ဤအဖြစ်အပျက်သည် ကျွန်မ၁၄နှစ်သမီးအရွယ်က ကြုံခဲ့ရသည့်အဖြစ်အပျက်ဖြစ်ပါသည်။
ယခုကျွန်မအသက်ငါးဆယ်အရွယ်သို့တိုင်ရောက်ခဲ့ပေမင့် ထိုစဥ်က အဖြစ်အပျက်အားပြန်တွေးမိတိုင်း ကြက်သီးတော့ထမိစမြဲဖြစ်ပါသည်။
ကျွန်မတို့ရွာကလေးသည် မြို့ပြနှင့်ဝေးပြီး အလွန်လည်းခေါင်လှပါသည်။
ရွာသူရွာသားအများစုသည် တောင်ယာအလုပ်သိမ်းလျှင် အခြားရွာတွေသို့ မုန့်ဟင်းခါးလှည့်လည်ရောင်းချပြီး ဟင်းစားဖိုးရှာကြရပါသည်။
တစ်ညတွင်တော့ ရွာအလယ်မှ ဒေါ်ကြိုင်ဆိုသည့်အမျိုးသမီးကြီးသည် အိမ်သို့ရောက်လာပါသည်။
သူမကလည်း မနက်စောစောထပြီး အခြားရွာသို့မုန့်ဟင်းခါးလှည့်လည်ရောင်းသူဖြစ်ပါသည်။
အမေက
“ဟဲ့ မကြိုင်။ညကြီးမိုးချုပ် ဘာကိစ္စ”
“အကူအညီတောင်းချင်လို့ပါမစိန်ရေ”
“အင်း။ပြောလေ”
“ကျွန်မ မနက်’တာတိုင်’ရွာကိုမုန့်ဟင်းခါးသွားရောင်းဖို့အကုန်ပြင်ဆင်ပြီးခါမှ ခါတိုင်းစျေးတောင်းရွက်ဖို့ခေါ်နေကျလူက နေမကောင်းလို့မလိုက်ဖြစ်တော့ဘူးတဲ့။ဒါကြောင့် မိညိုလေးကိုတစ်ရက်လောက်ခေါ်သွားချင်ပါတယ်”
ယင်းသို့အကူအညီတောင်းတော့ အမေက
“ရပါတယ်။ခေါ်သွားပါ”
“ဟုတ် ဟုတ်။ကျေးဇူးပါ”
ပြောပြီး ဒေါ်ကြိုင်က ကျွန်မဘက်သို့လှည့်ကာ
“မိညို။ငါမနက်လေးနာရီလာခေါ်မယ်နော်”
“ဟုတ်။အဒေါ်”
ဒေါ်ကြိုင် ပြန်ထွက်သွားပါသည်။
စင်စစ်သော် ကျွန်မသည် အမေ့စကားကိုမလွန်ဆန်ဝံ့၍သာလက်ခံလိုရ
ပေမယ့်အဲ့ဒီ’တာတိုင်’ရွာသို့ မလိုက်လိုပါ။
ထိုရွာသည် ကျွန်မတို့ရွာနှင့်နှစ်မိုင်ခန့်ဝေးသည့်အပြင် ရွာနှစ်ရွာကြားတွင် အိမ်တစ်အိမ်မှမရှိဘဲ ‘အင်း’ကြီးတစ်ခုသာရှိနေပါသည်။
ပို၍ဆိုးသည်မှာ မနက်လေးနာရီအချိန်သွားရမည်မို့ ကျွန်မမှာ စိုးတထိတ်ထိတ်တော့ဖြစ်နေမိပါသည်။
ဒေါ်ကြိုင်ကမူ ထိုရွာသို့နေ့စဥ်သွားရောက်ရောင်းချနေကျမို့ သူမအတွက်တော့
မည်သည့်အခက်အခဲမှဖြစ်မနေပါ။
