၅၂၈ ဖြင့် ခုခံခဲ့သည်

 ၅၂၈ ဖြင့် ခုခံခဲ့သည်(စ/ဆုံး)


—————————-

”ညီမလေး..စိတ်ထဲတော့ ဘာမှမဖြစ်ပါနဲ့..ညီမလေးမှာ HIV ရောဂါပိုးရှိနေပြီ”


တာဝန်ကျ သူနာပြုဆရာမ ၏ စကားသံက ခပ်တိုးတိုးပင်။


သို့သော်ငြား ကိုယ်ဝန်ဆောင်တစ်ယောက် ဖြစ်သည့် သူမ အဖို့ ထိုအသံက နားထဲတွင် ကြောက်စရာကောင်းလောက်အောင် ကျယ်လောင်လှ၏။

စိတ်ဓာတ်တင်မက ရပ်လျက်ရှိသော ခြေအစုံကို ခွေခနဲ ညွှတ်ကျသွားစေလောက်သည်အထိ။


သို့သော်…သူမ ဒူးညွှတ်ခွေကျခဲ့လျှင် မှီခိုတွဲထားပေးဖို့ရန်အတွက် လက်မောင်းတစ်စုံတစ်ရာမရှိ၊ ရင်ခွင်တစ်ဘက်တစ်ခြမ်းမရှိ။

သူမ၏ နဘေးနားတွင် မည်သူမျှ မရှိပါ။


ထို့ကြောင့်…သူမသည် စိတ် နှင့် ခန္ဓာ ကိုယ် ကို မြဲမြဲသာခိုင်အောင်ထားပြီး သူနာပြုဆရာမရှေ့တွင် ရပ်မြဲရပ်နေလိုက်သည်။


သူမ ၏ ဇာတိမွေးရပ်မြေမှာ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ထဲမှ တံငါရွာကြီးတစ်ရွာဖြစ်သည်။

သူမတို့ မိသားစုစီးပွားရေးမှာ ကုန်စုံဆိုင်ဖွင့်လှစ်ခြင်းဖြစ်သည်။


အကိုသုံးယောက်၏ လက်အောက်တွင် အထွေးဆုံးအဖြစ် နေခဲ့ရသော သူမ သည် အသက်(၁၆)နှစ်အရွယ်အထိ အနေအထိုင်ပိပြားသော အိမ်တွင်းပုန်းကောင်မလေး တစ်ယောက်သာဖြစ်သည်။


သူမ ဆယ်တန်းတစ်နှစ်ကျပြီးသည့်နောက် အိမ်မှ အကိုများက ကျောင်းပေးမတက်တော့။ တစ်ဦးတည်းသော နှမလေးမို့ ရည်းစားသနာ ထားကြမှာကိုလည်း စိုးရိမ်ကြသည်။


ထို့ကြောင့် အိမ်တွင်ဖွင့်ထားသော ကုန်စုံဆိုင်လေးတွင်သာ ဆိုင်ထိုင်စေခဲ့၏။


”ညီမ ဆယ်တန်းတစ်နှစ်ကျပြီးတဲ့နောက်မှာ အိမ်က ဆိုင်မှာ ဝိုင်းကူရောင်းခွင့်ရတယ်။ အဲ့ဒီမှာ သူနဲ့ စတွေ့တာပဲ။ သူက ညီမထက် ဆယ်နှစ်ကြီးတယ်။ သူက ပင်လယ်သားလုပ်တယ်လေ။ ကြမ်းကြမ်းတမ်းတမ်းကြီး။ ဆိုင်မှာ စျေးလာဝယ်ရင်း ညီမကို အကိုတွေမသိအောင် ရည်းစားစာခိုးပေးတယ်။ ညီမဘဝမှာလည်း ယောင်္ကျားတစ်ယောက်က ရည်းစားစာပေးတာ ဒါ ပထမဆုံးကြုံဖူးတာကိုး”


