” ရန်ငြိုးမပြေ ” (စ/ဆုံး)

ရွာနာမည်သည်ကား ပေါက်အိုရွာဟုအမည်တွင်ပြီး ထိုရွာအတွင်းရှိ ရွာသူရွာသားများသည် တောင်ယာအလုပ်ကိုသာအဓိကထားလုပ်ကိုင်ပြီး သာရေနာရေးကအစလူစုံတက်ညီလက်ညီ ကူညီဖေးမစောင့်ရှောက်ကြသည့်အတွက်ဘေး ရွာနားနီးချင်းများကတောင် အလွန်အားကျရသည့် ရွာတစ်ရွာဆိုလည်းမမှားပေ။


သို့ပေမယ့် ဒီရက်ပိုင်းအတွင်း အင်မတန်မှသာယာသော ပေါက်အိုရွာလေးတွင် အကျည်းတန်စရာအဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ရသည်။

“ဟဲ့ကောင်မ မိမြ နင်ထွက်ခဲ့စမ်း ဘယ်မလဲကောင်မ ဟင် ပြောတော့ဖြင့် နေ့ပေးပါ့မယ် ညပေးပါ့မယ် အခုဘယ်နှရက်တောင်ရှိနေပြီလဲ နင်ငါ့ပိုက်ဆံကို ချေးငှားတုန်းက ဒီလိုမျိုးမဟုတ်ပါဘူး ဟဲ့ထွက်ခဲ့စမ်း မိမြ “


ရွာလယ်ရှိဒေါ်မိမြအိမ်ရှေ့တွင် ငွေတိုးချေးစားသည့် ဒေါ်ခင်မမ တစ်ယောက်ခါးထောက်၍ ထဘီကိုပေါင်ထိမကာ အော်ဟစ်၍တောင်းနေလေသည်။


“တိုးတိုးပြောစမ်းပါ မခင်မမရယ် ရှင့်ပိုက်ဆံကို ကျွန်မပေးပါ့မယ် “


“ညည်းကပေးပါ့မယ် ပေးပါ့မယ်လို့သာ ပါးစပ်ကပြောနေတာ အခုထိငါ့လက်ထဲ၅ပြားတောင်မရောက်သေးဘူး”


“ကျွန်မယောက်ျားကလည်း အလုပ်ကအဆင်မပြေသေးလို့ပါ အဲ့ဒါနောက်နေ့ ကြရင်တော့ ကျွန်မပေးပါ့မယ်ရှင် “


“အမယ် ညည်းတို့အဆင်ပြေတာတွေ မပြေတာတွေငါမသိချင်ဘူး ငါ့ပိုက်ဆံပဲ ငါပြန်လိုချင်တယ် အေးငါ့ပိုက်ဆံမရလို့ကတော့ ရှိတာဆွဲယူရမှာပဲ “


ဒေါ်ခင်မမတစ်ယောက်ပါးစပ်မှပြောလည်းပြော လူကအိမ်ထဲဝင်ကာ တိုင်မှာချည်ထားသည့် ဝက်ကလေးတစ်ကောင်အားဆွဲဖြုတ်ကာ ယူဆောင်တော့သည်။

“မလုပ်ပါနဲ့ မခင်မမရယ် ဒီဝက်ကလေးကိုတော့ မလုပ်ပါနဲ့ရှင် ကျွန်မတို့မှာ ဒါလေးပဲရှိလို့ပါ ကျွန်မရှင့်ပိုက်ဆံကို အတိုးရောအရင်းပါကျေအောင်ဆပ်ပါ့မယ်ရှင် ဒီဝက်ကိုတော့ယူမသွားပါနဲ့ “


