ညှပ်သွားရင်သာ ကျွန်တော့်ကို အိမ်နီးချင်း အပ်ခဲ့တာ။ ပြန်လာတာနဲ့ ပွေ့ချီပြီး သူအရက်သောက်သွားတဲ့နေရာ ခေါ်သွားပြီး ကလေးဘေးချသိပ်ပြီး သောက်လိုက်တာ။ ပြန်လာရင် လူကသာ ယိုင်ထိုးနေတာ၊ ဖင်ထိုင်ကျချင်ကျမယ်။ ကလေးကိုတော့ ဘယ်တော့မှ လွတ်မကျစေရဘူးတဲ့။
ကျွန်တော်နဲနဲကြီးလို့ အဖေ့နောက်လိုက်နိုင်တာနဲ့ သူဆံပင်ညှပ်သွားတဲ့ဆီကို တကောက်ကောက် ခေါ်တော့တာပဲ။ ကျွန်တော်ကတော့ အဖေနဲ့လိုက်ရတာ ပျော်တယ်။ ငယ်ငယ်တုန်းကတည်းက ယဉ်ပါးခဲ့ရတဲ့ အရက်နံ့ နံနေတဲ့ အဖေအနမ်းတွေကိုလည်း အမြဲနှစ်ခြိုက်ပါတယ်။ အဖေဆံပင်ညှပ်ထွက်ပြီ ဆိုရင် သူ့လက်ထဲမှာ `ဘို…ဆံတောက်´လို့ ရေးထားတဲ့ သေတ္တာလေးကို လက်တစ်ဖက်ကဆွဲ၊ တစ်ဖက်ကကျွန်တော့်ကိုတွဲလို့ ရွာထဲ၀င်တာနဲ့ `ဘို…ဆံတောက်´ လို့အဖေမူးသံ ပြတ်တောက် တောက်နဲ့ အော်တတ်ပါတယ်။ မရပ်မနား အော်ရင်းခေါ်တဲ့အိမ်ရှိရင်၀င်တယ်။ အဖေဆံပင်ညှပ်ဖို့အတွက် သေတ္တာလေးထဲက စက်ကတ်ကြေးရယ်၊ ပလတ်စတစ်ဘီးလေးရယ်၊ ဆံပင်ရေဆွတ်တဲ့ အမွှေးတိုတို ဘရွတ်ကလေးရယ်၊ သင်တုန်းဓားလေးရယ်ကို ကျွန်တော်က သိပ်ထုတ်ပေးချင်တယ်။ ကျွန်တော်ထုတ်ပေး တာကိုလည်း အဖေက သဘောကျတယ်။ ဒါပေမယ့် အတုမြင်အတတ်သင်ပြီး ကျွန်တော်ဆံပင်ညှပ် သင်ချင်တာကိုတော့ အဖေက မကြိုက်ဘူး။
ဘာလို့လဲဆိုတော့ ကျွန်တော်က စာတော်လို့တဲ့။ စာပဲသင်ရမယ်တဲ့။ ဒါပေမယ့်ကျွန်တော် သုံးတန်းနှစ်၊ အသက်ဆယ့်တစ်နှစ်လည်းပြည့်တဲ့ နွေရာသီကျောင်းပိတ်ရက်မှာ ဇွတ်၀င်လုပ်ကြည့်တဲ့ ကျွန်တော့်ကို အဖေက သင်ပေးရတယ်။
စက်ကတ်ကြေး ကိုင်တတ်အောင် ကိုယ့်ဒူးခေါင်းလေး ကိုယ်ထောင်ပြီး စက်ကတ်ကြေးနဲ့ ထိုးကြည့်ရတာကိုပဲ ကျွန်တော်က ကျေနပ်လို့မဆုံး။ အဖေ့သားမို့လို့လား မသိဘူး။ ကျွန်တော်က အတတ်မြန်တယ်။
ကျွန်တော်နဲ့ ရွယ်တူ ကောင်လေးတွေရဲ့ ခေါင်းလောက်ကို ကျွန်တော် ညှပ်နိုင်တယ်။ ပုံပန်းတော့ သိပ်မကျဘူးပေါ့။ ကျွန်တော်က အဖေသက်သာအောင်လို့ပါ။ ပိုက်ဆံလည်းပိုရအောင် ကျောင်းပိတ်ရက် တွေမှာ ကျွန်တော် ကလေးခေါင်းညှပ်မယ်။ အဖေက စက်ကကတ်ကြေး နောက်တစ်ချောင်းဖိုး စုပါ ဆိုတာကို မရပါဘူး။
