သမီးအတွက်မှီငိုရမယ့်ပခုံးလေး

  သမီးအတွက်မှီငိုရမယ့်ပခုံးလေး “(စ/ဆုံး)

—————————–
အခန်းကျဉ်းကျဉ်းလေးထဲမှာ
စတိတ်ရှိုးတွေမှာ သုံးသည့်
အသံချဲ့စက်မျိုးတွေ
တပ်ဆင်ထားသဖြင့် ဆူညံနေသည်။

စတိတ်ရှိုးနှင့် မတူတာကတော့
ဆိုနေသူတွေက
အသံမကောင်းတာပါပဲ။
အကူဆို ဆိုပြီး လာထိုင်နေသည့်
မိန်းကလေးအများစုက အသံ
ကောင်းကြသော်လည်း
ကိုလှိုင်မြင့်တို့ အဖွဲ့က
တစ်ယောက်မှ အသံမကောင်း။

ကောင်းမလား။
အားလုံးအသက်
လေးဆယ်ကျော်မှ
စ ဆိုသူတွေချည်း။
ပြီးတော့သောက်ကလည်း
သောက်ထားကြသေးသည်။

ဗိုက်အင့်လောက်အောင်လည်း
စားထားကြသေးသည်။
သည်ကြားထဲမှာ မိန်းကလေးတွေက
ဗိုက်ဆာနေပြီဟု ပြောကာ
ထပ်မှာကြတာတွေကလည်း ရှိသေးသည်။

မှောင်ပျပျ ဆူညံနေသော
အခန်း၏ တံခါးကလေး ပွင့်ကာ
စားပွဲထိုးလူငယ်တစ်ဦး ဝင်လာသည်။

အစွန်ဆုံးမှာ ထိုင်နေသည့်
မိန်းကလေးကို နားနားကပ်၍
တိုးတိုး ပြောသည်။

မိန်းကလေးက
ကိုလှိုင်မြင့်ဘက် လှည့်၍
နားနားကပ်၍ တိုးတိုးပြောသည်။
ဦးတို့ထဲမှာ ဦးလှိုင်မြင့်ဆိုတာ
ရှိသလားတဲ့ရှိတယ်၊ ဦးပဲ ဘာဖြစ်လို့လဲ

မိန်းကလေးတစ်ယောက် အပြင်မှာ
လာစောင့်နေတယ်တဲ့၊
အသက် ၁၇-၁၈ လောက်တဲ့၊
‘ယုလို့ပြောပေးပါတဲ့
ကိုလှိုင်မြင့် စိတ်အိုက်သွားသည်။

အေး အေးဟု ဆိုကာ
နေရာမှ ထဟန်ပြင်သည်။
သီချင်းတစ်ပုဒ်
ဆုံးသွားသဖြင့် အသံတွေ
ခဏငြိမ်သွားတာနှင့်
တိုက်ဆိုင်သွားသဖြင့်
မေးသံတွေ၊ ဟိုမိန်းကလေးက
ဖြေသံတွေ ထွက်လာသည်။

ကိုလှိုင်မြင့် စွံလှချည်လား
လျှာလေးအာလေးနှင့်
တစ်ယောက်က အော်သည်။
သမီးတို့ကို ပစ်မသွားနဲ့နော်ဟု
မိန်းကလေးတစ်ယောက်က
သံယောင်လိုက်သည်။

ကိုလှိုင်မြင့် မျက်နှာတစ်ခုလုံး
သွေးတို့ ဆူပွက် ပူထူသွားသည်။

အိမ်က သမီး လိုက်လာတာဗျ

ကျယ်ကျယ် လှည့်ပြော
လိုက်သော်လည်း
နောက်သီချင်းတစ်ပုဒ်စနေ၍
တူရိယာသံများ ဆူညံစွာ
ထွက်ပေါ်လာသဖြင့် ကြားကြပုံမပေါ်။

‘သမီး ဘာလို့ လိုက်လာတာလဲ
ကိုလှိုင်မြင့် လေသံမာနှင့် မေးတော့
သမီးက နှုတ်ခမ်းကို
တင်းအောင် စေ့ထားသည်။