မဖြူဖြူခိုင် ၏ အသံက အတိတ်တို့ထံ နွမ်းလျစွာဖြင့် ကျွန်တော့်အား ခေါ်ဆောင်သွားခဲ့၏။


သူမ ၏ ခင်ပွန်းဖြစ်လာမည့် ကိုမျိုးဝင်း မှာ ပင်လယ်ထဲရှိ ငါးဖမ်းလှေများတွင် လုပ်ကိုင်သော ဒေသအခေါ် ပင်လယ်သား ခေါ် ရေလုပ်သားတစ်ဦးဖြစ်သည်။


နှစ်လသုံးလမှ တစ်ကြိမ် ကမ်းကပ်တိုင်း မဖြူဖြူခိုင် ရှိရာ ဈေးဆိုင်သို့ ဈေးလာဝယ်ရာမှ သူတို့နှစ်ယောက် ရည်ငံကြတော့သည်။


”ညီမတို့ သမီးရည်စားဖြစ်တာ တစ်နှစ်အကြာ ပထမဆုံး ချိန်းတွေ့ကြတဲ့နေ့မှာပဲ သူက ကျွန်မကို အတင်းခိုးပြေးတယ်။ အဲ့ဒီမှာ ကျွန်မဘယ်လိုမှ မတွေးထားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာတော့တာပါပဲ”


မဖြူဖြူခိုင်၏ သက်ပြင်းသံ သဲ့သဲ့ကို ကျွန်တော် ကြားလိုက်မိသည်။


ကိုမျိုးဝင်း သည် မဖြူဖြူခိုင်အား ခိုးပြေးပြီး တစ်လကြာသည့်နောက် မိဘများထံ ပြန်အပ်ပြီး မင်္ဂလာဆောင်ရန် စီစဉ်ခဲ့သော်လည်း မဖြူဖြူခိုင်တို့၏ မင်္ဂလာပွဲမှာ အထမမြောက်ခဲ့။


အဘယ့်ကြောင့်ဆိုသော် မဖြူဖြူခိုင်တို့ မင်္ဂလာပွဲကျင်းပရန် တစ်လခန့်အလိုတွင် ကိုမျိုးဝင်းမှာ ကျန်းမာရေးချို့တဲ့လာသည်။


HIV လက္ခဏာ ပြသလာသော်လည်း ရိုးသားသည့် တောသူတောင်သားများဖြစ်သော မဖြူဖြူခိုင်တို့ မိသားစုမှ မရိပ်မိခဲ့။


ထို့ကြောင့် သတို့သား၏ ကျန်းမာရေးအခြေအနေအရ မင်္ဂလာပွဲကို မကျင်းပတော့ပဲ အကျဉ်းရုံးသာ မင်္ဂလာဆွမ်းကျွေးလိုက်ရသည်။


မင်္ဂလာဆွမ်းကျွေးပွဲပြုလုပ်ပြီး မကြာမီပင် ကိုမျိုးဝင်း သည် ရန်ကုန်တွင် ဆေးကုရန်ဟုဆိုကာ ထွက်ခွာသွားပြီး မဖြူဖြူခိုင် အား အဆက်အသွယ်မလုပ်တော့ပေ။


”သူက အဆက်အသွယ်မလုပ်တော့ဘူး။ ညီမမှာလည်း ရွာမှာ ကိုယ်ဝန်ရတဲ့ လက္ခဏာကပြနေပြီ။ အဲ့ဒါနဲ့ ဘိုကလေးက ဆေးခန်းမှာ သွားပြတော့..ဆေးပါစစ်ရတယ်။ အဲ့ဒီမှာ..ကျွန်မ ဘ၀ မှာ ဘယ်တုန်းကမှ ရလိမ့်မယ်လို့ မတွေးထားခဲ့တဲ့ ဒီရောဂါကြီး ကူးစက်ခံနေရပြီဆိုတာ သိလိုက်ရတာပဲ”


အသားဖြူဖြူ၊ ပါးပါးလျလျခန္ဓာကိုယ်နှင့် ထိုအမျိုးသမီး သည် သူမ၏ သွေးရောင်ဖျော့အောက်နှုတ်ခမ်းကို သွားဖြင့် ကိုက်ထားရင်း အကြာကြီး ငြိမ်သက်နေ၏။