အဖေအရက်သောက်တာနဲ့ပဲ ကုန်တာလား။ ကျွန်တော့်ကိုပဲ မလုပ်စေချင်တာလား မသိပါဘူး။ သြော် ကျွန်တော့်ကို စာပဲ ကျက်စေချင်တဲ့၊ တော်စေချင်တဲ့ အဖေ။
သားကိုစာပိုတော်အောင်၊ ပိုတတ်အောင် မိုင်ပေါင်းများစွာဝေးတဲ့ ရန်ကုန်ဆိုတဲ့ နေရာကိုတောင် ခွဲထည့်လိုက်တဲ့ အဖေ။ ကျွန်တော် စာမသင်ရတော့ဘဲ ဦးကြီးတို့က အပြီးပြန်လွှတ်လိုက်တာဆိုရင် အဖေ ဘယ့်နှယ့်များ နေရှာမလဲ။ ဦးကြီးတို့ကို စိတ်ဆိုးမှာပဲ။
သြော် … ဦးကြီးတို့မှာလည်း အလုပ်အကိုင်က အဆင်မပြေ ရှာဘူး အဖေရဲ့။ ကလေးတွေကလည်း အများသားရယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပျော်တယ်အဖေ။ ကျွန်တော် အဖေ့ကို ပြန်တွေ့ရတော့မယ်။ အဖေနဲ့ကျွန်တော် ခွဲနေရတာ တစ်နှစ်ကျော်ပြီရယ်အဖေရယ်။
အဖေ့ကို ကျွန်တော်မြင်ချင်လိုက်တာ။ အဖေ အရက်တွေပဲသောက်နေမှာပါ။ ကျွန်တော်သိပါတယ်။ အဖေကကျွန်တော့်ကိုချစ်သလို အရက်ကိုလည်းသိပ်ချစ်တဲ့သူ။ အဖေအရက်ကို ဘယ်လောက်ကြိုက်သလဲဆိုတာ ကျွန်တော်အသိဆုံးပေ့ါ။ အဖေ့ဘ၀တစ်သက်တာမှာ ကျွန်တော့်ကြောင့် အရက်ကို တစ်ခါဖြတ်ဖူးတယ်။ မှတ်မှတ်ရရ အဲ့ဒီ့နေ့က ကျွန်တော် လေးတန်းစာမေးပွဲအောင်လို့ ဆုရတဲ့နေ့လေ။
အဖေ့လက်ကိုတွဲပြီး ကျွန်တော်ကျောင်းခန်းထဲ ၀င်ခဲ့တော့ ကျောင်းခန်းထဲမှာ ဆရာမိဘတွေ တော်တော်စုံနေပြီ။ အဖေ့ကိုသိတဲ့ တချို့လူတွေက ပြုံးစိစိနဲ့ အဖေ့ကိုကြည့်ကြတယ်။ အဖေက ဒီနေ့ ဘေးအိမ်က ဦးကြီးညို အင်္ကျီအ၀တ်အစားတွေနဲ့ သပ်သပ်ရပ်ရပ် ဖြစ်နေတာကို။
အမြဲတမ်းဖွာလန်ကြဲနေတဲ့ ဆံပင်ညှပ်သမား အဖေ့ဆံပင်ကလည်း ဒီနေ့တော့ အုန်းဆီအရွှဲသားနဲ့ သပ်သပ်ရပ်ရပ်။ ဒါပေမယ့် မျက်လုံးတွေကတော့ နီရဲမြဲ။ အဖေ နည်းနည်း တော့ သောက်ထားတယ်။ အင်း နည်းနည်းဆိုပေမယ့် အဖေ့ အပြုံးတွေက မူမမှန်ဘူး။
အဖေ့ကို ခုံတန်းရှည်တစ်ခုရဲ့အစွန်းမှာထိုင်ခိုင်းပြီး ကျွန်တော်က သူနဲ့ လူကြီးတစ်ယောက်ကြားမှာ ၀င်ထိုင်ရတယ်။ အဖေ့ဆီက အရက်နံ့ကို ကပ်လျက်ထိုင်တဲ့ သူစိမ်းလူက ဘယ်ခံချင်ပါ့မလဲနော်။ ဒါတောင် အရက်နံ့က ကြားထဲက ကျွန်တော့်ကို ကျော်ပြီး ဝေ့ဝေ့လာသေးတယ်။
