ဘဝမမေ့သူ(စ/ဆုံး)
—————-
အိမ်တွင် ရေတင်သည့်မော်တာပျက်သည်။ အပေါ် ရေတိုင်ကီကို ရေမတင်နိုင်သဖြင့် အိမ်သာနှင့် ရေချိုးခန်း အတွက် အခက်တွေ့သည်။ ရေချိုးရန်မှာ ရေကန်ဆီသွားချိုး၍ ရနိုင်သော်လည်း အိမ်သာမှာ ရေမဆွဲချနိုင် သဖြင့် အခက်တွေ့နေရသည်။
ကျွန်တော်က မနက်စောစောလမ်းလျှောက်သည်။ ယနေ့တော့ ဈေးရှိရာဘက်ကိုလမ်းလျှောက်ပြီး မော်တာပြင် တတ်သူကို ရှာရသည်။ ဆိုင်ကယ်ကယ်ရီသမားလေးတစ်ယောက်ကိုမေးရာ
“ဟို ညောင်ပင်တွေ့လား။ အဲဒီညောင်ပင်နောက်က ဆိုင်လေး။ သန်းအောင်ရေပိုက်၊ ရေမော်တာလို့ရေးထား တယ်။ အဲဒီကောင်လေးက မော်တာလည်းပြင်တာတော်တယ်။ စေတနာလည်းပါတယ်”
ကျွန်တော်သူညွှန်ပြသည့် ဆိုင်ရှိရာကို လာခဲ့သည်။ ဆိုင်ကမဖွင့်သေး။ ကျွန်တော်က ဘေးနားရှိ လက်ဖက်ရည် ဆိုင်တွင် ဝင်ထိုင်ပြီး ဆိုင်အဖွင့်စောင့်ရသည်။ နံနက်စောသေးသဖြင့် ဆိုင်မဖွင့်သေးဟန်ရှိသည်။ လက်ဖက်ရည် ဆိုင်တွင် ပဲပြုတ်နံပြားတစ်ပွဲမှာစားရင်း ရေနွေးကြမ်းသောက်နေမိသည်။
မကြာမီ ကောင်လေးတစ်ယောက် ရောက်လာသည်။ သူကဆိုင်တံခါးတွေဖွင့်သည်။ ကျွန်တော်က သူဆိုင်ဖွင့်ပြီး ချိန်လောက်တွင် လက်ဖက်ရည်ဆိုင်မှ စားထားသည့် ပဲနံပြားဖိုးကို ရှင်းခဲ့ပြီး ရေပိုက်ဆိုင်ကို ထလာခဲ့သည်။
“ဒီမှာကွယ် … ရေမော်တာပြင်ချင်လို့ပါ”
ကောင်လေးက အထဲတွင် ပစ္စည်းများကို နေရာချရင်းက ကျွန်တော့်ကို ကြည့်လိုက်ပြီး
“ဟာ … ဆရာကြီး ထိုင်ပါ … ထိုင်ပါ” ဆိုကာ ထိုင်ခုံတစ်လုံးကို ဆွဲထုတ်လာပြီး ကျွန်တော့ရှေ့တွင် ချပေးသည်။
ကျွန်တော်က သူချပေးသည့် ပလတ်စတစ်ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။
“ဆရာကြီး မော်တာပါလာသလား”
“အိမ်ပေါ်ကို ရေတင်တဲ့ မော်တာပါကွယ်။ မော်တာက မဖြုတ်တတ်တော့ မယူလာဘူး။ အိမ်ကိုလိုက်ကြည့် ပေးနိုင်မလား”
“ဟာ … လာကြည့်ပေးမှာပေါ့ဆရာကြီး … ကျွန်တော်လာခဲ့မယ်”
“ငါ့အိမ်လိပ်စာပြောမယ် မှတ်ထားလိုက်။ ဖုန်းနံပါတ်ပါ ယူထားလိုက်လေ”
သူက ကျွန်တော်ပြောသည့် လိပ်စာနှင့် ဖုန်းနံပါတ်ကိုမှတ်လိုက်သည်။
“ဪ ဆရာကြီးက အိမ်ပြောင်းသွားတာကိုး။ ကျွန်တော်က အရင်အိမ်ကို သွားရှာသေးတယ်”
“ဘာဖြစ်လို့လဲကွ”
“ဆရာကြီး ကျွန်တော့်ကို မမှတ်မိဘူးနဲ့တူတယ်”