“ဖယ်စမ်းပါအေ ညည်းကတိနဲ့ညည်းပဲ ခံလိုက်အဲ့မှာ “


ဒေါ်ခင်မမတစ်ယောက်ဒေါ်မိမြအား တွန်းဖယ်၍ ဝက်အားဆွဲကာယူဆောင်တော့သည်။


ဒေါ်မိမြတစ်ယောက် သူမွေးထားသော ဝက်ကလေးကိုအတင်းအဓမ္မယူဆောင်ခြင်းကို ခံလိုက်ရသည့်အတွက် အင်မတန်ဒေါသဖြစ်သွားရပြီး ပါးစပ်မှလည်းတတွတ်တွတ်ရွတ်နေသည်။

“ခင်မမ နင့်ကိုခွင်မလွှတ်ဘူး နင်ငါ့အကြောင်း သိစေရမယ် “


၁နှစ်ခန့် ကြာသောအခါ


“အဟွတ် အဟွတ် ဝေါ့ “


“ဟင် အမေ ပါးစပ်ထဲကနေသွေးတွေအန်လို့ပါလား အဖေရေလာပါဦး ဒီမှာအမေဘာဖြစ်တာလဲ မသိဘူး “

“အေး လာပြီ လာပြီ သမီးရေ “


“ဟင် မိန်းမဘယ်လိုဖြစ်တာလဲကွာ


“ကျွန်မလည်းမသိပါဘူးတော် လူကနေရင်းထိုင်ရင်းနဲ့ မူးနောက်ပြီးအန်ချင်နေတာ


“ငါဆရာဝန်သွားခေါ်လိုက်ဦးမယ် သမီး နင့်အမေကို ကုတင်ပေါ်လှဲနေခိုင်းလိုက်ဦး အဖေ ရွာဆေးမှူးကိုသွားခေါ်လိုက်ဦးမယ် ကြားလား”


“ဟုတ်စိတ်ချပါ အဖေ မြန်မြန်တော့ခေါ်လာခဲ့နော်


ဒေါ်ခင်မမတစ်ယောက် အိမ်တွင်နေရင်းထိုင်ရင်း သွေးများအန်သည့်အတွက်ကြောင့် သမီးဖြစ်သူယမုံနှင့်ခင်ပွန်းဖြစ်သူဦးစိုးမောင်တို့ ပြာယာခတ်နေကြရသည်။


မကြာခင်ရွာဆေးမှူးနှင့်ဦးစိုးမောင်တို့ အိမ်သို့ရောက်ရှိလာပြီး ဒေါ်ခင်မမ၏ ဝေဒနာအားစမ်းသပ်ရှာဖွေကြတော့သည်။


“လူနာက ဘာရောဂါလက္ခဏာမှမရှိသလို အစာအဆိပ်သင့်တာလည်းမဟုတ်ပေဘူး ကျွန်တော့်အထင်ပြောရရင် ဒါဟာ အဲ”

“ဆရာပွင့်ပွင့်လင်းလင်းပြောပါခင်ဗျာ ဘာမှအားမနာပါနဲ့ဗျာ “


“အင်း ခက်တော့အခက်သားဘဲဗျ ကျွန်တော့်အနေနဲ့ ဒါဟာ အောက်လမ်းပညာနဲ့ လုပ်ခံထားရတယ်လို့ပဲမြင်တယ် ဒါကြောင့် အထက်လမ်းဆရာ တစ်ယောက်ယောက်နဲ့ သေချာလေးပြစေချင်တယ် တစ်ခါတစ်လေကြရင် ကျွန်တော်တို့ သိပ္ပံပညာနဲ့ လိုက်မမှီတဲ့ ပညာရပ်တွေဆိုတာလည်း လောကကြီးမှာရှိသကိုးဗျ ကဲကျွန်တော့်ကို ခွင့်ပြုပါဦး “


“ကောင်းပါပြီဆရာ ကောင်းပါပြီ ဆရာပြောတဲ့အတိုင်း ကျွန်တော်လုပ်ကြည့်ပါ့မယ်


………………………

ထိုနေ့မှစ၍ ဦးစိုးမောင်တစ်ယောက် ဆရာရှာလာခဲ့သည်မှာ၁ပတ်တိတိကြာလာခဲ့သည် ယခုထပ်ထိမတွေ့သေးပေ။


