တို့မေမေ

 တို့မေမေ(စ/ဆုံး)

———–


ဒေါ်မြနှစ်သည် ဖျတ်ခနဲ အိပ်ရာမှ လန့်နိုးလာခဲ့သည် ။ သူမ၏ နံဘေးတွင် သားငယ်အတူး နှင့် သမီးငယ် ခင်မော်သက် တို့သည် အိပ်မောကျနေကြဆဲပင် ။ လင်တော် မောင် ဦးဘသက် ကား ပါးစပ်ကြီး ဟကာ ဟောက်များပင် ဟောက်နေချေသေးသည် ။ ဒေါ်မြနှစ်၏ မျက်လုံးအစုံက ကျိန်းစပ်နေသည် ။ ညက တစ်ညလုံး အိပ်၍ မရ ။ အသက်ရှူကျပ်ကာ လှိုက်မောနေခဲ့သည် ။ စောစောပိုင်းကလေးက မှပင် မှေးခနဲ အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည် ။ အသက်လေးဆယ်ကျော်သည် ဆိုသည်နှင့်ပင် ဇရာ၏လက္ခဏာတို့သည် တဖြည်းဖြည်း ဖိစီးလာခဲ့သည် ။ ထိုစဉ်မှာပင် တစ်ဖက်ခန်းမှ ကြေးစည်သံကို ကြားရလေသည် ။ ငါးနာရီ ထိုးလေပြီ ။ ဒေါ်မြနှစ်သည် ကုန်း၍ ထလိုက်သည် ။ ဘုရား … ဘုရား ခေါင်းက မိုက်ခနဲဖြစ်ကာ မူးသွားသည် ။ မျက်စိ တွေ ပြာသွားသည် ။ တစ်ကိုယ်လုံးရှိ အကြောအခြင်များ ရပ်ဆိုင်းသွားသကဲ့သို့ ထူပူသွားသည် ။


မဌေး .. ဟဲ့ မဌေး ၊ သမီး


ဒေါ်မြနှစ်သည် အိပ်ရာထဲမှ လှမ်း၍ တစ်ဖက်ကွပ်ပျစ် ပေါ်ရှိ သမီးကို လှမ်း၍ နှိုးလိုက်သည် ။ ဌေးရီသက် ကား လုံးဝ မလှုပ် ။ သည်တော့ သူမသည် ခုတင်ပေါ်မှ ဆင်းကာ သမီး၏ အိပ်ရာအပါးသို့ ကပ်သွားသည် ။


မဌေး .. သမီး


ဌေးရီ ကား အိပ်နေဆဲ ။ ဒေါ်မြနှစ် သည် ဌေးရီ ၏ ပေါင် ကို ကိုင်ကာ လှုပ်နှိုးလိုက်သည် ။


အင်း .. အမေကလဲ


သည်တော့မှ ဌေးရီသက်သည် အမေ့ကို မျက်လုံးဖွင့် ကြည့်ကာ ညည်းရင်း မျက်စိ ပြန်မှိတ်လိုက်သည် ။


ထပါ သမီးရယ် ၊ အမေ တစ်ညလုံး နေမကောင်းလို့ အိပ်မရဘူး ၊ ရေနွေးအိုး ထတည်ချည်ပါ


ဒေါ်မြနှစ်က ပြောသာ ပြောရသည် ။ ဌေးရီသက် ကား ပြန်လည် အိပ်ပျော်နေလေပြီ ။ ဒေါ်မြနှစ် သည် သက်ပြင်း တစ်ချက် ချလိုက်ကာ လေးကန်သော ခြေလှမ်းများဖြင့် မီးဖိုထဲသို့ ဝင်သွားသည် ။ ပြီးတော့ ရေနံဆီမီးဖိုကို မီးမွှေးကာ ရေနွေးအိုး တည်လိုက်သည် ။ ရေနွေးအိုး တည်ထားဆဲတွင် မျက်နှာကို ကပျာကယာ သစ်ရသည် ။ မျက်နှာသစ်ပြီးသည်နှင့် သားအမိသားအဖ ရှစ်ယောက်စာ ထမင်းအိုး ဆန်ဆေး လိုက်သည် ။ ဦးဘသက် သည် လခ တစ်ရာကျော်ကျော် လေးသာ ရသည့် ပြည်သူ့ရေနံလုပ်ငန်း ( ယခင်က ဘီအိုစီ ဟု ခေါ်သည် ) မှ အလုပ်ကြမ်းသမား ဖြစ်သည် ။ စက်နှစ်ခါ မှုတ်သည်နှင့် ဦးဘသက် အိမ်မှ ထွက်မြဲ ဖြစ်သည် ။ သံလျင်မြို့ ပေါ်ရှိ လုပ်သားပြည်သူ အားလုံး စက်မှ ဥသြဆွဲသံကိုသာ အမှတ်သညာ ထားကြသည်ချည်းဖြစ်သည် ။ ဥသြဆွဲသည်ကို စက်မှုတ်သည် ဟု ဆိုကြသည် ။ ပထမ စက် တစ်ခါ မှုတ်လျှင် ခြောက်နာရီထိုးဖို့ ဆယ်မိနစ် ၊ ဒုတိယစက် တစ်ခါ မှုတ်လျှင် ခြောက်နာရီ ထိုးပြီး ဆယ်မိနစ် ၊ တတိယစက် တစ်ခါ မှုတ်လျှင် ခြောက်နာရီခွဲ ။ သည်တွင် အလုပ်ရုံတံခါး ပိတ်လေသည် ။ ပြီးတော့ ဆယ်နာရီခွဲ ထမင်းစားလွှတ်ချိန် တွင် လည်းကောင်း ၊ ညနေ လေးနာရီ ရုံးဆင်းချိန်တွင် လည်းကောင်း စက်မှုတ်သေးသည် ။ တချို့ကဆိုလျှင် ဤစက်မှုတ်သံနှင့်ပင် နာရီတိုက်ကြသည် ။ ဒေါ်မြနှစ် သည် ဆန်ဆေးပြီးသည်နှင့် လက်ဖက်ရည် ပန်းကန်တစ်လုံးကို ယူကာ သကြားတစ်ဇွန်းနှင့် နို့ဆီဇွန်းတစ်ဝက် ခပ်လိုက်သည် ။ နို့ဆီက တစ်ဝက် မရှိတရှိသာ ရှိတော့သည် ။ ဒေါ်မြနှစ်တို့ အိမ်ထောင်စုအတွက် နို့ဆီက တစ်လလုံးမှ သုံးလုံးသာ ရသည် ။ နို့မထွက်တော့ပြီဖြစ်သော ဒေါ်မြနှစ် သည် နို့မှုန့်လည်း မရသဖြင့် အတူး ကို နို့ဆီဖျော်တိုက်ရသည် ။ ဦးဘသက် ကလည်း လက်ဖက်ရည်ကို ဘိန်းစွဲသလို စွဲသည် ။ ဦးဘသက် သာမက ဒေါ်မြနှစ် လည်း ထို့အတူပင် ။ သို့သော် ဒေါ်မြနှစ် သည် သောက်ချင်သည့် ဆန္ဒကို ချိုးနှိမ်၍ လက်ဖက်ရည် ဖြတ်ထားသည်မှာ တစ်လသာ ရှိသေးသည် ။ ဒေါ်မြနှစ်သည် လက်ဖက်ခြောက် နှပ်လိုက်သည် ။ လက်ဖက်ရည်နံ့က မွှေးကြိုင်စွာ ထွက်လာသည် ။ သူမ သည် လက်ဖက်ရည်ကို သောက်ချင်ဇောဖြင့် သွားရည်ပင် ကျလာခဲ့သည် ။ သည်တော့ လက်ဖက်ရည်ကို တစ်ဇွန်းခပ်ကာ မြည်းရုံဖြင့်ပင် တင်းတိမ်လိုက်ရသည် ။ လက်ဖက်ရည် ဖျော်ပြီးသည်နှင့် ထမင်းကြမ်းကို ဆီလေး ၊ ဆားလေး ၊ ပဲငန်ပြာရည်လေးဖြင့် အချိုမှုန့် ပါရုံထည့်ကာ ကြော်လိုက်သည် ။ ထမင်းကြော်ပြီးသည်နှင့် စက်တစ်ခါ မှုတ်လေသည် ။ သည်တော့ သူသည် ရေနွေးကြမ်း ထည့်နေရာက ဦးဘသက် ကို ပြေး၍ နှိုးရသည် ။ ဦးဘသက် က ဝါးခနဲတစ် ချက်သန်းကာ ထလာသည် ။ ဦးဘသက် ရေချိုးပြီးချိန်တွင် ဒေါ်မြနှစ် သည် ထမင်းကြော်နှင့် ရေနွေးကြမ်းကို သုံးဆောင် နေလေပြီ ။ ဦးဘသက် သည် လက်ဖက်ရည်ကို တစ်ငုံ မော့ချလိုက်ရာမှ ဒေါ်မြနှစ်၏ ရေနွေးကြမ်းပန်းကန်ကို မြင်လိုက်သည် ။