ကျွန်တော်က အဖေ့နားကပ်ပြီး `အဖေ ဖြစ်တယ်မဟုတ်လား၊ မူးနေလား´ တိုးတိုးမေးတော့ ပြန်ပြောတဲ့ အဖေ့လျှာက လေးနေပြီ။ `ရပါတယ်ကွာ၊ ငါ့သားအတွက် အဖေ ဂုဏ်ယူတယ်ကွ´ တဲ့၊ ကျွန်တော့်မှာ ကပျာကယာ `ဒါဖြင့် အဖေ ငြိမ်ငြိမ်လေးနေ၊ ဆုပေးပွဲ ခဏဆို ပြီးသွားမှာပါ´ လို့ ပြောရင်း ဆုပေးပွဲ မြန်မြန်စပါစေလို့ ဆုတောင်းနေမိတယ်။
ခဏနေတော့ ခုံတန်းတွေ ရှေ့စားပွဲမှာ ထိုင်နေတဲ့ ကျွန်တော်တို့ ဆရာကြီးက မတ်တပ်ရပ်ပြီး စကားစပြောတယ်။
`ကျွန်တော်တို့အနေနဲ့ အခုလို အစိုးရစစ် စတုတ္တတန်းစာမေးပွဲမှာ ထူးထူးချွန်ချွန်အောင်မြင်ခဲ့ကြ တဲ့ ကလေးတွေကို အထူးပဲ ချီးကျူးကြရပါလိမ့်မယ်။ ဒီရွာတွေဟာ မြို့နဲ့ အလှမ်းဝေး၊ ကျူရှင်မရှိ ဘာမရှိ မိဘလုပ်ငန်းကိုလည်း ကူရ။ ဒီကြားထဲကနေ ခုလို ….´
အဲ့ဒီအချိန်မှာပဲ အဖေ ဗွေဖောက်တော့တာပဲ။ `ဟိုး … ´ ဆိုပြီး ယိုင်ယိုင်ယိုင်ယိုင်နဲ့ မတ်တပ် ထရပ်လိုက်တယ်။
`မှန်တယ် …. မှန်တယ်၊ ဆရာကြီး ပြောတာမှန်တယ်၊ အဟမ်း ကျွန်တော့သား ဆိုရင် …..´
`ဟာ အဖေ၊ အဖေ ထိုင်စမ်းပါဗျာ၊ အဖေကလဲ´
`အဟမ်း၊ အဲ့ဒီတော့ကာ ကျွန်တော့် သား ….´
`ဒုက္ခပါပဲဗျာ၊ အဖေလို့ ဆိုနေ´
ကျွန်တော် ရှက်လိုက်တာမပြောပါနဲ့တော့။ အဖေ့ကိုလည်း ဒီတစ်ခါလောက်စိတ်ဆိုးတာ မရှိတော့ဘူး။ ခုံပေါ်မှောက်ပြီး လျှာလေးအာလေးနဲ့ ကျွန်တော့် အကြောင်းတွေ ပြောနေတဲ့ အဖေ့ပါးစပ်ကို ကျွန်တော်ပိတ်ထားရတယ်။ ကျွန်တော် ဆုယူမည့်အလှည့်ရောက်တော့မှ သွားယူရတယ်။ အားရပါးရ အော်ပြီး လက်ခုပ်တီးပေးနေတဲ့ အဖေ့ကို ဆွဲပြီး ဆုယူပြီးတာနဲ့ ကျွန်တော် တန်းထွက်ခဲ့တာပဲ။ ဆုပေးပွဲက ကျွေးတာမွေးတာတွေလည်း မစားခဲ့တော့ဘူး။
လမ်းလည်းရောက်ရော ကျွန်တော် ရှက်ရှက်နဲ့ အဖေ့ကို ရန်တွေ့တော့တာပဲ။
`သိပ်ရှက်စရာ ကောင်းတာပဲ၊ အဖေ့ကို ကျွန်တော် သေချာပြောထားသားနဲ့ဗျာ၊ ခုတော့ တော်ပြီ နောက်ကျွန်တော်ဆုရအောင် မကြိုးစားတော့ဘူး´
အဖေက ဘာမှ ပြန်မပြောဘူး၊ မျက်လုံးနီကြီးတွေကို ပိတ်ချည်ဖွင့်ချည်လုပ်ပြီး မျက်နှာငယ်လေးနဲ့ ခေါင်းကြီးအောက်စိုက်လို့။
`အဖေ´
