ပုရွက်ဆိတ် နဲ့ နှံကောင်(စ/ဆုံး)
—————————-
” အစ်မ ကြက်ကုန်းဘောင်တစ်ပွဲ ပြန်ဝင်ယူမယ်နော် ”
” အေး အေး ညီမရေ ၊ နောက်နာရီဝက်လောက်မှ ပြန်လာခဲ့နော့ ”
” ရတယ် အေးဆေး ”
အမျိုးသား နဲ့ ပိုးပိုးက. တစ်ဖက်ဆိုင်မှာ မုန့်ဝယ်နေတော့ သူတို့ဆီ သွားဖို့ ခြေလှမ်းတုန်း
” ဟဲ့ နင် ပဲပဲ မဟုတ်လား ”
ကိုယ့်ကို ပုခုံးချင်းတိုက်ပြီး တရင်းတနှီး ပြုံးပြမေးလာတဲ့သူမကို ကြည့်ပြီး ကိုယ်က. သိပ်မမှတ်မိဘူး ဖြစ်နေတယ် ။ ခုတလော မှတ်မိချင်တာတွေကျတော့လည်း ခရေစေ့တွင်းကျ အကုန်မှတ်မိပြီး မေ့တာတွေလည်း များလာတယ် ။ တခါတလေ ရုတ်တရက် စဥ်းစားမရပဲ တော်တော်ကြာမှ ဘာအကြောင်းမှ မရှိပဲ ရုတ်တရက် ပြန်မှတ်မိနေတာမျိုး ဖြစ်နေတယ် ။ သူမကိုလည်း စိတ်က ရင်းနှီးသလို ရှိပေမယ့်
သူမက. ဘယ်သူလဲ ၊ ကိုယ်နဲ့ ဘယ်မှာဆုံဖူးတာလဲ ၊ ဘယ်လောက်ထိရင်းနှီးခဲ့သလဲ ။ လုံးဝစဥ်းစား မရတော့ ။
သူမ က. ကိုယ့်အခြေအနေကို သဘောပေါက်တယ်ထင်ပါတယ် ။
” ငါ မပန်းလေ ၊ နင့်ပုံပြင်နားထောင်ပြီး ပုရွက်ဆိတ်ကို လင်တော်ခဲ့တာလေ ”
” သြော် မပန်း မပန်း သိပြီ မှတ်မိပြီ ဒီကို အလည်လာတာလား ”
” နင့်အမေကြီး အလည်လာရမှာလား အဲ့သလောက်ပိုက်ဆံပေါမနေဘူး ”
” အချိန်ရလား မတွေ့တာနှစ်မနည်းကြာပြီ စကားပြောရအောင်လေ ”
” ကောင်းသားပဲ ”
ကိုယ်တို့နှစ်ယောက် နီးရာထိုင်ခုံမှာ ဝင်ထိုင်ကြတယ် ။ ကိုယ့်အမျိုးသားရောက်လာတော့
” ဒါ ငါ့အမျိုးသားလေ ။ ဒါက ငါ့ရဲ့ပြောမကောင်း ဆိုမကောင်းတစ်ဦးတည်းသော သမီးလေး ။
ကိုရဲ့ ဒါ ညီမ သူငယ်ချင်းလေ ။
ညီမ. ဒီမှာ ခဏနေခဲ့မယ် ၊ ကိုတို့ပဲ မုန့်သွားဝယ်လိုက်တော့နော် ။ ဒီမှာလည်း နာရီဝက်စောင့်ရမှာ ။ ပိုးပိုး နေခဲ့မလား ”
” ဟင့်အင်း ပါးပါးနဲ့ လိုက်မှာ ”
” ကြွ ”
ကိုယ့်အမျိုးသား နဲ့ ပိုးပိုးတို့ထွက်သွားတော့မှ
” နေဦး ငါ ပါဆယ်မှာလိုက်ဦးမယ် ”
သူမ. ကောင်တာမှာ ပါဆယ် သွားမှာတယ် ။
* * *
ကိုယ် ၉ တန်း ကျောင်းသူဘဝတုန်းက မနက် ကျောင်းတက်ပြီး ညနေပိုင်းမှာ ပဲကတ္တီပါ နဲ့ စားတော်ပဲပြုတ်ကို ရောင်းခဲ့တယ် ။ ထုံးစံအတိုင်း လမ်းမှာတွေ့တဲ့ ဘဝတူ ဈေးသည်တွေနဲ့ မျက်မှန်းတန်းမိပြီး ပြုံးပြကြ ၊ တစ်ယောက်နဲ့ တစ်ယောက် ဒီနေ့ ဈေးရောင်းကောင်းလား မေးကြနဲ့ ခင်မင်ကြတယ် ။ ရောင်းကုန်ကို အစွဲပြုပြီး မ. / ဒေါ် တပ်ခေါ်ကြတယ် ။ အဲ့လိုတွေကြောင့်လည်း ခင်တာကြာပေမယ့် နာမည်အရင်းကို မသိကြတာများတယ် ။ သူမနဲ့ ကိုယ်လည်း တစ်လမ်းထဲကို မျက်နှာချင်းဆိုင် ဝင်မိပြီး ဈေးရောင်းကြရင်း သိကြတယ် ။ အဲ့ဒီနေ့က. ရောင်းကုန်ကို ပြိုင်တူအော်ရောင်းတော့ အသံရောလို့ နှစ်ယောက်သား ရယ်ရင်း သိကြတာ ။ နောက်ကျတော့ ခဏခဏဆုံကြရင်း လမ်းထိပ်အုတ်ခုံမှာ ခဏအမောဖြေထိုင်ကြရင်း ရင်းနှီးလာတယ် ။ တခါတလေ သူမက. ကိုယ့်ကိုတမင်စောင့်နေတာမျိုးလည်း ရှိတယ် ။ ကိုယ်က. ကျောင်းတက်ရင်း ဈေးရောင်းနေတာကို သိတဲ့ သူမက.
” နင်ကမှ ဈေးသည်ဘဝက. လွတ်ဖို့လမ်းရှိသေးတယ် ။ ငါတော့ ေ သ သည်အထိ ပန်းရောင်းစားနေရဦးမှာ ဒီဘဝတော့ ဈေးတောင်းခေါင်းပေါ်က. ချရပါ့မလား မသိတော့ပါဘူး ”
တဲ့ ။ သူမ က. သူငယ်တန်းတောင် မတက်ဖူးပဲ ရှစ်နှစ်အရွယ်ကတည်းက. သူမအမေနဲ့အတူ ပန်းလိုက်ရောင်းရတယ် ။ နောက် သာမာန်ရပ်ကွက်ဆိုတာထက် ပျံကျရပ်ကွက်တွေမှာအတွေ့များတဲ့မိသားစုတွေရဲ့ထုံးစံအတိုင်း အမေဖြစ်သူက ကလေးတွေ တစ်ယောက်ပြီး တစ်ယောက်မွေးတော့ သူမက.ဘဝပေးအသိကြောင့် ငယ်ငယ်လေးနဲ့ ဈေးတောင်းခေါင်းရွက် ဈေးသည်ကြီးလုံးလုံးဖြစ်သွားရတယ် ။ ကိုယ်နဲ့တွေ့တိုင်း တစ်နေ့တာ ကျောင်းမှာ ကြုံတွေ့လာတာတွေကို မေးတယ် ။ ဆရာမ အိမ်စာလုပ်ခိုင်းတာကို မလုပ်မိလို့ အရိုက်ခံရတာ ၊ စာမရလို့ အရိုက်ခံရတာ တွေကို ပြောမိရင်
” ပဲပဲရယ် ငါနဲ့ နေရာချင်းလဲလိုက်ချင်တယ် ။ ငါသာဆို အရိုက်မခံရအောင် စာကို ကြိုးစားလုပ်မှာ ”
” နင်ကလည်း စာအများကြီးဆိုတော့ ငါလည်း ဘယ်ပြီးမလဲ ”