အသက် ၂၀ မှာ
အိမ်ထောင်ကျခဲ့တော့
အသက်လေးဆယ်ကျော်မှာတင်
အပျိုအရွယ် သမီးတစ်ယောက်
ရှိနေခြင်းသည်
မိသားစုဘဝကို ခုံမင်သည့်
ဖခင်တစ်ယောက်အတွက်
ဂုဏ်ယူစရာဖြစ်ကောင်းဖြစ်မည်။

ဖြစ်သော်လည်း
မိသားစုနှင့် ခွဲနေနေပြီး
ဘဝကို ပျော်သလို
ကူးခတ်နေသည့်
ကိုလှိုင်မြင့်လို လူမျိုး
အတွက်တော့ တစ်ခါတစ်ရံ
မသက်သာစရာ ဖြစ်ရပါသည်။

မေမေ
နေမကောင်းဘူး ဖေဖေ
ကိုလှိုင်မြင့် စိတ်ထဲက ကျွတ်ခနဲ
ရေရွတ်မိသည်။

သမီးကို မေမေ လွှတ်လိုက်တာလား
သမီးက နှုတ်ခမ်းကို စေ့၍
ခေါင်းခါသည်။မေမေ မသိပါဘူး၊
သမီးလည်း ဖေဖေ့ဆီ လိုက်လာတာ
မဟုတ်ပါဘူး။

ဒီလမ်းထဲက ဓာတ်ခွဲခန်းမှာ
မေမေ့ အသားစ အဖြေလာရွေးတာ၊
ဖေဖေ့ကား ဒီဆိုင်ထဲမှာ
ရပ်ထားတာတွေ့လို့ ၀ငျလာတာ
ကိုလှိုင်မြင့် ပါးစပ် ဟသွားသည်။

အသားစ အဖြေ၊
ဟုတ်သလား ဟုလည်း
မေးမိသည်ဟုတ်တယ်
မေမေ သွေးတွေ ဆင်းဆင်းနေတာ၊

အစကတော့
သွေးဆုံးခါနီးလို့ပဲထင်တာ၊
၄ ၅ လ ဆက်လာတော့
ကြောက်ပြီး အိုဂျီသွားပြတာ၊

အိုဂျီက အောက်ကနေခြစ်ပြီး
အသားစအဖြေ ပို့ထားတာ
“ဘာတွေ့လဲသမီးလည်း
ဘယ်ဖတ်တတ်မလဲ၊
ကင်ဆာ မဟုတ်ဘူးလို့တော့
ပြောတာပဲကိုလှိုင်မြင့် စိတ်အိုက်သွားသည်။

သူ့ဇနီးနှင့် သူက
တရား၀င် ကွာရှင်းထားတာ
မဟုတ်ပေမယ့်
ဆက်ပေါင်းနေ၍ မဖြစ်တော့ဟု
နှစ်ယောက်စလုံးက လက်ခံပြီး
သူက ကုမ္ပဏီရုံးခန်း
အပေါ်မှာပဲ နေနေခဲ့တာ
တစ်နှစ်လောက်ရှိပြီ။

မကွဲ၊ တကွဲ ဇနီးကျန်းမာရေးအတွက်
စိတ်ပူလှသည် မရှိသော်လည်း

အရွယ်မရောက်တရောက်
သမီးလေးက အဲသည်
စိတ်ညစ်စရာ ကိစ္စတွေကို
ဦးဆောင်ဖြေရှင်း
ပေးနေရတာ တွေ့ရတော့လည်း
စိတ်မကောင်းပြန်။

ဖေဖေ ဘာလုပ်ပေးရမလဲ၊
သမီး ပိုက်ဆံလိုသေးလား၊
ဖေဖေ့မှာ ချက်စာအုပ် ပါတယ်
သမိးက ပြုံးမဲ့မဲ့ဖြင့်
သူ့ကို ပြန်ကြည့်သည်။

ဖေဖေ ကိုယ့်ယောက္ခမကို
ဘယ်သူဆိုတာ မေ့နေတယ် ထင်တယ်
ရင်ထဲတွင် အောင့်ခနဲ ဖြစ်သွားသော်လည်း
သမီးက ထိုသို့ ဖြစ်စေရန်
ရည်ရွယ်ချက်နှင့်
ပြောတာဖြစ်မှာဟု တွေးမိပြီး
မသိချင်ယောင် ဆောင်လိုက်ရသည်။