ကျွန်တော်လည်း သူမ၏ နာကြင်မှုကို အလိုက်တသိငြိမ်သက်စွာ စောင့်နေပေးလိုက်၏။


ဆန့်ကျင်ဘက်လိင်များနှင့် ပတ်သက်ပြီး မည်သည့်အတွေ့အကြုံမှမရှိသော ရိုးသားသည့် ဆယ်ကျော်သက်အရွယ်ကျေးတောသူလေးသည် သူမ၏ ပထမဆုံး အိမ်ထောင်ရေးကာလ နှစ်လတာကာလတွင်ပင် HIV ရောဂါကူးစက်ခံနေရသော ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဆိုသည့် အဖြစ်ဆိုးကို ရုတ်တရက်ပြောင်းလဲခြင်းခံလိုက်ရသည်မဟုတ်လား။


ထို့အတွက် ပတ်ဝန်းကျင်မှ ပေးသောဖိအားများမှာလည်း သူမအတွက် မထောင်းသာလှ။


”တစ်ရက် ရွာထဲက မုန့်ဆိုင်တစ်ခုမှာ ညီမ မုန့်သွားစားတယ်။ ညီမ ဝင်ထိုင်လိုက်တော့ ကျန်တဲ့လူတွေက အလျိုလျိုထပြန်ကုန်တယ်။ ဆိုင်ရှင်က ဆို ညီမကို သူတို့ဆိုင်က ပန်းကန်နဲ့ မစားစေချင်ဘူး..ပါဆယ်ပဲ ရောင်းနိုင်မယ်လို့ ပြောပြန်တယ်။ ညီမ အရမ်းရှက်သွားတာ။ ညီမက ဒီရောဂါရှိတယ်ဆိုပေမယ့် မကောင်းတာလုပ်လို့ ဒီရောဂါဖြစ်တာမှမဟုတ်တာ”


ထို့ထက် ပိုမိုဆိုးရွားသော ဖိအား မှာ သူမ၏ ဗိုက်ထဲတွင်ရှိနေသော ကလေးငယ်လေး ရှေ့ရေးပင်။


”ညီမ ဗိုက်ထဲက ကလေးအကြောင်းကို ပြန်စဉ်းစားမိတော့ သေရတော့မယ် ဆိုတာထက်..အပြစ်မရှိတဲ့ ညီမ ကလေးလေးမှာ ဒီရောဂါဆိုးကြီး ပါလာမှာကို တွေးပြီး ပိုခံစားရတယ်။ ကျွန်မ နှစ်ရက်လောက် အိမ်ခန်းတံခါးပိတ်ပြီး ငိုတယ်။ ဒီကလေးဟာ ဒီရောဂါကြီးနဲ့ လူ့လောကကို ရောက်လာရင် သူ့ကို ပိုပြီး ထိခိုက်စေလိမ့်မယ်လို့ ကျွန်မတွေးမိတယ်.. အဲ့ဒီတော့ ကျွန်မကိုယ် ကျွန်မ သတ်သေဖို့ ဆုံးဖြတ်လိုက်တယ်”


ကျွန်တော် သူမ၏ မျက်နှာကို ထိတ်လန့်တကြားကြည့်လိုက်မိသည်။ သြော်..သတ်မသေဖြစ်လို့ အခုလို သူ နဲ့ ငါ စကားပြောခွင့်ရနေတာပဲဆိုသည့် အသိဝင်လာမှသာ စိတ်အေးသွားရတော့၏။


အမှန်တကယ်ပင် မဖြူဖြူခိုင်သည် မိမိကိုယ်ကို သတ်သေရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။


