သပွတ်အူ(စ/ဆုံး)

 သပွတ်အူ(စ/ဆုံး)

————

ဘဝမှာ နောင်တအရဆုံး ကိစ္စတစ်ခုကို ပြောပါဆိုလျှင် အိမ်ထောင် ရှိသော အမျိုးသားတစ်ယောက်အပေါ် စည်းမစောင့် နိုင်ခဲ့ခြင်း ဆိုသည့် ထို အတိတ်ဆိုးကို ကျွန်မ ပြရပေမည် ။ အသက်ကငယ်ငယ် ၊ အတွေ့အကြုံက မရှိ သည့် ကျွန်မအတွက် ထို ယောက်ျားဟာ မက်စရာ ကောင်းနေသည် ။ ချစ်ချင်စရာ ကောင်းနေသည် ။ ကျွန်မ ဘယ်လိုဖြစ်လို့များ အတွေးတိမ် ၊ညာဏ်နည်းပြီး သူများလင်သားဟာ ကျွန်မကို အတည်တကျ ချစ်လိမ့်မည် ဟု ယုံကြည်ခဲ့မိသလဲ မသိ ။ ထိုယောက်ျားဟာ သူစိမ်းလည်း မဟုတ် ။ ကျွန်မ အစ်မဝမ်းကွဲ၏ လ င်ယောက်ျား … ။ သူဟာ မျက်နှာတည်သည် ။ စကားနည်းသည် ။ မိန်းကလေး အပေါင်းအသင်းလည်း မထား သလို ဆေးလိပ်မသောက် ကွမ်းမစားလေတော့ ကျွန်မအတွက် သဘောကျစရာ ဖြစ်ခဲ့သည်။ ကျွန်မသည် မသိ၍ မိုက်ခဲ့ခြင်း မဟုတ်ဘဲ သိသိလျက်နှင့် ဇွတ်မိုက် ခဲ့ခြင်းဖြစ်သည်။ ထိုယောက်ျားကို စသိကတည်းက အစ်မဝမ်းကွဲ၏ လ င်ယောက်ျားအဖြစ် စသိခဲ့ပေမဲ့ ထိုစသိသည့် အချိန်ကတည်းကပင် သူ့ရုပ်ရည် သူ့အကြည့်အပေါ် ရင်ခုန် ခဲ့သည်။ ကျွန်မအသက် ၁၆ နှစ်မှာ စသိခဲ့သော ထိုယောက်ျားဟာ ထိုအချိန်တွင် အသက် ၂၀ သာ ရှိသေးသည် ။ ကျွန်မ၏ အစ်မဝမ်းကွဲက သူထက် ၄ နှစ်ကြီးပါသည် ။ ထိုယောက်ျားဟာ အတိတ်လည်းမလှခဲ့ ။ သူ့အတိတ်တွင် ကျွန်မ၏အစ်မဝမ်းကွဲမဟုတ်သော ချစ်သူမိန်းကလေးတစ်ယောက် နှင့် ခိုးပြေးဖူးသည် ။ ထိုချစ်သူမိန်းကလေး၏ မိဘများက သဘောမတူ၍ ပြန်ခွဲကြရာက သူတို့ကွဲခဲ့ကြသည် ။ ကျွန်မအစ်မဝမ်းကွဲ၏ ညီမအရင်းနှင့်လည်း ကျောင်းသားဘဝက ချစ်သူ ဖြစ်ခဲ့ဖူး‌ေသးသည် ။ သူ၏ မလည်ရှုပ် လုပ်မှုကြောင့် ကျွန်မ၏ ဝမ်းကွဲညီအစ်မနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် မယားကြီးနှင့် မယား ငယ် လိုလို ပြုမူဆက်ဆံကြလေသည် ။

” သူနဲ့ ငါက ကျောင်းတုန်းက ချစ်သူတွေဖြစ်ခဲ့တာ ”

” အဲ့တာက အတိတ်လေ ၊ ခုချိန်မှာ သူနဲ့ငါက လ င်မယားဖြစ်နေပြီ နင် ပြန်ပြီး ဖော်နေတော့လည်း ဘာရမှာလဲ ”

” အေးပါ အဲ့ လ င်မယား လ င်မယားဆိုပြီး အရမ်းဂုဏ်‌တွေဖော်တယ်နော် ၊ နင်တို့ ခုမှယူထားတာ ပူပူနွေးနွေး ရှိသေးတာ ၊ နင့် လ င်ကို အရမ်းယုံမနေနဲ့ ဦး ”

” ဟဲ့ ယုံတယ်လေ ဘာဖြစ်လဲ ၊ စနှိုက်ကြော်ချင်တဲ့ ကော င်မကတော့ နှိုက်ပေါ့ ၊ မယား ငယ်ပဲ ဖြစ်မှာ လေ ”

” နင် ဘယ်သူ့ကို ရွဲ့ပြောတာလဲ ”

” ရွဲ့မပြောဘူးဟေ့ တည့်ပြောတာ ၊ အနာရှိရင် စပ် ”

ညီအစ်မနှစ်ယောက်သည် ယောက်ျားတစ်ယောက်အတွက် ဆံပင်မွေးဆွဲဖို့လည်း ဝန်မလေး နပန်းလုံးဖို့လည်း မတွန့်ဆုတ်ကြပေ ။ အစ်မဖြစ်သူ နွယ်ရီချို သည် အသားဖြူ၏ ။ အရပ်ပု၏ ။ ရုပ်ရည် ပြေပြစ်၏ ။ ညီမဖြစ်သူ အေးသန္တာ က အရပ်ရှည်သည် ။ အသားဖြူစွတ်သည် ။ ရုပ်ရည်ကတော့ လှသည့်အထဲ မပါပေ ။ မျက်ရစ်မရှိ၊ ပြားသော မျက်နှာကို ဖြူသော အသားအရည်က ထိန်းပေးလိုက်တော့ လှသည်ထင်ရသည်။ နှစ်ယောက်စလုံး ၏ တူညီသော အချက်မှာ နှုတ်ရိုင်းကြသည် ။ အဆဲအဆို ကို ထမင်းစားရေသောက်သလို ပြောတတ်ကြသည်။ နွယ်ရီချိုသည် လူရှေ့သူရှေ့တွင် ဟန်ဆောင်ပန်ဆောင်နှင့် အိန္ဒြေဆည် တတ်သေးပေမဲ့ အေးသန္တာကတော့ ပွင့်လင်းစွာ သရုပ်ပျ က်ရလေအောင်အထိ ရိုင်းပျ လေသည် ။

ထိုကဲ့သို့ သုံးယောက်တည်းနှင့် တင်ရှုပ်ထွေးပွေလီနေသော ဆက်ဆံရေးထဲသို့ ကျွန်မ ဝင်ရောက်ခဲ့မိသည် ။ သက်ထားစံ ဆိုသည့် ကျွန်မဟာ အသက် ၁၆ နှစ် ‌စွန်းစွန်းသာ ရှိသေးသူမို့ သစ်ရွက်က‌ေလးလှုပ်တာတောင် ရယ်ချင်နေသူဖြစ်သည် ။ ထိုအခါ အစ်မဝမ်းကွဲဖြစ်သူ နွယ်ရီချို၏ ယောက်ျား ၊ နေလင်းညို ဆိုသည့် ၊ထိုလူ ၏ အကြည့်တစ်ချက် ကို ရင်ခုန်ခဲ့မိသည် ။ ကျွန်မကို ကြည့်လျှင် အမြဲ မှိုင်းညို့နေသော ထိုယောက်ျား၏ မျက်ဝန်းတွေကို ကျွန်မ ရင်မခုန်မိစေဖို့ မတားဆီ‌နိုင်ပေ ။ ချောမောသည်ဟု သတ်မှတ်၍ ရသော ယောက်ျားတစ်ယောက်၏ အင်္ဂါရပ်များဖြစ်သည့် အရပ်ရှည်ခြင်း ၊ ခန္ဓာကိုယ် တောင့်ဖြောင့်ခြင်း ၊ အသားညိုစိုခြင်း ၊ မျက်နှာ လေးထောင့်ကျခြင်း ၊ နှာတံ ရှည်သွယ်ခြင်း စသည် တို့ဖြင့် ထိုနေလင်းညို ဆိုသူသည် အတော်ပင်ကြည့်ကောင်းပါသည် ။

ကျွန်မက လှသည့်အထဲမပါ ။ အသားညိုသည် ။ အရပ်က မနိမ့်မမြင့် ။ ခန္ဓာကိုယ် မပိန်မပါး ဆိုသည့် အလယ်အလတ်ကျသော သာမာန် ရုပ်ရည်သာဖြစ်သည် ။ ထိုအခါ ပတ်ဝန်းကျင်သည် ဤ သို့ မချိတင်ကဲ ဆိုကြ၏။

” နေလင်းညိုတို့လည်း ရူးပါ့ ၊ ကိုယ့် မိန်းမ ဖြူဖြူချောချောကို ထားပြီး သက်ထားစံလို စူစုပုတ်ပုတ် ဆီပါသွားရတယ်လို့ …

နွယ်ရီချိုနဲ့များ ဘာမှမဆိုင်ဘူး ”

ကျွန်မနှင့် နေလင်းညိုတို့ သည် နွယ်ရီချို မိတ်ဆက်ပေးရာက တဆင့် ခင်မင်ရင်းနှီးကြရင်း တစ်ယောက်တစ်ပြန် ဖုန်းနံပတ်တွေ ဝေမျှသည်အထိ အဆင့်တက်ခဲ့ကြသည် ။ နေလင်းညိုဟာ နွယ်ရီချိုနှင့် အဆင်မပြေတိုင်း ကျွန်မကို ဖုန်းဆက်သည် ။ ရင်ဖွင့်သည် ။ သမီးရည်းစားလည်း မဟုတ်တော့ဘဲ ယောက်ျားတစ်ယောက်သည် ကိုယ့်အိမ်သူ ဇနီးမယားနှင့် အဆင်မပြေသည့်အကြောင်းကို ကိုယ့်သူငယ်ချင်း ‌ေယာက်ျား‌ေလးမိတ်ဆွေကိုမဟုတ်ဘဲ မိန်းကလေးတစ်ယောက်ဆီ ဖုန်းဆက်ပြီး ရင်ဖွင့်သည့် ကိစ္စဟာ မရိုးရှင်းမှန်း ကျွန်မ၏ ၁၆ နှစ်စွန်းစွန်း အသက်အရွယ်၏ အသိညာဏ်နှင့်ပင် ဆင်ခြင်တွေးတော နိုင်ခဲ့သည် ။ သို့သော် ကျွန်မဟာ သူ့ကို မငြင်းဆန်ဘဲ သူပြောသမျှ နားထောင်၍ အလိုက်သင့် အကြံညာဏ်တောင် ပေးခဲ့ပါသေးသည် ။ ဤသည်မှာလည်း ရယ်စရာကောင်းပါသည်။ အသက် ၁၆ နှစ်စွန်းစွန်း ရည်းစားတောင်မထားဖူးသည့် မိန်းကလေးက အိမ်ထောင်သည်ယောက်ျားကို အိမ်ထောင်ရေး ဘယ်လိုသာယာအောင် ‌လုပ်သင့်သလဲ ပြောပြနေရတာပင် ဖြစ်သည် ။ သူ၏စိတ် ကျွန်မ၏ စိတ်မရိုးသားတာကို တစ်ယောက်နှင့်တစ်ယောက် ရိပ်စားမိသော်လည်း မသိချင်ယောင်ဆောင်ခဲ့ကြသည် ။ ထိုသို့ မသိချင်ယောင်ဆောင်နေတာမှန်း အချင်းချင်း သိနေပါလျက် မသိသလိုနေရတာလည်း ပင်ပန်းလှလေသည်။

ကျွန်မနှင့် နေလင်းညိုတို့၏ ဆက်ဆံရေး ဤသို့ တစ်စတစ်စ တိုးတက်နေချိန်တွင် နွယ်ရီချိုနှင့် အေးသန္တာတို့သည် တခြားယောက်ျားတစ်ယောက်အတွက်နှင့် စကားများကြပြန်လေသည်။ နွယ်ရီချိုသည် နေလင်းညိုနှင့် အိမ်ထောင်ကျပြီးကတည်းက မြို့ထဲမှာ အိမ်ငှားနေကြသည် ။ ခုအခါမှာ အိမ်ထောင်ရေးအဆင်မပြေ၍ မိဘအိမ်ကို ပြန်လာလေသည် ။ ကျွန်မ ထိုကိစ္စ အတွက် စိတ်မကောင်းဖြစ်မိပေမဲ့ တစ်ဘက်ကိုကျတော့လည်း လက်မလွှတ်ချင်ပေ ။ ထိုနေ့က ဆူညံသံတွေကြားတော့ နေလင်းညို နှင့် ကျွန်မ ၏ ကိစ္စ နှင့်ပတ်သက်လိမ့်မည်ဟု ထင်ခဲ့မိသည် ။ သို့သော် အထင်မှားယွင်းခဲ့သည်။

ပြသနာ၏ အကြောင်းအရင်းက အေးသန္တာသည် နွယ်ရီချို အပျိုဘဝက သူမကို တစ်ဖက်သက် ကြိုက်ဖူးသော မင်းသုတ နှင့် ရည်းစားဖြစ်နေသည့် ကိစ္စ ကြောင့် ဖြစ်လေသည်။ နွယ်ရီချိုသည် စိတ်ဆိုးမာန်ဆိုးဖြင့် အေးသန္တာကို ကြည့်နေ‌ခဲ့သည် ။ ကိုယ့်ညီမအရင်းကို ကြည့်သည့်အကြည့်ဟာ လ င်လုဘက်တစ်ယောက်ကို ကြည့်သလို စူးရဲနေ၏ ။

” နင်က ဘာကို မကျေမနပ်ဖြစ်နေတာလဲ ၊ နင် ပြန်မကြိုက်တဲ့သူကို ငါကပြန်ကြိုက်လိုက်လို့ ငါနဲ့တွဲ သွားတာလေ ”

အေးသန္တာက ခပ်စွာစွာ လေသံဖြင့် ပြောလိုက်သည် ။ နွယ်ရီချိုသည် အံကိုတင်းကာ မျက်လုံးပြူးပြူးဖြင့် ညီမဖြစ်သူကို ကြည့်လိုက်၏ ။

” ဟဲ့ အဲ့အကောင်က သူ့မိန်းမနဲ့ တရားဝင်ကွာရသေးတာမဟုတ်ဘူး၊ အဲ့လိုကောင်မျိုးက ရည်းစားစကားလာ‌ေပြာတာကို ငါက ပြန်ကြိုက်စရာလား နင်စဉ်းစားလေ ၊ နင်က ခုအဲ့တာကို သိသိရက်နဲ့ တွဲနေတာ နင်လ င်ရှားနေသလား ၊ သူ့မိန်းမက နင့်ကိုအိမ်တိုင်ရာရောက် ပါးလာချနေမှာစိုးလို့ ငါက ပြောနေရတာဟေ့ ”

“နင့်လ င်နင် စိတ်ပူစမ်းပါ ၊ ခုနင့် လ င်က ဟိုကော င်မဆီ ပါတော့မယ် ၊ အဲ့တာကို နင်ပူစမ်းပါ ၊ ငါတွဲနေတဲ့ ငါ့လ င်ကို လာပူမနေနဲ့ ”

နွယ်ရီချိုသည် အေးသန္တာကို ဆဲဆိုလိုက်၏။

ထိုတွင် သူတို့ညီအစ်မနှစ်‌ေယာက်၏ ရန်ဖြစ်ခြင်း တစ်ခန်းရပ်သွားကာ တစ်ပတ်လောက်ကြာတော့ အေးသန္တာနှင့် မင်းသုတတို့ ပျက်စဲ သွားကြောင်း ကျွန်မ သိခဲ့ရသည်။

ကျွန်မနှင့် နေလင်းညိုတို့၏ မရိုးသားသော ဆက်ဆံရေးကို ပတ်ဝန်းကျင်ကလည်း သိနေသည် ။ မိသားစုကလည်း သိနေသည် ။ ကျွန်မ၏ မိဘများက နေလင်းညို နှင့် ကျွန်မကို သဘောမတူပေ။ သဘောတူစရာ အကြောင်း လည်း မရှိ ။ နေလင်းညိုဟာ နွယ်ရီချိုနှင့် တရားဝင်ကွာရှင်းထားခြင်း မဟုတ်သည့်အတွက် ကျွန်မ၏ မိဘများက ကျွန်မကို နားချသည် ။ တားမြစ်သည်။ ကျွန်မသည် အချစ်ဦးမို့ အရူးအမူး ဖြစ်နေမိသည့်အတွက် မိဘများ၏ စကားကို နားမထောင်ပေ။ ထိုအခြေအနေတွင် ကျွန်မသည် ဘာကြောင့် မိုက်ရူးရဲဆန်ကာ နေလင်းညိုမှ နေလင်းညိုဟု အချစ်ကို ကိုးကွယ်နေမိသလဲ မတွေးတတ်ပေ ။ အမှန်မှာ နေလင်းညိုသည် နွယ်ရီချိုကိုလည်းမပြတ်သလို ၊ ကျွန်မကိုလည်း ဖွင့်မပြောသေးပေ ။

ကျွန်မ နေလင်းညိုကို စိတ်မရှည်ဖြစ်လာသည်။ ညတိုင်း သူနှင့် ကျွန်မနှင့်စကားတွေပြောသည်။ စကားတွေဟာ သမီးရည်းစား အပြောနှင့်မခြား။ အပြင်မှာတွေ့လျှင် တစ်ယောက်ကိုတစ်ယောက် ချစ်သူရည်းစားတွေလို ကြည့်ကြသည်။ သို့ဖြစ်ပါလျက် တစ်ယောက်နှင့်တစ်ယောက် ရိုးသားပါသည်ဟု ဟန်ဆောင်ထားရတာကို မုန်းလာသည်။ ကျွန်မတို့မရိုးသားမှန်းလည်း ပတ်ဝန်းကျင်က သိကြသည်။ ထိုသို့ဖြစ်ပါလျှင် အဘယ့်ကြောင့် ကျွန်မတို့က ပွင့်လင်းစွာ မထုတ်ဖော်ရမည်နည်း။

ထိုနေ့ညမှာတော့ ကျွန်မ နေလင်းညိုကို ပွင့်လင်းစွာ မေးလိုက်သည်။

” သက်ထားကို ချစ်သလား ”

” ဟင် ဘာတွေမေးနေတာလဲ ”

” ဝေ့လည်ကြောင်ပတ် မလုပ်ပါနဲ့ ကိုနေ ၊ သက်ထား ကိုနေ့ကို တည့်ပဲမေးနေတာ သက်ထားကို တည့်ပဲဖြေ ”

ဖုန်းထဲကနေ နေလင်းညို၏ သက်ပြင်းချသံကို ကြားရသည်။ ပြီးတော့ သူက မဖြေဘဲ မေးခွန်းတစ်ခု ‌ပြန်မေးလာသည် ။

” သက်ထားကရော … ”

” သက်ထားကတော့ ကိုနေ့ကို သဘောကျနေမိတာ ကြာပြီ ၊ ကို‌ေန့ဘက်က ပွင့်လင်းမလာလို့ အရဲစွန့်ပြီး ပြောရတာ ၊ ကိုနေ ပြောပါ သက်ထားကို ချစ်သလား ”

” ကိုယ် … ”

နေလင်းညိုက တွေဝေစွာ စကားကို ဆိုင်းငံ့ထားသည် ။ ထိုအခါ ကျွန်မ ရင်ထဲသိပ်ကို နာကျင်သွားရ၏ ။ မျက်ရည်ဟာ မျက်ဝန်းအိုင်မှာ တအိအိပြည့်တက်လာကာ ရှက်စိတ်က တစ်ကိုယ်လုံးကို ကိုင်ဆောင့်လိုက်သလို အလူးအလဲ ဖြစ်မတတ် ။

” ကိုနေ မပြောဘူးနော် ၊ ဒါဆို သက်ထား ကို နောက်နေ့တွေ ဖုန်းဆက်စရာ မလိုတော့ဘူး ”

ကျွန်မ ဖုန်းချဖို့ အပြင်မှာ တစ်ဘက်က စိုးထိတ်စွာ ခေါ်လိုက်သည့် အသံကြောင့် ရင်ထဲ တုန်ခါသွားရသည်။

” သက်ထား ၊ သက်ထား ဖုန်းမချပါနဲ့နော် ၊ ကိုယ် သက်ထားကို ချစ်တယ်ကွာ ၊ ချစ်နေခဲ့တာ အရင်ကတည်းက ၊ ဒါပေမဲ့ ကိုယ်က လူလွတ်မဟုတ်ဘူး ၊ ဒါကြောင့် ပါးစပ်က ပြောဖို့မရဲတာ ၊ သက်ထား ခုသိပြီးရင် စိတ်ထဲပဲ ထားပါ ”

” ဘယ်လို ”

ကျွန်မ ပျော်ရမလိုလိုနှင့် ထပ်မံ၍ ရင်နာရပြန်သည်။

” ဒါဆို ကိုနေက မနွယ်ရီချိုနဲ့လည်း မပြတ်ဘူး ၊ သက်ထားနဲ့လည်း ဒီအခြေအနေအတိုင်းပဲ ဆက်သွားမယ် ဆိုတဲ့သဘောလား ၊ သက်ထားက ကိုနေနဲ့ ပတ်သက်မှုကို စိတ်ထဲပဲ မျိုသိပ်ပြီး ကိုနေ့ ကို လက်ခံ ပေးထားရမယ်ပေါ့ ဟုတ်လား ”

” အင်း ဖြစ်နိုင်ရင်ပေါ့ ”

” ကိုနေ လဲ ‌ေ သလိုက်ပါလား ၊ သက်ထားက မိကောင်းဖခင်သားသမီးပါ ၊ ကိုနေ လုပ်နေတာက သက်ထားကို မယား ငယ်လုံးလုံး ဖြစ်နေစေပြီ သိလား ”

” သက်ထားရယ် ”

နေလင်းညို၏ အသံမှာ ဝေခွဲမရသော ဆုံးဖြတ်ရန်ခက်ခဲနေသော စသည့် ခံစားချက်များ ဒွန်တွဲနေသည် ။

” သက်ထား လက်မခံနိုင်ဘူး ၊ သက်ထားမိဘတွေက ကိုနေ့ကြောင့် သက်ထားကို တက္ကသိုလ်ဆက်မတက်ခိုင်းတော့ဘဲ ကျောင်းထုတ်ပြီး ထိုင်းကို ပို့ဖို့ စီစဉ်နေတယ် ၊ ကိုနေသာ ပွင့်လင်းရင် သက်ထား အရဲစွန့်ပြီး ကိုနေ့နောက်ကို လိုက်ဖို့အထိပါ စီစဉ်ထားတာ ၊ ခုတော့ သက်ထား ထိုင်းကိုပဲ သွားရတော့မှာပေါ့ ”

” မသွားပါနဲ့ သက်ထားရယ် ၊ အဲ့လို မလုပ်ပါနဲ့ ၊ ကိုယ် သက်ထားကို အမြဲ မြင်တွေ့နေချင်တယ် ”

“ကိုနေ ရူးနေပြီလား ၊ ကိုနေ သက်ထားကို ပြတ်ပြတ်သားသား မရွေးချယ်နိုင်ဘူးဆိုရင် သက်ထားကို ဆွဲမထားပါနဲ့တော့ ၊ ကိုနေ မနွယ်ရီချို နဲ့ပဲ အဆင်ပြေအာင် ပြန်ပေါင်းလိုက်ပါတော့ ကိုနေတို့က တရားဝင် လ င်မယားတွေလေ ”

ကျွန်မ ငိုရှိုက်တော့ နေလင်းညို၏ စိတ်တွေ ရှုပ်ထွေးသွားပုံရသည်။ သူခဏ စဉ်းစားနေပြီးမှ …

” ကိုယ် သက်ထားနဲ့ ချစ်သူဖြစ်ချင်တယ် ”

” ဘယ်လို … ”

” ကိုသက်ထားကို လက်လွှတ်မခံနိုင်ဘူး ”

“ဒါဆို… မနွယ်ရီချိုကရော ”

” ကိုယ် နဲ့သူက မဖြစ်နိုင်တော့ဘူးလေ … ပြတ်စဲဖို့ပဲ လုပ်ရတော့မှာပေါ့ ”

ကျွန်မကို လက်လွှတ်ဖို့ အခွင့်အရေးပေးပေမဲ့ ထိုအခွင့်အရေးကို နေလင်းညိုက မဆုပ်ကိုင်ခဲ့တာကြောင့် ထိုနေ့ညက ကျွန်မတို့ တရားဝင် ချစ်သူဖြစ်ခဲ့ကြသည်။ ၁၆ နှစ် စွန်းစွန်း မရင့်ကျက်သေးသော ကျွန်မသည် ဘာကိုမှ ထပ်မံမစဉ်းစားတော့ဘဲ နေလင်းညို ပြောစကားများဖြင့် စိတ်အေးချမ်းစွာ အငိုတိတ်ခဲ့သည်။

” သူတို့ လ င်မယားက ရန်ဖြစ်တိုင်း ကွဲမယ် ကွာမယ် ဖြစ်နေကြတာလေ ၊ ပြီးတော့လည်း ဘာမှမဟုတ်ဘူး ၊ အဲ့လိုနဲ့ တစ်နှစ်ပဲ ပြည့်တော့မယ် ၊ ကြည့်နေ သူတို့ ပြန်အဆင်ပြေသွားလိမ့်မယ် ”

+

ထိုနေ့မနက်က ကျွန်မ ဈေးမှာ ဘုရားပန်းသွားဝယ်တော့ မနွယ်ရီချို၏ သူငယ်ချင်း နှစ်ယောက် နှင့် တွေ့သည် ။ သူတို့က မနွယ်ရီချိုနှင့် မတွေ့တာကြာပြီဖြစ်ကြောင်း ပြောပြရင်း ကျွန်မကို မနွယ်ရီချို၏ အကြောင်းတွေမေးသည် ။ “သူနေကောင်းရဲ့လား” “အရင်အလုပ်မှာပဲလား” “သူ့ယောက်ျားနဲ့ အဆင်ပြေရဲ့လား” အစရှိသဖြင့် ကျွန်မကိုမေးကြသည် ။ “‌သူနေကောင်းပါတယ်” “သူအရင်အလုပ်မှာပဲ” ဆိုပြီး ရှေ့မေးခွန်းနှစ်ခုကိုတော့ လွယ်လင့်တကူဖြေလိုက်နိုင်ပေမဲ့ သုံးခုမြောက်မေးခွန်းကိုတော့ ကျွန်မဖြေဖို့ တုံ့ဆိုင်းနေသည် ။ “သူ့ယောက်ျားနဲ့သူ အဆင်မပြေဘူး ” လို့ဖြေသင့်သလား ။ ဒီလိုဆို သူတို့က အဆင်မပြေတဲ့အကြောင်းအရင်းကိုဆက်မေးကြဦးမည် ။ ဒါဆို ကျွန်မဘယ်လိုဆက်ဖြေရမလဲ ။ ” သူ့ယောက်ျားနဲ့ကျွန်မက ချစ်သူဖြစ်နေပါတယ် ” ဆိုပြီး ဖြေရမှာလား ။ ဖြေဖို့ မသင့်တော်မှန်း ကျွန်မဦးနှောက်ကအသိပေးနေသည် ။ ကျွန်မလည်း ထိုသို့ဖြေဖို့ အစီအစဉ်မရှိပါ ။ “သူတို့အဆင်ပြေပါတယ်” လို့ဖြေလိုက်ပြန်လျှင်လည်း လိမ်ရာကျပြန်ဦးမည် ။ သူတို့က နောက်ဆုံးမေးခွန်းကိုဖြေ‌ဖို့ အတော်စဉ်းစားနေရသော ကျွန်မကို ထူးထူးဆန်းဆန်း ကြည့်နေကြသည် ။

 

” ဘာဖြစ်လို့လဲ သက်ထား ၊ သူတို့အဆင်မပြေကြဘူးလား ”

 

ကျွန်မ ခေါင်းညိတ်လိုက်သည် ။ သူတို့က ထေ‌ွထွေထူးထူး ဖြစ်မသွားဘဲ ပြုံးရယ်လိုက်တော့ ကျွန်မရင်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိ။

 

” သူတို့ လ င်မယားက ရန်ဖြစ်တိုင်း ကွဲမယ် ကွာမယ် ဖြစ်နေကြတာလေ ၊ ပြီးတော့လည်း ဘာမှမဟုတ်ဘူး ၊ အဲ့လိုနဲ့ တစ်နှစ်ပဲ ပြည့်တော့မယ် ၊ ကြည့်နေ သူတို့ ပြန်အဆင်ပြေသွားလိမ့်မယ် ”

 

သူတို့က ကျွန်မပခုံးလေးကို အသာကိုင်ကာ “သွားတော့မယ်” ဆိုပြီးနှုတ်ဆက်သွားကြသည် ။ ကျွန်မ စိတ်အာရုံဟာ ခန္ဓာကနေ လွင့်နေသလား ထင်မှတ်ရအောင်အထိ ဘေးပတ်ဝန်းကျင်က အသံဟူသမျှကို ကျွန်မ မကြားနိုင်တော့ပေ ။

 

” သူတို့ပြန်အဆင်ပြေသွားလိမ့်မယ် ” တဲ့လား ။ တစ်ထစ်ချကြီးကို ပြောသွားခဲ့တာ ဖြစ်သည် ။ အိမ်အပြန်လမ်းမှာ ကျွန်မခေါင်းထဲ အတွေးတွေ တောက်လျှောက်ဝင်နေသည်။ ကျွန်မ နေလင်းညိုကို ဆက်ပြီးယုံကြည်သင့်ရဲ့လား ။ တကယ်ပဲသူဟာ တရားဝင်ဇနီးမယားဖြစ်တဲ့ နွယ်ရီချို့ကို လက်လွှတ်ပြီး ကျွန်မကိုရွေးချယ်မတဲ့လား ။

 

” ဟဲ့ ဟဲ့ သက်ထားစံ ၊ နင်သက်ထားစံမလား ”

 

အနားကိုရောက်လာသူအား မော့ကြည့်လိုက်တော့ ကျူရှင် တက်တုန်းက မြင်ဖူးသလိုရှိသည့် မျက်နှာ တစ်ခု ။

 

” ငါလေ ဖြိုးရတနာ ”

 

“ဪ”

 

နံမည်ကို မမှတ်မိပေမဲ့ ရုပ်ကိုသိနေတာကြောင့် ဪ ဟု သာ တုံ့ပြန်လိုက်ရသည်။

 

” နင်က ခုံနံပတ် ၂၀ ဆို ၊ ငါက ၃၁ ၊ ငါတို့ တစ်ခန်းတည်း အတူတူကျတယ် ၊ စာမေးပွဲဖြေရင်လည်း အခန်းတူလောက်တယ် ၊အနီးကပ်တက်ရမယ့်ရက်ကျရင် ငါတို့ ကျောင်းခန်းထဲ အတူဝင်ကြမယ်လေ ၊ ငါ့မှာ အဖော်မရှိဘူးဟ ”

 

” အင်း ရပါတယ် … ၊ ဒါနဲ့ နင်က ဒီကို ဘာလာလုပ်တာလဲ ”

 

” ငါ့အဆောင်က ဒီလမ်းထဲမှာလေ ”

 

” ဪ ဟုတ်လား ၊ ငါ့အိမ်ကလည်း ဒီလမ်းထဲမှာပဲ ”

 

” အဲ့တာဆို အတော်ပဲဟယ်၊ ငါ လမ်းထိပ်မှာ မုန့်ဟင်းခါးထွက်ဝယ်တာ ၊ အလာတုန်းက အဆောင်က ကောင်မလေး တစ်ယောက် ဆိုင်ကယ်နောက်ကလိုက်လာတာ လမ်းမှာ ခွေးတွေ အများကြီးတွေ့ခဲ့တယ် ၊ အပြန် လမ်းလျှောက်ရတော့ အဲ့ခွေးတွေကို ဖြတ်လျှောက်ဖို့ကြောက်နေတာဟ ၊ နင်နဲ့ တွေ့တာ အတော်ပဲ ”

 

ကျွန်မနှင့် ဖြိုးရတနာတို့ အတူ လျှောက်လာကြရင်း အလုပ်သွားဖို့ ဆိုင်ကယ်နှင့် ထွက်လာကြသော နွယ်ရီချို၊အေးသန္တာတို့နှင့် တည့်တည့်ဆိုင်ဆိုင်တွေ့သည်။ နွယ်ရီချိုကတော့ ကျွန်မကို မမြင်ချင်ယောင်ဆောင်သွားကာ အေးသန္တာကတော့ ကျွန်မကို တည့်တည့် မျက်စောင်းထိုးသွားသည် ။ သူတို့ဆိုင်ကယ် ကျွန်မတို့ဘေးက ဖြတ်သွားပြီးတဲ့အခါမှာ ဖြိုးရတနာက ကျွန်မကို ပြောသည် ။