ဒါဆို သမီး ဖေဖေ့ကို ဘာလို့
လာပြောနေတာလဲ
သမီးက အကြာကြီး ငြိမ်နေသည်။
ပြီးမှ တိုးတိုးပြောသည်။

ဖေဖေ့ကို ပြန်လာစေချင်လို့ပါ
ဘာရယ်ဟုတ်တယ်၊ စိတ်ပူစရာ၊
စိတ်ညစ်စရာ တွေ့ရင်
မိသားစု စုံစုံညီညီနဲ့ရင်ဆိုင်ချင်တယ်၊

အပူတွေ မျှလိုက်ရင်
နွေးရုံလောက်ကလေးပဲ
ဆိုတော့ ခံသာတာပေါ့၊
ဖေဖေ မပါတဲ့ မိသားစုကို
မိသားစု စုံစုံညီညီလို့ သမီး ခံစားလို့ မရဘူး

စကားတတ်သော သမီးကြောင့်
ကိုလှိုင်မြင့် ဘာပြန်ပြောရမည်မသိ
ဖြစ်သွားသည်။
ခဏနေမှ တိုးတိုး ပြန်ပြောသည်။

သမီး
ငယ်ပါသေးတယ်ကွယ်၊
ဖေဖေက
အသက် ၂၀ တကည်းက
စိတ်ညစ်စရာတွေနဲ့ချည်းပဲ နေခဲ့ရတာ၊
ဖေဖေ ထွက်ပေါက် ပိတ်နေသလို
ခံစားခဲ့ရတဲ့အချိန်တွေက အကြာကြီး။

သမီးအမေက
နေကောင်းနေတုန်းကလည်း
ဖေဖေ့ကို စိတ်ညစ်စရာတွေပဲ
အမြဲပေးနေခဲ့တာ၊

အခု
ဘဝအသစ်ကလေးမှာ
ဖေဖေ ပျော်နေပြီ၊
ဖေဖေ ပြန်မလာချင်တော့ဘူး

သမီးက ခေါင်းငုံ့၍ အံကြိတ်ပြီး
အကြာကြီး ငြိမ်နေသည်။

ပြီးမှ တိုးတိုးကလေး
သမီးသွားတော့မယ်ဟု ပြော၍
လှည့်ထွက်သွားသည်။

တွဲလောင်း ဆွဲထားသော
သားရေ ခါးပတ်များကို
တစ်ချောင်းချင်းကြည့်ရင်း
စဉ်းစားနေသော ကိုလှိုင်မြင့်ကို
လျှပ်စစ်လှေကားမှ တက်လာသော
စူဇန်က လှမ်းတွေ့တော့
ပြုံးပြီး အနားသို့ လျှောက်လာသည်။

စီဒီတွေ ရွေးနေရင်းက ပျောက်သွားလို့
ဘယ်များ ရောက်သွားပါလိမ့်လို့
လိုက်ရှာနေတာ ကိုက ဒီမှာကိုး
ကိုလှိုင်မြင့်က လှည့်ကြည့်၍ ပြုံးပြသည်။

စူဇန် လိုချင်တာ ရလား
စူဇန်က မဲ့ပြသည်။
တခြားဆိုင်ပဲ သွားရအောင် ကိုရယ်၊
ဒီ ဟာတွေက
အမ်မီနန် ရှိလားဆိုတာကို
ဆမ်ဆောင်းထဲကပဲ ရှိတယ်တဲ့
ကိုလှိုင်မြင့် ဟက်ဟက်ပက်ပက်
ရယ်မိသည်။

ဒီမှာ ကူရွေးပေးပါဦး၊
ကိုက အညိုကလေးနဲ့အနက်ကလေး
ဘာပတ်ရ ကောင်းမလဲလို့
စူဇန်က ရယ်၍
ဘယ်လောက်မို့လို့လဲဟု မေးသည်။

ကိုလှိုင်မြင့်က
ခုနှစ်သောင်းခွဲဟု ဖြေသည်။
စူဇန်က ရယ်သည်။

အဲဒါများ
ဦးနှောက်ခြာက် ခံနေရလား
ကိုရယ်၊ ဘေးက ရပ်ကြည့်နေရတဲ့
ကောင်မလေးလည်း
ကိုယ့်ရုပ် အလွတ်ရ နေလောက်ပြီ၊