”အိပ်ဆေးတွေ အလုံးနှစ်ဆယ်လောက် ညီမ သောက်တယ်။ ဒါပေမယ့် ကျွန်မရော ကလေးရဲ့ ကုသိုလ်ကံလို့ ပြောရမလား။ အိမ်က အချိန်မှီသိသွားလို့ ဆေးခန်းပို့တယ်။ ဆေးခန်းရောက်တော့ ဘာလို့ ဒီလိုလုပ်တာလဲလို့ ဆရာမတွေက မေးကြတယ်။ ကျွန်မအကြောင်းလည်း သူတို့က သိထားတော့ …ART ဆေးပုံမှန်သောက်ရင် ကလေးကို မကူးစက်နိုင်ဘူး။ ကိုယ်တိုင်လည်း အချိန်အကြာကြီးအသက်ရှင်သွားနိုင်တယ်လို့ ရှင်းပြတယ်..ကျွန်မ ဆုံးဖြတ်လိုက်တယ်”


သို့သော် မဖြူဖြူခိုင်အတွက် အခက်အခဲတစ်ခုမှာ ရွာရှိလက်သည်များက သူမအား HIV ဝေဒနာရှင် တစ်ဦးဖြစ်သဖြင့် ကလေးမမွေးပေးရဲကြ။


ထို့အပြင် အနီးဆုံးမြို့လေးရှိ ဆေးရုံမှ ဆရာဝန်ကလည်း သူမကို ကလေးမမွေးပေးနိုင်၊ ရန်ကုန်တွင်သာ သွားမွေးရန် ပြောလာ၏။


”ကျွန်မ စိတ်အရမ်းညစ်သွားတယ်။ ဒီကလေးကို မွေးမယ်လို့ ဆုံးဖြတ်ထားခါမှလေ”


ကံကြမာ၏ မျက်နှာသာပေးမှုလားဟု ဆိုရမည်လားမသိ။


မကြာမီပင် အဆက်အသွယ်ဖြတ်သွားခဲ့သော မဖြူဖြူခိုင် ၏ ခင်ပွန်းသည် မဖြူဖြူခိုင် အား ဆက်သွယ်လာသည်။


ထိုအခါကျမှ ခင်ပွန်းသည် ရန်ကုန်ရှိ HIV ပရဟိတဂေဟာတစ်ခုတွင် နေထိုင်ပြီး ဆေးကုသမှုခံယူနေခြင်းဖြစ်ကြောင်း သိရသည်။


ခင်ပွန်းသည်မှာ HIV ၏ နောက်ဆုံးအဆင့်ရောက်လုနီးမှ ဂေဟာ၏ ဆေးကုသပေးမှုကြောင့် ပြန်လည်ကျန်းမာလာခဲ့ပြီး ယခုအခါ ပရဟိတဂေဟာမှ စီစဉ်ပေးသော အလုပ်ကိုပင် လုပ်ကိုင်နေကြောင်းသိရသည်။


”သူက ကျွန်မကို ကိုယ်ဝန်ရှိနေတာမသိဘူး။ ရန်ကုန်မှာ ဆေးလာကုဖို့ လှမ်းခေါ်တယ်။ ပထမတော့ သူ့ကြောင့် ကျွန်မဒီလိုဖြစ်ရတာဆိုပြီး သူ့ကို စိတ်နာလို့ သူ့ဆီ မလိုက်သွားဖို့ ဆုံးဖြတ်ထားတာ.”


ကိုမျိုးဝင်းက ရွာသို့ ပြန်လည်ရောက်ရှိလာသည်။


“သူ လာတောင်းပန်တာ..သူကိုယ်တိုင်လည်း HIV ပိုး ဘယ်က ကူးစက်မှန်း မသိခဲ့ဘူး..ဒီလိုဖြစ်နေတယ်ဆိုတော့ သိတော့ ကျွန်မနဲ့အတူတူထပ်နေရင် ကူးမှာ စိုးရိမ်လို့ ထွက်သွားခဲ့တာပါဆိုပြီး ပြောတယ်…ဒါလည်း ကျွန်မ သူ့ကို ခွင့်မလွှတ်နိုင်ခဲ့ဘူး..ဒီရောဂါဆိုတာ ပွေလို့ ရှုပ်လို့ ဖြစ်တာမဟုတ်လား…ကျွန်မကို လက်မထပ်ခင် သူ တခြားမကောင်းတဲ့ မိန်းမတွေဆီက ဒီရောဂါပိုးကို သယ်လာတာမျိုးပဲလို့ ကျွန်မ တွေးထားတာ..ဒါပေမယ့်”