“စိုးမောင်ရေ စိုးမောင် ရှိလားဟေ့”


“အဖေ အိမ်ရှေ့မှာလူတစ်ယောက်ရောက်နေတယ် အဖေ့ဧည့်သည်ထင်တယ် သွားတွေ့လိုက်ဦးအဖေ ပေးပေး သမီးလုပ်ထားလိုက်မယ်”


“အေးအေး ဘယ်သူများပါလိမ့်”

ဦးစိုးမောင်တစ်ယောက် အိမ်ရှေ့ထွက်ကြည့်တော့


“ဟာ ငတင်ပါလားဟ မတွေ့တာတောင်ကြာပြီပဲ လာကြာအိမ္ထဲလာကြာ”


“အေးအေး “


ဦးစိုးမောင်တစ်ယောက်သူ၏ ငယ်သူငယ်ချင်းဖြစ်သူ ကိုတင်ဦးအား အိမ်ထဲသို့ခေါ်လာခဲ့လေသည်။


“သမီးရေ ရေနွေးကြမ်းလေးနဲ့ လက်ဖက်သုပ် ပန်းကန်လေးချပါဟေ့ “


“သြော် ဒါမင့်သမီးလား ကြည့်စမ်းအရွယ်တောင် ရောက်နေပါပြီပဲကွ”


“အေးဟုတ်တယ်ကွ အခုငါ့သမီးက အသက်၂၀ကျော်ပြီလေကွာ ဒါနဲ့မင်းငါ့အိမ်ကို ဘယ်ကနေဘယ်လိုရောက်လာတာလဲကွ”


“ဒီလိုဟေ့ ငါလည်းကုန်ပစ္စည်းတွေလှည့်ရောင်းရင်း မင်းတို့ရွာနားရောက်လာတာပဲ ငါလည်းမင်းနဲ့မတွေ့တာကြာပြီဆိုပြီး သတိရလို့ဝင်လာခဲ့တာပဲ ဒါနဲ့မင်းမိန်းမရော မမြင်ပါလား “


“ဟူး …”


ဦးစိုးမောင်တစ်ယောက်သက်ပြင်းရှည်ကြီးတစ် ချက်ချရင်းစကားစလိုက်လေသည်။


“မိန်းမက အိမ်အပေါ်ထပ်မှာရှိတယ် ဒါပေမယ့် ငါ့မိန်းမမှာ လွန်ခဲ့တဲ့ ၁ပတ်လောက်က စပြီး ရောဂါတစ်ခုဖြစ်နေတယ်ကွ “


“ဟင် ဆိုစမ်းပါဦး ဘယ်လိုမျိုးရောဂါလဲ”


“ရောဂါကတော့ နေရင်းထိုင်ရင်း သွေးတွေ အန်အန်နေတာကွ “


“ဟေ ဟုတ်လား “


“ဟုတ်တယ်သူငယ်ချင်း”


“ဒါနဲ့ ဆရာဝန်တွေဘာတွေပြမကြည့်ဘူးလား”


“ဘယ်နေပါ့မလဲကွာ ပြတာပေါ့ “


“ဆရာဝန်ကဘာပြောလဲ “


ထိုစဉ်


“ဦးလေး ရေနွေးကြမ်းနဲ့လက်ဖက်သုပ်လေး သုံးဆောင်ပါဦးရှင့် “


“သြော် အေးငါ့တူမကြီး ကျေးဇူးပါကွယ်”


လက်ဖက်ခွက်ကို လှမ်းယူရင်းစကားစအား ပြန်ဆပ်လိုက်သည်။


“ဆရာဝန်ကပြောတာတော့ ထွေထွေထူးထူး ဘာရောဂါမှမရှိပါဘူးတဲ့ အောက်လမ်းပညာတို့ဘာတို့နဲ့များ လုပ်ထားတယ် ထင်တယ်တဲ့ အဲဒီမှာ ဆရာဝန်က အထက်လမ်းပညာရှင်ဆရာတစ်ယောက်နဲ့ ပြကြည့်ပါလားတဲ့ ဒါနဲ့ငါလည်း ဆရာလိုက်ရှာတာ ကြာပြီ အခုထိမတွေ့သေးဘူးဆိုပါတော့ကွာ မင်းအသိတွေထဲမှာ အထက်လမ်းဆရာလေးများ မရှိဘူးလားကွာ”