နှစ်ချောင်းစလုံး မဝယ်နိုင်တာကျလို့
ကိုလှိုင်မြင့် ရယ်၍
အေး ဟုတ်သားပဲဟု ဆိုသည်။

စူဇန်က အဲသည်လို။
အမြဲ ရွှင်ပျနေတတ်သလို
စိတ်ရှုပ်စရာကို ခေါင်းထဲမှာ
တစ်မိနစ်ပြည့်အောင်
လက်ခံထားဖို့ ဝန်လေးတတ်သူဖြစ်သည်။

ဒါကြောင့်လည်း
သူ့ဘဝတစ်ခုလုံးမှာ
စိတ်ညစ်ညူးစရာတွေ
များလွန်းခဲ့သည်ဟု
ခံယူထားသော ကိုလှိုင်မြင့်က
တွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

ပြီးတော့ တစ်ခုကောင်းတာ
ရှိသေးသည်။
လက်ထပ်ရအောင်ဟုလည်း
တစ်ခါမှ မပြော။

သက်တူရွယ်တူ သူငယ်ချင်း
လူပျိုကြီးတစ်ဦးက
လက်ထပ်တော့မည်ဟု
ပြောသဖြင့် ကိုလှိုင်မြင့်တို့
အပေါင်းအသင်းတစ်စု
ညစာစားပွဲကလေးတစ်ခု
လုပ်ဖြစ်ပြန်သည်။

အသက်လေးဆယ်ကျော်မှ
လက်ထပ်သော လူပျိုကြီးကို
ဘယ်သူမှ မအံ့သြ။

အံ့ဩတာက သတို့သမီးက
အသက်သုံးဆယ်
တော်တော်ကျော်နေသော
အပျိုကြီး ဖြစ်နေတာကို ဖြစ်သည်။

ငါက နောက်အိမ်ထောင်
မပြုတော့ဘူး ဆုံးဖြတ်ထားလို့သာပါကွာ၊
ပြုချင်းပြုရင်တော့ နှစ်ဆယ်ကျော်ပဲ ယူမှာ၊

မင်းဟာက အခုနည်းနည်း
အရွယ်တင်လို့လှနေတယ်ထား၊

နောက် ဘယ်နှနှစ် ခံမှာမို့လို့လဲ
ပြောမနာ ဆိုမနာ
သူငယ်ချင်းကလည်း ဖြစ်၊
နည်းနည်းကလည်း
မူးနေသဖြင့် ကိုလှိုင်မြင့် ဝေဖန်မိသည်။

သူငယ်ချင်းက ပြုံးရုံသာ ပြုံးသည်။
အလှထိုင်ကြည့်နေဖို့ သက်သက်
ယူတာမှ မဟုတ်တာကွာ၊
ကွန်ပင်နီယမ်ရှစ်ပ်
(Companionship)
လက်တွဲဖော် ရှာတာကွ၊

သမီးအရွယ်ကလေး သွားယူတော့
အလှတော့ ကြည့်လို့ကောင်းပါရဲ့၊

အေး ဟိုကိစ္စလည်း
ပိုအဆင်ပြေချင် ပြေမှာပေါ့၊
အေးတာတွေ၊ ပူတာတွေ မျှဖို့၊ ဝေဖို့ကျတော့
စကားပြောတာတောင်
တစ်ယောက်နဲ့တစ်ယောက်
ဂျင်နရေးရှင်းဂက်ပ်
(Generation Gap) ဆိုတဲ့
ကွာဟမှုကြီးက ကန့်လန့်ဖြစ်နေမှာ

ကိုလှိုင်မြင့် တဟက်ဟက် ရယ်သည်။
မယူနဲ့ပေါ့ကွာ၊ တွဲရုံတွဲ၊
ငါနဲ့ စူဇန်ဆို ဟန်ကိုကျလို့
ငယ်ကလည်း ငယ်၊ လှကလည်း လှ၊

