ညတစ်ည (စ-ဆုံး)
သော်တာလမင်းစန္ဒာရက်မှနှစ်သို့ ရာသီအလီလီ ကူးပြောင်းသွားသော်လည်း မေ့မရနိုင်သည့်အဖြစ်ကို … အကြောင်းတိုက်ဆိုင်တိုင်း ကိုသောင်းစိန်တစ်ယောက် ပြန်လည်ကာ တွေးတွေးနေမိသည်…မိမိဘ၀တွင် ထိုကဲ့သို့ သွေးပျက်ဖွယ်ကောင်းသောအချိန်တစ်ခုအားမေ့ပစ်ဖို့ရန်မလွယ်ကူရသောအကြောင်းအရင်းကလည်းရှိခဲ့လေသည်……”” ဟူးးး….. ””သက်ပြင်းလေးအသာချလိုက်ကာ… မီးညှိထားသောစီးကရက်ကိုတစ်ရှိုက်ဖွာလိုက်လေသည်…”” ကိုသောင်းစိန်… ရှင့်မလဲ နေ့နေ့ည… ငူငူငိုင်ငိုင်နဲ့…သားကျွေးမှု..မယားကျွေးမှုရှိသေးတယ်ဆိုတာလည်း.. မေ့နေဦးမယ်…ကားမဆွဲတော့ဘူးဆိုပြီး … တခြားအလုပ်လေးများ လုပ်မလား…အောက်မေ့တယ်… ခုတော့… ကျုပ်ကချည်းရှာကျွေးနေရတာ…တော်မရှက်ဘူးလား… ””မနှင်းအေး၏ မြည်တွန်တောက်တီးသံက ပျံ ့လွှင့်၍သာလာသော်လည်း ကိုသောင်းစိန်မှာမူ တုံဏိဘာဝေ ငိုင်နေဆဲ….”” ပြောလည်းကျွဲပါးစောင်းတီးပါပဲတော်… ကဲ..ကဲ..ကျုပ် အလုပ်သွားတော့မယ်… ထမင်းအိုးတည်ထား… ပြန်လာမှစျေး၀ယ်ပြန်ခဲ့မယ်… ””မနက်ခင်းတိုင်းရေရွတ်သံသည် ကိုသောင်းစိန်နားထဲတွင် ရိုးအီနေချေပြီ…မနှင်းအေး မည်မျှပင် ပြောဆိုဆက်ဆံပါစေ..ကိုသောင်းစိန်မှာမူ… အင်းမလုပ်…အဲမလုပ်… ငုတ်တုတ်ထိုင်နေဆဲ…ထိုင်နေမြဲက နေ့စဉ်ပင်…ယခင်ကဆိုလျှင် ကိုသောင်းစိန်ကို ဇနီးဖြစ်သူ မနှင်းအေးက အလွန်ပင် ကြောက်ရရှာလေသည်…ကိုသောင်းစိန်ဟုဆိုလျှင် ကားသမားလောကတွင် မသိသူကခပ်ရှားရှားပင်…စကားပြတ်ပြတ်ပြောတတ်သူ… လူ့ခွစာတစ်ယောက်ဖြစ်သော်လည်း… အပေါင်းအသင်းဆိုလျှင် အလွန်ခင်မင်သူမို့ ကိုသောင်းစိန်အား ချစ်ခင်ကြသောသူများရှိသကဲ့သို့… လက်ရုံးအားကိုးပြီးမိန်းမအပေါ်တွင် နှိပ်စက်တတ်သူဟူ၍ ပြောစမှတ်ပြုခြင်းခံရသူလည်းဖြစ်ပေသည်…သို့သော် ကိုသောင်းစိန် မည်မျှဆိုးဆိုး မနှင်းအေးသည် မေတ္တာ မပြယ် …. ကိုသောင်းစိန်အလုပ်မှ ပြန်လာပြီဆိုလျှင်… ပျာပျာသလဲ… ဆီးကြို ရှာသည်…ကိုသောင်းစိန် စိတ်ကြည်လျှင် အကြောင်းမဟုတ်သော်လည်း….စိတ်မကြည်သောနေ့မျိုးတွင် မနှင်းအေးမှာ နေစရာမရှိအောင် အဆူအဆဲခံရ… ရိုက်နှက်ခြင်းခံရ တော့သည်…လင်ဆိုးမယား တဖားဖား ဟုဆိုရမလိုအောင်ပင် မနှင်းအေးမှာလိုက်ဖက်လွန်းလှသည်…ယခုအခါ မနှင်းအေးမှာ အရပ်တကာလှည့်၍ အ၀တ်လျှော်ပြီးအိမ်၏ စား၀တ်နေရေးကို ထမ်းနေရပြန်ချေပြီ….ထိုကဲ့သို့ အခြေအနေမျိုးမှ ပြောင်းပြန်ဖြစ်နေသော ယခုလိုအခြေအနေမျိုး ကို သိကျွမ်းထားသူများက အံ့သြဘနန်းဖြစ်ကုန်ကြချေသည်..