ရော့ သောက်ဦးလေကွာ ဦးဘသက် က မျိုမကျဟန်ဖြင့် လက်ဖက်ရည်ပန်းကန်လုံးကို ထိုးပေးသည် ။ ဒေါ်မြနှစ်သည် စိတ်မကောင်း ဖြစ်သွားသည် ။ တော်ပဲသောက် ပါ ၊ ကျုပ် ပြတ်နေပါပြီ ပြောသာ ပြောရသည် ၊ လက်ဖက်ရည်သောက်ချင်သည့်ဆန္ဒက မျိုသိပ်၍ မရ ။ သည်တော့ မျက်လုံးကို စုံမှိတ်ကာ ရေနွေးကြမ်းကိုမော့ချလိုက်သည် ။ လည်ချောင်းထဲတွင် ပူဆင်းသွားသည် ။ ဝဲလာသော မျက်ရည်ကို ဦးဘသက် မမြင်စေရန် ခေါင်းကို ငုံ့၍ မျက်တောင် ပုတ်ထုတ်လိုက်ရသည် ။ စက်နှစ်ခါမှုတ်သည်နှင့် ဦးဘသက် သည် စက်ဘီးကို ဆွဲကာ သွားရန် ဟန်ပြင်သည် ။ ပြီးမှ တစ်စုံတစ်ခုကို သတိရဟန်ဖြင့် ရပ်တန့်ကာ ဒေါ်မြနှစ် ကို လည်စောင်း ငဲ့ကြည့်သည် ။


ဪ … မြနှစ်ရေ ၊ ဒီနေ့ ဝက်သားကို သစ်တော်သီး နဲ့ ဆီပြန်ချက်ပါလားကွာ ၊ မနေ့က သန်းမောင်တို့ အိမ်မှာ ချက်တာ မြင်ကတည်းက စားချင်လွန်းလို့ ပြောတာဟေ့ ၊ ဆက်ဆက်ကွနော်


