” အလောင်းပြင်တဲ့ ည” (စ/ဆုံး)
———————————-ညကား မျိုသိပ်မှုတစ်မျိုးဖြင့် ရေငုံနှုတ်ပိတ်လျက် ရှိလေသည်။ အပြာဖျော့ဖျော့ကောင်းကင်သည် မိုးရာသီမကုန်သေးဟန်ုဖြင့် မိုးရိပ်မိုးငွေ့များကိုမြင်နေရသေးသည်။ မှုန်ဝါးဝါးလရောင်သည်မိုးမှုန်များကို တိုးထွက်ကာ အစွမ်းကုန် သာလျက်ရှိသဖြင့် သစ်ရိပ်၊ ပတ်ဝန်းကျင်၊ ထန်းတောတွေကိုမြင်နေရသေးသည်။လရောင်မှုန်ဝါးဝါးဖြင့် မြင်နေရသေးသည်သည်ဒေသမှာ မြေလတ်ဒေသ၏ ထုံးစံအတိုင်းမိုးနည်းရပ်ဝန်းဒေသဖြစ်သည့် အလျောက်ရွာမလိုဟန်ပျိုးသည်မှာ ထုံးစံလိုဖြစ်နေသည်။ဖားခံတွင်းချဉ်ရုံလောက်သာ ရွာသည့်မိုးကား စီးပွားမဖြစ်ပေ။လရောင် မလင်းတလင်းအောက်တွင် ထန်းတောညိုညိုကို မလှုပ်မယှက် မြင်နေရသည်။ အမှန်တော့မျိုသိပ်မှုများဖြင့် ရေငုံနှုတ်ပိတ်ညဟု ဆိုရမည်ထက်ထိတ်လန့်ကြေကွဲဖွယ်ည ဆိုက ပို၍ မှန်ကန်ပေလိမ့်မည်။ သောင်းဖေတစ်ယောက် ထန်းပင်ပေါ်မှပြုတ်ကျသေဆုံးသွားသည့်သတင်းဆိုးကြီးသည်ထနောင်းကုန်းရွာထဲတွင် နံနက်အရုဏ်တက်ခါစကပင် ပြန့်နှံ့သွားပြီး ဖြစ်သည်။သောင်းဖေသည် သူပိုင်ခြံထဲရှိ ထန်းပင်တက်ရာမှဇောက်ထိုးပြုတ်ကျကာ ဇက်ကျိုးပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခြင်းပင်တည်း။ နံနက်စောစောအမှောင်ပျိုးဆဲ ၊ ထန်းပင်ပေါ်တက်ရာခြေချော်လက်ချော် ပြုတ်ကျခြင်းဖြစ်သည်။သူကြီးလည်း အလုပ်ရှုပ်သွားသည်။မြို့ပေါ်သို့ လှည်းဖြင့် သွားကာ ဌာနအုပ်သို့အကြောင်းကြားပြီး ပုလိပ်တွေကိုလည်းခေါ်လာရသည်။စစ်ချက်တွေ ယူရသည်။ သောင်းဖေ၏မိန်းမမိညိုသည် သတိလစ်နေသဖြင့် ရွာထဲမှမိန်းမတစ်သိုက်က ပြုစုနေရပေရာ တစ်နာရီလောက်ကြာမှ သတိရလာသည်။ ယောင်္ကျားအလောင်းကိုကြည့်ကာ အငိုမတိတ်တော့ပေ။ ဆွေမျိုးများ၏ငိုသံလည်း ကျွက်ကျွက်ညံသွားလေသည်။သည်လိုနှင့် သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့်အလောင်းကို ပြင်ဆင်ကြရသည်။ တောဓလေ့အတိုင်း ရွာထဲမှာ သေသဖြင့် ရွာပြင်မထုတ်ဘဲသုံးရက်ထားပြီးမှ သင်္ဂြု ိဟ်ရန် ဆုံးဖြတ်ချက်ချပြီးအလောင်းကို တဲရှေ့ ထန်းပင်အောက်တွင်ယာယီချထားသည်။ဇက်ကျိုးနေသော အလောင်းကို ဝါးကပ်ပေါ်တင်ကာ စောင်ပါးလွှမ်း၍ရပ်ဓလေ့ထုံးစံများနှင့်တင်ထားခြင်းဖြစ်သည်။ရုတ်တရက် သေဆုံးသွားသောနာရေးဖြစ်သဖြင့် မိတ်ဆွေအပေါင်းအသင်းတွေက တဖွဲဖွဲ ရောက်လာသည်။သောင်းဖေသည် ကဇော်သမား၊ဖဲသမား ဖြစ်ရကား ဒုက္ခပေါင်းစုံအပေါင်းအသင်းစုံလှသည်။ရင်းနှီးသည့်သူငယ်ချင်းတွေက သောက်ဖော်သောက်ဖက်ဆိုးဖော်ဆိုးဖက်ကြီး ရုတ်တရက် ကွယ်လွန်သွားသဖြင့် ယူကြုံးမရ ဖြစ်ကာ ငိုသူကငိုသည်။ မိညိုသည် ငိုလျက် ပြောလိုက်တိုင်တည်လိုက်နှင့် ဧည့်ခံစကားပြောနေရသည်။ ကွမ်း၊ ဆေးလိပ် တည်ခင်းရသေးသည်။သည်လိုနှင့် နေစောင်းစပြုလာသည်။ဧည့်သည်က ပိုများလာသည်။ ထိုအချိန်တွင်ခေါင်းပျဉ်စပ်သူ၊ စက္ကူပန်းဆင်သူတွေကလည်းမအားလပ်နိုင်တော့ပြီ။ ဧည့်သည်ဧည့်ခံသူ၊ရေနွေးကျို ၊ ထန်းလျက်၊ ဆေးလိပ်၊ တည်ခင်းသူတွေ အလျှိုလျှိုပေါ်လာကြသည်။ညီညွတ်သော တောဓလေ့ဟု ဆိုရမည်။ခပ်လှမ်းလှမ်းထန်းပင်အောက်တွင်တော့သောင်းဖေ၏ဝိညာဉ်မဲ့ခန္ဓာကြီးကခန့်ခန့်ကြီးငြိမ်သက်နေသည်။ကာလသားတစ်သိုက်ကား သည်လိုကာလမျိုးတွင် အခွင့်အရေးတစ်ရပ်အနေဖြင့် သောက်စားပျော်ပါးမူးယစ်ကြကုန်သည်။ညဘက်ရောက်လျှင် ဖဲဝိုင်း၊ ကတ်ဝိုင်းကလာဦးမည်။ထိုစဉ် အရက်ကလေးထွေထွေနှင့်သြဇာအာဏာရှိဟန်တူသော လူတစ်ဦးရောက်လာသည်။ ပုဆိုးတိုတို အပေါ်အင်္ကျီဗလာ၊အသားမည်းမည်း။“ဟေ့ …ငါ့သူငယ်ချင်းသောင်းဖေကိုကွင်းစပ်မှာ ဒီအတိုင်း ပစ်ထားလို့ ရမလားကွပြင်ဆင်ပြီး ခေါင်းထဲထည့်ကြမယ် “စကားဆုံးသည်နှင့် ရွာထဲမှ ရှေ့မီနောက်မီအဘိုးကြီးတစ်ယောက် တုန်တုန်ချိချိဖြင့်ဝိုင်းအနီးသို့ ရောက်လာကာ…“မောင် …မောင် …အဝှာ…သာဒင်ရယ်၊ဒီနယ်ဘက်မှာ ညနေစောင်းကြီး ခေါင်းမသွင်းကောင်းပါဘူးကွယ်၊ မနက်မှ ပြင်ဆင်ကြပါ၊ရွာနာသကွဲ့ …”သာဒင်သည် အဘိုးကြီးကို မျက်မှောင်တစ်ချက်ကြုတ်ကြည့်သည်။ ထွီခနဲ ကွမ်းသွေးတစ်ချက်ထွေးကာ လုံချည်ကို တဖြန်းဖြန်းခါပြင်ဝတ်ပြီးရင်ခေါင်းပေါ် တက်ဝတ်လိုက်သည်။နှုတ်ခမ်းကြီးကို အရုပ်ဆိုးစွာ တစ်ချက်တွန့်ပြီး…“ဘကြီးပေတုံးတို့က အဲဒါခက်တာပဲ။ရပ်ဓလေ့ ရွာဓလေ့တွေ ဘေးချိတ်၊ဒါ…ကျုပ်တို့ အချစ်ဆုံးသူငယ်ချင်းဗျ။နောက်ဆုံးခရီးဗျ၊ ကျုပ်ကတော့ ဘယ်သူတားတားသောင်းဖေ အလောင်းကို ဒီနေ့ပြင်ဆင်ခေါင်းသွင်းမှာပဲ၊ တားတဲ့သူ ခေါင်းအပြတ်ပဲ၊ဘာမှတ်လဲ…သာဒင်ကွ၊ ဟေ့ ဖိုးသံလုံးတို့ဒီည ခေါင်းပြင်၊ ခေါင်းသွင်းမယ်ဟေ့”အသုဘလာ ပရိတ်သတ်သည် ရုတ်တရက်ငြိမ်သက်သွားကာ သာဒင်နှင့် ဘကြီးပေတုံးကိုကြည့်နေကြသည်။ မည်သူမျှ ဝင်ပြောဆိုခြင်းမရှိကြတော့ပေ။“မဟုတ်သေးပါဘူးကွယ်။ ရပ်ဓလေ့ရွာဓလေ့ …ပြီးတော့ ရုတ်တရက်ကြီးသေသွားတာလေကွယ်၊ ဆင်ခြင်ဖို့ပြောပြတာပါ မောင်ရင်ရယ်”သာဒင်သည် ကွမ်းသွေးကို ထွီခနဲ ထွေးလိုက်ပြန်သည်။“ကျုပ်က ဂျော့ဘုရင်လာ တားတာတောင်ဂရုမစိုက်ဘူး၊ ညဘက် အလောင်းကို အပြီးပြင်မယ်။ ဘယ့်နှယ်ဗျာ…ကျုပ်သူငယ်ချင်းခမျာကွင်းခေါင်ခေါင်မှာ လေတဟူးဟူးနဲ့၊မိုးရွာမှဖြင့် ရက်ရက်စက်စက်ဗျာ…ဘကြီးက ဂျော့ဘုရင်လား”ဘကြီးပေတုံးသည် ပြောမရဆိုမရဖြစ်နေသော သာဒင်ကို ခွန်းတုံ့ပြန်ခြင်းမပြုတော့ဘဲ ငြိမ်သက်သွားလေသည်။ သာဒင်နှင့် အပေါင်းပါများသည် မိုက်ရူးရဲလူရမ်းကားများ ဖြစ်သည်။ရပ်ဓလေ့ ရွာဓလေ့ထုံးစံကိုလည်းအသိအာရုံထဲ ထည့်ထားပုံမရ။သောက်စားပျော်ပါး ဆဲရေးတိုင်းထွာနေကြသည်။ မိညိုမှာ မသာရှင်ဖြစ်သော်လည်းသာဒင်နှင့် ဆွေမျိုးများနီးစပ်တော်သည်သာမက ရွာလူမိုက် သာဒင်နှင့် လူရမ်းကားအုပ်စုကို လွန်ဆန်ရဲဟန် မရှိပေ။လွန်ဆန်လျှင်လည်း အသုဘပျက်ရုံပင်ရှိသည်။ ကျီးနှင့် ဖုတ်ဖုတ်သာ ဖြစ်တော့မည်သူတို့ အုပ်စု ဦးဆောင်၍သာ ရွာထဲသာရေးနာရေးက စည်ကားစမြဲ။သည်လိုနှင့် နေဝင်ရီတရော မမှောင်တမှောင်အချိန်တွင် သာဒင်ဦးဆောင်သော လူငယ်လူလတ်ပိုင်းတစ်စုသည် အစိမ်းသေသောင်းဖေ၏အလောင်းကို ခေါင်းသွင်းရန် ပြင်ဆင်ကြလေသည်။လူငယ်နှစ်ယောက်က သောင်းဖေ၏ခန္ဓာကိုယ်မှ အဝတ်အချို့ကို ဆွဲလှပ်ကာမျက်နှာကို ဖော်လိုက်သည်။ ထိုအခါသောင်းဖေ၏ နာကျင်ရှုံ့တွ၍ မချိမဆန့်မျက်နှာ ညိုပုပ်ပုပ်ကြီးက ပေါ်လာသည်။ပေ ၃၀ ခန့် မြင့်မားသော ထန်းပင်ပေါ်မှဇောက်ထိုးပြုတ်ကျသော အလောင်းဖြစ်ရကားလည်ပင်းရိုးက ကျိုးကြေကာ ရင်ဘတ်နှင့်ကျောပြင်က ထိန်းချုပ်မရဘဲ ချာလည်လည်နေသည်။ထို့ကြောင့် သာမန်သေဆုံးသော အလောင်းမဟုတ်ရကား အလောင်းကိုင်သူနှစ်ယောက်ပင်ရုတ်တရက် လန့်ဖျပ်သွားပြီး