 

” ဟဲ့ ခုနက ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့ နှစ်ယောက်ထဲက အနောက်မှာ ထိုင်စီးတဲ့ တစ်ယောက်လေ ၊ မောင်းတဲ့တစ်ယောက်မဟုတ်ဘူး၊ အနောက်က တစ်ယောက် ”

” ဘာဖြစ်လို့လဲ ”

” အဲ့ တစ်ယောက်ကိုငါသိတယ် ”

ကျွန်မက ဖြိုးရတနာကို မျက်ခုံးပင့်ကြည့်လိုက်တော့ ဖြိုးရတနာက ကျွန်မကို လေသံခပ်အုပ်အုပ်ဖြင့် ပြောပြသည် ။

” အဲ့တစ်ယောက်မှာက ယောက်ျားရှိတယ်လေ အဲ့တာကို ငါတို့ ရပ်ကွက်က မိန်းမရှိတဲ့ အစ်ကိုကြီးနဲ့ ကြိုက်နေတာဟ ”

” ဟင် ”

” ဟုတ်တယ် အဲ့အစ်ကိုကြီးက သူ့မိန်းမနဲ့ စိတ်အခပ်မသင့်လို့ ကွဲနေကြတာ ဒါပေမဲ့ စာချုပ်စာတန်းနဲ့ ကွာထားတာ မဟုတ်ဘူး ၊ ငါတို့ရပ်ကွက်ထဲ အဲ့အစ်ကိုကြီးနဲ့ အဲ့တစ်ယောက်အကြောင်း ပွလို့ပဲ ၊ ပြီး‌ေတာ့ အဲ့အစ်ကိုကြီးက အဲ့တစ်ယောက်ညီမနဲ့လည်း တွဲဖူးသေးတယ်တဲ့နော် ”

ကျွန်မ တအံ့တဩဖြစ်သွားရသည် ။ ကျွန်မ ဆက်လမ်းမလျှောက်တော့ဘဲ ဖြိုးရတနာဘက်ကို လှည့်ရပ်လိုက်သည် ။

” အဲ့အစ်ကိုကြီးနံမည်က မင်းသုတ လား ”

” နင်သိတယ်လား ”

ဖြိုးရတနာက တအံ့တဩ ပြန်မေးသည် ။ ကျွန်မ အထင်ဟာ မှန်သွားတာကြောင့် သက်ပြင်းဖွဖွ ချလိုက်မိ၏ ။ ကျွန်မ နွယ်ရီချိုကို အပြစ်မမြင်ရက်ပါ ။ ယောက်ျားဖြစ်သူက တခြားမိန်းကလေးတစ်ယောက်နှင့် ချစ်ကြိုက်နေတော့ သူမလည်း တခြားယောက်ျားတစ်ယောက်အပေါ် စိတ်ထားမိတာ သူမ အမှားမဟုတ်။ သို့ပေမဲ့ ညီမဖြစ်သူ အေးသန္တာကိုကျ မင်းသုတနှင့် တွဲတာကို ခါးခါးတူးတူးတားမြစ်ခဲ့ပြီး ခု သူမကိုယ်တိုင်ကကျ ထိုမင်းသုတနှင့် ကြိုက်နေသည် ဆိုတော့ ကျွန်မစိတ်ထဲ နည်းနည်းတော့ ဘဝင်မကျဖြစ်မိသည် ။

ကျွန်မ ထိုအကြောင်းကို နေလင်းညို သိ‌အောင် ပြောပြလိုက်လျှင် ကောင်းမလား ဟု တွေးမိသည်။ သို့သော် ကျွန်မ မပြောပြခဲ့ပါ။ နေလင်းညိုကလည်း ကျွန်မတစ်ဦးတည်း၏ ကိစ္စတွေကိုသာ သိချင်နေ ဂရုစိုက်နေပြီး နွယ်ရီချို့အကြောင်း ပြောလျှင် အပြောမခံတာကြောင့် ကျွန်မ ဘာမှ မပြောဖြစ်တော့ပေ။

“ဟဲ့ သက်ထားစံ

သက်ထားစံ ”

ကျွန်မကို ပြတင်းပေါက်ကနေ လှမ်းခေါ်နေသူက နွယ်ရီချို ဖြစ်နေသည် ။ ကျွန်မကို မခေါ်မပြောတာ ကြာလေပြီ ။ ကိုယ့်‌ေယာက်ျားနှင့်ကြိုက်‌ေနသူဆို‌ေတာ့လည်း ခေါ်ချင်ပြောချင်စိတ် ဘယ်ရှိပါလိမ့်မလဲ ။ သို့ဖြစ်လျှင် ခု ခေါ်တာ ဘာကြောင့်များလဲ ။ နွယ်ရီချိုက လက်ယက်ခေါ်ပြီး ကျွန်မအိမ် ပြတင်းပေါက်နားက ခုံတန်းလျားမှာ ကျွန်မအလာကို ထိုင်စောင့်နေသည်။

 

” မနွယ်ရီချို ဘာဖြစ်လို့လဲ ”

 

” ငါနင့်ကို မေးမလို့ ”

 

” မေးလေ ”

 

ကျွန်မက ခုံမှာ ဝင်ထိုင်လိုက်သည် ။

 

” နင်နဲ့ နေလင်းညိုတို့က ဘာလဲ ”

 

သူမ မသိလို့မေးတာတော့ မဖြစ်နိုင် ။ သို့ပေမဲ့ကျွန်မအနေနှင့်ကလည်း တည့်တိုးဖြေဖို့က မသင့်တော်ပေ ။

 

” ဘာဖြစ်လို့မေးတာလဲ … ”

 

” ဒီလိုဟာ ငါက ‌ဟို … ပြောရရင် နည်းနည်းတော့ ရှုပ်တယ် ၊ မင်းသုတက အေးသန္တာနဲ့ပြတ်ပြီး ငါ့ကို ရည်းစားစကားလာပြောတော့ ငါက နေလင်းညိုကို ရွဲ့ချင်တာနဲ့ အဖြေပြန်ပေးလိုက်မိတယ် ”

 

” ဘယ်လို ”

 

ကျွန်မ ဘာတွေကြားလိုက်မိတာပါလိမ့် ။ အိမ်ထောင်သည်မိန်းမတစ်ယောက်က ကိုယ့်လ င်သားကို ရွဲ့ချင်လို့ ဆိုသည့် မခိုင်လုံသော အကြောင်းပြချက်တစ်ခုနှင့် တခြားယောက်ျားတစ်ယောက်ကို အ‌ေဖြပြန်‌ေပးလိုက်သတဲ့လား ။

 

“မနွယ်ရီချိုရယ် ၊ ကိုယ့်ယောက်ျားကို ရွဲ့ချင်တာနဲ့များ အဖြေပြန်ပေးလိုက်ရသလား ၊ ဒါ ဖော က်ပြန်တာနော် ”

 

” အေး ၊ ငါကလည်း နေလင်းညိုကို အဲ့တုန်းက အတော်စိတ်ဆိုးနေတာလေ ၊ သူက ငါ့ကိုရည်းစားဘဝတုန်းကလိုလည်း မချော့တော့ဘူး ၊ တစ်ခုခု ဆို သူကချည်း ပြန်ပြန်ကောက်နေတော့ သဝန်များတိုမလားဆိုပြီးတော့ ”

 

နွယ်ရီချိုက ရယ်ကျဲကျဲနှင့်ပြောပြနေသည် ။ အမှန်တော့ ရယ်စရာမပါ ။ သူလုပ်လိုက်တာဟာ မသတီစရာ ကိစ္စ ။

 

” ရူးနှမ်းလိုက်တဲ့ အတွေးပဲ ”

 

” အဲ့တာနဲ့ ပဲ သူက ခုထိစိတ်ဆိုးနေတာ ၊ ဒါပေမဲ့ ငါခု မင်းသုတနဲ့ တွဲနေတာ သိတော့ သူ ငါ့ဆီ ပြန်လာချင်နေတယ် ”

 

” ဘယ်လို ”

 

ကျွန်မရင်ဝကို လှန်ချွန်နှင့် ထိုးဆောင့်လိုက်သလိုပင်။ မနေ့ညကအထိ ကျွန်မ ကို ဂရုတစိုက်ရှိနေသော ထိုယောက်ျားကတဲ့လား … ။

 

” ငါလည်း သူ့ကို ပြန်လက်ခံချင်တယ် ၊ သူနဲ့ငါက တွဲခဲ့တာလည်း ၂ နှစ် ၊ ခုအိမ်ထောင်ကျတာကလည်း တစ်နှစ်ပြည့်တော့မှာဆိုတော့ သံယောဇဉ် မပြ တ်နိုင်ဘူး ”

 

ကျွန်မ မျက်ရည်တွေဝဲတက်လာသည်။ ‌

 

” သက်ထားကို ဘာပြောချင်တာလဲ ”

 

” ဒီလိုဟ ”

 

နွယ်ရီချိုက ကျွန်မနားကို ဖ င်ရွှေ့ကာ တိုးလာသည် ။

 

” နင်နဲ့သူနဲ့ တွဲနေတယ်ဆိုပြီး ငါ ကြားနေရလို့ ၊ အဲ့တာ ဟုတ်မဟုတ်သိချင်တာ ၊ မဟုတ်လောက်ဘူးလို့တော့ ငါထင်ပါတယ် ၊ ဒါပေမဲ့ သူ့ကို ပြန်လက်ခံဖို့ စိတ်ရှင်းချင်လို့ နင့်ကို လာမေးတာ ”

 

ကျွန်မ မျက်ရည်အဝိုင်းသားနှင့် နွယ်ရီချို့ကို ကြည့်လိုက်မိသည် ။ နွယ်ရီချိုက ကျွန်မဆီက ” တွဲနေတာ မဟုတ်ဘူး ” ဆိုသည့်စကားကို ကြားချင်နေသည့် မျက်နှာမျိုးဖြင့် ကြည့်နေသည် ။ ကျွန်မ ဘာလုပ်သင့်သလဲ ။ ကျွန်မ ဘယ်လိုပြောသင့်သလဲ ။

 

” သက်ထား သူနဲ့တွဲနေတာ ဟုတ်တယ် ”

 

” ဘာ … ”

 

” ဒါပေမဲ့ သူက မနွယ်ရီချိုဆီ ပြန်လာချင်နေတာမလား ၊ မနွယ်ရီချိုတို့က တရားဝင်လ င်မယားတွေပါ ၊ သက်ထား နောက်ဆုတ်ပေးပါ့မယ် ”

 

ကျွန်မ နွယ်ရီချို့ဘေးကနေ ပြေးထွက်ခဲ့လိုက်သည် ။ အခန်းတံခါးကို ပိတ်ပြီးမှ အိပ်ရာပေါ် မျက်နှာ ဝှက်ချ၍ ငိုကြွေးမိ၏ ။ အရှက်မဲ့လိုက်သည့် မိန်းမ .. ။ ကျွန်မ ကိုယ့်ကိုယ်ကို ညှင်းဆဲလိုက်မိသည်။ မိဘတွေကသူတို့ ကွာရှင်းဖို့ကိစ္စကို လက်မခံသေးလို့ တဖြည်းဖြည်း နားချနေကြောင်း ၊ သူ့ဘက်ကတော့ နွယ်ရီချို့ကို အပြီးအပိုင်ပြ တ်‌ေနပြီဖြစ်ကြောင်း ပြောခဲ့ဖူးသော ထိုယောက်ျား၏ ပါးစပ်ကို ဖျ တ်ရိုက်ပစ်ချင်မိသည်။ အမှန်တော့ သူ့အပြစ်မဟုတ် အယုံလွယ်ခဲ့သည့် ကျွန်မအပြစ်သာ ။ ချစ်သူ သက်တမ်း နှစ်နှစ် အိမ်ထောင်သက်တစ်နှစ် ရှိသည့် ထို ဆက်ဆံရေးကို ကျွန်မ‌ အတွက် သူဖြ တ်တောက်နိုင်လိမ့်မည်ဟု ယုံမှား ခဲ့သည့် ကျွန်မ အပြစ် ။

ကျွန်မ ဝအောင်ငိုကြွေးပြီးသည့်အချိန်မှာ နေလင်းညိုကို လက်လွှတ်ဖို့ အဆင်သင့်ဖြစ်နေလေပြီ ။ ကျွန်မ ဘာနစ်နာစရာ ရှိလို့လဲ ။ နေလင်းညိုနှင့် အပြင်မှာ ချိန်းတွေ့ဖူးတာတောင် မရှိသေးသည့် ကျွန်မ ၊ အသားချင်း ထိဆက်ဖူးတာတောင် မရှိသေးသည့်ကျွန်မ ခုလို စောစောစီးစီး လက်လွှတ်ဖို့ အခွင့်အရေးပေးတာ ကံကောင်းသည်ဟု ဖြည့်တွေးလိုက်သည်။ နေလင်းညိုဆီ ကျွန်မ ဖုန်းဆက်လိုက်သည် ။

” ကိုယ် ခုပဲ သက်ထားဆီ ဖုန်းခေါ်တော့မလို့ ၊ ကိုယ်ခုပဲ ထမင်းစားပြီးတာလေ ၊ ခုပဲ ပန်းကန်ဆေးပြီးရင် ဖုန်းခေါ်ဖို့ တွေးထားတာ ”

နေလင်းညိုအသံက နူးညံ့စဲ ။ ကြင်နာစဲ ။

” သက်ထားဆီ ဒီမနက်က မနွယ်ရီချို လာသွားတယ် ”

” ဟင် သူက ဘာလာလုပ်တာလဲ ”

” ကိုနေက သူ့ဆီ ပြန်လာချင်နေတယ် လို့ ပြောသွားတယ် ”

ပြင်းရှသော သက်ပြင်းချသံ တစ်ခု ကျွန်မကြားလိုက်ရသည်။ ကျွန်မဘက်ကသာ အရင်စမပြောလျှင် ထိုယောက်ျားဟာ ဘယ်အချိန်အထိ မသိချင်ယောင်ဆောင်ပြီး ကျွန်မကို ကြိုးရှည်ရှည်နှင့် လှန်ထားဦးမည် မသိ ။

” ဘာလို့ မပြောပြတာလဲ ၊ ဘာလဲ မနွယ်ရီချိုကကိုနေ့ကို ပြန်လက်မခံသေးလို့ ဒီဘက်ကို ဆွဲထားသေးတာလား ၊ မနွယ်ရီချို ပြန်လက်ခံတာနဲ့ ဒီဘက်ကို လွှတ်ချဖို့ စဉ်းစားထားတာ မလား ”

” သက်ထား ကိုယ် အဲ့လို စိတ်နဲ့ မဟုတ်ပါဘူး ”

” မနွယ်ရီချိုကို မကွာရှင်းသေးတာက မပြတ်နိုင်သေးလို့ ဆိုတာ ခုမှပဲ ရှင်းရှင်းလင်းလင်းသိတော့တယ် ”

ကျွန်မ မျက်ရည်ထိန်းပေမဲ့ ငိုသံစွက်လာသည် ။

” သက်ထားကတော့ သိပ်ရူးခဲ့တာ သိလား ၊ ကိုနေ မနွယ်ရီချိုနဲ့ ကွာရှင်းလိုက်ရင် ၊ သက်ထားမိဘတွေ ကိုနေ့ကို လက်ခံအောင် ပြောဖို့ အထိ စိတ်ကူးယဉ်ထားတာ ၊ သက်ထား တကယ့်ကို သော က်ရူး ဖြစ်ခဲ့တာ ”

” သက်ထားရယ် ကိုယ့်ကို အချိန်တစ်ခုပဲ ပေးပါ ၊ ကိုယ် သက်ထားကိုပဲ အတည်တကျ တွဲမယ် ”

” တော်ပြီ တော်လိုက်ပါတော့ ၊ သက်ထား ထပ်ယုံကြည်ဖို့ အင်အားမရှိတော့ဘူး ၊ ဒီနေ့ ဖုန်းဆက်တာက ကိုနေ နဲ့ သက်ထား ကိုယ့်ဘဝနဲ့ကိုယ်နေကြဖို့ ဆက်မပက်သက်ကြတော့ဖို့ ပြောချင်လို့ပါ ၊ ဒါပါပဲ၊ ကိုနေ နောက် ဘယ်မိန်းကလေးအပေါ်မှ စိတ်မယိုင်ပါနဲ့တော့ မနွယ်ရီချိုအပေါ်ပဲ သစ္စာရှိပေးပါ ”

” စိတ်ယိုင်မိတော့မှာ မဟုတ်ပါဘူး ”

” ကောင်းပါတယ် ”

ကျွန်မ ဖုန်းချလိုက်သည် ။ ဖုန်းကို နံရံဆီ ပစ်ခွဲ လိုက်ချင်မိသည် အထိ ရင်ထဲ စူးစူးနင့်နင့် နာကျင်ရသည်။ ကျွန်မ သည်းထန်စွာ ငိုကြွေးပြီးမှ ကိုယ့်စိတ်ကို ပြန်ဖြေလိုက်သည် ။ ” ငါဟာ သူများအိမ်ထောင်ကို ဖျ က်စီးလုနီးနီး ဖြစ်နေချိန်မှာ ဘုရားက အခွင့်အရေးပေးလို့ မဖျ က်စီးမိတာ ၊ ငါ ကံကောင်းတယ် ” ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်ရသည်။ ကျွန်မ နေလင်းညိုကို ကိုယ့်စိတ်နှင့်ကိုယ် အေးအေးချမ်းချမ်းလက်လွှတ်ပေးလိုက်တာမို့ ကျွန်မ ထပ်မခံစား‌ေတာ့ပေ။ သို့သော် …

” ကော င်မ နင်က ငါ့ယောက်ျား ကို အရင်ဖွင့်ပြောတာဆို ၊အရှက်မရှိ အစ်မလ င်ကိုဟယ်၊ သူ က နင်နဲ့ သူမတွဲခဲ့ဘူးလို့ ငါ့ကိုပြောတယ် ၊ နင်ပြောတော့ သူနဲ့နင် တွဲနေတာပါဆို နင်ရှင်းစမ်း … ”

သပွတ်အူ (အပိုင်း ၃)

 

+

 

ပထမနှစ် ဒုတိယအသုတ် အဝေးသင် စာမေးပွဲဖြေဖို့ ကျွန်မ စာတွေကျက်နေရသည် ။ ကျွန်မ၏ စာကို မျှော်နေမည့်သူ ၊ ကျွန်မ ကိုဖုန်းခေါ်ဖို့ ကျွန်မ အားသည့်အချိန်ကို စောင့်နေမည့်သူ မရှိတာကြောင့် စာကျက်ရတာ ပေါ့ပါးလွတ်လပ်‌ေနပါသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၁ နာရီထိုးနေလေပြီ ။ စာမေးပွဲက နေ့ခင်းပိုင်းမှမို့ မနက်မှ ထပ်ကျက်တော့မည်ဟု တွေးကာ အိပ်ဖို့ပြင်နေတုန်း ကျွန်မ ဆီ ဖုန်းဝင်လာသည် ။ ဒီအချိန်ကြီး နွယ်ရီချိုက ထူးထူးဆန်းဆန်း ဖုန်းဆက်လာတာမို့ ကျွန်မ အနည်းငယ် ကြောင်သွားသည် ။ ဖုန်းကိုင်လိုက်တော့ တစ်ဘက်က အသံဟာ စူးစူးဝါးဝါး …

 

” ကော င်မ နင်က ငါ့ယောက်ျား ကို အရင်ဖွင့်ပြောတာဆို ၊အရှက်မရှိ အစ်မလ င်ကိုဟယ်၊ သူ က နင်နဲ့ သူမတွဲခဲ့ဘူးလို့ ငါ့ကိုပြောတယ် ၊ နင်ပြောတော့ သူနဲ့နင် တွဲနေတာပါဆို နင်ရှင်းစမ်း … ”

 

” ဘယ်လို ”

 

ကျွန်မနားထဲ ဆိုးဆိုးရွားရွား စကားလုံးတွေဟာ နားမခံသာအောင် ခုန်ဆောင့် ဝင်လာတာကြောင့် ဘာမှသေချာ နားမလည်လိုက်ပေ ။ တဖြည်းဖြည်း ပြန်တွေးကြည့်မှ ကျွန်မ သဘောပေါက်သွားတော့ ဘယ်ဘက်ရင်အုံဟာ ဒိန်းခနဲ … ။

 

” ဘာ ၊ ဘာပြောလိုက်တယ် ”

 

” နင် နေလင်းညိုကို အရင်ဖွင့်ပြောတာဆို ဟုတ်လား မဟုတ်ဘူးလား ”

 

” ဟုတ်တယ်လေ ၊ အဲ့တာ ဘာဖြစ်လို့လဲ ”

 

” အရှက်မရှိတဲ့ ဟာမ ၊ ငါ့ကိုကျတော့ ဖော က်ပြန်တာလေး ဘာလေး နဲ့ ပြောပြီးတော့ သူကကျ ငါ့လ င်ကို မိန်းမတန်မဲ့အရှက်မရှိ ဖွင့်ပြော‌ေသးတယ် ”

 

ကျွန်မ ညစ်ညူးသော စိတ်ဖြင့် သက်ပြင်းချလိုက်မိသည် ။

 

” အဲ့တာ ဘာဖြစ်လို့လဲ ၊ ငါ သူ့ကို အရင် သဘောကျတယ်လို့ ပြောတယ် ၊ တကယ်လည်း သဘောကျလို့လေ ၊ သူကလည်း ငါ့ကို ချစ်တယ်လို့ ပြန်ပြောခဲ့တာပဲ ၊ ဒါပေမဲ့ခု သူရော ငါရော ကိုယ့်ဘဝနဲ့ကိုယ် နေနေပြီလေ ၊ နင်တို့လည်း ပြန် အဆင်ပြေနေပြီ မဟုတ်လား ၊ ဘာက မပြီးသေးတာလဲ ”

 

နွယ်ရီချို၏အသံဟာ ပို၍ ဆိုးရွားလာသည် ။

 

” ဟဲ့ နင်က နင်လက်လွှတ်ပေးလိုက်လို့ သူက ငါ့ဆီ ပြန်လာရသလို ဇာတ်သွင်းနေတာလေ ၊ ငါကလည်း အဲ့တာမျိုးဆို အောက်လို့ ပြန်လက်မခံဘူး နော် ၊ ခုက နင်နဲ့သူက တွဲမှမတွဲခဲ့တာ ၊ သူက နင့်ကို ဘယ်တုန်းက ချစ်တယ်ပြောခဲ့လို့လဲ နင် ဖ ာ စကားမတတ်နဲ့ ”

 

” နင့်ယောက်ျားနင် မေးကြည့်လေ ၊ ဘာလို့ ငါ့ကို ပြသနာလာရှာနေတာလဲ ”

 

” အေး သုံးယောက်ဆိုင်ရှင်းကြတာပေါ့ ဘယ်သူလိမ်လဲ ဒီည ငါသိရမှ ဖြစ်မယ် ”

 

နွယ်ရီချိုကဖုန်း စပီကာ ဖွင့်လိုက်ပုံရသည် ။ ထို့နောက် သူ့အနားမှာ ရှိပုံရသော နေလင်းညိုကို လှမ်းခေါ်သည်။

 

” နေလင်းညို နင်ဒီမှာ ပြောစမ်း ၊ နင်က သူ့ကို ချစ်တယ်လို့ ပြောခဲ့တယ်ဆို ဟုတ်လား ”

 

” ဟာ မဟုတ်ပါဘူး ”

 

အသံဟာ တူးတူးခါးခါး ။

 

“သက်ထား မင်း ဘာတွေပြောနေတာလဲ ငါမသိဘူး ၊ ငါ မင်းကို ချစ်တယ်လို့ တစ်ခါမှ မပြောဖူးဘူးနော် ၊ မင်းဘက်က ဖြစ်နေလို့သာ ငါက အလိုက်အထိုက် နေပေးနေတာ မင်းအသိဆုံးပါ ”

 

” ဘာရယ် ”

 

ကျွန်မ စကားလုံး တွေ ဆွံ့အသွားသည် ။ ဒေါသထွက်ခြင်းနှင့် နာကျည်းခြင်းတို့ ပေါင်းစည်းကာ မျက်ရည်ဟာ ပါးပြင်ပေါ် လှိမ့်ဆင်းလာ၏။ ထိုယောက်ျားဟာ နေလင်းညိုမှ ဟုတ်ရဲ့လား ။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကအထိ ကျွန်မအပေါ် ချစ်ခဲ့ ဂရုစိုက်ခဲ့တဲ့ ယောက်ျားမှဟုတ်ရဲ့လား ။

 

” ငါ ထင်တော့ ထင်တယ် ၊ နေလင်းညို နဲ့ နင့်ရဲ့ဆက်ဆံရေးကို ပတ်ဝန်းကျင်ကလူတွေ လျှောက်ပြောနေကတည်းက နင့်ဘက်က အတင်းဖြစ်နေတာပဲ နေမှာလို့ ငါ တွေးမိတယ် ၊ ခု တော့ ထင်တဲ့အတိုင်းပဲ ”

 

လ င်တရူးလိုက်လေခြင်း နွယ်ရီချိုရယ် ဟု ကျွန်မ ပြောလိုက်ချင်ပေမဲ့ နှုတ်က ဘာတစ်ခွန်းမှ ထွက်မလာတော့ပါ ။ ဝမ်းကွဲညီမ ဖြစ်သူ၏စကား ၊ မိန်းက‌ေလးအချင်းချင်း၏ စကားထက် ကိုယ့်လ င်စကားကိုပဲ အမှန်ထင် စုံလုံးကန်းပြီး ယုံရလောက်သည်အထိ လ င်တရူးနေရသလား ဟု ကျွန်မ ပြောပစ်ချင်မိသည်။ သို့သော်လည်း … ဪ သူလည်း သူ့ယောက်ျားကို ချစ်တာပါလား ။ ချစ်လွန်းလို့ စုံလုံးကန်း ယုံနေတာပါလား ။ ချစ်လွန်းလို့ အမှန်ကို မမြင်နိုင်တော့ပါလား ။ ငါလည်း မှားခဲ့တာပဲလေ ။ ဟု အဘက်ဘက်က ဖြည့်တွေးကာ ကျွန်မ ပြောချင်သည့်စကားလုံးတွေကို ပြန်မျိုချလိုက်သည်။

 

” အင်းပါ ၊ မနွယ်ရီချိုက အဲ့လို ထင်နေတော့လည်း သက်ထား မရှင်းပြတော့ပါဘူး ၊ ဒါပေမဲ့ ကိုနေလင်းညိုကိုတော့ တစ်ခု ပြောချင်တယ် ”

 

” ဘာလဲ ”

 

နေလင်းညိုက ဖုန်းကို ကိုင်ထားပုံရသည်။ သူ့အသံက နီးကပ်နေ၏ ။ ကျွန်မ အံကိုကြိတ်ရင်း ဖုန်းကို ပါးစပ်နားကပ်ကာ နာကျည်းစွာပြောလိုက်သည်။

 

” ရှင် သိပ်အော က်တန်းကျတာပဲ နေလင်းညို ”

 

ကျွန်မ ဖုန်းကို ချလိုက်ကာ နံရံကို လှမ်းပစ်လိုက်မိသည်။ ဖုန်းသည် နံရံကို ပြေးမှန်ပြီး ကြမ်းပြင်ပေါ် ခပ်ကြမ်းကြမ်း ကျကာ မှန်တွေကွဲသွားသည် ထင်သည်။ ကျွန်မ ခေါင်းတွေကို ဖိညှစ်ကာ အော်ဟစ် ပစ်လိုက်မိသည်။ မိဘတွေနိုးလာ၍ အသည်းအသန်မေးတော့ ကြွက်တွေ့လို့ပါ ဟု လိမ်ရတဲ့ဘဝ ။ ကျွန်မ သိပ် လူဖြစ်ရှုံးပါသည်။

 

+

 

အေးဆေးပြီးရမည့် ဇာတ်လမ်းဟာ အေးဆေးမပြီးတော့ဘဲ မနက်အိပ်ရာထတိုင်း ညအိပ်ရာဝင်တိုင်း အတွေးများက ကျွန်မကို အခါခါ သ တ်နေသည်။ စာကျက်နေရင်း နေလင်းညို၏ စကားတွေကို ကြားယောင်လာသည် ။

 

“သက်ထား မင်း ဘာတွေပြောနေတာလဲ ငါမသိဘူး ”

 

” ငါ မင်းကို ချစ်တယ်လို့ တစ်ခါမှ မပြောဖူးဘူးနော် ”

 

” မင်းဘက်က ဖြစ်နေလို့သာ ငါက အလိုက်အထိုက် နေပေးနေတာ မင်းအသိဆုံးပါ ”

 

ထမင်းစားနေရင်း ၊ ရေချိုးနေရင်း သွားလာနေရင်း ထိုစကားတွေဟာ ကျွန်မနားနှင့် ဦးနှောက်တစ်ခုလုံးထဲမှာ ပဲ့တင်သံထပ်ကာ ပြေးလွှားနေသည် ။ ကျွန်မ၏ အချစ်ဦး နှင့် ရည်းစားဦး ဖြစ်ခဲ့သော ထိုယောက်ျားဟာ ဤမျှလောက်အထိတောင် အကျည်းတန်သတဲ့လား ။ သူများအိမ်ထောင်ကြား ဝင်တိုးမိသည့် ကျွန်မအတွက် အထိုက်တန်ဆုံး ပြစ်ဒဏ်ပါပဲ ဟု တွေးရင်း သည်းထန်စွာ ငိုကြွေးရလေသည် ။

 

“ဟာ ဆောရီးဗျာ စာမေးပွဲနောက်ဆုံးရက်ဆိုတော့ ကဲဖို့ လောနေတာနဲ့ ဖုန်းကို မှားယူသွားမိတာ ”

 

စာမေးပွဲအခန်းထဲကနေ နောက်ဆုံးမှထွက်သူက ကျွန်မဖြစ်သည်။ နောက်ဆုံးကျန်ခဲ့သည့် ဖုန်းဟာ ကျွန်မဖုန်းမဟုတ်တော့ ကျွန်မနှင့် စာမေးပွဲအခန်းစောင့်ဆရာမများ ခေါင်းပူနေကျစဉ် သူ အပြေးအလွှား ရောက်လာသည် ။

 

” မင်းကလည်း ဖုန်းမှားယူရတယ်လို့ ကွယ် ၊ ဒီမှာ ဒီကလေးမလေး အကြာကြီး စောင့်နေရတာ ၊ ဖုန်းမှားယူသွားမှန်း သိရင်တော့ ပြန်လာလောက်ပါတယ်ဆိုပြီး စောင့်နေကြတာ ၊ ၄ နာရီတောင် ခွဲပြီးနေပြီ ”

 

” တောင်းပန်ပါတယ် တီချယ်တို့ ”

 

” အေးအေး ပြန်လာတာပဲ တော်ပါသေးတယ် ”

 

သူက ဖုန်းကို လဲယူသွားပြီး ကျွန်မကို အားနာစွာ ပြုံးပြကာ လှည့်ထွက်သွားလေသည်။ သူပြုံးပြတုန်းကတော့ ပြန်ပြုံးမပြမိဘဲ သူထွက်သွားမှ သူ့ကျောပြင်ကို ငေးကြည့်ပြီး ကျွန်မ ပြုံးလိုက်မိသည်။ ဒီရက်တွေမှာ ကျွန်မ မပြုံးနိုင်ခဲ့ပေ။ ခုတော့ သူ့ကြောင့် ကျွန်မ ဘာရယ်မှန်းမသိ စိတ်ထဲ ကြည်လင်သွားသည်။ ကျွန်မသူ့ အနောက်ကနေ ဖြည်းဖြည်းချင်းလိုက်လာတာကို သူသိပုံမရပါ ။ မလှမ်းမကမ်းမှာ ဖုန်းကို ငုံ့ကြည့်ပြီး သွားနေသော သူ့ကို တွေ့ရသည် ။ ကျောင်းအရှေ့ရောက်တော့ သူက သူ့သူငယ်ချင်းတွေနဲ့အတူ အငှားကားပေါ် တက်သွားလေသည်။ ကျွန်မသူ့ မျက်နှာနှင့် သူ့အပြုံးကို ပြန်တွေးကြည့်ရင်း ထပ်မံပြုံးမိသွားပြန်၏။ နောက်နှစ် သူနှင့် ပြန်တွေ့ဖို့လည်း မျှော်လင့်နေမိသည် ။ သူ ဒီမြို့ကပဲလား။ သူ့နံမည် ဘယ်လိုခေါ်သလဲ စသဖြင့် ကျွန်မ သိချင်တာတွေ များနေသည်။ မြင်မြင်ချင်း အချစ်ကို အယုံအကြည်မရှိပေမဲ့ ၆ ရက်လုံးလုံး မပြုံးနိုင်သော ကျွန်မကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပြုံးမိစေသော သူ့အား ကျွန်မရင်ထဲ သိမ်းထားလိုက်မိပါသည်။

 