အဖေ့ ခေါင်းမော့လာပြီး ကျွန်တော့်ကို ကြည့်တယ်။ ပြီးတော့ `ငါဘာလုပ်လို့လဲ´ တဲ့
`အဖေ´
`….. …..´
`အဖေ ဒီအရက်ကြီးကို ဖြတ်လိုက်ပါတော့ အဖေရာ နော် …..´
`….. ……´
`နော် အဖေ၊ အဖေအရက်ဖြတ်မယ်ဆိုရင် ဟော့ဒီမယ် ကျွန်တော်ဆုရတဲ့ စာအုပ်နဲ့ခဲတံတွေ ကုန်စုံဆိုင်မှာ ရောင်းပြီး ဒီနေ့အဖေ့ကို အရက်အ၀တိုက်မယ်၊ ပြီးတော့ နက်ဖြန်ကစပြီး အဖေအရက်ဖြတ်၊ ဘယ့်နှယ့်လဲ အဖေ´
အဖေက ကျွန်တော့် လက်ထဲက ဗလာစာအုပ်နဲ့ ခဲတံတွေကို ပေစောင်းစောင်းနဲ့ ကြည့်ပြီး ခေါင်းကို ဆတ်ခနဲ ညိတ်တယ်။
`တိုက်ကွာ၊ ငါဖြတ်မယ်၊ ဒါပေမယ့် မင်းစာအုပ်တွေ အကုန်မရောင်းရဘူး၊ တစ်၀က်ပဲရောင်း´
`ဘာဖြစ်လို့လဲ အဖေရ´
`မင်းဆုရတာလေးတွေကို အထိမ်းအမှတ် သိမ်းထားရအောင်လို့ပေါ့ကွ´
အဖေ့အလိုကျ စာအုပ်တစ်အုပ်နဲ့ ခဲတံတစ်ချောင်းပဲ ချန်ပြီး ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ အဖေ့ကို ကျွန်တော် အရက်အ၀တိုက်တယ်။ အဖေ တအားသောက်တယ်။ `မသောက်တော့ဘူးကွ´ လို့လည်း အော်သေးတယ်။ တကယ်ပဲ နောက်နေ့ကျတော့ ကျွန်တော့်အလိုလိုက်ပြီး အဖေ အရက်ဖြတ်လိုက် ရှာပါတယ်။
********* ******** ******** ******** *************
လှည်းလမ်းကြောင်း ဖုန်ထူထူမှာ ရွာဆီကို မှန်းမျှော် လျှောက်ရင်းက အဖေ အရက်ဖြတ်တဲ့ အကြောင်းကို တွေးပြီး ကျွန်တော် ပြုံးမိပြန်တယ်။ တော်တော်ဆိုးတဲ့အဖေ၊ အရက်ဖြတ်တာ သုံးရက်တဲ့လေ။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်ထိ သူကြိတ်မှိတ်နေသေးတယ်။ သုံးရက်မြောက်တဲ့ ညနေစောင်းကျတော့ သစ်သားသေတ္တာလေး တယမ်းယမ်း၊ အနံ့လေး တသင်းသင်းနဲ့ ကျောင်းက ပြန်လာတဲ့ကျွန်တော့်ကို ဖက်နမ်းပြီး `လူလေး၊ မင်းစာအုပ်တွေ ခဲတံတွေ အဖေပြန်၀ယ်ပေးပါ့မယ်ကွာနော်၊ အဖေလေ အရက်ကို တကယ်ကြိုက်လို့ပါ´တဲ့ ။ ကဲ ….. ကျွန်တော် ဘာတတ်နိုင်တော့မလဲ။ အဖေဟာလေ၊ တကယ့်ကို တော်တော်ဆိုးတဲ့အဖေ။
အရက်ကြိုက်သမားကြီး အဖေ့မျက်နှာ ဖောအစ်အစ်ကို ကျွန်တော်မြင်ယောင်ရင်း စလွယ်သိုင်း ထားတဲ့ ကျွန်တော့် အ၀တ်အစား အိတ်လေးကို အသာစမ်းကြည့်လိုက်မိတယ်။ အ၀တ်အိတ်ရဲ့ တစ်နေရာမှာ အဖေ့အတွက် ကျွန်တော့်ရဲ့လက်ဆောင်ပါတယ်လေ။ အရက်သမားကြီးအဖေ့အတွက် လက်ဆောင်ပေါ့။