လက်တွန့်သွားကြလေသည်။” ဟ…ဟ …လည်ပင်းရိုးကျိုးပြီးလည်နေတာဟ”ထို့ကြောင့် တစ်ယောက်က ခေါင်းကို ထိန်း၊ကျန်တစ်ယောက်က အေးစက်မာခဲနေသောခန္ဓာကိုယ်အောက်ပိုင်းကို ထိန်းကိုင်ကာအဝတ်သစ်တွေ လဲလှယ်ကြသည်။ ထိုစဉ်ရွာဦးကျောင်းမှ အောက်လင်းဓါတ်မီးနှစ်လုံးကလည်း ထိန်ထိန်လင်းလင်း ရောက်လာပြန်ရာအသုဘအိမ်သည် ပို၍မြိုင်ဆိုင်သွား၏။သာဒင်သည် တဟဲဟဲရယ်ကာ…“ဟေ့…တို့သူငယ်ချင်းကို နောက်ဆုံးအနေနဲ့ လှလှပပပြုပြင်ကြရမှာကွ၊ရွာလယ်က ဘွေးတုတ်တို့ ညီအစ်မမြို့က ပြန်လာတာ နှုတ်ခမ်းနီနဲ့မျက်နှာချေတွေ ပါလာတယ်ကွ၊မျက်နှာချေ တစ်ဘူးနဲ့ နှုတ်ခမ်းနီတစ်ဘူး သွားတောင်းကြကွာ၊တစ်ယောက် သွားတောင်း၊ ဒီကောင့်ကိုလှလှပပ ပြင်ရမယ်ဟေ့”ရွာထဲသို့ လူငယ်လေးတစ်ယောက်ထွက်သွားသည်။ အလောင်းကြီးကားဝါးကပ်ပေါ်တွင် ဆန့်ဆန့်ကြီး လဲလျောင်းနေဆဲပင်။သည်အချိန်တွင် ဖဲဝိုင်းအတွက် ပြင်ဆင်သူတွေကလည်း တက်ညီလက်ညီပင်။တစ်ယောက်က ဖဲထုပ်အသစ်စက်စက်ကိုဘူးမှ ထုတ်ယူကာ တရွှမ်းရွှမ်းမြည်အောင်ကုလားဖန် ထိုးလေ၏။“ဝိုင်းတော့ ကောင်းပြီဟေ့၊ ဖဲမရိုက်ရတာကြာပြီ”ခဏကြာလျှင် မျက်နှာချေနှင့် နှုတ်ခမ်းနီသွားယူသော လူငယ်လေး ပြန်ရောက်လာသည်။ထိုအခါ သာဒင်နှင့် သူငယ်ချင်းသုံးဦးသည်သောင်းဖေ၏ရုပ်အလောင်းကို စတင်၍ပြင်ဆင်ကြလေသည်။ အောက်လင်းဓါတ်မီးတစ်လုံးကို အလောင်းစင်ဆီသို့ ရွှေ့ယူလာသဖြင့် ပို၍ လင်းထိန်သွား၏။ထိုအခါ မျက်လုံးပြူး ရှုံ့တွနေသာ အလောင်းမျက်နှာပြင်ကို သာဒင်သည် မကြောက်မရွံ့ပြုပြင်လေသည်။ ပြူးထွက်နေသောမျက်လုံးကြီးများကို အတင်းပိတ်စေသည်။ပခုံးတစ်ဖက် နိမ့်ဝင်နေသည်ကို ဆွဲဆန့်သည်။စောင်းရွဲ့နေသော ပါးတစ်ဖက်ကို ဆွဲလိမ်သည်။တစ်ခြမ်းပိန်နေသော ခေါင်းကြီးကို တဖတ်ဖတ်ရိုက်ကာ တည့်မတ်ရသည်။“သောင်းဖေ၊ စိတ်မဆိုးနဲ့ကွ၊ မင်း သေပန်းပွင့်နေအောင် ငါ လုပ်ပေးနေတာ၊ မင်းကလည်းမြေပြင်ကို ရေပြင်မှတ်ပြီး ဒိုက်ဗင်ထိုးရတယ်လို့ကွာ၊တော်တော်အသုံးမကျတာပဲကိုး”သာဒင်သည် လိမ်နေသော လည်ပင်းကိုခပ်ကြမ်းကြမ်းကိုင်၍ တည့်မတ်လိုက်ပေရာအကြောကို သွားနှိပ်မိသည် မသိ။အလောင်းကြီးက