ကျွန်မစိုးရိမ်နေသည်ကို အမေက ရိပ်မိလေသဖြင့်
“စိုးရိမ်မနေပါနဲ့သမီးရယ်။ဒေါ်ကြိုင်တို့တောင်နေ့တိုင်းသွားနေကျ။ဘာအန္တရာယ်မှမဖြစ်ပါဘူး”
ကျွန်မ ဘာမှပြန်မပြောဘဲငြိမ်နေလိုက်ပါသည်။
အမေက
“ကဲ ကဲ ထမင်းစားပြီး စောစောအိပ်တော့။မနက်သွားရမှာဆိုတော့လေ”
“ဟုတ်ကဲ့”
ကျွန်မလည်း ထမင်းစားပြီး ခပ်စောစောအိပ်လိုက်ပါသည်။
သို့ဖြင့် မနက်လေးနာရီထိုးတော့ဒေါ်ကြိုင်ကအိမ်သို့ရောက်လာပြီး ခေါ်ပါသည်။
ကျွန်မလည်း မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီး အဖေ့ပုဆိုးတစ်ကွင်းအား ပုခုံးပေါ်တင်ကာဒေါ်ကြိုင်နှင့်အတူ လိုက်လာခဲ့ပါသည်။
သူမ၏အိမ်သို့ရောက်တော့ ယူဆောင်လာသည့်ပုဆိုးအား ခေါင်းခုအဖြစ်ပြုလုပ်ကာ မုန့်ဟင်းခါးတောင်းကို ခေါင်းပေါ်သို့ရွက်လိုက်ပါသည်။
ပြီးနောက် နှစ်ယောက်သား ဝါးမီးတုတ်ကိုယ်စီဖြင့်ထွက်လာခဲ့ကြပါသည်။
သို့ဖြင့်ရွာအနောက်ဘက်ရှိ အင်းကြီးထဲသို့ရောက်လာခဲ့ပြီး အတန်ကြာအောင် လျှောက်လာခိုက်မှာပင် ဝါးမီးတုတ်နှစ်ခုစလုံးက မီးငြိမ်းသွားပါသည်။
“ဟဲ့ ပလုတ်တုတ်”
ဒေါ်ကြိုင်လည်းအလန့်တကြားအော်ပြီး ဝါးမီးတုတ်ကို ဓာတ်မီးခြစ်ဖြင့်ပြန်ထွန်းညှိပါသည်။
သို့သော် မည်သို့မှထွန်းညှိ၍မရပါ။
“ဓာတ်မီးခြစ်က ဆီကုန်နေတာထင်ပါရဲ့။ဒီအတိုင်းသွားကြတာပေါ့အေ”
ပြောပြီး ဒေါ်ကြိုင်က ကျွန်မလက်ကိုကိုင်ဆွဲပြီး မှောင်မှောင်မည်းမည်းကြီးထဲတွင် နှစ်ယောက်သားစမ်းတဝါးဝါးလျှောက်ကြရပါတော့သည်။
သို့ဖြင့်အတန်ကြာအောင် လျှောက်လာမိသည့်အခါ၌ လူတစ်ရပ်ခန့်မြင့်သော ချုံပုတ်ကြီးများကိုတွေ့ရပါသည်။
ယခင်ကမူ ဤအင်းထဲတွင် ချုံပုတ်တွေမတွေ့ခဲ့ဖူးပါ။
ထို့ကြောင့်တစ်ခုခုတော့ထူးခြားနေပြီဟု ကျွန်မတွေးနေမိပါသည်။
ထိုအခိုက်မှာပင် ဒေါ်ကြိုင်က ဘုရားစာတွေကိုပါးစပ်မှ အဆက်မပြတ် ရွတ်နေပါတော့သည်။.