ဦးကြီးက ကျွန်တော် ရန်ကုန်က ပြန်မယ့်နေ့မှာ စိတ်မကောင်းလက်မကောင်းနဲ့ `မင်းကို ငါအင်္ကျီ တစ်ထည် ၀ယ်ပေးလိုက်မယ်´ လို့ ပြောတယ်။
ကျွန်တော်က `ဦးကြီး အင်္ကျီက ဘယ်လောက်တန်၀ယ်ပေးမှာလဲ´ လို့မေးတော့ `ငါးဆယ်၊ ခြောက်ဆယ်တန်ပေ့ါကွာ၊ ငါလဲဒီလောက်တတ်နိုင်တာကွ´ တဲ့။
`ဒီလိုဆို အရက်အနီပုလင်း တစ်လုံးဆိုရင်ကော ဘယ်လောက်ပေးရမလဲဟင် ဦးကြီး´ လို့ ကျွန်တော် မဝံ့မရဲဆက်မေးတော့ ဦးကြီးက တဟားဟားရယ်ရော။ ပြီးတော့ …..
`တော်တော်လိုက်တဲ့ သားအဖကွာ´ လို့ပြောပြီး အဖေ့အတွက် အရက်အနီပုလင်းတစ်လုံး ၀ယ်ပေးလိုက်တယ်လေ။ အဖေသိပ်သောက်ချင်တာပဲဆိုတဲ့ အရက်အနီပုလင်းကို ကားပေါ်မှာ မကွဲအောင်၊ မရှအောင် ကျွန်တော့် အ၀တ်အစားကလေးတွေနဲ့ ထုတ်ခဲ့တယ်။
ကဲ….. ဒီတစ်ခါ အဝသောက်စမ်းအဖေရေ့။ ပြီးတော့ ကျွန်တော် အဖေ့နောက်လိုက်ပြီး ဆံပင်ညှပ်သမား လုပ်ရတော့မှာ။ `ဘို…ဆံတောက်´ အော်ရမှာကိုလည်း စိတ်မကောင်းမဖြစ်ရဘူး၊ သဘောမကျ မဖြစ်ရဘူးနော် အဖေ။
အိတ်ကိုပြင်လွယ်ရင်း ကျွန်တော် ခပ်မြန်မြန်လေးလျှောက်တယ်။ ရွာရောက်ဖို့က တော်တော်လို သေးတာပဲ။ ရန်ကုန်ကားပေါ်ကနေ ကျွန်တော်တို့ မြို့နယ်မြို့လေးကိုဆင်း၊ မြို့လေးကနေ ကားလမ်းဘေး ရွာတစ်ရွာကို မြင်းလှည်းစီး၊ အဲ့ဒီရွာကမှတဆင့် ကျွန်တော့်တို့ရွာကို ခြေကျင်လျှောက်ရတယ်။ လှည်းကြုံရှိရင်တော့ မြန်တာပေါ့။ ဒါပေမယ့် လှည်းကြုံက ရှားပါးဘိခြင်း၊ မြို့လေးစျေးနေ့လိုနေ့မျိုးမှာပဲ ရှိတတ်တာ။ တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့ရွာမရောက်ခင် လမ်းက ရွာတွေမှာ အဖေဆံပင်ညှပ် နေတာနဲ့တိုးရင်တော့ သိပ်ကောင်းမှာပဲ။ အဖေ ကျွန်တော့်ကိုတွေ့ရင်တော့ တအား အံ့သြသွားမှာပဲ။
ကျွန်တော် ခြေလှမ်းတွေကို ပိုသွက်လိုက်တုန်း ဟိုခပ်လှမ်းလှမ်း မျက်နှာချင်းဆိုင်ကနေ ဖုန်တထောင်းထောင်းနဲ့ လှည်းတစ်စီးမောင်းလာတာကို မြင်ရတယ်။ မြို့ဘက်ကလာတဲ့လှည်းဆို ဘယ်လောက်ကောင်းလိုက်မလဲလို့ ကျွန်တော် တွေးနေမိတုန်း လှည်းက ကျွန်တော့်ဘေးက ဖြတ်တက်သွားတယ်။