ကိုသောင်းစိန်သည် ငယ်စဉ်ကတည်းက ကားမောင်းကျွမ်းကျင်သောသူဖြစ်၍ မနှင်းအေးနှင့် အိမ်ထောင်ကျပြီး သားတစ်ယောက်ရရှိချိန်တွင် ဟိုင်းဝေးကားကိုမောင်းနှင်ခွင့် ရခဲ့လေသည်…လမ်းကြောင်းကျွမ်းကျင်ခြင်း ကားမောင်းကျွမ်းကျင်ခြင်းတို့ကြောင့် ကိုသောင်းစိန်သည် ကားဆရာတစ်ယောက်အဖြစ် နာမည်ရလာခဲ့တော့သည်…ကိုသောင်းစိန်မောင်းသောကားမှာ ညနေ လေးနာရီခွဲ တွင် ကားစထွက်ပြီး … မနက် သုံးနာရီတွင် ( ….. မြို ့ ) သို့ဆိုက်ရောက်ရသည်…ထိုမြို ့တွင်ပင် တစ်ညအိပ်ကာ နောက်ရက်ညနေလေးနာရီခွဲကားကို ပြန်လည် မောင်းပြန်ရလေသည်…ဂိတ်ပိုင်ရှင်က ကိုသောင်းစိန်၏ ရိုးသားမှု လူရင်းတစ်ယောက်ဖြစ်မှုတို့ကြောင့် အခြားသူများနှင့်မတူ အခွင့်အရေးပေးထားလေသည်…. ထိုဂိတ်တွင်ပင် ကျောချစရာအခန်းကျဉ်းတစ်ခန်းဖွဲ့၍ ကိုသောင်းစိန်လာလျှင် နားရန်ထားပေးထားသည်… ထို့ကြောင့် ကျန်ကားဆရာများက ကိုသောင်းစိန်အား အနည်းငယ် မနာလို မရှုစိမ့်ကြပေ….တစ်ရက်တွင် ကားဂိတ်သို့ ကားဆိုက်ရောက်ပြီး မကြာခင်မှာပင်နောက်ထပ်၀င်လာသည့် အခြားကားဂိတ်မှ Express ကားသည် မထိန်းနိုင်ဘဲ ကိုသောင်းစိန်တို့ ဂိတ်အား၀င်တိုက်မိတော့သည်…ကံကောင်းထောက်မစွာ လူတစ်ဦးတစ်လေမှ မထိခိုက်မိချေ…သို့သော် ကားဂိတ်အတွင်းတွင် ပျက်စီးသွား၍ ယခင်ကကိုသောင်းစိန် ခဏတာ အိပ်စက်သောနေရာလည်း ဂိတ်အတွင်းမှပစ္စည်းများ ယာယီခဏတာ စုပုံထားရသော အဖြစ်သို့…ရောက်ရှိသွားတော့သည်..ထိုကိစ္စအား ဂိတ်မှူးအချင်းချင်း နားလည်စွာဖြေရှင်း၍ ပြဿနာပြီးဆုံးသွားသော်လည်း ကားဂိတ်သည် ပြန်လည်ပြင်ဆင်ရမည်ဖြစ်သဖြင့် ခါတိုင်းကဲ့သို့ ဂိတ်တွင် ကိုသောင်းစိန် အိပ်မရတော့ပေ… ကိုသောင်းစိန်လည်း အသိကားသမား များညွှန်ပေးသောတည်းခိုခန်းသို့ သွားတည်းရန် အစပြု လာတော့သည်…ဂိတ်မှူး ထံမှ ဆိုင်ကယ်ငှါးကာ ထိုတည်းခိုခန်းသို့ ဦးတည်လိုက်လေသည်… မနက်သုံးနာရီခွဲ ကျော်ခါစ… အလင်းရောင်ပင်မမြင်ရသေးသောအချိန်တွင်… တစ်ယောက်တည်းဆိုင်ကယ်မောင်းနှင်လာခဲ့သည်… တစ်လမ်းလုံးပင်ပန်းထားသဖြင့်မျက်လုံးကို ဇွတ်အတင်းပြူ းထားရသော်လည်း သတိမလွတ်စေရန် ဂရုစိုက်ကာ မောင်းနှင်နေရသည်…သစ်ပင်များ အုံ့ဆိုင်းဆိုင်းနှင့် နေရာတစ်ခုအရောက်တွင်…”’ ဝုန်း… ”’”’ ဟ… သွားပါပြီကွာ… ”’ကိုသောင်းစိန်၏ ဆိုင်ကယ်တည့်တည့်ကို တစ်စုံတစ်ဦးက သစ်ပင်ကွယ်ရာမှပြေးထွက်လာဟန်ရှိသဖြင့် ၀င်တိုက်မိခြင်းပင်…အသံသည် ကျယ်လောင်လွန်းသော်လည်း ကိုသောင်းစိန်၏ဆိုင်ကယ်မှာမူ ယိမ်းယ်ိုင်သွားသည် ဆိုရုံမျှသာ…ဆိုင်ကယ်မီးရောင်ဖြင့် ကြည့်လိုက်ရာ မိန်းကလေးတစ်ယောက် လဲကျနေသည်ကိုတွေ့လိုက်ရတော့သည်…ကိုသောင်းစိန်လည်း ထိတ်လန့်သွားပြီး ဆိုင်ကယ်ပေါ်မှ အမြန်ဆင်းကာ…”’ ညီမလေး…. ဟေ့ ညီမ… ဘာဖြစ်သွားသေးလဲ… ”’ထိုအခါ လဲကျနေသူ မိန်းကလေးသည် ညည်းတွားလာသံကိုကြားရတော့သည်…”’ အားးး…လားး…လားး..