သို့သော် ကြောက်စိတ်ကြောင့်ရယ်လားမသိ။ရွတ်သမျှဘုရားစာတွေမှာ ကပေါက်တိ ကပေါက်ချာဖြစ်နေပါတော့သည်။
နှစ်ယောက်သား အမှောင်ထဲတွင် စမ်းတဝါးဝါးလျှောက်လာကြခိုက်တွင် ရှေ့ခပ်လှမ်းလှမ်းတွင် မီးလင်းလျက်ရှိနေသည့်တဲငယ်လေးတစ်လုံးကိုတွေ့လိုက်ရပြီး အဲ့ဒီတဲကလေးထဲတွင်ကလေးငိုသံတွေ၊စကားပြောသံတွေကြားနေရသည်မို့ကျွန်မလည်းအားတက်သွားပါသည်။
ဒေါ်ကြိုင်က
“မိညို။ရှေ့မှာ ကျီးကန်ရွာက ကိုစံမြင့်တို့တဲကိုမြင်နေရပြီ။အဲဒီတဲရောက်မှ ခဏနားကြတာပေါ့”ဟုဆိုကာ ကျွန်မလက်ကိုဆွဲရင်း ဆက်လျှောက်ပါသည်။
သို့သော် အချိန်တွေ အတော်
ကြာအောင်လျှောက်လာသည့်တိုင်အောင်
ထိုတဲသို့ မရောက်နိုင်ဘဲဖြစ်နေပါသည်။
ကျွန်မလည်း ဘေးပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်မိနေစဥ် ရွာမြောက်ကျောင်းမှ နံနက်ခြောက်နာရီအုံမောင်းခေါက်သံထွက်ပေါ်လာပါသည်။
အဲ့ဒီ အုံးမောင်းခေါက်သံမှာအရှေ့အရပ်မှထွက်ပေါ်လာသောကြောင့် တစ်ခုခုလွဲနေပြီမှန်းသိလိုက်ရပါသည်။
လျှောက်ရင်းလျှောက်ရင်းဖြင့် ဦးစံမြင့်တဲအနီးသို့ရောက်လာခဲ့ပါသည်။
ကလေးငိုသံကလည်း ပီပီသသကြီးကြားလာရပါသည်။
ဤအခိုက်တွင် ကျွန်မ၏စိတ်ထဲတွင် တစ်စုံတရာကိုသတိရမိလိုက်ပါသည်။
ယင်းမှာ ဦးစံမြင့်တို့သားအဖသည် ဤတဲကလေးထဲတွင်နေပြီး လယ်ကိုစောင့်လေ့ရှိပေမင့် ကလေးငယ်လေးတွေကိုတော့ တစ်ခါမှခေါ်မလာတတ်ပါ။
ယခုမူ ကလေးငိုသံတွေကြောင့် ကျွန်မမှာစိုးရိမ်စိတ်တွေပေါ်လာရပြန်ပါသည်။
ထို့ကြောင့်ကျွန်မက
“အဒေါ်ရေ။တဲထဲမှာဦးစံမြင့်တို့သားအဖပဲစောင့်ကြတာကြာပြီ။ဘယ်ကလေးမှမပါဘူး။ဒီတော့ ဒီမှာပဲ နားကြရအောင်”
ယင်းသို့ပြောတော့ ဒေါ်ကြိုင်က
“တဲကိုရောက်တော့မယ်။ဒီမှာမနားနဲ့”
ထိုအခါ ကျွန်မလည်း မုန့်ဟင်းခါးတောင်းကို မြေကြီးပေါ်သို့ချလိုက်ပြီး
“အဒေါ်သွားချင်ရင်သွား။ကျွန်မတော့ အဲဒီတဲကိုမလိုက်ရဲဘူး။ဒီမှာပဲထိုင်နားတော့မယ်”ဟုဆိုကာ ခေါင်းခုလုပ်ထားသည့်ပုဆိုးကို ပခုံးပေါ်သို့တင်ကာ လက်အုပ်ချီလိုက်ပြီး
“မြတ်စွာဘုရား ကယ်တော်မူပါ။အဘကိုးမြို့ရှင်ကယ်တော်မူပါ”