`ဟာ …. ဦးကြီးညို၊ ဦးကြီးညို နေပါဦး´
ကျွန်တော့်ခေါ်သံကြောင့် လှည်းကို ဖြုန်းခနဲရပ်ရင်း ကျွန်တော့်ကိုမြင်တော့ ဦးကြီးညိုက အံ့သြတကြီးနဲ့ ……
`ဟ…သံချောင်းပါလားဟ၊ မင်းကွာ´
`ဦးကြီး ၊ အဖေရောအိမ်မှာရှိလား၊ ဆံပင်ညှပ်သွားနေလား ´
` သံချောင်း …..´
ဦးကြီးညို မျက်နှာမည်းမည်းကြီးက ပိုပြီး မည်းမှောင်ညှိုးနွမ်းသွားပြီး ကျွန်တော့်ကို ကြည့်တယ်။
`မင်းအဖေဆုံးတာ တစ်လလောက်ရှိပြီ လူလေး´
`ဆုံးတာ …..´
`အေး၊ သူ့သေတ္တာလေး ဦးကြီးသိမ်းထားတယ်။ သူတစ်ယောက်တည်း မူးလဲပြီး ဆုံးနေတာ၊ မနက်မှ တွေ့တာ၊ သဲပြင်ချောင်းထဲမှာ သူလဲနေတာ´
********* ******** ******** ******** *****
သဲပြင်ချောင်းတစ်လျှောက်မှာ စူးရှတဲ့နေရောင်က တရှိန်ရှိန်တောက်နေဆဲ။ သဲမှုန်တွေက ပူကျွတ် နေဆဲ။ လေကလဲ ကြောက်စရာကောင်းအောင်ငြိမ်သက်နေဆဲ။
သစ်သားသေတ္တာလေးကို ဆွဲပြီး သဲပြင်ချောင်းပေါ် ကျွန်တော်လျှောက်ခဲ့တယ်။ ကျွန်တော့်ဘေးမှာ အရက်နံ့တွေ လှိုင်နေတဲ့ လူကြီးတစ်ယောက်မရှိတော့ပါ။ မျက်လုံးနီနီ ဆံပင်စုတ်ဖွားနဲ့ ဆံပင်ညှပ် သမားကြီး မရှိတော့ပါ။
သဲပြင်ချောင်းလယ်ခေါင်က ဦးကြီးညိုပြတဲ့ အဖေလဲကျတယ်ဆိုတဲ့နေရာနားမှာ ကျွန်တော် ရပ်လိုက်တယ်။ `အဖေ` လို့ တိုးတိုးခေါ်ရင်း ကျွန်တော့်လက်ထဲက ဖွင့်ပြီးသား အရက်နီပုလင်းကို ကျွန်တော် မှောက်သွန်ချလိုက်တယ်။ သဲပြင်ပေါ်မှာ အရက်နီတွေ ကျွန်တော့် မျက်ရည်နဲ့အတူ ရောနှော စွတ်စိုကုန်ကြတယ်။ ပုလင်းကို ကျွန်တော် ပစ်ချပြီး `သွားတော့မယ်အဖေ´ လို့ နှုတ်ဆက်လိုက်တယ်။
သဲပြင်ချောင်းစပ်ကို ကျွန်တော် ကျော်ပြီး လျှောက်ခဲ့တယ်။ ရွာအ၀င်ကို ရောက်ပြီ။ ကျွန်တော်အားတင်းလိုက်တယ်။
`ဘို…ဆံတောက်´
ကျွန်တော့်အသံက တိုးပြီး တိမ်၀င်သွားတယ်။ ဟင့်အင်း ဒီလိုမဟုတ်ဘူး။ အသံကျယ်ရမယ်။ ခပ်မာမာနဲ့ ပြတ်တောက်သွားတဲ့အသံ။
`ဘို…ဆံတောက်´
`ဘို…ဆံတောက်´
အို …. နောက်တော့လဲ ကျွန်တော် အော်တတ်သွားရမှာပါလေ ။ ။
နုနုရည် အင်း၀
ကလျာမဂ္ဂ္ဂဇင်း။၁၉၈၉ ခုနှစ်။ စက်တင်ဘာလ။