+

 

မိတ္တူဆိုင်မှာ ကျွန်မ အလုပ်ဝင်လုပ်နေတာ ၃ လရှိပြီ ။ မနက်ကို ၉ နာရီလောက်မှသွားရပြီး ညနေ ၆ နာရီဆိုပြန်ရသည် ။ လစာ လေးလည်း မဆိုးတာကြောင့် လုပ်ပျော်ပါသည် ။ အလုပ်မှာလည်း ပျော်‌ေအာင်လုပ်ပြီး ၊ စိတ်ညစ်စရာရှိလျှင်လည်း ညနေခင်းတစ်ခုက ထိုမျက်နှာ ထိုအပြုံးလေးကို စဉ်းစားကြည့်မိသည့်အခါ အလိုလို ပြုံးမိ‌ေလသည်။ ထိုသို့ မေ့မေ့ပျောက်ပျောက်ဖြစ်လုနီးပါးမှာ နေလင်းညိုနှင့် ဆုံဖို့ဖြစ်လာသည်။ အလုပ်က ပြန်သည့်လမ်းမှာ နေလင်းညိုနှင့် နွယ်ရီချိုက ကျွန်မ အရှေ့မှာ ယှဉ်တွဲ၍ လမ်းလျှောက်နေသည် ။ သူတို့ နွယ်ရီချို၏ မိဘတွေအိမ်ကို လာတာ ဖြစ်လောက်သည်။ သူတို့ကို ကျော်တက်ပြန်ရင်လည်း အချဉ်မျက်လုံးနှင့် အကြည့်ခံရဦးမှာမို့ အလိုသင့်သာ အနောက်က မသိမသာ လိုက်လျှောက်လာလိုက်သည်။

 

” မောင် တို့ ခုဆို အိမ်ထောင်ကျတာ တစ်နှစ်ပြည့်ပြီးပြီနော် ”

 

နွယ်ရီချိုက နေလင်းညို၏ စကားကို ပြုံးပြခေါင်းညိတ်၍ သူ့လက်မောင်းကို ခေါင်းနွဲ့မှီလိုက်သည် ။

 

” မောင် လေ တစ်နှစ်ပြည့်တဲ့နေ့က ချို့ ကို ပန်းစည်းလေး လက်ဆောင်ပေးတော့ ဒူးထောက်မလို့ သိလား ၊ ဘေးမှာလူတွေ ရှိနေတော့ ချို ရှက်မှာစိုးလို့ ဒူးမထောက်လိုက်တာ ”

 

ကျွန်မ အတွက်တော့ကြားရသော ထိုစကားတွေဟာ မသတီစရာ ဖြစ်နေသည်။

 

” မောင်ရယ် ဒူးမထောက်လည်း မောင့်ရင်ထဲက ချို့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို ချို ခံစားမိပါတယ် ”

 

ကျွန်မ ခပ်မဲ့မဲ့ ပြုံးလိုက်မိသည်။ သူတို့ကို ဘယ်လို ကျော်တက်လျှင် ကောင်းမလဲဟု တွေးနေတုန်းမှာ သူတို့နှစ်ဦးဘေး ဆိုင်ကယ်တစ်စီး ရပ်လိုက်တာကို မြင်လိုက်ရသည်။ ဆိုင်ကယ်ပေါ်က လူဟာ နွယ်ရီချို၏ အသိဖြစ်ပုံရသည် ။ ရပ်စကားပြောနေကြ၏ ။ ထိုစဉ် သူတို့ဘေးကနေ ကျွန်မ ခပ်သုတ်သုတ် လျှောက်လာလိုက်သည်။ နွယ်ရီချိုကတော့ ကျွန်မဖြတ်‌ေလျှာက်သွားတာကို သတိထားမိပုံမရပေ ။ ကျွန်မနောက်ကျောမှာ မျက်ဝန်းတစ်စုံ ကပ်ပါလာလောက်ပြီထင်၏။ ဘယ်သူ့၏ မျက်ဝန်းတစ်စုံများလဲ ဆိုတာကိုတော့ ကျွန်မ သိပေမဲ့ မသိချင်‌ေယာင်ပဲ‌ေဆာင်လိုက်ပါသည်။

 

+

 

မနက် ၈ နာရီခွဲမှာ အလုပ်သွားဖို့ပြင်ဆင်ပြီး ထမင်းချိုင်ဆွဲ၍ ကျွန်မ ထွက်လာခဲ့သည် ။ လမ်းထိပ်ရောက်တော့ အေးသန္တာကို တွေ့၏ ။ အေးသန္တာက ကျွန်မကို မြင်တာနှင့် ဟိုဘက်လှည့်သွားသည်။ သူမကိုကြည့်ရတာ ပြင်ဆင်ဖီးလိမ်းထားပြီး တစ်စုံတစ်ယောက်ကို စောင့်နေပုံရသည်။ ကျွန်မ အထင် မမှားနိုင်။ သူမ ချစ်သူပဲ ဖြစ်လိမ့်မည်။ ကျွန်မ ဆက်လျှောက်လာတုန်းမှာ မလှမ်းမကမ်းကနေ ဆိုင်ကယ်တစ်စီးနှင့်လာနေသော လူကို လှမ်းမြင်လိုက်ရသည်။ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားကာ မျက်နှာတစ်ခုလုံး နွေးထွေးသွားလေသည်။ ဒီလို ပြန်တွေ့ရလိမ့်မည်ဟု မထင်ထားတာ အမှန် ။ဒုတိယနှစ် တက်ရမှ ပြန်တွေ့လိမ့်မည်ဟု တွေးထားခဲ့မိသည်။ သူက ကျွန်မကို သတိမထားမိပေ ။ သူ့ဆိုင်ကယ်က ကျွန်မဘေးကနေ ဖြတ်သွားသည်။ ကျွန်မ သမင်လည်ပြန် လှည့်ကြည့်လိုက်မိ၏ ။ ကျေးဇူးပြုပြီး ကျွန်မအထင် မမှန်ပါစေနဲ့ … ။ ကျွန်မ ဘာကို ဆုတောင်းနေမိမှန်း ကျွန်မပဲ သိသည်။

 

သူ့ဆိုင်ကယ်ဟာ အေးသန္တာအရှေ့မှာ ရပ်သွားသည် ။ အေးသန္တာနှင့်သူ တစ်ယောက်တစ်ပြန်ပြုံးပြနေပြီး အေးသန္တာက သူ့ဆိုင်ကယ်နောက်မှာ တက်ထိုင်လိုက်ကာ သူ့ခါးကို ဖက်လိုက်သည် ။ ကျွန်မ ဘာလို့ ဒီလောက်တောင် တိုက်ဆိုင်စွာ ကံဆိုးရတာလဲ ။ ဒီလိုပြန်တွေ့ရလိမ့်မည် ဟုလည်း မထင်ထားခဲ့သလို ၊ အစ်မဝမ်းကွဲ၏ ချစ်သူဖြစ်နေလိမ့်မယ်လို့လည်း စိတ်‌ကူး‌ေတာင် မကြည့်ခဲ့ဖူးပေ ။

 

” သူနဲ့က တွဲတာ ခုမှ တစ်ပတ်တောင် မပြည့်သေးဘူး ၊ ငါတို့ ဖုန်းဆိုင်မှာ အလုပ်ဝင်တာ‌ေတာ့ ၃ လကျော်ကြာပြီ ၊ Digital marketing ဘက်ကလေ ၊ ချောတယ်မဟုတ်လား ၊ တက္ကသိုလ် ဒုတိယနှစ်တက်ရမှာတဲ့ … ”

 

အေးသန္တာက နွယ်ရီချို့ကို ပြောပြနေတာ ကျွန်မ ကြားလိုက်ရသည်။

 

” သူ့နံမည်က ကောင်းဆက်ဟန် တဲ့ ”

 

ကျွန်မရင်ထဲ တသိမ့်သိမ့် လှိုက်ဖိုလျက် ။ အစ်မဝမ်းကွဲ၏ ချစ်သူဖြစ်‌ေနသည့်အတွက် ဝမ်းနည်းရသလို သိပ်သိချင်နေသော သူ့နံမည်ကို သိလိုက်ရသည့်အတွက် ဝမ်းသာမိသည်။ ဝမ်းနည်းဝမ်းသာ ဖြစ်လျက် လူဟာ လေဟာနယ်ထဲ လွင့်နေသည့်အလား ။ အတွေးများထဲ မျောလွင့်နေလေသည် ။

 

+

 

” ကိုယ် သူနဲ့ အပြီးအပိုင် ပြတ်သွားပြီ ၊ ကိုယ် သူ့ကို စာချုပ်နဲ့ တရားဝင်ကွာရှင်းလိုက်ပြီ ၊ ကိုယ် တောင်းပန်ပါတယ် သက်ထား ၊ ကိုယ်မင်းကို အဆုံးရှုံးမခံနိုင်ဘူး ၊ ကိုယ် သူနဲ့ ပျော်နေမိတဲ့အချိန်တိုင်း မင်းအပေါ် သစ္စာဖောက်နေသလို ခံစားရတယ် ”

 

ညကြီး သန်းခေါင်ယံမှာ Viber ကစာကို ဖတ်ရင်း ကျွန်မ ဦးနှောက်ခြောက်သွားသည် ။ ကျွန်မပဲ ရူး‌ေနတာလား ။ ဒါမှမဟုတ် နေလင်းညိုပဲ ရူးသွားတာလား … ။

သပွတ်အူ (အပိုင်း ၄)

 

+

 

ကျွန်မသည် အတွေးများစွာထဲ ချာချာလည်ကာ ‌အေးစက်နေသော ဆောင်းည၏ အိပ်ရာခင်းပေါ်မှာ ပူထူနေပါသည် ။ နေလင်းညိုဟာ နွယ်ရီချို့ကို တရားဝင်ကွာရှင်းလိုက်ပြီတဲ့လား ။ ကျွန်မကြောင့်လား ။ ဟင့်အင်း ။ မဖြစ်စေရ။ ခုချိန်မှာ ကျွန်မစိတ်ထဲ၌ နေလင်းညို လုံးဝမရှိတော့ပေ။ ကျွန်မ ကြောင့် သူတို့ အိမ်ထောင်ရေး ပြိုကွဲမှာကို ကျွန်မ မလိုချင်ပေ။ ကျွန်မ နေလင်းညို ကို ဖုန်းဆက်လိုက်သည်။ သူချက်ချင်း ကိုင်သည် ။ ဖုန်းထဲက ဟယ်လို ဆိုသည့် သူ့အသံဟာ ဆွေးဆွေးမြေ့မြေ့ ။

 

” ကိုနေ ဘာတွေ လုပ်လိုက်တာလဲ ၊ ကိုနေ ခဏတာ ဖြစ်တဲ့ စိတ်ကို လိုက်ပြီး စိတ်လိုက်မာန်ပါ လုပ်လို့မရဘူးလေ ”

” ခဏတာ ဖြစ်တဲ့စိတ်မဟုတ်ပါဘူး သက်ထား ၊ ကိုယ် သက်ထားကို မေ့ကြည့်ပါသေးတယ် ၊ မရခဲ့ဘူး ၊ ကိုယ် နွယ်ရီချို့ အနားကပ်တိုင်း သက်ထားကိုပဲ သတိရတယ် ၊ ကိုယ် သက်ထားကို သစ္စာဖောက်ခဲ့မိတယ်ဆိုတဲ့ စိတ်က အမြဲပေါ်လာတယ် ”

” ဘယ်လို ၊ ကိုနေ … ရှင် မှားနေပြီ ၊ မနွယ်ရီချိုအနားမှာနေပြီး သက်ထားကို သတိရနေတာကမှ ရှင် မနွယ်ရီချိုကို သစ္စာဖောက်နေတာ သိလား ”

” မတတ်နိုင်ဘူးလေ သက်ထား ၊ ကိုယ်ကမှ သက်ထားကို သတိမရဘဲ မနေနိုင်တာ ”

 

ကျွန်မ စုတ်သပ်ရင်း သက်ပြင်းချလိုက်မိသည်။

 

” ကိုယ်တောင်းပန်ပါတယ် သက်ထား ၊ ကိုယ် အဲ့တုန်းက မင်းကို လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ကိုယ် အမြဲ နောင်တရနေခဲ့တာပါ ၊ မင်းက တက္ကသိုလ်တက်ရင် ကိုယ့်ထက်သာတဲ့သူတွေ တွေ့မှာ ဆိုတဲ့ အတွေးဝင်လာပြီး မင်းကိုယ့်ကို ချစ်တယ်ဆိုတာကို မယုံခဲ့ဘူး ၊ မယုံရဲခဲ့ဘူး ၊ ဒါကြောင့် ကိုယ် နွယ်ရီချို့ကိုပဲ ရွေးဖို့ဆုံးဖြ တ်ခဲ့တာပါ ”

” ရှင့်အတွေး မှန်တယ်လေ ကိုနေ ၊ ခု ရှင်ရွေးတဲ့လမ်းကို ဖြောင့်ဖြောင့်တန်းတန်း လျှောက်တော့လေ ”

” ကိုယ်မင်းကို အဆုံးရှုံးမခံချင်တာပဲ သိတယ် ”

” ကိုနေ အသိစိတ်ဝင်စမ်းပါ ၊ ကိုနေ နဲ့ မနွယ်ရီချိုက လွယ်လွယ်ပြတ်စဲလို့မရဘူးလေ ၊ ကိုနေတို့က လ င်မယားတွေ၊ သမီးရည်းစားတွေမဟုတ်ဘူး ၊ ကိုနေ မနွယ်ရီချိုနဲ့ အဆင်ပြေအောင် နေပါ ၊ သက်ထား ဒါပဲပြောချင်တယ် ”

 

ကျွန်မ ဖုန်းချပစ်လိုက်သည်။ ခေါင်းတွေ နောက်ကျိသွားရ၏ ။ နေလင်းညို ကျွန်မကို ဖုန်းတွေ ပြန်ခေါ်နေသည် ။ Viber ကနေ စာတွေ တောက်လျှောက်ပို့သည်။ Viber ကနေ ဖုန်းတွေဝင်နေသည် ။ ကျွန်မ ဖုန်းကို စက်ပိတ်ပစ်လိုက်မိသည်။ ကျွန်မ မလိုချင်တော့ကာမှ ၊ ကျွန်မ သူ့ကို မေ့မေ့ပျောက်ပျောက်ဖြစ်နေချိန်ကျမှ သူဘာလို့များ ကျွန်မဆီ ပြန်ရောက်လာရတာလဲ ။

 

+

 

ဒုတိယနှစ် ကျောင်းအပ်တော့ တက္ကသိုလ်မှာ ကောင်းဆက်ဟန် ဆိုသည့် ထိုအမျိုးသားကို ကျွန်မ လိုက်ရှာမိနေသည် ။ သူ အေးသန္တာနှင့် တွဲနေတုန်းပဲလား ။ ပြ တ်သွားဖို့ ကျွန်မ မျှော်လင့်နေမိသည် ။ ကျွန်မ လည်လိမ်မတတ် သူ့ကို ဟိုဟိုဒီဒီ လှည့်လည် ရှာဖွေ နေမိသည်။ ကျွန်မ သူ့ကို မတွေ့ပါ ။ ကျူရှင် တက်ဖို့ နံမည်စာရင်းပေးတော့ နံမည်စာရင်းစာရွက်မှာ သူ့နံမည်ကို ရှာဖွေမိသည် ။ ကျွန်မ ခုမှသတိရသည် ။ မနှစ်ကလည်း သူနှင့် ကျွန်မ ကျူရှင်အတူ တက်ခဲ့ရသည်။ သို့ပေမဲ့ သူ့ကိုအမှုမဲ့အမှတ်မဲ့ ။ ဒီနှစ်တော့ သူက ကျွန်မ မျက်လုံးထဲ ထင်းနေမည် ထင်ပါသည် ။ ကျွန်မတွေ့ပြီ ။ သူ့နံမည်ဟာ ကျွန်မနံမည်၏ အပေါ် ခုနှစ်ယောက်မြောက်မှာ ရှိသည်။ ကောင်းဆက်ဟန် ဆိုသည့် စာလုံးပေါင်းလေးကိုပင် ကျွန်မ ချစ်မြတ်နိုးမိနေသည်။ ကျွန်မ အမှန်တကယ် ချစ်တတ်လာပြီ ထင်ပါသည်။

 

ကျူရှင် တက်ရမည့် ပထမဆုံးရက်မှာ ကျွန်မ သိပ်ကို တက်ကြွနေသည်။ ကျွန်မ ကောင်းဆက်ဟန်ကို တွေ့ချင်လှပြီ ။ သူက အေးသန္တာ၏ ချစ်သူ ဖြစ်နေတုန်းပဲ ဆိုလျှင်တောင် ကျွန်မ အဝေးကနေပဲ ငေးပါမည်။

 

ကျွန်မ ဆိုင်ကယ်လေးနှင့် အိမ်က ထွက်လာစဉ် လမ်းထိပ်မှာ အေးသန္တာနှင့် တိုက်တိုက်ဆိုင်ဆိုင်တွေ့သည်။ ဒီနေ့ သူမကို ဆိုင်ကယ်နှင့် လာခေါ်သော တစ်ယောက်က ကောင်းဆက်ဟန် မဟုတ်ပါ ။ ကျွန်မ စပ်စုလိုစိတ်မရှိပေမဲ့ သူမတို့အနား အလျင်အမြန် ဆိုင်ကယ် ရပ်လိုက်သည်။

 

” မအေးသန္တာ ၊ ဒါ မအေးသန္တာရဲ့ ကောင်လေးလား ”

 

အေးသန္တာက ကျွန်မကို သဘောမကျသည့် မျက်လုံးများနှင့် ကြည့်သည်။ သူမဘေးက အမျိုးသား‌က သူမထက် အသက်ငယ်ပုံရသည် ။ ထိုအမျိုးသားက ကျွန်မကို ရှက်ပြုံးပြုံးပြနေပါသည် ။ ဒါဆိုသေချာပြီ ။ အတည်ပြုနိုင်ရန် အေးသန္တာဆီက ‌အဖြေပဲလိုတော့ပါသည် ။

 

” ဟုတ်တယ်လေ ”

 

ကမ္ဘာပေါ်မှာ ဒီနေ့ အပျော်ဆုံးလူသားက ကျွန်မ ဖြစ်မလားတောင် မသိ ။ အေးသန္တာနှင့် ကောင်းဆက်ဟန် ပြတ်သွားကြောင်း သိရသော ကျွန်မ ဖျတ်ဖျတ်လူးနေတော့သည်။

 

ကျူရှင်ရှေ့ကိုရောက်ပြီ ။ ကျူရှင်ပထမဆုံးရက်မှာ ဆရာမတစ်‌ေယာက် ၏ မွေးနေ့ ဆိုပြီး မုန့်ဟင်းခါးကျွေးနေလေသည်။ တတိယနှစ်က စီနီယာ အစ်ကိုအစ်မများလည်း မုန့်ဟင်းခါးလာစားနေကြသည်။ ကျွန်မ ခုထက်ထိ ကောင်းဆက်ဟန်ကို မတွေ့ရသေးပါ ။

 

” ညီမလေး ထိုင်လေ ၊ မုန့်ဟင်းခါးစားဦး ”

 

တတိယနှစ်က စီနီယာအစ်မတစ်ယောက်က ကျွန်မရှေ့ကို မုန့်ဟင်းခါး တစ်ပွဲချပေးသည် ။ ကျွန်မ မနက်စာ စားလာပြီးပေမဲ့ စားပွဲမှာ ဝင်ထိုင်လိုက်ရ၏ ။ မုန့်ဟင်းခါး လာချပေးသော ခုနက အစ်မသည် အတော်ချစ်စရာ ကောင်း၏ ။ သူမကို ဘေးရှိသူမ‌သူငယ်ချင်းများက ရတီပွင့်ဦး ဟု ခေါ်တာကြားရသည်။ လူလေးလည်း ချစ်စရာကောင်းသလို နံမည်လေးလည်း ချစ်စရာ ကောင်းသည် ဟု ကျွန်မတွေးမိလိုက်စဉ် ကျွန်မ ဘေးကို လူတစ်ယောက်ရောက်လာသည်။ ဘေးက လူကို လှည့်ကြည့်လိုက်စဉ် ကောင်းဆက်ဟန် ဖြစ်နေမှန်းသိတော့ ကျွန်မရင်ထဲ တလှပ်လှပ် ထိုင်နေရာကနေ ကြွခနဲ ဖြစ်သွားသလားတောင် မပြောတတ်ပေ။

 

အနွေးထည် အဖြူကွက် ကို အင်္ကျီလက်တွေ ခေါက်တင်ထားပြီး ဂျင်းဘောင်းဘီနှင့် သူ့ကို မြင်ရတာ လူငယ်ဆန်သည့် အသွင်ရှိသည်။ သူက မုန့်ဟင်းခါးထဲ ငရုတ်သီးတွေ အများကြီးထည့်နေတာ မြင်တော့ ကျွန်မနှင့် ဆန့်ကျင်ဘက်ပဲဟု တွေးလိုက်မိ၏ ။ ထိုစဉ် ရုတ်တရတ် သူ ထသွားသည် ။ သူသွားရာဆီ ကျွန်မ အကြည့်ကရောက်ပြီးသား ။ သူပြုံးလိုက်တာလေးက ချစ်စရာ ကောင်းသည် ။ သူ .. သူ ပြုံးပြနေသူက ရတီပွင့်ဦး … ။

 

” မမ … မစားသေးဘူးလား ၊ စားတော့လေ ၊ လာ မောင့်အနားမှာ လာစား ”

 

ဒီနေ့ ဒီကမ္ဘာ‌ေပါ်မှာ အပျော်ဆုံးလူသား ဟာလည်းကျွန်မ ၊ဝမ်းအနည်းဆုံး လူသားဟာလည်းကျွန်မ ။ ကျွန်မ ကံဆိုးလိုက်လေခြင်း ။ ကျွန်မသူ့နှင့်တွေ့ရဖို့ အကြာကြီးမျှော်လင့် ထားခဲ့ရသည် ။ ပြန်တွေ့ရတော့လည်း သူ့မှာ ဆိုင်သူ နှင့် ။ ကျွန်မဘေးမှာ သူတို့နှစ်ယောက် ထိုင်နေပြီး သူက ရတီပွင့်ဦးကို ဂရုတစိုက် လုပ်နေတာတွေ မြင်ရတာ ကျွန်မအဖို့ ရင်နာစရာ ကောင်းလှသည် ။ စာသင်ချိန်တွေ ဘယ်လိုပြီးမှန်းမသိ ။ စာဆီ အာရုံရောက်တစ်ချက် မရောက်တစ်ချက် ။ ကျွန်မအ‌ေရှ့ သုံးတန်းအကျော်မှာ ထိုင်နေသော သူ့နောက်ကျောကိုသာ ကျွန်မ အကြာဆုံး ငေးစိုက်နေမိသည် ။

 

+

 

” ကိုယ် ဒီနေ့ အလုပ်ဆင်းရင် Gym သွားမှာ ၊ သက်ထား အားရင် ခဏတဖြုတ် လာခဲ့ပါလား ၊ ကိုယ် စောင့်နေမှာနော် … ”

 

Viber က နေလင်းညို၏ စာကို ဖတ်ပြီးချိန်မှာ ကျွန်မ သက်ပြင်း ဖွဖွ ချလိုက် မိသည်။ ကျွန်မလည်း စာအုပ်ဝယ်ဖို့ သွားရမှာမို့ လမ်းကြုံ ခဏတဖြုတ် ဝင်တွေ့လိုက်မည် ဟု စိတ်ကူးသည် ။ လူချင်းတွေ့ပြီး သူ့ကို ပွင့်ပွင့်လင်းလင်း ငြင်းဆိုဖို့ ကျွန်မ ဆုံးဖြတ်ထားသည်။

 

” သက်ထား ”

 

နေလင်းညိုက ကျွန်မနံမည်ကို ခေါ်လိုက်ပေမဲ့ ကျွန်မ အကြည့်ဟာ သူ့ဆီမှာ မရှိ သူ့အနောက်က လူဆီမှာသာ ။ ဘယ်လိုလုပ်ပြီး ကောင်းဆက်ဟန်နှင့် ဒီမှာ လာတွေ့ရတာပါလိမ့် ။ သူကတော့ ကျွန်မကိုမမြင် ။ နေလင်းညိုက ကျွန်မ ကောင်းဆက်ဟန်ကို ကြည့်နေမှန်း သိတော့ …

 

” အသိလား ”

” အင်း သူနဲ့ မေဂျာတူတယ်လေ ၊ ကျူရှင်လည်း အတူတူပဲ ”

” ဪ ဟုတ်လား ”

 

နေလင်းညိုက အုတ်ခုံပေါ်က သစ်ရွက်တွေကို လက်နှင့် သပ်ချလိုက်ပြီး ကျွန်မကို ထိုင်ခိုင်းသည်။

 

” အဲ့တာ ကိုယ် နဲ့ ဆော့ဖော်ဆော့ဖက်လေ ၊ ဒီ Gym မှာ သူက ဆရာကြီး ၊ ကိုယ့်ထက်တောင် ဝင်တာ ဦးသေးတယ် ၊ ကိုယ့်ကိုလည်း သူပဲ train ပေးနေတာ ၊ အသက်ငယ်ပေမဲ့ အရည်အချင်းက မဆိုးဘူး ၊ သူ့ခန္ဓာကိုယ်ဆို အတော်မိုက်နေပြီ ”

” ဪ … ”

 

ဆန်းကြယ်လိုက်လေခြင်း ။ သူနှင့် ကျွန်မ၏ ရေစက်က ကျွန်မအနားက လူတွေနှင့် သူက လျှောက်ပတ်သက် နေတာမျိုး ။

 

“သူ အေးသန္တာနဲ့တောင် တွဲသေးတယ်လေ ၊ သိတယ်မလား ”

” အင်း … ”

 

နေလင်းညိုက ရေဘူးအဖုံးကို ဖွင့်၍ တစ်ငုံမော့ပြီး …

 

” သူ့မမနဲ့ရော သိလား ”

 

ကျွန်မ မျက်လုံးတွေ စူးခနဲ ဖြစ်သွားသည်။ သိပ်ချစ်စရာကောင်းသည့် ရတီပွင့်ဦးကို မြင်စက ခင်မင်ချင်စိတ်ဖြစ်မိသည်။ သို့ပေမဲ့ ခုတော့ မခင်ချင်တော့ပေ။

 

” မသိဘူး ”

 

နေလင်းညိုက ကျွန်မဘေးမှာ ထိုင်သည်။

 

” သူ့မမဆိုတာ သူ့ကောင်မလေး လေ နံမည်က ရတီပွင့်ဦးတဲ့”

 

ကျွန်မ မကြားချင်ပါဘူး ဆိုမှ နေလင်းညိုက သေသေချာချာကို ပြောပြနေသည် ။ ကျွန်မ နားခါးလိုက်တာ … ။

 

” သူ့မမကို သူက သဲသဲလှုပ်ပဲ ”

” ဘယ်သူက မေးနေလို့လဲ ၊ အဲ့တာတွေ သက်ထားမသိချင်ဘူး ၊ သိဖို့လည်း မလိုဘူး ”

” ဪ ဟုတ်သားပဲ sorry သက်ထား ”

 

ကျွန်မ ဘာမှဆက်ပြောချင်စိတ်မရှိသလို ဒီနေရာမှာ ဆက်နေချင်စိတ်လည်း မရှိတော့တာကြောင့် ထရပ်လိုက်မိသည်။

 

” သက်ထား ပြန်တော့မယ် … ”

” နေပါဦး သက်ထား ”

 

နေလင်းညိုက ကျွန်မ လက်ကို လှမ်းဆွဲလိုက်သည်။ ကျွန်မ သဘောမကျစွာ ခေါင်းလွှဲလိုက်တော့ ကောင်းဆက်ဟန်နှင့် အကြည့်ချင်းဆုံသွားသည်။ သူက ကျွန်မကို ခေါင်းညိတ်၍ ‌ပြုံးပြတော့ ကျွန်မရင်ထဲ ကြေကွဲသွားရ၏ ။

 

” ကိုယ် သက်ထား ရဲ့ ချစ်သူဖြစ်ချင်တယ် ၊ ကိုယ် … ”

” အင်း … ”

” ဟင် … ”

 

ကျွန်မ ကောင်းဆက်ဟန်ဆီကနေ အကြည့်လွှဲလိုက်ကာ နေလင်းညိုကို စူးစိုက်ကြည့်လိုက်သည်။

 

” သက်ထား ရှင်နဲ့ တွဲမယ် ကိုနေ … ”

 

ကျွန်မကို ဘယ်တွန်းအားကများ ထိုစကားကို ပြောထွက်သွားစေလဲ မသိ ။ နောက်ရက်တွေ ကျူရှင်မှာ ကောင်းဆက်ဟန်နှင့် တွေ့တော့ သူက ကျွန်မကို နှုတ်ဆက်သည်။

 

” ကိုနေလင်းညိုက နင့်အကြောင်းတွေ ငါ့ကို အများကြီး ပြောပြတယ် ၊ အဲ့ဘဲ နင့်ကို အ‌ေ သချစ်တာ သိလား ”

 

ကျွန်မ မပြုံးနိုင် မရယ်နိုင်ပါ ။ လိုချင်တာက တစ်ခု ရတာက တစ်ခု ။ ကျွန်မ နေလင်းညိုနှင့် ချစ်သူဖြစ်နေသည် ဆိုသော အမည်ခံသာ ရှိပေမဲ့ ကျွန်မ သူနှင့် ချစ်သူလိုမနေခဲ့ပေ ။ အပြင်မှာတွေ့လျှင် ခပ်ခွာခွာထိုင်သည်။ စကားပြောစရာ ရှိတာ ပြောသည် ။ ပြီးလျှင် အိမ်ပြန်လာသည်။ ညဘက်တွေ ဖုန်းလည်းမပြောချင် ။ နေလင်းညိုက ဖုန်းခေါ်သည်။ ကျွန်မ စာလုပ်ရမည်ဆိုသော အကြောင်းပြချက်နှင့် သူ့ကို အမျိုးမျိုးငြင်းဆိုသည်။ သူညဘက် စာတွေပို့သည့်အခါ ကျွန်မ အိမ်က ကျွန်မဖုန်းကိုညဘက်တွေ သိမ်းထားသည်ဟု လိမ်ကာ ကျွန်မစာမပြန်ဘဲ စောစောအိပ်သည် ။ ကျွန်မ နေလင်းညိုကို မချစ်တာ ‌ေ သချာသည် ။ သို့ဖြစ်ပါလျက် ဘာကြောင့်များ ထိုနေ့က သူ့ကို တွဲမယ် ဟု ပြောခဲ့မိသလဲ မတွေးတတ်။

 

” ကျွန်တော်တို့ သူငယ်ချင်းလိုပဲနေကြမယ်လေနော် မမ ၊ ကျွန်တော် မမနဲ့ ဆက်မတွဲချင်တော့လို့ပါ ”

 

ကျူရှင်ရှေ့မှာ ကောင်းဆက်ဟန်နှင့် ရတီပွင့်ဦးတို့ စကားပြောနေကြတာကို ကျွန်မ နားစွန်နားဖျားကြားလိုက်ရသည်။ သူတို့ လမ်းခွဲလိုက်ကြတာလား ။ နှစ်ယောက်စလုံးက ပြုံးပြုံးရွှင်ရွှင် အေးအေးဆေးဆေး ပဲ ဖြစ်သည်။ ဒီလို လမ်းခွဲကြတဲ့ အတွဲတွေ ရှိသတဲ့လား ။

 

” ဟဲ့ ကောင်းဆက်ဟန် ၊ နင်နဲ့ မရတီပွင့်ဦးနဲ့က ပြ တ်သွားပြီလား ”

” အေးလေ ၊ ငါ ဖြ တ်လိုက်တာ ၊ ဆက်မတွဲချင်တော့လို့ ၊ သူငယ်ချင်းလိုပဲ နေကြမယ် ပြောလိုက်တယ် ”

” ဟမ် ဘာဖြစ်လို့လဲ … ”

 

ကောင်းဆက်ဟန်က ရတီပွင့်ဦးကို သိပ်ချစ်ကြောင်း ကျူရှင်မှာ သတင်းတွေ ကျွန်မကြားထားသည်။ သို့ဖြစ်ပါလျက် ကောင်းဆက်ဟန်ဘက်က အရင် လမ်းခွဲစကားပြောသတဲ့လား ။ ကျွန်မ နားမလည်နိုင် ။

 

” သူက အရမ်းပွေတယ်ဟ ၊ အရင်က ငါနဲ့စိတ်ဆိုးစိတ်ကောက် လို့ မခေါ်ရင် သူ့ကိုကြည့်လိုက် နောက်ဘဲတစ်ပွေနဲ့ အဲ့လိုကြီး ၊ မင်းမမကို ဘယ်မှာ ဘယ်သူနဲ့တွေ့ခဲ့တယ် ဆိုပြီး ငါ့ကို ပြန်ပြောကြတာ အများကြီး ၊ ငါ အဲ့လိုကြီးကျ မကြိုက်ဘူး ၊ သည်းမခံနိုင်ဘူး ၊ သိပ်အာရုံမစားချင်တော့လို့၊ လမ်းခွဲလိုက်တာ အေးတယ်ဆိုပြီး ဖြ တ်လိုက်တာ ”

