ခေတ်သစ်ဆရာ၊ ခေတ်သစ်ပညာ
----------------------------------
ကျွန်တော်တို့က ပညာရေးဟုဆိုလိုက်သည်နှင့် စာသင်ခန်းကိုပြေးမြင်ကြသည်။ စာသင်ခန်းထဲက သင်ပေးမှ တတ်မြောက်မည့်စနစ်တစ်ခုကိုသာ တွေးဆကြတော့သည်။ ကျွန်တော်တို့သည် ပညာရေးကို စာသင်ခန်း အသွင်တစ်ခုသာမက “လွတ်မြောက်ရေးအတွက်လှုပ်ရှားမှု” တစ်ခုအနေဖြင့် ရှုမြင်တတ်ရန်လိုသည်။ ဘယ်က လွတ်မြောက်ရမည်နည်း။ ဆင်းရဲတွင်းက လွတ်မြောက်စေမည် ပညာရေးတစ်ခုအသွင်ဖြင့် မြင်တတ်ရန် လိုလာသည်။
ကမ္ဘာပေါ်တွင် အာဏာရှင်တို့ ကျင့်သုံးလေ့ရှိသည့် ပညာရေးစနစ်ကို ပေါ်လိုဖရေး (Paulo Freire) က ဘဏ်စနစ်ပညာရေး (Banking Concept) ဟူ၍ ထောက်ပြသည်။
သူဆိုလိုသည်မှာ ကျောင်းသားသည် ဘဏ်စာရင်းတစ်ခုဖြစ်သည်။ ဆရာသည် ငွေသွင်းသူဖြစ်သည်။ ဘဏ်စာရင်းထဲတွင် ငွေတစ်ပြားမျှမရှိ။ ထိုမရှိသော စာရင်းထဲကို ဆရာဖြစ်သူက ဖြည့်သွင်းပေးမှ ရနိုင်မည့် သဘောဖြစ်သည်။ ထို့ကြောင့် ဆရာက ပြောသမျှ၊ သင်သမျှကို ကျောင်းသားသည် ငြိမ်ပြီး နာခံမှတ်သား နေရမည်။ ပြန်ပြီး ငြင်းချက်ထုတ်ပိုင်ခွင့်မရှိ။ ဘဏ်စနစ်ပညာရေးတွင် ကျောင်းသားသည် အရာဝတ္ထု (ပစ္စည်း) သက်သက်ဖြစ်နေပြီး ကိုယ်ပိုင်စဉ်းစားဉာဏ်သေသွားတတ်သည်။
ကမ္ဘာကလက်ခံကျင့်သုံးနေသည့် ပညာရေးစနစ်သည် ဆရာနှင့်ကျောင်းသား တန်းတူဆွေးနွေးနိုင်သည့် ပညာရေးစနစ်မျိုးကို ဦးတည်လာသည်။ လောကကြီးတွင် ဖြစ်ပျက်နေသည့် မတရားမှုတွေကို “အဲဒါ ဘာကြောင့် ဖြစ်နေရတာလဲ” ဟူ၍ ဆရာကအစပျိုးသည်။ ကျောင်းသားကို ဆွဲခေါ်သည်။ မေးခွန်းတွေထုတ် သည်။ အပြန်အလှန်ဆွေးနွေးဖြေရှင်းကြသည်။
ဆင်းရဲမွဲတေခြင်းက အဖိနှိပ်ခံစရာဖြစ်လာသည်။ ထိုမှသည် လူသားမဆန်စွာ ဆက်ဆံခံရခြင်း (Dehumanized) အဆင့်တွေအထိ ဖြစ်လာနိုင်သည်။ လူကို လူဟူ၍မမြင် အသုံးချခံကိရိယာတွေဟူ၍ မြင်လာ စေသည်။ ပညာရေး၏ စစ်မှန်သော စွမ်းအားသည် “ငါတို့သည် လူသားတွေဖြစ်သည်။ ငါတို့မှာလည်း ကံကြမ္မာကို ပြောင်းလဲပိုင်ခွင့်ရှိသည်” ဆိုသော အမြင်ဖြစ်သည်။ တစ်နည်းပြောရလျှင် ပညာရေးက လူသား၏ ဂုဏ်သိက္ခာကို ပြန်လည်ဖော်ထုတ်ပေးနိုင်ရန် စွမ်းဆောင်နိုင်ရမည်။
ပေါ်လိုဖရေးက ပညာရေးဆိုသည်မှာ စာအုပ်ထဲကစာတွေကို ဖတ်ရုံသက်သက်မဟုတ်ဟုဆိုခဲ့သည်။ သူက “Praxis” ဆိုသည့် စကားလုံးကို သုံးသည်။ Praxis ဆိုသည်မှာ