ဦးဘသက်သည် စက်ဘီးပေါ်သို့ လွှားခနဲတက်ကာ ထွက်သွားသည် ။ ဒေါ်မြနှစ် သည် ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည် ။ လခထုတ်ရန် ၁၅ ရက် လိုသေးသည် ။ ဒေါ် မြနှစ် ထံတွင် စုစုပေါင်းမှ ပိုက်ဆံ ၆၅ ပြားသာ ရှိတော့သည် ။ ဒီလူအုပ်နှင့် သည်လစာ မလောက်ငသည်မှာ အံ့သြစရာတော့ မဟုတ် ။ ဒီကြားထဲ ပြည်သူ့ဆိုင်က ပေးသည်ကို ထုတ်ရသေးသည် ၊ ရှိသေးသည် ။ နေဦး ၊ နောက်မှ ထုတ်မည် ဟူ၍ မရ ။ ပေးနေတုန်း ထုတ်မှ ရသည် ။ သည်တော့ ဒေါ်မြနှစ်သည် ရင်ထဲတွင် ကျပ်ကာ ငိုချင်လာသည် ။ ဆင်းရဲသည် ထားဦး ၊ စားလောက်ရုံ ရှိလျှင် တော်သေး သည် ။ ယခုတော့ ဘာဆို ဘာမျှ မပြည့်စုံ ။ ကလေးတွေတွင် တစ်ထည် စုတ်လျှင် တစ်ထည်လဲစရာ မရှိ ။ အားလုံး အဖာ နှင့် အထေးထေး ၊ သည်တော့ ကလေးတွေ ကျောင်းတက်ချိန်တွင် မျက်နှာ မငယ်စေရန် ဈေးထဲမှ အထည်တွေး အကြွေး ယူရသည် ။ မှောင်ခိုကုန် ဖြစ်၍လည်း ပြည်သူ့ဆိုင် ဈေးထက် အဆမတန် ကြီးမြင့်နေသည် ။ သို့သော် မတတ်နိုင် ။ မရှိကို အရှိ လုပ်ရန်မှာ ဤနည်းမှ လွဲ၍ ရှာမတွေ့ ။ ပြည်သူ့ဆိုင်က တစ်နှစ်လုံး နေမှ အဝတ်စ တစ်စ ရရန် မဲနှိုက်ကြရသည် ။ ကလေးတွေတွင်မဟုတ် ဦးဘသက် ကိုယ်တိုင် လုံချည်ဝတ်စရာ မရှိ ။ လုံချည်ကောင်း ဆို၍ လွန်ခဲ့သော ၆ လခန့်က မဲပေါက်သော လုံချည်သာ မဝတ်ရက် သဖြင့် ကျန်ရှိသည် ။ ကျန်သည်က အဖာအထေးနှင့် အကွက်ပင် မပေါ် ။ တွေးလိုက်လျှင် စိတ်မကောင်းစရာတွေချည်း ။ ဒေါ်မြနှစ် သည် စီးကျလာသော မျက်ရည်ကို လက်ဖမိုးနှင့်သုတ်ရင်း ထမင်းအိုး ငှဲ့လိုက်သည် ။ ထမင်းအိုး နှပ်နေ ဆဲတွင် မဌေး ကို ပြေး၍ နှိုးရသည် ။


ဈေးကို ပြေးဦး သမီးရယ် ၊ ညည်းအဖေက ဝက်သား ကို သစ်တော်သီးနဲ့ ဆီပြန်စားချင်သတဲ့ ။ ဒီတော့ အချိန့် ဆီက ဝက်သားအစိတ်သားလောက် ဆွဲခဲ့ ။ ပြီးတော့ ဝက် သားကို အာလူးနဲ့ ရောရအောင် ဒေါ်ပုဆိုင်က အာလူးငါး ဆယ်သားလောက် ဆွဲခဲ့ဦးပေါ့ ရော့ ၊ ဒီက ငါးမူး ယူသွား ၊ သစ်တော်သီး နှစ်လုံးသုံးလုံးလောက် ကြည့် ဝယ်ခဲ့ ။ ငါးပိရေချိုလည်း တစ်မတ်ဖိုးလောက် ဝယ်ခဲ့ဦး ၊ စားစရာလည်း မရှိတော့ဘူး


မဌေးသည် မျက်နှာလေး မကြည်မသာဖြင့် ဈေးခြင်း ဆွဲကာ ထွက်သွားသည် ။ တကယ်တော့ ဈေးနှင့် သူတို့ လိုင်းထဲ ( ပြည်သူ့ရေနံလုပ်ငန်းမှ လုပ်သားများအား အလုပ်ရုံ အနီးအနားတွင် အိမ်ခန်းများပေးထားသည် ။ သံလျင်မြို့လူထုက ထိုဝင်းကို ဘီအိုစီ အမည်တွင်စဉ်ကရော ၊ ယခုပါ ဘီအိုစီဝင်း ဟု လည်းကောင်း ၊ လိုင်းထဲ ဟုလည်းကောင်း ခေါ်ကြသည် ။ ) မှာ အတော်ပင် အလှမ်းဝေးသည် ။ လျှောက်ရသည်မှာ မသက်သာ ။ တတ်နိုင်သူတို့က နှစ်ရက်စာ ၊ သုံးရက်စာ ဝယ်ထားသည် ။ သူတို့မှာတော့ … ။ ဒေါ်မြနှစ်၏ ခေါင်းထဲမှ အတွေးပေါင်းစုံသည် ဘုရားရှင်၏ ရှေ့မှောက်တွင် အားလုံး ပျောက်ကွယ်သွားသည် ။ ဒေါ်မြနှစ်သည် လက်အုပ်မိုးကာ ဘုရားရှိခိုးသည် ။ ဆွမ်းတော် ကပ်ခြင်း ဖြစ်သည် ။ ဆွမ်းတော် ကပ်ပြီးသော်လည်း ဦးမချ နိုင်သေး ၊ လက်အုပ်မိုးလျက်နှင့် ဘုရားရှင်ကို စူးစိုက်ကြည့်နေမိသည် ။ ကြေးဆင်းတုကိုယ်တော်သည် ကြည့်ရင်း ကြည့်ရင်းမှ ပြုံးလာသလိုလို စိတ်ဝယ် ထင်ယောင်မိသည် ။ ကြည်နူးဖွယ် ကောင်းလှပါ၏ ။ ဘုရားရှင်ကို ကြည်ညို သဒ်ဓါ ပွားနေသော ဒေါ်မြနှစ်၏ စက္ခုအစုံသည် ခြောက်ကပ်နေသော ဘုရားညောင်ရေအိုးကို မကြည့်ဘဲနှင့် မြင်မိ သည် ။ သည်တော့ သက်ပြင်းကို အလိုလို ချမိလာသည် ။ ဪ … ဘုရားပန်းအိုးတောင် စိုစိုပြည်ပြည် မရှိတဲ့ ဘဝပါ လား ဟု တွေးမိရင်းမှ သူတို့ မိသားစု ဆင်းရဲပုံကို တရေးရေး မြင်လာမိသည် ။ ဦးပုည သည် ကာယဝလိယမောင်နှံ၏ ဆင်းရဲပုံကို လူဒုက္ခိတ မောင်ကာကတို့ ပျော်ကြသည့် ခန်းဝါ ၊ အကာ ဆူးခက် ၊ အင်ဖက် အမိုး ၊ ကျူရိုး တိုင်ထူ ၊ နေပူကျဲကျဲ ဝက်သိုက်တဲတွင် အုတ်ခဲ ခေါင်းအုံး ၊ အိုးတစ်လုံး ဖျာမရှိ ၊ ဘုမ္မိကမ္ဗလာ ၊ မြမွေ့ရာနှင့် ချူချာတော်မူလှသော ကာကဝလိယ မွဲပြာကျမောင်နှံ ဟူ၍ စပ်ဆိုထား သည်မှာ ကာယဝလိယတို့၏ ဆင်းရဲလှပုံကို ကွက်ကွက် ကွင်းကွင်း မြင်လာရသည် ။ သည်တော့ ဒေါ်မြနှစ် သည် ကာကဝလိယတို့ ထက် စာလျှင် ချမ်းသာသေးသည်ဟု တွေးကာ ပြုံးမိသည် ။ သို့သော် ကာကဝလိယမောင်နှံသည် ကဿပမထေရ်ကြီး ကို ပြုံးစပ်ကျို၍ လှူသောအကျိုးကြောင့် သူဌေး ဖြစ်သွားသည် ။ သူတို့မှာမူ ကာကဝလိယ လောက် ဆင်းရဲတွင်းမနက်၍လား မသိ ၊ ဘယ်ပုဂ္ဂိုလ်မှ ကြွမလာ ။ သည်တော့ မြတ်ရှင်စော ကိုသာ နံနက်တိုင်း ဆွမ်းကပ်ရသည် ။ လက်ဖက်ရည်ပန်းကန်ပြားလောက် ရှိသည့် ဆွမ်းတော်ခွက်ထဲတွင် ဆွမ်းပေါ်မှ သကြားလေး ဖြူးကာ ကပ်ထားသည့် ဆွမ်းခွက်ကို ကြည့်ရင်း မည်သို့ ဆုတောင်းရမည် မသိ ။ အိမ်တွင် စီးပွားရေး တိုးတက်ပါစေဟု ဆုတောင်းရအောင်လည်း ဦးဘသက် လို ၇ တန်းသာ အောင်သည့် အလုပ်ကြမ်းသမား အဖို့ ရာထူး တက်စရာလည်း မရှိ ၊ သည်တော့ အကြီးဆုံးမ ၊ မဌေး စာမေးပွဲ မြန်မြန်အောင်ပါမှ အလုပ်မြန်မြန် ရတော့မည် ။ ပြီးတော့ ကျန် ငါးယောက်၏ ပညာရေး ကလည်း ရှိသေးသည် ။ သည်တော့ လက်ဝဲဘက်ခန်းမှ မတင်အေး ပြောသော စကားကို ကြားယောင် လာမိသည် ။


ဟေ ရှင်မြနှစ် ရဲ့ ကလေးတွေတော့ စာမေးပွဲ အောင်ကြပြန်ပြီ ။ အင်း … သူများမိဘတွေဆို ကလေးတွေ စာမေးပွဲ အောင်ရင် ပျော်လို့ ၊ ကျုပ်တို့တော့ တစ်တန်းတက်တယ် ဆိုရင် စာအုပ်အသစ်တွေ ဝယ်ပေးဖို့ ရင်လေးမိတယ်တော့ ။ ပြီးတော့ စာအုပ်တွေကလည်း တစ်နှစ် တစ်မျိုးလောက် ပြောင်းနေတော့ အကြီးကောင် ဆီက အငယ်ကောင်ဆီကို လက်ဆင့်ပြောင်း ကိုင်လို့လည်း မရဘူး ။ ကျပ်ပါသေးတယ် အေ ၊ ဒီလိုနဲ့ပဲ ကျုပ်တို့လည်း ဘဝသံသရာ လည်နေရတာပဲ ။ ဘယ်တော့များမှ အသက်ရှူချောင်မယ် မပြောတတ်ဘူး


ညည်းညည်းညူညူ ပြောလာသော မတင်အေး ကို သည်တုန်းက ပြုံး၍သာ နေမိသည် ။ စိတ်ထဲကမူ ..


အင်း .. ဟုတ်လည်း ဟုတ်ဟုတ်ပဲ ဟု တွေးခဲ့မိသည် ။


အမေရေ … အမေ


မည်မျှ အတွေးကြွယ်နေသည် မသိ ၊ ကလေးအော်သံ ကြားမှပင် ကပျာကယာ ဦးချလိုက်ရသည် ။ ဆုပင် မတောင်းလိုက်ရ ။ ကလေးတွေ ငါးကောင်လုံး နိုးရလေပြီ ။ သူတို့တွင် ငွေတော့ မဌေး ၊ ကလေးတော့ ဌေးသည် ။ တစ်ကောင် နှင့် တစ်ကောင် နှစ်နှစ်သာ ကွာသည် ။ အငယ်ဆုံးကောင် အတူး က သုံးနှစ် ရှိလေပြီ ။ အတူး ထက်အကြီး အောင်နိုင်သက် ကို ဒီနှစ်မှ ကျောင်းစထားရသည် ။ သားကို ငယ်သေးသည်ဟု စိတ်မချနိုင်သော ဒေါ်မြနှစ်သည် ကျောင်းကြိုကျောင်းပို့ဖြင့် မအားခဲ့ရ ။ ဌေးရီသက် က ရှစ်တန်း ရှိလေပြီ ။ ထို့ကြောင့် ဌေးရီသက် နှင့် ခြောက်တန်းကျောင်းသား ဇော်နိုင်သက် တို့သာ သန်လျင် အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ကြားနိုင်ပြီး လေးတန်းသား တင်နိုင်သက် နှင့် ရှစ်တန်းကျောင်းသူ ခင်မော်သက် ၊ ယခု အောင်နိုင်သက် တို့မှာ သိမ်ကျောင်းလမ်းရှိ အစိုးရမူလတန်းကျောင်းတွင် ထားရသည် ။ ကလေးငယ်တွေကို ထမင်းကြော် ကျွေးနေစဉ်မှာပင် တံခါး ခေါက်သံ ကြားသဖြင့် မဌေး အမှတ်နှင့် တံခါး ဖွင့်ပေးလိုက် သည် ။ လာသူက ဒေါ်ခင်ခင် ဖြစ်နေသည် ။