” ဪ … ”

 

ဪ ဆိုသည့် စကားတစ်လုံး အနောက်မှာ ကျွန်မခေါင်းထဲ အတွေးတွေ မြောက်များစွာ ဝင်ရောက်သွားသည်။ ကျွန်မ နေလင်းညိုနှင့် တွဲနေပေမဲ့ သူ့အပေါ် အပြုအမူပိုနေတာ သူရိပ်မိလောက်သည် ။ မရိပ်မိစရာမှအကြောင်းမရှိဘဲ။ ကျွန်မ ညဘက်တွေ နေလင်းညိုထက် သူနှင့် စကားပြောတာ ပိုများတာ သူသိသည်။ သူသိလို့ပဲ …

 

” နင် ကိုနေလင်းညိုနဲ့ စကားမပြောဘူးလား ၊ အမြဲ ငါ့ပဲ စာပို့နေတာ ကိုနေလင်းညိုသိရင် သဝန်တိုနေမယ် ”

” ငါ သူနဲ့တွဲနေပေမဲ့ သူ့အပေါ် အစ်ကို တစ်ယောက်လို စိတ်ပဲရှိတယ် ကောင်းဆက်ဟန် ”

” အင်း ငါရိပ်မိပါတယ် ၊ ဒါပေမဲ့ ကိုနေလင်းညိုကတော့ နင့်ကို အတော်ချစ်တာ ၊ နင်ဘယ်သူ့အပေါ် စိတ်ရှိနေလဲဆိုတာလည်း ငါသိတယ် ၊ ဒါပေမဲ့ ပြ တ်သားဖို့တော့ လိုတယ် သက်ထားစံရဲ့ ”

 

ထိုစကားက ကျွန်မရင်ထဲကို စူးနစ်သွားစေသည်။ ကျွန်မ ထိုနေ့ညက နေလင်းညိုကို ဖုန်းဆက်လိုက်သည်။ ကျွန်မသူ့ကို အမှန်တိုင်းဝန်ခံလိုက်သည် ။

 

” သက်ထားမှာ အရင် ပထမနှစ် ကတည်းက တစ်ဖက်သက်ချစ်ရတဲ့ လူတစ်ယောက်ရှိတယ် ၊ သူ့ကို အများကြီး သဘောကျတယ် ၊ သက်ထား ကိုနေ့ ကို မချစ်ဘူး ၊ အဲ့နေ့က သူ့ကို ရွဲ့ချင်စိတ်နဲ့ ကိုနေ့ကို လက်ခံလိုက်တာပါ ၊ သက်ထား တောင်းပန်ပါတယ် ”

သပွတ်အူ (အပိုင်း ၅)

+

ကျွန်မ၏ စကားကို နေလင်းညိုက လုံးဝ အယုံအကြည်မရှိပေ ။ ကျွန်မ က သူနှင့် မတွဲချင်တော့လို့ သက်သက်ကြီး လိမ်ဆင် လုပ်သည် ဟု သူက ပြန်စွပ်စွဲသည် ။ ကျွန်မကို မပြတ်နိုင်ကြောင်း ၊ ကျွန်မဘက်က ပြ တ်လျှင်တောင် သူ့ဘက်ကတော့ မပြ တ်ကြောင်း ၊ ချစ်သူ တစ်ယောက်အနေနှင့် အနားမှာ ဆက်ရှိပေးနေမည် ဖြစ်ကြောင်း ပြော‌ေလသည်။ ကျွန်မကလည်း ပြ တ်သားသည် ။

 

” အဲ့တာ ကိုနေ့ အပိုင်းပါ ၊ သက်ထား အပိုင်းကတော့ သက်ထားပြောပြီးပြီ ၊ သက်ထား ကိုနေ့ ကို ဆက်မတွဲတော့ဘူး ၊ သက်ထား မှာ ချစ်ရမယ့်သူ ရှိတယ် … ”

” ဒါဆို ကိုယ့်ကို ပြောလေ ၊ အဲ့တာ ဘယ်သူလဲ ”

 

ကျွန်မ မပြောနိုင်ပါ ။ ကျွန်မ ဖုန်းချပစ်လိုက်သည်။ ကျွန်မ စိတ်ထဲ အထုပ်လေးကြီးကို လွှတ်ချလိုက်ရသလို ပေါ့ပါးသွားလေသည် ။

 

” ငါ ကိုနေ နဲ့ ပြ တ်သွားပြီ ကောင်းဆက်ဟန် ”

” ဟင် ဟုတ်လား ၊ ဘာလို့လဲ ”

” ငါမှ သူ့ကို မချစ်တာ ”

” ချစ်တော့ ချစ်ခဲ့တယ်မလား ”

” အင်း ချစ်တော့ ချစ်ခဲ့ဖူးတယ် ၊ ဒါပေမဲ့ သူ ငါ့အပေါ် လုပ်သွားတဲ့ လုပ်ရပ် တစ်ခုကို ငါ ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး ၊ အဲ့ လုပ်ရပ်ကြောင့်ပဲ ငါသူ့ကို မချစ်တော့တာ ၊ နောက်ပြီး ငါ့မှာ ချစ်ရတဲ့ သူရှိတယ် ”

” ဘယ်လို နင့်ချစ်သူလား ”

” ဟင့်အင်း ”

 

ကောင်းဆက်ဟန်က ကျွန်မကို စိတ်ဝင်တစား ကြည့်နေသည်။

 

” ငါ ပထမနှစ် စာမေးပွဲ နောက်ဆုံးရက်တုန်းက လူတစ်ယောက်နဲ့ ဆုံခဲ့တယ် ၊ တကယ်တော့ သူနဲ့ က ကျူရှင်လည်း တူတူပဲ အဲ့တုန်းက ငါက သူ့ကို သတိမထားခဲ့မိတာ ၊ ငါက သူ့ကို စာမေးပွဲ နောက်ဆုံးနေ့မှ သတိထားမိသွားတာ ၊ သူက စာမေးပွဲခန်းထဲကထွက်တော့ ငါ့ဖုန်းကို သူ့ဖုန်းနဲ့ မှားယူသွားတာ ”

 

ကျွန်မ ကောင်းဆက်ဟန်ကို တစ်ချက်အကဲခတ်မိသည် ။ သူက ကျွန်မ စကားကို အာရုံစိုက်နေပုံရလို့ ကျွန်မ ကျေနပ်သွားရ၏ ။

 

” သူ့ပုံစံက အူကြောင်ကြောင်လေးနဲ့ အဲ့ပုံစံလေးကိုပဲ ငါသဘောကျခဲ့မိတယ် ၊ ငါ့ဖုန်းကို မှားယူသွားမိလို့ ငါ့ကို အားနာပါးနာ ပြုံးပြသွားတဲ့ သူ့အပြုံးကို ငါ ခုထိ မမေ့သေးဘူး ၊ အဲ့အချိန်ကတည်းက ငါ့ရင်ထဲမှာ သူပဲရှိခဲ့တာ ”

 

ကောင်းဆက်ဟန်က ကျွန်မ သူ့ကို ရည်ရွယ်ပြီးပြောနေမှန်း သိပုံမရပေ ။ အတော်ကို သူစဉ်းစားယူနေရပုံရသည် ။

 

” အဲ့တာ ဘယ်သူလဲ၊ ခု ဒီကျူရှင်ထဲမှာ ရှိလား ”

” အင်း ”

 

ကောင်းဆက်ဟန်က ပို၍ အံ့သြသွားကာ စိတ်ဝင်တစားနှင့် ကျွန်မကို စူးစိုက်ကြည့်သည် ။

 

” ဘယ်သူလဲ ”

 

သူတကယ်ပဲ မသိတာလား ။ မနှစ်က ကျွန်မဖုန်းကို သူမှားယူသွားတာလေ ။ သူမမှတ်မိတာလား ။

 

” မသိသာလို့လား ”

 

သူက တစ်ချက်တွေးနေသည် ။

 

” အင်း ငါလည်း မနှစ်က စာမေးပွဲခန်းကထွက်တော့ ဖုန်းမှားယူသွားဖူးတယ်ဟ ၊ ဒါပေမဲ့ အဲ့တုန်းက မှားယူသွားမိတဲ့ဖုန်း ပိုင်ရှင်ကို မမှတ်မိတော့ဘူး ”

 

‌ေ သပါရောလား ။ ကျွန်မအတွက်တော့ သူက မှတ်မှတ်ရရ စွဲစွဲထင်ထင်နှင့် ရင်ထဲမှာ ရှိနေခဲ့သည့်သူဖြစ်ပြီး ကျွန်မကတော့ သူ့အတွက် အမှတ်တမဲ့ လူတစ်ယောက်သာ ဖြစ်ခဲ့သည် ။

 

” မဟုတ်မှ အဲ့တာ နင်များလား ”

” မသိတော့ပါဘူး ”

 

ကျွန်မ စိတ်အားငယ်ရသလို ရှက်လည်းရှက် ဝမ်းနည်းမိသွားတာမို့ သူ့ကို မဖြေလိုက်ပါ ။ မဖြေပေမဲ့ အဖြေကို သူသိကောင်းပါသည် ။ သူသိလည်း သိပုံရပါသည် ။

 

” မနက်ဖြန် Paper 3 ကျူရှင်ချိန်က မနက် ၇ နာရီ ‌နော် ၊ ဟုတ်တယ်မလား ”

 

ကျွန်မ စကားလမ်းကြောင်းလွှဲပစ်လိုက်သည် ။

 

” ဟုတ်တယ်လေ ၊ Paper 3 ကလည်း စာတွေ အများကြီးပဲဟာ Choice မပေးတော့ဘူးလား မသိဘူး ”

 

သူကလည်း ကျွန်မ စကားလမ်းကြောင်းလွှဲရာနောက်ကို အလိုက်သင့်ပါလာသည် ။ ကျွန်မရင်ထဲ ဝမ်းနည်းသလိုလို စိုထိုင်းထိုင်း ခံစားချက်တစ်ခု‌ေကြာင့် နေရခက်သွားသည် ။ထိုနေရခက်မှုတစ်ခုကြောင့် သူ့ကို အိမ်ပြန်ချိန်အထိ စကားဆက်မပြောတော့ဘဲ နေလိုက်မိလေသည် ။

 

+

 

တက္ကသိုလ် ဒုတိယနှစ် အနီးကပ် ကျောင်းတက်ရတော့ ကောင်းဆက်ဟန်ကို ကျွန်မ လိုက်ရှာနေမိသည် ။ သူ့ခုံနံပတ်နှင့် ကျွန်မခုံနံပတ်က သိပ်မကွာ‌တာကြောင့် တစ်ခန်းတည်းကျမှာ သေချာသည် ။ အတန်းထဲရောက်တော့ သူ့ကို မတွေ့ရသေးပါ ။ ၈ နာရီဆို အတန်းချိန်စတော့မှာမို့ ကျွန်မသူ့ကို လည်ပင်းတရှည်ရှည်ဖြင့် မျှော်နေမိသည်။

 

” ဟဲ့ ဘယ်သူ့ကို ရှာနေတာတုန်း ”

 

ဖြိုးရတနာက ကျွန်မဘေးကို ဝင်ထိုင်ကာ မေးလေသည် ။ ကျွန်မ ခေါင်းအသာယမ်းပြလိုက်၏ ။ ဖြိုးရတနာက စာအုပ်တွေ ထုတ်ပြီးသွားတော့ ကျွန်မအနားကို ကပ်ကာ …

 

” နင် ရတီမြင့်ကို သိလား ”

 

မသိစရာ အကြောင်းမရှိပါ ။ ရတီမြင့် ဆိုသည်မှာ ဆံပင်အရှည်ကြီးနှင့် စွဲမက်စရာကောင်း‌တာမို့ အဝေးသင် မေဂျာတိုင်းမှာ နံမည်ကြီးသည် ။နှမျောစရာက ယောက်ျားများစွာ သဘောကျနှစ်သက်ကြသော သူမသည် မနှစ်က သူမ၏ ပညာသင်နှစ် ဒုတိယနှစ်မှာ စာမေးပွဲလာ‌မဖြေဘဲ ယောက်ျားနောက် လိုက်သွားသည် ဟု သတင်းထွက်လာခြင်းဖြစ်သည် ။ သတင်းမှန်မမှန်မသိရပေမဲ့ စာမေးပွဲလာမဖြေကြောင်းကိုတော့ အခန်းစောင့်ဆရာမတွေကြားမှာ ပြောဆိုခဲ့ကြတာရှိသည် ။

 

” သိတယ်လေ ”

” သူ့ကို ငါခုနက ကျောင်းထဲမှာ တွေ့ခဲ့တယ် ၊ ဒုတိယနှစ် ပြန်တက်တာတဲ့ ”

” ဪ … ”

 

ရုပ်ရည်လေးလှတပတရယ်မို့ ပညာဆုံးခန်းမတိုင်တာမျိုး မဖြစ်စေချင်သည့် ဆန္ဒတော့ ကျွန်မ စိတ်ထဲ ဝင်မိပေမဲ့ သိပ်စိတ်ဝင်စားလှရယ်တော့ မဟုတ် ။

 

” ဟဲ့ ထူးဆန်းတာ ပြောပြမလို့ ၊ သူ့ကို ငါတို့က ယောက်ျားနောက် လိုက်သွားတယ်လို့သိထားတာလေ ဟုတ်တယ်မလား ”

” အဲ့တာ ဘာဖြစ်လို့လဲ ”

” ဟဲ့ သူက မဟုတ်ဘူးတဲ့ ရန်ကုန်ကို အလုပ်သွားလုပ်တာတဲ့ ”

” ဘယ်လို၊ စားမေးပွဲရက်ကြီး အလုပ်သွားလုပ်တာလား ”

” အေးလေ အဲ့တာပြောတာ ဘာမှအဓိပ္ပါယ်မရှိဘူး ၊ နောက်တစ်ခုပြောရဦးမယ် ၊ ကောင်းဆက်ဟန်လေ ”

” ဟင် … ”

 

ကျွန်မ သိပ်စိတ်မဝင်စားရာက ကောင်းဆက်ဟန်‌ဆိုသော နံမည်ကို ကြားရတော့ ချာခနဲဖြစ်သွားသည် ။ ရတီမြင့်အကြောင်း ပြောနေရာကနေ ဘယ်လိုကြောင့် ကောင်းဆက်ဟန်က ပါလာရသနည်း ။

 

” ကောင်းဆက်ဟန် ဘာဖြစ်လို့လဲ ”

” အဲ့ကောင်က ရတီမြင့်နဲ့ တွဲနေလေရဲ့ ”

 

ဖြိုးရတနာက အားမလိုအားမရနှင့် မချိတင်ကဲ ပြောလေသည် ။

 

” ဘာ … ”

 

ကျွန်မ ဟသွားသော ပါးစပ်ကိုပင် ပြန်မပိတ်နိုင် ။ အိန္ဒြေမဆယ်နိုင်ဘဲ မျက်ရည်ဟာ ဝဲတက်လာသည် ။

 

” အေးဟယ် အဲ့ကောင်ကလည်း နွားကျတာ ၊ ဟိုက လှတာလေးပဲရှိတဲ့ဟာကို ၊ ရန်ကုန်ကို အလုပ်သွားလုပ်တာ ဘာမှမဟုတ်ဘူး ၊ သူ့ယောက်ျားနဲ့ ခုကွဲသွားတာနေမှာ ၊ ဘာမှ သေချာမစူးစမ်း မဆင်ခြင်ဘူး ”

 

ကျွန်မ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မျက်ရည်မကျမိအောင်ထိန်းလိုက်ရသည် ။

 

” မပြောပါနဲ့တော့ ၊ သူချစ်လို့ပဲဟာ ၊ သူလက်ခံနိုင်လို့ တွဲတာနေမှာပေါ့ ၊ ငါတို့က ကြားထဲကနေ မကောင်းပြောနေဖို့ မသင့်တော်ပါဘူး ”

 

ကျွန်မစကားကြောင့် ဖြိုးရတနာက ခေါင်းတညိတ်ညိတ်နှင့် သက်ပြင်းချသွားသည် ။

 

” ငါက အဲ့ကောင်ကိုနှမျောတာပါဟယ် ၊ ငါက သူ့ကို နင်နဲ့သဘောတူတာလေ … ”

” အို … ”

 

ကျွန်မ မျက်ရည်ဝဲတက်လာပြန်သည် ။ သူ မရွေးချယ်တဲ့ ကိစ္စကို ဘယ်လိုများအပြစ်တင်ရက်မှာလဲ ။ ကျွန်မ မျက်စိမျက်နှာလုံးလုံးပျက်ကာ နေရကျဉ်းကြပ်သွားသည် ။ဝမ်းနည်းစိတ်ကြောင့် တစ်ကိုယ်လုံး တုန်ယင်လာကာ မျက်နှာတစ်ခုလုံး ငိုချင်စိတ်ကြောင့် ပူထူနေလေသည် ။ ကျွန်မ သူ့အပေါ် ထားသည့်စိတ်ကို သူသိပါလျက် လျစ်လျူရှု၍ တခြားတစ်ယောက်ကို တွဲနိုင်ရက်သည် ။ တမင်သက်သက်ကြီး ဥပေက္ခာပြုရာ ကျလွန်းပါသည် ။ သူ့ကိုမုန်းမိသည် ။ ကျွန်မ စားပွဲခုံပေါ် မျက်နှာ မှောက်ချလိုက်မိသည် ။ တိတ်တဆိတ်ပဲငိုပါရစေ ။ ဘယ်သူမှ မရိပ်မိပါစေနှင့် ။

 

+

 

စာတွေကျက်နေရင်း အတွေးတွေဟာ ဝင်ရောက်နှောက်ယှက်နေသည် ။ တစ်ချိန်က ကောင်းဆက်ဟန်နှင့် စကားတွေ ပြောရင်း စနောက်ခဲ့ဖူးသည့်အချိန်တွေ ကောင်းဆက်ဟန်၏ အကြည့်တွေကို မြင်ယောင် ကြားယောင်ရင်း လူဟာ ရူးမတတ်ပင် ။ ကျွန်မဟာ သူ့ကို တစ်ဖက်သက်ပဲချစ်ခဲ့ရတာ မဖြစ်နိုင်ပါ ။ သူ့ဆီကနေ ကျွန်မကဲ့သို့ တူညီသော ခံစားချက်တွေ အကြည့်တွေ အပြုအမူတွေ ရရှိခဲ့ဖူးသည် ။ ကျွန်မ ဘာကြောင့်များသက်‌ေသပြချင်နေရသနည်း ။ ခုသူဟာ ကျွန်မထက်လှသော ရတီမြင့်ကို ရွေးချယ်သွားပြီးလေပြီ ။ သူကျွန်မအပေါ်ကို မရိုးသားခဲ့ပါဘူး လို့ ကျွန်မ သိထားတော့လည်း ဘာအသုံးဝင်တော့မည်နည်း ။

 

ကျွန်မ မျက်ရည်တွေ ဝဲနေတုန်း ကျွန်မဆီကို ကောင်းဆက်ဟန် က ဖုန်းဆက်လာသည် ။ ကျွန်မ သူ့အတွက်ဆို ရင်တွေ တဒုန်းဒုန်းခုန်နေမိစဲ ။ ကျွန်မသူ့ကိုအမှန်တကယ် မမုန်းရက်ပါ ။ ကျွန်မ မကိုင်ဘူးဟု ဥပေက္ခာပြုလိုက်ချင်ပေမဲ့ ကျွန်မနှလုံးသားက ခွင့်မပြုပေ ။

 

” ဟယ်လို … ”

” အင်း နင် ငါ့ကို ကျောင်းမှာလည်း မခေါ်ဘူးနော် ”

” နင်ကရော ခေါ်လို့လား ”

” မဟုတ်ဘူးလေ ခါတိုင်းဆို ငါမခေါ်တောင် နင်လာခေါ်တာပဲကို ”

” မတူတော့ဘူးလေ ငါ စည်းတစ်ခုထားလိုက်တာပါ ”

” ဘာလို့လဲ ”

 

သူမသိသလို မေးနေပြန်သည် ။ အမြဲသူဟာ ကျွန်မကို မသိချင်ယောင်ဆောင် ၊ ကျွန်မ ခံစားချက်တွေကို မသိချင်ယောင်ဆောင်လေသည် ။

 

” ရတီမြင့်နဲ့ အဆင်ပြေရဲ့လား ”

 

သူ့ဆီက သက်ပြင်းချသံ တစ်ခုကြားရသည် ။

 

“နင် သူ့အကြောင်း ဘာသိလဲ ”

” သူက နင့်ချစ်သူပဲ ငါက သူ့အကြောင်း ဘာသိရမှာလဲ ”

” သူယောက်ျားရခဲ့ဖူးတယ်လို့ ငါ့ကို လာပြောကြတာတွေရှိနေလို့ ”

” အဲ့တာက အရေးကြီးလို့လား နင် ချစ်လို့ သူ့ကို တွဲခဲ့တာပဲလေ ၊ ဒါတွေကို နင်လက်ခံပေးလိုက်ပေါ့ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ”

” ဟာ နင်ကလည်း ”

 

သူ့ဆီက စိတ်လေးလံသော လေသံမျိုးကို ကျွန်မ ကြားလိုက်ရသည် ။

 

” သူသာယောက်ျားရခဲ့ဖူးတာ အမှန်ဆို ငါ လက်မခံနိုင်ပါဘူး ၊ ငါက လူပျိုဟ ”

” ဪ … ”

 

အပျိုဂုဏ်ကို မက်လျှင်လည်း ဘာကြောင့်များ အလှတစ်ခုကိုမက်ပြီး မစူးစမ်းမဆင်ခြင်ပဲ တွဲသေးလဲ ဟု ကျွန်မမေးချင်ပေမဲ့ … ။

 

” ငါ ဖုန်းချလိုက်တော့မယ် ”

” ဟာ သက်ထားစံ … ”

 

ကျွန်မ နံမည်ကို ခေါ်လိုက်သော သူ့အသံ၏ အဆုံးမှာ ကျွန်မ ဖုန်းချပြီးလေပြီ ။ စာမေးပွဲပထမဆုံးနေ့မှာ ကောင်းဆက်ဟန်က ကျွန်မကို တစ်ခုခုပြောချင်ပုံရသော မျက်လုံးများနှင့် ခဏခဏ လှမ်းကြည့်နေတတ်သည် ။ ကျွန်မ လျစ်လျူရှုလိုက်ပါသည် ။ ရတီမြင့်က သူ့ဘေးမှာ အမြဲ ထက်ကြပ်မကွာ ပါနေတာမို့ … ။ စာမေးပွဲဖြေသည့် ၅ရက်လုံး ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်မိကြပေမဲ့ စကားမပြောဖြစ်ကြပေ ။ ၆ ရက်မြောက်နေ့ နောက်ဆုံးနေ့မှာတော့ ကျွန်မ စာမေးပွဲခန်းထဲက‌ထွက်တော့ ကောင်းဆက်ဟန်ကပါ သူ့အဖြေလွှာကို အပ်ကာ အပြေးအလွှားလိုက်ထွက်လာသည် ။

 

” သက်ထားစံ … ”

 

ကျွန်မလက်ကို လှမ်းဆွဲလိုက်တာမို့ ကျွန်မရင်တွေ နိမ့်ချည်မြင့်ချည် လှိုက်ဖိုသွား‌ရသည် ။ သူက ပိုင်စိုးပိုင်နင်းဖြင့် ကျွန်မလက်ကို လက်ကောက်ဝတ်ကနေ ကျစ်ကျစ် ဆုပ်ထားကာ ကျွန်မကို စူးစိုက်ကြည့်သည်။

 

” ငါ ရတီမြင့်နဲ့ ပြ တ်သွားပြီ … ”

 

ကျွန်မ မျက်ခုံးတွေ ပင့်တက်သွားကာ ခံစားချက်ဟာ ရေကန်တစ်ခုအတွင်းက ရေပြင်လို ငြိမ်သက်နေလေသည် ။

 

” ငါပြောနေတယ် ကြားလား ၊ ငါ ရတီမြင့်နဲ့ ပြ တ်သွားပြီ ”

 

ကျွန်မကို ဘာအဓိပ္ပါယ်နှင့်များ ဒီစကားတွေ လာပြောနေရသလဲ မသိပေမဲ့ … ။ ကျွန်မရူးလွန်းပါသည် ။ ကျွန်မကို သူတို့ပြ တ်သွားကြောင်း တကူးတကလာပြောတော့ ကျွန်မကို သူ ချစ်ခွင့်ပန်တော့မည် ဟု စိတ်ကူးယဉ်ထားမိသည် ။ ကျွန်မကို သူ ချစ်ခွင့်ပန်လာမည့်အချိန်ကို စောင့်ရင်း ကျွန်မပင်ပန်းလာသည်။ သူ့ဆီက တုန့်ပြန်မှုတစ်ခုမှ မရရှိသေးပါ။ သူ ကျွန်မကို ဖွင့်မပြောရဲလို့ ဖြစ်မှာပါ ဟု ကျွန်မဖြေသိမ့်ရင်း ဆက်စောင့်ပေးရာက သူ့အနားမှာ တခြား မိန်းကလေးတစ်ယောက်ကို မြင်ရပြန်သည် ။ ကျွန်မ၏ သည်းခံမှုတွေ ကုန်ဆုံးသွားရသည်။ ကျွန်မသူ့ကို တကယ်မုန်းချင်လာပါပြီ ။

 

” ကိုယ် ချစ်သူရနေပြီ ၊ ဘယ်သူလဲ သိလား ”

 

ထိုနေ့ညက နေလင်းညို ကျွန်မကို ဖုန်းဆက်သည်။ သူချစ်သူရနေကြောင်းနှင့် သူ့ချစ်သူဟာ ဘယ်သူဖြစ်မလဲလို့ ကျွန်မကို ခန့်မှန်းခိုင်းသည် ။ ကျွန်မ မခန့်မှန်းချင်ပါ ။

 

” ဘယ်သိမလဲ ” ဟု ပြန်ဖြေလိုက်တော့ သူက ရယ်သည် ။

 

” ထင်ပါတယ် ၊ မင်းက ကိုယ့်အတွက်ဆို အချိန်သိပ်ပေးချင်တာ မဟုတ်ဘူး ၊ ဒီတော့ ကိုယ်ပဲ ပြောပြပါ့မယ် ၊ အဲ့တာဘယ်သူလဲဆိုတော့ ဟိုကောင့်ရဲ့ ရည်းစားဟောင်း ရတီပွင့်ဦး ”

“ဘာရယ် … ”

 

ကျွန်မ အံ့ဩရသလို ချဉ်စူးစူးခံစားချက်လည်း ဖြစ်မိသည်။

 

” ကိုယ်ဘာလို့ သူ့ကို တွဲသလဲ သိလား ”

” မသိဘူးလေ ”

” ရတီပွင့်ဦးကို အဲ့ကောင်က သည်းသည်းလှုပ်ဖြစ်ခဲ့ဖူးလို့ ”

 

ကျွန်မပြောဖူးသော ကျွန်မ၏ ချစ်ရမယ့်သူဆိုတာ ကောင်းဆက်ဟန် မှန်း နေလင်းညို သိသွားပြီးပုံရပါသည် ။ ရှုပ်ထွေးပွေလီလိုက်လေခြင်း ။ နေလင်းညိုနှင့် ရတီပွင့်ဦးက ဘယ်လိုလုပ်ပြီး သိသွားကြတာလဲ ။ ဘယ်လိုဆုံတွေ့သွားကြတာလဲ ဆိုတာတွေ ကျွန်မ မသိချင်တော့ပါ။ အရာရာဟာ ဖြစ်ဖို့ရှိလို့ ဖြစ်တာပဲ ဟုသာ ကျွန်မ‌ဆင်ခြင်လိုက်မိလေသည် ။

 

+

 

” သက်ထား ကိုနေ နဲ့ ပြန်တွဲချင်တယ် … ”

 

ထိုနေ့က ဘုရားမှာ ကောင်းဆက်ဟန်ကို ကောင်မလေးတစ်ယောက်နှင့် တွဲမြင်လိုက်ရသောနေ့ ။ ကျွန်မ ဘယ်လိုမှ မခံစားနိုင်ပါ ။ ကျွန်မ ခံစားရတာတွေကို သက်သာစေဖို့ ဒီနည်းလမ်းကို ရွေးချယ်လိုက်မိသည် ။ နေလင်းညို လက်ခံပါသည် ။ ကျွန်မသည် ကျွန်မ ဘယ်အချိန်ပဲ နေလင်းညိုဆီ ပြန်သွားသွား ကျွန်မကို နေလင်းညိုက လက်ခံပေးမယ် ဆိုတာကို သိနေသည် ။ အဘယ်ကြောင့်ဆိုသော် နေလင်းညိုဟာ ကျွန်မကို နှစ်နှစ်ကာကာ ချစ်တာ ကျွန်မသေသေချာချာကို သိနေလို့ ဖြစ်ပါသည် ။ ကျွန်မ ဒီတစ်ကြိမ်မှာလည်း သူ့ကို အသုံးချမိပြန်သည် ။ သူကလည်း ကျေကျေနပ်နပ်ကို အသုံးချခံပါသည် ။ ကျွန်မသူ့ကို ပွင့်ပွင့်လင်းလင်းဖွင့်ဟခဲ့သည် ။

 

” ကောင်းဆက်ဟန် ကို မေ့ချင်လို့ ကိုနေနဲ့ တွဲတာပါ ၊ သက်ထား ကိုနေ့ကို မချစ်ဘူး ”

” တွဲရင်းနဲ့ ချစ်သွားတာကိုပဲ ကိုယ်လိုချင်ပါတယ် သက်ထား ၊ ကိုယ် သက်ထားကို ချစ်တယ် ၊ သက်ထား မချစ်လည်း ရပါတယ် ၊ ကိုနေ့ အနားမှာပဲ ရှိနေပေးပါ ”

 

ဘယ်လောက်တောင် မိုက်ရူးရဲဆန်လိုက်သလဲ ။ ကျွန်မကို ဤမျှလောက်တောင် ချစ်သတဲ့လား ။ ကျွန်မ မျက်ရည်ကျမိသည် ။ သူ့ကို သနားလို့လား ။ သူ့ကို မချစ်နိုင်ကြောင်း သိနေလို့လား ။ ဒါမှမဟုတ် ကျွန်မ အသုံးချတာကို ရဲရဲကြီး ခံယူပေးလို့များလား ။ ထိုအချိန်က နေလင်းညိုသည် ရတီပွင့်ဦးနှင့် ချစ်သူတွေဖြစ်နေစဲ ဖြစ်သည်။ သူကျွန်မအတွက် ရတီပွင့်ဦးကို ဖြ တ်ခဲ့သည် ။ ကျွန်မ ရတီပွင့်ဦးအပေါ် မတရား ရာများ ကျလေသလား ။

သပွတ်အူ (အပိုင်း ၆)

+

ရုပ်ရှင်ကြည့်ဖို့ နေလင်းညိုက ခေါ်တာကြောင့် ကျွန်မ ရုပ်ရှင် လိုက်ကြည့်ခဲ့ရသည် ။ အမှန်တော့ ရုပ်ရှင် ကြည့်ချင်စိတ်မရှိပါ ။ Aircon ခန်းထဲမှာလူဟာ အေးစက်နေသည် ။ ခန္ဓာကိုယ်က အေးနေပေမဲ့ အတွင်းစိတ်ဟာ ဘာကြောင့် ပူနေမှန်းမသိ ။ ကျွန်မချမ်းနေမှန်းသိတော့ နေလင်းညိုက သူ့အပေါ်ထပ်အင်္ကျီ ကျွန်မကို ချွတ်ပေးသည် ။ ကျွန်မသူ့ကို ဆွေးငေးစွာကြည့်မိသွားသည် ။ ကျွန်မစိတ်အာရုံဟာ ဘာကြောင့် သူ့ဆီမှာပဲ စွဲကပ်မနေရတာလဲ။ ရုပ်ရှင်ကြည့်နေရင်း နေလင်းညိုက သူ့လက်ဖဝါးကို ကမ်းပေးသည် ။ ကျွန်မက ဘာလဲ ဆိုပြီး သူ့ကို အူကြောင်ကြောင်ကြည့်နေတော့ …

 

” ဘာဝောာင်းတယ်ထင်လဲ ”

 

