ယပ်ပစ်ရှစ်ပါး

 ယပ်ပစ်ရှစ်ပါး

 ကုသ


ထိုညတွင် လမင်းကား သာပေဘိတောင်း။


ချစ်သူနှစ်ဦးဖြစ်ကြသော လူပျိုခေါင်း ပန်းဒွေးနှင့် 

ကော့ဂလဲ့ရွာ သူကြီး ဦးသာဗျော၏ သမီး မငွေဒုတ်တို့

ရွာလယ်ရှိ ကုက္ကိုပင်ကြီးအောက်တွင် ချိန်းတွေ့ ဆုံမိကြေပေပြီ။


“ဘယ့်နှယ်လဲ ဒုတ် ဒုတ် ရယ်…၊ မောင် ဒီလိုပဲ နှစ်ရှည်လများ စောင့်ရတော့မှာလား..”


“အို.. မောင်ကလည်း… အဆင်မပြေသေးတော့ ဒီလိုပဲ ခေတ္တသည်းခံပြီး နေရသေးတာပ..”


“အဲဒါ ခက်တာပဲ…၊ ဒုတ်ဒုတ်ပြောတော့ လွယ်ပါတယ်၊ စောင့်ပါဦးဆိုလို့ စောင့်လာခဲ့တာ ၁၅ နှစ်တောင် ရှိနေပါ

ပကော၊ မောင့်မိတ်ဆွေတွေဖြင့် သား သမီး တွဲလောင်းနဲ့ ဖြစ်ကုန်ပြီ၊ နောက်တော့လည်း မောင်ဟာလေ ဒုတ် ဒုတ်နဲ့ တစ်ခါမျှ နီးနီးကပ်ကပ် မတွေ့ခဲ့ရသေးဘူး…၊ တွေးမိတိုင်း စိတ်ညစ်လွန်းလို့ ဘုန်းကြီးပဲ လုပ်သွား ချင်တော့တယ်၊ အို ပြောနေရတာကြာတယ်၊ မောင်.. ဒီညသန်းခေါင်ချိန်မှာ ဒုတ်ဒုတ်အိမ်ကို လာခဲ့မယ်၊ ကဲ.. ပြော ပြော..၊ လာခွင့်ပေးမလား၊ မပေးဘူးလား၊ ဒီလိုနှစ်ရှည်လများ ကြက်သူငယ် လှည့်စားခဲ့တာ အကြိမ်ပေါင်း များလှပြီ၊ ဒီတစ်ကြိမ် အခွင့်မပေးရင် နက်ဖြန်ပဲ ဘုန်းကြီး သွားလုပ်တော့မယ်…”


မငွေဒုတ်မှာ အခက်တွေ့နေချေပြီ၊ မိမိ နှစ်ပေါင်းများစွာ လှည့်စားခဲ့သည်မှာ မှန်၏။ ပန်းဒွေးကိုလည်း သနားမိတော့၏။ ပန်းဒွေး ဘုန်းကြီးဖြစ်သွားလျှင် မိမိမှာ မခက်ပေလော။ ပန်းဒွေးသည် ဘုန်းကြီး မလုပ်ဟု မဆိုနိုင်။ လုပ်ချင် လုပ်ပေလိမ့်မည်။ ထို့ကြောင့် အတန်ကြာ စဉ်းစားပြီးလျှင်…


“အို… ကိုဒွေးက ဝမ်းနည်းဖို့ချည်းပဲ…၊ မငိုပါနဲ့… မငိုပါနဲ့… ကဲ ကဲ.. ကိုဒွေးသဘောအတိုင်းပါပဲ၊ ဒီညလာနိုင်ပါတယ်။ စောင့်နေနှင့်မယ်၊ ကဲ ကဲ တိတ်တိတ်..”


ပန်းဒွေး၏မျက်နှာသည် အထူးရွှင်ပြုံးလာလေပြီ။ စာမေးပွဲအောင်စာရင်းတွင် မိမိနာမည်ကို တွေ့ရသော တက္ကသိုလ်ကျောင်းသားမျက်နှာကဲ့သို့ ပီတိဖရဏာ 

ရွှင်မှုတွေဖြာခဲ့ပြီတကား။


“တကယ်ပဲလား.. ဒုတ်ဒုတ်ရယ်..”


“တကယ်ပါပဲ ကိုဒွေး.. ယုံပါ..”