စိတ်ညစ်စရာဆိုလည်း
ဘာမှမပြောသူငယ်ချင်းက
အပြုံးမပျက် ခေါင်းခါသည်။

စိတ်ညစ်စရာဆို
ဘာမှမပြောတာ မအံ့သြနဲ့ သူငယ်ချင်း၊
မင်းပြောလည်း သူ နားမထောင်ဘူး၊

အပျော်ချစ်သူဆိုတာ
ပျော်စရာကောင်းမှ
ချစ်တတ်တဲ့အမျိုး၊
မင်း တကယ် ညစ်နေရပြီ
မွန်းကျပ်နေပြီဆိုတဲ့
အချိန်မျိုးကျတော့

ကွန်မစ်မင့်
(Commitment) ခေါ်တဲ့
ရင်းနှီးမြုပ်နှံမှုမျိုးနဲ့
မင်းတည်ဆောက်ထားတဲ့
မင်းမိသားစုကသာ
ဝေဒနာကို လာမျှဝေပေးမှာ၊

လူ့ဘဝ ဆိုတာကလည်း ပျော်နေရတဲ့
အချိန်က နည်းနည်း၊
ညစ်နေရတဲ့ အချိန်က
များများဆိုတော့ အဲသလို
မိသားစုကလေးတစ်ခု
ရှိမနေလို့ကလည်း မဖြစ်ပြန်ဘူး

ကိုလှိုင်မြင့်က
ဟက်ဟက်ပက်ပက်
ရယ်သည်။
ဒီလောက် တရား တွေ့ထားတာများ
ဒီအရွယ်ကျမှ
မိန်းမယူနေရသေးတယ်လို့ကွာ၊
ဘုန်းကြီးပဲ ဝတ်လိုက် ပြီးရော

သူငယ်ချင်းက မရယ်ပါ။

#မှီငိုစရာပခုံးကလေး
တစ်ခုတော့ လိုတယ်နော် မင်း
မင်း ငိုချင်တဲ့ အချိန်ကျမှ
လိုက်ရှာနေလို့ မရဘူး

စံချိန်တင်အောင် အေးသော
ဆောင်းရက်တစ်ရက်မှာ
ကိုလှိုင်မြင့် ညဥ့်နက်အောင် အပြင်မှာ
သူငယ်ချင်းတွေနှင့် ထွက်၍
အရက်သောက်မိသည်။

စူဇန်ကလည်း
မန္တလေး သွားနေသည်။
ပြန်လာတော့ ရုံးခန်းအပေါ်ထပ်
သူနေသော အခန်းက
နှစ်ယောက်ထိုင် ဆိုဖာမှာပဲ
သူ အိပ်ပျော်သွားသည်။

တစ်ရေးနိုးလာတော့
ကိုယ်က ချစ်ချစ်တောက် ပူနေသည်။

ညာဘက် နားတစ်ဖက်က
ကိုက်နေသည်။
မျက်နှာက ဘယ်ဘက်သို့ ရွဲ့နေသည်။

မသေကောင်း မပျောက်ကောင်း
သူငယ်ချင်းရာ
မိန်းမရခါစ သူငယ်ချင်းက
စုတ်သပ်ရင်း ပြောသည်။

သူ့ဇနီးက ကိုလှိုင်မြင့်
အိပ်ရာဘေးရှိ ဗီရိုပေါ်က
ပစ္စည်းတွေကို ရှင်းလင်း၍
စီပေးနေသည်။

လေဖြတ်တာ မဟုတ်ဘူးတဲ့၊
နားထဲက ပိုးကြောင့် ဖြစ်တာတဲ့။
ပြန်ကောင်း မကောင်းတော့
တစ်ပတ်လောက် စောင့်ကြည့်ပြီးမှ
ပြောနိုင်မှာတဲ့၊ လက်တွေ ခြေတွေ
ကောင်းနေတာတော့
တော်သေးတာပေါ့ကွာ၊

ဒါပေမဲ့
အခု မင်းတို့ ကြားရသလိုပဲ
စကားကလည်း ဗလုံးဗထွေး၊

လူကလည်း
ရုပ်ပျက်ဆင်းပျက်ဆိုတော့
စိတ်ညစ်တာနဲ့ အောက်က
အလုပ်တွေတောင် ဒီအတိုင်း
ပစ်ထားလိုက်တာပါပဲ