ကျွန်မ မသိ ။ မုန့်ထုပ်တွေ ကလည်းသူ့ဆီမှာချည်းပဲ ။ ရေဘူးကအစ သူ့ဘေးမှာ ။ သူအခု ကျွန်မဆီကနေ ဘာကို လက်ဝါးဖြန့်တောင်းနေတာလဲ ။ သူက ကျွန်မနားမလည်နေတာကို ရိပ်မိစွာဖြင့် ချိုရီစွာ ပြုံးလေသည် ။ ပြီးတော့ ကျွန်မလက်ဖဝါးကိုဆွဲယူကာ သူ့လက်ဖဝါးနှစ်ခုကြားထဲ ထွေးဆုပ်လေ၏ ။ ကျွန်မ စိတ်တွေ ဘာဖြစ်မှန်းမသိ ။ ရင်ခုန်ခြင်းမဟုတ်ဘဲ မနှစ်သက်သော ခံစားချက်ဟာ ထင်ထင်ရှားရှား ဖြစ်ပေါ်လာသည် ။ သူ လူပျို မဟုတ်လို့လား ။ ကျွန်မငြိမ်သက်စွာ စဉ်းစားနေမိသည် ။ မဟုတ် ။ ကျွန်မဟာ သူ့ဖြစ် တည်မှုနှင့် သူ့အတိတ်ကို လက်မခံနိုင်တာမဟုတ် ။ ထိုအရာကြောင့် မနှစ်သက်စိတ်ဝင်နေတာ မဟုတ်။ သူကျွန်မ လက်ဖဝါးကို ဆုပ်ကိုင်လိုက်ချိန်မှာ ပထမဆုံးဝင်လာသည့် အသိက …

 

“ကောင်းဆက်ဟန်ရော ခုချိန် ဘယ်မိန်းကလေးရဲ့လက်ကို ဆုပ်ကိုင်ထားလေမလဲ ”

 

အတွေးဟာ လူကို မီးဟပ်ခံလိုက်ရသလို ပူလောင်သွားစေသည် ။ ကျွန်မ မျက်နှာမကောင်းပါ ။ နေလင်းညို၏ ကြင်နာယုယစွာ ဆုပ်ကိုင်ထားသော လက်တစ်စုံကိုလည်း သဘောမကျပါ ။ အိမ်အပြန်လမ်းမှာ နေလင်းညိုကို စကားမပြောဘဲ နေသည် ။ နေလင်းညိုက ကျွန်မကို တကြည့်ကြည့်ရှိ၏ ။ သူ ကျွန်မ လက်ကို ဖွဖွ လွှတ်ပေးသည် ။

 

” လက်ကိုင်ထားတာ မကြိုက်ဘူးမဟုတ်လား ”

 

နေလင်းညိုက တစ်ထစ်ချသိနေသလို မေးလေတော့ ကျွန်မ ဘာဖြေရမှန်းမသိ ။

 

” နေသားမကျလို့ပါ ၊ ရည်းစားမထားခဲ့ဖူးတော့ ခုလို လက်ကိုင်ခံရတာကို သိပ်အသားမကျတာ ”

” ဟုတ်လို့လား ”

 

မဲ့ပြုံးတစ်ချက်နှင့် ကျွန်မကို မေးသည် ။ ကျွန်မ စိုးထိတ်သွားမိသည် ။ ဘာကို စိုးထိတ်သွားရတာလဲ ။ ကျွန်မအဖြေဟာ ကျွန်မအတွက် မှန်ကန်ခြင်းမရှိလို့လား ။

 

” ရုပ်ရှင်ကြည့်နေရင်းလည်း တောက်လျှောက်ဘာတွေတွေးနေတာလဲ ”

” မတွေးပါဘူး ”

 

ဒီတစ်ခါတော့ ကျွန်မ လိမ်လိုက်တာ မှန်သည် ။

 

” မလိမ်ပါနဲ့ ”

 

ကျွန်မသူ့ကို စူးခနဲ မော့ကြည့်လိုက်မိ၏ ။ သူ့အကြည့်နှင့်ဆုံချိန်မှာ မျက်နှာလွှဲလိုက်သည်။ သူက လမ်းသွားနေရာက ရပ်ကာ ကျွန်မ ပခုံးနှစ်ဘက်ကို သူ့ဘက်ဆွဲလှည့်သည် ။

 

” ကိုယ်နဲ့ တွဲရတာ ပျော်ရော ပျော်ရဲ့လား ၊ မင်း ရုပ်ရှင်ကြည့်ရတာလည်း စိတ်မပါဘူး ကိုယ်သိတယ် ၊ ရုပ်ရှင်ရုံမှာ တောက်လျှောက် မင်း တခြားဆီစိတ်ရောက်နေတာ ၊ ကိုယ်မသိဘူး ထင်နေတာလား ၊ ကိုယ်ပြောလိုက်ရင် မင်း နေရခက်သွားမှာစိုးလို့ မသိချင်ယောင်ဆောင်နေပေးတာ ၊ ပြီးတော့ ကိုယ်မင်းလက်ကို ကိုင်လိုက်ကတည်းက မင်းမျက်နှာ ပျ က်နေတယ် ”

” ကိုနေ စိတ်ထင်နေတာပါ … ”

 

ကျွန်မ သူ့လက်တွေကို ဖြုတ်ချပြီး ရှေ့ဆက်လျှောက်တော့ သူက ကျွန်မ လက်ကိုလှမ်းဆွဲလိုက်သည်။

 

” ကိုယ် မင်းဆီက ခုထိ စကားတစ်ခွန်းကို မကြားရသေးဘူး …

ကိုယ် အခု ကြားချင်တယ် ”

” ဘာစကားလဲ … ”

” မင်း သိပါတယ် သက်ထား ”

 

ကျွန်မ သိသည် ။ သိသိလျက် မသိချင်ယောင်ဆောင်ကာ မေးလိုက်တာဟာ ထိုစကားကို မပြောချင်လို့ ရှောင်လွှဲရန် ကြိုးစားခြင်း ဖြစ်သည် ။

 

” ကိုယ့်ကို ချစ်လား ”

” ဟင့်အင်း ”

 

ကျွန်မခေါင်းလွှဲတော့ သူက လက်နှစ်ဘက်ကို လက်ကောက်ဝတ်ကနေ တင်းတင်း ကိုင်လှုပ်သည် ။

 

” ဒါဆို မင်း ဘယ်သူ့ကိုချစ်တာလဲ ”

 

ကျွန်မသူ့ကို မျက်ရည်အဝိုင်းသားနှင့်ကြည့်မိသည် ။

 

” ကိုယ့်ကို မချစ်လို့လည်း ရတယ်ဆိုပေမဲ့ ကိုယ်လည်း အသွေးနဲ့အသားနဲ့လူပါ ၊ ကိုယ့်ချစ်သူဆီက ချစ်တာ လိုချင်တာပေါ့ ၊ ကိုယ်ချစ်သလို ပြန်အချစ်ခံချင်တာပေါ့ ”

” သက်ထားကို အချိန်ပေးပါဦး ”

” ဘာအတွက်လဲ ”

 

နေလင်းညို၏ အရပ်က ၆ ပေ လောက်ရှိပြီး ကျွန်မက ၅ ပေ ၂ မို့ သူ့ကို အတော်မော့ကြည့်ရသည်။ သူ့မျက်ဝန်းတွေဟာ စူးစူးရှရှ ၊ သူ့မျက်နှာမှာ နာကျင်နေသော အရိပ်အယောင်တွေ မြင်ရသည် ။

 

” မင်း က ရည်းစားထားဖူးလို့ အသည်းကွဲထားလို့ အချိန်တစ်ခုပေးရတာမျိုး ဆိုထားပါဦး ၊ ခု မင်း မှာ ကိုယ်နဲ့မတွဲခင်က ရည်းစားလည်း မရှိဘူး ၊ ဒါကို မင်းက ဘာတွေအသည်းကွဲနေတာလဲ ”

 

ကျွန်မသူ့ကို မျက်ရည်အဝိုင်းသားဖြင့် စူးစူးရဲရဲကြည့်လိုက်မိ၏။ ရည်းစားမဟုတ်ဘဲ အသည်းကွဲလို့မရဘူးလား ။ သူ့စကားဟာ ကျွန်မကို အထိနာစေသည်။ ရည်းစားတောင် မဖြစ်ခဲ့ဘဲ ကျွန်မက ခံစားနေတယ်ဆိုပြီး သူပြောချင်တာ ။

 

ကျွန်မသူ့ကို ဘာမှမပြောဘဲ စိုက်ပဲကြည့်နေတော့ သူ့အကြည့်တွေ ဖျော့သွားသည် ။

 

” မဟုတ်ဘူးနော် သက်ထား ၊ ကိုယ်ပြောတာက မင်းကိုယ့်အပေါ် ခုထိ စိတ်မရောက်လာတာကို ဒေါသထွက်လို့ ၊ ကိုယ်က ချစ်သူတစ်ယောက်လို ချစ်ပြ ယုယတော့လည်း မင်းကမကြိုက်ဘူး ၊ မင်းကိုယ့်ကို ချစ်လာအောင် ဘယ်လို လုပ်ရမှန်း မသိတော့လို့ကွာ … ”

 

ကျွန်မ နေလင်းညိုကို သနားသည် ။ သူ့ထက် ကျွန်မကိုယ် ကျွန်မ ပိုသနားပါသည် ။ ကျွန်မနှင့်ရည်းစားတောင် မဖြစ်ခဲ့တဲ့ ယောက်ျားတစ်ယောက်အကြောင်းကို တွေးမိတိုင်း မျက်ရည်ဝဲနေရသည့် ကျွန်မက ပိုသနားဖို့ကောင်း‌ေလသည်။

 

+

 

ကျွန်မ နေလင်းညို၏ ဖုန်းတွေကို မကိုင်ပါ ။ Facebook မှာ ကောင်းဆက်ဟန်၏ Account ကို လိုက်ရှာနေမိသည် ။ ကျွန်မတွေ့သည် ။ သူ့ Myday မှာ မိန်းကလေးတစ်ယောက်နှင့် တွဲရိုက်ထားသော ပုံတစ်ပုံတင်ထားသည်။ ကျွန်မ ရင်ထဲ စူးစူးကျင်ကျင် နာနာကျည်းကျည်းဖြင့် မျက်ရည်တွေ ကျလာရသည်။ ကျွန်မ သူ့ကို မပိုင်ရလည်း ငေးနေပါရစေ ။ ကျွန်မ သူ့ကို Friend request ပို့လိုက်သည် ။ နောက်တစ်နေ့ညမှာ သူ့ဆီက စာတစ်စောင် ရောက်လာပါသည်။

 

“နင် တတိယနှစ်ကို ကျူရှင်က အရင်ကျူရှင်မှာပဲ တက်မှာမလား ”

 

ကျွန်မ ပျော်လိုက်တာ ။ သူ့ဆီက အရင်ပို့လာတဲ့စာတစ်စောင်ကို ဖတ်မဝ ။

 

” အင်း ”

 

ကျွန်မ စာပြန်လိုက်သည် ။

 

” နင် ရည်းစားတွေဘာတွေ ရနေပြီလား … ”

 

ကျွန်မ ဘာဖြေရမလဲ ။ ကျွန်မ နေလင်းညိုနှင့် ပြန်တွဲနေတာကိုသာ သူ့သိလျှင် … ။

အို ဘာဖြစ်သလဲ ။ သူ့မှာလည်း ကောင်မလေး ရှိနေတာပဲကို … ။

 

” ရနေပြီ ၊ ကိုနေလင်းညိုလေ … ”

” ဘာ … ”

 

သူစာဆက်မပို့တော့ပါ ။ ထိုအခါ မနေနိုင်သော ကျွန်မကပဲ …

 

” နင်လည်း နင်ချစ်ရတဲ့သူနဲ့ ပျော်ရွှင်ရပါစေနော် ”

 

သူစာကိုဝင်ကြည့်သည် ။ ချက်ချင်း စာမပြန်ပါ ။ အနည်းငယ်ကြာမှ …

 

” နင်ရောပဲ သက်ထား ”

 

နင်ရောပဲတဲ့လား ။ ကျွန်မက အရင်အရွဲ့တိုက်ကာ ပြောလိုက်ပေမဲ့ သူ ပြန်‌ေပြာသော စကားကြောင့် ကျွန်မရင်ထဲ အောင့်သွားရသည် ။

 

“မရတီပွင့်ဦးကိုကျ ပွေလို့ဆိုပြီး နင်ဖြ တ်လိုက်တယ် ၊ နင်ကျတော့ သိပ်မပွေရှာဘူးနော်”

 

ကျွန်မ ခနဲ့လိုက်သည် ။

 

” မွေးရာပါ ပါရမီပေါ့ ” ဟု သူကပြန်ပြောတော့ ကျွန်မမုန်းလိုက်တာ။

 

တတိယနှစ် ကျူရှင်တက်တော့ ကောင်းဆက်ဟန်ဟာ ကျွန်မကို အရိပ်တကြည်ကြည့်ရှိသည် ။ သူကျွန်မကို စကားတွေ အရင်လာပြောသည် ။

 

” ငါ နွားဖြစ်တော့မလို့ဟ သိလား ”

” ဟင် ဘာလို့လဲ ”

” ငါ နောက်ဆုံးတွဲလိုက်တဲ့ တစ်ယောက်လေ ၊ အဲ့တစ်ယောက်မှာ ယောက်ျားရှိနေတာ ငါမသိဘူး ၊ သူ့ယောက်ျားက လာပြောမှ ငါ သိတယ် ၊ သိသိချင်း တန်းဖြ တ်လိုက်တာ ၊ ကံကောင်းလို့ဟေ့ ”

” ဟားဟားဟား ”

 

ကျွန်မက ရင်နာနာဖြင့် ဟက်ဟက်ပက်ပက် ရယ်မောမိလိုက်သည် ။ အလှတစ်ခုကိုပဲမက်ပြီး နောက်ကြောင်းမစုံစမ်းဘဲ ရည်းစားထားတုန်းပါလား ဟု ကျွန်မ ပြန်ပြောလိုက်သည်။

 

” နင်တော်တော် နှာဘူးထတာပဲ ” ဟု ပြောတော့ သူက ငြင်းသည် ။

 

” နင်ကလည်းဟာ သူက ငါ့ကိုလာကြိုက်လို့ တွဲလိုက်တာပါ ၊ ငါ အဲ့လောက်နှာဘူးထတဲ့ကောင် မဟုတ်ပါဘူး ” တဲ့ ။

 

အလိုလေး ။ ကျွန်မကိုကျ သူ့ကိုချစ်နေမှန်းသူသိပါလျက် ဘာကြောင့် မတွဲရသနည်း ။

 

” ငါ ဘွဲ့ရတဲ့အထိ တစ်ယောက်တည်းပဲနေတော့မယ် ”

” ထူးထူးဆန်းဆန်းပါလား ”

” အေး ငါ လူတစ်ယောက်ကိုပဲ စောင့်တော့မလို့ ”

 

သူ့ဆီက တစ်စုံတစ်ယောက်ကိုစောင့်မလို့ ဆိုသည့်စကားက ကျွန်မရင်ထဲကို စူးနစ်သွားစေသည် ။ ဘယ်သူများလဲ … ။

 

” ဘယ်သူလဲ ”

“သူ့မှာက ခု ရည်းစားရှိတယ်ဟ ”

” ဟင် … ”

 

ကျွန်မအမှတ်မရှိသေးပါ ။ သူပြောနေသူဟာ ကျွန်မများလားဆိုသည့်အတွေး ဝင်မိပြန်သည်။ ကျွန်မမိုက်ရူးရဲဆန်သည်ဟုပဲပြောရမလား ကောင်းဆက်ဟန်၏ ထိုစကားကြောင့် ကျွန်မ နေလင်းညိုကို ဖြ တ်ဖို့ ဆုံးဖြ တ်လိုက်သည် ။

 

” သက်ထား တောင်းပန်ပါတယ်ကိုနေ၊ သက်ထား ကောင်းဆက်ဟန်ကိုပဲ စောင့်တော့မယ် ၊ သူရည်းစားထပ်ထားသည်ဖြစ်စေ မထားသည်ဖြစ်စေ ၊ သက်ထားကိုသူ ရွေးချယ်သည် ဖြစ်စေ မရွေးချယ်သည်ဖြစ်စေ သက်ထား သူ့ကိုပဲ စောင့်တော့မယ် ၊ သူ့ကိုပဲ တိတ်တိတ်လေး ချစ်နေတော့မယ် ”

 

နေလင်းညိုက ကျွန်မစကားတွေကို ဆုံးအောင်နားထောင်ပြီးသွားတော့ မျက်ရည်တွေရစ်ဝိုင်းလာသည် ။ သူခေါင်းငိုက်စိုက်ကျသွားသည် ။ ပြီးမှသူ ခေါင်းကို ညိတ်၏ ။

 

” မင်း ရွေးချယ်မှု မှန်ကန်ပါစေ သက်ထား … ”

 

နေလင်းညို ၏လေသံဟာ ဩရှနေသည် ။ နာနာကျည်းကျည်းဖြင့် ညှစ်ထုတ်၍ ပြောနေရသော အသံမျိုးဖြစ်သည် ။ ကျွန်မစိတ်မကောင်းပါ ။ သို့သော် ကျွန်မသူ့ကိုမချစ်ဘဲ တခြားတစ်ယောက်အတွက် အသုံးမချချင်တော့ပါ ။ ကျွန်မသူ့ကိုလွှတ်ပေးလိုက်ချင်သည် ။

 

ကျွန်မ နေလင်းညိုနှင့် ပြ တ်သွားပြီဖြစ်ကြောင်း ပြောပြတော့ ကောင်းဆက်ဟန်၏ မျက်နှာ တစ်ချက်လင်းသွားသည် ။ ထိုနေ့ညက သူကျွန်မဆီ ဖုန်းခေါ်သည် ။ ကျွန်မက ဟယ်လို ဟု ‌အရင်နှုတ်ဆက်မှ သူ့အသံကို ကြားရသည် ။

 

” ငါ ရင်တွေတုန်နေတယ် သိလား သက်ထားစံ ၊ ငါ တို့ကဘာလဲဟင် ”

 

ကျွန်မ မသိတော့ပါ ။ သူ့စကားလုံးတွေအောက်မှာ ကျွန်မ မိန့်မောသွားတာတော့ အမှန် ။ သူနှင့် ညတိုင်းလိုလို ဖုန်းတွေ အကြာကြီးပြောဖြစ်သည် ။ သူ၏မွေးနေ့မှာ ကျွန်မသူ့ဆီ ကိတ်မုန့် ပို့ပေးခဲ့သည် ။ နောက်နှစ်ပတ်အကြာမှာ သူ ကျွန်မကို ချစ်ခွင့်ပန်သည် ။ အိမ်မက်များလား ။ ကျွန်မ ပျော်လွန်းလို့ အိပ်ပင်မပျော်ခဲ့ပါ ။ ဒီတစ်ခါတော့ ကျွန်မရွေးချယ်သည့်လမ်း မှန်ကန်ခဲ့လေသည် ။

 

ချစ်သူသက်တမ်း ၈ လပြည့် မှာ သူကျွန်မကို လက်ထပ်ခွင့်တောင်းသည် ။ ကျွန်မနှင့်အတူနေချင်ပြီ ဟု သူပြောသည် ။ ကျွန်မ မငြင်းရက်ပါ ။ ကျွန်မလည်း သူနှင့် မခွဲချင်တော့ပေ ။ နောက်ဆုံးနှစ် ဖြေပြီးတာနှင့် ကျွန်မတို့ လက်ထပ်ကြဖို့ ဆုံးဖြတ်ထားသည် ။ နှစ်ဘက်မိဘတွေကိုလည်း နားဖော က်ထားပြီးလေပြီ ။ ထိုအကြောင်းတွေ နေလင်းညိုကြားသိတော့ …

 

” သက်ထား မင်းဘာလို့ ဒီလောက်ရူးတာလဲ ”

” ဘာကိုလဲ၊ ကိုနေ ဘာကိုပြောတာလဲ ”

 

နေလင်းညိုက ကျွန်မဆီ ဖုန်းဆက်ပြီး စိတ်ဆိုးမာန်ဆိုးပြောသည် ။ ကျွန်မ သူ့ဖုန်းကို မကိုင်ဖို့လုပ်ပေမဲ့ အကြိမ်ကြိမ်အခါခါခေါ်နေတာကြောင့် ဘာပြောမှာလဲ သိချင်၍ ကိုင်လိုက်ခြင်း ဖြစ်သည် ။

 

” မင်း ဟိုကောင်နဲ့ လက်ထပ်ဖို့စီစဉ်နေတယ်ဆို … ”

” အဲ့တာ ဘာဖြစ်သလဲ ”

” မင်း အဲ့ကောင်ကိုယုံလား ”

” ဘယ်လို ”

” လူပျိုဘဝမှာတောင် ခြေမငြိမ်တဲ့ကောင်က အိမ်ထောင်ကျပြီးရင် ခြေငြိမ်သွားမယ်လို့ မင်းတကယ်ထင်တာလား ”

” အဲ့တာ ကိုနေနဲ့မဆိုင်ပါဘူး ၊ အင်း သက်ထားသူ့ကို ယုံတယ် ၊ သူကလည်း ခုချိန်ထိ သက်ထားယုံကြည်အောင်နေတယ် ၊ ကျန်တာ ဘာမှမလိုအပ်တော့ဘူး ”

” ဟားဟားဟား ”

 

အခြောက်တိုက်ထရယ်တော့ ကျွန်မစိတ်တိုသွားမိသည် ။ ကျွန်မ စကားတွေကို သူလှောင်လိုက်တာ ။

 

” မင်းနဲ့သူတွဲတာ ဘယ်လောက်ရှိလို့လဲ … ၊ လ ပိုင်းလေးနဲ့တင် မင်းသူ့ကို ယုံနေတာပေါ့ ဟုတ်လား ၊ မင်း ဘွဲ့ရလို့ လုပ်ငန်းခွင်ထဲဝင်ရင် သူ့ထက်‌သာတဲ့ကောင်တွေမင်းတွေ့ဦးမှာ ၊ ဒါကို မင်းက ဒီကောင့်ကိုပဲချစ် ဒီကောင့်ကိုပဲ ကောက်ယူမယ်ပေါ့ ၊ မင်း ညံ့ဖျင်းလှချည်‌လား ”

” အဲ့တာတွေ ကိုနေ ပြောနေစရာမလိုပါဘူး ၊ ကိုနေက သက်ထား မိဘလည်း မဟုတ်ဘူး သက်ထားနဲ့လည်း ဘာမှမတော်ဘူး ၊ ကိုနေဝင်စိတ်ပူပေးစရာမလိုဘူး ”

 

ကျွန်မ ခါးခါးသီးသီးပြောကာ ဖုန်းချပစ်လိုက်သည်။ ‌ဖုန်းထပ်ခေါ်တော့ ကျွန်မ block ပစ်လိုက်၏ ။ကိုယ်ချစ်ရသူကို ပိုင်ဆိုင်ရတော့မှာ ဆိုသော စိတ်တစ်ခုနှင့်သာ ကျွန်မရှေ့ဆက်ခဲ့သည်။ မကြာခင်မှာ သိပ်ကိုရှုပ်ထွေး ပွေလီသော သပွတ်အူ လို အိမ်ထောင်ရေးကြီးထဲ ကျွန်မ ဝင်ရောက်ရတော့မည့်အဖြစ်ကို ကျွန်မကြိုမသိခဲ့ပေ ။

 

” ကိုယ်ရွေးချယ်တဲ့ အိမ်ထောင်ဖက် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ခံစား စံစားရမှာကိုယ်ပဲ သမီး ”

 

လက်မထပ်ခင်က အမေပြောသော စကားကို ကျွန်မ ပြန်ကြားယောင်မိချိန်မှာ …

 

” ညည်းယောက်ျား နဲ့ အေးသန္တာကို လမ်းထိပ်မှာ အတူတွေ့ခဲ့တယ် … ”

 

ကျွန်မ ကိုလာပြောသည့်သူကိုပင် ကျွန်မ မျက်စောင်းထိုးမိလိုက်မိသည် ။

 

” အို အဒေါ်ကလည်း အတူတွေ့တာ ဘာတွေရေးကြီးခွင်ကျယ် လုပ်နေတာတုန်း ” ဟု ပြန်ခံပက်လိုက်‌ေသးသည် ။

 

” ရေးကြီး ခွင်ကျယ်လုပ်တာမဟုတ်ဘူးဟေ့ ၊ ငါတို့ အတွေ့အကြုံအရ ညည်းယောက်ျား ဘာအကွက်တွေရွှေ့နေပြီဆိုတာ ကြိုမြင်လို့ ပြောတာ ၊ ကိုယ့်သမီး လို သဘောထားလို့ ပြောပြတာဟေ့ ၊ မကြိုက်ရင် နောက်မပြောဘူး ”

 

ကျွန်မရင်ထဲ ပူသွားသည် ။ ပါးစပ်ကတော့ မပြောနဲ့ပေါ့ ဟု ရန်တွေ့လိုက်မိပေမဲ့ ခေါင်းထဲ မီးတောက်နေပါပြီ ။ မဟုတ်ဘူး ။ မဖြစ်နိုင်ပါဘူး ။ ကျွန်မ ခေါင်းတွေနောက်ကျိကာ ထိုင်ချလိုက်မိသည် ။ တကယ်များလား ။ သူ အေးသန္တာနဲ့များ… ။မျက်ရည်တွေ ပါးပြင်ပေါ် ကျဆင်းလာသည်။ ကျွန်မ ဝဋ်လည်‌ေနတာလား ။ နေလင်းညိုကို နွယ်ရီချို့ ဆီက လုယူမိခဲ့သည့် ဝဋ်တွေ ကျွန်မ လည်ပြီလား ။

သပွတ်အူ (အပိုင်း ၇)
+
အတူထမင်းစားဖို့ ကျွန်မကခူးခပ်ပေးနေချိန်မှာ ကောင်းဆက်ဟန်က ဖုန်းလာလို့ ‌ဆိုပြီး အိမ်အောက်ကို ဆင်းသွားသည် ။ ဖုန်းပြောဖို့အတွက်နှင့်တော့ အိမ်အောက်ထိ ဆင်းစရာ မလိုပါ။ ဘယ်သူ့ဆီက ဖုန်းလာတာမလို့ အိမ်အောက်ထိဆင်း၍ သွားပြောရသနည်း ။ ထမင်းအုပ်ကို ကိုင်ထားရင်း သူပြန်အလာကို ကျွန်မငေးမျှော်နေမိသည် ။ တော်တော်နှင့်မလာမှ ထမင်းအုပ်ကို စားပွဲပေါ်တင်ကာ အိမ်အောက်ဆင်းလိုက်ခဲ့သည် ။

” ကို … ”

ကျွန်မ ခေါ်သံကိုကြားကြားချင်း သူက ဖုန်းပေါ် လက်အုပ်ကာ …

” စားနှင့် သက်ထား ၊ ကိုယ် ခဏနေ လာခဲ့မယ် ”
” ဘယ်သူ့ဖုန်းလဲ … ”

ကျွန်မက သူ့ကို မေးခွန်းထုတ်ကာ ရှေ့တိုးလာတော့ သူက ဟိုဘက်လှည့်ကာ …

” ပြီးမှပြန်ခေါ်လိုက်မယ် ” ဟု ပြော၍ ဖုန်းကိုချလိုက်သည်။

” ကိုယ့် အမေဆီက ဖုန်းပါ ”
” ဪ အမေလား ”

ကျွန်မက သူ့ဖုန်းကိုယူဖို့ လက်လှမ်းတော့ သူက ကျွန်မ လက်ကို ဆွဲကိုင်ကာ …

” ထမင်းသွားစားကြမယ်လေ … ၊ အမေဘာပြောလဲဆိုတာ ထမင်းစားရင်းနဲ့ ကိုယ်ပြောပြမယ် ”

ကျွန်မ သူ့ဖုန်းကိုမယူလိုက်မိတော့ပါ ။ သူ၏ခေါ်ဆောင်မှု‌ေကြာင့် ထမင်းဝိုင်းဆီ ပြန်ရောက်လာသည် ။ ထမင်း ဝိုင်းမှာ ထိုင်တော့ …

” ကိုယ်တို့က သက်ထား တို့ ရပ်ကွက်ထဲမှာ အိမ်ငှားပြီး အိမ်ခွဲ နေနေတာဆိုတော့ အမေက အဆင်ပြေရဲ့လား ဆိုပြီး လှမ်းမေးတာ ”
” ဟုတ်လား ကို ဘာပြန်ပြောလိုက်လဲ ”
” အဆင်ပြေတယ်ပဲ ပြောလိုက်တာပေါ့ … ”

ကျွန်မက အနည်းငယ်ပြုံးကာ သူ့ပန်းကန်ထဲ ဟင်းခပ်ထည့်ပေးရင်း …

” ကိုရယ် ကို့အမေဆီက ဖုန်းလာတာကို အိမ်အောက်သွားပြောရတယ်လို့ ၊ မသိရင် မယား ငယ်နဲ့ပြောတာကျရော … ”

ကျွန်မက စကားအဆုံးမှာ ရယ်သွေးသွမ်းလိုက်တော့ သူကပါ အတူလိုက်ရယ်သည် ။

” သက်ထားက လုပ်ပြီ … ”

ကျွန်မက တစ်ချက်မဲ့ကာ ထမင်းဆက်စား၏ ။ ညအိပ်ရာဝင်ခါနီး ကောင်းဆက်ဟန်က ခြံတံခါး သော့ခတ်နေတုန်း ကျွန်မ သူ့ဖုန်းကို အသာယူကြည့်လိုက်သည် ။ သူ့ဖုန်း password ကို ကျွန်မ ခိုးကြည့်ထားလို့ သိသည် ။ ကျွန်မ သူ့ ဖုန်း history ထဲ ဝင်ကြည့်တော့ ထိပ်ဆုံးမှာ နောက်ဆုံးခေါ်ထားသည့် contact နံမည်က …

“A ” ဆိုပြီး တစ်လုံးတည်းမှတ်ထားသည် ။ ကျွန်မ ဖုန်းနံပတ်ကိုကြည့်လိုက်တော့ သေချာပါသည် ။ ဒါ အေးသန္တာ၏ နံပတ်ပါ ။ အေးသန္တာတို့ အိမ်နှင့် ကျွန်မ၏ မိဘ‌အိမ်က နီးပေမဲ့ ခုလက်ရှိ ကျွန်မတို့လင်မယားနေသည့် အိမ်နှင့်တော့ အနည်းငယ်လှမ်းသည် ။ ထို့ကြောင့် အေးသန္တာနှင့် နွယ်ရီချိုတို့ အကြောင်းကို ကျွန်မအမေပြောပြမှသာ ကျွန်မသိရသည် ။

နွယ်ရီချိုသည် နေလင်းညိုနှင့် ကွာရှင်းပြီးနောက်မှာ သူ့ထက် ၅ နှစ်ငယ်သော အောင်ဇော်ထွေး ဆိုသည့် ကောင်လေးနှင့် လက်ထပ်လိုက်သည် ။ အောင်ဇော်ထွေးက ပညာမတတ် ။ ကားဝပ်ရှော့ က ကောင်လေး ဖြစ်သည် ။ လူငယ်ပီပီ သောက်တတ် စားတတ်ပြီး အပျော်အပါး အတော်မက်လေသည် ။ ရုပ်ရည်လေးက ချောပေမဲ့ အရပ်ကခပ်ပုပု ၊လက်ကြောကမတင်းပေ ။ ကားဝပ်ရှော့မှာလည်း သိပ်အလုပ်မလုပ်ဟု ပိုင်ရှင်က ပြောသည် ။ အလုပ်ကိုခိုကပ်နေတာကြောင့် ပိုင်ရှင်က အလုပ်ထုတ်လိုက်သည် ။ အောင်ဇော်ထွေး အလုပ်ထွက်ပြီးမကြာ နွယ်ရီချိုနှင့် ကွာရှင်းလေသည်။ ခုလက်ရှိ နွယ်ရီချိုဟာ မင်းသုတနှင့် ယူထားလေသည် ။ မင်းသုတ က သူ့အရင်မိန်းမကို တရားဝင် ကွာရှင်းလိုက်ပြီဟုသိရသည် ။

အေးသန္တာကတော့ …

” အေးသန္တာက နွယ်ရီချို့အရင်ယောက်ျား ‌နဲ့ ကြိုက်နေတာလေ … ”
” ဟင် ကိုနေလင်းညိုလား”

ကျွန်မက အမေ့ စကားကို မေးခွန်းထုတ်မိသည် ။
” ဟယ် မဟုတ်ဘူးလေ ”
” ဘယ်သူတုန်း ”
” အောင်ဇော်ထွေးလေ ၊ အောင်ဇော်ထွေး ”
” ဟင်၊ တကယ်လား ”
” အေးလေ ၊ ကြိုက်နေတယ်သာ ပြောရတာပါအေ ၊ ကိုယ့်တူမအကြောင်း ပြောရတာလည်းမကောင်းပါဘူး ၊ သူတို့က ညားတောင် ညားနေပြီလား မသိဘူး ၊ အရင်လကဆို အေးသန္တာ အဲ့ကောင်နဲ့ ပါသွားတာ တစ်ည အိမ်ပြန်မလာဘူးလေ ”
” အလိုလေး ၊ အန်တီမော်နဲ့ မနွယ်ရီချိုက ဘာမှမပြောဘူးလား ”
“‌မမော်လည်း ငါ့ညီမမလို့သာ၊ မပြောချင်ပါဘူးအေ ၊ ကိုယ့်သမီးကို နိုင်အောင်မထိန်းဘူး ၊ နွယ်ရီချိုနဲ့တော့ ရန်တွေဖြစ်တာ ဆူညံလို့ပေါ့ ၊ အစ်မလ င်ဟောင်းနဲ့ ဖြစ်ရသလားဆိုပြီး အေးသန္တာကို ပါးတွေချည်းချတာ ၊ ခဏပါပဲ ၊ နောက်ကျ လွှတ်ထားလိုက်ရတာပဲ … ”