“ဘုရားစူး..”


“ပစ်”


“မိုးကြိုးပစ်”


“စူး”


“အို.. ကိုဒွေးကလည်း နောက်တော့မယ်။ ဪ… ဒါထက် ကိုဒွေးလာတဲ့အခါ ကျွန်မအခန်းနားရောက်ရင် ပဲလှော်တစ်လုံးကို ဝါးလိုက်ပါ။ ဝါးသံကြားရင် ကျွန်မ တံခါးထဖွင့်ပေးမယ်။ အိမ်စောင့်တဲ့ အောင်နက်ကြီးကိုလည်း မဟောင်နိုင်အောင် ထမင်း ဟင်း အဝအပြဲ ကျွေးထားနှင့်မယ်…”


“ကဲ ဒါဖြင့် မောင် အိမ်ပြန်လိုက်ဦးမယ်၊ ဆက်ဆက်မျှော်နေနော်..”


ခုနှစ်စဉ်ကြယ်ပြောင်သည် အမြီးထောင်လေပြီ။ 

ညဉ့်သန်းခေါင်ပြီတကား။ သို့ဘိလည်း မမျှော်လင့်ဘဲနှင့် ပဇ္ဇုန်ရွှေမိုးသည် သဝေထိုးလေပြီ။ ကော့ဂလဲ့တစ်ရွာလုံးပေါ်သို့ မိုးရွာချလေရာ တစ်နာရီခန့်ကြာမှပင် တိတ်လေတော့သည်။ ခြောက်သွေးနေသော တွင်းငယ်၊ ချိုင့်ငယ်တို့မှာလည်း ရေပြည့်လျှံချေပြီ။ ပန်းဒွေးကား တစ်ဖျစ်တောက်တောက်နှင့်…


မငွေဒုတ်၏ အခန်းအနီးတွင် ပန်းဒွေးသည် ပဲလှော်တစ်လုံးကို ဝါးလိုက်လေပြီ။ အသံကား မမြည်တော့ချေ။ မိုးငွေ့ကြောင့် ပဲလှော်တို့သည် ပျော့၍သွားရာ အသို့မြည်နိုင်တော့အံ့နည်း။ ပန်းဒွေးကား စိတ်မကျေ။ နောက်ထပ်တစ်လုံး ဝါးပြန်ပြီ။ မမြည်ချေ။ ဆက်လက်၍ တစ်လုံးပြီး တစ်လုံး ဝါးလာခဲ့ပါသော ပဲလှော်အလုံးတစ်ရာခန့်မှာ အသံမမြည်ပဲ တက်တက်စင်ပြောင်ချေပြီ။ ကံအားလျော်စွာ နောက်ဆုံး ကျောက်ခဲငယ်တစ်တုံးကို ဝါးမိမှ အသံမည်တော့သည်။ ပန်းဒွေးမှာ သွားအတော်နာသွားချေပြီ။သို့ပေမင့် အောက်အည်းကာ သည်းခံလိုက်ရ၏။ ပုထုဇဉ်တို့ ဓမ္မတာအတိုင်း အချစ်ဒုက္ခကို အချစ်သုခဟု မှတ်ထင်ရမည်ပ။


မျှော်လင့်စောင့်စားနေသော ငွေဒုတ်သည် ဝါးသံကြားရလျှင် ချက်ချင်းပင် ချစ်သူအား တံခါးထဖွင့်ပေးကာ အခန်းတွင်းသို့ ခေါ်သွင်းပေတော့သည်။ ပန်းဒွေး ဝမ်းထဲ၌ကား “ပန်းဒုတ်.. ပန်းဒုတ်” နှင့် မြည်နေပေပြီ။ 

သူကြီးသာဗျောကား ဟောက်လျက်။


မှုန်တိမှုန်မွားနှင့် မီးခွက်ငယ်ဘေးတွင် ချစ်သူနှစ်ဦး၏ တီးတိုးပြောသံကို မသဲမကွဲ ကြားနိုင်ပေပြီ။


“ကျွန်မက မိုးတွေရွာလွန်းလို့ ကိုဒွေးလာပဲလာနိုင်တော့ပါမလားလို့ ထင်နေတယ်..”


“ဟဲဟဲ.. ဟဲဟဲ၊ ကိုဒွေးက ဘယ်တော့မှ ကတိမဖျက်ဘူး။ ဖူးစာနတ်တွေ ဆောင်ကျဉ်းပို့ပေးလို့ ရောက်လာပါပြီ ဒုတ်ဒုတ်ရဲ့..”


