မရွာပါနဲ့မိုးရေ…မကြွေပါနဲ့မျက်ရည်(စ/ဆုံး)
——————————————–
“ဒီမနက်စာအတွက်စျေးဖိုးမရှိတော့ဘူး..ဆန်ဖိုးပဲရှိတော့တယ်အဖေ..”
“အဲ့လိုဆိုလည်းဆန်ပဲဝယ်ထားလိုက်သမီးရယ်…မောင်လေးတွေကိုထမင်းရည်ခံပြီးဆားခတ်အဆာပြေတိုက်ထားလိုက်..အဖေကြီးအချုပ်ကင်းကထွက်လာရင်ပိုက်ဆံရှာပေးမယ်”
ကွမ်းခြံကုန်းအချုပ်တံခါးဝရဲ့ချောင်းကြည့်ပေါက်လေးကနေသမီးကြီးဟာသူမအဖေကိုဆက်ပြီးချောင်းကြည့်နေမိသေးတယ်။ တစ်ညလုံးကင်းစောင့်ရလို့နွမ်းနေတဲ့အဖေ့မျက်နှာနွမ်းနွမ်းကိုခဏလေးမြင်လိုက်ရတာတောင်သမီးကြီးစိတ်ထဲမဝဘူးဖြစ်နေတယ်။အချုပ်ကင်းတစ်ခါကျရက်၃ရက်။ ၃ရက်အတွင်းရဲတွေပါအချုပ်သားတွေလိုအချုပ်ထဲမှာအချုပ်ပြန်ကျနေရတယ်။အချုပ်ထဲရောက်နေသလိုအချုပ်တံခါးကြီးကိုသော့ခလောက်အကြီးကြီးနဲ့ခတ်ထားတာမြင်ရတိုင်းသမီးကြီးနဲ့အဖေဟာ ကမ္ဘာတစ်ခုခြားနေသလိုရင်ထဲဗလာထီးထီးကြီးဖြစ်လို့ဝမ်းနည်းအားငယ်ရတယ်။ဒီကွမ်းခြံကုန်းရဲစခန်းကြီးထဲကအရင်ရှိနေနှင့်သူရဲမိသားစုတွေကတော့ ရဲနဲ့အချုပ် ၊အချုပ်နဲ့ရဲက မဆန်းတော့ဘူး ဆိုပေမယ့် ရန်ကုန် မြို့လို တစ်ကယ့်ယာဥ်ထိန်းရဲရိပ်သာကြီးကနေ အသွင်ပြောင်းနယ်ရဲယူနီဖောင်းဝတ်ဘဝနဲ့ရောက်လာတာသိပ်မကြာသေးတဲ့အဖေ့ရဲ့ သမီးကြီးစိတ်ထဲမှာတော့အရမ်းကိုအားငယ်စရာမခံစားနိုင်စရာဖြစ်နေသေးတယ်။ သမီးကြီးဟာဖခင်ရဲ့စကားကြောင့်..အိမ်ကိုပြန်လာပြီးမောင်လေးတွေမနိုးခင်
မိုးရေတောထဲပဲရသလောက်ကောက်စုထားတဲ့သစ်ကိုင်းခြောက်တွေထဲက..အခြောက်သွေ့ဆုံးထင်းချောင်းတွေချည်းဖယ်ပြီးမီးကောက်မွှေးလိုက်တယ်။ မီးခြစ်ကလည်းစက္ကူနဲ့လုပ်ထားတဲ့ယမ်းမီးခြစ်ဆိုတော့ မိုးတွင်းဖက်မှာမိုးမစိုအောင်အတော်ဂရုစိုက်ထားရတာ။ ခြွေတာတဲ့အနေနဲ့..မီးခြစ်ဆံတစ်ချောင်းဆိုတစ်ချောင်း မီးတောက်အောင်ရှဲခနဲခြစ်ပြီး
ဖယောင်းတိုင်အတိုလေးမှာညှိ။