“ဒါပေမယ့်..ဘာဖြစ်လဲ..ညီမ”


ကျွန်တော့်မေးခွန်းကို ဘေးနားတွင် ထိုင်နေသော ကိုမျိုးဝင်းက ဖြေသည်။


“အကို ယုံမလားတော့မသိဘူး…ကျွန်တော် ပင်လယ်သားဘဝနဲ့ ဆယ်နှစ်သားလောက်ကတည်းက လုပ်နေပေမယ့်..အဲ့ဒီ မကောင်းတဲ့ မိန်းမတွေကိစ္စ လုံးဝမပွေရှုပ်ခဲ့ဘူး..နောက် တခြား အသောက်အစားလည်း ကျွန်တော့်မှာ အခုထိ မရှိပါဘူး…အဲ့ဒီတော့ ကျွန်တော့်မှာ HIV ပိုး ကူးနိုင်တဲ့ နည်းလမ်းက…..”


ကိုမျိုးဝင်းက အင်္ကျီလက်ရှည်ဝတ်ထားသော သူ့ညာဘက်လက်ကို ခေါက်တင်လိုက်သည်။


ညာဘက် လက်ကောက်ဝတ်အောက်ဘက်တွင် သွေးကြောများကြားတွင် ထိုးထားသော ဆေးမှင်ကြောင် တစ်ခု။


“အချစ်ဆုံး ဖြူ”

ကျွန်တော် ကိုမျိုးဝင်း လက်မှ ဆေးမှင်ကြောင်ကို နားမလည်စွာ ကြည့်လိုက်၏။


“ဒါက ဘာဖြစ်လို့လဲ”


“ဖြူနဲ့ ကျွန်တော် ရည်းစားစဖြစ်ခါစပေါ့..ဖျာပုံဘက်က ရွာတစ်ရွာကို ကျွန်တော် ရောက်သွားတယ်..ရွာဘုရားပွဲက ဆေးမှင်ကြောင်ဆိုင်မှာ..ဒီစာသားကို ဝင်ထိုးမိတယ်…ရွာဘုရားပွဲတွေဆိုတော့ အကိုသိတဲ့အတိုင်း..တခါသုံးအပ်တွေမဟုတ်ဘူးလေ”

ကျွန်တော် ကိုမျိုးဝင်း မျက်နှာကို သေချာအကဲခတ်လိုက်သည်။


“အကိုက ကျွန်တော့်ကို မယုံဘူးကိုး..အင်းလေ”


“ကျွန်မကတော့ ကိုမျိုး ကို ယုံပါတယ်”


မဖြူဖြူခိုင်၏ လက်တစ်ဖက်က ကိုမျိုးဝင်း၏ လက်မောင်းတဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်၏။

သူတို့နှစ်ဦးကို ကြည့်ကာ ကျွန်တော် ပြုံးလိုက်မိ၏။


“ကျွန်မ ကိုမျိုးကို ယုံတယ်….ဒီဆေးမှင်ကြောင် ဟာ ကျွန်မကို ချစ်သက်သေအဖြစ် သူထိုးထားခဲ့တာပဲ..ဒါကြောင့် ဒီရောဂါမတော်တဆကူးလာတဆိုရင် ကျွန်မ သူ့ကို ခွင့်လွှတ်နိုင်တယ်လို့ စိတ်ကို ပိုင်းဖြတ်လိုက်တယ်..ဒါကြောင့် ဆေးမှန်မှန်သောက်ပြီး ကလေးလည်း မွေးနိုင်မယ့်၊ ကျွန်မလည်း ပတ်ဝန်းကျင်အသစ်လည်းဖြစ်တဲ့ ရန်ကုန်ကို သူနဲ့အတူ လိုက်တက်ဖို့ ဆုံးဖြတ်လိုက်တယ်”


