မြင်အောင်ကြည့်ပါ
----------------------
“သားရေ လာပါဦးကွယ်”
“ဟုတ်ကဲ့ဖေဖေ”
သားငယ်လေးသည် သူ့အဖေ ရပ်နေသည့် ပြတင်းပေါက်အနီးကို လာရပ်သည်။ မှန်ပြတင်းပေါက်မှ အပြင်ဘက်ရှိ လူတွေ၊ ကားတွေ သွားလာနေကြသည့် မြင်ကွင်းကိုတွေ့နေရသည်။ ဖခင်ဖြစ်သူက သားဖြစ်သူကို မေးလိုက်သည်။
“သားရေ … မှန်ထဲကနေ သားဘာတွေကို မြင်ရသလဲကွယ်”
“ဖေဖေ လူတွေ သွားလာနေတာကို မြင်ရတယ်လေ”
“ကဲ သားရေ ဖေဖေနဲ့ လိုက်ခဲ့ပါဦး”
ဖခင်ဖြစ်သူက သူ့သားကို မှန်တစ်ချပ်ရှေ့ ခေါ်သွားပြန်သည်။ ထိုမှန်သည် ကိုယ့်လုံးပေါ် ကြည့်မှန်ကြီးတစ်ချပ် ဖြစ်သည်။
“သားရေ … ခုရော မှန်ထဲမှာ သားဘာကို မြင်သလဲကွယ်”
“မှန်ထဲမှာ သားကိုယ်သား ပြန်မြင်နေရတယ်လေဖေဖေ”
“သား … သားစောစောက ကြည့်ခဲ့တာလည်း မှန်ထဲကပဲ။ သားခုကြည့်နေတာလည်း မှန်ထဲကပဲ။ မှန်နှစ်ချပ်ထဲ အကြည့်ချင်း အတူတူ ဘာဖြစ်လို့ ကွာခြားသွားရသလဲ”
“ဖေဖေရယ် သားခုကြည့်နေတဲ့မှန်မှာ ပြဒါးသုတ်ထားတယ်လေ၊ စောစောက ကြည့်တဲ့ ပြတင်းပေါက်မှန်မှာ ကတော့ ဘာမှသုတ်ထားတာ မဟုတ်ဘူးလေ”
“ဟုတ်ပြီသား … ဖေဖေပြောချင်တာ အဲဒါပဲ။ ဘာမှသုတ်လိမ်းထားခြင်းမရှိတဲ့ မှန်ကနေကြည့်တော့ လူတွေကို သားမြင်ရတယ်။ အဲဒီလိုထိုးဖောက်မြင်နေရတဲ့ အနေအထားတစ်ခုကို ရွှေတွေ၊ ငွေတွေနဲ့ ကာခြားထားလိုက်ရင် သားဟာ ပကတိအမှန်အတိုင်း၊ အရှိအတိုင်းကို မြင်နိုင်ဖို့ မလွယ်တော့ဘူး။ ရွှေ၊ ငွေစတဲ့ ဂုဏ်ပကာကနတွေကို သုတ်လိမ်းခြယ်သထားလိုက်ရင် မှန်ချင်းအတူတူ ကိုယ့်ကိုယ်ကိုယ်ပဲ မြင်တဲ့ အနေအထားတစ်ခုကို ဖြစ်သွားလိမ့်မယ်”
“ကိုယ့်ကိုယ်ကိုယ်မြင်ဖို့ … ကြည့်ဖို့လည်း မှန်တစ်ချပ်တော့ လိုတယ်မဟုတ်လားဖေဖေ”
“အမြဲတန်းတော့ မလိုဘူးပေါ့ကွယ်။ အရာရာကို ပကတိအတိုင်းမြင်ချင်ရင် ရွှေတွေ၊ ငွေတွေ၊ ဂုဏ်ပကာသန တွေကို ဖယ်ကြည့်ဖို့ပြောတာပါ။ ကိုယ့်အတွက်သာ ကိုယ့်ကြည့်နေရင် ပူလောင်တတ်တယ်။ ဝေဒနာတွေ ခံစား ရတတ်တယ်။ ဘာဖြစ်ဖြစ် အများအတွက်လည်း ကြည့်နိုင်အောင် ထွင်းဖောက်ကြည့်နိုင်ဖို့လိုတယ်လို့ ဖေဖေ ပြောချင်တာ”
“သားနားလည်ပါပြီဖေဖေ။ အမြဲတန်း ထိုးဖောက်ကြည့်နိုင်အောင် သားကြိုးစားပါ့မယ်”
(Man and Mirror)
တင်ညွန့်
၁၉.၂.၂၀၂၆