“ဒါထက် ကိုဒွေးမျက်နှာမှာ ပေနေတာ ဘာတွေလဲ၊ ဟင်.. နံသလိုလိုပဲ..”


“ဪ.. ခုမှ သတိရတော့တယ်၊ ဒုတ်ရဲ့ခြံဝင်းထဲဝင်တုန်းက မောင် ချော်လဲသွားတယ်၊ မျက်နှာက မြေပြင်ပေါ် သွားဆောင့်မိတယ်၊ ဘာတွေ ပေသွားလည်း မသိဘူး..”


“ဟင်.. မှန်းစမ်း၊ သိပြီ သိပြီ၊ နံလိုက်တာ၊ 

အို… ကိစ္စမရှိဘူး၊ ဟော ဟိုထောင့်မှာ ရေအိုးရှိတယ်၊ သွားဆေးလိုက်..”


ပန်းဒွေးသည် ချစ်သူညွှန်ပြရာသို့သွားကာ အိုးထဲကရေကိုယူ၍ မျက်နှာကို ဆေးကြောလေတော့သည်။ 

သို့သော် မိမိခပ်ယူ၍ မျက်နှာသစ်လိုက်သောအိုးမှာ ရေအိုးမဟုတ်။ သစ်စေးအိုးဖြစ်နေရာ မျက်နှာတစ်ပြင်လုံး သစ်စေးများ ပေကျံကုန်ဘိတော့၏။ ခက်ချေပြီ။ ပန်းဒွေးကား အော်၍ ငိုလိုက်ချင်ပြီ။ မျက်နှာအသွင်မှာလည်း ဘီလူးသဘက်မလား တစ်မဟုတ်ချင်း ပြောင်းသွားချေပြီ။


မငွေဒုတ်ကား ပြိတ္တာနှင့်အလားတူသော ပန်းဒွေး၏ မျက်နှာကို မြင်ရရာ ရယ်အားထက် ငိုအားသန်မိတော့၏။


“ကိစ္စမရှိ ကိုဒွေး။ဟိုဘက်ထောင့်မှာ နှမ်းဆီအိုးရှိပါတယ်။ နှမ်းဆီပွတ်လိုက်တာပ၊ အခုချက်ချင်း ပျောက်သွားမှာပဲ..” (လေသံ)


ပန်းဒွေးသည် ကမန်ကတမ်းနှင့် နှမ်းဆီအိုးရှိရာ သွားပြီးလျှင် အဝသေးသော ဆီအိုးကို မိမိလက်နှင့်နှိုက်က ခတ်လေတော့သည်။ သို့ရာတွင် မိမိလက်ကို ပြန်နှုတ်၍ မရတော့ချေ။ ခက်ချေပြီ။


“ကိုဒွေး လက်ပြန်ထုတ်လို့ မရတော့ဘူး၊ 

ဘယ်နှယ်လုပ်ရမလဲ” (လေသံ)


“ဒီလိုဆို အလွယ်လေးပါပဲ၊ ရိုက်ခွဲလိုက်ပတော့” (လေသံ)


ပန်းဒွေးသည် ချစ်သူအကြံပေးချက်အတိုင်း အခန်းထောင့်ရှိ သံတုံးနှင့်တူသော အရာတစ်ခုပေါ်သို့ ဆီအိုးကို ဆောင့်ခွဲလိုက်လေ၏။


“ခွပ်… ခွပ်..”


“အောင်မလေးဟဲ့၊ အောင်မလေးတော်၊ လာကြပါဦး၊ မြတ်စွာဘုရား.. ကယ်တော်မူပါ..” ဟူသော အသံတစ်သံသည် စူးရှစွာ ထွက်ပေါ်လာလေ၏။ အသူနှေး…


ထိုအသံရှင်ကား အခြားသူမဟုတ်။ မငွေဒုတ်၏ မိခင်ဖြစ်သည်။ မငွေဒုတ်အား အသိမပေးဘဲ ဘယ်အချိန်ကတည်းက အိပ်ပျော်နေမှန်း မသိရချေ။ ရှေးအခါများ၌ မိမိသမီးအခန်းထဲသို့ တစ်ကြိမ်မျှပင် ဝင်ရောက်မအိပ်စက်စဖူး။