ညီမခြေထောက်ခေါက်သွားတယ်…အစ်ကို … ညာဖက်လက်လည်း လှုပ်မရတော့ဘူး… ”’”’ ဟာ … ဒုက္ခပါပဲညီမရေ… ဆေးရုံသွားမလားအစ်ကိုလိုက်ပို့ပေးပါ့မယ်… ”’စကားသာပြောနေရသည် ထိုမိန်းကလေး၏ မျက်နှာကို ယခုထိမတွေ့မြင်ရသေးပေ…ခေါင်းငုံ့ထားသဖြင့် မျက်နှာပေါ်သို့ ဆံနွယ်များက ဖုံးအုပ်ကာနေသည်…”’ နေပါစေအစ်ကို… ညီမကိုအိမ်ပဲ လိုက်ပို့ပေးပါလား… ”’ထိုမိန်းကလေးမှာ အသံကချိုလွင်လွင်… လူပြတ်သောနေရာဖြစ်၍မိန်းကလေးတစ်ယောက်တည်း မတင့်တယ်ဟု ကိုသောင်းစိန် တွေးမိနေပြန်သည်…”’ ကဲ… အစ်ကို ကူပေးမယ်… ဖြည်းဖြည်းချင်း ထရပ်နော် ညီမ… ”’”’ ဟုတ်.. အစ်ကို… ”’ကိုသောင်းစိန်လည်း ဖြည်းဖြည်းချင်း တွဲကာ ထူပေးရင်း မတ်တပ်ရပ်နိုင်သောအခါမှ ထိုမိန်းကလေး၏ သွင်ပြင်ကို မြင်ရတော့သည်…မိန်းကလေးမှာ အသားဝါညက်ညက်… မျက်နှာဝိုင်းဝိုင်းနှင့် ဆံကေသာကလည်း ခါးလယ်လောက်ထိရှည်လျားကာ ..ကျစ်လျစ်သွယ်လျ စွာ လှပလွန်းနေသည်…အသက် ( ၂၅ )၀န်းကျင်ခန့်သာ ရှိဦးမည့် ထိုမိန်းကလေးကို…ယခုလို အချိန်တွင် လမ်းပေါ်၌တစ်ယောက်တည်းအဖော်မပါဖြစ်နေခြင်းက ထူးဆန်း၍ နေသည်…ပရလောကသားများလားဟု သံသယ၀င်မိသော်လည်း လဲထူရန်ကူစဉ်မှာပင် နွေးထွေးသောအပြုံး ကြောင့် သံသယသည်ပျောက်ကွယ်၍ သွားခဲ့ပြန်သည်…ရုတ်တရက် ကိုသောင်းစိန်သည် ရင်ဖိုသလိုလိုပင် ဖြစ်ပေါ်လာတော့သည်… လူသူဟူ၍ မတွေ့ရသောအချိန် … အမှောင်ယံမကုန်ဆုံးသေးသောအချိန်တွင် ယခုကဲ့သို့ မိန်းမချောမျိုးနှင့် နှစ်ယောက်တည်း ရှိနေသည်မှာ ရုပ်ရှင်ဇာတ်လမ်းကဲ့သို့ပင် မှတ်ထင်ချင်စရာ….မည်သည့်အကြောင်းရင်းကြောင့် တစ်ယောက်တည်းဖြစ်နေသည်ကို စဉ်းစားကြည့်ရင်း စကားစမြည်မေးမြန်းကြည့်တော့သည်….”” ညီမရယ်… ဒီလိုအချိန် ဘာလို့တစ်ယောက်တည်း အပြင်ထွက်တာလဲ… လူရမ်းကားတွေနဲ့ တွေ့မှာ မကြောက်ဘူးလားဟင်… ””ကိုသောင်းစိန်၏ အမေးက်ို ဒဏ်ရာဖြင့် နာကျင်သည့်ကြားမှမျက်၀န်းလဲ့လဲ့ဖြင့် ပြန်ကြည့်ရင်း ခေါင်းကိုသာ အသာအယာငုံ့ပစ်လိုက်သော မိန်းကလေးကြောင့် ရင်မောသွားသလိုလို …ကိုသောင်းစိန်တစ်ယောက် ခံစားလိုက်ရတော့သည်…”” အရေးကြီးကိစ္စလေးရှိလို့ အရဲစွန့်ပြီး ထွက်လာတာပါအစ်ကို… ””ချိုလွင်လွင်အသံလေးဖြင့် မဝံ့မရဲဖြေသံကြောင့် ခေတ္တခဏ ဆွံ့အသွားသလိုလိုပင်…..”” ကဲ..ဟုတ်ပါပြီညီမရယ်…အခုတော်တော်နာသွားလား…ဆေးရုံမသွားလို့ရတာသေချာလားညီမ… ”””” ဟုတ်ကဲ့သေချာပါတယ်… တအားကြီးမဆိုးပါဘူး… ”””” ဒါဆို ညီမအိမ်လိုက်ပို့ပေးမယ်… ဘယ်နေရာပို့ရမလဲ… ”””” ဟိုဖက် တစ်လမ်းကျော်လေးရောက်ရင် ဘယ်ဖက်ကိုချိုးပြီး…အထဲနဲနဲ၀င်လိုက်ရင်ရောက်ပါပြီအစ်ကို…. ”””” အော်… အေ..