ထိုသို့အသနားခံ အကူအညီတောင်းပြီး ခေတ္တအကြာ၌ မှောင်နေသည့်အင်းတစ်ခုလုံးတွင် အလင်းရောင်က ခပ်ပါးပါးလေးရောက်လာပါသည်။
ထိုအခါ ကျွန်မလည်း အားတက်သွားပြီး
“ကိုကြီးကျော်ရှင့်။ကျွန်မတို့နှောင့်ယှက်ခံနေရပါတယ်။ရှင်းပေးပါရှင့်”ဟုထပ်မံအကူအညီတောင်းလိုက်ပါသည်။
(ကျွန်မတို့ဒေသသည် ကိုးမြို့ရှင်၊ကိုကြီးကျော် စသည်တို့ကို ဆည်းကပ်ကိုးကွယ်ကြပါသည်။တစ်ဖန်။ကိုကြီးကျော်ပွဲကိုလည်း တပေါင်းလရောက်တိုင်းစည်ကားသိုက်မြိုက်စွာကျင်းပပေးကြပါသည်။)
ယင်းအခိုက်မှာပင် အလင်းရောင်သည်တဖြည်းဖြည်း ပိုမိုလင်းထိန်လာကာ ပတ်ဝန်းကျင်တစ်ခွင်လုံးကိုလည်းရှင်းလင်းစွာမြင်တွေ့လိုက်ရပါသည်။
ထို့အတူ ကျွန်မတို့၏ရှေ့မှ မီးလင်းနေသည့် ဦးစံမြင့်၏တဲကလေးကိုလည်း မတွေ့ရတော့ဘဲ အဲ့ဒီတဲနေရာတွင်သစ်ငုတ်တိုကြီးတစ်ခုသာရှိနေသည်ကို အံ့သြဖွယ်ရာတွေ့လိုက်ကြရပါသည်။
သို့သော် နှစ်ယောက်သားကြာကြာမအံ့သြနိုင်ဘဲ တာတိုင်
ရွာသို့သွားရာလမ်းကိုလှမ်းမျှော်ကြည့်ရာ၌
အဝေးမှညောင်ပင်ကြီးတစ်ပင်ကိုခပ်မှုန်မှုန်သာမြင်တွေ့လိုက်ရပါသည်။
အဲ့ဒီညောင်ပင်ကြီးသည် တာတိုင်ရွာ
သို့သွားရာလမ်းဘေးတွင်ပေါက်နေသည့်ညောင်ပင်ကြီးဖြစ်ပါသည်။
ဆိုရလျှင် ကျွန်မတို့နှစ်ယောက်သည် မှောင်မှောင်မည်းမည်းကြီးထဲတွင် စမ်းတဝါးဝါးလျှောက်လာကြရာ၌ လမ်းပေါ်မှချော်ထွက်ကာ အလွန်ဝေးကွာသည့်နေရာသို့ရောက်လာခဲ့ခြင်းဖြစ်ပါသည်။
ထို့နောက် အဲ့ဒီညောင်ပင်ကြီးဆီသို့ရောက်အောင် လမ်းကွင်းတွေကြားမှ ခက်ခက်ခဲခဲပြန်လျှောက်လာခဲ့ကြရပါသည်။
လမ်းပေါ်သို့ရောက်တော့မှ တာတိုင်ရွာသို့ဆက်လက်ထွက်လာခဲ့ရပါသည်။
ထိုရွာသို့ရောက်တော့ မုန့်ဟင်းခါဝယ်သူတွေက ဝိုင်းမေးကြပါသည်။
“ဒေါ်ကြိုင် နေတောင်မြင့်နေပြီ။ဒီနေ့မလာတော့ဘူးအောက်မေ့နေတာ”
“ရွာကထွက်လာတာ မနက်လေးနာရီပဲ။အင်းထဲရောက်တော့ ဝါးမီးတုတ်တွေက မီးငြိမ်းသွားတာ။ပြန်ထွန်းလို့မရဘူး။ဒါကြောင့် ရမ်းသမ်းလျှောက်ရင်း လမ်းလွဲသွားတာ”ဟုဆိုလိုက်ရာ ဝယ်သူတွေလည်း သနားသွားပြီး ပါလာသမျှမုန့်ဟင်းခါးတွေကို အကုန်ဝယ်ယူအားပေးလိုက်ကြပါတော့သည်။