ရုတ်တရက် မျက်စိပွင့်သွားသည်။အလောင်းပြင် အဖော်နှစ်ယောက်သည် ‘ဟာ’ခနဲတ,ကာ နောက်သို့ ကြောက်လန့်တကြားဆုတ်လိုက်လေသည်။ သာဒင်သည်မကြောက်မရွံ့ပင်…“အောင်မယ်…သောင်းဖေ၊ မင်းက တို့ကိုစိတ်ဆိုးတာလား၊ မင်း လှလှပပဖြစ်အောင်လုပ်ပေးနေတာလေကွာ၊ ငြိမ်ငြိမ်နေမှပေါ့ကွ၊မင်းကို မျက်နှာချေလိမ်ပြီး နှုတ်ခမ်းနီဆိုးပေးမယ်၊ဒါမှ ဓါတ်ရှင်မင်းသား မောင်ညီပုနဲ့ ပိုလှသွားမှာကွ၊ငြိမ်ငြိမ်နေ၊ ဓါတ်ရှင်မင်းသားလောက်တော့စပျော့ပေါ့ …”သာဒင်သည် မျက်နှာချေဘူးထဲမှ ပန်းရောင်မျက်နှာချေများကို ကော်ယူကာ သောင်းဖေ၏မျက်နှာကို မညီမညာ မလိမ်းတတ် လိမ်းခြင်း၊နှုတ်ခမ်းနီဆိုးခြင်းတို့ကို ဆောင်ရွက်လေတော့သည်။ နာရီဝက်မျှ ကြာသွားသည်။သည်လိုနှင့် အလောင်းပြင်ပြီးသောအခါအသင့်ချထားသော သစ်သားခေါင်းထဲသို့ရွှေ့ထည့်ကြသည်။ခေါင်းအဖုံးကိုတော့ မပိတ်ဘဲ ခပ်စေ့စေ့ဟထားရသည်။ညဉ့်ကား တဖြည်းဖြည်း နက်ရှိုင်းစပြုလာသည်။လရောင်မှာ မှုန်ဝါးဝါးမျှသာ။ ဖဲဝိုင်းတွင်တော့လူစည်ကားနေသည်။ သာဒင်က ဖဲဝိုင်းတွင်မပါဘဲ လူကြီးတစ်ယောက်နှင့် စကားလက်ဆုံကျနေသည်။ထိုစဉ် လင်ကောင်ပိုးငှက်တစ်ကောင်၏ဂီးခနဲ တစ်ချက်အော်သံနှင့် အတူ ထန်းတောအနောက်ဘက် သင်္ချိုင်းစပ်မှ’ဟေး’ခနဲ‘ဟေး’ခနဲ အော်သံကြီးကို ကြားလိုက်ရကာဖဲဝိုင်းမှ လူများသည် တစ်ယောက်မျက်နှာတစ်ယောက် ပြန်ကြည့်ကာ ကြောင်အအဖြစ်ကုန်ကြသည်။ဟေးခနဲ အော်သံများက သင်္ချိုင်းဆီမှတဖြည်းဖြည်း နီးကပ်လို့ လာလေပြီ။ဖဲဝိုင်းမှ ထိုးသားများသည် လန့်ဖျပ်ကာလှုပ်လှုပ်ရွရွ ဖြစ်လာသည်။“ဘာသံကြီးလဲဟ၊ ကြောက်စရာကြီး”ထိုစဉ် ခပ်ဝေးဝေးမှ ပြင်ဆင်ထားသောရုပ်အလောင်းကြီးဆီမှ ခေါင်းအဖုံးသည်ဒုန်းခနဲ မြည်ကာ ပြုတ်ကျသွားလေသည်။အားလုံးလန့်ဖျပ်ကာ ထသူက ထ၊ပိုက်ဆံသိမ်းသူက သိမ်း၊ အိမ်ပေါ်တက်ပြေးသူက ပြေးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် သောင်းဖေ၏ ရုပ်အလောင်းကြီးသည်မျက်နှာချေ အဖွေးသားနှင့် ရုတ်တရက်ထထိုင်လေသည်။အလောင်းကြီးသည် မီးရောင်လာရာသို့လှမ်းကြည့်နေလေသည်တကား။“အောင်မလေးဗျ…၊ သရဲ သရဲ ဖုတ်ဝင်လာပြီ”ပြေးသူ ပြေးနှင့် ရှုပ်ယှက်ခတ်နေစဉ် ရုပ်အလောင်းကြီးသည် တစ်ဖက်က