မပီမသ အသံကြီးနဲ့ စကားပြောနေသော
သူတစ်ခါမှ မမြင်ဖူးသည့် မျက်နှာပိုင်ရှင်

ကိုလှိုင်မြင့်ကို ကြည့်၍
သူငယ်ချင်းက သက်ပြင်းချသည်။

အစားအသောက်ရောဝါးလို့
သိပ်အဆင်မပြေလှဘူး
ငါ ဘာလာပို့ပေးရမလဲ
ရပါတယ်၊ အောက်က တပည့်တွေ
ဆန်ပြုတ်မှန်မှန်
လာပို့ပေးနေတာပါပဲ

သူငယ်ချင်းက စုတ်သပ်သည်။
မင်း ဘယ်တုန်းက ဆန်ပြုတ်
ကြိုက်လို့လဲ

ခုနေခါတော့ နတျသုဒ်ဓါလညျး
အရသာ ပေါ်မှာ
မဟုတ်တော့ပါဘူးကွာ၊
ကြိတ်မှိတ် မျိုချနေရတာပါပဲ။

သူငယ်ချင်းက ခေါင်းခါသည်။
စူဇန်ရော ဟု မေးတော့
ပခုံးသာ တွန့်ပြမိသည်။

အဖျားရော သက်သာရဲ့လား
နည်းနည်းတော့ ကျတယ်၊
အကြောဆေးက
တစ်နေ့ သုံးခါထိုးနေရတာ

ခြေရင်းမှာ ဗျူး ကာတွန်းဖတ်၍
ပြုံးစိပြုံးစိ လုပ်လိုက်၊
တခစ်ခစ် တိုးတိုးရယ်လိုက်
လုပ်နေသော
သူနာပြုဆရာမကလေးကို
မေးငေါ့ပြလိုက်သည်။

သူငယ်ချင်းက ခေါင်းသာခါသည်။
ညဉ့်နက်ပိုင်းတွင် ကိုယ်က စောင်ကွာ
သွားသည်ကို သတိထားမိသည်။

လက်နှင့် လိုက်စမ်းသော်လည်း မမိ။
လေးအေးစက်လည်း
အလုံပိတ်အခန်းဆိုတော့
ဖွင့်ထားရသည်။

အဖျားကလည်း
နည်းနည်း ပြန်တက်သည်။
သည်တော့ နည်းနည်း ချမ်းသလို
ရှိသည်။

ထ၍ စောင်ရှာရမှာလည်း
တစ်ကိုယ်လုံး ကိုက်ခဲ
နေသဖြင့်မထချင်။
ဆရာမလေးကိုလည်း
အကြောဆေး မလိုတော့ကတည်းက

ည မခေါ်တော့သဖြင့် လှမ်းခေါ်၍မရ။
သည်အတိုင်းပဲ ပေးအိပ်လိုက်သည်။

မိုးလင်းတော့
ပက်လက် အနေအထားနှင့်
နိုးလာသည်။
အဖျားက ကျနေသည် ထင်သည်။
ခေါင်းက ကြည်လင်နေသည်။

လူက နွေးနွေးထွေးထွေး။
အင်းပေါ့ စောင်က
ရင်ဘတ်အထိ လွှမ်းထားသည်။

စူဇန် ပြန်ရောက်လာတာလား။
မဖြစ်နိုင်ဘူး ထင်သည်။
သူ နေမကောင်းတာ
သိပြီးမှ စူဇန်က
မန္တလေးမှာ ကြာမည်ဟု
တစ်ခါဖုန်းဆက်ပြီးသား။

သူငယ်ချင်းတစ်ယောက်
ကလည်း စူဇန်ကို
သူဌေးတစ်ယောက်နှင့်
ရန်ကုန်မှာပဲတွေ့လိုက်သည်ဟု
လာပြောပြထားပြီးသား။

သွားပါပြီ။
ဟိုသူငယ်ချင်း ပြောသလိုပင်။
အပျော်ချစ်သူဆိုတော
ပျော်စရာမရှိတော့ သွားပြီပေါ့။

နားက နည်းနည်းကိုက်နေဆဲ။
မျက်နှာကို ကိုင်ကြည့်တော့
ရွဲ့တာ နည်းနည်း
သက်သာသည်ဟုတော့ ထင်သည်။

ဖေဖေ နိုးပြီးလားကြည်လင်
အေးမြလိုက်သည့်
အသံကလေး။ လှည့်ကြည့်တော့
သမီးကလေး ယု။

မြန်မာဆန်ဆန်ကလေးဝတ်ပြီး
ကျောပိုးအိတ်ကလေး
လွယ်ထားသည်။ ဟုတ်သားပဲ။

သမီးက နိုင်ငံခြားဘာသာ
တက္ကသိုလ်က
ဒုတိယနှစ် ကျောင်းသူကလေးပဲ။

မြန်မာလိုပဲဝတ်ပြီး
တက်ရသည့်ကျောင်း။
ဒါ သူ ကျောင်းသွားခါနီး ပုံစံပေါ့။

ဒါ နည်းနည်း ဆန်းမနေဘူးလား။
သမီးကလေးနှင့်
သူ အတူတူ မနေတာ ကြာလှပြီလေ။

သမီး ကျောင်းသွားမလို့လား
သမီးက နာရီကို ငုံ့ကြည့်သည်။

ဖေဖေ့ ဆရာမကို စောင့်နေတာ
သူရောက်ရင် သမီး သွားမလို့၊
သူက နောက်ကျနေတယ်၊

အရေးတော့ မကြီးပါဘူး၊
သမီးကျောင်းက
ပြေးလိုက်လို့လည်း ရတယ်၊

ဖေဖေ့အတွက်
သမီး သာကူ ယူလာတယ်၊
ဖေဖေ သောက်ရင်
သမီး ခွံ့ပေးမယ်လေခွံ့ပေးမတဲ့။

သာကူတဲ့။ရင်ထဲမှာ
နွေးထွေးလိုက်တာ။
သာကူဆိုတာ
အချိန်မရွေး ထ,ရှာဝယ်၍
မရနိုင်တော့သော မြန်မာမုန့်ပါ။

သင်္ကြန်တွေမှာသာ
ဖောဖောသီသီ
စားရတတ်သည်။

အဲသည့် သာကူကို အဖတ်
သူ ကောင်းကောင်း
မဝါးနိုင်တော့သည့်
နေ့ကတည်းကစ၍

နေ့တိုင်း တောင့်တနေတာ
သမီးက ဘယ်လိုလုပ်ပြီး
သိနေရပါသနည်း။

ရပါတယ် သမီးရယ်၊
ဖေဖေ လက်က ဘာမှ မဖြစ်ပါဘူး၊
သမီး ထည့်သာပေး၊
ဖေဖေ့ဘာသာ သောက်ပါ့မယ်

သမီး သူ့ကို တွဲ၍
ထိုင်လျက် အနေအထားသို့
ထူပေးသည်။
ဖေဖေ့ မျက်နှာက နည်းနည်း
မညီသေးဘူး၊

သောက်ရင်း
ပါးစပ်က ထွက်ကျရင်
ဖေဖေပဲ စိတ်ညစ်နေဦးမယ်၊

စောင့်သာနေပါ ဖေဖေရယ်၊
သမီးပဲ ခွံ့ပါ့မယ်၊
ကျောင်းလည်း
ခွင့်တိုင်လိုက်တော့မယ်

အေးလေ နေပါဦး၊
သမီးက ဘယ်တုန်းက
ရောက်နေတာလဲ

မနက် စောစောကမှ၊
အောက်က ကုမ္ပဏီက
ညစောင့်ကလေးကို
ဖေဖေ ပေးထားတဲ့သော့နဲ့ဝင်လာတာ၊

ဖေဖေ စောင်မကပ်ဘဲ
ကွေးနေတာတွေ့လို့
စောင်တောင်
ခြုံပေးခဲ့သေးတယ်

သမီး တစ်နေ့နှစ်ခေါက်
လာပြုစုနေတာ
တစ်ပတ်လောက် ကြာတော့
ကိုလှိုင်မြင့် တော်တော်သက်သာ
လာသည်။

ဖေဖေ့မျက်နှာ
မသိသာတော့ဘူး၊
ဟင်းအမာ စားတော့ပေါ့၊
ညနေကျရင် သမီး ပုစွန်နဲ့
ပဲစောင်းလျားသီးသုပ် ယူခဲ့မယ်