မဖြူဖြူခိုင်က ကိုမျိုးဝင်း၏ လက်ကောက်ဝတ်မှ “အချစ်ဆုံး ဖြူ” ဆိုသည့် မှင်ကြောင်ကို သူမ၏ လက်ဖဝါးဖြင့် ပွတ်သပ်နေရင်းက ပြောလိုက်သည်။


ထိုသို့နှင့် အသက်(၁၈)နှစ်အရွယ် HIV ဝေဒနာရှင် ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်သည် ဧရာဝတီတိုင်း၊ တံငါရွာလေးမှ ရန်ကုန်မြို့ကြီးသို့ ရင်သွေးတစ်ဦးကို လွယ်ကာ ရောက်ရှိလာခဲ့သည်။


ရန်ကုန်သို့ရောက်သောအခါ မင်္ဂလာတောင်ညွှန့်လွှတ်တော်အမတ် မဖြူဖြူသင်း ၏ HIV ပရဟိတဂေဟာရှိ အိမ်ထောင်သည်ဂေဟာတွင် သူမခင်ပွန်း နှင့်အတူနေခွင့်ရခဲ့သည်။


ဂေဟာတွင် နေထိုင်ရင်း ခင်ပွန်းဖြစ်သူက ဂေဟာမှ စီစဉ်ပေးသော အလုပ်လုပ်ကာ ဝင်ငွေရှာသည်။


မဖြူဖြူခိုင် ကတော့ နာရေးကူညီမှုအသင်းဆေးရုံ၊ မဖြူဖြူသင်း တို့၏ ပရဟိတအဖွဲ့ အကူအညီများဖြင့် ဆေးကို ပုံမှန်သောက်သည်။ ကလေးမီးဖွားနိုင်ရေးအတွက် ကြိုးစားခဲ့သည်။


မကြာမီပင် ကိုမျိုးဝင်း နှင့် မဖြူဖြူခိုင် တို့အတွက် ရင်ခုန်စိတ်အလှုပ်ရှားရဆုံး အချိန်တစ်ခုရောက်လာသည်။

ထိုအချိန်က HIV ဝေဒနာရှင် မိဘနှစ်ပါးဖြစ်သော သူတို့နှစ်ဦး မှ ရင်သွေးလေး မွေးဖွားပြီးနောက် HIV ပိုး ရှိ မရှိ ဆေးစစ်ချက် ထွက်လာမည့်အချိန်ပင်။

”သူက လုံး၀ နားမထောင်ရဲတာနဲ့ အဲ့ဒီနေရက ဆေးရုံမလာဘူး။ ဆရာဝန်ကြီးက ဆေးစစ်ချက် အဖြေကို ကိုင်လာတဲ့အချိန် ညီမဘေးက ကလေးလေးကို ညီမ မကြည့်ရဲ့ဘူး။ မျက်စိမှိတ်ထားရတယ်။ ကလေးမှာ ရောဂါမပါလာဘူးဆိုတာလဲသိရော..ညီမ ငိုချလိုက်တယ်..ပျော်လွန်းလို့”


ယခုအခါ ကိုမျိုးဝင်း၊ မဖြူဖြူခိုင် တို့၏ သမီးငယ်လေးမှာ လာမည့်နှစ်တွင် သူငယ်တန်းစတက်တော့မည်ဖြစ်သည်။


”ကလေးကို ဂေဟာမှာ မထားပါဘူး။ ရွာက အဘွားတွေဆီပို့ထားတယ်။ ရွာမှာပဲ ကျောင်းတက်ခိုင်းမယ်။ ညီမ တုန်းက ဆယ်တန်းမအောင်ပေမယ့် သူ့အလှည့်ကျ ဘွဲ့ရပညာတတ်ဖြစ်ရမယ်။ အဲ့ဒီအတွက်လည်း ဒီရန်ကုန်မှာ ညီမတို့ လင်မယားနှစ်ယောက် အလုပ်လုပ်ပြီး ငွေရှာနေကြတယ်။ ညီမသမီးလေးဟာ ပညာတတ်ကြီးဖြစ်မှာ”