အေ… အစ်ကိုလိုက်ပို့ပေးမယ်… ဆိုင်ကယ်ပေါ်တက်လို့ရလားညီမ… ”””” ဟုတ်… ရပါတယ်… ””ခြေထောက်ထော့နဲ့ထော့နဲ့ဖြင့် ကြိုးစားကာ ဆိုင်ကယ်ပေါ်သို့တက်ထိုင်၍ သူမ၏ အိမ်ကို လမ်းညွှန်ပြရင်း လိုက်ပါလာခဲ့တော့သည်…”” အစ်ကိုကြောင့်ဖြစ်ရတာဆိုတော့… စိတ်လည်းမကောင်းဘူး…အစ်ကို့ဖုန်းနံပါတ်ယူထားနော်… တစ်ခုခုဖြစ်တယ်ဆိုဖုန်းဆက်လိုက်ပေါ့… ဆေးကုသစရိတ်ပေးပါ့မယ်ညီမ… ”””” အစ်ကို့ကြောင့်လည်းမဟုတ်ပါဘူး…ညီမကလောကြီးပြီး လမ်းကူးလို့ပါအစ်ကိုရဲ့… ””ခဏတာ တွေ့ဆုံမှုတွင်ပင် တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးကျွမ်း၀င်သွားခဲ့တော့သည်…”” ဒါနဲ့ အစ်ကိုက… ဘယ်ကိုသွားတာလဲ… ”””” အော်… အစ်ကိုက တည်းခိုခန်းလိုက်ရှာနေတာ… တစ်မျိုးမထင်နဲ့နော်… အစ်ကိုက ကားသမားလေ…ခုနမှကား၀င်လာတာ…ဂိတ်မှာလည်းတည်းလို့မရတော့လို့… တည်းဖို့နားဖို့ပေါ့ညီမရာ…မနက်ဖြန်ညကားပြန်မောင်းရဦးမှာဆိုတော့… အိပ်ရေး၀မှအဆင်ပြေတယ်… ”””” ဟုတ်ကဲ့… ဟိုလေ… တကယ်လို့ တည်းဖို့အဆင်မပြေရင် ညီမအိမ်မှာတစ်ညတော့တည်းလို့ရပါတယ်… ”””” ဟာ… မလုပ်ပါနဲ့ညီမရာ…အားနာစရာကြီး… ”””” အို…အစ်ကိုကလည်း… အားမနာပါနဲ့ … အခုလိုအစ်ကို့လိုလူကောင်းတစ်ယောက်နဲ့တွေ့ရတာပဲ ကျေးဇူးတင်နေပါပြီ… ””ကိုသောင်းစိန်မှာ ကမ်းလှမ်းလာသည်ကို မငြင်းဆန်လိုသော်လည်း ယခုမှတွေ့ဆုံဖူးသော မိန်းကလေးကိုအားနာသည်ကတစ်ကြောင်း… ထိုမိန်းကလေး၏ မိဘများကတစ်မျိုးတစ်မြည်တွေးကာ စိတ်ပူပန်နေမည်စိုးသည်ကတစ်ကြောင်း… မိမိလိုအိမ်ထောင်သည်အတွက်မသင့်တော်ဟူ၍ တွက်ဆသည်ကတစ်ကြောင်း… အကြောင်းကြောင်းကြောင့် ငြင်းဆန်လိုက်တော့သည်….”” ဟိုရှေ့နားကအိမ်ပဲအစ်ကို… ””ထိုမိန်းကလေး လက်ညိုးညွှန်ပြရာ တစ်ထပ်ပျဉ်ထောင်အိမ်လေးရှေ့တွင် ဆိုင်ကယ်ရပ်လိုက်ပြီး…”” ကဲ… ညီမ… အိမ်ကလူတွေကိုခေါ်လိုက်လေ… အစ်ကိုလည်းအကျိုးအကြောင်းရှင်းပြပေးရတာပေါ့… ”””” အိမ်မှာညီမတစ်ယောက်တည်းနေတာ… အစ်ကိုလည်းအိမ်ထဲ၀င်လေ… ဒီတစ်ညတော့ တည်းသွားပါအစ်ကိုရဲ့… ဒီအချိန် တည်းခိုခန်းလည်းရှာရခက်လိမ့်မယ်… ”””” ဟာ… မဟုတ်တာညီမရယ်…နေ… ”””” ဘာမှမဖြစ်ဘူး…အစ်ကို့ကိုယုံတယ်…လာ…လာ.. အိမ်ထဲ၀င်ပါအစ်ကိုရဲ့… ””မိန်းမချောလေးသည် ကိုသောင်းစိန်ကို ဖိတ်ခေါ်နေချေပြီ…နဂိုကပင် ပင်ပန်းလွန်းသဖြင့် အနားယူချင်နေပြီဖြစ်သော…ကိုသောင်းစိန်မှာ… ကြာကြာမငြင်းဆန်နိုင်တော့ပေ….”” ညီမ… အစ်ကို့ကိုတော့ယုံပါ…ညီမကို လက်ဖျားနဲ့တောင်…မတို့မထိစေရပါဘူး…. ””ကိုသောင်းစိန်စကားကို သဘောကျသလို မိန်းကလေးက…ရယ်သံသဲ့သဲ့ထွက်လာသည်…”” ဟုတ်ပါပြီ..အစ်ကိုရယ်… ကဲ အိမ်ထဲ၀င်ပါရှင်…. ””ကိုသောင်းစိန်လည်း အိမ်ထဲသို့ ဆိုင်ကယ်သွင်းကာ… ထိုအိမ်၌တစ်ညတာ တည်းခိုတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်ပါတော့သည်…အိမ်ထဲသို့ ၀င်လိုက်စဉ် ပုပ်အဲအဲ အနံ့အသက်တစ်ခုကို ရလိုက်သော်လည်း မကြာမှီပင် ထိုအနံ့သည် ပျောက်ကွယ်၍ သွားတော့သည်…ကိုသောင်းစိန်လည်း ထိုအနံ့အကြောင်းကို တွေးမနေတော့ပဲထိုမိန်းကလေးက အိမ်ရှေ့ဧည့်ခန်းတွင် အိပ်ယာပြင်ဆင်ပေးနေသည်ကို ကြည့်ရင်း…..”” ဒါနဲ့ ညီမ နာမည်က … ”””” ဝေ၀လွင် ပါအစ်ကို…”””” အော်… အစ်ကို့နာမည်လည်းမှတ်ထားညီမ…ကိုသောင်းစိန်တဲ့… ”””” ဟုတ်ကဲ့… ””ဝေ၀လွင် ဆိုသော မိန်းကလေးသည် ဖော်ရွေကာ သွက်လက်ပုံရလေသည်…သူမ၏ အပြုံးတစ်ချက်ကြောင့် စိတ်များမလေလွှင့်သွားစေရန် ကိုသောင်းစိန်မှာ အတော်ထိန်းချုပ်ထားရတော့သည်…”” ညီမက တစ်ယောက်တည်းလည်းနေတယ်…ဒီအချိန်ကြီးဘယ်ကပြန်လာတာတုန်း..ငါ့ညီမရဲ့… ””ကိုသောင်းစိန်အမေးကို ရီဝေ၀ဖြင့် ပြန်လည်ကြည့်လိုက်ပြီး မျက်နှာတစ်ချက်ညိုးနွမ်းသွားတော့သည်… ပြီးနောက် အားတင်းကာပြုံးပြရှာရင်း….”” ညီမကိုလည်း တစ်မျိုးမထင်ပါနဲ့ အစ်ကို… အမှန်တော့ညီမက…ညီမက… မိန်းမပျက်ပါအစ်ကိုရယ်… အဟင့်…ဟင့်… ””ပြောပြောဆိုဆို ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာကာ ငိုရှိုက်နေသဖြင့် ကိုသောင်းစိန်လည်း စိတ်မကောင်းဖြစ်သွားခဲ့ရတော့သည်…”” ညီမတို့လို မိန်းကလေးတွေကို အုပ်ထိန်းတဲ့ အစ်မကြီးရှိတယ်…သူ့နာမည်က… မညို တဲ့… မနေ့ညနေလောက်က မညိုက ညီမကိုအခေါ်ခိုင်းတယ်အစ်ကို… ဖောက်သည်အသစ်ရလို့တဲ့… ညီမကအသုံးတော်ခံရမယ်ပေါ့လေ… ခါတိုင်းဆိုညီမ မငြင်းပါဘူး…မနေ့က ညီမရင်ထဲနေလို့မကောင်း ဖြစ်နေလို့ … မသွားပါရစေနဲ့..တောင်းပန်တာ… မရတဲ့အပြင် ညီမကို ပါးရိုက်တာ နှစ်ချက် သုံးချက်တောင်အစ်ကိုရဲ့… အဲ့ဒါနဲ့ပဲ ညီမလည်း အားတင်းပြီးသွားလိုက်တော့… ဖောက်သည်အသစ်ဆိုတဲ့သူက … ညီမတို့ရွာက …သူကြီးသားဖြစ်နေတယ်လေ… ””ပြောရင်း မောသွားသည့်ပုံပင် ကျနေသောမျက်ရည်ကို တစ်ချက်သုတ်လိုက်ပြီး….”” သူကတော့ ညီမကို မှတ်မိပုံမရပါဘူး… ညီမကတော့မှတ်မိနေတော့.. ဆက်မနေချင်တော့ဘူး… ဒါပေမယ့် သူကျေနပ်အောင်တော့နေပေးခဲ့ရတာပေါ့… ကြာလာတော့ သူညီမကို မှတ်မိသွားတယ််အစ်ကို… နင်ဝေ၀လွင် မဟုတ်လားဆိုပြီးမေးတယ်…ညီမလည်း တော်တော်လန့်သွားမိတယ်… ညီမမှာက မိဘမရှိတော့အဘွားဆီမှာပဲ နေခဲ့ရတာလေ… အဘွားကဆင်းရဲတယ်…ရွာမှာ အလုပ်အကိုင်မကောင်းတော့ မြို့တက်လာပြီးအလုပ်လုပ်ရင်း ဒီမကောင်းတဲ့အလုပ်ကို စိတ်မပါပဲလုပ်ခဲ့ရတယ်အစ်ကို…ပိုက်ဆံချောင်ချောင်လည်လည်ရတာလည်း ဒီအလုပ်ပဲရှိတာလေ…ရတဲ့ပိုက်ဆံကို ရွာကအဘွားကိုပို့ပေးတယ်… အိမ်လည်းပြင်ဆောက်လို့ပြီးပြီ… ညီမဒီအလုပ်လုပ်တာ အဘွားကိုပြန်ပြောမှာ တအားကြောက်မိတယ်… အဘွားသိရင် တခါတည်း စိတ်ထိခိုက်ပြီးလဲသွားမှာ…အစ်ကိုရဲ့… အဟင့်… ဟီးး.. ဟီးး… ””ပြောနေရင်း အားရအောင် ငိုချလိုက်သော ဝေ၀လွင်အားစိတ်မကောင်းစွာကြည့်ရင်း ကိုသောင်းစိန် တစ်ယောက် အသနားပိုလာခဲ့တော့သည်…”” စိတ်မကောင်းမဖြစ်ပါနဲ့ညီမရယ်…ဘ၀ဆိုတာ ဒီလိုပါပဲကွာ…ကဲ..