ခက်ချေပြီ။ ခက်ချေပြီတကား။


မငွေဒုတ်ကား မိမိ၏ မိခင်ကြီးအသံမှန်း သိရသည်နှင့်တစ်ပြိုင်နက်…


“ကိုဒွေး၊ ကိုဒွေး ခက်ပြီ၊ ခက်ပြီ၊ မကြာခင် အဖေနိုးတော့မှာပဲ၊ ကဲကဲ.. ကိုဒွေး ခေါင်းပေါ်က ကြပ်ခိုးစင်ပေါ် အမြန်တက်ပြီး ပုန်းနေပေဦးတော့” ဟု ချစ်သူအား ဘေးကင်းရာအရပ်သို့ ညွှန်ကြားရပေတော့၏။ ပန်းဒွေးကား ကြပ်ခိုးစင်ပေါ်သို့ တက်ရောက်လိုက်တော့သည်။


အဘွားကြီးလည်း နာကျင်လှသော ခေါင်းကို လက်ဖြင့်ပွတ်သပ်ရင် အမြန်ထလာလေတော့၏။


“ဟောဒီမှာတော့ ကိုသာဗျော၊ ဟောဒီမှာတော့ ကိုသာဗျော၊ လုပ်ပါဦး၊ လုပ်ပါဦး၊ သရဲတစ်ကောင် ကျုပ်ခေါင်းကို လာရိုက်တယ်၊ တော်တော်နာသွားပြီ၊ အောင်မယ်လေးတော့၊ မျက်နှာ မည်းမည်းကြီး၊ မည်းမည်းကြီး..”


သူကြီး ဦးသာဗျော နိုးချေပြီ၊ နှစ်လုံးပြူးသေနတ်ကို ကိုင်ကာ မငွေဒုတ် အခန်းထဲသို့ ဒုန်းစိုင်း ဝင်၍်ရောက်လာလေပြီ။


“ဒိုင်း… ဒိုင်း… ဒိုင်း… သွား.. ဟုန်.. ဟုန်.. ဒိုင်း.. ဒိုင်း..” သေနတ်သံများ ဆူညံသွားတော့၏။ ပွင့်နေသော အခန်းပြတင်းပေါက်မှနေ၍ ကောင်းကင်ပေါ်သို့ သေနတ်ကို မြှောက်ကာ အဆက်မပြတ် ပစ်လိုက်ခြင်း ဖြစ်တော့၏။ သရဲကိုကား မတွေ့လိုက်ရချေ။ သရဲပန်းဒွေးကား ဒူးတတုန်တုန်၊ ရင်တခုန်ခုန်နှင့် ကြပ်ခိုးစင်ပေါ် နေရရှာတော့၏။


“ကဲကဲ.. သရဲတော့ ပြေးလောက်ပါပြီ။ စိတ်ချလက်ချ ပြန်အိပ်ပါတော့”


“ဟာ.. ဘယ်အိပ်လို့ရမလဲ၊ ကျုပ် မအိပ်နိုင်တော့ဘူး၊ မိုးလင်းတော့မယ်၊ နောက်တော့လည်း ဒီသရဲဟာ ကျုပ်တို့အိမ်ထဲမှာပဲ ခိုကပ်နေသေးတယ်ထင်တယ်၊ မဖြစ်ဘူး၊ မနက်ဖြန် မနက်ကျမှ ရွာဦးကျောင်းက ဦးပညာကို ပင့်ဖိတ်ပြီး ကမ္မဝါရွတ်ဖတ်စေမှပဲ ကျုပ်စိတ်ချတော့မယ်၊ ကြည့်စမ်းပါဦး၊ ဒီမှာလေ၊ ကျုပ်ခေါင်းကြီးကို ဆော်သွားတဲ့ ဒဏ်ရာဟာ”


ရွှေယုဂန်လမ်း၊ အာကာနန်းက၊ ပလဲနန်းသူရကန်၊ ဒေါင်းယာဉ်ပျံသည် ပြုပ္ပာဦးတည် ရှေ့ကျွန်းဆီမှ၊ ရောင်ခြည်ဖြာစ ပြုပေပြီ။