မီးခိုးတလူလူကြားမျက်ရည်တွေနဲ့မွှန်ပြီး ပြာစတွေဖွားခနဲလွင့်နေအောင်မီးကိုပါးစပ်နဲ့ကုန်းကုန်းမှုတ်ရတယ်။ ဆံပင်ရှည်ရင်မကြိုက်တဲ့အဖေကြောင့်အမြဲခပ်တိုတိုညှပ်ထားရတဲ့ဆံပင်တောင်ကုပ်ထောက်ပြီးဝဲလာပြီ။ပိုက်ဆံမရှိသေးလို့မညှပ်ရသေးဘူး။ဒီတစ်ခါအဖေလည်းငြိမ်နေတယ်။ဆံပင်ညှပ်ဖို့မပြောတော့ဘူး။ သရေပင်တစ်ပင်နဲ့ ကုပ်ထောက်မတိုမရှည်ဆံပင်ကိုရသလောက်ဆွဲစုပြီးစည်းပစ်လိုက်ရသေးတယ်မီးကိုကုန်းကုန်းမှုတ်တိုင်းဆံပင်ကမီးခိုးတွေပြာစတွေနဲ့ချေးညှော်စော်ဘယ်လောက်နံလိုက်ပါ့မလဲ။
ဆယ့်လေးဆယ့်ငါးအပျိုအရွယ်လေးရယ်လို့ ယောကျ်ားမိန်းမအရွယ်အတော်ရသူတွေကမျက်လုံးတစ်မျိုးနဲ့ ကြည့်နေကြပြီဆိုတာသိပေမယ့် သမီးကြီးစိတ်ကတော့ အဖေ့သမီးပဲ သမီးကိုယ်သမီးအရွယ်ရောက်နေပြီလို့ကိုမထင်တာ။မထင်လို့ကို ဟန်ပန်တွေလည်းမလုပ်ဖြစ်ဘူး။အပျိုမတစ်ယောက်လိုမူယာကြွယ်ဟန်ပန်ထယ်ဖို့နေနေသာသာ…အဖေ့ရဲရဲအိင်္ကျီကာကီရောင်အနွမ်းကို တံဆိပ်ဖြုတ်ပြီး တရုတ်ပိတ်ထမီအနွမ်းထဲထိုးခေါက်ထည့်ပြီးဝတ်ထားရတယ်။
ထမင်းအိုးကျက်တော့..မောင်လေးညီမလေးတွေကိုမျက်နှာသစ်ခိုင်းပြီး သနပ်ခါးခဲတစ်မတ်တန်နဲ့ကျောက်ပျဥ်ကြမ်းပေါ်ရေတောက်ပြီးသွေးလိမ်းခိုင်းထားရတယ်။ ထမင်းရည်ဇလုံထဲကိုဆားခတ်ပြီးမောင်နှမတွေအားပါးတရသောက်နေတော့ သမီးကြီးဗိုက်လည်းဟာတာတာဖြစ်လာတာနဲ့ မောင်လေး အကြီးထမင်းရည်ဇလုံထဲကထမင်းရည်လေးနှစ်ဇွန်းသုံးဇွန်းတောင်းသောက်ရတယ်။ ကျန်နေတဲ့မောင်အငယ်နဲ့ညီမလေးကလည်းသူတို့ဇလုံလေးတွေထိုးပေးလို့ တစ်ယောက်ဆီကတစ်ဇွန်း နှစ်ဇွန်းနဲ့ သမီးကြီးတင်းတိမ်လိုက်ရတယ်။
