* ပါတိတ် *( စ/ဆုံး )
————–
`ကိုထွေး မင်းကိုတော့ ဘိုးတော် ‘မ’တော့မယ်နော်’
တစ်ဖက်အိမ်မှ ကိုသာကျော်က ခရီးရောက်မဆိုက် ဆီး၍ ပြော သည်။ တနင့်တပိုးလွယ်လာခဲ့သော ခရီးဆောင်အိတ်ကြီးက ပို၍ လေးသွား သယောင် ထင်မိပြီး ကိုထွေးခမျာ ညွှတ်ကျသွားသည်။
ဘယ်သူကစပြီး ဘယ်တုန်းက အတည်ဖြစ်သွားသည်တော့ ကိုထွေးလည်း အသေအချာမသိ၊ သူတို့ဌာနက အရာရှိကြီးကို တစ်ဌာနလုံးက ဘိုးတော်ကြီးဟုခေါ်ကြသည်။ စည်းကမ်းကြီးသော ဘိုးတော်ကိုလည်း အားလုံးက ကြောက်ကြရသည်။ အရာရှိကြီး၏ အဆူအပူကိုခံရလျှင် ဘိုးတော် ‘မ’သည်ဟု ပြောကြသည်။
“မင်းခွင့်တင်သွားရဲ့လားလို့လဲ မေးနေတယ်”
“အင်း ပြဿနာပဲ”
ဇနီးသည်ခပ်လာသော ရေအေးအေးကို တစ်ခွက်လုံးကုန်အောင် သောက်သော်လည်း ကိုထွေးအမောမပြေ။ “မင်းတို့တစ်တွေ ဈေးရောင်းလို့ ကောင်းနေရင် ရုံးအလုပ်ကို မလေးစားချင်ရင် အလုပ်ကထွက်ပြီး အပြင်မှာ လုပ်စားကြပါလား။ ဈေးရောင်းကြပါလား။ ရုံးမှာတော့ လာပြီးဆိုင်ခင်းမနေ ကြနဲ့”ဟု အပြောခံရမည်ကို တွေးပြီးကြောက်နေသည်။
“ဟိုဘက်မှာလည်း အဖမ်းအဆီးတွေများနေလို့ နှစ်ရက်သုံးရက် ပိုကြာသွားတာအစ်ကိုရ၊ ခါတိုင်းကတော့ တနင်္ဂနွေနေ့ညဆို အရောက်ပြန် နေကျပဲဟာ”
“အေး-ဒါမျိုးဆိုတာ ရက်ကိုအသေတွက်လို့မှမရတာ။ ငါ့ကို မေး တော့ သူ့အဒေါ်တစ်ယောက် အသည်းအသန်ဖြစ်လို့ တယ်လီဖုန်း ဆက်ခေါ် တာနဲ့ စနေနေ့ညကမှ ကမန်းကတန်းထပြီး လိုက်သွားရတာပါလို့ ပြောထား တာပဲ”
“ယုံရဲ့လားဗျာ”
“ပြုံးတယ်ကွ၊ နောက်ပြီး သူ့အဒေါ်က မော်လမြိုင်မှာလားလို့မေးတယ်”
“သေပါရောဗျာ”
ကိုထွေးသည် သက်ပြင်းအရှည်ကြီးချလိုက်ပြီး ခြေပစ်လက်ပစ် ထိုင်ချလိုက်မိသည်။
ကိုယ့်ကိုယ်ကိုယ် အဟုတ်မဟုတ်မှန်းတော့ သိသားပင်။ သို့သော် လည်း ဟုတ်အောင်နေလို့ကလည်း စားမလောက်သည်က ခက်လှသည်။ သူ့လခ သုံးရာသုံးဆယ့်ငါးကျပ်နှင့် သူ့သားသမီးသုံးဦးကို ဝအောင် မကျွေး နိုင်ပေ။ စာရေးကြီးဟုဆိုရသော်လည်း သူ့နေရာက ရပေါက် ရလမ်း ချောင် သောနေရာ မဟုတ်လေတော့ လခအပြင် တစ်ပြားတစ်ချပ်မျှ အိမ်ကို အပိုမပါနိုင်ခဲ့ပေ။ ဒီတော့လည်း အပိုပါနိုင်အောင်ကြံရသည်။ စစချင်းတော့ မနက်အစောကြီးဝင်သော မော်လမြိုင်ရထားကို စိန်ဂျွန်းဈေးတွင်သွားစောင့်ပြီး အချိုမှုန့်ကောက်သည်။ ဖောက်သည်ဈေးနှင့်ကောက်ထားသော အချိုမှုန့်များ ကို ရုံးတွင် လက်လီဈေးထက် တစ်မတ်လောက်လျှော့ပြီး ပြန်ရောင်းသည်။ ရုံးက မမလေးတို့၊ မမကြီးတို့၊ အန်တီလေးတို့၊ အန်တီကြီးတို့မျောမှာလည်း မလတ်တလတ်ငါးကလေး ပုစွန်ကလေးများကို ဈေးအပေါစောင့်၍ဝယ်ပြီး အချိုမှုန့်ကလေးလုံးကာ ကြော်ကြ ချက်ကြရလေတော့ အချိုမှုန့်ဖိုးကို မနှမြော နိုင်ကြပေ။ သို့နှင့်ပင် သူ့အချိုမှုန့် အရောင်းသွက်ခဲ့လေသည်။