ဪ … မမခင်ပါလား ၊ ဝင်ပါလေ


ဟန်လုပ်၍သာ ခေါ်ရသည် ။ စိတ်တော့ မပါလှ ။ အသံက ခြောက်ကပ်နေသည် ။ ဒေါ်ခင်ခင် လာကတည်းက အထည်ကြွေး လာတောင်းမှန်း သိပြီး ဖြစ်သည် ။


မထိုင်တော့ပါဘူး မမြနှစ် ၊ ဟိုလတုန်းက လာမယ် ဆိုပြီး မလာလို့ လိုက်လာတာ


ဟုတ်ကဲ့ မမခင် ၊ ကျွန်မလည်း ကလေးတွေ ကျောင်းဖွင့်နေတော့ စာအုပ်ဖိုးတွေဘာတွေနဲ့ မလည်လို့ပါ ၊ ဒီလကုန်ရင် လာခဲ့ပါ့မယ်


လာယူတုန်းကတော့ လကုန်ရင် ဆက်ဆက်ဆို ၊ ညည်းတို့ကတော့ ပေးခါနီး ကျရင် အင်တင်တင်နဲ့ ဒီလိုချည်းပဲ ၊ ကဲ သွားမယ် ၊ လကုန်ရင်တော့ ဆက်ဆက်နော် ၊ ညည်းတို့ ကျပ်သလို ကျုပ်တို့လည်း ကျပ်တာပဲ ၊ ကိုယ်ချင်း စာမှပေါ့အေ


ပြောပြောဆိုဆို ထွက်သွားသော ဒေါ်ခင်ခင် ကို ဒေါ် မြနှစ် သည် ငေးကြည့်နေမိသည် ။ မျက်နှာကို တင်းကာ ဆတ်ခနဲ လှည့်သွားသောကြောင့် ဒေါ်ခင်ခင် ၏ စိန်နားကပ် သည် လက်ခနဲ ဖြစ်သွားသည် ။ ရင်ဘတ်မှ လက်မပြားခန့်ရှိ ရွှေကြိုးကြီးသည် လှုပ်ရမ်းသွားကာ ကြယ်သီးကို ချိတ်မိ နေသည် ။ ပြီးတော့ နှစ်ထပ်ဇာ နှင့် ပါတိတ် နှင့် ။ သည်တော့ ဒေါ်မြနှစ် သည် သူ ပြောသလို ကိုယ်ချင်းစာ လိုက်ရသည် ။


ဪ သူ့ခမျာ ကျပ်ရှာပေသကိုး ဟူ၍ ။


ဒေါ်ခင်ခင် ထွက်သွားပြီး မကြာမီမှာပင် မဌေး ပြန်လာသည် ။ ဌေးရီသက် သည် ဈေးခြင်းကို ချပြီး အားရပါးရ ငိုတော့သည် ။


သမီး ရှက်တယ်မေမေ ၊ သမီး သိပ်ရှက်တယ်


ဘာဖြစ်လာရပြန်သလဲ သမီးရယ်


ဘာဖြစ်ရမှာလဲ ၊ သမီးက တရုတ်အချိန်ဆီ အရင် သွားတယ် ။ လူတွေက အများကြီး ၊ သမီး စောင့်ပါသေးတယ် ။ မစောင့်နိုင်တာနဲ့ တိုးဝှေ့ပြီး ဝက်သားအစိတ်သား ပေးပါလို့ အော်ပြောတယ် ။ အဲဒီတော့ အချိန်က နင် အားကြီးဆိုးတဲ့ကောင်မလေးပဲ ၊ နင့်မှာ အခု ပိုက်ဆံပါသလား ၊ အကြွေးဝယ်မှာလားတဲ့ ၊ အကြွေးလည်းယူသေးတယ် ၊ အရင်ဆုံး ယူလို့ မရဘူးတဲ့ ။ သမီးလေ လူတွေက သမီးကို ဝိုင်းကြည့်နေကြလို့ ရှက်ပြီး ခေါင်းငုံ့ နေရတယ်


အို သမီးရယ်


ဒေါ်မြနှစ် ရင်ထဲတွင် ဆို့သွားသည် ။ ချက်ချင်း မျက်ရည်တွေ ဝဲလာသည် ။


သမီးလေ ရှက်လွန်းလို့ ဈေးထဲမှာ ကျိတ်ပြီးငိုရတယ် ။ ပြီးတော့ ဒေါ်ဒေါ်ပုတို့ဆိုင် သွားတယ် ။ ဟိုဆိုင်မှာ လည်း သမီးသူငယ်ချင်းရဲ့အမေမြမြအေးကို တွေ့တာနဲ့ အကြွေးဝယ်ရမှာ ရှက်လို့ မပြောရဲသေးဘဲ သူနဲ့ စကားပြောပြီး သူပြန်အောင် စောင့်နေတယ် ။ ဒီတင် ဒေါ်ဒေါ်ပုက သမီးကို မေးငေါ့ပြီး အဲဒီ့အန်တီကို ဘာပြောတယ်မှတ်လဲ ၊ ဟင်း … လာပြီလေ ။ အချိန်မှန်ပဲ ။ ဈေးဦးတောင် မပေါက်သေးဘူး ၊ ကြွေးယူမယ့်သူက အဆင်သင့်တဲ့ ၊ ကဲလေ ကဲ ဘယ်လောက် ရှက်စရာ ကောင်းလဲလို့


ဌေးရီသက်သည် ရှိုက်ကြီးတငင် ငိုရှိုက်လိုက်သည် ။ ဒေါ်မြနှစ်သည် သူပါ ရောငိုမိသည် ။ စောစောပိုင်းက ရေချိုးသူ ချိုး ၊ အဝတ်လဲသူ လဲဖြင့် ကျောင်းသွားရန် ပြင်နေကြသော သားသမီးတို့သည် ငိုနေသော အမေ နှင့် အစ်မကို ကြည့်ကာ မျက်ရည်များ ရစ်ဝိုင်းလာသည် ။ အငယ်ဆုံး ကောင်က ဘာမှန်းညာမှန်း မသိ အော်ငိုတော့သည် ။ ခေတ္တ ကြာမှပင် သမီးကို ဖျောင်းဖျပြီး ရေချိုးခိုင်းရသည် ။ ပြီးလျှင် ဝက်သားအိုး ပြင်လေသည် ။ ဒေါ်မြနှစ် ဝက်သားပြင်နေရာ သို့ ဇော်နိုင်သက်က မရဲတရဲ ကပ်လာသည် ။


မေမေ သားတို့ ကျောင်းမှာ ရခိုင်တိုင်းလေဘေး ကယ်ဆယ်ရေးအတွက် ပိုက်ဆံယူခဲ့ရမယ်တဲ့


ဘယ်လောက်တဲ့လဲ သားရယ်


ငါးမူးတဲ့ မေမေ


ဟုတ်တယ်မေမေ ၊ သမီးတို့ရောပဲ


ဟုတ်တယ် ၊ ဟုတ်တယ်


အားလုံး ဝိုင်း၍ အော်လိုက်ကြသည် ။ ဒေါ်မြနှစ်သည် ချွေးခံအင်္ကျီထဲမှ ၁၅ ပြားကို သတိရလိုက်သည် ။ သည် ၁၅ ပြား နှင့် ကလေးတွေ နှင့် ။ သည်တော့ သူမသည် ဝက် သားဟင်းအိုးကို မီးဖိုပေါ် တင်ထားခဲ့ပြီး ဖာလေးထဲမှ အင်းလေးထဘီကို ဆွဲထုတ်လိုက်သည် ။


ဘာလုပ်ဖို့လဲ မေမေ


ဌေးရီသက်က မျက်နှာကို သနပ်ခါး လူးနေရာမှ လည်ပြန်ကြည့်ရင်း မေးလိုက်သည် ။


ထုံးစံအတိုင်းပေါ့ သမီးရယ်


ထုံးစံအတိုင်း ဆိုသည်နှင့် ပေါင်တော့မည်မှန်း ဌေးရီသက် နားလည်သွားသည် ။


အို မေမေရယ် ၊ ရှေ့အပတ် သမီး အလှူသွားရင် ဝတ်ဖို့


ဘယ့်နှယ်လုပ်မလဲ သမီး ၊ စားရေးသောက်ရေးက ရှိသေးတယ် ၊ သမီး သွားစရာရှိရင် မမကြီးဆီက လုံချည် ငှားပေးပါ့မယ်


ဒေါ်မြနှစ်သည် ခါးမှ ထဘီကို လှည့်ပတ် ကြည့်ရှုပြီး ထဘီပြဲကို အတွင်း၌ ထည့်ဝတ်လေသည် ။


မီးဖိုပေါ်မှာ ဝက်သားအိုး တင်ထားတယ် ၊ သမီး ကြည့်လိုက်ဦး ၊ မေမေ ခုပြန်လာမယ်


ဒေါ်မြနှစ်သည် ခပ်သုတ်သုတ် ထွက်သွားသည် ။ လိုင်းဂိတ်ဝတွင် ပြည်သူ့ငွေချေးဌာနဆိုင် ရှိနေသဖြင့်သာ ဒေါ်မြနှစ် တို့လို မွဲပြာကျမောင်နှံများ အဖို့ ခံသာနေခြင်း ဖြစ် သည် ။ ဟိုလတုန်းကလည်း ဒေါ်မြနှစ် သည် ဥဿဖရား နားကပ်လေး ပေါင်ခဲ့ရသည် ။ ထို့ကြောင့် နားပေါက်ဟောင်းလောင်းနှင့် နေခဲ့ရသည် ။ မဝတ်ရမည်ကို ဒေါ်မြနှစ် မပူ ။ သားတွေ ၊ သမီးတွေ စိတ်ဆင်းရဲမည်ကို အပူဆုံး ဖြစ်သည် ။ ဒေါ်မြနှစ် ကို မြင်လျှင် အပေါင်ဆိုင်စာရေးက လှမ်းအော်သည် ။


ဟော မိတ်ဆွေဟောင်းကြီးပါလားဗျို့ ၊ ခင်ဗျားတို့လို လူမျိုးတွေ ရှိနေလို့ ကျုပ်တို့လည်း အလုပ် ရှိတော့တာပဲ ၊ ဟ ဒီထဘီကလည်း လာလှချည်လား ၊ မထူးပါဘူးဗျာ ၊ ဒီမှာပဲ ထားပါတော့


စောသေး၍လားမသိ ။ ဒေါ်မြနှစ် တို့လို ဘဝတူလူ တန်းစားတွေ မလာသေး ။ ဒီတော့ ဒေါ်မြနှစ်သည် ခပ်မြန်မြန် ပြန်နိုင်ခဲ့သည် ။ ရသောပိုက်ဆံကမူ ရှစ်ကျပ်သာ ။