မနက်ဆယ်နာရီထိုးပြီ။ အဖေကြီးဒီနေ့အချုပ်ကင်း၃ရက်မြောက်တဲ့နေ့ ဒီနေ့အဖေကြီးအချုပ်ထဲကထွက်လာရမှာ။နေ့ခင်း၁နာရီလောက်ကျမှ အဖေကထွက်လာရမှာ။ သမီးကြီးဟါ..အဖေကိုမျှော်နေရင်း ဉာဏ်မှီသလောက်စဥ်းစားကြည့်တယ်။ အချုပ်ထဲရောက်နေတဲ့အဖေက..သူထွက်လာရင်..စျေးဖိုး ရှာပေးမယ်တဲ့..ဘယ်လိုရှာပေးမှာလဲ…အဖေလည်းဒီနယ်မြို့လေးကျွမ်းကျင်သေးတာမဟုတ်ဘူး။ဘယ်လိုနည်းနဲ့ပိုက်ဆံသူရှာမှာလဲ။ အမှန်က သမီးကြီးစိတ်သက်သာရအောင်ဖအေပီပီစိတ်ခွန်အားပေးလိုက်တာနေမှာ၊ သူအချုပ်ကထွက်လာတော့ရော..သူလည်းဗိုက်ဆာလာမှာပဲလေ။ သမီးကြီးဟာဒီအတွေးကိုနေ့ခင်းဖြစ်ဖို့၁၁နာရီမှတွေးမိတယ်။ ဗိုက်တွေကဆာပြီ။ ထမင်းရည်လောက်သောက်ပြီး…ကလေးပီပီအဆော့မက်တဲ့မောင်ညီမငယ်တွေလည်းဆာလောင်နေလောက်ပြီ။ သမီးကြီးဟာ..ဘာမှမတွေးတတ်တော့ပဲ..လျှော်ရမယ့်မောင်လေးညီမလေးအဝတ်တွေကိုသံဇလုံထဲထည့်ပြီး၊..မိုးရေဖွားဖွားထဲခမောက်ဆောင်းပြီး..သောက်ရေကန်နဲ့သွယ်ထားတဲ့သံပိုက်လိုင်းကြီးအောက်က သစ်သားပြားခင်းထားတဲ့တံတားမှာ..အရင်နေ့ကအကျန်ဆပ်ပြာကြမ်းတုံးလေးနဲ့အဝတ်တွေကိုထိုင်ထိုင်ပွတ်ပြီးလျှော်နေမိတယ်။ ဆပ်ပြာအမြုပ်တွေများသွားတဲ့အိင်္ကျီတစ်ထည်ကိုဆပ်ပြာမတိုက်ရသေးတဲ့ နောက်အိင်္ကျီတစ်ထည်ဆီကူးသွားအောင်ပူးပြီးဆောင့်လျှော်လိုက်တယ်။ မိုးတွေကတစ်အားသည်းလာပြီ။ သမီးကြီးရင်ထဲလည်းဗိုက်ဆာတာနဲပေါင်းပြီး မျက်ရည်တွေကကျချင်လာပြီ။ ဝမ်းနည်းလိုက်တာ။ ဘာကိုဝမ်းနည်းမိပါလိမ့်။
ရွယ်တူမိန်းကလေးတွေလိုဘဝမျိုးနဲ့မတူတဲ့မိမိ
ဘဝကိုလား
အချိန်နဲ့အခါနဲ့..ထမင်းဟင်းကိုသူများမိသားစုတွေလိုချက်ပြုတ်ပြီးမကျွေးနိုင်လို့ ဗိုက်ဆာတာတောင်အစ်မကြီးကိုကြောက်လို့မပြောရဲကြရှာတဲ့ မောင်လေးညီမလေးတွေကိုသနားမိလို့လား
သူ့မှာပိုက်ဆံမရှိတော့တာကိုသမီးကြီးစိတ်အားငယ်မှာစိုးလို့ အဖေကြီးထွက်လာရင်ပိုက်ဆံရှာပေးမယ်လို့တမင်နှစ်သိမ့်ပေးလိုက်တဲ့အဖေ့ကိုသနားလို့လား
မျက်ရည်တွေကခမောက်အဖျားကနေကျလာတဲ့မိုးရေတွေနဲ့အပြိုင်..တစ်ဖြိုင်ဖြိုင်ကျနေတယ်။
“ဟင်….”