အချိုမှုန့်ကောက်ရင်း ကြုံရင်ကြုံသလို လပ်(စ)ဆပ်ပြာကလေးအစ၊ ဆင်ကြယ်ဖိနပ်ကလေးအစ ဖောက်သည်ဈေးနှင့်ဝယ်လာလိုက်၊ တစ်ဆင့်ပြန် ရောင်းလိုက်နှင့် အကွက်မြင်လာသည်။ ”ဒီမှာစောင့်ပြီး ကောက်နေမယ့်အစား ကိုယ်တိုင်သွားဝယ်ပြီးရောင်းရရင် ပိုပြီးကိုက်မှာ”ဟူသော အတွေးကလည်းခေါင်းထဲကို တစိမ့်စိမ့်နှင့် တိုးဝင်လာသည်။ ထို့ကြောင့် ငွေစုငွေချေးအသင်းမှ ငွေတစ်ထောင်ချေးကာ အရင်းအနှီးပြုပြီး စွန့်စားခဲ့သည်မှာ နှစ်ခေါက်ပင်ရှိပြီ။
စနေမနက်စောစောလိုက်သွား၊ မော်လမြိုင်ကို နေ့ခင်းဘက်ရောက် တစ်ည အိပ်၍ ဝယ်ချမ်းပြီး တနင်္ဂနွေနေ့နေ့ခင်းတွင် ပြန်လာလိုက်၊ ရှာဖွေရေးနှင့် မတိုးသေးတော့ နှစ်ခေါက်လုံး ဟန်ကျနေသည်။ တစ်ခေါက်တော့ ရှာဖွေ ရေးနှင့်တိုးသည်။ သို့သော် သူက ရုံးဝန်ထမ်း ကတ်ထုတ်ပြပြီး အလုပ်ကိစ္စနှင့် လာသူဖြစ်ကြောင်း ခပ်တည်တည် ပြောလိုက်တော့ အသိမ်းအဆည်း လွတ် သွားသည်။ ဒါတောင် လက်ဆွဲအိတ်ကို ဖွင့်ပြီးရှာသေးသည်။ အပေါ်ဆုံးတွင် ရုံးကိစ္စဖိုင်တွဲ၊ ဖိုင်တွဲအောက်တွင် သူအသွားတုန်းက ဝတ်သွားသော တပတ် ရစ် ပုဆိုးအောက်တွင် တိုက်ပုံ၊ နောက်ပြီးတော့ မလျှော်ရသေးသော ရှပ် အင်္ကျီအဟောင်းထည်တို့ကို ထည့်ထားသော်လည်း အောက်ဘက်တွင် ပါတိတ်ထဘီ အထပ်လိုက် ရှိနေလေတော့ ရင်ထဲတွင် တဒိုင်းဒိုင်း ခုန်နေ သည်။ ပါများသွားလျှင်တော့ အရင်းပြုတ်ချေတော့မည်ဆိုသော အတွေးနှင့် မျက်လုံးများပင်ပြာချင်သည်။ သို့သော် ရှာသူက ဝန်ထမ်းကတ်၊ ရုံးဖိုင်တွဲ မြင်သွားကတည်းက ယုံကြည်သွားပုံရသည်။ အောက်ဘက်မှ ပါတိတ်ထဘီ များကို စမ်းမိသော်လည်း ‘မိန်းမဝတ်ဖို့ နည်းနည်းပါးပါးပါဗျာ’ဟူသော သူ့ အပြောကို ခေါင်းညိတ် လက်ခံပြီး ထွက်သွားသည်။ ဒီတော့မှ ကိုထွေးခမျာ လည်း သက်ပြင်းကို ဟင်းခနဲချနိုင်သည်။ နဖူးမှဇောချွေးများကို သုတ်နိုင် သည်။
`နောက်များတော့ ဘေးကင်းရန်ကင်း ရန်ကုန်ကပဲ စောင့်တော့မယ်။ ခုပုံက တယ်ရန်များတာပဲ”ဟုတွေးရင်း တဒိန်းဒိန်းခုန်နေသော နှလုံးသားကို လက်နှင့်အသာဖိထားရသည်။ နှလုံးရောဂါဖြစ်မှာကိုကား ပိုပြီးကြောက်သည်။
“ဒီတစ်ခေါက်တော့ ဂြိုဟ်ပဲ၊ ဟိုမှာလည်းအဆင်မပြေ၊ လမ်းမှာ လည်း အဆင်မပြေ၊ ဒီမှာလည်း အဆင်မပြေ”
အရာရှိကြီးက စည်းကမ်းကြီးသည်။ အလုပ်ကိစ္စနှင့်ပတ်သက်၍ လည်း အမှားအယွင်းမခံတတ်ပေ။ ကိုထွေးလိုစာရေးမပြောနှင့် မနေ့တစ်နေ့ ကမှ အလုပ်ဝင်လာသော အရာရှိအသစ်ကလေးနှစ်ဦးကိုပင် ခပ်တင်းတင်း ဆက်ဆံသည်။