တိတ်…တိတ်… ”””” ညီမအဖြစ်က ဆိုးလွန်းပါတယ်အစ်ကို… အဲ့ဒါနဲ့ ညီမလည်းအတင်းဇွတ်ငြင်းပစ်လိုက်တယ်လေ… မဟုတ်ပါဘူးဆိုပြီးတော့… သူက…နင်ဝေ၀လွင်မှဝေ၀လွင် အစစ်.. ငါ့ကိုလာလိမ်မနေနဲ့ … ရွာရောက်ရင် နင့်အဘွားဆီ အကုန်ပြန်ပြောပလိုက်မယ် ငါ့ကိုဘာမှတ်နေလဲ…ဆိုပြီး ညီမဆံပင်ကိုဆောင့်ဆွဲပစ်တယ်အစ်ကို… ညီမလည်းခုမှတော့မထူးတော့ဘူးလေ… ဝေ၀လွင်ဟုတ်ပါတယ်..အဘွားကိုပြန်မပြောပြပါနဲ့လို့ လက်အုပ်ချီပြီးတောင်းပန်ပါသေးတယ်… အဲ့လူက လူစိတ်မရှိတဲ့သူ… ညီမကိုလေ… သူ့ကိုနှ ုတ်ပိတ်ခပေးရမယ်တဲ့ … ညီမလည်းပေးမယ်ပေါ့… ဘယ်လောက်ပေးရမလဲမေးတော့… ဆယ်သိန်းပေးရမယ်တဲ့… ဆယ်သိန်းတော့ညီမမှာမရှိဘူးလို့… သုံးသိန်းတော့ပေးပါ့မယ်လို့ … ပြောတာမရဘူးအစ်ကိုရယ်….အဲ့ဒါနဲ့ ညီမကို ရိုက်တာ… နင်ပေးမလား… ငါတစ်ရွာလုံးကို ပြောလိုက်ရမလားဆိုပြီး… ညီမလည်း… စိတ်တိုလာတာနဲ့ အနားမှာရှိတဲ့ … ပန်းအိုးနဲ့ ခေါင်းကိုရိုက်ပစ်လိုက်မိတယ်…သူ့ခေါင်းမှာသွေးတွေအများကြီးထွက်လာတာ မြင်တော့… ကြောက်ပြီးအဲ့နေရာကထွက်ပြေးလာတာ… အစ်ကို့ဆိုင်ကယ်နဲ့ တိုက်မိတော့တာပါပဲ… ””ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီး တသိမ့်သိမ့် ငိုရှိုက်နေသောသူမကို စိတ်မကောင်းစွာနှင့် ကိုသောင်းစိန်တစ်ယောက်ထွေးပွေ့ကာ ရင်ခွင်တွင်းသို့ ဆွဲသွင်းလိုက်မိတော့သည်….သူမကလည်း ကိုသောင်းစိန်၏ ပုခုံးပေါ်မှီရင်း အားရပါးရ င်ိုရှိုက်နေလေပြီ….”” ညီမကြောင့် အစ်ကိုလည်း စိတ်ညစ်သွားရပြီ… မိုးတောင်လင်းတော့မယ်…အစ်ကိုနားပါတော့နော်… အေးအေးဆေးဆေးအိပ်ပါ..ညီမကိစ္စကို ခေါင်းထဲထည့်မနေပါနဲ့တော့နော်…. ”””” အေးပါညီမရယ်… အစ်ကိုနားလိုက်ဦးမယ်…ညီမလည်းနားတော့… ဟုတ်ပြီလား… ”””” ဟုတ်… ””မျက်ရည်များသုတ်ရင်း ခေါင်းလေးညိမ့်ပြကာ ပြုံးပြနေရှာသောစွဲညို့ရှင် မိန်းကလေးကြောင့် ကိုသောင်းစိန်မှာ ရင်ဖို၍သွားမိတော့သည်… ထိုခဏလေးတွင် ဇနီးဖြစ်သူ မနှင်းအေးနှင့် သားဖြစ်သူကိုလည်း မေ့လျော့နေခဲ့ချေလေပြီ….ကိုသောင်းစိန်အိပ်ပျော်နေရင်းမှ အသံကြားသဖြင့် လန့်နိုး၍လာခဲ့ရသည်… သနပ်ခါးသွေးနေသံ … မနက်ငါးနာရီခန့်ဖြစ်၍ စိတ်ထဲမှလည်း ဝေ၀လွင် တစ်ယောက် အိပ်ယာနိုးနေချေပြီဟု တွေးလိုက်မိတော့သည်…သနပ်ခါးသွေးနေသံသည် တဖြည်းဖြည်းကျယ်၍လာနေသည်…လူကလည်း ပင်ပန်းကာ အိပ်ရေးမ၀သဖြင့် မူးရိပ်ရိပ်….ထိုစဉ်မှာပင် ပုပ်အဲအဲအနံ့အသက်က နှာခေါင်း၀တွင် မသတီချင်စရာကောင်းလောက်အောင် ဝေ့ကနဲ ဝိုက်ကနဲ … ကိုသောင်းစိန်တစ်ယောက် အသက်ရှုပင် ကြပ်လာရတော့သည်…အနံ့သည် ဆိုးသထက် ဆိုးလာသည်မို့… ဆက်လက်၍ အိပ်စက်မရနိုင်လာတော့ပေ… အိပ်ယာမှ အသာအယာထကာ …ဝေ၀လွင်အခန်းဖက်သို့ လျှောက်လှမ်းသွားပြီး… ခန်းဆီးစကို‘မ’ ကြည့်လိုက်ရာ….ဆိုးရွားသောအနံ့သည် ထိုအခန်းမှထွက်လာသည်ကို သတိပြုမိလိုက်လေသည်…အနံ့အသက်နှင့်အတူ ယင်မမည်းအုပ်ကြီးတစ်အုပ်က …တဝီ..ဝီ .. ဖြင့် ထပျံသွားသေးသည်….