“မမှတ်မိဘူးကွ”
“လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက ဆရာကြီးအိမ်မှာ တစ်ခါလာပြီးတော့ ရေမော်တာအသစ်တပ်ပေး ဖူးတယ်လေ”
“ဪ … မှတ်မိပြီ”
“ဆရာကြီး ကျေးဇူးနဲ့ ကျွန်တော်ဒီလိုဖြစ်လာတာ”
“ဘယ်လိုကြောင့်လဲကွ ပြောစမ်းပါဦး”
“ဆရာကြီး ပထမတစ်ယောက်နဲ့ ရေမော်တာပြင်တာ အဆင်မပြေလို့ ကျွန်တော့်ကို လာခေါ်တာလေ။ ကျွန်တော်က ပြင်မနေပါနဲ့ အသစ်သာလဲလိုက်ပါဆိုပြီး အသစ်လဲပေးသွားတယ်။ အဲဒီမော်တာပဲ မဟုတ်လား”
“ဟုတ်တယ် အဲဒီမော်တာပဲ”
“ဆရာကြီးက ကျွန်တော်တပ်ဆင်ပေးတာကောင်းတယ်ဆိုပြီးတော့ ဆရာကြီး သူငယ်ချင်းတစ်ယောက်ကို ညွှန်းပေးလိုက်တယ်။ ကျွန်တော် သူ့တိုက်အသစ်မှာ ရေမော်တာနဲ့ ပိုက်တွေတပ်ဆင်ပေးတဲ့ အလုပ်ကို ရလိုက် တယ်။ နောက် သူကဆက်သွယ်ပေးလိုက်လို့ နေပြည်တော်မှာ တိုက်ခန်းတွေကို ရေပိုက်ဆင်ပေးတဲ့ အလုပ် ရပြန်ရော။ အဲဒီကစပြီး ကျွန်တော် နာမည်လေး ရလာပြီး တစ်ဆင့်စကားနဲ့ ဒီလို ဆိုင်ဖွင့်နိုင်တဲ့ အနေအထား တစ်ခုကို ရောက်လာတာပဲဆရာကြီး”
“အေးကွာ … အဲဒီတုန်းက မှတ်မိသေးတယ်။ မင်းအရင် မော်တာပြင်တဲ့သူနဲ့ အဆင်မပြေ ဖြစ်နေတာ။ သူက မော်တာကို ပြန်ပြင်ရန် တောင်းတဲ့ဈေးက မော်တာအသစ်တစ်လုံးဈေးလောက်ဖြစ်နေတာလေ။ ပြီးတော့ စကားပြောရတာကလည်း အဆင်မပြေဘူးကွ။ အသားလွတ် မာနကြီးနေတာ။ မော်တာကို ဖြုတ်စစ်ရင်တောင် ဖြုတ်စစ်ခပေးရမယ်လုပ်နေတာ။ ငါလည်း စိတ်ပျက်တာနဲ့ သူနဲ့ မပြင်တော့ဘူးလုပ်တော့ ငါ့ဆီကို လာကြည့် ရတဲ့ အတွက် ကားခထပ်တောင်းပြန်ရော။ ပေးလိုက်ပါတယ်ကွာ”
“လူတွေက တစ်နပ်စားကြည့်တာများတယ် ဆရာကြီး။ ပုံစံကြည့်ပြီး တောင်းတာ။ သူတို့ လုပ်အားခ တောင်းတာက ငွေညစ်တဲ့ပုံစံမျိုးဖြစ်နေတာတော့ မကောင်းဘူးပေါ့။ အကျိုးသင့်အကြောင်းသင့် ကိုယ့်ဖောက်သည်ကို ရှင်းပြ နိုင်ရင် အဆင်ပြေပါတယ်”
“မင်းကျတော့ အားလုံးလည်း စစ်ဆေးပေးတယ်။ မော်တာအဟောင်းကို မသုံးဖို့ အကြံပေးတယ်။ အသစ်နဲ့ လဲပေးတယ်။ အပိုဝန်ဆောင်မှုဆိုပြီးတော့ မီးကြိုးတွေကိုတောင် လဲပေးသွားလိုက်သေးတယ်။ ဒါကြောင့်လည်း မင်းလုပ်ရည်ကိုင်ရည်နဲ့ စေတနာပါပုံကိုကြည့်ပြီးတော့ ငါက ငါ့မိတ်ဆွေကို ထောက်ခံပေးလိုက်တာပေါ့”