သမီးက ကိုလှိုင်မြင့်
မျက်နှာကို တယုတယ
ကိုင်ကြည့်ရင်းက ပြောသည်။

ကိုလှိုင်မြင့်က သက်ပြင်း
တစ်ချက်ချ၍ ပြန်မေးသည်။

မေမေ
နေကောင်းရဲ့လား သမီး
သမီး ပါးစပ်ကလေး ဝိုင်းသွားသည်။
ဖေဖေက ထူးထူးဆန်းဆန်းဟု
တိုးတိုးရေရွတ်သည်။

သူ ခေါင်းသာ ခါပြလိုက်သည်

သမီး ယူလာတဲ့ ဟင်းတွေအားလုံး
မေမေရွေးပြီး စီစဉ်ပေးနေတာဆိုတာ
ဖေဖေသိတယ် သမီး၊

ဒီလိုအချိန်မျိုးမှာ
ဒီလိုအစာ စားချင်လိမ့်မယ်လို့
ဖေဖေ့စိတ်ကို သူကလွဲရင်
ဘယ်သူမှ မသိနိုင်ဘူး၊

ပဲစောင်းလျားသီးနဲ့ ပုစွန် သုပ်တာလည်း
ဖေဖေ နေမကောင်းဖြစ်ပြီး
နာလန်ထတိုင်း သူ လုပ်ပေးနေကျ၊

ဒါကြောင့်
မေမေ နေကောင်းလားလို့ မေးတာ

သမီးက ခေါင်းငုံ့သွားသည်။
ကောင်းသွားပါတယ်။

သွေးဆုံးခါစ
နေမထိ ထိုင်မသာ ဖြစ်တာ
လောက်ပါပဲဟု တိုးတိုးပြောသည်။

သားအဖ နှစ်ယောက်သား အကြာကြီး
စကား မပြောဘဲ ငြိမ်ထိုင်နေကြပြီးမှ
သမီးက ဆတ်ခနဲ မော့ကြည့်၍
ပြောသည်။

ဖေဖေဘာလဲ သမီး
ဖေဖေ ပြန်လာပါလား ဟင်
ကိုလှိုင်မြင့်က ယဲ့ယဲ့ ပြုံးသည်။

သမီး မေမေက
ဖေဖေ့ကို ခွင့်လွှတ်တော့မယ်
မထင်ပါဘူးကွာရပါတယ် ဖေဖေရဲ့၊

ခေါင်းသာ ထိုးချလိုက်
ကိုလှိုင်မြင့် မျက်မှောင်ကုတ်သည်။

သမီးက မျက်ရည်များနှင့်
ရယ်နေသည်။
ဘာလဲ သမီးရဲ့
မေမေ့ ပခုံးကိုလေ
ခေါင်းသာ ထိုးချပြီး ငိုလိုက်၊
ဖေဖေ မလုပ်ရဲရင်
သမီး လိုက်လာပြီး ဘေးက ဝင်လုပ်မယ်၊

မေမေ့ ပခုံးကို မှီပြီး
ဖေဖေ့ကို ပြန်ခေါ်ပေးပါ
မေမေရယ်ဆိုပြီး
ငိုချလိုက်မယ်။ ဒါဆို ရပြီ

ကိုလှိုင်မြင့် ဖွဖွရယ်၍
သမီးခေါင်းကလေးကို ချစ်စနိုး
လှမ်းကိုင်လိုက်သည်။

ဖြစ်ပါ့မလား သမီးရယ်

ဖြစ်ပါတယ် ဖေဖေရဲ့၊

မေမေ့ပခုံးက ဖေဖေနဲ့သမီး ပိုင်တယ်။
ဖေဖေ့ပခုံးကိုသာ
မေမေနဲ့သမီး ပြန်ပိုင်ဖို့ လိုတာ

သူငယ်ချင်းပြောသည့်
မှီငိုစရာ ပခုံးကလေး ဆိုသည့်စကားကို
သတိရမိပြီး ကိုလှိုင်မြင့် ပြုံးနေမိပါသည်။

လင်္ကာရည်ကျော်