“အရင်ဦးဘအေးနဲ့ တုန်းက ကောင်းတယ်ကွ၊ သူက ဖုံးတန်တာ ဖုံး၊ ဖိတန်တာဖိ၊ ဆူတန်တာဆူ၊ တော်ရုံကိစ္စ သူနဲ့ပဲပြီးတာ။ အခု ဒေါ်လှလှဝေ ကတော့ မချောင်ဘူးမောင်၊ ဘိုးတော်ကို အကုန်အစီရင်ခံတာပဲ”
ဟုတ်သည်၊ ယခင်ရုံးအုပ်ကြီး ဦးဘအေးသာဆိုလျှင်တော့ အဘိုး ကြီး မေးတုန်း သူမရှိလျှင်တောင်မှ ဟိုရုံးခိုင်းလိုက်သလိုလို၊ ဒီရုံးလွှတ်လိုက် သလိုလိုနှင့် ဖုံးဖိပြီးပေးလိမ့်မည်ထင်သည်။ ထိုနောက်မှ နှစ်ဦးချင်းခေါ်ပြီး ဆူမည်ဖြစ်သည်။ ဒီတော့လည်း ပြဿနာအသေးလေးများက တော်ရုံတန်ရုံ နှင့် အထက်အထိသို့ မရောက်တတ်ပေ။ အောက်ခြေတွင်ပင် ရှင်းသွားတတ် သည်။ သူတို့ကလည်း အဆဲခံရသည်ကို ထုချေလွှာအတောင်းခံရသည်ထက် ပိုပြီးကြိုက်လေသည်။
ဦးဘအေးပြောင်းသွားပြီး ဒေါ်လှလှဝေရောက်လာတော့ အသေး အဖွဲ ပြဿနာလေးတွေကအစ ဘိုးတော်ကြီးနားသို့ ပေါက်တော့သည်။ နီနီခင်နှင့်ခင်မာသွယ်တို့ နေ့ခင်းထမင်းစားပွဲတွင် သူ့ယောက်ျား၊ ကိုယ့် ယောက်ျား ပြိုင်ကာ စကားနိုင်လုပြီး အကျယ်အကျယ် ရန်ဖြစ်ကြသည်လည်း ဘိုးတော်ကြီးအခန်းထဲရောက်ရသည်။ ကိုမင်းအောင်ဆီမှ ငွေငါးရာကို တစ်ရာ တစ်ဆယ်တိုးနှင့်ချေးထားသော ကိုဘသော်က အတိုးမှန်မှန်မပေး၍ အချင်း ချင်း စကားများရန်ဖြစ်ကြသည်လည်း ဘိုးတော်ကြီးရှေ့ရောက်ရသည်။ ရုံးအုပ် ရာထူးသာရနေသော်လည်း အသက်ကသုံးဆယ်၊ လူကလည်း ပုပုသေးသေး ညှက်ညှက်ကလေးနှင့်မို့ ဒေါ်လှလှဝေသည် အဟန့်အထည် မကောင်းလှ၊ အသက်ကလည်းငယ်၊ လုပ်သက်ကလည်း ဝါမရင်းသေးတော့ မည်သူ့ကိုမျှ လည်း စကားမာမာမပြောရဲ၊ ဖြစ်သမျှ ပြဿနာအကုန်လုံးကို ဘိုးတော်ကြီး ဆီသို့သာ သယ်ဆောင်သွားတတ်သူ ဖြစ်နေသည်။ ဒီကြားထဲ ခွင့်မတင်ဘဲ နှစ်ရက်ပျက်ပြန်ပြီ။ ဘိုးတော်ကြီးရှေ့ရောက်ရဦးမည်ပင်။အဆူအပူခံရဦးမည်။ ထုချေလွှာပင် အတောင်းခံနေရဦးမည်လားမသိ။
“ဟူး-မောလိုက်တာ”
ကိုထွေးက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ ဟို အရင်တစ်ခေါက်က ရုံးခန်းထဲတွင် သူဝယ်လာသောပါတိတ်များကို အမျိုးသမီးများ ဖြန့်ကြည့်နေစဉ် ဘိုးတော်ဝင်လာသည်နှင့်တိုးသည်။ ဝေမာသွယ်တို့က လျှာ ကလေးတစ်လစ်ထုတ်ကာ စားပွဲအောက်သို့ ခပ်မြန်မြန်ပြန် ထိုးထည့်သော် လည်း ဘိုးတော်က မြင်ဖြစ်အောင်မြင်သွားသည်။ ပါးစပ်ကတော့ ဘာမှ မပြော။ သို့သော် မျက်စောင်းခဲ၍ကြည့်သွားသည်။ ဒေါ်လှလှဝေကို မေးလျှင် ‘ကိုထွေး မော်လမြိုင်ဆင်းပြီး သယ်လာတာတွေ ဝိုင်းကြည့်နေတာပါ အန် ကယ်(လ်)’ဟု ပြောမည်က သေချာသည်။