ကျွန်မက အမေ့ကို မချိတင်ကဲ ကြည့်မိသည်။

” လွန်ပြီးပြီ ဆိုရင်လည်း ပေးစားလိုက်တော့ပေါ့ ၊ မိန်းကလေး သိက္ခာက ရှိသေးတယ်လေ ”

အမေက မဲ့ပြုံးပြုံးသည် ။ သို့ပေမဲ့ နာနာကျင်ကျင်ပြုံးတာမျိုး ။

” အေးသန္တာက ယူချင်တာပေါ့ ၊ ဟို အကောင် အောင်ဇော်ထွေးက မယူတာလေ ”
” အမယ်လေး ဘုရားဘုရား ၊ ဒါဆို ဒီကောင်က ကျောရရုံကြံတာပေါ့ ”
” အေးပေါ့အေ ၊ ငါကတော့ အေးသန္တာကိုပဲ လု ပ်ချင်တာ ၊ အစ်မ ရဲ့လ င်ဟောင်း၊ လက်ကြောမတင်း သုံးစားမရတဲ့ကောင်၊ ဘယ်နေရာမှမက်စရာ မရှိတဲ့ကောင်ကို ကြိုက်ရတယ်လို့အေ ၊ သူ့အမေ ငါ့ညီမက‌ေတာ့ မသိဘူး ငါကတော့ ရင်နာလို့မဆုံးဘူး ”

ကျွန်မ သည် သက်ပြင်းချရုံမှ တစ်ပါး မတတ်နိုင်ခဲ့ပေ ။
ခု အေးသန္တာသည် သူမကို အောင်ဇော်ထွေးက မယူမှန်းသိတော့ ကောင်းဆက်ဟန်ဆီ လှည့်‌ေန‌ေလပြီ ။ ညံ့ဖျင်းလိုက်သည့်ယောက်ျား ၊ ယုတ်ညံ့ အော က်တန်းကျလိုက်သည့်ယောက်ျား ။ ကျွန်မ ကောင်းဆက်ဟန်ကို ရွံရှာစွာ ကျိန်ဆဲမိသွားသည် ။ အေးသန္တာသည် သူ၏ရည်းစားဟောင်းလည်းဖြစ် ၊ ကျွန်မ၏ အစ်မဝမ်းကွဲလည်းဖြစ် သည်။သူမသည် သူမ အစ်မအရင်း၏ ယောက်ျားဟောင်းနှင့်ပါ ငြိထားသူ။ထိုသို့သော ‌မိန်းမ နှင့်မှ အိမ်ထောင်ရေးဖော က်ပြန်ရသတဲ့လား ။ ကျွန်မ အော့နှလုံးနာ မိသည် ။

ကျွန်မအပေါ် သစ္စာဖောက်သော ယောက်ျားနှင့် တစ် ခုတင်တည်း အတူမအိပ်ချင်ပေ ။ သူ့ခန္ဓာဟာ ဒီခုတင်ပေါ် ကျွန်မဘေးမှာ ရှိနေပေမဲ့ ၊ ကျွန်မနှင့်ထိ‌ေတွ့ပေါင်းသင်းနေပေမဲ့ စိတ်က အေးသန္တာဆီရောက်နေမှာအမှန် ။ ဒါမှမဟုတ် ဒီယောက်ျားဟာ ကျွန်မကိုလည်း ပေါင်းသင်းပြီး အေးသန္တာနှင့်လည်း ပေါင်းသင်းချင်နေသော အော က်တန်းကျသည့် စိတ်ဓာတ်ရှိသူလည်း ဖြစ်နိုင်သည်။ ဘွဲ့ရကတည်းက ကျွန်မလည်း ကျွန်မအလုပ်နှင့်ကျွန်မ သူလည်း သူ့အလုပ်နှင့်သူမို့ ဘယ်သူကမှဘယ်သူ့အပေါ်ကိုမှ မှီခိုနေခြင်းမရှိပေ။ ဒီတော့ ကွာရှင်းလျှင်လည်း စာရင်းရှုပ်စရာမရှိပါ ။ ကျွန်မ၏ အပျိုရည်ပျ က်ခဲ့ရသည့်အတွက်တော့ ဒီယောက်ျားကို လျော်ကြေးတောင်းချင်သေးသည် ။ ငွေကြေး ဥစ္စာ ပစ္စည်းတော့မဟုတ် ။

” သက်ထား ၊အဲ့မှာ ဘာလို့ ထိုင်နေတာလဲ ၊ လာလေ အိပ်ကြမယ် ”

ကောင်းဆက်ဟန်က အိပ်ရာပေါ်ကို တက်လိုက်တော့ ကျွန်မ ထိုင်ရာကနေ ဆတ်ခနဲ ထကာ သူ့ကို စူးစူးရဲရဲကြည့်လိုက်သည်။

” နင် အရှက် နည်းနည်းမှမရှိဘူးနော် ”
” ဘာ ”

“နင်” ဆိုသည့် နာမ်စားကို သူဒေါသထွက်သွားတာမှန်း ကျွန်မ သိလိုက်သည် ။ သိပေမဲ့ ထိုနာမ်စားကို ဆက်မသုံးနိုင်စရာ အကြောင်းမရှိ ။

” သက်ထားစံ မင်းဘာကို စိတ်ဆိုးနေတာလဲ ၊ ငါ့ကို အေးဆေးပြော ငါ့ကို နင်လို့ မပြောနဲ့ ၊ကိုယ့်ယောက်ျားကို နင် လို့ပြောတာ သိပ်ရိုင်းတယ် နော် ၊ ငါသိပ်မုန်းတယ် ”
” ဟားဟား ”

ကျွန်မက ခေါင်းမော့ရယ်ပစ်လိုက်သည် ။

” နင်ကျတော့ အေးသန္တာနဲ့ ဖော က်ပြန်တာက သိပ်ယဉ်ကျေးတယ်ပေါ့ ၊ ငါကလည်း နင့်လို အော က်တန်းစားကို သိပ်မုန်းတယ် ”
” သက်ထားစံ မင်းငါ့ကို မစွပ်စွဲနဲ့ ”
” သော က်ကောင် မျက်နှာပြောင်တိုက်ပြီး ငါ့ကိုပြောင်လိမ်မနေနဲ့ ၊ နင်ယောက်ျားမဟုတ်ဘူးလား၊ နင်ယောက်ျားဆို ဝန်ခံလိုက် ၊ အရှက် မရှိပြောင်လိမ်နေရင် နင်ယောက်ျားမဟုတ်ဘူး ”
” ဟာ သက်ထားစံ ”

ကောင်းဆက်ဟန်က ခေါင်းအုံးကို ကျွန်မဘေးဆီ လှမ်းပစ်သည် ။

” မင်း လွန်မလာနဲ့နော် … ”

ကျွန်မက သူ့အရှေ့ကို တည့်တည့်လျှောက်သွားကာ သူ့ရင်ဘက်ကို ဆော င့်တွန်းပစ်လိုက်သည် ။

” နင့်ကို ဖော က်ပြန်နေမှန်း သိသိလျက်နဲ့ မသိချင်ယောင်ဆောင်နေပေး‌ေနတာပဲ လွန်လှပြီ ၊ ခု ငါ လွန်တာကို လာမပြောနဲ့ ”

ကျွန်မ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာသည် ။ မျက်ရည်ကျတာ အရှုံးမှန်းသိပေမဲ့ ရင်ထဲမှာ နာကျည်းလွန်းတော့ မျက်ရည်က ထိန်းမရပေ ။

” နင် ဝန်မခံဘူးလား ဟမ် ၊ နင် ဝန်မခံဘူးလား ”

ကျွန်မ သူ့ပါးတွေကို နှစ်ချက်ဆင့်ရိုက်ပစ်လိုက်တော့ သူ ကျွန်မကို ထိုးသည် ။ ကျွန်မ ကြမ်းခင်းပေါ် ပစ်စလက်ခတ်လဲကျသွား၏ ။ ဘယ်ဘက်ပါးပြင်ဟာ စူးကျင်ကာ ပူရှိန်း‌သွားလေသည် ။ ကျွန်မ သူ့ပါးကို ရိုက်တာ အားမပါ ။ သူပြန်ထိုးသည့်လက်သီးက အားပြင်းလွန်းပါသည် ။ ကျွန်မ ‌ေ သချာသဲကွဲစွာသိလိုက်ပြီ ။ သူ ကျွန်မကို မချစ်တော့ပါ။

” အေး ၊ နင်ဘာလုပ်မှာလဲ တရားစွဲမှာလား ၊ ဟမ် ၊ နင့်မှာ သက်‌ေ သရှိလား ၊ နင် ဘာတွေ ကြီးကျယ်နေတာလဲ ၊ နင့်တုန်းကရော ကိုနေလင်းညိုကို နင့်အစ်မဝမ်းကွဲဆီက လုယူခဲ့တာ မဟုတ်ဘူးလား ”
” ‌ငါတို့က ဘာမှမဖြစ်ခဲ့ဘူး ၊ ငါ့အမှားကိုလည်း ငါပြင်ဆင်ခဲ့တယ် ၊ နင်နဲ့ အေးသန္တာလို မယုတ်ညံ့ဘူး ”
” ငါတို့က ဘာကိုယု တ်ညံ့တာလဲ ၊ သူငါ့ကို အထာပေးနေလို့ ငါ စကားပြန်ပြောတယ် ၊သူ စာပို့လို့ ငါစာပြန်တယ် ၊ သူဖုန်းခေါ်လို့ ငါကိုင်တယ် ဒါပဲရှိတာ ”
” ဟင်း ၊ ဟင်းဟင်း ”

ကျွန်မက ရွံရွံရှာရှာ ဖြင့် အံကြိတ် ရယ်မိသည် ။

” ဟုတ်လို့လားဟယ် ၊နင်တို့အပြင်မှာလည်း ခိုးခိုးတွေ့နေတာ မြင်တဲ့သူမြင်တယ်၊ နင်လိုကောင်နဲ့ အေးသန္တာလို မိန်းမ က အပြင်မှာ လူချင်းတွေ့ရုံနဲ့ ပြီးသတဲ့လား ၊ နင်ချေးစားပြောတောင် ငါ မယုံပါဘူးဟယ် ”
” မယုံချင် မယုံနဲ့လေ ၊ ငါ့ကိုတော့ သော က်ပြသနာလာမရှာနဲ့ ၊ နင်နဲ့ ယူပြီးကတည်းက ငါ အေးဆေးနေတယ် ၊ နင်သာ ကိုနေလင်းညိုနဲ့ ဇယားရှုပ်နေတာ ”

ကိုနေလင်းညို ။ နေလင်းညို ကျွန်မကို ဖုန်းကဒ်အသစ်နှင့် ဆက်သွယ်ခဲ့တာ သုံးလကျော်ပြီ ။ ကျွန်မကောင်းဆက်ဟန်ကို ဖုံးကွယ်ထားတာ ဘာမှမရှိ ။ ထိုအချိန်တုန်းက ကောင်းဆက်ဟန်အရှေ့မှာပဲ ဖုန်းကို စပီကာဖွင့်ပြီးပြောသည် ။ ကောင်းဆက်ဟန်က မကြိုက်တော့ ကျွန်မ က …

” ကိုနေ သက်ထားကို ဖုန်းမဆက်ပါနဲ့ ၊ သက်ထားက ဖုန်းနံပတ်အစိမ်းမို့ ဘယ်သူလဲဆိုပြီးကိုင်လိုက်တာ ၊ ခုလည်း စပီကာ ဖွင့်ထားတယ် ၊ ကောင်းဆက်ဟန်လည်း ဘေးမှာရှိတယ် ” ဟု ပွင့်လင်းစွာ ပြောခဲ့သူ ။

‌ယု တ်ညံ့သည့်ယောက်ျားတွေဟာ သူတို့ဘာသာ သရမ်းပြီး ဖော က်ပြန်ချင်လို့ဖော က်ပြန်တာကို မိန်းမတွေကြောင့်ဆိုပြီး အပြစ်လွှဲချတတ်ကြသည် ။

မနက်မိုးလင်းတော့ ကျွန်မ မိဘအိမ်ပြန်ပြီး အဖေနှင့်အမေကို ကောင်းဆက်ဟန်နှင့် အေးသန္တာတို့ အကြောင်းပြောပြသည်။ အဖေက သိပ်ကိုရှက်ရွံ့နေကာ ကောင်းဆက်ဟန်ကို လု ပ်မယ် ကို င်မယ်တွေ ဖြစ်နေသည် ။ အမေကတော့ ဒေါသထွက်ပေမဲ့ ကျွန်မအတွက် စိတ်မကောင်းတာကြောင့် ငိုလေသည်။

” မငိုပါနဲ့အမေ ၊ သမီး သူနဲ့ ပေါင်းသင်းခဲ့တာ ၂ နှစ် ၊ အဲ့ ၂ နှစ်အတွင်းမှာ သမီးဘက်က သူ့အပေါ်ကိုရော သူ့မိသားစုအပေါ်ကိုရော မကောင်းခဲ့တာ ဘာမှမရှိဘူး ၊ခုလည်း သမီး စိတ်ရှင်းရှင်းနဲ့ ပြ တ်စဲမှာပါ ၊ သူ ဖော က်ပြန်တာကို လက်မခံနိုင်လို့ ပြ တ်စဲမှာ ၊ ဒါပေမဲ့ သမီး အေးသန္တာနဲ့ တည့်ရှင်းဦးမယ် ”

ကျွန်မ အေးသန္တာ ၏ အိမ်ကို သွားသည် ။ နွယ်ရီချိုက မင်းသုတနှင့် အိမ်ခွဲနေတာမို့ မရှိပါ ။ ‌အန်တီမော် ရှိသည်။ အန်တီမော်က မု ဆိုး မဖြစ်သည်။ ထို့ကြောင့် သူမ၏သမီးတွေ အကျင့်စာရိတ္တ ပျ က်စီးနေသည့်အပေါ် ကျွန်မ အပြစ်မတင်ချင်တော့ပါ ။

” သမီး အေးသန္တာဆီ လာတာပါ အန်တီမော် ၊ သမီးသူ့ကို တစ်ခုပဲ မေးချင်လို့ပါ ”

အန်တီမော်ကိုကြည့်ရတာ သူမသမီးနှင့် ကျွန်မယောက်ျား ကိစ္စကို သိနေပုံရပါသည် ။ ကျွန်မ ပို၍ အသည်းနာသွားရသည်။

” နင်နဲ့ ကောင်းဆက်ဟန် ဖြ စ်ခဲ့ကြတယ်မလား ”

ကျွန်မ အေးသန္တာကို ပေါ်တင်ပဲ မေးသည် ။ ကျွန်မ ရင်နာနာနှင့် မေးရခြင်းပါ ။ အန်တီမော်ကတော့ မျက်နှာပူတတ်ရဲ့လားမသိ ။ ကျွန်မကတော့ မျက်နှာလည်းပူသည်။ကျွန်မ နှလုံးကိုဖော က်ထုတ်ခံရသကဲ့သို့လည်း ခံစားရပါသည် ။

” သူ မပြောပြဘူးလား ”

အေးသန္တာက မျက်နှာထားတည်တည်ဖြင့် ကျွန်မကိုမကြည့်ဘဲ မျက်နှာလွှဲထားလျက်က ပြန်မေးသည် ။

” သူက နင်နဲ့ ပတ်သက်ပြီး ဘာမှမပြောဘူး ၊ အေး ၊ ငါပြောချင်တာက နင် ဝန်မခံဘူးဆိုရင် ၊ ငါ အဲ့ကောင်ကို မကွာရှင်းဘူး ၊ နင်က မယား ငယ် အဖြစ်နဲ့ပဲ နေသွားရလိမ့်မယ် ၊ တကယ်လို့ နင် ဝန်ခံမယ်ဆိုရင် ငါအဲ့ကောင်ကို ကွာရှင်းပေးမယ် ၊ နင် သူနဲ့ တရားဝင် ယူလို့ရမယ် … ”

အေးသန္တာရော အန်တီမော်ရော ကျွန်မကို အံ့အားသင့်စွာ ကြည့်နေကြသည် ။ ကျွန်မ မျက်လုံးအိမ်က စီးကျလာသော မျက်ရည်ကို ကျွန်မ လက်ဖဝါးနှင့် ပွတ်တိုက် သုတ်ပစ်လိုက်သည်။ ကျွန်မ ကို အေးသန္တာက ဝန်ခံပါသည်။ သူမနှင့် ကောင်းဆက်ဟန် လွန်လွန်ကြူးကြူး ဖြစ်ဖူးတာ ၅ ကြိမ်တိတိ ရှိသည်။ ကျွန်မ ဒီယောက်ျားကို ဘာမှမက်စရာမရှိတော့ ။

ကျွန်မ အေးသန္တာကို မိန်းမချင်းကိုယ်ချင်းစာပေးဖို့ တွေးကြည့်ပေမဲ့ ကျွန်မ မလုပ်နိုင်ပေ ။ ကောင်းဆက်ဟန်ကို တရားစွဲဖို့ အစီအစဉ် ပြောင်းသွားသည် ။ ထိုအချိန်မှာ အဓိပ္ပါယ်မရှိလှသော ပြသနာတစ်ခုဟာ ကျွန်မ ကို ငယ်ထိပ်မြွေပေါက်ခံရသကဲ့သလို့ ‌ကူကယ်ရာမဲ့သွားစေသည် ။

ကျွန်မ ကိုယ်ဝန် ရနေသည် ။

သပွတ်အူ (အပိုင်း ၈)
+
ဆီးစစ်တံပေါ်က မျဉ်းနီနှစ်ချောင်းကို ကြည့်ရင်း ကျွန်မစိတ်တွေ ပြန့်လွင့်ကုန်သည် ။ ပထမဆုံး ခေါင်းထဲရောက်လာသည့်အတွေးက ဒီကိုယ်ဝန်ကို ဖျ က်ချပစ်ဖို့ပါ ။ ကျွန်မ ဆီးစစ်တာကို သိသော အမေက အဖြေကို သိရတော့ ကျွန်မ၏ ဖျ က်ချဖို့ အစီအစဉ်ကို သဘောမတူပါ ။

” ညည်းအေ ငါ့မြေးဦးလေးကို ဖျ က်ချဖို့ဘယ်လိုများတွေးရက်တာလဲ ”

မတတ်နိုင် ။ ကျွန်မ ကလေး သိပ်ချစ်ပါသည် ။ သို့သော် ကျွန်မ ဖျ က်မှမချလျှင် ဘယ်လိုလုပ်ရပါ့မလဲ ။ အိမ်ထောင်ရေး ဖော က်ပြန်သော ယောက်ျားနှင့်ရသည့် ဒီကလေးကို လောကကြီးထဲခေါ်၍ အဖေမရှိဘဲ ပျိုးထောင်ပြီး မျက်နှာငယ်စေရမည့်အဖြစ်မျိုး ကျွန်မ မဖြစ်စေချင် ။ ကျွန်မစိတ်ထဲ ‌အကောင်းနှင့်အဆိုးက ဒွန်တွဲလို့နေသည် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်သွေးသားကို မွေးထုတ်ပြီး ကိုယ့်အစွမ်းအစနှင့်ဖြစ်အောင် ပျိုးထောင်မည် ဟူသော အတွေးဖြင့် အားတက်သွားသည်။ တဖန် ဖောက်ပြန်သည့်ယောက်ျား ၏ သွေးသားကို မယူသင့် ဟု တွေးမိပြန်သည်။

” ငါ ကောင်းဆက်ဟန်ကို ရအောင်ပြောမယ် ၊ ညည်းမှာ ကလေးရှိနေမှန်းသိရင် သူ ညည်းဆီ ပြန်လာလောက်ပါတယ်အေ ”

ကျွန်မအမေ့ကို ခပ်စိုက်စိုက် ငေးကြည့်မိသည် ။ ပြန်လာလောက်ပါတယ် တဲ့လား ။ ကျွန်မက သူ့ကို လက်မခံချင်တာ ။ ကျွန်မက သူ့ကို ရွံတာ ။ ကျွန်မဘက်က သူ့ကို အရင် စွန့်ခွာချင်တာလေ ။ ကလေး မျက်နှာအတွက်နှင့် ဖော က်ပြန်သည့် ယောက်ျားကို ပြန်ပေါင်းသင်းရမှာလား ။

အမေက ကျွန်မအတွေးကို နားလည်သဘောပေါက်ဟန်ဖြင့်

” ညည်း အတ္တနဲ့မာနတွေဘေးပစ်ထားလိုက် ၊ ကလေး မျက်နှာကို ထောက်ဦး ၊ ညည်းသူနဲ့ပြန်မပေါင်းချင်ရင် ဒီ‌ကလေး က အဖေခေါ်စရာ မရှိဖြစ်မှာ ၊ ညည်း ချစ်လွန်းလို့ ယူထားတဲ့ယောက်ျားလေ ၊ ငါတို့အတင်းပေးစားခဲ့တာမှမဟုတ်တာ ၊ ခု ကလေးကလည်း ရှိနေပြီ ၊ ညည်း သူ့ကို လက်မခံချင်လည်း လက်ခံရမှာပဲ ”

အိမ်ထောင်ဖက် အရွေးမှားတော့ စိတ်ဆင်းရဲသောက ရောက်ရလေသည် ။ ကိုယ်ရွေးချယ်ခဲ့သည့်လမ်းမို့ ကိုယ်လျှောက်ရတော့မှာ ဆိုပေမဲ့ ခက်ခဲကြမ်းတမ်းလွန်းပါသည်။

ကောင်းဆက်ဟန်ကို ကျွန်မမှာ ကိုယ်ဝန်ရှိနေကြောင်း အမေက အသိပေးတော့ ကလေး မျက်နှာဖြင့် သူကျွန်မဆီ ပြန်ရောက်လာသည် ။ ကိုယ့်သွေးသား ဆိုသည့် ဖခင်စိတ်သူ့ဆီမှာ ကျွန်မမြင်တွေ့ရသည် ။ ကျွန်မ ဝမ်းသာ ဝမ်းနည်း ဖြစ်ရသည် ။ သူသာ မဖော က်ပြန်ခဲ့လျှင် ခုချိန်ဟာ ဘယ်လောက်တောင် ကြည်နူးရတဲ့အချိန် ဖြစ်နေမလဲ ။ ကျွန်မ မျက်ရည်ကျမိသည် ။

တစ်ဘက်မှာ ကျွန်မ အေးသန္တာကိုလည်း သနားမိပြန်သည် ။ ကောင်းဆက်ဟန်ကို ကွာရှင်းပေးမည် ဟု ကျွန်မ မတည်နိုင်ဘဲ ပြောခဲ့မိသည်။ သူမဘယ်လောက်တောင် မျှော်လင့်ထားလိုက်လေ မလဲ ။

” အမယ်လေးအေ ညည်းနှယ် ၊ သနားစရာ မဟုတ်တာကို သနားနေတယ် ၊ စနှိုက်ကြော်မ ၊မယား ငယ်မကိုများ ၊ သူ့ဟာသူ ဟို ဟာ ယားလို့ မယား ကြီး ငုတ်တုတ်ရှိတဲ့လ င် ကို ခန္ဓာ ပေးတာလေ … ”

ကျွန်မ အမေ ၏ သူငယ်ချင်း ဖြစ်သူ ကျွန်မတို့၏ အဖြစ်အပျက်တွေ ကို သိထားသော အန်တီလှလှစိုးက ပြောလေသည် ။ အန်တီလှလှစိုး စကားတွေကလည်း မမှားပါ ။ သို့သော် ကျွန်မသည် အေးသန္တာကို မိန်းမချင်း ကိုယ်ချင်းစာမိရုံသာ ။

ကျွန်မ၏ ကိုယ်ဝန်တဖြည်းဖြည်း ဖွံ့ဖြိုး လာသည်နှင့်အမျှ ကောင်းဆက်ဟန်လည်း ခြေငြိမ်လာပါသည်။ ကျွန်မသည် သူထပ်ဖော က်ပြန်သည်ဖြစ်စေ မဖော က်ပြန်သည်ဖြစ်စေ သူနှင့် လ င်မယားလို မပေါင်းသင်းဘဲ သူ့ကို ကလေး၏ အဖေနေရာ၌သာ ထားဖို့ စိတ်ဆုံးဖြတ် ထား‌ေလသည်။ ထို့ကြောင့် ညဘက် အိပ်လျှင်လည်း သူနှင့် တစ်နေရာစီ အိပ်သည်။ ဗိုက်ကိုဆေးခန်းပြလျှင် သူ့ကို ခေါ်သည် ။ ဇနီးမယားတာဝန်အရ ချက်ပြု တ်ကျွေးသည် ။ ခူးခပ်ပေးသည်။ သူ့လစာ သူပေးလျှင်ယူသည် ။ မပေးလျှင် မတောင်းပါ။ ဤ သို့ဖြင့် ခပ်ခွာခွာ နေခဲ့တာ ၅ လတိတိရှိ‌ေလပြီ။ ထိုအချိန်မှာ ကျွန်မ၏ ကိုယ်ဝန်က ၇ လ ကျော်ကျော်လောက် ရှိလေပြီ ။ အပျိုဗိုက်မို့ သိပ်မထွက်ပေမဲ့ ပျ က်လွယ်တာမို့ အစစအရာရာ သတိထားနေရသည်။ ရေချိုးခန်းသွားတာ သန့်စင်ခန်းသွားတာကအစ ကောင်းဆက်ဟန်က ဂရုတစိုက် တွဲပို့ တွဲ့ခေါ်သည် ။ ကျွန်မကိုလည်း သူ့အပေါ်စိတ်လျှော့ဖို့ တဖွဖွပြောသည် ။ နားချသည် ။

” ကိုယ် ခုလည်း ဘာတွေများ ထပ်မှားနေလို့လဲ သက်ထားရယ် ၊ ကိုယ့်ကို ခွင့်မလွှတ်နိုင်သေးဘူးလား ”

တခြားမိန်းမတစ်ယောက်နှင့် အိပ်ရာပေါ်မှာ ခန္ဓာကိုယ်ချင်း နှီးနှော ခဲ့သည့် ယောက်ျားကို ကျွန်မ ဘယ်အကြောင်းနှင့်ခွင့်လွှတ်နိုင်မည်နည်း ။ အတူအိပ်သည်ဆိုကတည်းက ခန္ဓာကိုယ်၏ နေရာအနှံ့ကို ထိတွေ့ဖူးခဲ့မှာ အမှန်ပင် ။ တွေးကြည့်ရုံနှင့်တင် သူ့ကိုရွံသည် ။ သူ့မျက်နှာကို မမြင်ချင်ပေ ။ နာကျည်းစိတ်နှင့် မျက်ရည်လည်ရတော့ ကိုယ်ဝန်ကို ထိခိုက်မှာစိုးတာကြောင့် ကျွန်မ စိတ်ကို မနည်းပြန်ထိန်းရသည်။

” ကျွန်မကို ခွင့်လွှတ်ဖို့အကြောင်း ဘယ်တော့မှမပြောနဲ့ … ”
” မင်း ကိုယ်မင်း နှိပ်စက်နေတာ ပဲ သက်ထား ၊ ခုချိန်မှာ အေးသန္တာလည်း သူ့ဘာသာ သူ့လူနဲ့သူ အေးဆေးဖြစ်နေပြီ ၊ ငါ ရော မင်းအနားမှာ လ င်ယောက်ျားတစ်ယောက်အနေနဲ့ ဘာတာဝန်မကျေတာ ရှိလို့လဲ … ၊ ခုချိန်မှာ မအေးဆေးတာ မင်းတစ်ယောက်ပဲ ရှိတော့တယ် ”

ကျွန်မ သူ့ကို စူးစူးရဲရဲ ကြည့်ပြီးမှ အကြည့်လွှဲလိုက်သည် ။ ဖြစ်နိုင်လျှင် ကျွန်မဗိုက်ထဲက ကလေးလေးသည်ပါ ကျွန်မ သူ့ကိုမုန်းသည့် စိတ်ဓာတ်တွေ့ကူးစေချင်သည်။

” လုပ်ထားသူတွေကတော့ အလွယ်တကူမေ့နိုင်တာပေါ့ ၊ ခံထားရတဲ့သူတွေ ကတော့ တစ်သက်လုံးမမေ့ဘူး ”

ကျွန်မသူ့ကို ထိုစကား အမြဲပြောသည်။ ကျွန်မ ဘဝ တစ်ခုလုံးကိုပုံအပ်ခဲ့သည့် ယောက်ျားက ကျွန်မ ဘဝကို ပျော်စရာ မဲ့အောင် တစစီ ဖျ က်စီး ခဲ့သည့်အဖြစ်အား ကျွန်မ မေ့နိုင်မည်မထင် ။ ကျွန်မ ခွင့်လွှတ်ကြေအေးပေးမှာလည်း မဟုတ်။ ကောင်းဆက်ဟန်က ရင်မောသလို သက်ပြင်းချသည်။ ကျွန်မ သူ့ဆီက ဘယ်လို ဂရုစိုက်မှုမျိုးကိုပဲရရ အစစ်အမှန်လို့ ကျွန်မ မထင်တော့ပေ ။ ဒါတွေ အကုန်လုံးဟာ သူကြောင့် ။ သူ အယုံအကြည်မဲ့အောင် လုပ်ခဲ့လို့ ကျွန်မ အယုံအကြည်မရှိတာ ကျွန်မ၏ အပြစ်မဟုတ်ပေ။

ကျွန်မ မွေးမည့်ကလေးက သမီးလေးမို့ ကျွန်မကို တူဖို့ မျှော်လင့်နေမိသည် ။ ကျွန်မကို တူပြီး သူ့အဖေကို ခါးခါးသီးသီး မုန်းပါစေလို့လည်း ကျွန်မအတ္တကြီးစွာ ဆုတောင်းနေမိသည်။ ကျွန်မ နောက်လထဲမှာ မွေးမည်။ ရက်အတိအကျ သိရပါပြီ ။ ဆေးရုံမှာ ခွဲမွေးမှာမို့ ပြင်ဆင်စရာ ရှိတာတွေ ကြိုတင်ပြင်ဆင်နေတုန်း ကျွန်မကို စိတ်တိုစေသည့် အကြောင်း ကိစ္စတစ်ခုက ဆိုက်ဆိုက်မြိုက်မြိုက်‌ေရာက်လာပြန်သည်။

” သက်ထားရယ် ၊ ငါ အရမ်းစိတ်ညစ်တယ် သိလား ၊ ငါ့မှာလေ လိ င်တူ ချစ်သူ ဆိုပေမဲ့ ငါ သူ့ကို တကယ်ချစ်တာပါ ၊ သူနဲ့ ပတ်သက်ပြီး ကတည်းက ငါ ဘယ်သူနဲ့မှလည်း ထပ်မရှုပ်တော့ဘူး ၊ အဲ့တာကို ဟာ သူက … ၊ သူက ကောင်းဆက်ဟန်နဲ့လည်း မကင်းမရှင်း … ”
” ဘာ … ”
” ဟုတ်တယ် ၊ သူက ငါနဲ့ဆို ယောက်ျားလေးလို နေတယ် ၊ ကောင်းဆက်ဟန်နဲ့တွေ့ရင် သူက မိန်းကလေးစိတ် ၊ ငါသိတယ် ၊ ငါ ရိပ်မိတယ် ၊ ငါ ဘယ်လိုလုပ်ရမလဲဟယ် … ”
” အဲ့လို ဟိုမရောက် ဒီမရောက်တွေ ငါ စိတ်အတိုဆုံးပဲ … ”

ကျွန်မသည် မွေးခါနီး ဖွားခါနီး ဒေါသထွက်ရပြန်၏ ။ ကျွန်မ ဒေါသကြောင့် ကျွန်မသမီးလေး လျောလျောရှူရှူ ထွက်မလာမှာကိုပဲ စိတ်ပူရသည် ။

” ဟိုနေ့ကလည်း ငါ့ကိုပြောတယ် ၊ ကောင်းဆက်ဟန်က သူ့လက်ကိုကိုင်တယ် ၊ သူ့ပါးကိုနမ်းတယ်တဲ့ ”
” သိပ်ကို ရွံစရာကောင်းတဲ့ယောက်ျား ”