ထို့ကြောင့် ကျွန်မတို့နှစ်ယောက်လည်း ခပ်စောစောပင် ရွာသို့ပြန်လာနိုင်ကြပါတော့သည်။
(ဒေါ်ကြိုင်သည် ခါတိုင်းဆိုလျှင် မုန့်ဟင်းခါးတွေကို ကုန်အောင်လှည့်လည်ရောင်းရသဖြင့် ညနေစောင်းအချိန်မှသာရွာသို့ပြန်လာရပါသည်။)
သို့ဖြင့် ရွာမှအိမ်သို့ပြန်ရောက်တော့ အမေက ဆီးကြိုမေးပါသည်။
“ဟဲ့ ပြန်လာတာစောလှချည်လား။ဒေါ်ကြိုင်စျေးရောင်းရင် ညနေလောက်မှ ပြန်ရောက်တတ်တာပါ”
ယင်းသို့မေးရင်းပြောလေတော့ ကျွန်မက
“လမ်းမှားပြီး တာတိုင်ရွာကို နောက်ကျမှရောက်သွားလို့ ဟိုက သနားပြီး ဝိုင်းအားပေးကြတာအမေရေ။ဒါကြောင့်စောစောပြန်လာနိုင်ကြတာ”
ဟုပြန်ဖြေရင်း ဝါးမီးတုတ်ငြိမ်းသွားရာမှစပြီး ကြုံဆုံခဲ့ရပုံများကိုပြန်လည်ပြောပြလိုက်ပါသည်။
ထိုအခါ အမေလည်း ရင်ဘတ်ကိုလက်ဖြင့်ဖိလေရင်း
“အမလေး သမီးရယ်။မသေကောင်းမပျောက်ကောင်း။သမီးတို့ရောက်သွားတဲ့သစ်ငုတ်တိုနေရာကကျတ်တွေနေတဲ့နေရာ။လယ်လုပ်တဲ့လူတွေတောင် နေ့လည်နေ့ခင်းမှသွားရဲကြတာ။တော်သေးတာပေါ့။မုန့်ဟင်းခါးလောက်လုစားရင်ကိစ္စမရှိဘူး။လူကိုဒုက္ခပေးလိုက်ရင် မတွေးဝံ့စရာ”
ယင်းသို့ဆိုလေတော့မှ ကျွန်မမှာ ကြက်သီးတွေပင်ထသွားရပါတော့သည်။
တစ်ဖန်။ကျတ်ကုန်းမြေသို့အချိန်နှောင်း(မိုးလင်းခါနီး)မှရောက်သွားခဲ့ရတာကိုကျေးဇူးတင်မိသလို၊အဲ့ဒီနေရာသို့ မလိုက်ဘဲ မုန့်ဟင်းခါးတောင်းကိုမြေပြင်ပေါ်ချပြီး ထိုင်နေခဲ့သည့် မိမိ၏လုပ်ရပ်အပေါ်ကိုလည်း ဂုဏ်ယူနေမိပါတော့သည်။
ယခုကျွန်မအသက်ငါးဆယ်သို့ရောက်
ခဲ့ပေမင့် ထိုနေ့မနက်ကဖြစ်ပျက်ခဲ့တာတွေကိုတော့ပြန်တွေးမိတိုင်းကြက်သီးထမိရပါသည်။
အမေပြောခဲ့သလို မုန့်ဟင်းခါးလောက်ကိုလုစားလျှင်ကိစ္စမရှိပေမင့်လူကိုဒုက္ခပေးလျှင်မခက်ပါလား။
ထိုမျှမကသေး။အင်းထဲတွင် မှောင်မှောင်မည်းမည်းကြီးဖြတ်လျှောက်ရာ၌ မြွေပါးကင်းပါးနှင့်မကြုံခဲ့ရသည်မှာလည်း အလွန်ကံကောင်းခဲ့သည်ဟု ဆိုရပါတော့မည်။
အားလုံးအေးချမ်းပါစေ…။
ဆရာဆွေ(တောင်တွင်း)