“အင်း ငါကလည်း ငါပဲ၊ ဒီလှလှဝေဆိုတဲ့အပျိုကြီးမ၊ ငါ့ဆီက အချိုမှုန့်ဝယ်ပြီး ပိုက်ဆံမပေးဘဲနေတာ အတင်းလိုက်ပြီးတောင်းမိတယ်၊ အဲဒီတုန်းကသာ မတောင်းဘဲ အသာထားလိုက်ရင် အခုကိစ္စကျတော့ ဖုံးဖုံးဖိဖိလေး လုပ်ချင်လုပ်ပေးမှာ”
ကိုထွေးက အခုမှနောင်တရသည်။ သူရောက်လာမှ အခက်တွေဝေ နေသောကြောင့် ဝေမာသွယ်တို့က ဒေါ်ခက်ခက်ဝေဟု ကွယ်ရာတွင် ခေါ်ကြ သည်ကို သတိရသည်။
“ဒီတစ်ခေါက် ဘာတွေဘာလဲကွ”
“ပါတိတ်တွေပါပဲ အစ်ကိုရာ”
“အေး မင်းကိုတော့ အမျိုးသမီးတွေက မျှော်ပါ့ကွာ”
ကိုသာကျော် က ရယ်သွမ်းသွေးသည်။
“ငါ့မိန်းမကလည်း မျှော်နေတာပဲ မောင်၊ ဦးဦးဖျားဖျား လာရွေးဦးမယ်တဲ့”
“ညကျမှ ကူးခဲ့ပါတော့အစ်ကိုရယ်၊ အခုတော့ ရေလေးမိုးလေး ချိုးပြီး နားလိုက်ဦးမယ်”
“အေး အေး ”
နေရာမှထပြန်သွားသော ကိုသာကျော်၏ ကျောပြင်ကိုငေးကြည့် ရင်း ကိုထွေးရင်ထဲတွင် လေးနေသည်။ သူက ငယ်စဉ်ကတည်းက အသက် ကြီးသူ ဂုဏ်ကြီးသူကို ရိုသေကြောက်ရွံ့တတ်သူ ဖြစ်လေသည်။ ကိုယ့်မှာ အပြစ်မရှိဘဲနှင့်တောင် အလိုလို ကြောက်နေတတ်သူဖြစ်ရာ အခုလိုအပြစ်ရှိနေပြီဆိုတော့ ရထားပေါ်မှာ ရှာဖွေရေးနှင့်တိုးတုန်းကလိုပင် ရင်တွေ တဒိုင်း ဒိုင်းခုန်ချင်နေသည်။
“အစ်ကို”
“အင်”
“ရေချိုးလိုက်ပါဦးလားဟင်”
“အေးကွာ ချိုးတာပေါ့”
“ဒါတွေ အခန်းထဲယူသွားမယ်နော်”
“အေး”
မိန်းမက လက်ဆွဲအိတ်နှစ်လုံးကို အခန်းထဲ သယ်သွားသည်။ဪ သူလည်း မိန်းမသားပေပဲ၊ ကြည့်ချင်ရှာမှာပဲ၊ လိုချင်ရှာမှာပဲ”ဟု ကိုထွေးက ကရုဏာနှင့်တွေးမိသည်။
“အဆင်လေးတွေက လှတယ်နော် အစ်ကို’’
“အသားရော မကောင်းဘူးလား”
“အင်း အဆင်ရော၊ အသားရော အရင်တုန်းက ပါတိတ်တွေနဲ့မတူ ဘူး၊ ပိုကောင်းလာတယ်နော်”
မိန်းမက ပါတိတ်လုံချည်များကိုထုတ်ကာ ခုတင်ပေါ်တွင် တင်သည်။
“အစ်ကို့တံဆိပ်တွေကတော့စုံလို့ ခုတင်တစ်လုံးရော၊ နှစ်လုံးရော၊ ဗိုလ်မရော၊ မင်္ဂလာမောင်မယ်ရော”
“အေးကွာ၊ အစ်ကိုလည်း နည်းနည်းလှမယ်ထင်တာတွေ ရွေးဝယ် လာတာ၊ အခုကာလက တံဆိပ်ကိုသိပ်မကြည့်ကြပြန်ဘူး။ အဆင်ကောင်းရင် ဝယ်ကြတာပဲ”
“လှတော့လှတယ် အားလုံးလှတယ်၊ အစ်ကိုက ရွေးတတ်သားပဲ”
မိန်းမက ပါတိတ်တစ်ထည်ကိုဖြန့်ကာ ခါးတွင်ကပ်ကြည့်သည်။ ပိတောက်ခြောက်ရောင်ပြေပြေ အပွင့်အခက်များနှင့် မိန်းမ၏ အသားဖြူဖြူက ပနံရလှသည်။
‘မင်းယူထားလိုက်ပါလား”
“နှမြောစရာကြီးအစ်ကိုရယ်၊ ရောင်းလိုက်ရင် ခုနစ်ဆယ့်ငါးကျပ်၊ ရှစ်ဆယ်လောက်ရမှာ”
“ဘာဖြစ်သလဲကွာ၊ ယောက်ျားအရင်းခေါက်ခေါက်ကြီး မော် လမြိုင် ဆင်းလို့မှ မိန်းမက ပါတိတ်တစ်ထည်မဝတ်ရရင် ဘယ်ဖြစ်မလဲ၊ အရင်အခေါက်တုန်းကလဲ အကုန်ရောင်းပစ်နေရတာ”
“အို ဒါကတော့ ဝတ်ဖို့ထက် စားဖို့က ပိုပြီး အရေးကြီးတယ် မဟုတ်လားကွယ်.