Praxis = Reflection + Action ဖြစ်သည်။
ဆိုလိုသည်မှာ ဝေဖန်ပိုင်းခြားတွေးခေါ်မှုနှင့် လက်တွေ့လုပ်ဆောင်မှု မပါဘဲ Praxis ဖြစ်မလာနိုင်။ တစ်နည်း ပြောရလျှင် Praxis ဆိုသည်မှာ “အတွေးအခေါ်နှင့် လက်တွေ့ပေါင်းစပ်ခြင်း” ဟူ၍ ပြောနိုင်ပါသည်။
ပညာတတ်ပြီး ဘာမျှ မလုပ်တတ်လျှင် ဘွဲ့ဓာတ်ပုံချိတ်တာပဲ အဖတ်တင်မည်။
စဉ်းစားမှုမပါဘဲ လှုပ်ရှားလျှင် အဓိပ္ပာယ်မဲ့တာပဲဖြစ်မည်။
ပညာရေးက လူ့လောကကြီးအကြောင်းကို တွေးခေါ်စေပြီး၊ ထိုလောကကြီးကို ပြောင်းလဲပစ်နိုင်စေရန် လက်တွေ့လုပ်ဆောင်တတ်မှ တကယ့်ပညာရေးစစ်စစ်ဖြစ်သည်။
ပညာမတတ်သည့် ဖိနှိပ်ခံရသူတွေမှာ ရေရှည်တွင် ဘာဖြစ်သွားနိုင်သနည်း။
ဖိနှိပ်ခံရသူများသည် သူတို့စိတ်ထဲတွင် ဖိနှိပ်သူတွေကို အထင်ကြီးအားကျစိတ်များ မွေးထားတတ်သည်။ ဥပမာ ဆင်းရဲသားတစ်ယောက် အာဏာရလာလျှင် အားလုံးတန်းတူညီမျှဖြစ်အောင် လုပ်မည့်အစား သူတို့ကို ယခင်က နှိပ်စက်ခဲ့သည့် အာဏာရှင်တို့၏ ပြုမူသကဲ့သို့ ပြန်လုပ်တတ်ကြခြင်းဖြစ်သည်။
အဘယ်ကြောင့်နည်း။
သူတို့ကို ပညာရေးက လွတ်မြောက်မှုကို မသင်ပေးဘဲ “ဖိနှိပ်သူဖြစ်လာလျှင် အခွင့်ထူးရသည်” ဆိုသည့် ပုံစံမျိုးကိုမြင်တတ်စေရန် ပြုလုပ်ထားသောကြောင့်ဖြစ်သည်။
စစ်မှန်သည့် ပညာရေးသည် အဆိပ်အတောက်များကို ဖယ်ရှားနိုင်ရမည်။
အစဉ်အလာပညာရေးက
ဘဝကို ကံစီမံရာအတိုင်း လက်ခံပြီး ဘာမျှပြောင်းလဲနိုင်ခြင်းမရှိကြောင်း ယူဆစေသည်။ ပြဿနာကို သိသော်လည်း အပေါ်ယံသာမြင်ပြီး လူတစ်ဦးချင်းကို အပြစ်လိုက်တင်စေရန် ပျိုးထောင်ထားသည်။ ပေါ်လိုဖရေးပြောသည့် ပညာရေးမှာ စနစ်တစ်ခုလုံး၏ မတရားမှုကို မြင်လာပြီး၊ အပြောင်းအလဲတစ်ခုအတွက် စုပေါင်းတော်လှန်ရမည်ဟု မြင်စေသည်။
ပေါ်လိုဖရေးပြောသည့် ပညာရေးစနစ်တွင် ဆရာသည်
“ငါသိတာကို မင်းတို့ကို လာသင်ပေးနေတာ” ဆိုသည့် ပုံစံမျိုးမဟုတ်။
“ငါတို့ အားလုံး ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ငါတို့အတူတူ ဘယ်လိုကျော်လွှားရမလဲ” ဆိုသည့် ပုံစံမျိုးဖြင့် လာရောက်ဆွေးနွေးနေသူတွေဖြစ်သည်။
တစ်နည်းပြောရလျှင် ခေတ်သစ်ဆရာဆိုသည်မှာ “လူသားဂုဏ်သိက္ခာ” ကို ပြန်လည်နိုးထအောင် လုပ်ဆောင် ပေးနေကြသူတွေဖြစ်သည်။
(Ref: Pedagogy of the Oppressed, Paulo Freire)
တင်ညွန့်
၁၆.၂.၂၀၂၆