“အထက်လမ်းဆရာဆိုရင်တော့ ငါနဲ့သိတာဆိုလို့ ဆရာရွှေတစ်ယောက်တော့ငါသိတယ်ကွ သုကအင်မတန်မှတော်တာနော် သူကုလိုက်တဲ့ လူတိုင်းပြန်ကောင်းသွားကြတာချည်းပဲ”


“ဟေ ဟုတ်လား ဒါ ဒါဆိုရင် အဲဒီဆရာကို ငါ့ကိုပင့်ပေးနိုင်မလားသူငယ်ချင်း ပိုက်ဆံကြိုက်သလောက်ကုန်ပါစေကွာ ငါကုမယ်”


“ဟာ ဆရာရွှေက အခကြေးငွေယူပြီးကုတဲ့ ဆရာမဟုတ်ဘူးကွ သူကမေတ္တာရှေ့ထားပြီး ကုသတာကွ မင့်ငရဲကြီးမယ် “


“ဟုတ်လား ငါမသိလို့ပါ သူငယ်ချင်းရာ ဆရာ့ကိုသာအမြန်ဆုံးပင့်ပေးပါကွာ”


“အေး ဒီလိုဆိုရင် ငါဒီကနေ့ပဲ ဆရာနေတဲ့ဆီသွားပြီး အကျိုးအကြောင်းပြောပြ ထားလိုက်မယ် တကယ်လို့ဆရာအားတဲ့အချိန်နဲ့ ကိုက်ရင် မနက်ဖြန်ပင့်ခဲ့မယ်ကွာ ဘယ်လိုလဲ”


“အေးပါကွာ ကျေးဇူးတင်ပါတယ် သူငယ်ချင်းရာ”


“ရပါတယ်ကွာ မလိုပါဘူး သူငယ်ချင်းအချင်းချင်းပဲ ကူညီပေးရမှာပေါ့ “


နောက်တစ်နေ့မနက်တွင်တော့


“စိုးမောင်ရေ စိုးမောင် ငါဆရာပင့်လာခဲ့ပြီဟေ့”


“ဟာ လာသူငယ်ချင်း ဆရာအိမ်ထဲကိုကြွပါ ခင်ဗျာ “


“သမီးရေ သမီး ဆရာထိုင်ဖို့ ဖျာခင်းပြီးပြီလား”


“ပြီးပါပြီအဖေရဲ့ အားလုံးအဆင်သင့်ပဲ “


“ဆရာထိုင်ပါခင်ဗျ “


“အင်း ဒါနဲ့လူနာရော မတွေ့ပါလား ဘယ်မှာလဲ”


“လူနာကအိမ်ပေါ်မှာပါဆရာ “


“ဒါဆို ဆရာ့ကိုအိမ်ပေါ်လိုက်ပို့ကြဦး”


“ဟုတ်ကဲ့ ဆရာ “


အိမ်အပေါ်တက်လိုက်သည်နှင့် အမွှေးရနံ့များ ပန်းများနှင့်ပြည့်နေသည့် ဘုရားကျောင်းဆောင်အား ဆရာရွှေမြင်လိုက်လေသည်။


ဆရာရွှေက ဘုရားစင်ရှေ့သို့ သွားကာ ထိုင်ပြီးထိခြင်း၅ဖြာဖြင့် မြတ်စွာဘုရားအား ထိုင်ရှိခိုးလေသည် ပြီးမှ လှည့်လိုက်ပြီးစကားပြောလိုက်သည်။


“လူမမာကိုဆရာ့ရှေ့ခေါ်ခဲ့ပြီး ထိုင်ခိုင်းပါ”


“ဟုတ်ကဲ့ပါဆရာကြီး “


ဤသို့ဖြင့် အခန်းထဲသို့ ဦးစိုးမောင်နှင့်အတူ ဦးတင်ဦးတို့၂ယောက်ဝင်သွားပြီးခဏအကြာ အရိုးပေါ်အရေတင်နေသည့်ကို ်ခန္ဓာနှင့်ဒေါ်ခင်မမ အားတွဲခေါ်လာကြပြီး ဆရာရွှေ၏အရှေ့သို့ ထိုင်ခိုင်းလေသည်


လူမမာဖြစ်သူဒေါ်ခင်မမမှာ အစာရေစာ လုံးဝမဝင်တော့ပြီမို့ အားအင်မရှိသောကြောင့် ဘေးမှဦးစိုးမောင်က တွဲ၍ထိုင်ပေးနေရလေသည်။


“ဒီကာယကံရှင်ကို ဆရာ့လက်ထဲအပ်ပါသလား”


“အပ် အပ်ပါတယ်ဆရာကြီး “


“ကိုင်း ငါဆရာရွှေအား အပ်နှံထားပြီးပြီ ဖြစ်သောကြောင့် အထက်ဆရာကြီးများ၏ အမိန့် ငါဆရာရွှေ၏ အမိန့် ဤကာယကံရှင်အား ပြုလုပ်ထားတဲ့ အတတ်ပညာသည်ဝင်ရောက်ခစားစမ်း “


ဆရာရွှေ၏ အမိန့်စက်က ပြင်းထန်လှသည် ဆရာရွှေ၏စကားဆုံးသည်နှင့် ဒေါ်ခင်မမ၏တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်လာပြီး မျက်ထောင့်နီကြီးများနှင့် ဆရာရွှေနှင့် အိမ်သူအိမ်သားများ ဘေးပတ်ဝန်းကျင်မှ လာရောက်ကြည့်ရှုသူများအား စားမတက် ဝါးမတက်ကြည့်နေလေသည်။


“ပြောစမ်း ဘာကြောင့် ဒီလိုအောက်တန်းကျတဲ့ ပညာနဲ့ ဒီလိုလုပ်ရတာလဲ ဖြေစမ်း နင်ဘယ်သူလဲငါသိနေတယ် နင့်ရဲ့မလောက်လေး မလောက်စားပညာလေးနဲ့ ငါ့ကိုယှဉ်နိုင်မယ် ထင်သလားဟေ့ ဟေ “


“မယှဉ် မယှဉ်နိုင်ပါဘူး ဆရာကြီး ကျွန်မဆရာကြီးရဲ့ပညာကိုကြောက်ပါတယ်”


“ဘာကြောင့် ဒေါ်ခင်မမကို သင်ဒီလို ပြုလုပ်ရသလဲဖြေပါ”


“မကျေနပ်လို့ လုပ်တာ”


ခပ်ပြက်ပြက်ပြောလိုက်ခြင်းပင်။


“ဘာကြောင့်မကျေနပ်တာလဲ ဆရာ့ကိုပြော”


“သူ့ဆီကချေးထားတဲ့ ပိုက်ဆံကိုတောင်းလို့”


“ဟ သူချေးထားတဲ့ပိုက်ဆံပဲ သူပြန်တောင်းမှာ ပေါ့မဟုတ်ဘူးလား “


“ဟုတ်တော့ ဟုတ်ပါတယ် ဆရာကြီး ဒါပေမယ့် သူကမတရားအနိုင်ကျင့်စော်ကားပြီး ကျွန်မတို့မွေးထားတဲ့ တိရစ္ဆာန်ကအစ သူအကြွေးနဲ့သိမ်းတယ် ဒါကြောင့်ဒင်းကို လက်စားချေဖို့ ၁နှစ်တိတိ ပညာတွေသင်ရင်းနဲ့ စောင့်နေခဲ့တာ အခုတော့ ဘယ့်နှယ်ရှိစ ဟင် ဒင်းသေတော့မယ်လေ “


“ဟား ဟား ဟား ဟား “


ဒေါ်ခင်မမအားဝင်ရောက်ပူးကပ်နေသည်မှာ ဒေါ်မိမြမှန်းလူတွေသိသွားကြလေသည်။


“ဟင် ဒေါ်ခင်မမကိုဝင်ပူးနေတာမမိမြပါလားဟဲ့”


” သူဘယ်လိုဖြစ်သွားပါလိမ့် အရင်ကသူခပ်အေးအေးလေးပါ အခု အောက်လမ်းပညာသည်ဖြစ်နေပါရောလား”


“ဟဲ့ ဒေါ်ခင်မမကလည်း အမြတ်ကြီးစားပြီး ဆင်းရဲသားတွေအပေါ်အနိုင်ကျင့်တာကိုး ဖြစ်မှာပေါ့ “


အိမ်ပေါ်ရှိလူအများတစ်ယောက်တစ်ပေါက်ပြော ဆိုနေကြလေသည်။


“ကဲ ဒေါ်ခင်မမ ကိုယ်စားဆရာတောင်းပန်ပါတယ် အခုပြုလုပ်ထားတဲ့ ပညာတွေကို ပြန်နှုတ်ပေးပါ ဆရာအသာတကြည်ပြောနေတုန်းကို”


“မနှုတ်ပေးနိုင်ပါဘူး ဆရာကြီး “


“ဘာဖြစ်လို့လဲ ပြော ဘာကြောင့်မနှုတ်ပေးချင်ရတာလဲ”


“သူတို့အခုလို ရွာသူရွာသားတွေအပေါ်မှာ အမြတ်ကြီးစားနေဦးမယ်ဆိုရင် ကျွန်မ ဒီပညာတွေနဲ့လုပ်ထားတာကိုနှုတ်မပေးနိုင်ပါဘူး အကယ်၍ သူတို့မိသားစုအတိုးပေးပြီးအမြတ်ကြီးမစားပါဘူးဆိုရင်တော့ ကျွန်မနှုတ်ပေးပါ့မယ်”


“ဘယ်လိုလဲ ဦးစိုးမောင် “


ဆရာရွှေက မေးလိုက်တော့


“နောက်နောင် အတိုးပေးပြီးအမြတ်ကြီး မစားတော့ပါဘူးလို့ ကတိပေးပါတယ် ကျွန်တော့်မိန်းမအသက်ကိုချမ်းသာပေးပါ”


“ကြားတယ်နော် သူတို့က ကတိပေးပြီးပြီ သင်လည်းသင့်ပြောထားတဲ့အတိုင်း သင့်လုပ်ထားတာမှန်သမျှ အကုန်နှုတ်ပေးပါ”


ဆရာရွှေ စကားဆုံးသည်နှင့်တပြိုင်နက် ဒေါ်ခင်မမ အားပူးကပ်နေသော အောက်လမ်းပညာသည် ဒေါ်မိမြသည် ခန္ဓာကိုယ်အား အပေါ်မှနေ၍အောက်သို့ သပ်ချနေလေသည် ထပ်ခါထပ်ခါသပ်ချပြီး ခဏအကြာတွင်


“ဝေါ့ ဝေါ့ ဝေါ့ အေ့”


“ဟင် …”


“အမယ်လေး ဆံပင်တွေအထွေးလိုက်ပါလား”


ဒေါ်ခင်မမအန်ချလိုက်သော အန်ဖက်များကြားမှာ ဆံပင်များအထွေးလိုက်ထွက်ကျလာသည်။


“ကုန်ပြီလား နောက်ထပ်ကျန်သေးလား”


“မကျန်တော့ပါဘူးဆရာကြီး “


“ဘာလို့ ဒီအဝီစိ လားရမယ့် ပညာတွေ သင်ခဲ့ရတာလဲ ဒီပညာတွေကိုစွန့်လွှတ်ပြီး ကောင်းကောင်းမွန်မွန်မနေချင်ဘူးလား “