မိန်းမက ခပ်တိုးတိုး ခပ်ဖျော့ဖျော့ပြောရင်း လက်ထဲမှထဘီစကို ခေါက်ရိုးအတိုင်း ပြန်၍ခေါက်သည်။ ထဘီအထပ်ပေါ်တွင် အသာလေးပြန်ပြီး ထပ်ထားလိုက်သည်။
“ကဲ အစ်ကို ရေချိုး”
“ဟို ဗိုလ်မတံဆိပ်အပြာရောင်လေးကြည့်ပါဦး၊ အစ်ကို အသေ အချာရွေးလာတာ”
“ဟုတ်လား”
မိန်းမက သံယောဇဉ်ဖြတ်သလို ထဘီပုံကို မျက်နှာလွှဲလိုက်သည်။ သို့သော် သူကပြောတော့ သံယောဇဉ်မပြတ်တပြတ်မို့ ပြန်လည်လာသည်။
“နက်ဖြန်ကြရင်တော့ ရုံးကမမတွေ ဖြန့်လိုက်ကြ ကပ်လိုက်ကြနဲ့၊ အလုပ်ရှုပ်ကြဦးမှာ မြင်ယောင်သေး ဟေ-ဟေး”
သူက ရယ်မောရင်း ဘိုးတော်ကြီး၏မျက်နှာကိုပါ တစ်ဆက်တည်း မြင်ယောင်လာပြီး အလိုလို အရယ်ရပ်သွားလေသည်။ မနက်ဖြန်ကျလျှင် ရင်ဆိုင်ရတော့မည့်အရေး တွေးပြီး ရင်လေးသွားသည်။
`နက်ဖြန်ကျရင်တော့ အပွမ်ခံတော့မှာပဲကွာ”
“အစ်ကို စိတ်ညစ်နေလား”
“ညစ်ပြီလားကွာ၊ ကိုယ်ကမှားတာကိုး။ အမှန်ဆို လိုရမည်ရ ခွင့်စာလေးရေးပြီး ထားခဲ့ဖို့ကောင်းတာ”
“အစ်ကို အဲဒီထဘီစလေး ကျွန်မယူမယ်နော်”
ကိုထွေးက စိတ်ညစ်လက်ညစ်ပြောမိသော်လည်း မိန်းမကဝေမျှပြီး မခံစားပေ။ ထဘီကို မဆီမဆိုင် ဆွဲယူသည်။
“ဟင်း နောက်ဆုံးတော့ မင်းတို့မိန်းမတွေဟာ ဒါမျိုးချည်းပဲ၊ ကိုယ့်ယောက်ျားအရေးဘာမှမတွေးဘူး။ ဘာမှမစဉ်းစားဘူး။ ကိုယ့် ယောက်ျား စိတ်ညစ်နေသလား၊ စိတ်ဆင်းရဲနေသလား ဘာမှမသိဘူး။ သူတို့ဝတ်ဖို့သာပထမ၊ သူတို့စားဖို့သာပထမ၊ ဟင်း အလကားဟာတွေ ..ကိုထွေးက ချက်ချင်းတွေးပြီး ချက်ချင်းစိတ်နာချင်သည်။
“နော်-အစ်ကို၊ ကျွန်မယူမယ်နော်”
““မင်းဝတ်ချင်ရင်ယူပါလို့ ပြောနေတယ်မဟုတ်လား”
သူက ငေါက်ဆတ်ဆတ်ပြောမိသည်။ မျက်နှာကလည်း ခပ်သုန် သုန် ခပ်မှုန်မှုန်ဖြစ်လာသည်။ မိန်းမကတော့ သူ့ကို ခပ်ပြုံးပြုံးကြည့်ကာ သက်ပြင်းလေးမသိမသာချသည်။
“ဝတ်တော့ဝတ်ချင်တာပေါ့အစ်ကိုရယ်၊ ဒါပေမယ့် ဝတ်ချင်လို့ယူ တာမဟုတ်ပါဘူး”
“အလကားမိန်းမ ဝတ်ချင်လို့ယူတာမဟုတ်ဘူးလေး ဘာလေးနဲ့ စကားကိုကပ်ပြီး အကြောကြီးနဲ့ပြောသေးတယ်၊ ဟင် ငါပြောပစ်လိုက်ရင် မကောင်းဘူး..”