အမှန်တကယ်လည်း သူမတို့ လင်မယားနှစ်ယောက်မှာ ယခုအခါ သန်သန်မာမာ၊ ကျန်းကျန်းမာမာ ဖြင့် သူတို့ ကလေးအနာဂတ်ရေးအတွက် အလုပ်လုပ်ကိုင်ကာ ငွေစုနေကြသည်။


ခင်ပွန်းဖြစ်သူက ကြက်ခြင်းများ လိုက်ပို့သည့် အထမ်းသမားအလုပ်ကို လုပ်ပြီး ဇနီးဖြစ်သူက လက်မှုအနုပညာပစ္စည်းလေးများ ကို နေ့စားအလုပ်ဖြင့် လုပ်ကိုင်လျက်ရှိသည်။


“ကျွန်တော့်သမီးလေး နာမည်ကို တက်တူးထိုးဦးမှာ..ဒါပေမယ့်..ဒီတခါတော့ တခါသုံးအပ်နဲ့ပေါ့..အကိုရာ”


သမီးငယ်လေးကို ချီပိုးထားသော ကိုမျိုးဝင်း၏ အသံက ဝမ်းသာအားရ ဗလုံးဗထွေးကြီး။

အရိုက်အပုပ်ကြမ်းလှသော ကံကြမ္မာလက်နက်ကြီးကျည်ဆံများကြားတွင် မဖြူဖြူခိုင် မှာ သူမ၏ မိခင်ဘဝကို လက်နက်ချပစ်ဖို့ ကြိုးစားခဲ့ဖူးသည်။


သို့သော်………….သူမ သည် လောဂဓံ ဆူးချွန်ပေါ်တွင် မတ်မတ်ရပ်တည်နိုင်ခဲ့၏။


ခုခံအားကျဆင်းမှုရောဂါတည်းဟူသော ကြောက်မက်ဖွယ်ရောဂါဆိုးကြီးကို ဖြတ်ကျော်နိုင်ခဲ့သော မိခင်တစ်ယောက်အဖြစ် သူမသည် မည်သည့် စိတ်ဓာတ်၊ မည်သည့်မျှော်လင့်ချက်တို့ဖြင့် ရပ်တည်ခဲ့သနည်း။

အသက်ဆယ့်ရှစ်နှစ်အရွယ်ဖြင့် လောဂဓံဆိုးကြီးကို ကြုံခဲ့ရသော သူမကတော့ ယခုလို ကဗျာဆန်ဆန်အဖြေပေးပါသည်။


”ခုခံအားကျဆင်းတယ်ဆိုတဲ့ ဒီရောဂါကြီးကို ကျွန်မ သမီးလေးအပေါ်ထားတဲ့ ၅၂၈ ဆိုတဲ့ မိခင်မေတ္တာတစ်ခုတည်းနဲ့ ကျွန်မ ရင်ဆိုင်ခုခံနိုင်ခဲ့တာ..ပြီးတော့…”

မဖြူဖြူခိုင်က ကိုမျိုးဝင်း၏ လက်ကောက်ဝတ်မှ “အချစ်ဆုံးဖြူ”ဆိုသည့် ဆေးမှင်ကြောင်လေးကို လှမ်းကြည့်လိုက်၏။


သူတို့နှစ်ဦးကို ကြည့်ကာ..ဂေဟာအိမ်ထောင်သည်ခန်းများအနောက်ဘက်မှ လှိုက်ခနဲ ပျံ့လွင့်လာသော ကျင်ငယ်ရနံ့ ပြင်းပြင်းများကိုပင် ကျွန်တော် ကျေကျေနပ်နပ်ကြီး ရှုရှိုက်လိုက်မိတော့သည်။


ချစ်ခြင်းမေတ္တာသည်လည်း ကူးစက်စေသည်မဟုတ်လား။


ခက်ဇော်