အော်သံကြီးကိုပြန်တုံ့ပြန်ကာ တဟေးဟေးဖြင့် ပြန်အော်လေသည်။အော်သံအဆုံးတွင် ရုပ်အလောင်းကြီးသည်ကုန်းရုန်းထလိုက်ရာ လိမ်စောင်းနေသောလည်ပင်းကြီးက နောက်ကျောပြင်ထိရောက်သွားပြီး အသံသြရှရှကြီးဖြင့် …“အရက်ကိုတဲ့မှ …အားမနာ…အားမနာမသောက်ရင် သီလစောင့်မယ်…ကိုကျောင်းဒကာ…သောက်တော်ဘူးရယ်နဲ့ …ကိုယ်မကွာ…ကိုယ်မကွာ…သောက်တော်ဘူးရယ်နဲ့…ကိုယ်မကွာ…ကိုယ်မကွာ…”နတ်သံဟစ်လေတော့သည်။ဖဲဝိုင်းကား ထိန်းမရအောင် ပျက်လေပြီ။ဝိုင်းသားများသည် တစ်ယောက်နှင့်တစ်ယောက်တွန်းထိုးကာ အချို့က သာဒင်ကို တက်နင်းပြီးရွာထဲသို့ ဝင်ပြေးကြလေသည်။သာဒင်သည် မူးနေကာ တော်တော်နှင့် မထနိုင်ပေ။အလောင်းကောင်ကြီးသည် ‘ဟေး’ခနဲ အော်ကာထန်းတောကြား သင်္ချိုင်းဆီမှ အော်သံတွေကြားရာဆီသို့ ဒယိမ်းဒယိုင်ဖြင့် ပြေးထွက်သွားလေသည်။ အလောင်းကောင်ကြီးဖုတ်ဝင်ထွက်ပြေးသွားရာ နောက်သို့မည်သူမျှ လိုက်မရှာဝံ့ကြဘဲ မိုးလင်းမှလူစုကာ ထွက်ပြေးသွားရာ သင်္ချိုင်းဆီသို့သွားရောက်ရှာဖွေကြသည်။ထိုအခါ သင်္ချိုင်းအဝတွင် ရွှံ့အလူးလူးဖြင့်ပက်လက်လန်လဲကျနေသော မျက်နှာချေအဖွေးသား၊ နှုတ်ခမ်းနီအရဲသားနှင့် သောင်းဖေ၏ရုပ်အလောင်းကြီးကို တွေ့လိုက်ကြရလေသည်။အလောင်းကြီး၏ မျက်နှာပြင်ကားထန်းပင်ပေါ်မှ လိမ့်ကျခါစနှင့် မတူဘဲလောကကြီးကို ကျေနပ်ခွင့်လွှတ်သည့်ပမာပြုံးဖြီးဖြီးကြီး ဖြစ်နေသည်ကို တွေ့မြင်လိုက်ကြရလေတော့သည်။ထိုအခါ ဘကြီးပေတုံးသည် မျက်နှာညှိုးငယ်စွာဖြင့်…စာ“ငါပြောသပေါ့ကွယ်…၊ ဓလေ့ထုံးစံကိုမဖျက်ကောင်းဘူးလို့ ပြောပါသကော၊မလုပ်သင့်တာလုပ်တော့ အပမှီပြီး သင်္ချိုင်းထဲကဖုတ်တစ္ဆေတွေက ရွာစပ်ထိ ရောက်လာပြီးသူတို့အဖော်ကို ညာသံပေးပြီး ခေါ်တာပေါ့။အုပ်လိုက် လာခေါ်တာ၊ သောင်းဖေကဖုတ်ဝင်ပြီး သင်္ချိုင်းထိ လိုက်သွားတာပဲ၊ရွာနာတာပေါ့ …၊ ဒီတော့ ရပ်ရွာသန့်သွားအောင် ပရိတ်တရားတွေ ရွတ်ကြဖတ်ကြတာပေါ့ကွယ်…”သာဒင်သည် မျက်နှာငယ်ကလေးနှင့်ရေငုံနှုတ်ပိတ် တိတ်ဆိတ်နေလေတော့သည်။ ။ပြီးပါပြီမူရင်းရေးသူ ဆရာ မင်းဘုန်းသိင်္ခသူ
Tags
About bookstory
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.