• • •
ပိတောက်ခြောက်ရောင် ပါတိတ်ထဘီလေးကို ကိုင်ကြည့်လိုက် ပြန်ချလိုက်နှင့် ချည်တုံချတုံဖြစ်နေသော ဒေါ်ခင်နုအားကြည့်ရင်း ကိုထွေးသည် အိမ်က မိန်းမကို သတိရသည်။
“ကဲ ဒေါ်ခင်နု ယူချင်ရင်လည်းယူထားဗျာ၊ ကိုယ့်စားပွဲကိုယ်ထိုင်ပြီး အံဆွဲထဲထည့်၊ အေးအေးဆေးဆေးကြည့်ပြီးစဉ်းစား၊ တော်ကြာ ဘိုးတော်မြင် သွားဦးမယ်”
“အေး ဟုတ်တယ်၊ ဟုတ်တယ်”
ဒေါ်ခင်နုက ထဘီစကိုကောက်ကိုင်ပြီး ဘိုးတော်၏အခန်းထဲ အသာငဲ့ကြည့်သည်။
“နင့်ကို ခေါ်မဆူသေးဘူးလား”
“အေးဗျ၊ ခုထိမဆူသေးဘူး”
“နင်သွားတုန်းကတော့ မေးသေးတယ်”
“ဟုတ်တယ်၊ ကျွန်တော်လည်း လန့်နေတာ ဆူရင်လည်း မြန်မြန် ဆူဗျာ၊ တထိတ်ထိတ်နဲ့စောင့်နေရတာက ပိုဆိုးတယ်”
“မေ့နေလား မသိဘူး”
“မေ့ရင်လည်း တောက်လျှောက်ကြီးမေ့သွားပါစေဗျာ၊ တော်ကြာ သတိပြန်ရတော့ အဆူခံနေရဦးမယ်”
သူက မသက်မသာပြောမိသည်။ တစ်မနက်လုံးတော့ သမ္ဗုဒ္ဓေရွတ် နေမိသည်မှာ ဘယ်နှခေါက်မှန်းပင်မသိ၊ အိပ်ရာနိုးကတည်းက ခေါင်းရင်းက ပုတီးကိုဆွဲပြီး ပုတီးစိပ်သည်။ နံနက်ရှစ်နာရီလောက်ကျတော့ ဆယ်နှစ် အရွယ်သမီးကြီးက ‘“ဖေဖေ၊ ရှစ်နာရီထိုးနေပြီ”ဟု လာပြောသည်။ အိပ်ရာက ထဖို့ အချိန်တန်ပြီဖြစ်ကြောင်း ပြောခြင်းဖြစ်သည်။ “နင်တို့အမေရော”ဟု ဆိုတော့ ဈေးသွားသည်ဟုပြောသည်။ ကြာနေရင် နင်တို့အဖေကို မုန့်ဟင်းခါး တစ်ကျပ်ဖိုးကို ထမင်းနှင့်နယ်ကျွေးလိုက်ဟု မှာသွားကြောင်းသိရသည်။ “သူ့ညီမအိမ်ဝင်ပြီး ပါတိတ်ထဘီပြ ကြွားနေဦးမယ်ထင်ပါရဲ့’ဟု တွေးပြီး သူစိတ်တိုသွားသည်။ သမ္ဗုဒ္ဓေတစ်ဝက်တစ်ပြက်ဆိုနေရင်းမှ “ကမြင်းမ”ဟု စိတ်ထဲမှဖြတ်ပြီး ဆဲလိုက်မိသေးသည်။
‘“လိုရမည်ရ ထုချေလွှာလေး အဆင်သင့်ရေးထားပေါ့ဟယ်”
ဒေါ်ခင်နုက အကြံပေးသည်၊ ပါတိတ်ထဘီလေးကိုပိုက်ပြီး သူ့ နေရာသို့သူ ဖယ်ရန်းဖယ်ရန်းနှင့် လျှောက်သွားလေသည်။
“ကိုထွေး၊ အချိုမှုန့်မပါတော့ဘူးလား”
ဒေါ်လှလှဝေက မေးသည်။ သူက ခေါင်းခါလိုက်ပြီးမှ ကမန်း ကတန်း ခေါင်းညိတ်ပြသည်။ အိမ်တွင်သုံးရန် အထုပ်သေးလေးထုပ်တော့ ပါသည်။ ဒေါ် ဒေါ်လှလှဝေလိုချင်ရင်တော့ ခွဲပြီးပေးရမည်။
“များများတော့မလိုချင်ပါဘူး။ မြန်မာပြည်မှာလည်း အချိုမှုန့်လုပ် နေပြီ တဲ့၊ ဒိုက်ဦးစက်ရုံကထွက်တော့မယ်ပြောတယ်။ အဲဒီတော့မှပဲ စိတ်ချ လက်ချ သုံးရတော့မှာပဲ””
ဒေါ်လှလှဝေက သူပြောချင်ရာပြောသည်။ ကိုထွေးကလည်း သူ မေးချင်ရာမေးသည်။
“ဘိုးတော်က ကျွန်တော့ကို မေးသေးတယ်ဆို”
“ဟုတ်တယ်”
“ဒေါ်လှလှဝေ ဘာပြောလိုက်လဲဟင်”
“အမယ်၊ ရှင့်ကို မော်လမြိုင်သွားပြီး ကုန်ကူးတယ်ပြောလိုက်မှာ စိုးလို့လား၊ မပြောပါဘူးရှင့်၊ စိတ်ချ”
ဒေါ်လှလှဝေက ဆင်ဝှေ့ရန်ရှောင်ပြောသည်။ ကိုထွေးပြုံးမိသည်။ မော်လမြိုင်သွား၍ ကုန်ကူးသည်ဟု မပြောသော်လည်း ခွင့်မတင်ဘဲ ပျောက် ချက်သားကောင်းနေသည်ဟု ပြောလိမ့်မည်ကား သေချာလေသည်။
“ကျွန်တော့်ကို ခေါ်ဆူတော့မလားလို့ တထိတ်ထိတ်နဲ့ စောင့်နေရ တာ မောလှပြီ၊ ကြည့်ပါဦး တစ်နာရီတောင်ခွဲပြီးနေပြီဟာ၊ ခုထိ မခေါ်သေး ဘူး”
“ဟုတ်တယ်နော်၊ အန်ကယ်(လ်)ကြီး မေ့နေပြီထင်တယ်””
“မေ့နေရင်လည်း သတိမပေးပါနဲ့ ဒေါ်လှလှဝေရယ်၊ နောက်ကို ဒါမျိုးမဖြစ်စေရပါဘူး”
ကိုထွေးက တောင်းတောင်းပန် ပန်ပြောမိသည်။
“အမယ်လေး၊ သူမေ့လို့ကတော့ ကျွန်မက သတိမပေးဘူး စိတ်ချ ကိုထွေး”
““သိပါဘူးဗျာ၊ ကျွန်တော်ဖြင့် ဘုရားစာရွတ်ရတာ တော်တော်မော နေပြီ”
“ဆက်ရွတ်၊ ဆက်ရွတ်၊ မောမနေနဲ့”
ဒေါ်လှလှဝေက အားပေးသည်။ သူကလည်း ပြုံးမိသည်။ “နက် ဖြန်ကျရင် အချိုမှုန့်ယူခဲ့မယ်လေ”ဟု ကတိပေးသည်။ မမေ့အောင် ယူခဲ့ဖို့ လည်း ဂရုစိုက်ရမည်ဟု ကိုယ့်ကိုယ်ကိုယ် တစ်ဆက်တည်း သတိပေးသည်။
“ကိုထွေးရေ၊ ကျွန်မယူတဲ့နှစ်ထည်တော့ လကုန်မှရှင်းမယ်နော်”
နီနီခင်က ပြောတော့ သူခေါင်းညိတ်ပြသည်။
စာရင်းစာအုပ်ကိုထုတ်ကာ စာရင်းမှတ်သည်။
နီနီခင် ..ဗိုလ်မ —J
သန်းသန်းအိ— ခုတင် .. ၁
ဝေမာသွယ်…ခုတင်.. ၂
ကိုသန်းစိုး—ဗိုလ်မ —၁+မင်္ဂလာမောင်မယ်.—၁
ကိုမြမောင် —-မင်္ဂလာမောင်မယ်—၁
ဒေါ်မြသီ…ခုတင်—၁
ဒေါ်ခင်နု
ဒေါ်ခင်နုအမည်ရေးအပြီး လှမ်းကြည့်မိသည်။ ဒေါ်ခင်နုက ထဘီ လေး တကိုင်ကိုင်နှင့် စဉ်းစာနေဆဲပင်ဖြစ်သည်။ ထို့ကြောင့် ဘာမျှမဖြည့်ပေးဘဲ ကွက်လပ်ချန်ထားလိုက်သည်။ ထိုစဉ်တွင် ဘိုးတော်၏အခန်းထဲမှ ကလင်ခနဲ ခေါင်းလောင်းနှိပ်သံကို ကြားရသည်။ ရုံးလုလင်လေး မောင်လှစိုးက ကိုလှ မောင်၏ စာပွဲပေါ်တွင် လက်ထောက်ပြီး ငိုက်နေရာမှ ကမန်းကတန်း ထ လိုက်သည်။ “ဟုတ်ကဲ့ အန်ကယ်(လ်)”ဟု အသံပေးပြီး အခန်းထဲသို့ ခပ် သွက်သွက်လှမ်းဝင်သွားသည်။
“မြတ်စွာဘုရား၊ ငါ့ကိုများ ခေါ်ခိုင်းတာလား၊ ဖွဟဲ့ လွဲပါစေ”
သူက ဒိတ်ခနဲရင်ခုန်သွားပြန်ပြီး ဘုရားစာကို ကမန်းကတန်း ရွတ်မိပြန်သည်။
+++
“သမ္ဗုဒ္ဓေတန်ခိုးလားတော့မသိဘူး၊မိန်းမရေ၊ ဒီနေ့အဆင်ချောတယ်ဟေ့”
စိတ်လက်ကြည်သာရွှင်ပြနေတော့ မိန်းမကို မကျေမနပ်နှင့် စိတ် ဆိုးထားသည်ကိုပင် မေ့သွားသည်။ အိမ်ရောက်လျှင်ရောက်ချင်း ဝမ်းသာအားရပြောမိသည်။
“ဘာလဲ၊ ဘိုးတော်က မဆူဘူး မဟုတ်လား”
“အံမာ မင်းက သိလို့လား”
မိန်းမက ခပ်ပြုံးပြုံးဖြေသည်။
“အစ်ကို စိတ်ညစ်နေတာတွေ့တော့ စိတ်မကောင်းဘူးလေ၊ ဒါ ကြောင့် မနက်စောစောထပြီး ထွက်သွားတာ”
”ဘယ်ကိုလဲ”
“အစ်ကိုရဲ့ ဘိုးတော်အိမ်ကိုလေ”
“ဟင် တကယ်”
“တကယ်ပေါ့၊ ဟိုတစ်ခါ သူ့ယောက္ခမကြီးဆုံးလို့ ရက်လည်ဆွမ်း ကျွေးတုန်းက ကျွန်မပါ အစ်ကိုနဲ့အတူလိုက်ပြီး ကူညီလုပ်ကိုင်ပေးခဲ့တာ သတိရလို့၊ အဲဒီတုန်းက သူ့မိန်းမနဲ့ မျက်မှန်းတန်းမိထားသားပဲဟာ၊ ဒါကြောင့် စွတ်ရွတ်ပြီး သွားလိုက်တာ အဆင်သင့်ပဲ တန်းပြီးတွေ့တယ်”
ကိုထွေးခမျာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ နာချင်ချင် ကောက်ချင်ချင်ဖြစ်နေသော စိတ်ကလည်း ချက်ချင်းပင် ကောင်းပြီး ဖြောင့် သွားသည်။
“အင်း တွေ့တော့”
“တွေ့တော့ ဘိုးတော်ကြီးကတော် ဘွားတော်ကြီးကို နားလည် အောင် ပြောပြတာပေါ့၊ ဘွားတော်ကြီးက မစိုးရိမ်ပါနဲ့တဲ့၊ အသေးအဖွဲလေး တွေပါလို့ပြောလိုက်တယ်။ ဒါကြောင့် ကျွန်မက အစ်ကိုတော့ ဒီနေ့အဆင်ချော မယ်ဆိုတာ သိပြီးသား”
ကိုထွေး သူ့မိန်းမကိုသူ ကျေးဇူးတင်စွာကြည့်မိသည်။ တော်လိုက် သည့်မိန်းမ၊ တတ်လိုက်သည့်မိန်းမ၊ သူ၏သောကကို ဝေမျှခံစားသောမိန်းမ၊ သူ၏အခက်အခဲကို ဖြေရှင်းပေးနိုင်သောမိန်းမ၊ တစ်နေ့လုံးရုံးမှာထိုင်ပြီး စိတ် ထဲမှ ‘ကမြင်းမ’ ‘ကမြင်းမ’ နှင့် မေတ္တာတွေအနန္တပို့နေမိသည်ကို နောင်တရ၍ မဆုံးနိုင်အောင် ဖြစ်သွားသည်။
“တစ်ခန်းလုံး အံ့သြနေကြတယ် သိလား”
“ဟုတ်လား”
“အားလုံးက၊ ကိုထွေးတစ်ယောက်တော့ ရေရေလည်လည် အပွမ်ခံရတော့မယ်ထင်ထားကြတာ၊ ခုတော့ ဘိုးတော်က တိတ်ချက်သားကို ကောင်းလို့”
“ပါတိတ်လေ အစ်ကိုရဲ့ – ပါတိတ်”
မိန်းမက ပြုံးစစပြောသည်။
“ဘာပါတိတ်လဲ”
“ပါလို့တိတ်တဲ့ ပါ တိတ်ပေါ့”
မိန်းမက စကားထာဝှက်သလိုပြောသည်။ ရယ်ချင်စိတ်ကို မျိုသိပ် ထားသဖြင့် နှုတ်ခမ်းအစုံက မသိမသာတွန့်နေသည်။
“ဘာပါလို့ ဘာတိတ်တာလဲ”
ကိုထွေးက နားမလည်၊ အူကြောင်ကြောင်ပြန်မေးမိသည်။ မိန်းမက ကျိတ်၍ရယ်ပြီး တိုးတိုးလေးဖြေသည်။
“ဪ အစ်ကိုကလဲ၊ မနေ့တုန်းက ကျွန်မယူထားတဲ့ ပါတိတ် အပြာလေးလေ၊ ကျွန်မသွားတုန်းက အဲဒါလေးပါသွားတယ်၊ ဒါကြောင့်မို့လို့ ပြောတာပေါ့။ နားလည်ပြီလား အဲဒါမှပါတိတ်အစစ် ပါလို့တိတ်တဲ့ ပါတိတ်”
** **
မစန္ဒာ
(စပယ်ဖြူ ၁၉၈၅ ဇန်နဝါရီ)