ထိုအနံ့ကို မသိလေဟန်…ဝေ၀လွင်သည် အခန်း၀ကိုကျောပေးကာ မှန်ရှေ့တွင် ထိုင်နေလေသည်… ကျောက်ပျဉ်ပေါ်တွင် သွေးထားသော သနပ်ခါးကိုလက်ဖြင့်အသာအယာယူရင်း သူမ၏ မျက်နှာကိုမလိမ်းပဲ သူမပေါင်ပေါ်မှ အရာတစ်ခုခုကို လိမ်းခြယ်၍နေသည်…ကိုသောင်းစိန်လည်း ရုတ်တရက်ကြောင်အမ်းအမ်းဖြစ်သွားပြီးအခန်းတွင်းသို့အနည်းငယ်တိုး၍ ၀င်ကာ မှန်ပြင်ပေါ်တွင်ပေါ်သောအရာကို စူးစိုက်ကြည့်လိုက်စဉ်တွင်….ကြည့်မှန်တွင် ဝေ၀လွင် ရှိမနေပဲ… အခန်းတွင်းရှိပစ္စည်းများသာမှန်ပေါ်တွင် ပေါ်နေတော့သည်…အလွန်အံ့သြသွားမိ၍ ဝေ၀လွင်အား ကြည့်လိုက်ရာ …ရုပ်ပျက်ဆင်းပျက်ဖြင့် ဆံပင်ဖားလျားချထားသော မိန်းမတစ်ယောက်သည် ပေါင်ပေါ်တွင် ဝေ၀လွင်ခေါင်းပြတ်အားတင်၍ ထိုခေါင်းပြတ်အား သနပ်ခါးလိမ်းပေးရင်း ကိုသောင်းစိန်ဖက်လှည့်ကြည့်လာလေသည်…ထိုပေါင်ပေါ်မှ ခေါင်းပြတ်မှ မျက်လုံးပွင့်လာပြီး…”” အစ်ကို နိုးလာပြီလား … ””အသံ မှာ ကြောက်ခမန်းလိလိ ဖြင့် ပြောလာ၍ ကိုသောင်းစိန်မှာအကြောက်လွန်ပြီး ဒူးတုန်ကာ ကြောင်အမ်းအမ်းဖြင့် ရပ်ကြည့်နေမိသည်…လူတစ်ကိုယ်လုံး တုန်ယင်လာပြီး သတိပြန်၀င်လာကာ ငယ်သံပါအောင် အော်ရင်း အိမ်ပေါ်မှဆင်းပြေးလိုက်တော့သည်….ကိုသောင်းစိန်၏ အော်သံကြောင့် ပတ်၀န်းကျင်မှ လူများစုရုံးလာပြီး… မေးမြန်းကြရာ… ဖြစ်ကြောင်းကုန်စင်ပြောပြ၍ …အိမ်နီးနားချင်းများက ဝေ၀လွင်၏ အိမ်ပေါ်သို့ တက်ကြည့်ကြလေသည်…ထိုအခါမှ…. ဝေ၀လွင်အလောင်းအား အခန်းတွင်းတွင် …တွေ့ရှိကြတော့သည်…ဝေ၀လွင်မှာ အခန်းတွင်းတွင် ခေါင်းပြတ်၍သေဆုံးခဲ့ခြင်းပင်…ရပ်ကွက်လူကြီးများနှင့် ရဲများရောက်လာကာ…အမှုကိုစစ်ဆေးကြတော့သည်….သူမနာမည်သည် ဝေ၀လွင်မှာ မှန်ကန်ပြီး…သူမသည် အပျော်မယ်တစ်ယောက်ဆိုသည်လည်း မှန်ကန်နေခဲ့သည်… ကိုသောင်းစိန်အားပြောပြသည့် အဖြစ်သည်လည်း မှန်ကန်ပါသည်…သို့သော် ထိုသူကြီးသား၏ ခေါင်းအား ပန်းအိုးဖြင့်ရိုက်ခဲ့ပြီး…နောက်ပိုင်း… အကြောင်းအရာများကို ပြောမသွားခဲ့ပေ…နောက်ပိုင်းဖြစ်ကြောင်းကုန်စင်မှာ….လွန်ခဲ့သော သုံးရက်ခန့်ကဖြစ်သည်….သူကြီးသားအား ပန်းအိုးဖြင့် ရိုက်နှက်ခဲ့ပြီး ထွက်ပြေးလာသောဝေ၀လွင်နောက်သို့ ခေါင်းမှသွေးအလိမ်းလိမ်းဖြင့် သူကြီးသားသည် အနောက်မှထပ်ကြပ်မကွာ လိုက်လာခဲ့လေသည်…ဝေ၀လွင် မှာသူမနောက်လိုက်ပါလာသည်ကို မသိရှိပဲ အိမ်သို့သာတန်းတန်းမတ်မတ်ပြန်ပြေးလေရာ… ကိုသောင်းစိန်နှင့်တိုက်မိသောနေရာတွင်… ကားတစ်စီးဖြင့်တိုက်မိမလို ဖြစ်ခဲ့တော့သည်…ထိုကားသည် လှည့်မကြည့်ပဲဆက်မောင်းသွားသဖြင့် ဝေ၀လွင်မှာ ခြေထောက်ဒဏ်ရာနှင့်ပင် အိမ်သို့ ပြန်ခဲ့ရလေသည်… အိမ်ရှေ့သို့ရောက်သော် အနောက်မှလိုက်မှီလာသော သူကြီးသားမှ ဝေ၀လွင်အား ဆံပင်ဆောင့်ဆွဲကာပါးစပ်အားလက်ဖြင့်ပိတ်ပြီး..