ကျွန်မသည် မျက်ရည်စက်လက်ဖြင့် ပြောပြနေသော အေးသန္တာကို သနားမိပြန်သည်။ သူမလည်း ဘယ်ဘဝကဝဋ်ကြွေးလည်းမသိပါ ။ ယောက်ျား အစစ်တွေနှင့်လည်း အကျိုးမပေး ။ လိ င်တူချစ်သူအပေါ် နှစ်နှစ်ကာကာ ချစ်မိပြန်တော့လည်း မပျော်ရ ။ သူမပြီးလျှင်တော့ ကျွန်မဟာ ဝဋ်အကြီးဆုံးမိန်းမဖြစ်လိမ့်မည် ။

အေးသန္တာ၏ လိ င်တူချစ်သူသည် မိန်းကလေးနံမည်က စုပြည့်နိုင် ဖြစ်ပြီး သူ့ကိုယ်သူပေးထားသော နံမည်ကတော့ ကိုနိုင် ဖြစ်လေသည်။ ယောက်ျားစိတ်ပေါက်နေသူဖြစ်ကြောင်း ကျွန်မသိထားကာ လက်ရှိ အေးသန္တာနှင့်လည်း အတူနေနေတာကြောင့် ကောင်းဆက်ဟန်နှင့် လက်ဖက်ရည်ဆိုင်ထိုင်တာ ၊ ဘော်လုံးပွဲကြည့်တာတွေကို ကျွန်မဘာမှဝင်မစွက်ဖက်ခဲ့ပေ ။ ဤ သို့ဖြစ်လာမည်ဟုလည်း မထင်ပေ ။ လိ င်တူ နှစ်သက်ခြင်းကို ကျွန်မက ရှုံ့ချတတ်သူမဟုတ် ၊သဘောတူအားပေးကာ ဖြစ်တည်မှုကို ထောက်ခံသူမို့ မဟုတ်မဟက်အတွေးလည်း မရှိပေ ။ ခုတော့ဖြင့် သူဟာ လိ င်တူချစ်သူများကို သိက္ခာကျစေသော လူတစ်ယောက်ဟု ကျွန်မ သ တ်မှတ်မိသည် ။

ထိုနေ့က ကောင်းဆက်ဟန်ကို လက်ဖက်ရည်ဆိုင်ထိုင်ဖို့ ကိုနိုင် (ခေါ် )စုပြည့်နိုင်‌က လာခေါ်သည် ။ ကျွန်မသည် ခါတိုင်းတွင် ကောင်းဆက်ဟန်ကို စိတ်လည်း မဝင်စား ၊ ကောင်းဆက်ဟန် ဘယ်သူနှင့်ဘယ်သွားသည် ၊ ဘာလုပ်သည် ဆိုတာများကိုလည်း ဘာမှပြောလေ့မရှိ ။ ဒီနေ့မှာတော့ အေးသန္တာ၏စကားများကြောင့် ကျွန်မစိတ်ပေါက်နေတာ ဧည့်ခန်းကိုထွက်၍ ကိုနိုင် (ခေါ် ) စုပြည့်နိုင်နှင့် ထိပ်တိုက်တွေ့လိုက်သည် ။

” ဟဲ့ ငါ နင့်ကို ကြုံလို့ တစ်ခုပြောရဦးမယ် ၊ နင် ယောက်ျားလိုလို မိန်းမလိုလို မလုပ်နဲ့နော် ၊ ကျားမှာဆိုလည်း ကျား ၊ မ မှာဆိုလည်း မ ၊ ဟိုမရောက်ဒီမရောက် မလုပ်နဲ့ ”
” ဟဲ့သက်ထား ၊နင် ငါ့ကို ဘာတွေလာပွားနေတာလဲ ”

သူသည် ကွမ်းဝါးနေသော ပါးစပ် ပလုတ်ပလောင်းနှင့် ကျွန်မကို ပြန်ပြောသည် ။ ကျွန်မက တစ်ချက်မဲ့ပစ်လိုက်၏ ။

” ဟင်း လူကြည့်တော့ ယောက်ျားလိုလိုနဲ့ ၊ လ င်ရှေ့ကျ မိန်းမစိတ် ”
” သက်ထား ၊ နင် ဘာစကားပြောတာလဲ ”

သူက မတ်တပ်ရပ်ကာ ထအော်တော့ ကောင်းဆက်ဟန်က အဝတ်အစားလဲနေရာက ပြေးထွက်လာသည် ။

” ဘာဖြစ်တာလဲ ၊ သက်ထား ၊ မင်း ဘာဖြစ်လို့လဲ ”

ကောင်းဆက်ဟန်က ကျွန်မလက်မောင်းကို ဆုပ်ကိုင်တော့ ကျွန်မဆောင့်ရုန်း ပစ်လိုက်သည်။

” မကိုင်နဲ့ နင့်ကိုလည်း ရွံတယ် ၊ ဒီ Gay သလို လို မ Gay သလိုလို ၊ အကောင် လိုလို ၊ ကောင် မလိုလို ဟိုမရောက်ဒီမရောက်ကိုတောင် နင်အလွတ်မပေးတာ ၊ ငါသိပ်အံ့ဩတယ် ”
” သက်ထား ”

ကောင်းဆက်ဟန်က ရှက်သလိုလိုရွံ့သလိုလိုဖြင့် ခပ်ကြိတ်ကြိတ်ခေါ်သည် ။ ကျွန်မက ရွံရှာစွာ မဲ့လိုက်သည်။

” ဟင်း ကြည့်လုပ်နော် ၊ သူနဲ့ပါ ညားနေရင်တော့ နင့်အဖြစ်က အဝောာ်သနားစရာ ကောင်းနေပြီ ”
” သက်ထားရာ … ”
” သက်ထား နင့်စကားတွေ ဘောင်ကျော်မလာနဲ့တော့ ငါနင့်ကို ဗိုက်ကြီးနဲ့မလို့ကြည့်နေတာ ၊ မဟုတ်ရင် ငါ ဆွဲထိုးပြီးပြီ ”

ကျွန်မက ရယ်ပစ်လိုက်သည် ။ သူ့အရှေ့ကို တိုးကာ …

” ထိုးလေ ၊ ယောက်ျားလိုလို မိန်းမလိုလို ဟိုမရောက် ဒီမရောက်ကောင် မ ”
” အမယ်လေးဟာ ကြည့်တော့ လ င်ကို ဂရုမစိုက်သလိုလိုနဲ့ ခုများကျတော့ ဖြစ်နေလိုက်တာ ”

သူက ကျွန်မကိုတောင် ပြန်ပတ်နေသေးသည်။ ကျွန်မက ခေါင်းမော့ကာ ရယ်ပစ်လိုက်၏ ။

” ဟဲ့ နင့်ကိုယ်နင်သာငါက ယောက်ျားကို ကြိုက်တာလား မိန်းမကို ကြိုက်တာလား ဆိုတာ အရင်သိအောင်လုပ် ၊ ငါ့ကို လာမပြောနဲ့ ၊ ဒီဘဝ နင့်အဖြစ်က ဘာမှန်းညာမှန်းမသိတာ တောင် ငါ့ယောက်ျားနဲ့ နင်က ပလူးနေသေး ၊ နောက်ဘဝကျ လူဖြစ်ခဲ့ရင် နင့်အဖြစ်ကို ငါတွေးတောင်မတွေးရဲဘူး ”

ကိုနိုင် (ခေါ် ) စုပြည့်နိုင်သည် ဒေါသမီးဟုန်းဟုန်းတောက်နေသော မျက်လုံးဖြင့် ကျွန်မကို စူးစူးဝါးဝါးကြည့်ကာ ထိုးဖို့လက်သီးရွယ်၏ ။ ကောင်းဆက်ဟန်က အရှေ့ကနေ ဝင်တားကာ အိမ်ထဲက ဆွဲခေါ်သွားသည် ။ ကျွန်မသည် သူတို့ကို ရွံရှာစက်ဆုပ်စွာကြည့်နေရင်း မျက်နှာလွှဲပစ်လိုက်၏ ။

သူတို့ ခွေး ဇာ တ်ဆက်ခင်းချင် လည်းခင်းပါစေ။ ကျွန်မ သိနေတယ်ဆိုတာကို ပြောပြလိုက်ပြီးပြီမို့ ကျွန်မကျေနပ်သည်။

” သက်ထား သက်ထား ခဏနေပါဦး ”

ဆေးခန်းကနေ အပြန် စတိုးဆိုင်သို့ အဝင်မှာ နေလင်းညိုနှင့် ဆုံသည် ။ ကျွန်မက မသိချင်ယောင်ဆောင်သွားတော့ နေလင်းညိုက ကျွန်မအနောက်ကို ပြေးလိုက်လာသည် ။ မပေါ့မပါးကြီးနှင့်ကျွန်မကို မြင်တော့ သူက ကရုဏာ သက်စွာ ကြည့်ရင်း …

” မင်း ဘယ်တော့ မွေးမှာလဲ ”
” နောက်လ … ”
“ဪ … ”

သူက ဪ ဆိုပြီး ခဏ စကားရပ်သွားပြီးမှ …

” ကိုယ် မင်းယောက်ျားအကြောင်း ကြားထားတယ် ”

ကျွန်မ ရှက်မိသည် ။ ဒီလို အကျင့်စာရိတ္တ ပျ က်ပြားကာ ရွံစရာကောင်းသော ယောက်ျား၏ သွေးသားကို လွယ်ထားရတာကိုလည်း ကျွန်မ ရှက်သွားမိသည် ။

” မင်း သူနဲ့ ကွာရှင်းလိုက်ပါလား သက်ထားရယ် ၊ မင်း သူ့ကို ဘယ်အကြောင်းတွေကြောင့် မကွာရှင်းတာလဲ ၊ မင်း မဟုတ်တဲ့အတွေးတွေ ခေါင်းထဲမရောက်နဲ့ ၊ မင်းရဲ့ ကလေး အဖေခေါ်ရမယ့်သူက ဒီလိုအကျင့်စာရိတ္တ မကောင်းတဲ့ကောင် ဖြစ်‌ေနတာထက်စာရင် အဖေမရှိတာ ကမှ ပိုကောင်းပါ‌ေသးတယ် ”

ကျွန်မ သူ့ကို ‌ပြောစရာစကား‌လုံးမဲ့စွာဖြင့် တိတ်ဆိတ်စွာ ငေးကြည့်မိသည် ။ သူ့မျက်ဝန်းကနေ အဓိပ္ပါယ်တစုံ တစ်ရာရှိသော အကြည့်တစ်ချက်ကို ကျွန်မ ရရှိခဲ့သည် ။ သူက ကျွန်မအရှေ့ကိုတိုးလာပြီး ကျွန်မကို ကြင်နာစွာကြည့်သည်။

” မင်း ကောင်းဆက်ဟန်ကို ကွာပြီး ကိုယ့်လက်ကိုပြန်တွဲပါ သက်ထား ၊ မင်းသာ လက်ခံမယ်ဆို ၊ ကိုယ်မင်းကို ယူမယ် ၊ မင်း ကလေး ရဲ့အဖေ ဖြစ်ချင်တယ် ”

သပွတ်အူ (အပိုင်း ၉)
+
မွေးခါနီးဖွားခါနီးမှာ ကျွန်မဆီ အကုသိုလ် အတစ်လိုက်ဝင်နေခဲ့သည်။ အေးသန္တာဆီက ကိုနိုင်(ခေါ်)စုပြည့်နိုင်နှင့် ကောင်းဆက်ဟန်တို့၏ ပိုမို ဆိုးရွားသော အပြုအမူတွေ အကြောင်းကြားသိခဲ့ရသည်။

” ကိုနိုင်က ပြောတယ် ၊ သူ့ကို ကောင်းဆက်ဟန်က ဟိုနေရာ ကို ကိုင်ခိုင်းတယ်တဲ့ ၊ မိန်းမက သူ့ကိုလက်မခံလို့ သူ အတော်အထီးကျန်လို့ပါလို့ပြောတယ်တဲ့ ”
” ရွံဖို့ကောင်းလိုက်တာဟာ … ၊ နင်ကရော ဘာလို့ အဲ့စကားတွေကို နားထောင်ပေးနေတာလဲ ၊ သူ့ကိုရော နင်သတီသေးတယ်လား ၊ နင်တို့ မိန်းမအချင်းချင်း အတူအိပ်တာ ကလေးမရပါဘူးဟယ် ၊ သူ့ကို ပြ တ်လိုက်စမ်းပါ ၊ နင်ဘာမှ မနစ်နာပါဘူး ၊ နင်နဲ့ ပြ တ်ရင် အဲ့ဟာက မိန်းမလိုများတောင် နေမလားမသိဘူး ”

အေးသန္တာက ငိုသည် ။ သူ့မှာလည်း အတော် သံယောဇဉ်ဖြစ်နေသည့် ပုံ ။

” ငါလေ မိန်းမအချင်းချင်းဆိုပေမဲ့ သူ့ကို တကယ် ချစ်တာပါ ၊ သူ့ကို ငါ့အစ်ကိုလို မောင်လို အစ်မလို ခင်ပွန်းလို မျိုးစုံ သဘောထားပေးခဲ့တာ ၊ သူ ဒီလိုပုံစံ ဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူးဟာ … ”

ကျွန်မ သက်ပြင်းသာချမိသည် ။ ကျွန်မမှာ အေးသန္တာကို စိတ်သက်သာရာ ရအောင် နှစ်သိမ့်နိုင်စွမ်းမရှိပါ။ ကျွန်မကိုယ်တိုင်ပင် အပူလုံးကြီးကို သယ်ဆောင်ထားရသူဖြစ်သည် ။ ကလေးကို စိတ်အေးချမ်းသာစွာမွေးနိုင်ဖို့ အေးအေးချမ်းချမ်းနေချင်ပေမဲ့ မအေးချမ်းနိုင်တာ ကျွန်မ ဝဋ်ကြွေးပင် ။

အမေ့ကို အေးသန္တာပြောသမျှ အကုန်ပြန်ပြောပြလိုက်သည်။ အမေလည်း ကောင်းဆက်ဟန်ကိုအတော် စိတ်ပျ က်သွား၏ ။ သို့ပေမဲ့ ကွာရှင်းချင်သော ကျွန်မဆန္ဒကို အမေသဘောမတူပြန် ။ ကျွန်မခံပြင်းမိတော့သည် ။

” အမေရယ် ဒီလောက် ယုတ်ညံ့ အော က်တန်းကျတဲ့ကောင်ကို သမီး ဆက်ပေါင်းရဦးမှာလား ”

ကျွန်မက ဒေါသဖြင့် မျက်ရည်လည်းဝဲမိသည် ။

” ဟဲ့ ညည်းကိုမပေါင်းခိုင်းပါဘူး ၊ ညည်း ကလေးအတွက် အဖေခေါ်စရာ မရှိမှာစိုးလို့ ငါက မကွာရှင်းခိုင်းတာ ”
” အဲ့လိုကောင်မျိုးကို အဖေခေါ်ရမယ်ဆို သမီးကလေးအတွက် ရှက်စရာကောင်းပါတယ် အမေရယ် ”
” သူဘာသာသူ ဘယ်လိုပဲဖြစ်ဖြစ် အဖေကအဖေပဲ ကလေးကျောင်းအပ်တာ ၊ မှတ်ပုံတင်လုပ်တာ ၊ တစ်သက်လုံးစာ ဒီအဖေနံမည်က ကလေးအနောက်မှာ ကပ်ပါနေမှာ အဖေမခေါ်ချင် လည်း ခေါ်ရမှာပဲ ”
” သိပ်မုန်းတာပဲ … ”

အမေက စိတ်မချမ်းမြေ့စွာ သက်ပြင်းချသည် ။

” အိမ်ထောင်ကွဲတယ်ဆိုတာ မကောင်းဘူး သမီး ၊ ညည်းအဖေဆိုလည်း အိမ်ထောင်ရေးသာ မဖော က်ပြန်တာ ကျန်တဲ့မကောင်းတာ အကုန်လုပ်တယ် ၊ အမေ ရွေးချယ်ထားတဲ့ အိမ်ထောင်ရေးဆိုတော့လည်း အမေသည်းခံပြီး ဆက်ပေါင်းသင်းရတာပဲ ”
” ကျန်တာ ခွင့်လွှတ်နိုင်ပေမဲ့ အိမ်ထောင်ရေးဖော က်ပြန်တာကိုတော့ လုံးဝခွင့်မလွှတ်နိုင်ဘူးအမေ ၊ ခုခေတ်က အိမ်ထောင်ကွဲလည်း ကိုယ့်ဘာသာ ရပ်တည်နိုင်တဲ့‌ေခတ် ဖြစ်နေပါပြီ ”
“အိမ်ထောင်ကွဲမိန်းမကို လူမရိုသေဘူး‌အေ့ ညည်း နားမလည်သေးပါဘူး သက်ထားရယ် ”
” အို …တော် ။ အိမ်ထောင်ရေးဖော က်ပြန်တဲ့ ယောက်ျားကို လ င်တော်ထားတော့ လူရို‌ေ သမတဲ့လား ၊ တလွဲ အတွေးတွေ အမေတွေးနေတာပဲ ၊ သမီး ဆုံးဖြတ် ပြီးပြီ ၊ သမီး ကောင်းဆက်ဟန်ကို ကွာမယ် ၊ အမေ က မဖြစ်မနေ သမီးမှာ ယောက်ျားရှိမှ ရမယ်လို့ ထင်နေရင် ကို နေလင်းညိုကို သမီးယူလိုက်မယ် ၊ သမီး ဆုံးဖြ တ်ချက်မပြင်တော့ဘူး ”

ကျွန်မ သူ့ကို ကွာရှင်းတော့မယ်ဆိုသည့် အကြောင်းကို ကောင်းဆက်ဟန် သိတော့ ကျွန်မကို အလူးအလဲ တောင်းပန်သည်။ အိပ်ရာခုတင်ပေါ် ထိုင်နေသော ကျွန်မ အရှေ့မှာ ဒူးထောက်ကာ ကျွန်မလက်တွေကို အသည်းအသန် ဆုပ်ကိုင်သည်။ ကျွန်မသည် သူ၏ လက်တွေကို စက်ဆုပ်ရွံရှာစွာ ဖယ်ထုတ်ချမိ၏ ။

” ကိုယ် တောင်းပန်ပါတယ် သက်ထားရယ် ၊ ကိုယ့်ကို မကွာရှင်းပါနဲ့ ကိုယ်လိမ္မာပါ့မယ် ”
” ဘာ ၊ နင် ခွေး စကားမပြောနဲ့ ”
” သက်ထားရာ မွေးခါနီးမှာ အဲ့လိုစကားတွေမပြောစမ်းပါနဲ့ ၊ ကလေးအတွက်မကောင်းဘူး ”
” ငါ့ကို အဲ့လိုစကားတွေ ထွက်လာအောင် နင်လုပ်နေတာလေ ၊ နင့်လို အကောင်မို့ သော က်ရှက်မရှိ မကွာရှင်းဖို့ ပြောရဲတယ် ၊ လိမ္မာပါ့မယ် ဟုတ်လား ၊ မိန်းမအချင်းချင်း အတူနေနေတဲ့ သူကိုဝောာင် နင်အလွတ်ပေးခဲ့လို့လား ”
” ဟာ အဲ့ကောင်က bisexual လေ ၊ သူ့ပုံစံက ယောက်ျားလို ဖြစ်နေပေမဲ့ မိန်းမစိတ်ရှိတယ် ၊ ကိုယ့်ကို သူကအရင် မြူစွယ်တာ ”
” ဪ ၊ သူမြူစွယ်တာတောင် နင်က ပါတယ်ဆိုကတည်းက နင့်စိတ်ဓာတ်ကို နင်သိလိုက်တော့လေ ၊ အော က်တန်းကျတဲ့ကောင် ၊ မိန်းမက ကိုယ်ဝန်အရင့်ကြီးနဲ့ မွေးခါနီးဖွားခါနီးမှာတောင် ယောက်ျားမကျ မိန်းမ မကျ တဲ့ ဟာ နဲ့ ဖော က်ပြန်နေသေး ၊ ငါနင့်ကိုရွံတယ် ၊ သိပ်ရွံတယ် ”

ကျွန်မက သူ့ကို ဆောင့်တွန်းကာ မတ်တပ်ထရပ်လိုက်သည်။

” နင် သွား ၊ ငါ့အိမ်ပေါ်က ဆင်း ၊ ဒီအိမ်ငှားခကို ငါပဲ ပေးနေတာ ၄လရှိပြီ ၊ နင့်လုပ်စာလည်း ငါမစားတာ ကြာပြီ ၊ ငါနင့်အပေါ် ဘာမှ လွန်တာမရှိဘူး ၊ ငါ ကလေးမွေးပြီးတာနဲ့ နင်နဲ့ကွာမယ် ၊ ငါ့ကလေးကိုလည်း နင်လာကြည့်စရာမလိုဘူး ၊ နင့်မျက်နှာကိုလည်း ငါ့ကလေးကို မြင်ခွင့်မပေးဘူး ”
” သက်ထား ၊ နင်အဲ့လိုလုပ်လို့မရဘူးလေဟာ ၊ ကလေး က ငါ့ကလေး ငါ့သွေးသား ”
” ဟင်း … ”

ကျွန်မသည်နာကျည်းမျက်ရည် ၊ ရွံရှာသော မဲ့ပြုံးဖြင့်သူ့ကိုကြည့်ကာ ဟင်းခနဲ ရယ်မိသည် ။

” နင့် ပါးစပ်ကနေ ဒါ ငါ့သွေးသားလို့ ထွက်လာတိုင်း ကိုယ့်ပါးစပ်ကိုယ် လက်ဝါးနဲ့ ဖျ တ်ရိုက်လိုက် ၊ ဒီကလေးရဲ့အဖေ ငါဖြစ်ဖို့ ထိုက်တန်လားဆိုတာကို အမြဲတွေး ”

ကျွန်မသည် မျက်ရည်များကို သုတ်ကာ သက်ပြင်းမောကြီးကိုချရင်း သူ့ကို ကြည့်လိုက်သည် ။

” အမှန်တော့ ငါသိပ်ကြောက်တယ်သိလား ၊ နင့်သွေးတစ်ဝက်ပါပြီး နင့်အကျင့်တွေ ငါ့သမီးမှာ ပါလာမှာ ငါသိပ်ကြောက်တယ် ”
” သက်ထားရယ် … ”
” ဒါပေမဲ့ ငါ့သမီးကို ငါကိုယ်တိုင် ပုံစံသွင်းမှာ ၊ နင့်ကို ငါ့သမီးက ယောင်လို့တောင် သတိမရစေရဘူး ”
” နင် အဲ့လောက်တောင် ရက်စက်တော့မှာလား ”

ကျွန်မရယ် လိုက်သည် ။

” ဘာလဲ ၊ သမီးကို သူ့အဖေက သူ့အဒေါ်နဲ့ရော သူ့အဒေါ်ရဲ့ လိ င်တူချစ်သူနဲ့ပါ ဖော က်ပြန်ခဲ့တယ်ဆိုတာကို နင်က သိစေချင်လို့လား ”
” ဟာ သက်ထား ၊ နင်အဲ့လိုတော့ မလုပ်ပါနဲ့ ”

ကျွန်မသူ့ကို နာနာကျည်းကျည်းဖြင့် သရော်စွာကြည့်မိသည် ။

” ဘာလဲ ရှက်လို့လား ၊ နင့်သမီးက နင့်ကို အဲ့လို အော က်တန်းကျတဲ့ ကောင်မှန်း သိသွားမှာ နင်ရှက်လို့လား ၊ နင် ရှက်တတ်သေးတယ်လား ”

ကျွန်မ နာကျင်စွာ အော်ဟစ်‌ပြီးနောက် စိတ်ပင်ပန်းစွာဖြင့် သူ့ကိုနွမ်းနွမ်းလျလျကြည့်လိုက်သည် ။

” ဒါဆို ငါ့သမီးရှေ့မှာ ပေါ်မလာစေနဲ့ … ”

ကျွန်မ ကောင်းဆက်ဟန်၏ မျက်ရည်ကို မြင်ခဲ့ရသည် ။ နောင်တမျက်ရည်လား ကျွန်မ မသိပါ ။ ကျွန်မ သိလည်းမသိချင်ပါ ။ ကျွန်မနှလုံးသား ထဲ အသဲထဲ အူထဲ လှိုက်တက်အောင် သူ့ကို မုန်းသော စိတ်သာ ရှိသည် ။

ကောင်းဆက်ဟန်ကို မနက်မိုးလင်းချိန်တိုင်း မမြင်ရတော့သည့်အတွက် ကျွန်မအတော် စိတ်ချမ်းသာရသည်။ ရံဖန်ရံခါ တက္ကသိုလ်တုန်းကအကြောင်းတွေတွေး၍ ငိုကြွေး မိပေမဲ့ လွမ်းစိတ်ပါလာတိုင်း ကျွန်မပါးကို ကျွန်မ ရိုက်ကာ နာစရာများနှင့် အစားထိုးခဲ့သည်။ ထိုအချိန်က သူမှသူဖြစ်‌ေနသော ကျွန်မဆီသို့ သွားပြီး အနာဂတ်အကြောင်းများကို ပြောပြကာ သူ့ကို မချစ်ဖို့ တားမြစ်ချင်မိသည် ။ သို့သော် အရာရာဟာ စိတ်ကူးသက်သက် ။ ဘာမှ အသုံးမဝင်ပါ။ ဖြစ်ဖို့ပါလို့ ဖြစ်ခဲ့တာဟုသာ ကျွန်မ တရားဖြင့်ဖြေရသည်။

ကျွန်မ သတင်းတွေကို အေးသန္တာဆီက ထပ်မံကြားသိရသည်။ ကိုနိုင် (ခေါ်) စုပြည့်နိုင်သည် နွယ်ရီချိုတို့ အိမ်ထောင်ရေးကြား ခလောက်ဆန်နေကြောင်း သိရသည်။ သူက ယောက်ျားပုံစံဖြင့် ပြန်နေနေကာ နွယ်ရီချို့ကို လက်ဆောင်တွေပေးလိုက် ၊ မုန့်တွေ ဝယ်ကျွေးလိုက်ဖြင့် ကပ်နေ‌ေလသည်။ ထိုအခါ မင်းသုတက မကြိုက်ပေ။ မင်းသုတက ကလေးလိုချင်တာကြောင့် ကလေးရလာလျှင် ကလေးစရိတ်အတွက် မပူပန်ရအောင် ယခုကတည်းက ကြိုတင်စုဆောင်းနေပေမဲ့ နွယ်ရီချိုက လိုအင်ဆန္ဒတွေ များနေသည် ။ ထိုအခါ မင်းသုတက မဝယ်ပေးနိုင်ပေ ။ ထိုအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ကိုနိုင်(ခေါ်) စုပြည့်နိုင် က ကြားဝင်သည် ။ နွယ်ရီချိုသည် သူ့ကိုအတည် မကြိုက်‌ သော်လည်း သူလိုချင်တာရနေ၍ အလိုက်ထိုက်ဆက်ဆံနေလေသည်။ ဤသို့ဖြင့် မင်းသုတနှင့် ‌နွယ်ရီချိုတို့ ခဏခဏ စကားများရန်ဖြစ်ကြသည် ။

ကျွန်မ ကလေးမွေးတော့ ဆေးရုံကို အေးသန္တာ ရောက်လာသည် ။ ကောင်းဆက်ဟန်က သူမကနေတဆင့် ကျွန်မဆီကို ပိုက်ဆံ ပေးခိုင်းလိုက်သည်။ ကျွန်မ မယူလိုက်ပါ။ကောင်းဆက်ဟန်ကို ပြန်ပေးလိုက်ဖို့ အေးသန္တာကို ပြောလိုက်သည် ။ ‌ေအးသန္တာလည်း မျက်နှာ မကောင်းစွာဖြင့် ပြန်သွားရလေသည် ။ ‌ကိုနေလင်းညိုလည်း ဆေးရုံကို ရောက်လာသည် ။ အမေတို့က သူလာတာကို မကြိုက်လောက်တာမို့ ကျွန်မ စကားပင် သေသေချာချာ မပြောပါ ။ သူပြန်သွားတော့ အမေနှင့်အဖေက ကျွန်မကို ပြောသည် ။

အမေက …

” သမီးငယ်သေးတာပဲ ‌နောက်အိမ်ထောင်ပြုပါလား ”

အဖေက …

” သမီး စိတ်ချမ်းသာတာပဲ အဖေမြင်ချင်တယ် ၊ သမီး ကို ပျော်စေမယ့်လူဆို အဖေတို့ လက်ခံတယ် ”

အဖေနဲ့အမေက ကိုနေလင်းညိုကို ရည်ရွယ်ပြီးပြောတာမှန်းကျွန်မ သိသည် ။ နောက်ပြီး ကို‌ေ‌နလင်းညို ဟာ နွယ်ရီချိုနှင့်ကွာရှင်းပြီးကတည်းက ခုချိန်ထိ နောက်အိမ်ထောင်မပြုသေးတာမို့ ကျွန်မကို စောင့်နေတာ ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုကြသည် ။ သို့သော်လည်း ကျွန်မ နေလင်းညိုကို မရွေးချယ်ချင်ပါ ။ ကျွန်မ ဘယ်ယောက်ျားကိုမှ ထပ်ယူဖြစ်တော့မည် မဟုတ်ပါ။ သမီးလေးကို ပထွေးနှင့်လည်း မနေစေချင်ပါ ။ သမီးလေးအတွက် အဖေနောက်တစ်ယောက်လည်း ရှာမပေးချင်ပါ ။ ဒါကျွန်မ၏ ဆုံးဖြ တ်ချက်ဖြစ်သည် ။ ကျွန်မ ဘယ်ယောက်ျားကိုမှလည်း ထပ်ပြီးယုံကြည်မပေးနိုင်တော့ပါ ။ ကျွန်မဘဝထဲကို ဘယ်ယောက်ျားကိုမှ မခေါ်ချင်တော့ပါ။ အဖေနှင့်အမေက ကျွန်မနှင့် နေလင်းညို၏ ဆက်ဆံရေးကို တမျိုးတဖုံမြင်၍ ဤသို့ တိုက်တွန်းကြတာဟု ကျွန်မ ထင်တာကြောင့် သူတို့စိတ်ရှင်းအောင် ကျွန်မ ပွင့်လင်းစွာ ပြောပြလိုက်ပါသည် ။

” သမီး ကိုနေလင်းညိုအပေါ်မှာ ဘာစိတ်မှမရှိဘူး ၊ သမီး သူနဲ့မဖြစ်နိုင်ပါဘူး ၊ သမီးရဲ့ ကလေးကို သမီးတစ်ယောက်တည်းနဲ့ လုံလောက်အောင် မေတ္တာ ဂရုဏာ အပြည့်ပေးမှာ ၊ အဖေ ဆိုတာကို သူမတောင်းတ‌ရအောင် ၊ သတိကို မရအောင် သမီးဖြည့်ဆည်း‌မယ် ”

အမေကတော့ ကျွန်မကို အတ္တကြီးသည် ။ မာနကြီးသည် ဟု ထင်မလားမသိ ။ ကျွန်မ အားမာန်မလျှော့ပါ ။ ကလေးတစ်ယောက်၏ စရိတ်ကမနည်းဘူး ဟု လူတိုင်းက ပြောကြသည်။ သူတို့က ကျွန်မကို အားကိုးစရာ ယောက်ျားရှာစေချင်ကြသည် ။ အဖေကတော့ ကျွန်မ ဆုံးဖြတ်ချက်ကို မသိအမှတ်ပြုသည်။

” အဖေတို့နဲ့ပဲနေပေါ့ ၊ မြေးလေးကိုလည်း အဖေတို့ ဝိုင်းစောင့်ရှောက်မယ် ၊ အဖေတို့ မိသားစုမှာ ကလေးတစ်ယောက်ပိုလာရုံပါပဲ ၊ အဖေ အဖေ့သမီးနဲ့ အဖေ့မြေးကို ရှာကျွေးနိုင်ပါတယ် ”

အမေက အဖေ့စကားကို ‌ခပ်မဲ့မဲ့ပြုံးကာ သဘောတကျဖြင့် ခေါင်းညိတ်နေ‌ေလသည် ။ ကျွန်မကြိုးစားနိုင်ပါသည် ။ အဖေနှင့်အမေ အသက်ကြီး၍ သူတို့လုပ်စာ မရှိတော့လျှင်လည်း သူတို့ ကျွန်မအပေါ်မှီခိုနိုင်အောင် ကျွန်မ ကြိုးစားမည်။ ကျွန်မ အားအင်အပြည့်ပါလေ ။ ကျွန်မ၏ အသွေးအသား အရိုးအဆစ်တွေထဲမှာ သမီးလေးပေးသည့်အင်အားတွေ အပြည့်ရှိပါသည် ။