“နေချင်ပါတယ်ဆရာကြီး ကျွန်မ ဒီပညာတွေကို မလိုချင်တော့ပါဘူးရှင် ဒါကြောင့် ဒီပညာတွေကိုကျွန်မ ဆရာကြီးဆီမှာ လှူ ပါရစေ “


“ကောင်းပြီ နောက်ပြီးကြရင် ဆရာကြီးလာခဲ့မယ် ဟုတ်ပြီလား ကဲကဲ သွားပေတော့ လူမမာလည်းပင်ပန်းနေရော့မယ် “


“ဝှိုင်း “


ဒေါ်ခင်မမအားပူးကပ်နေသော ဒေါ်မိမြသည် တစ်ချက်သန်းလိုက်ကာ ထွက်ခွာသွားလေတော့သည်။


မကြာမီ အချိန်အတွင်း ဒေါ်ခင်မမ သတိပြန်ရလာကာ ဘာမှမသိလိုကြောင်ပြီး လူတွေကိုလိုက်လံကြည့်ရှုနေလေသည်။


“မိန်းမ သတိရပြီလား ဆရာကြီးကို ထိုင်ရှိခိုးလိုက်ဦးလေ ဆရာကြီးပညာနဲ့ ကယ်တင်ပေးထားတာ “


ဦးစိုးမောင်မှပြောလိုက်သည့်အတွက်ကြောင့် ဒေါ်ခင်မမလည်းဆရာရွှေအားထိုင်ကန်တော့လေသည်။


“အိမ်း နောက်နောင်ကို ရွာသားတွေအပေါ်မှာ အတိုးပေးပြီးအမြတ်ကြီးမစားပါနဲ့တော့ ရောင့်ရဲတင်းတိမ်ခြင်းနဲ့နေနိုင်ကြပါစေ ကဲဆရာကြီးကို ပညာလှူ ထားတဲ့သူဆီ ဆရာကြီးသွားရဦးမယ်ကွယ့် ဆရာကြီးကို လိုက်ပို့ပေးစမ်းပါဦး “


“ဟေ့ ဖိုးတုတ် ဆရာကြီးကိုလိုက်ပို့လိုက်ပါကွယ်


“သြော် ဆရာကြီးမသွားခင်တစ်ခုတော့မှာထားခဲ့ပါရစေ ကိုယ့်ကိုပညာနဲ့ပြုလုပ်ထားသူလည်း အသိတရားရသွားပါပြီ ဒါကြောင့် ရန်ကိုရန်ခြင်း မတုံ့ပြန်ပါနဲ့ မိန်းကလေး “


“ကျွန်မနားလည်ပါပြီ ဆရာကြီး ကျွန်မစောင့်ထိန်းပါ့မယ် “


ဆရာကြီးလည်း ခေါင်းညိတ်ပြီး ရွာလယ်သို့ ထွက်ခွာသွားလေတော့သည်။


ထိုကိစ္စတွေအားလုံးပြီးဆုံးသွားတော့ ဒေါ်ခင်မမလည်း ပြန်လည်ကျန်းမာလာသည် အရင်လိုလည်းရွာထဲသို့ အတိုးပေးပြီး အမြတ်ကြီးစားသည့်အလုပ်အားစွန့်လွှတ်လိုက်လေသည်။


သို့ပေမယ့် ဒေါ်မိမြကိုတော့ ထိုအဖြစ်အပျက်တွေ အားလုံးဖြစ်ပြီးသည့်နောက်ပိုင်း ရွာ၌မတွေ့ရတော့ပေ။


သူလုပ်ခဲ့သည်လုပ်ရက်အားရှက်၍လား ရွာထဲရှိလူအများအားမျက်နှာမပြရဲ၍လားဆိုတာကိုတော့ ဒေါ်မိမြသာလျှင်အသိဆုံးဖြစ်ပေလိမ့်မည်။


ပြီးပါပြီ ……”


စာရေးသူ-အောင်ဓူဝံ