” နင့်စာလုပ်ရတာ ဈေးရောင်းတာလောက် ပင်ပန်းလို့လား ၊ နင်ကိုက. အပျင်းကြီးတာ ”
” တော်ပြီ ပြန်တော့မယ် ငါ အိမ်စာလုပ်ရဦးမယ် ”
” နင်ကလည်း စိတ်မဆိုးပါနဲ့ ငါက. စေတနာနဲ့ ပြောတာပါ ။ ရော့ နင့်အတွက် သင်္ချာတွက်လို့ရတယ်တဲ့ သင်္ချာစာအုပ်ဝယ်လာပေးတယ် ”
” အာ မယူပါဘူး ၊ ငါ့အမေက. ငါတို့အတွက် ဝယ်ပေးထားပြီးသား သေတ္တာထဲအပြည့်ရှိတယ် ။ နင့်ညီမတွေဖို့ သိမ်းထား ”
” ယူပါဟာ နင့်ကိုပေးချင်လွန်းလို့ ငါ
မုန့်မစားပဲ စုထားရတာ ။ နင်တို့စာအုပ်တွေကလည်း ဈေးကြီးလိုက်တာဟာ
တစ်အုပ် နှစ်ရာ့ငါးဆယ်တောင် ပေးရတယ် ၊ အဟောင်းဆိုင် ပြန်ရောင်းတော့ တစ်ဆယ်တောင် မရဘူး ”
” အဲ့ဒါကြောင့် မဝယ်ပါနဲ့လို့ ပြောတာပေါ့ ”
” အေးပါ နောက်မဝယ်တော့ဘူး ခုတော့ ယူသွားနော် ”
ကိုယ်က. ခေါင်းခါတော့
” ပဲရောင်းပြီး ပဲများမနေနဲ့ကောင်မရဲ့
အဲ့ဒါအကောင်းစားတဲ့ ”
” အေးပါ ပေး ပေး နောက် ဝယ်မလာနဲ့ ”
ဘယ်လိုပြောပြော ရေမွှေးဘောလ်ပင် ၊ လျှောက်လွှာစာရွက် ၊ ဗလာစာအုပ် ကြုံရင် ကြုံသလို ဝယ်လာပြီး ကိုယ့်တောင်းထဲ သိအောင်တစ်မျိုး မသိအောင်တစ်မျိုး ထည့်ပေးတတ်တယ် ။ ကိုယ်က. သူမကို ပိုက်ဆံ ပြန်ပေးလည်း မယူတော့ မုန့်ဝယ်ကျွေးတယ် ။
တခါမှာတော့ အတန်းထဲ ဆရာမ မလစ်လို့ ခိုးမစားလိုက်ရတဲ့ သကြားလုံး ကို ညနေဈေးရောင်းချိန် သူမအတွက် ယူသွားလိုက်တယ် ။ ခါတိုင်းလို အုတ်ခုံမှာ ထိုင်ရင်း
” ရော့ ”
” ဘာလဲ ”
” သကြားလုံးလေ မမြင်ဘူးလား ”
” သကြားလုံးများ ထူးဆန်းလုပ်လို့ ”
” အမယ် အဲ့ဒါနယ်နယ်ရရသကြားလုံးထင်နေလား ။ ငါတို့ကျောင်းက မုန့်ဈေးတန်းမှာရောင်းတဲ့သကြားလုံး စားရခဲတယ် ၊ စားဖူးတယ် ရှိအောင် စားကြည့် ”
ဘာရယ်မဟုတ် ကိုယ်က. နောက်ပြောင်ပြောလိုက်ပေမယ့် သူမက. ကိုယ့်လက်ထဲကသကြားလုံးကို တယုတယယူပြီး စားတယ် ။ ပြီးတော့ သကြားလုံး ကို မြုံရင်း ပြုံးပြုံးကြီး နဲ့
” ငါလေး တယ်ကံကောင်းသူပါလား ဟဲ့ ။ အထက်တန်းကျောင်းကြီးကမုန့်ဈေးတန်းမှာ ရောင်းတဲ့မုန့်ကို စားဖူးတယ် ၊ နည်းတဲ့ကုသိုလ်လား နော့ ဟယ် ”
သူမ စကားကြောင့် မုန့်ချင်းအတူတူ ကျောင်းမုန့်ဈေးတန်းက မုန့်ကို ပိုနှစ်သက်တဲ့သူမအတွက် ကိုယ်က. ကျောင်းမုန့်ဈေးတန်းမှာ ရောင်းတဲ့မုန့်ကို ပဲ ဝယ်ကျွေးတော့တယ် ။ သူမကလည်း ကျောင်းမုန့်ဈေးတန်းကဆိုတာနဲ့ ဝမ်းသာအားရစားတယ် ။ တခါတလေ သူမက.ကိုယ့်ကို ပိုက်ဆံပေးပြီး ကျောင်းမုန့်ဈေးတန်းမှာရောင်းတဲ့မုန့်ကို ဝယ်လာပေးပါလို့ တကူးတက မှာတတ်ပြန်တယ် ။
အဲ့လိုနဲ့ ကိုယ် ပထမအစမ်း စာမေးပွဲ ဖြေဖို့ စာကျက်မှာမို့ ဈေးရောင်း နားလိုက်တယ် ။ အင်္ဂလိပ်ဘာသာ ဖြေပြီး နောက်နေ့သင်္ချာမို့ အာရုံစိုက်တွက်နေချိန်မှာ ကိုယ့်အမေက. ခဏခဏခေါ်ခိုင်းလို့
” အာ အမေကလည်း အားနေခေါ်ခိုင်းနေတာပဲ စာက မရပါဘူးဆိုနေမှ ။ သွားမယ် ဟိုဘက်အိမ်ကို ”
လိုတဲ့စာအုပ်တွေယူပြီး ခေါင်းရင်းကကြီးကြီးအိမ်မှာ စာပြန်နွှေးနေလိုက်တယ် ။ ကိုယ်က. ဉာဏ်ကောင်းသူတစ်ယောက်မဟုတ်တော့ စာတစ်ပုဒ် ကို အချိန်ယူပြီး အထပ်ထပ်လေ့ကျင့်မှ မှတ်မိတယ် ၊ အနီးအနားမှာ ဆူညံနေတာမျိုး ဆိုလည်း စာထဲ လုံးဝအာရုံစိုက်မရတဲ့သူ ။ ညနေစောင်းတော့ စာတွေအားလုံးနွှေးပြီးလို့ အိမ်ဘက်ပြန်လာတယ် ။ သူမ ကို တွေ့တော့
” မပန်း နင် ဘယ်တုန်းကရောက်နေတာလဲ ”
” ခုတင်ရောက်တာ နင် ဈေးမရောင်းတော့ဘူးလား ”
” ရောင်းမှာလေ စာမေးပွဲ ရှိလို့
ငါ့အမေက. နားခိုင်းထားလို့ ”
ပဲပြုတ်အိုး ကို မီးထိုးနေတဲ့
ကိုယ့်အမေရဲ့ကျောပြင်ကို ကြည့်ပြီး
သူမက
” ငါလည်း အဒေါ့်သမီးဖြစ်ရင် ကျောင်းနေရမှာနော် ”
အဲ့ဒီနေ့က. ကိုယ့်အမေရဲ့ဖိတ်ခေါ်မှုကြောင့် ကိုယ့်အိမ်မှာ သူမ. ထမင်းစားတယ် ။ ကိုယ့်အမေက. ဧည့်သည်ဆို
လူမရွေး ဧည့်ဝတ်ကျေသူမို့ သူမ
အရမ်းပျော်နေခဲ့တယ် ။ ထမင်းစားပြီးတော့ ကိုယ့်အမေက
” အကြီးမ. ခဏနေ ဆေးသောက်ဖို့ မမေ့နဲ့ ၊ ငါ မစန်းတို့အိမ် ခဏသွားမလို့ ။ နင့်ညီမတွေ လာရင် ထမင်းစားနှင့်ကြလို့ ကြားလား ”
” ရက်စ် မာမီ ၊ လမ်းမှာ ဟိုငေးဒီငေး
မငေးနဲ့ အတင်းပြောမယ့်အိမ်ကို တည့်တည့် ရောက်အောင်သွား ၊ အတင်းသတင်းအစုံဖလှယ် ပြီးမှ အေးဆေးပြန်လာနော်”
” ကောင်မ. မအေကို ”
ကိုယ့်အမေက. အပြင်ထွက်ခါနီး ကိုယ်ပြောတဲ့စကားကြောင့် ကျောက်စည်နဲ့ နီးတော့ ကျောက်စည်ထဲ က. ရေခွက် ကိုယူပြီး ကိုယ့်ကို လှမ်းပေါက်တယ် ။ ကိုယ်က. မထိအောင်ရှောင်ပြီး
” အဲ့ဒါပဲ လူတွေက. မှန်တာပြောရင်
လုံးဝမကြိုက်ဘူး အမှန်တရား က.
ခါးတာကိုး ”
” – – – ”
ကိုယ့်အမေက. ကိုယ့်ကို ဆဲပြီး ထွက်သွားတယ် ။ သူမက.
” နင့်အမေက. ချစ်စရာကြီးနော် ”
” နင်ကလည်း အမေတိုင်း ချစ်ဖို့ကောင်းတာကို ”
” ငါ့အမေက. ချစ်ဖို့မကောင်းဘူး ”
သူမရဲ့ စကားသံက အဖျားခတ်တုန်ရီနေတော့
” နင် ပုံပြင် နားထောင်မလား ”
” နင်က. ပုံပြောတတ်လို့လား ”
” ငါ့များ အထင်သေးလို့ ”
” နင်တို့ သင်ရတဲ့စာတွေ ပြောပြပါလား ”
ကိုယ်လည်း ကျောင်းမှာ သင်ခဲ့ဖူးတဲ့ ပုံပြင်တွေနဲ့ စာတွေအကြောင်း ပြောလိုက် ပဲပြုတ်ဝယ်သူလာရင် ရောင်းလိုက်နဲ့
ကိုယ့်ညီမတွေလည်း ပြန်လာပြီး မှောင်လာတော့
” နင် အိမ်မပြန်သေးဘူးလား ”
” ပြန်မယ်လေ ”
” နင့်ကို ငါတို့ လိုက်ပို့မယ် ”
” နေ နေ ငါ့ဘာသာ ပြန်မယ်
နောက်မှ တွေ့မယ် ”
” မှောင်နေပြီ ဖြစ်ရဲ့လား ”
” ပြန်နေကျ ”
” ပြီးရော ”
ကိုယ် စာမေးပွဲဖြေပြီး ပုံမှန်ဈေးရောင်း ပြန်ထွက်တယ် ။ သူမနဲ့ အုတ်ခုံမှာ ထိုင်စကားပြောတိုင်းမှာ ကိုယ့်အမေက ကိုယ်တို့ ကို ချစ်ကြောင်း ၊ ဂရုစိုက်ကြောင်း သူမလည်း ကိုယ့်အမေရဲ့သမီးဖြစ်ချင်ကြောင်း ပြောတယ် ။
ဒီလိုနဲ့ ကိုယ် အတန်းတင်စာမေးပွဲ ဖြေပြီး မနက် ညနေ နှစ်ခေါက် ဈေးထွက်ရောင်းတယ် ။ သူမနဲ့ တွေ့ချိန် ပိုများပြီး ပိုခင်လာတယ် ။ အောင်စရင်းထွက်တော့ ကိုယ် အောင် တဲ့အကြောင်း သူမကို ပြောပြတော့ သူမက. ကိုယ့်ထက်ကို ပျော်နေခဲ့တာ ။ ကိုယ် ဆယ်တန်း ရောက်တော့လည်း မနက် ကျောင်းတက် ညနေ ဈေးရောင်းနဲ့ အချိန်တွေက ပုံမှန်လည်ပတ်နေခဲ့တယ် ။ ကိုယ် နဲ့ သူမ က ရုပ်ရည်အသင့်အတင့်ရှိသူ အရွယ်မရောက်တရောက် မိန်းကလေးတွေမို့ ကြိုက်သူ ပိုးသူတွေ ရှိပြီး
သူမက. သူမ ရတဲ့ စာတွေကို ကိုယ့်ကို ဖတ်ပြခိုင်းတယ် ။( ကိုယ်ကလည်း ကျောင်းစာသာ စိတ်ဝင်စားမှု နည်းရင် နည်းမယ် ၊ အဲ့လိုစာမျိုးဆို စိတ်ဝင်စားမှုက အပြည့်ဆိုတော့ သူမ ရတဲ့စာတွေကို
မငြိီးမငြူအချိန်ပေး ဖတ်ပြရုံမကဘူး ကျောင်းမှာ လမ်းမှာ ကိုယ်ရခဲ့တဲ့စာတွေကိုလည်း ကိုယ့်အမေ မသိအောင် ရေအိမ်ထဲ ဝင်ပြီး အချိန်ပေး ဖတ်ခဲ့တာ ။ )
” ဟဲ့ နင် ဖြိုးမောင် နဲ့ ဝင်းဦးကို ဘယ်လိုမြင်လဲ ”
” ငါက. ဘာကိုမြင်ရမှာလဲ ”
” နင်ကလည်း သိသားနဲ့ ”
မသိသူ ကို မတတ်သူက. ဆရာ လုပ်နေကျ မဟုတ်လား ။ ဘာမှမသိသူကို နှမ်းစေ့လောက် သိသူက. ဆရာ လုပ်လည်း ဘာမှမသိသူက. အဟုတ်ကြီး မှတ် အထင်ကြီးလေတော့
ကိုယ်လည်း မဖြစ်စလောက်အသိ ( ဉာဏ် ) လေးနဲ့ အကြံပေးဆရာမကြီး လုပ်ခဲ့တယ် ။
” အဟမ်း ”
” ပြောစမ်းပါ နင်ကလည်း ”
” ငါ ပြောမယ်နော် နင်က. စနေသမီး ”
” အေးလေ အဲ့ဒါ ဘာဖြစ်လဲ ”
” နေ့နာမ် အရ. ကြည့်ရင် ဖြိုးမောင်က. ကြာသပတေးသား စနေ နဲ့ ကြာသပတေး က. လုံးဝအိမ်ထောင်ဖက် မဖြစ်နိုင်ဘူး ။ ဝင်းဦးက. ဗုဒ္ဓဟူး စနေနဲ့ ဗုဒ္ဓဟူး ရူးတာတောင် ထမင်းမငတ်ဘူး တဲ့ အိမ်ထောင်ဖက် စီးပွားဖက် ”
ကိုယ့်ရဲ့ အပြောကြောင့် သူမ. ဝမ်းသာနေပြီး ကိုယ့်ကို အရမ်းကိုအထင်ကြီးသွားတယ် ။
” ဆက်ပြောလေ ”
” နောက်တစ်ခုက. ဖြိုးမောင် က. နှံကောင်လို ပေါ့ပေါ့နေ ပေါ့ပေါ့စား အလုပ်ကိုလက်ကြောမတင်းဘူး ။
ဝင်းဦးက. ပုရွက်ဆိတ်လို ကြိုးစားပြီး စုဆောင်းတတ်တယ် ။ နင့်ကို ငါ ပြောဖူးတယ်လေ ပုရွက်ဆိတ် နဲ့ နှံကောင် ပုံပြင် ”
” အင်း ”
” ကျန်တာ နင့်ဘာသာ စဥ်းစားပေါ့ ”
မကြာပါဘူး သူမ. ဝင်းဦးနဲ့ ခိုးရာလိုက်သွားတယ်လို သတင်းသဲ့သဲ့ကြားရတယ် ။
သုံးဆယ့်တစ်ဘုံမှာကျင်လည်နေကြတဲ့ သတ္တဝါတွေအားလုံးက. သံသရာစက်ဝန်းထဲ လည်ပတ်နေကြသူတွေပဲမို့
တွေ့ဆုံကြုံကွဲ ရတာ သဘာဝပဲ မဟုတ်လား ။ ကိုယ်နဲ့ သူမလည်း . သံသရာစက်ဝန်းထဲက ခရီးသွားတွေမို့ ရေစက်ကုန်လို့ မဆုံကြတော့ဘူးလို့ သတ်မှတ်ခဲ့တယ် ။ အခုတော့ တွေ့ဆုံရဖို့ အကြောင်းဖန်လာတော့ အတိတ်အကြောင်း ပြန်ပြောင်းပြောကြရင်း
” အခုက. သူ့အစ်မကို လာပြန်ခေါ်တာလေ ။ သူ့အစ်မယောက်ျား ဆုံးသွားတော့ ဆွေမရှိ မျိုးမရှိ တစ်နယ်တစ်ကျေးမှာ ကလေးသုံးယောက် နဲ့ ဒုက္ခများနေလို့ ”
” သြော် စီးပွားရေးရော အဆင်ပြေတယ်မှတ်လား ”
” ဒီလိုပါပဲဟာ ရရစားစား ။ သူက ကြိုးစားပေမယ့် နှစ်ယောက်လုပ်စာ အများဝိုင်းစားတော့လည်း ဘယ်မှာလာပြီး စုမိမှာလဲ ”
” ဘယ်လိုအများတုန်းဟ.”
” ငါ့ဘက်က. အမေ နဲ့ အဖေ ၊ အငယ်လေး ။ သူ့ဘက်က. အမေနဲ့ အဖေရယ် ၊ အခု လာပြီလေ အစ်မနဲ့ ကလေးသုံးယောက် ၊ ငါတို့မှာ က. ကလေးနှစ်ယောက် ရှာတာက. ငါနဲ့သူ နှစ်ယောက်ထဲလေ ”
” အင်း ”
ကိုယ် ( ရုတ်တရက်) ဖြိုးမောင်ကို သတိရသွားပြီး သူမကို
” နင် ငါ့ကြောင့် ဝင်းဦးကို ရွေးခဲ့တာလား မှန်မှန်ဖြေနော် ”
” ဟုတ်တယ်လို့လည်း ပြောလို့ရသလို မဟုတ်ဘူးလို့ လည်း ပြောလို့ရတယ် ။ ငါက. ဝင်းဦးကို ပိုကြိုက်နေတာလေ ၊ ဝင်းဦးကို ယူရင် ဖြိုးမောင် ထက် အားကိုးရမယ်လို့လည်း ထင်ခဲ့တယ် ။ နောက်တော့ နင့်ပုံပြင်က. ဝင်းဦးကို ရွေးခိုင်းခဲ့တာ ”
” ငါ မှားသွားတယ် ။ ငါ့ကြောင့် နင်နောင်တရနေရင် တောင်းပန်ပါတယ်ဟာ ”
” မဟုတ်တာ ငါလည်း ဝင်းဦးကို
ကြိုက်တယ်လေ ၊ နင် ဘာမှမမှားဘူးနော် သိလား ”
သူမ နဲ့ ကိုယ် နှုတ်ဆက်လမ်းခွဲပြီး အိမ်ပြန်လမ်းမှာ –
တကယ်တော့ ပုံပြင်ထဲက. ပုရွက်ဆိတ် နဲ့ နှံကောင် က. ဆွေမျိုး အသိုင်းအဝိုင်း
မရှိကြတဲ့တစ်ကောင်တည်းသမားတွေဖြစ်ပြီး အပြင်လောကမှာရှိတဲ့ ပုရွက်ဆိတ်နဲ့ နှံကောင်က. ဆွေမျိုး အသိုင်အဝိုင်း ရှိကြလို့ ပုံပြင်ထဲက အဖြစ်နဲ့ ( လွဲတာမျိုး ) ပြောင်းပြန် ဖြစ်သွားရတာပါ ။
ကိုယ့်ရဲ့ မဖြစ်စလောက်အသိသေးသေးလေးနဲ့ အပေါ်ယံ ကြည့်ပြီး ဝေဖန်မှု ပြုခဲ့တဲ့အကြီးမားဆုံးအမှားကတော့
ဖြိုးမောင် က. ဗုဒ္ဓဟူးသား ပါတဲ့ ။ ( ဒါကလည်း တခြားသူနဲ့ စကားစပ်ရင်း သိလာခဲ့ရတာပါ ) ။ သူမကသာ ဒါကိုသိခဲ့ရင် ဘယ်လိုနေမလဲ ။ ကိုယ်တော့ သူမကို မသိစေချင်ပါဘူး ။ နောက်ပြီး
ဖြိုးမောင် က. သူ့သူငယ်ချင်း ယောက်ဖရဲ့ အကူအညီနဲ့ ဂျပန်ကို သွားခဲ့ပြီး ခုဆိုရင် အဆောင်ဖွင့်ထားတယ် ၊ သူ့အိမ်က နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး အောက်ထပ်မှာ ကုန်စုံဆိုင် ဖွင့်ထားတယ် ။ အရင်လိုပဲ နှံကောင် လုပ်နေတုန်း ။
တခြားသူကို ပုရွက်ဆိတ်နဲ့ နှံကောင် ပုံပြင်နဲ့ ဥပမာပေး အိမ်ထောင်ဖက်ရွေးခိုင်းခဲ့ပြီး ကိုယ်တိုင်က. နှံကောင်လို ယောက်ျားကို ယူထားတော့ လိပ်ပြာမလုံသလို ခံစားရပါတယ် ။
ကိုယ်ယူထားတဲ့ နှံကောင်က.
ပုံပြင်ထဲက နှံကောင်လို တစ်ကောင်တည်းသမား မဟုတ်ဘူးဆိုတော့
ကိုယ့်အတွက် အဆင်ပြေပါတယ် ။
တကယ်တော့ ပုံပြင်ဆိုတာ မှတ်သားစရာ တစ်ခုဖြစ်ပြီး လက်တွေ့လောကမှာ ပုံပြင်မှာပါတဲ့ သင်ခန်းစာကို ယူသင့်သလောက် ယူ ၊ အခြေအနေအရပ်ရပ်ပေါ်မှုတည်ပြီး အတွေ့အကြုံ နဲ့ တခြားသင်ယူမှတ်သားထားတဲ့သင်ခန်းစာတွေကိုပါ ရောနှောပြီး ဉာဏ်ကူ လုပ်ဆောင်ရတာမျိုး မဟုတ်လား ။
( ပြီးပါပြီ ။ )
ဖြစ်ရပ်တစ်ခုကို အခြေခံ ၍ ရေးသားခြင်းဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်း မရှိပါ ။ လိုအပ်ချက်များ ရှိပါက. စာရေးသူ၏ အားနည်းချက် ဖြစ်သောကြောင့် နားလည်ပေးပါရန် အထူးတောင်းဆိုပါသည် ။ စာရေးသူအသုံးပြုသော နာမည်များသည် စာဖတ်သူ ၊ စာဖတ်သူ၏ မိသားစု မိတ်ဆွေ သူငယ်ချင်းများ၏အမည်များနှင့် တူညီနေပါက. နားလည်ပေးပါရန် တောင်းဆိုပါသည် ။
ကြွယ်ကြွယ်