“အဲဒါကြောင့်လည်း ကျွန်တော့်ဘဝက အဆင့်ဆင့်တိုးတက်သွားတာပါဆရာ။ ဆရာ့ကျေးဇူးကျွန်တော့်မှာ ရှိပါတယ်”
“အေးကွာ … ဘယ်အချိန်လောက် လာမလဲ”
“၉ နာရီလောက် ရောက်မယ်ဆရာ”
ကျွန်တော်အိမ်ပြန်ပြီး သူ့ကိုမျှော်နေသည်။ သူက ၉ နာရီထိုးချိန်တွင် ဆိုင်ကယ်လေးနှင့် ရောက်လာသည်။ ကျွန်တော့်ရေမော်တာကို ဖွင့်ပြီး စစ်ဆေးသည်။
“ဆရာကြီး … ဘာမှဖြစ်တာမဟုတ်ဘူး။ အထဲမှာ အိမ်မြောင်သေပြီး ဝါယာတွေရှော့ဖြစ်သွားတာ။ ကျွန်တော် အားလုံး ဖြုတ်ပြီးသေသေချာချာလုပ်ပေးခဲ့တယ်။ ဖွင့်ကြည့်ပါဦးဆရာကြီး”
ကျွန်တော်ကရေမော်တာကို ဖွင့်ကြည့်သည့်။ အားလုံး အဆင်ပြေသည်။
“ကဲ မောင်သန်းအောင် ဘယ်လောက်ပေးရမလဲပြော”
“ဆရာကြီး တစ်ပြားမှ မပေးရပါဘူး။ ဘာမှလုပ်ရတာလဲ မဟုတ်ပဲနဲ့”
“ဘာပြောပြောပါကွယ် မင်းလာကြည့်ပေးလို့ အကျိုးအကြောင်း သိရတာ။ ဆရာဝန်များလိုပေါ့ ခြေကြွခ လေးတော့ယူပါ။ မင်းဆိုင်ကယ်နဲ့လာရတာလေ”
“ဆရာကြီးရယ် … ဒီလောက်လည်းမဟုတ်ပါဘူး … ဒီ့ထက်ပျက်ရင်တောင် ဆရာကြီးကို ကျွန်တော်က ပြင်ပေး ရမှာပါ။ ဆရာကြီးရဲ့ နှုတ်၏ဆောင်မခြင်းက ကျွန်တော့်ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေတာပါ။ အရင်က ကျွန်တော် အလုပ်လည်းမရှိဘူး၊ ဆိုင်လည်း မရှိဘူး။ အဲဒီအချိန်မှာ ဆရာကြီးဆီကို ရောက်လာပြီး စေတနာ ပါပါနဲ့ လုပ်ဆောင်ပေးလိုက်တာကနေ ကျွန်တော် လုပ်ငန်းတွေအများကြီး ဆက်တိုက်ဆိုသလိုရလာလို့ပါ။ ဆရာကြီးဆီကို ကျွန်တော် လာကန်တော့သေးတယ်။ အိမ်ပြောင်းသွားပြီဆိုလို့ ဘယ်မှာရှာရမှန်း မသိ ဖြစ်နေတာ။ ခုမှ တိုက်တိုက်ဆိုင်ဆိုင်လာတွေ့တော့တယ်”
“အေးပါကွယ် ဘယ်အလုပ်မဆိုပါ။ ကိုယ်စေတနာထားရင် ထားသလို ပြန်ပြီးအကျိုးပေးတတ်ပါတယ်”
“ဆရာကြီး”
“ဘာလဲကွယ်”
“ဆရာကြီးကို ကျွန်တော်ကန်တော့ပါရစေ”
“အေး … အေး”
သူက ကျွန်တော့်ကို ကန်တော့သည်။ ကျွန်တော်ကဆုပေးသည်။
“နောက်လည်း လိုအပ်တာရှိရင် ကျွန်တော့်ကို ဖုန်းသာဆက်လိုက်ပါဆရာကြီး။ ဒီမှာ ကျွန်တော့်လိပ်စာကတ်နဲ့ ဖုန်းနံပါတ်”
“အေးပါကွယ် … တစ်သက်လုံး ဒီလိုပဲရပ်တည်နော်။ ချမ်းသာလာလို့ ပုံစံပြောင်းမသွားနဲ့သိလား”
“ကျွန်တော် ဘယ်တော့မှ ဘဝမမေ့ပါဘူးဆရာကြီးရယ်”
“သာဓု … သာဓု … သာဓု”
တင်ညွန့်
၃.၃.၂၀၂၆