သူကြီးအိမ်တွင်းလည်း ကော့ဂလဲ့ရွာသား အစုံအလင် ရောက်ကြပေပြီ။ ရွာဦးကျောင်းမှ ဦးပညာ အမှူးပြုသော သံဃာတော် ရှစ်ပါးတို့သည်လည်း ခင်းအပ်သော ကော်ဇောများပေါ်တွင် စက္ခုမျက်လွှာတော်ကို အောက်သို့ချကာ ဣန္ဒြေကြီးစွာနှင့် ထိုင်နေကြပေပြီ။ သရဲပန်းဒွေးကား ပြေးပေါက်ရှာမရသေးရာ ကြပ်ခိုးစင်ပေါ်တွင် ကြီးစွာသော ဒုက္ခကို ခံစားရရင်း ညှိုးငယ်စွာ ခံနေရရှာ၏။ ဝမ်းထဲတွင်ကား “ပန်းဒုတ်.. ပန်းဒုတ်”နှင့် မြည်တုန်းပင်။


သံဃာရှစ်ပါးတို့သည် ကမ္မဝါကို စတင်ရွတ်၍ ဖတ်ကြပေပြီ။


သမန္တော…စက္ကဝါဠေသု… အစချီကာ 

ဌာန်ကရိုဏ်ကျကျနှင့် ရွတ်ကြပေပြီ။


ထိုစဉ် မမျှော်လင့်ဘဲနှင့် အံ့ဖွယ်သရဲထူးကဲသော အဖြစ်အပျက်တစ်ခုသည့် ပေါ်ပေါက်လာချေတော့သည်။ သရဲသည် ကမ္မဝါတန်ခိုးကြောင့်လား၊ ကြပ်ခိုးစင် မခိုင်၍ ပေလားမသိ၊ ကြပ်ခိုးစင် ကျိုးပြီးလျှင် ကြမ်းပြင်ပေါ်သို့ ကားယား ကျလာလေပြီတကား။ သရဲနှင့်အတူ တောင်းဆိုး ပလုံးဆိုး၊ အိုးခွက်၊ နှီးစည်၊ ဓားမ၊ ပေါက်တူး၊ ရေမှုတ်ရိုးနှင့် သံတူရွင်းတို့သည် ဆင်းသက်လာကြတော့၏။


ဦးသာဗျောနှင့် သူကြီးကတော်တို့ကား အသံမထွက်တော့ချေ။ ကြက်သေသေလျက်ရှိကြတော့၏။ မငွေဒုတ်ကား သတိမရတော့ချေ။ ထိုစဉ်ပင် သူကြီးကတော်၏ စူးရှသော အသံ ထွက်လာတော့၏။ “အောင်မယ်လေး… သူပဲ၊ သူပဲ၊ ဦးပညာ ကယ်တော်မူပါ၊ မာရ်နတ်မင်း လက်ရုံးတစ်ထောင်နဲ့ ဆင်းလာပါပြီ၊ ကယ်ပါဘုရား… ကယ်တော်မူပါ ဘုရား..” ဟုအော်ကာ ဦးပညာ အပါးသို့ ချဉ်းကပ်သွားတော့၏။


ထိုစဉ် ဦးပညာအမှူးပြုသော ရဟန်းတော်ရှစ်ပါးတို့သည် သစ်စေးလိမ်းကျဉ်ထားသော မာရ်နတ်မင်း၏ ရုပ်အဆင်းကို ကိုယ်ထင်ဖူးတွေ့ရသည်ရှိသော် အလွန်အမင်း ကြောက်လန့်သော ရုပ်အသွင် ပေါ်ပေါက်လာပြီးလျှင် ကိုယ်စီကိုယ်ငှ ကိုင်ဆောင်ထားသော ယပ်တောင်ရှစ်လက်ကို ပစ်ချကာ ပြတင်းပေါက်ဝမှ မြေပေါ်သို့ ခုန်ဆင်း၍ သုတ်ခြေတင်ကြတော့သတည်း။ ရွာသားများကား ဆိုဖွယ်မရှိ။ တစ်ယောက်မျှမကျန် သုတ်လေပြီတကား။


ဦးပညာအမှူးရှိသော သံဃာရှစ်ပါးတို့သည် ယပ်တောင်ရှစ်လက်ကို ပစ်ချကာ ပြေးကုန်ပြီ မဟုတ်ပါလော။


ဣတိတသ္မာ၊ ထို့ကြောင့် ယပ်၊ ပစ်၊ ရှစ်၊ ပါး။ 


ကုသ


ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ။