သူဌေးစာ

 သူဌေးစာ(စ/ဆုံး)


————-

“””၃၀၀ တော့လုပ်ပေါ့ ကိုမြတ်ထွန်းရာ ၁၀၀ လောက်တိုးပေးရတဲ့ဟာကို ငွေတစ်ရာက ခင်ဗျားအတွက် ဘာမှမဖြစ်လောက်ပါဘူး””

ကျော်ဝေ က လက်ထဲမှကုန်ခါနီး ဖက်ကြမ်းဆေးလိပ်ကို မရရအောင်ကပ်သောက်ရင်း လေးတိလေးကန်ပြောမိသည်..

ကိုမြတ်ထွန်းကခေါင်းငုံ့ကာ ဂဏန်းပေါင်းစက်ကို တဂျောက်ဂျောက်နှိပ်နေရာမှ မျက်မှန်ပေါ်မှကျော်လျက် သူ့ကိုလှမ်းကြည့်သည်..ခနသာမော့ကြည့်ပြီး ဂဏန်းပေါင်းစက်ပေါ် ပြန်ခေါင်းငုံ့နေရင်းမှ…

“””ကိုကျော်ဝေရာ ခင်ဗျားလဲသိရက်သားနဲ့ ကျွန်တော်တို့က ဆန်ကိုပြည်ခေါက်ခွက်ခေါက် လက်လီစိတ်ရောင်းတဲ့သူတွေမဟုတ်ဘူးဗျ လက်ကားရောင်းရတာ တစ်အိတ်မှ မဖြစ်စလောက်အမြတ်ရတာလေ အလုပ်သမားခတင် ၃၀၀ ဆို ဘာကျန်တော့မလဲဗျ ကားခကလဲ ရှိသေးတယ်လေ””

မျှော်လင့်ပြီးသားစကားတွေမို့ ကျော်ဝေကဆက်နားမထောင်ချင်တော့ပဲ သက်ပြင်းတစ်ချက်သာချလိုက်မိသည်..

“””တိုးများပေးလို့ရရင် ခင်ဗျားတို့တောင်ပြောစရာမလိုဘူး ကိုယ့်လူတွေကို ဝမ်းသာအားရတိုးပေးမှာ ခင်ဗျားတို့နဲ့ကျွန်တော်လက်တွဲလာတာ ဘယ်လောက်တောင်ကြာပြီလဲဗျာ ကျွန်တော့လောက် ခင်ဗျားတို့အပေါ်စေတနာထားသူ ရှိပါဦးမလား”””

ကိုမြတ်ထွန်းက ဂဏန်းပေါင်းစက်မှ မျက်နှာမခွာပဲ ပါးစပ်ကတောက်လျှောက်ပြောနေသည်..ကျော်ဝေရှေ့တွင် အင်္ကျီဗလာဖြင့် ဆေးလိပ်ထိုင်သောက်နေသော ဇော်ဇော်က “ပြောမနေပါနဲ့ဗျာ”ဟူသောအမူအရာဖြင့် မသိမသာခေါင်းရမ်းပြသည်..သူက သက်ပြင်းတစ်ချက်ထပ်ချလိုက်မိရင်း စိတ်လျှော့လိုက်ပါတော့သည်..ဇော်ဇော်တို့လိုလူငယ်တွေက တစ်နေ့အိတ် 100/150 ထမ်းနိုင်သူတွေမို့ 200 ဆိုတာနည်းသည်ဟုမထင်ကြသော်လည်း သူ့လိုလူမျိုးမှာက တစ်နေ့အိတ် 50/60 တောင်အနိုင်နိုင်မဟုတ်လား…

ကိုမြတ်ထွန်းရဲ့ “ထွန်း”ဆန်ဆိုင်မှာ သူအလုပ်လုပ်လာခဲ့တာ ဆယ်နှစ်ကျော်ပင်ရှိရော့မည်..သူအလုပ်ဝင်ကာစက ကိုမြတ်ထွန်းအဖေ ဦးမြင့်သိန်း(သူတို့အခေါ် ဦးတရုတ်ကြီး) ကဆန်ဆိုင်ကိုဦးစီးခဲ့တာဖြစ်သည်..သူနှင့်အရွယ်ချင်းမတိမ်းမယိမ်းဖြစ်သော ကိုမြတ်ထွန်းက ကူညီလုပ်ကိုင်ပေးယုံသာ…

အဲဒီတုန်းကတော့ သူကအသက်အစိတ်ကျော် သန်တုန်းမြန်တုန်း လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်မို့ အလုပ်လုပ်ရတာ ပျော်စရာပင်ကောင်းသေးတော့သည်..တစ်ယောက်နှင့်တစ်ယောက် ဆန်ဘယ်နှစ်အိတ်ထမ်းနိုင်လဲ ပြိုင်ကြသည်..ရှုံးသူကအရက်တိုက်ကြေးဆိုပြီး အပျော်ပြိုင်ကြသည်..လူငယ်တွေမို့ တစ်နေ့အိတ်တစ်ရာကျော်ကို ကားပေါ်မှ အိမ်နောက်ဖက်ဂိုဒေါင်ထဲသို့ အသာလေးထမ်းနိုင်ကြသည်

အလုပ်သိမ်းပြီးအိမ်အပြန်ဆို အုပ်စုလိုက်အရက်ဆိုင်ဝင်ကာ တစ်ခွက်တဖလားမော့ကြ လေပေါကြ ရယ်ကြမောကြ တကယ့်ပျော်စရာ..

အဲဒီအချိန်တုန်းကဆို တစ်အိတ် 100 လားပဲရသော်လည်း ဆန်တစ်ပြည် တစ်ထောင်ကျော် ဆီတစ်ပိသာ သုံးထောင်ကျော်ခေတ်မို့ စားလောက်ယုံမက အပိုအလျှံလေးပါ သုံးနိုင်သေးသည်

သူတို့ရဲ့ထရံအိမ်လေးကို အပေါက်အပြဲများဖာနိုင်သည်..သူအလုပ်အသွားအပြန်စီးဖို့ စက်ဘီးအဟောင်းလေးဝယ်နိုင်သည်..သူ့သမီးလေးနှစ်ယောက်အတွက် အဝတ်အစားသစ် ဖိနပ်သစ်လေးတွေ ရံဖန်ရံခါဝယ်နိုင်သည် သူ့မိန်းမ မိထား စားချင်သော ခေါက်ဆွဲကြော် ဒံပေါက် တခါတလေဝယ်ကျွေးနိုင်သည်..

ခုများတော့လေ…

ဆယ်နှစ်ကျော်ကာလအတွင်း ကုန်စျေးနှုန်းတွေက ကြောက်စရာကောင်းလောက်အောင် တက်လာသော်လည်း သူတို့ရဲ့ဆန်တစ်အိတ်ထမ်းခက တိုးလာတာ တစ်ရာတဲ့..ပြီးတော့ သူလည်း အသက် 40 နားကပ်လာတော့ အရင်တုန်းကလို မထမ်းနိုင်တော့..တစ်နေ့ အိတ်ငါးဆယ် ခြောက်ဆယ်ရဖို့ မနည်းထမ်းရသည်..

ဆယ်ကျော်သက်အရွယ်ကတည်းက အလေးအပင်တွေကို ထမ်းပိုးလာခဲ့ရသောသူ့ခန္ဓာကိုယ်ဟာ အလုပ်ရဲ့ဒဏ်တွေကိုခံလာရပြီ..အရိုးအဆစ်တွေက ဆန်တစ်အိတ်ထမ်းလိုက်တိုင်း တဖျစ်ဖျစ်မြည်ကာ နာလာသည်..ဆယ်အိတ်လောက်ထမ်းပြီးလျင် တအားမောလာလို့ထိုင်နားရသည်..ညနေအလုပ်သိမ်းပြီးလို့အိမ်ပြန်တိုင်း သူ့တစ်ကိုယ်လုံးအားမရှိတော့သလို မောဟိုက်ပင်ပန်းနေတော့သည်..

သို့တိုင်အောင် တစ်ရက်လေးမှသူမနားနိုင်ပါ..သူ့တစ်ရက်လုပ်အားခဟာ ပါးစပ်ပေါက် ခြောက်ခုရှိသော သူ့မိသားစုအတွက် တစ်ရက်စာ စားလောက်ယုံပဲရှိသည်မဟုတ်လား..ဒါတောင်သူ့မိန်းမ မိထားက အားတဲ့အချိန် သူများအိမ်တွေမှာအဝတ်လျှော် တောက်တိုမယ်ရလုပ်ရင်း တဖက်တလမ်းက ရသလောက်ရှာနေလို့ဖြစ်သည်..တစ်နေ့လုပ်တစ်နေ့စားရသော သူတို့ဘဝမှာ မိသားစုထဲကတစ်ယောက်ယောက် သေရေးရှင်ရေးဖြစ်ရင်တောင် ကုစရာငွေမရှိလို့ အသေခံရမည့်ဘဝ…

ညနေအလုပ်သိမ်းတော့ အိတ်ခြောက်ဆယ်ထမ်းခအတွက် တစ်သောင်းနှစ်ထောင်ရသည်..ထုံးစံအတိုင်း သူတို့တစ်ဖွဲ့လုံး ဘုံဆိုင်ဝင်ကာ တစ်ခွက်တစ်ဖလားမော့ကြသည်..သူ့မိန်းမက ငွေကိုတစ်သောင်းထက်လျှော့ပေးတာမကြိုက်တာမို့ အများကြီးတော့မသောက်နိုင်ပါ..အရက်တထောင်ဖိုးနှင့် အမြည်းကသူများဝယ်ကျွေးသော ပဲကြီးလှော် နှမ်းဖတ်ချဥ်သုပ်..ကျန်တစ်ထောင်က မနက်အလုပ်မလာခင် ဆေးလိပ်ဝယ်ဖို့ချန်ရသေးသည်..

မှောင်ရီပျိုးစအချိန်မှာ သူအိမ်ပြန်ရောက်လာတော့ သူ့မိန်းမက မီးခိုးတလူလူဖြင့်ဟင်းချက်နေရင်းမှ ထုံးစံမပျက်လှမ်းအော်သည်..

“””အရည်တွေကသောက်လာပြန်ပြီ အနံ့ကတစ်မိုင်လောက်ကရတယ် တစ်နေ့တစ်လေလေးများ မသောက်ပဲမနေနိုင်ဘူးလား ဟမ် အဲဒီ 1000 ဆို ကလေးတွေဖို့ ကြက်ဥနှစ်လုံးဝယ်လို့ရတယ် သိလား မနက်ကျလဲ ဆေးလိပ်ကဝယ်ရသေး ဇိမ်တွေခံတတ်ကြတယ်နော်””

သူကသက်ပြင်းမောကြီးချလိုက်ရင်း အိမ်ရှေ့မှဝါးကုလားထိုင်အစုတ်ပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်..အိမ်ထဲမှတစ်လုံးတည်းသော မီးလုံးရဲ့ ခပ်ဖျော့ဖျော့အလင်းရောင်အောက်မှာ သူ့သမီးအလတ်မ လေးတန်းကျောင်းသူက အလီတွေထိုင်ကျက်နေသည်..ဆယ့်လေးနှစ်ခန့်ရှိပြီဖြစ်သော သမီးကြီးက ဇလုံတစ်လုံးကိုင်ကာ အငယ်နှစ်ယောက်ကို ထမင်းကျွေးနေသည်..ဇလုံထဲကိုသူလှမ်းကြည့်လိုက်တော့ ထမင်းဖြူနှင့် ကြက်ဥကြော်တစ်လုံး..

အငယ်နှစ်ယောက်က ထမင်းစားရင်း ဖုန်းထဲက video ကိုအလုအယက်ကြည့်နေကြသည်..လွန်ခဲ့သော 3/4 နှစ်ကတည်းက သူများအကျကို စျေးပေါပေါနှင့်ဝယ်ထားရသောဖုန်းလေးသည် စုတ်ချာမှုန်ဝါးလျက် ကြည့်ဖြစ်ယုံသာရှိတော့သည်..

“”တော်တို့ပဲဇိမ်ခံကြ ကျုပ်ကမပင်ပန်းဘူးဆိုတော့..ကျုပ်မှာ မနက်အစောထမင်းဟင်းထချက်ရ ချက်ပြီးတော့ သူများအိမ်အဝတ်ပြေးလျှော်ရ ပြန်လာရင်အိမ်အလုပ်လုပ်ရ ညနေသူများစျေးသိမ်းတာ သွားကူရ..တစ်နေကုန်ဖင်မထိုင်ရဘူး အေး ဒါပေမဲ့ ကျုပ်ကတော့်လို ဇိမ်မခံတတ်တော့ ကျုပ်အတွက် ဆေးလိပ်ဖိုး အရက်ဖိုးမကုန်ဘူးတော့””

မိထားက ထုံးစံအတိုင်း တဖျစ်တောက်တောက်ပြောနေရာ သူနားညည်းလာသည်..

“”တော်ပါတော့ဟာ နင့်မလဲ ဒါပဲ..တစ်နေ့တစ်နေ့ခါးကျိုးအောင်အလုပ်လုပ်ရတာ ဒါလေးတော့သုံးပါရစေဟ..သူများတွေကို တစ်နေ့သုံးလေးခါများသောက်နေရင် အခက်””

“””အော် သုံးလေးခါသောက်ချင်ရင် သောက်နိုင်အောင်ရှာလေ တောျပေးတဲ့တဈသောငျးက စားလောက်ယုံပဲရှိတာရော သိလား တော့်ကလေးတွေ မုန့်ဖိုးပဲဖိုး ထွေလီကာလီ ဟိုဖက်အိမ်ပေးရတဲ့ ရေဖိုးမီးဖိုး ကျုပ်ပဲအကုန်ပူရတာလေ”””

သူ့မိန်းမစကားများကို ဆက်နားမထောင်ချင်တော့သဖြင့် ထိုင်ရာမှထကာ ရေချိုးရန် စည်ပိုင်းပြတ်နားသို့လျှောက်လာခဲ့သည်..ရေကိုတဗွမ်းဗွမ်းခပ်ချိုးနေစဥ်မှာပင် သူ့မိန်းမရဲ့အော်သံကိုကြားလိုက်ရသေးသည်..

“””ရေကို ဘုံးဘောလအောချိုးမနေနဲ့ လိုချင်တိုင်းရတဲ့ရေမဟုတ်ဘူး””

ဗိုက်ဆာနေပြီမို့ ရေချိုးအဝတ်အစားလဲပြီးတာနှင့် ထမင်းဝိုင်းမှာဝင်ထိုင်လိုက်သည်..ဟင်းက ကြက်သွန်နီ ခရမ်းချဥ်သီးများများနှင့်ကြော်ထားသော ကြက်ဥမွှေကြော် ငါးပိရေကျိုကျဲကျဲနှင့် တိုလီမုစအတို့စုံ..ထိုသို့စားရဖို့ သူ့မိန်းမက စျေးသည်တွေကိုစျေးကူသိမ်းဖို့သွားရင်း အသီးအရွက်အနွမ်း အကျန်လေးများကို ယူလာလေ့ရှိသည်..အပြန်မှညနေစာအတွက် ချက်ရပြုတ်ရတာကြောင့် ထမင်းဟင်းကိုပူပူနွေးနွေးစားရတာတော့ တစ်မျိုးကောင်းသည်..

သမီးကြီးက ထမင်းစားခါနီးတိုင်း သူလုပ်နေကျထုံးစံ ကြက်ဥမွှေကြော်ကိုဇွန်းနှင့်ခပ်ကာ သူ့ထမင်းဇလုံထဲ ဦးချသည်..သူကသမီးကြီးကိုပြုံးကြည့်နေမိရင်း ရင်ထဲမှာသက်ပြင်းတစ်ချက် ခိုးချလိုက်မိသည်..

အိမ်ရှိလူကုန်အလုပ်လုပ်မှ ထမင်းဝအောင်စားရသောခေတ်မှာ သမီးကြီးခမျာ ပညာဆုံးခန်းတိုင်အောင် မသင်ရရှာပါ..မိဘနှစ်ယောက်လုံးအပြင်ထွက်အလုပ်လုပ်ရတော့ အိမ်ကအငယ်တွေတာဝန်က သူမအပေါ်ကျလာပြီမို့ သုံးတန်းနှင့်ကျောင်းထွက်လိုက်ရသည်..ကလေးငယ်လေးတွေထိန်းရင်း အိမ်မူကိစ္စတွေလုပ်ရင်းနဲ့ ပင်ပန်းရှာသည်မို့ သမီးကြီးကို ပိုသနားမိသည်..

ထမင်းကိုငါးပိရေကျို ကြက်ဥကြော်တွေနဲ့အကုန်ရောနယ်ပြီး အားပါးတရစားနေသော သမီးနှစ်ယောက်ကိုကြည့်ရင်း သူစိတ်မကောင်းဖြစ်ရသည်..

“”မာလာရှမ်းကော စားချင်လိုက်တာအမေရယ် သူများတွေစားပြတာများ စားချင်စရာကြီး””

သမီးကြီးက ဖုန်းထဲကအစားအသောက် video တွေကြည့်ရင်း သူ့အမေကိုပြောနေတာကို သူမကြာခနကြားရသည်..

“”ဟိုနေ့က ဘေးအိမ်က မမအိသူတို့ဝယ်စားတာမြင်တယ် မွှေးနေတာပဲအမေရယ် တခါလောက်များ စားဖူးချင်လိုက်တာ””

“”တော်စမ်းပါအေ အဲဒါတစ်ပွဲဘယ်လောက်မှတ်နေတုန်း ထမင်းတောင်နပ်မှန်အောင်စားနေရတာကံကောင်း သူဌေးစာတွေ တမ်းတမနေနဲ့””

အမေဖြစ်သူကတော့ ထုံးစံအတိုင်း အော်ငေါက်ပစ်မြဲ..သူ့မှာသာ အပြစ်မကင်းစိတ်နှင့် စိတ်မကောင်းဖြစ်ရသည်.

သူများနိုင်ငံတွေမှာ လမ်းဘေးအဝယ်တကူဝယ်စားလို့ရတဲ့ အစားအစာတစ်ခုဟာ ဝင်ငွေချင်းကွာလေတော့ ဒီနိုင်ငံမှာတော့ သူဌေးစာတဲ့လား…

ငါသာ ဒီထက်ပိုငွေရှာနိုင်ခဲ့ရင်..ငါသာအလုပ်တွေအများကြီးလုပ်နိုင်ခဲ့ရင် ငါ့သားသမီးတွေကို အနည်းဆုံး စားချင်တာလေးတော့ကျွေးနိုင်မှာ…ဟုတွေးမိရင်း

*****

“”ကိုမြတ်ထွန်း မုန့်လာပို့တယ်ဗျ””

မနက်ပိုင်းအလုပ်များပြီး၍ ခဏထိုင်နားနေစဥ် ဖော့ဘူးဆိုဒ်စုံနှင့် ဆိုင်ရှေ့ရောက်လာသောဆိုင်ကယ်တစ်စီးကိုမြင်၍ သူလှမ်းအော်လိုက်သည်..ကိုမြတ်ထွန်း၏ဇနီးက ဆိုင်ရှေ့ထွက်ကာ မေးသံကြားရသည်..

“”ဘယ်လောက်လဲ ညီမလေး””

“”ပင်လယ်စာမာလာရှမ်းကောက 25000 ဂဏန်းချဥ်စပ်က 15000 ဆူရှီအစုံဗန်းက…

ကိုမြတ်ထွန်းကတော်က အိတ်ထဲမှတစ်သောင်းတန်လေးငါးရွက်ကို ထုတ်ပေးပြီး ဖော့ဘူးများကိုယူကာ အိမ်ထဲပြန်ဝင်သွားသည်..

ဆန်အိတ် 100 မှ ထမ်းခ 10000 ကိုတိုးမပေးချင်သော သူတို့ရဲ့အလုပ်ရှင်သည် သူ့မိန်းမနဲ့သားသမီးတွေ တစ်နေ့တစ်နေ့ မှာယူစားသောက်ကြသော အစားအသောက်ဖိုး သိန်းချီကုန်နေလည်း မငြိုငြင်ပေ..အင်းလေ ဒါကြောင့်လည်း သူ့မိန်းမက သူဌေးစာတွေဟု ပြောခဲ့သည်မဟုတ်လား..အလုပ်ရှင်မိသားစု မုန့်တစ်ခါစားသောပိုက်ဆံသည် သူတို့မိသားစုအတွက် တစ်ပတ်စာခန့်ရှိသည်လေ..

မာလာရှမ်းကော စားဖူးချင်လိုက်တာအမေရယ် ဟူသောသမီးကြီးစကားကို သတိရသွားမိသည်….မည်သို့ပင်ဖြစ်စေ သူ့သမီးတွေကို တခါတလေတော့ဝယ်ကျွေးချင်မိပါသည်..အဖေတစ်ယောက်အနေနှင့် …

သူများပေးသောအဝတ်အစားဟောင်းလေးတွေကို ဝတ်ရရှာသောသမီးကြီးကို အဝတ်အစားသစ်ဝယ်မပေးနိုင်ခဲ့တာကြာပြီ..

လေးတန်းတက်နေပြီဖြစ်သော သမီးလတ်ကို ကျောင်းဝတ်စုံအသစ်ဝယ်ပေးဖို့ မတတ်နိုင်တာကြာပြီ..

အနိမ့်ဆုံးဆန္ဒဖြစ်တဲ့ မာလာရှမ်းကောလေးတစ်ပွဲတော့ ဝယ်ကျွေးနိုင်သင့်သည်မဟုတ်လား…

*******

သူက အလုပ်အသွားအပြန်တိုင်း ဖြတ်သွားနေကျဆိုင်လေးရှေ့ စက်ဘီးလေးကိုရပ်ကာ ဆိုင်ထဲဝင်လာခဲ့သည်..

“”သမီးရေ မာလာရှမ်းကောကလေ စျေးအနည်းဆုံး ဘယ်လောက်ရမလဲကွယ်””

သူကမရဲတရဲမေးလိုက်မိသည်..သူ့တွင်ပါသော ပိုက်ဆံနှင့် ချိန်ညှိရမည်မဟုတ်လား..

“””6000 ပါဦးလေး””

“”ဦးလေးကိုတစ်ဘူးထည့်ပေးပါကွယ်”””

ရောင်းသူကောင်မလေးက ပုဆိုးတိုတို စွပ်ကျယ်အစုတ်နှင့် ချွေးတွေနစ်နေသောသူ့ကိုကြည့်ကာ သနားသွားပုံရသည်..ပိုထည့်ပေးလိုက်တယ်နော်ဦးလေး တဲ့…

သောက်နေကျအရက်ဆိုင်နားကဖြတ်လာတော့ သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ စကားသံ ရယ်သံတွေကိုကြားရသည်..သူ့နှာခေါင်းထဲမှာ အနံ့လေးပင် ရလာသလို..သူကအကျင့်ပါနေသောပါးစပ်ကို အတင်းထိန်းချုပ်ရင်း ဆက်လျှောက်လာခဲ့သည်..

ဒီနေ့သမီးတွေကို မာလာရှမ်းကောဝယ်ကျွေးချင်တာမို့ ခါတိုင်းထက်အလုပ်ပိုလုပ်လာကာ သောက်နေကျ အရက်နဲ့ဆေးလိပ်ကိုလည်း လျှော့ထားရသည်..မိထားကလည်း သူမ ရမည့်တစ်သောင်းထဲက အလျော့မခံချင်ဘူးမဟုတ်လား..

တစ်နေ့တစ်လေ မသောက်ရတာ ဘာဖြစ်မှာမှတ်လို့..ထမင်းနပ်မှန်အောင် စားနေရတာပဲလေ..ဟု သူကတွေးလိုက်မ်သည်..

သူကစက်ဘီးစုတ်ကလေးကို နင်းပြန်လာရင်း မောလာကာ ဆက်မနင်းချင်တော့တာမို့ တွန်းကာလမ်းလျှောက်လာခဲ့သည် တစ်နေကုန်အလုပ်လုပ်ခဲ့ရသော ခြေထောက်တွေက မသယ်ချင်လောက်အောင် လေးလံပင်ပန်းနေသော်လည်း အိမ်ရောက်မှနားတော့မည်ဟုတွေးရင်း သူအားတင်းလျှောက်လာခဲ့သည်..အရမ်းစားချင်နေသော မာလာရှမ်းကောကိုမြင်ပြီး ပျော်သွားမည့်သမီးမျက်နှာကိုမြင်ယောင်ပြီး သူကပိုပျော်နေမိလေသည်

“”ဟော လာပါပြီညည်းအဖေ ဘယ်အရက်ဆိုင် လေပန်းနေမှန်းမသိတာကို သူကစိတ်ပူနေရသေး””

သူပြန်လာတာကိုမြင်တော့ သူ့မိန်းမက သမီးဖြစ်သူဖက်လှည့်ကာ ခပ်ငေါ့ငေါ့ပြောသည်..သမီးကြီးက ပန်းကန်တွေဆေးနေရင်းမှ..

“”အဖေလမ်းမှာ တစ်ခုခုဖြစ်မှာစိုးလို့ပေါ့အမေရဲ့””ဟုပြန်ပြောပြီး သူ့ဆီလျှောက်လာသည်..သူကလက်ထဲမှာဖော့ဘူးကို လှမ်းပေးလိုက်တော့..

“”ဘာကြီးလဲဟင်အဖေ”” ဟုမေးသည်

“”ဖွင့်ကြည့်လိုက်လေ သမီးညီမပါခေါ်ကျွေးလိုက်ဦး””

အစားအသောက်သံကြားတော့ အိပ်ရာပေါ်လှဲကာဖုန်းကြည့်နေသော အလတ်မက ထလာသည်..အငယ်နှစ်ယောက်ကတော့ ပိုးလို့ပက်လက်အိပ်ပျော်နေကြပြီ..

သမီးကြီးက ဖော့ဘူးကိုဖွင့်ကြည့်ပြီး မျက်နှာကဝင်းခနဲဖြစ်သွားသည်..

“”ဟာ မာလာရှမ်းကောတွေ””

သမီးကြီးကဝမ်းသာအားရအော်ရင်း သူ့ကိုကျေးဇူးတင်သလို လှမ်းရယ်ပြသည်..

သူ့မိန်းမက သူ့ကိုမျက်စောင်းလှမ်းထိုးရင်း..

“”ရှင့်တစ်သောင်းနဲ့ တနေ့တနေ့ မနည်းလောက်အောင်စားနေရတာကို အဲဟာကြီးဝယ်လာတော့ ကျုပ်တို့က မနက်ဖန်ဘာနဲ့သွားစားရမှာတုန်း””

သူကခါးကြားထဲလိပ်ထားသော တစ်သောင်းတန်ကို မိန်းမထံလှမ်းပေးရင်း

“”နင့်တစ်သောင်းမလျော့စေရပါဘူးဟ ငါ့ဘာငါအလုပ်ပိုလုပ်ပြီးဝယ်လာတာပါ ငါ့သမီးတွေကျွေးချင်လို့””

သူကပြောပြီး ထိုင်နေကျကုလားထိုင်အစုတ်လေးပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်..

“”အဲလိုလုပ်နိုင်နေရင် နေ့တိုင်းများလုပ်ပါလားတော် မိန်းမကိုပိုက်ဆံပိုပေးရလို့လဲ ငရဲမကြီးပါဘူး တစ်နေ့လေးငါးထောင်ပိုရ နည်းလား””

တစ်နေ့တည်းလုပ်ရတာတောင် သေမတတ်ပင်ပန်းရသည်ကို အလိုက်မသိဆူပွနေသောမိန်းမကို ဘာမှပြန်ပြောချင်စိတ်မရှိပဲ သူ့သမီးနှစ်ယောက် မာလာရှမ်းကော အငမ်းမရစားနေသည်ကိုငေးကြည့်ရင်း ပြုံးနေမိသည်..

သူပင်ပန်းရကျိုး နပ်ပါတယ်လေ….

“”အဖေ လာစားဦးလေ အရမ်းစားကောင်းတယ် မွှေးနေတာပဲ””

သမီးကြီးက ပလုတ်ပလောင်းနှင့်လှမ်းခေါ်သည်ကို သူကခေါင်းရမ်းပြရင်း..

“”အဖေကအဲဒါတွေမကြိုက်ဘူး သမီးတို့ပဲဝအောင်စား””

သူကပြောပြီးသည်နှင့် မျက်လုံးများကိုမှိတ်ကာ ခန္ဓာကိုယ်ကိုဖြေလျှော့ပြီး အနားယူနေမိသည်..

ဘာဇိမ်ခံပစ္စည်းမှမရှိသောသူ့အိမ်မှာ ဤကုလားထိုင်အစုတ်လေးသာ သူအလုပ်ပြန်လာတိုင်း အနားယူစရာနေရာဖြစ်သည်..သူ့အတွက်သက်တောင့်သက်သာအဖြစ်ဆုံး ဇိမ်ခံပစ္စည်းလေးဖြစ်သည်..ညဖက်တွေဆို ဤကုလားထိုင်လေးပေါ်ထိုင်ကာ ဆေးလိပ်သောက်ရင်း ကောင်းကင်ကကြယ်တွေလတွေကို ငေးကြည့်နေရတာ သူ့အတွက် အေးချမ်းမူဖြစ်သည်

သူကမျက်လုံးများကိုမှိတ်ကာ အနားယူနေရင်းမှ အိပ်ငိုက်လာသည်..အိပ်ပျော်သလို မပျော်သလို အတွေးအာရုံထဲမှာ စိတ်တွေကဟိုရောက်ဒီရောက်..

သူနှင့်မိထားညားကာစက ပုံရိပ်တွေ သမီးဦးလေး မွေးလာတုန်းကပုံရိပ်တွေ သူ့အပေါင်းအသင်းတွေနှင့် အရက်ဆိုင်မှာ သောက်စားပျော်ပါးခဲ့တဲ့ ပုံရိပ်တွေ..သူငယ်စဥ်ဘဝက ပုံရိပ်တွေဟာ အတွေးထဲမှာတဖျတ်ဖျတ် ပေါ်လာလိုက် ပျောက်သွားလိုက်..

“”သြော်..လူမှန်းသိတတ်ပါပြီဆိုကတည်းက နေ့တဓူဝ စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေနေရသောဘဝဟာ ဘယ်အချိန်မှအနားရမှာပါလိမ့်ကွယ်.””.

သူငယ်စဥ်ကတည်းက သူ့မိဘတွေက ဆင်းရဲပြီး သားသမီးတော့အလွန်များခဲ့သည်..စားဝတ်နေရေးအတွက် အချိန်ပြည့် ရုန်းကန်နေရသည်မို့ ဘယ်သားသမီးကိုမှလဲ အထူးတလည်ဂရုမစိုက်နိုင်ခဲ့..အကုန်လုံး ပညာရေးတစ်ပိုင်းတစ်စနှင့် ငွေရှာဖို့အလုပ်လုပ်ခဲ့ရသည်..အကုန်လုံး ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျခဲ့ကြသည်..

သူ့အဖိုးအဖွား သူ့မိဘတွေလက်ထက်ကတည်းက ဆင်းရဲမူသံသရာထဲမှာ သူရော သူ့မောင်နှမတွေပါ အခုထိလည်နေဆဲ..သူ့သားသမီးတွေရဲ့မျိုးဆက်အထိ ဆင်းရဲမူသံသရာက လည်နေဦးမှာပဲဖြစ်သည်..သူဘယ်လောက်ပဲကြိုးစားပါစေ..စားဝတ်နေရေးအတွက် နေ့စဥ်နဲ့အမျှ ရုန်းကန်နေရသောဘဝတွေက ဒီဆင်းရဲတွင်းမှလွတ်ဖို့ ဘယ်လိုနည်းလမ်းရှိပါမလဲ..

သူ့မိန်းမရဲ့..”အဲနားမှာထိုင်မနေနဲ့ ရေချိုးတော့”..ဟူသောအသံ

သမီးကြီးရဲ့..”ဒီနေ့အဖေကြိုက်တဲ့ ဓညင်းသီးပြုတ်ပါတယ်”..ဟူသောအသံ တို့ကို နားထဲမှာ မသဲမကွဲကြားရသည်..

သူတကယ်ကိုအိပ်ချင်လာသည် မျက်လုံးတွေကိုဘယ်လိုမှဖွင့်မရတော့..သူ့ခန္ဓာကိုယ်ဟာလည်း မလှုပ်နိုင်တော့လောက်အောင် လေးလံပင်ပန်းလာသည်..သူစကားပြန်ပြောဖို့ကြိုးစားသော်လည်း ပါးစပ်ကဖွင့်လို့မရ…

သူတကယ်ကို အနားယူချင်နေပါပြီ

*********

“”ဟဲ့ မိဝေ နင့်အဖေကိုသွားနှိုးဦး ကုလားထိုင်ပေါ်အိပ်နေပြန်ပြီ ရေချိုးရမဲ့ဟာမချိုးဘူး””

သူ့အမေစကားကြောင့် မိဝေက အခွံပဲကျန်သော မာလာရှမ်းကောဘူးကို ကျွတ်ကျွတ်အိတ်ထဲပြန်ထည့်ပြီး သူ့အဖေ့ဆီလျှောက်သွားသည်..

“”အဖေ ထတော့လေ အမေက ရေချိုးတဲ့””

မိဝေကပြောရင်း သူ့အဖေလက်မောင်းကိုကိုင်လှုပ်လိုက်တော့ လက်ကကုလားထိုင်လက်ရမ်းပေါ်မှ အောက်သို့ပြုတ်ကျသွားသည်..အသားတွေကလည်း အေးစက်နေသည်မို့ မိဝေလန့်သွားကာ..

“””အဖေ အဖေ အိပ်ပျော်နေတာလား ထတော့လေ အဖေ””

မိဝေက သူ့အဖေပုခုံးကိုကိုင်လှုပ်နေသော်လည်း လှုပ်ရှားမူမရှိ..အရုပ်ကြီးတစ်ရုပ်လိုဖြစ်နေသည်မို့ မိဝေလန့်ကာ အမေ့ကိုအော်ခေါ်လိုက်သည်..

“”အမေ လာပါဦး အဖေဘာဖြစ်လဲမသိဘူး ခေါ်မရဘူး””

မိဝေရဲ့ငိုသံစွက်တဲ့အော်သံကြောင့် သူ့အမေက အနားသို့လွှားခနဲရောက်လာသည်..

“”ကိုကျော်ဝေ ကိုကျော်ဝေ””

သူ့အမေက ခပ်ကြမ်းကြမ်းကိုင်လှုပ်ကာခေါ်နေသော်လည်း မထူးတာမို့ မိဝေဖက်လှည့်ပြီး…

“”မိဝေ ဟိုဖက်အိမ်က ဦးလေးသိန်းစံကို သွားခေါ်ချည်စမ်း မြန်မြန်သွား”””

မိဝေ အပြေးကလေးထွက်သွားပြီး မကြာမှီမှာပင် သူတိူ့အိမ်လေးထဲ လူတွေရုတ်ရုတ်သဲသဲ ရောက်လာကြသည်..တချို့ကအဖေ့ကို အိပ်ရာပေါ်ရွှေ့ကာ တချို့က လမ်းထိပ်ဆေးခန်းမှဆရာဝန်ကို ပြေးခေါ်ကြသည်..

မိဝေက ကလေးတွေနားမှာ ငုတ်တုတ်လေးထိုင်ရင်း လူတွေကို မျက်ရည်ဝိုင်းနေသောမျက်လုံးအပြူးသားနှင့် ငေးကြည့်နေသည်..

မကြာမှီမှာပင်…

“””အမလေး ကိုကျော်ဝေရဲ့””

ဟူသော သူ့အမေငိုသံကိုကြားလိုက်ရကာ မိဝေမျက်ဝန်းမှ မျက်ရည်များပိုးပိုးပေါက်ပေါက်စီးကျလာလေတော့သည်..

******

သေဆုံးရခြင်းအကြောင်းရင်းကို ဘယ်သူမှသေချာမသိကြသော်လည်း ဆေးရုံမှာရင်ခွဲစစ်ဆေးဖို့တွေ ဘာတွေအထိ သူတို့မလုပ်နိုင်ပါ..သဂြိုလ်စရိတ်ပင် မရှိသောသူတို့သားအမိတွေအဖို့ အသက်မရှူတော့၍ သေသွားသည်ဟုပဲ မှတ်လိုက်ကြရသည်..

ရပ်ကွက်ဆေးခန်းမှ ဆရာဝန်လေးကတော့ ရုတ်တရက်နှလုံးရပ်သွားတာဟု မှတ်ချက်ချသည်..

အလုပ်အတူလုပ်သော သူ့အပေါင်းအသင်းတွေကတော့ “အလုပ်ပင်ပန်းလွန်းလို့ အမောဆို့တာ”တဲ့

“နေ့စဥ်ရက်ဆက်ပင်ပန်းလွန်းတဲ့ဒဏ်ကြောင့် နှလုံးထိသွားတာ” တဲ့

တယောက်တပေါက်ဝေဖန်ကြသည်..

အလောင်းမြေကျဖို့အတွက် သူတို့သားအမိမှာ ကုန်ကျစရာငွေမရှိတာကြောင့် ဆန်ဆိုင်ပိုင်ရှင် ကိုမြတ်ထွန်းနှင့် အလုပ်သမားများက စုပေါင်းကာလုပ်ဆောင်ပေးကြသည်..မျက်နှာမွဲအသုဘမို့ အကျဥ်းရုံးလုပ်လိုက်ကြကာ နှစ်ရက်အတွင်းမှာပဲ ပြီးသွားကြသည်..

…အဖေဘာလို့သေရတာလဲ မနက်ကအလုပ်သွားတုန်းကတောင် အကောင်းကြီးမဟုတ်လား ညနေပြန်လာတော့တောင် မိဝေတို့အတွက် မာလာရှမ်းကော ဝယ်လာသေးတယ်မဟုတ်လား အဖေဘာဖြစ်သွားတာလဲ…

အချိန်နဲ့အမျှ မိဝေဝမ်းနည်းစွာ တွေးနေမိသောအတွေးများ..

“”မနေ့က အလုပ်တွေအရမ်းလုပ်ရင်း အရမ်းမောနေ တဲ့ပုံပေါ်လို့ ကျွန်တော်တောင် တားသေးတယ် အဲဒါကိုသူက ဝယ်စရာလေးရှိလို့ ဒီနေ့ပိုရမှဖြစ်မှာမိူ့တဲ့ လိုရင်လဲ ကျွန်တော့ဆီက ခနယူလို့ပြောတော့လည်းမဟုတ်ဘူး နောက်နေ့ပြန်ပေးရမှာပဲလေ တဲ့””

မိဝေသည် လွှင့်မပစ်ရသေးသော မာလာရှမ်းကောဘူးခွံကိုငေးစိုက်ကြည့်ရင်း..

သူ့အဖေရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပြောသော စကားကိုနားထဲအထပ်ထပ်ကြားမိရင်း မျက်ရည်တွေတလိမ့်လိမ့်စီးကျနေတော့သည်..

“”သမီးလေ သူဌေးစာတွေ မစားချင်တော့ပါဘူး အဖေရယ်”””


ချစ်စွာသော “မေ