“ပုဇွန်ဆိတ်ကလေးတွေ”
သမီးကြီးဟာ..မျက်ရည်များကနေမပီမပြင်မြင်လိုက်ရတဲ့..သောက်ရေကန်နဲ့သွယ်တန်းထားတဲ့သံရေပိုက်လိုင်းထဲကနေ ကျလာတဲ့ရေတွေနဲ့အတူရောပါလာတဲ့ပုဇွန်ဆိတ်ကြည်ကြည်လေးတွေကိုအံ့အားအသင့်ကြီးသင့်ပြီး ကြည့်နေမိတယ်။ ပုဇွန်ဆိတ်လေးတွေကခုန်ဆွ ခုန်ဆွ အိုးးးးးး
သမီးကြီးဝမ်းနည်းဗိုက်ဆာငိုကြွေး အဝတ်လျှော်နေရာက ချက်ချင်း ပျော်သွားတယ်။ ပါးပါးအသားပါတဲ့အိင်္ကျီစတစ်ထည်ကို..သံပိုက်လိုင်းအောက်ကနေဖြန့်ပြီးခံလိုက်တယ်။ ပုဇွန်ဆိတ်တွေ အလုံးလိုက်အရင်းလိုက်ခုနိပေါက်ဝင်လာကြတာ တစ်ခဏနဲ့..အိင်္ကျီတစ်ထုပ် ရလိုက်တယ်။ သမီးကြီးဟာ..လျှော်လက်စအဝတ်တွေကိုသံဇလုံထဲပြန်ပြီးထိုးသိပ်ထည့်ပြီး မိုးရေတွေထဲမှာပဲ..ပုဇွန်ဆိတ်ထုပ်ပါတဲ့အိင်္ကျီထုပ်ကိုပွေ့လို့..အိမ်ပြန်လာခဲ့တယ်။
ချက်ချင်း အဝတ်အစားတွေလဲ ပြီး။ မီးဖိုထဲမွှေနှောက် မီးအကြွင်းအစများရှိနေသေးလားပေါ့။ ကံကောင်းထောက်မပြီး. မီးခဲရဲရဲတွေပြာစအောက်မှာကျန်နေသေးတယ်။ ထင်းချောင်းတွေအသာစုပြီးမီးကိုမှုတ်ပြီးပြန်မွှေးလိုက်တယ်။
ပုဇွန်ဆိတ်တွေကိုဒန်အိုးလေးထဲထည့်ပြီးအဖုံးပိတ်ပြီးလှော်ခလှောက်လိုက်တယ်။ ပုဇွန်လှော်အနံ့သင်းသင်းကြောင့်မောင်လေးညီမလေးတွေအနားမှာဝိုင်းလာတယ်။ အချုပ်ကင်းဘက်ကသံချောင်းခေါက်သံက ၁၂နာရီတိတိ။
မနေ့ညနေက ကျန်နေသေးတဲ့ငါးပိဖျော်ရည်ထဲ ဆားထည့်ထပ်ပြီးရေနွေးအဖြူထပ်ရောလိုက်တယ်။ ငရုပ်မှုန့်နဲနဲကျန်တာလေးထည့်မွှေလိုက်တော့ ငါးပိရည်တစ်ခွက်ဖြစ်သွားပြီ။
ရဲစခန်းနောက်ကျောဘက်ကလယ်ကွင်းစပ်မှာ ပိတောက်စပ်အပင်တွေ၊ဉာဏ်ရွက်အပင်တွေ ပြေးပြီးခူးနှုတ် ရေနွေးဖျော၊
စာကလေးခြေထောက်အပင်လေးတွေ ဖားကပေါင်အပင်လေးတွေနဲ့ရေသရက်ကင်းအပင်ပေါက်လေးတွေဒီအတိုင်းရေစင်စင်ဆေးလို့ ထမင်းအိုးအဖုံးပေါ်တင်ပြီး။
ထမင်းစားပွဲခုံပေါ် နေရာချလိုက်တယ်။
အလယ်မှာ ပုဇွန်ဆိတ်လှော်မွှေးမွှေး တစ်ပန်းကန်နဲ့ငပိရည်ဖျော်၊ တို့စရာ အရွက်အစုံနဲ့.. ထမင်းဝိုင်းဘေးမှာ မောင်ညီမလေးတွေနဲ့သမီးကြီးကို
အချုပ်ကင်းက အိပ်ရာလိပ်ကိုပိုက်ပြီးပြန်ရောက်လာတဲ့အဖေကြီးမျက်နှာက ပြုံးပြုံးကြီးကြည့်ပြီးဝင်းလို့
ဆယ်ကျော်သက်အရွယ်က ရှိုက်ရှိုက်ပြီးဝမ်းနည်းစွာငိုကြွေးခဲ့ဖူးသောနေ့တစ်နေ့ကိုပြန်လည်သတိရစွာရေးဖွဲ့ပါသည်။
#ဝါလှဖြူ(ရွက်ဝါရင့်ရင့်)