ရော့ဗျို့ ၊ ဒီလောက်ပဲ ရတယ် ၊ ဒါတောင် ခင်ဗျား အားနာလို့


ဒေါ်မြနှစ် သည် အိမ်ပြန်ရောက်လျှင် ဝက်သားဟင်းအိုးကို ကြည့်ကာ ထမင်းကြော် စားပြီးသော သားသမီးသုံးယောက်ကို ခေါ်ကာ ကျောင်းပို့ရသည် ။ ကျောင်းမှ ပြန်လာလျှင် သားငယ်ဇော်နိုင်သက် က ကလေးထိန်းထားသည် ။ သမီးကြီး က အာလူး နွှင်ထားသည် ။ မဌေး နှင့် ဇော်နိုင်သက် တို့သည် နေ့လယ်ပိုင်းတွင် ကျောင်းတက်ရသဖြင့် တော်ပေသေးသည် ။ ဒေါ်မြနှစ် သည် ဟင်းအိုးထဲ အာလူး ရောထည့်လိုက်သည် ။ ဟင်းကျက်ချိန်တွင် ဆယ်နာရီ ခွဲလေပြီ ။ သည်တော့ ကလေးတို့ အဖေဖို့ ထမင်းပွဲ ပြင်ထားရသည် ။ ထမင်းဝိုင်းတွင် ဦးဘသက် ဝက်သားဟင်းကို ခပ်၍ စားနေသည်ကို ကြည့်ပြီး ကျေနပ်နှစ်သိမ့်ကာ ကြည်နူးနေမိသည် ။ သူမကမူ အာလူးဖတ် ကိုသာ စားသည် ။ ဝက်သားဖတ်ကို မကြိုက်၍ မဟုတ် ။ သားသမီးတွေ အတွက် ညှာ၍ ဖြစ်သည် ။ ဒေါ်မြနှစ် သည် ထမင်းစားပြီး မနက်က ဓာတ်ဘူးထဲ ထည့်ထားသော ရေနွေးဖြင့် လက်ဖက်ရည်တစ်ခွက်ကို ဦးဘသက် အတွက် ဖျော်ပေးသည် ။ ထမင်းစားပြီး သားငယ်နှင့် မြူးနေသော ဦးဘသက် ကို ကြည့်ပြီး ဒေါ်ခင်ခင် အထည်ကြွေး လာတောင်းပုံ ၊ သူ့ထံတွင် ငွေမရှိတော့၍ ထဘီပေါင်ကာ ငွေရှစ်ကျပ်ရခဲ့ပုံတို့ကို ပြောပြရန် ဝန်လေးနေမိသည် ။ ထို့ကြောင့်လည်း ဦးဘသက် ၁၁ နာရီခွဲတွင် ပြန်သာသွားသည် ၊ မပြောဖြစ်ခဲ့ ။ ဦးဘသက် အလုပ် မပြန်ခင်မှာပင် မဌေး နှင့် ဇော်နိုင်သက် တို့ ကျောင်းသွားကြသည် ။ ဦးဘသက် အလုပ်သွားလျှင် ဒေါ်မြနှစ်သည် သားငယ်ကို သိပ် ပြီး အဝတ်တွေ တစ်ပုံတစ်ပင်ကို လျှော်ရသည် ။ အဝတ် လျှော်နေဆဲတွင် မတင်အေး က လှမ်းအော်သည် ။


ရှင်မြနှစ်ရေ .. ဒီနေ့ ပြည်သူ့ဆိုင်မှာ ဆားရယ် ၊ ငန်ပြာရည်ရယ် ၊ ငါးပိစိမ်းစားရယ် ပေးတယ်တော့ ၊ ကျုပ် သွား လို့ လိုက်မလား


လိုက်မယ် တင်တင်ရေ … လိုက်မယ် ၊ ခဏလေး ၊ ကျုပ် အဝတ်လေး ပြီးပါစေဦး


ငန်ပြာရည်က ကုန်ခါနီးနေလေပြီ ။ ဒါတောင် ဆား အသုံးများ၍ ခံသာနေခြင်းဖြစ်သည် ။ သည်တော့ ငန်ပြာရည် အသုံးလိုသည် ။ မထုတ်၍ မဖြစ် ။ သည်တော့မှပင် ထဘီပေါင်မိသည်မှာ အချိန်မီ ဖြစ်သွား၍ ဝမ်းသာရသည် ။ ဒေါ်မြနှစ် သည် အဝတ်တွေကို တက်သုတ်ရိုက် လျှော်လိုက်သည် ။ ထို့နောက် မျက်နှာချင်းဆိုင် အခန်းမှ မူနွတ်ကတော် အမီနာ ကို လှမ်းခေါ်ကာ အိပ်ပျော်နေသော သားငယ်ကို အပ်ရသည် ။ အမီနာသည် ကလေးရှိသူ မဟုတ် ။ အတူး ကို ချစ်သည်မှာ သား သား နှင့်ပင် ။ ဒေါ်မြနှစ် သည် အခန်း တံခါး ပိတ်ထားခဲ့ကာ ပြည်သူ့ဆိုင်သို့ သွားရသည် ။ စာအုပ်တွေ ထပ်ကာ စောင့်ရသည်မှာ အကြာကြီး ဖြစ်သည် ။ ပြန်လာလျှင်ပင် သုံးနာရီ ထိုးလေပြီ ။ ကလေးတွေကို ကျောင်းသွားကြိုရသေးသည် ။ ကျောင်းကြိုပြီးပြန်လာမှ သားငယ်ကို သွားခေါ်ကာ ထမင်းအိုး တည်ရသည် ။ ထမင်းအိုး ဆူစဉ်မှာပင် အိမ်ရှေ့တွင် ဆော့နေကြသော ကလေးလေးယောက် အသံက ဆူညံလာသည် ။


မေမေရေ ဟောဒီမှာ အောင်နိုင်ရယ်ပေါ့ ၊ သမီး သားရေကွင်း လုထားတယ်


လုဘူးမေမေ ၊ သား မလုဘူး ၊ အဲဒါ သား သားရေကွင်း


အမ်မယ် ဟုတ်လည်း မဟုတ်ဘဲနဲ့ ၊ ငါ့သားရေကွင်းများ ၊ ပေး ပြန်ပေး


မပေးဘူး … မပေးဘူး


အောင်နိုင်နော် ပေးမလား ၊ မပေးဘူးလား ၊ ကဲဟယ် ကဲ


ထုသံရိုက်သံ အဆုံးတွင် ငိုသံက ထပ်ကြပ်ပါလာသည် ။ ဒေါ်မြနှစ် သည် ထမင်းအိုးငှဲ့နေရာမှ လှမ်းအော်လိုက်သည် ။


ဟဲ့ ဘာဖြစ်နေကြတာလဲ ၊ ငါ့နှယ် သေလိုက်ပါတော့ဟယ် ၊ တစ်နေ့တစ်နေ့ လုပ်ရတာ တစ်မျိုး ၊ ပြောရတာ တစ်မျိုးနဲ့ ၊ နေဦး .. နေဦး ၊ ငါထမင်းအိုး ငှဲ့ပြီးမှ နှစ်ကောင် လုံး သိမယ်


သားကို မမော်က ခေါင်းခေါက်တယ်တော့


သမီးကို သူက လက်သီးနဲ့ ထိုးတာကိုး


နင်က စခေါက်တာကိုး ၊ ငါက ပြန်ထိုးတာပေါ့ ၊ ဟောဒီလို ဟောဒီလို ခေါက်တာ


ကြည့်စမ်း ၊ ကြည့်စမ်း သမီးကို ခေါက်တယ် မေမေ ၊ ကဲ ခေါက်ဦးဟာ


တီးကြနှက်ကြပြန်လေသည် ။ ဒေါ်မြနှစ်သည် ထမင်းအိုးကို ကပျာကယာ မီးဖိုပေါ် တင်လိုက်သည် ။ ဒေါသစိတ်ဖြင့် တီးတော့မည် ကြံဆဲမှာပင် ဦးဘသက် အသံကို ကြားလိုက်ရသည် ။


ဟေ့ .. ဘာဖြစ်နေကြတာလဲကွ ဟေ ၊ တစ်နေ့လုံး အလုပ်မှာ ပင်ပန်းရတဲ့ ကြားထဲ အိမ်ကျတော့လည်း နားမချမ်းသာရဘူး ၊ တိတ်ကြစမ်း ၊ တယ်လေ ငါတီးလိုက်ရ သေတော့မယ် ၊ ငါ့ လိုမှပဲ


ဦးဘသက်သည် အလုပ်မှ ပြန်ပြန်လာချင်း မြင်လိုက်ရသော ရှုခင်းကြောင့် ဆူဆူဆဲဆဲဖြင့် လက်သီးတရွယ်ရွယ် ဖြစ်နေသည် ။ ဒီတော့ ဒေါ်မြနှစ် သည် ဦးဘသက်ကိုလည်း ဒေါပွ ၊ ကလေးတွေကိုလည်း မာန်ထန်နှင့် ကလေးနှစ်ကောင်ကို အားရပါးရ ရိုက်ပစ်လိုက်သည် ။ သည်တော့မှ ကလေးတွေလည်း ကြောက်ကြောက်လန့်လန့်ဖြင့် တိတ်ဆိတ်သွားကြသည် ။ ညနေငါးနာရီ ကျောင်းလွှတ်ချိန်တွင် ပြန်လာကြသော သမီးကြီး မဌေး နှင့် ဇော်နိုင်သက် တို့အား ဓာတ်ကူးသွားကာ ငြိမ်သက်နေကြသည် ။ ညစာထမင်းဝိုင်းသို့ ရောက်လေမှပင် တစ်စတစ်စ စကားပြောကြရာမှ ရွှင်ပျရယ် မောလာကြသည် ။ သည်လိုနှင့် ညခုနစ်နာရီတွင် ကလေးတွေ စာအုပ်ကိုယ်စီ ကိုင်ကြမှ ဒေါ်မြနှစ် လည်း လဲလျောင်းရသည် ။ သည်တော့မှ တစ်နေ့လုံး ပင်ပန်းသမျှ ဒဏ်တွေ စုခံရသည် ။ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို မလှုပ်ချင်အောင် ဖြစ်နေသည် ။ ခါးထဲမှ ဆစ်ခနဲဆစ်ခနဲ ကိုက်လာကာ ကျောတွေ တောင့်နေသည် ။ နေပူထဲ သွားထားရသဖြင့် နှာရည်တွေ တရွှဲရွှဲနှင့် ခေါင်းပင် မထူချင်တော့ ။ မျက်စိမှိတ်ကာ အနားယူမည် ကြံကာမှပင် ဒေါ်ခင်ခင် ၏ မျက်နှာ ၊ ဒေါ်ပု နှင့် အချိန် တို့က သမီးကို ပြောလိုက်ပုံ ၊ သမီး ငိုပုံတို့ကို မြင်ယောင်လာကာ ရင်ထဲတွင် နုံးသွားသည် ။


ဪ … ဒီဝဋ်က ဘယ်တော့မှ ကျွတ်ပါ့မလဲ ဟု တွေးကာ သက်ပြင်းချမိသည် ။


ထိုစဉ်မှာပင် နှစ်တန်းကျောင်းသူ ခင်မော်သက် က မြန်မာဖတ်စာအုပ်ကို ကိုင်ကာ အော်ဟစ်ဆိုလေသည် ။


ကျွေးမွေးသုတ်သင် သက်ဆုံးပင်

ချစ်ခင်ရှာပေ တို့မေမေ ၊

ငယ်စဉ်ကာလ စည်းကမ်းပြ

ဆုံးမခဲ့ပေ တို့မေမေ ၊

အရွယ်ရောက်လာ ကျောင်းအပ်ကာ

ပညာပေးပေ တို့မေမေ ၊

ကျန်းမာဖို့ရေး သင့်ရာကျွေး

လေးစားအပ်ပေ တို့မေမေ ၊

ဝတ်စားဆင်ယင် မြတ်နိုးကြင်

ချစ်ခင်အပ်ပေ တို့မေမေ


ခင်မော်သက် က တစ်ခေါက် ပြန်ကျော့ပြန်သည် ။ ထိုအခါ အောင်နိုင်သက် သည် အစ်မ ဆိုသလို မပီကလာ ပီကလာ လိုက်ဆိုသည် ။ တင်နိုင်သက် ကပါ ဂဏန်းတွက် နေရာမှ အားကျမခံ သံပြိုင် ဟစ်တော့သည် ။ သားတို့သမီး တို့၏ တို့မေမေ ဟူသော အသံလေးသည် အခန်းထဲတွင် ဟိန်းနေသည် ။ ဒေါ်မြနှစ် သည် သားတို့၏အသံတွင် နစ်မျောနေသည် ။ သူမ၏ မျက်နှာသည် တဖြည်းဖြည်း ပြုံးယောင်သန်းလာသည် ။ တစ်နေ့လုံး ပင်ပန်းထားသမျှတို့သည် သီတာရေစင်နှင့် ပက်ဖြန်းလိုက်သည့်နှယ် ကွယ်ပျောက်သွားသည် ။ ခါးထဲမှ ကိုက်ခဲနေသမျှတို့သည် ဘယ်ရောက်ကုန်ပြီ မသိ ။ သူ့ ရင်ထဲတွင် တစ်ခုသာ ဖြစ်လာသည် ။ ထိုကား ကြည်နူးခြင်း ၊ ပီတိဖြစ်ခြင်း ၊ နှစ်သက်ခြင်း ၊ ကျေနပ်ခြင်း ၊ အားရခြင်းတို့ပင် တကား ။


( ချစ်သောမေမေ နှင့် တစ်ကွ အခြားသော မိခင်တိုင်းသို့ ဤဝတ္ထုတိုဖြင့် ဦးညွှတ်ပါ၏ ။ )


မအေးလေး ( သန်လျင် )

ငွေတာရီ မဂ္ဂဇင်း

၁၉၆၉ ၊ မေလ