အိမ်ပေါ်အတင်းတက်လာတော့သည်…အိမ်ပေါ်သို့ရောက်သော် ဝေ၀လွင်အား လည်ပင်းညစ်ထားတော့သည်…ထို့နောက်ဝေ၀လွင်ပိုင်ဆိုင်သမျှ တောင်းရာ လည်ပင်းညစ်ထားဒဏ်ကြောင့် အသံပင်မထွက်နိုင်ရှာတော့ချေ…မပေး၍လည်ပင်းဆက်ညစ်ထားလေရာ ….လက်လွန်သွားပြီး ဝေ၀လွင်မှာမေ့မျောသွားတော့သည်… ဝေ၀လွင် မေ့မျောနေသည်ကို သေပြီအထင်နှင့် ထိုသူလည်းအလောင်းဖျောက်ပစ်ရန် အိမ်တံခါးကိုအသာပိတ်ပြီး လိုအပ်သည်များကို မြန်မြန် သွားရှာဖွေတော့သည်… နေ့လည်လောက်တွင် လိုအပ်သည်များ ရှာ၀ယ်ကာ…ည လူခြေတိတ်ချိန်တွင် ပြန်လာပြီး ဝေ၀လွင် အား အိတ်တွင်းသို့ထည့့်ရာ ထည့်မရပဲရှိနေ၍ ပါလာသောဓါးဖြင့် ခေါင်းဖြတ်ပစ်လိုက်တော့သည်… ထိုအခါမှ အမှန်ပင် ဝေ၀လွင်သည် သေဆုံးသွားခဲ့ရတော့သည်…ထိုအချိန်တွင် အိမ်ရှေ့မှ ခေါ်သံကြောင့် နားစွင့်နေရာ…မညိုမှ လူတစ်ယောက်အား ဝေ၀လွင်ကို အခေါ်ခိုင်းခဲ့ခြင်းဖြစ်သည်… သူကြီးသားလည်း အသံမထွက်ပဲ ငြိမ်နေကာ ၀င်လာလျှင် ဓါးဖြင့်ခုတ်ပစ်ရန်အသင့်ပြင်ထားသော်လည်း ထိုသူမှာကံကောင်းစွာဖြင့် ခြံထဲ၀င်မလာချေ…ထို့နောက် လူမရှိဟု မှတ်ထင်ကာ အိမ်ရှေ့တွင်ဖုန်းခေါ်ကာဖုန်းဆက်နေလေတော့သည်…သူကြီးသားလည်း လူလာသဖြင့် အလောင်းဖျောက်ရန်အချိန်မမှီတော့သောကြောင့် သူ၏ပစ္စည်းများကို လျှင်မြန်စွာသိမ်းဆည်းပြီးလက်ရာခြေရာဖျက်၍ အလောင်းအားထားခဲ့ပြီး ထိုသူထွက်သွားသည်နှင့် ဝေ၀လွင်၏အိမ်မှ ထွက်ပြေးပုန်းရှောင်နေတော့သည်…ထိုအဖြစ်အပျက်ကို ကိုသောင်းစိန်မှ မညို၏ဖောက်သည်ဖြစ်သူသတ်သည်ဟု စွပ်စွဲချက်အရ စုံစမ်းထောက်လှမ်းရင်း သူကြီးသားကို ဖမ်းဆီးရမိ၍ အမှုမှန်ပေါ်ပေါက်သွားခဲ့ရလေသည်…ကိုသောင်းစိန်လည်း သူကြီးသားကိုဖမ်းမမိခင်ကာလတွင် ခံ၀န်ချုပ်ဖြင့် ထိုမြို ့၌ ကြာလအတန်ကြာ အမှုရင်ဆိုင်ခဲ့ရတော့သည်…အမှုမှန်ပေါ်ပေါက်ပြီးသည်နှင့် ကိုသောင်းစိန်သည် ထိုသွေးပျက်ဖွယ်ကောင်းသောအဖြစ်အပျက်ကို မေ့မရနိုင်ပဲဖြစ်နေသောကြောင့်ကားဂိတ်မှ အလုပ်ထွက်ကာ အိမ်မှာပင် ငူငူငိုင်ငိုင်ဖြင့် ငြိမ်ကုတ်ကာသွားလေတော့သည်…သူ၏ ဇနီးဖြစ်သူ မနှင်းအေးအားလည်း ယခင်လို မရိုက်နှက် မဆဲဆိုတော့ပေ…ထိုအဖြစ်အပျက်ဖြစ်ပြီးနောက် ဝေ၀လွင်ငှါးနေသောအိမ်သည်ဖျက်ပစ်ကာ အသစ်ပြန်လည်ဆောက်လုပ်လိုက်ပြီး …ထိုမြို ့ခံများနှင့် အခြားမြို ့မှ ကားသမားများသည် ကားကြီးကွင်းနှင့် မနီးမဝေးတွင်ရှိသော အုံ့ဆိုင်းဆိုင်းသစ်ပင်များကို မနက်သုံးနာရီ လေးနာရီခန့်တွင် ဖြတ်မောင်းမိတိုင်း မိန်းကလေးတစ်ယောက် ပြေးထွက်လာကာ တိုက်မိမလို ဖြစ်သွားတတ်သည်ဟူ၍လည်းကောင်း တိုက်မိသဖြင့် ကားရပ်ကာဆင်းကြည့်သော်လည်းမည်သူမှမတွေ့ရကြောင်း ပြောစမှတ်တွင် ကျန်နေရစ်လေတော့သည်……..
Tags
About bookstory
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.