သုံးလလောက် ကြာပြီးသည့် နောက်မှာ ကျွန်မ အေးသန္တာ ဆီက သတင်းတစ်ခု ကြားသိရသည် ။ ကျွန်မ အံ့ဩခဲ့ရပါသည်။ နွယ်ရီချိုဟာ မင်းသုတနှင့်ကွာရှင်းပြီး ကိုနိုင်(ခေါ်) စုပြည့်နိုင်နှင့်အတူနေနေသ တဲ့ ။ ရူးမိုက်လိုက်လေခြင်း ။ ကိုယ်နှင့်‌အနာဂတ်အတွက် ပိုက်ဆံစုနေသော ယောက်ျားကို လက်တွဲဖြု တ်ခဲ့သတဲ့လား ။ နွယ်ရီချို သိပ်ရူးတာပဲ ။ ကျွန်မ နွယ်ရီချိုနှင့် ဈေးမှာ တွေ့တော့ ထိုသို့ ပြောလိုက်မိသည် ။ ကောင်းဆက်ဟန်နှင့် ကိုနိုင်(ခေါ်) စုပြည့်နိုင်တို့၏ ပတ်သက်ခဲ့မှုများကိုပါ ပြောပြတော့ သူမ‌ေရွးချယ်ခဲ့‌ေသာလမ်းကို သူမအတော်နောင်တရသွားသည်။

” ငါ အစက ကိုနိုင်နဲ့ တွဲတယ်ဆိုတာ မင်းသုတ သဝန်တိုအောင်လို့ဟ ၊ သူက သဝန်မတိုတဲ့အပြင် ငါ့ကို ဒေါသပဲထွက်နေတာ ၊ဖြစ်စေချင်တာက ငါလိုချင်တာတွေကို ကိုနိုင်ဝယ်ပေးတာသူ မကြိုက်ရင် သူဝယ်ပေးဟာ ၊ ခုတော့ သူက သူလည်းဝယ်မပေးဘူး ၊ သူ့မှာ ရှိလျက်နဲ့ တမင်ဝယ်မပေးတာ ၊ အဲ့တော့ ငါလည်း စိတ်တိုတာပေါ့ ၊ ခုကွာရှင်းတာမှာလည်း ငါ့ဘက်က စကားစခဲ့တာမှန်ပေမဲ့ ငါက စိတ်ရင်းနဲ့ပြောခဲ့တာမဟုတ်ဘူး ၊ ငါ ဖြစ်ချင်တာတွေ တစ်ခုမှ မဖြစ်ရလို့ သူ့ကို စိတ်ဆိုးပြီး ပြောလိုက်မိတာ ၊ ဒါကိုသူ့ဘက်ကအတည်ကြီး လုပ်ပြီး ငါ့ကို ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးခဲ့တာ ၊ ငါ့ဘက်က သူ့ကိုမပြ တ်နိုင်ဘူး ၊ သူက စာချုပ်ဝယ်လာပြီး လက်မှတ်ထိုးပေးတော့ ငါက ဘယ်မျက်နှာနဲ့ သူ့ကို တားရမှာလဲ ”

နွယ်ရီချို ပြောပြတာတွေကို နားထောင်ကြည့်လိုက်တော့ သူမကို သနားသွားမိသည် ။ သူမဟာ ခုထက်ထိ တလွဲမာန ထားတုန်း ။ ထိုတလွဲမာနကြောင့် မဖြစ်သင့်တာတွေ ဖြစ်နေတာကို သူမခုထိ နားမလည်သေးပေ ။

နွယ်ရီချိုပြောတာကို သိရပြီးသည့်နောက်မှာ မင်းသုတပြောစကားကိုလည်း ကျွန်မကြားချင်သေးသည် ။ ထို့ကြောင့် မင်းသုတအလုပ်လုပ်သည့် နေရာအထိ ကျွန်မ သွားတွေ့မိသည်။ မင်းသုတက အေးဆေးကြည်ဖြူစွာပဲ ကျွန်မကို ထွက်လာတွေ့ပါသည် ။ ကျွန်မ သူတို့နှစ်ယောက်ကို ပြန်အဆင်ပြေအောင် ပြောဖို့ စိတ်ကူးလာခဲ့သည် ။ သို့သော် …

” သူ့အတွက် အင်္ကျီတွေ ၊ ဖုန်းအသစ်တွေ ၊ အစားအသောက်တွေ က ငါတို့အနာဂတ် ငါတို့မွေးလာမယ့် ကလေးထက် အရေးကြီးနေတာလား ၊ ငါနဲ့ယူပြီးကတည်းက သူပင်ပန်းမှာစိုးလို့ သူ့ကို ဘာမှမလုပ်ခိုင်းဘူး ၊ သူ့မှာ အိမ်အလုပ်ပဲရှိတာ ၊ အိမ်ထောင်သည်မိန်းမတစ်ယောက်က အိမ်အလုပ်တော့ လုပ်ရမှာပဲ ၊ ဒါကို သူက ငါ့သူ့ကို မကူညီလို့ဆိုပြီး အပြစ်တင်တယ် ၊ ကလေးလိုချင်လို့ ကလေးမွေးပေးဆိုတော့ ကလေးစရိတ်ကကြီးလို့ ပိုက်ဆံအရင်စုရအောင်လို့ သူပဲပြောတယ် ၊ ငါပိုက်ဆံစုနေတော့ကျ သူက ဟိုဟာလိုချင် ဒီဟာလိုချင်နဲ့ ပူဆာတယ် ၊ ငါဝယ်မပေးတော့ ဟို ယောက်ျားလျာ ကို ဝယ်ခိုင်းတယ် ၊ အဲ့ကောင်နဲ့ တပူးပူးတတွဲတွဲလုပ်တာ ငါမကြိုက်ဘူးလို့ ပြောတာတောင် သူမဆင်ခြင်ဘူး ၊ ငါက သူလိုချင်တာတွေ ရအောင် မလုပ်ပေးနိုင်လို့ စိတ်ပျ က်တယ် ဆက်ပေါင်းချင်စိတ်မရှိဘူး ကွာရှင်းမယ်တဲ့ ငါ့ရင်ထဲ ဘယ်လိုဖြစ်သွားမလဲ သူမတွေးဘူး ၊ ငါတွေးထားသမျှ စိတ်ကူးထားသမျှ အနာဂတ်အကုန်လုံးကို သူ ဘာမှ မငဲ့ဘူး ၊ အဲ့တော့ ဘာလုပ်တော့မှာလဲ ဆက်မပေါင်းချင်တဲ့သူကို ကွာရှင်းပေးလိုက်ရုံပဲ ရှိတော့တာပေါ့ ၊ ဒီကိစ္စမှာ ငါ့ဘက်က မမှားဘူး ”

ကျွန်မ၏ ပြန်အဆင်ပြေစေချင်သောစိတ်ကို လွှတ်ချကာ သက်ပြင်းချ၍ လှည့်ပြန်ခဲ့ရသည် ။ အရာရာက ဖြစ်ချိန်တန်လို့ ဖြစ်တာပဲလေ ဟု ကျွန်မနောက်တစ်ကြိမ် ကျွန်မကိုယ်ကျွန်မ တရားချရသည် ။ ကျွန်မ ဘယ်သူ့ကံကြမ္မာကိုမှ ပြုပြင်ပေးဖို့ ကြိုးစားလို့မရပါ ။

သပွတ်အူ (အပိုင်း ၁၀)
+

သမီးလေး၏ ရက် ၁၀၀ ပြည့်မွေးနေ့ နှင့် အမည် ကင်ပွန်းတပ်ပွဲမှာ ‌အေးသန္တာ ရောက်လာသည် ။ အေးသန္တာက ကျွန်မကို တစ်စုံတစ်ရာ ပြောပြလိုသော အမူအယာဖြင့် လှမ်းလှမ်းကြည့်နေတာကြောင့် ကျွန်မသူမအနားကို သွားထိုင်လိုက်သည် ။

” ပြောစရာ ရှိလို့လား ”

အေးသန္တာ အရှေ့ကို အုန်းနို့ခေါက်ဆွဲတစ်ပွဲချပေးရင်း ကျွန်မက ထိုင်လိုက်သည်။ အေးသန္တာက ခေါင်းညိတ်ကာ …

” နွယ်ရီချိုနဲ့ ကိုနိုင်တို့ ပြ တ်သွားပြီလေ ”
” ဟုတ်လား ၊ ဘယ်လိုဖြစ်တာလဲ … ”

အေးသန္တာက အုန်းနို့ခေါက်ဆွဲထဲ ငရုပ်သီးမှုန့်ထည့်ရင်း

” အစကတည်းက နွယ်ရီချိုက ကိုနိုင့်ကို ချစ်မှမချစ်တာပဲ ၊ ရေရှည် အဆင်မပြေမှန်း သိလို့ ပြ တ်လိုက်တာနေမှာပေါ့ ”
” ခု သူက တစ်ယောက်တည်းပဲလား ”
” မသိဘူး ညည တော့ သူနဲ့စာပို့နေတဲ့တစ်ယောက်ရှိတာပဲ ”
” ဪ ကောင်းပါတယ် ၊ သူ့လည်း အိမ်ထောင်မြဲစေချင်တယ် ”
” နင်ကရော နောက်အိမ်ထောင်မပြုတော့ဘူးလား … ”

ကျွန်မက ရယ်လိုက်သည် ။

” မပြုပါဘူးဆိုဟယ် ”
” ဘာလဲ ကောင်းဆက်ဟန်ကို မမေ့သေးလို့လား ”
” မဟုတ်တာဟယ် အဲ့ကောင်ကို ငါက သတိကိုမရတာပါ ”
” ဪ ဟဲ့ ပြောရဦးမယ် ၊ နေလင်းညိုလေ ”

အေးသန္တာက အရေးတကြီးနှင့် သူ့ပါးစပ်ကို တစ်ရှူးဖြင့်သုတ်ကာ …

” ငါ့ကို သူနဲ့ တွဲမလား ဆိုပြီး လာမေးတယ် သိလား ”
” ဟင် … ”

အေးသန္တာက ပြောပြီးသက်ပြင်းချသည် ။

” ငါ ဘယ်လိုလုပ်သင့်လဲ ၊ ငါလည်း ယောက်ျားတစ်ယောက်နဲ့ အိမ်ထောင်အတည်တကျလေး ပြုချင်ပါတယ် ၊ ဒါပေမဲ့ နေလင်းညို နဲ့ တွဲဖို့ကျတော့ ငါ နွယ်ရီချို့ကို မျက်နှာပူတယ် ၊ နောက်ပြီး ငါတို့လည်း မငယ်တော့ဘူး ၊ အပျော်သဘောနဲ့ သမီးရည်းစားထားဖို့မသင့်တော့ဘူး ၊ အတည်တကျယူနိုင်မယ့်သူကိုပဲ စဉ်းစားသင့်တော့တယ် ”

ကျွန်မက ပြုံးလိုက်မိသည် ။ အေးသန္တာကို ဘဝအတွေ့အကြုံတွေက သင်ပေးသွားသည် ထင်သည် ။ သူမအရင်ကလောက်လည်း နှုတ်မကြမ်းတော့သလို မရိုင်းစိုင်းတော့ပေ ။ သူမဆီက မိန်းမသားဆန်ကာ ရင့်ကျက်သော အပြုအမူတွေ ကျွန်မမြင်နေရသည် ။ ကျွန်မ ဝမ်းသာရပါသည် ။

” အေးလေ ၊ နင်စဉ်းစားပေါ့ … ”

ကျွန်မ တခြား‌ေသာ အကြံမပြုတတ်တာမို့ ထိုသို့သာ ပြောလိုက်ပါသည် ။ အေးသန္တာက သမီးလေးအတွက် ခေါင်းစွပ်ကလေး လက်ဆောင်ပေးကာ ပြန်သွားလေသည်။ သူမ ထွက်သွားပြီးမကြာ နွယ်ရီချို ရောက်လာသည် ။

” အေးသန္တာက တစ်ယောက်တည်းရောက်လာတော့ မနွယ်ရီချို မလာတော့ဘူးထင်နေတာ ”

နွယ်ရီချိုသည် မချင့်မရဲပြုံးကာ ကျွန်မကို ပြုံးပြသည် ။ သူမအပြုံးက သိပ်မရိုး … ။

” ငါလည်း မလာတော့ဘူးလုပ်နေတာ ၊ နင့်ကို ပြောစရာရှိလို့ ”

ကျွန်မ စိတ်ထဲ ထူးထူးဆန်းဆန်း ဖြစ်သွားရသည်။

” ပြောလေ ”
” လာ ဟိုဘက်ခဏ လိုက်ခဲ့ ”

နွယ်ရီချိုက အိမ်အပြင်ဘက် ရွက်လှပင် နားအထိ ကျွန်မကို ခေါ်ထုတ်သွားသည် ။ ပြီးမှ ကျွန်မကို မဝံ့မရဲကြည့်ကာ …

” ငါ ပြောရမှာ အားလည်း နာတယ် မျက်နှာလည်း ပူပါတယ် သက်ထားရယ် ”
” ပြောပါမနွယ်ရီချိုရဲ့ ၊ ဘာများ‌ေပြာမှာမလို့လဲ ”

နွယ်ရီချိုက လည်တိုင်ကို အသာကုတ်ကာ ပြောရခက်သော မျက်နှာထားမျိုးနှင့် …

” ငါ ငါနဲ့ ကောင်းဆက်ဟန် ချစ်သူတွေ ဖြစ်နေတယ် ”

မထင်ထားသော စကားကြောင့် ကျွန်မမျက်ခုံးများ ပင့်တက်သွားရသည် ။ ဒါဟာ ဘယ်လိုအခြေအနေကြီးလဲ ။ ကျွန်မ မျက်နှာမှာ အနည်းငယ် တည်သွားလေသည်။

” ငါ အေးသန္တာကိုတောင် မျက်နှာပူလို့ မပြောရသေးဘူး ၊ နင့်ကိုကျ မပြောလို့လည်း မဖြစ်လို့ ”
” ဘာ မပြောလို့မဖြစ်စရာရှိမှာလဲ ၊ သက်ထားနဲ့သူက ဘာမှမှမဆိုင်တော့တာ ၊ သူနဲ့ပတ်သက်တာမှန်သမျှ သက်ထားနဲ့ဘာမှမသက်ဆိုင်တော့ဘူး လေ ”
” ဒါပေမဲ့ သူက နင့်ရဲ့ အရင်ယောက်ျားလေ ၊ ညီမ ယောက်ျားကို အစ်မ က ချစ်သူတော်ထားတော့ မျက်နှာပူရတာပေါ့ ”
” သက်ထားတို့မှာ အဲ့လိုသာ မျက်နှာပူရမယ်ဆို ပူစရာတွေချည်းပါပဲ ”

ကျွန်မစကားကို နွယ်ရီချိုက နားလည်သဘောပေါက်ပုံရသည် ။ ကျွန်မက ဘာမှမဖြစ်သလို အေးဆေးစွာ ပြုံးပြလိုက်သည် ။

” မနွယ်ရီချို စိတ်ထဲ ဘာမှမထားပါနဲ့ ၊ သူနဲ့ သက်ထား ကိစ္စက ပြီးပြ တ်သွားတာ ကြာလှပြီ ၊ သမီးလေးကိုလည်း သိတတ်တဲ့အရွယ်ကတည်းက သူ့အဖေရဲ့ နံမည်ကိုပဲပေးသိပြီး ၊ သူ့အဖေဟာ ‌ေ သတာကြာလှပြီလို့ ပြောဖို့ဆုံးဖြ တ်ထားပါတယ် ၊ မနွယ်ရီချိုနဲ့ သူနဲ့ ဘယ်အထိပဲဆက်သွားသွား နောက်ဆံမတင်းပါနဲ့ စိတ်ဖြောင့်ဖြောင့်နဲ့ ရှေ့ဆက်ပါ ၊ ကျွန်မ ဘက်ကနေ မနွယ်ရီချိုတို့ကြားမှာ ဘာကမှအနှောက်အယှက် ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ အာမခံနိုင်ပါတယ် ”

ကျွန်မထိုသို့ ပြောလိုက်မှ နွယ်ရီချိုက စိတ်အေးလက်အေးဖြင့် ပြန်သွားလေသည် ။ ကျွန်မစိတ်ထဲဘာမှမရှိ‌ေပမဲ့ ရင်ထဲတော့ ခိုးလိုးခုလု ပါ ။ သူတို့ဟာ အပြင်လူတစ်ယောက်ကို ချစ်ဖို့ ၊ ပတ်သက်ဖို့ အစွမ်းအစမရှိလေတော့ သူ့အကြောင်းကိုယ်သိ ၊ ကိုယ့်အကြောင်းသူသိသူအချင်းချင်း ၊ အိုးခြမ်းအပဲ့အပဲ့ချင်း ရိုက်ကြ ထပ်ပတ်သက်ကြရင်း သပွတ်အူကြီးလို ဖြစ်နေတော့သည်။ ထိုသပွတ်အူကြီးထဲ ကျွန်မ ပါဝင်ပတ်သက်နေရသေးတာကိုပဲ မုန်းမိလေသည် ။

တစ်နေ့တော့ ညသန်းခေါင်ယံ အချိန်ကြီးမှာ နွယ်ရီချိုက ကျွန်မဆီ ထူးထူးဆန်းဆန်းဖုန်းဆက်လာသည် ။

” သက်ထားရယ် လုပ်ပါဦး ၊ ငါ ဘာဆက်လုပ်ရမလဲ ၊ ငါ့ကို ကူညီပါဦး … ”

သူမအသံဟာ ငိုသံစွက်နေပြီး ကြောက်လန့်တုန်လှုပ်နေလေသည် ။

” ဘာဖြစ်လို့လဲ မနွယ်ရီချို ”
” ငါ ငါ့မှာ ကိုယ်ဝန်ရှိနေပြီ ”
” ဘယ်သူနဲ့လဲ ”
” ကောင်း ကောင်းဆက်ဟန်နဲ့ … ”

ကျွန်မရင်ထဲ ပူပြင်းသော အငွေ့အသက်တွေလှိုက်တက်လာကာ ပါးစပ်ဖျားကနေ ဟူးခနဲ မှုတ်ထုတ်လိုက်ရသည် ။

” ကောင်းဆက်ဟန်နဲ့ မနွယ်ရီချိုက ချစ်သူတွေ မဟုတ်လား ၊ ခု ကိုယ်ဝန်လည်းရနေပြီဆိုတော့ ယူလိုက်ကြတော့ပေါ့ … ”
” သူ သူနဲ့ငါ ပြ တ်သွားတာ တစ်လ လောက်ရှိပြီ ၊ သူ သူ့ရည်းစားဟောင်းနဲ့ ဖော က်ပြန်လို့ ငါက ဖြ တ်လိုက်တာ ၊ ခု ငါက ဒီ ကိုယ်ဝန်သူနဲ့ရတယ်ပြောတော့ သူက မယုံဘူး ၊ တခြားကောင်နဲ့ရတာကို ငါကသူ့ကိုတာဝန်ယူခိုင်းနေတယ်လို့ စွပ်စွဲတယ် … ၊ သူငါ့ကို တာဝန်မယူဘူး ၊ ကိုယ်ဝန်က ၈ ပတ်လောက်ရှိပြီ ဒါ သူနဲ့ရတာ ငါ မလိမ်ဘူး ငါမလိမ်ဘူး သက်ထားရဲ့ ”

နွယ်ရီချိုက ရှိုက်ကြီးတငင်ငိုသည်။ ကျွန်မ နားတွေကနေတဆင့် ကျွန်မရင်ဘက်ထဲထိ သူမ၏ အပူတွေကူးစက်ရသည် ။ ဝဋ်ကြွေးကြီးလိုက်လေခြင်း ။

” သူ လက်ခံအောင် နင် ပြောပေးပါ သက်ထားရယ် ၊ ငါတောင်းပန်ပါတယ် … ”

နွယ်ရီချိုက ကျွန်မကို ခခယယတောင်းပန်ကာ ၊ငိုယို တောင်းဆိုကာ ဖုန်းချသွား‌ေလသည် ။ ကျွန်မ ခေါင်းတွေချာချာလည်သွား၏ ။ ဖုန်းကိုလက်ထဲမှာ ဆုပ်ရင်း အရုပ်ကြိုးပြ တ် ထိုင်ချလိုက်မိသည် ။ ဘာတွေ ဖြစ်နေတာလဲ ။ ကံကြမ္မာက ကျွန်မဘဝကို ဒီလောက်တောင် ရှုပ်ထွေးခွင့်ပြုရသလား ။ ကျွန်မဘေးက လူတွေကို သပွတ်အူကြီးထဲ ထည့်ပြီး စိတ်ကြိုက် မွှေနှောက်နေတာလား ။ ကျွန်မ တစ်သက်လုံးမပတ်သက်တော့ဖို့ ဆုံးဖြတ်ထားသော ထိုယောက်ျားကို ဘယ်လိုစိတ်နှင့် ဆက်သွယ်ရမှာလဲ ။ သူတာဝန်မယူချင်သောဗိုက်ကိစ္စကို သူ့ဇနီးဟောင်းဖြစ်သည့်ကျွန်မက ဘယ်လိုမျက်နှာနှင့် တာဝန်ယူခိုင်းရမည်နည်း ။ သိပ်ရှက်စရာကောင်းလှသည် ။ ကျွန်မ နဖူးပေါ် လက်ဖဝါးဖြန့်တင်ရင်း ငြိမ်သက်သွားရလေသည် ။ ကျွန်မ ဘာတတ်နိုင်မှာလဲ ။

ကောင်းဆက်ဟန် နှင့် ဖော က်ပြန်သော သူ့ရည်းစားဟောင်းဆိုတာကိုစုံစမ်းလိုက်တော့ ရတီပွင့်ဦး ဖြစ်နေလို့ အံ့ဩခဲ့ရပြန်သည် ။ ရတီပွင့်ဦးကလည်း အိမ်ထောင်ကွဲ ၊တစ်ခုလပ် ဖြစ်နေကြောင်း သိရသည် ။ ကောင်းဆက်ဟန်ကို သူမနှင့် ဘဝချင်းတူလို့ လက်ခံခဲ့ကြောင်း ကျွန်မကို ပြောပြသည် ။

” အစ်မက ကောင်းဆက်ဟန်နဲ့ တက္ကသိုလ်တုန်းက လမ်းခွဲပြီးတော့ သိပ်မကြာဘူး တန်းအိမ်ထောင်ကျခဲ့တာ ၊ အိမ်ထောင်သက် ၈ လပဲ ကြာပါတယ် ၊ ယောက်ျားက တစ်ခုခုဆို လက်အရမ်းပါတယ်လေ ၊ သည်းမခံနိုင်လို့ သူ့အိမ်က ထွက်ပြေးခဲ့တာ ၊ သူက ကွာမပေးဘူး သူ့မိဘတွေကို အစ်မမိဘတွေက အစ်မဒဏ်ရာတွေပြပြီး ဝိုင်းပြောမှသာ ကွာပေးတာ ”
” ဪ … ”
” အစ်မ တစ်ယောက်တည်း နေလာတာ ကြာပါပြီ ၊ ကောင်းဆက်ဟန်နဲ့ ပြန်တွေ့တာလည်း မကြာသေးဘူး ၊ သူလည်း သူ့မိန်းမနဲ့ကွဲသွားတာလို့ ပြောတော့ ဪ ငါနဲ့ဘဝတူပါလားဆိုပြီး သူ့အကြောင်းကိုယ့်အကြောင်း အပြန်အလှန်ပြောပြရင်း စိတ်တူကိုယ်တူဖြစ်လို့ ချစ်သူတွေဖြစ်သွားကြတာ ”

ကောင်းဆက်ဟန်က သူ့မိန်းမဟာ ကျွန်မဖြစ်ကြောင်း ရတီပွင့်ဦးကို ပြောပြထားပုံမရပါ ။ ကျွန်မကလည်း ကျွန်မက မယားကြီးပါ ။ ပထမဇနီးပါ ဆိုပြီး ဂုဏ်မဖော်ချင်တာကြောင့် မပြောပေ။ ကျွန်မ သူမနှင့်လာတွေ့တာဟာ နွယ်ရီချို့ ကိစ္စ ပြောချင်လို့သာ … ။

” ဒါနဲ့ ညီမလေးကရော အစ်မ ကို ဘာလို့လာရှာတာလဲ ၊ အစ်မ ဒီအလုပ်မှာ လုပ်နေတာ ဘယ်လိုသိလဲ ”
” ဒီလိုပဲ စုံစမ်းရတာပေါ့ ၊ မရတီပွင့်ဦးကို ကောင်းဆက်ဟန်နဲ့ပတ်သက်ပြီး သိသင့်တယ်ထင်တဲ့ ကိစ္စလေး တစ်ခု ပြောပြမလို့ပါ ”
” ဘာများလဲ မဟုတ်မှ သူ့မှာ ကလေးရှိတယ်ဆိုတဲ့ ကိစ္စများလား ”
” ဟင် … ”

ရတီပွင့်ဦးက ရွှင်ပျစွာ ပြုံးသည် ။

” ကောင်းဆက်ဟန်က အစ်မကို အိမ်ထောင်ကွဲနေတယ်ပဲပြောတာ သူ့မှာ ကလေးရှိတယ် ဆိုတာ မပြောဘူး ၊ ဒါပေမဲ့ အစ်မ စုံစမ်းရင်း သိခဲ့ပြီးပါပြီ ၊ ဗိုလ်ချုပ် လမ်းထဲမှာ သူ့ဇနီးဟောင်းနဲ့ သူ့သမီးလေး ရှိတယ်တဲ့ ”

ကျွန်မ မျက်လုံးမျက်ဆံပြူးသွားရသည်။ သူမက ကျွန်မ ပုံစံကိုကြည့်ကာ …

” အစ်မသိနေလို့အံ့ဩသွားတာလား ၊ သူ့အကြောင်း တစ်စွန်းတစ်စသိထားတဲ့ အစ်မသူငယ်ချင်းက ပြောပြထားလို့ သိနေတာပါ ၊ သူတို့နံမည်‌ေတွကိုတော့ မသိဘူး ”

တော်ပါသေးရဲ့ ၊ ကျွန်မဆိုတာ မသိပါစေနှင့် ကျွန်မ သမီးလေးကိုလည်း ကောင်းဆက်ဟန်သမီးမှန်း မသိပါစေနှင့် ။ ကျွန်မ မျက်လွှာချ၍ ဆုတောင်းနေတုန်းမှာ …

” သီတင်းကျွတ်ကျရင် အစ်မနဲ့သူ ယူတော့မှာ ”
” ရှင် … ”

ကျွန်မ၏ ခေါင်း‌ဆတ်ခနဲ မော့သွားသည်။

” အစ်မမှာ သူနဲ့ရတဲ့ကိုယ်ဝန် ၃ လရှိပြီ ”

ရတီပွင့်ဦးက ပြုံးနေရင်း သူမဗိုက်ကို လက်ဖြင့်အသာစမ်းကာ ဆက်ပြောသည် ။ ကျွန်မ သူမကို ဆွံ့အစွာ ငေးကြည့်နေရုံမှ တစ်ပါး … ။

” အစ်မ မိဘတွေလည်း ကိုယ်ဝန်ကိစ္စကို သိထားတယ် ၊ ဒါကြောင့် အစ်မတို့ကို အမြန်ယူခိုင်းနေကြပြီ ၊ ဝါမကျွတ်သေးလို့ စောင့်နေကြတာလေ … ”

ရတီပွင့်ဦး၏ ကိုယ်ဝန်က ၃ လ တဲ့လား ။ နွယ်ရီချို၏ ကိုယ်ဝန်က ၂ လလောက်ပဲ ရှိသေးတာဆိုတော့ ကောင်းဆက်ဟန်ဆိုတဲ့ကောင် ဟာ နွယ်ရီချိုနှင့် ပတ်သက်နေတုန်းမှာ ရတီပွင့်ဦးနှင့် … ။

” တောက် … အဲ့ သူ တောင်း စား လူမဆန်လိုက်တာဟာ ”

ကျွန်မ အေးသန္တာကို ပြောပြတော့ အေးသန္တာက ငိုလည်းငို ဒေါသလည်း ထွက်‌ေနသည် ။

” ရတီပွင့်ဦးက အသိုင်းအဝိုင်းကြီးတယ် ၊ ဒီတော့ သူတာဝန်မယူလို့မရဘူး ၊ မနွယ်ရီချိုကျတော့ … ”

ကျွန်မ စကားဆက်မပြောရက်ပါ ။ အေးသန္တာက နားလည်စွာဖြင့် နာနာကျင်ကျင် ခေါင်းညိတ်လေသည် ။

” ငါ့အစ်မကကို မှားတာပါဟာ ၊ ငါ့အစ်မတင်မဟုတ်ဘူး ၊ ငါလည်း မှားတယ် ၊ ငါတို့အကုန် တစ်ယောက်ဝဋ်ကို တစ်ယောက် လည်နေကြတာပါ ”

အေးသန္တာက ငိုလေသည် ။ ကျွန်မနှစ်သိမ့်စရာ စကားမရှိပါ။ အကြောင်းစုံကို နွယ်ရီချို ကြားသိတော့ …

” ငါ ဒီကိုယ်ဝန်ကို မယူဘူး ဖျ က်ချပစ်မယ် ”
” မနွယ်ရီချို … ”

ကျွန်မက တားရခက် မတားရခက် ။

” အစကတည်းက နင့်ကို အကူအညီမတောင်းဘဲ ငါ ချက်ချင်း ဖျ က်ချလိုက်ရမှာ ၊ ငါမလုပ်ရက်လို့ ၊ ဒါပေမဲ့ ခု မလုပ်ရက်စရာ အကြောင်းမရှိတော့ဘူး ၊ ငါ က နင့်လို သူ့ရဲ့တရားဝင် ဇနီးမယားလည်း ဖြစ်ခဲ့တာမဟုတ်ဘူး ၊ ငါ ဒီကလေးကို မမွေးနိုင်ဘူး သက်ထား ”

ကျွန်မ မျက်လုံးတွေ စုံမှိတ်ချရင်းသာ … ။ အရာရာဟာ ဘယ်ကနေ စတင်ပြီးမှားယွင်းခဲ့တာလဲ ။ ကျွန်မ အတွေးထဲ ပုံရိပ်တွေ တဖျတ်ဖျတ်ပေါ်လာသည် ။ ကျွန်မ ကောင်းဆက်ဟန်ကို ကွာရှင်းပေးခဲ့ရာကနေလား ၊ ဒါမှမဟုတ် ကောင်းဆက်ဟန်ကို လက်ထပ်ခဲ့မိခြင်းကနေလား ၊ ဒါမှမဟုတ် သူနှင့်တွေ့ဆုံခဲ့ခြင်းကနေလား ။

သပွတ်အူ (အပိုင်း ၁၁) ဇာတ်သိမ်း
+
နှစ်တစ်နှစ်၏တန်ဆောင်မုန်း လပြည့်နေကြီးမှာ ကျွန်မဆီကို နေလင်းညို ရောက်လာသည် ။ သူက သူ့လက်ထဲက ဖိတ်စာလေးကို ကျွန်မဆီ ‌ကမ်းပေးပြီး

” လာဖြစ်အောင် လာခဲ့နော် ” ဟု ဖိတ်သည် ။

” ဘယ်သူနဲ့လဲ ” ဟု မေးရင်း ကျွန်မက ဖိတ်စာလေးကို ဖွင့်ဖတ်တော့ …

” သူ့ဇာတိက မန္တလေးကပါ ၊ ကိုယ့်ထက် ၄ နှစ်ငယ်တယ် ”
” သူက ကိုနေ့ အတိတ်ကို နားလည်ပေးရဲ့လား ”

နေလင်းညိုက ခေါင်းညိတ်ပြတာကြောင့် ကျွန်မ စိတ်သက်သာရာ ရသွားပါသည် ။

” တော်ပါသေးတယ် … ”

နေလင်းညိုက ပြန်ခါနီးမှာ ကျွန်မကို ‌စကား‌ေတွအများကြီးပြောသွားသည် ။

” သူနဲ့ မတွေ့ခင်အထိ ကိုယ့်ဘဝမှာ အချစ်ဆုံးက မင်းဖြစ်ခဲ့ပါတယ် သက်ထား ၊ မင်း ကောင်းဆက်ဟန်နဲ့ ကွာရှင်းခဲ့ပေမဲ့ ကိုယ့်ကို မ‌ရွေးချယ်တော့ ကိုယ် လုပ်မိလုပ်ရာလျှောက်လုပ်ရင်း အေးသန္တာကို တွဲဖို့ ပြောခဲ့မိတယ် ဒါပေမဲ့ ၊နီးရာလက် ကြုံရာလက်ကို မဆွဲတဲ့အတွက် မင်းကို ကိုယ် သိပ် လေးစားရပါတယ် ၊ ကိုယ် မင်းကို အတုယူပါ့မယ် ၊ ဘယ်တော့မှ ဘာအကြောင်းနဲ့မှ နီးရာလက် ကြုံရာလက်ကိုမဆွဲတော့ပါဘူး ”

ကျွန်မ သူ့ကို ဘာတစ်ခွန်းမှပြန်မပြောပါ ။ အပြုံးနုနု ဖြင့်သာ ခေါင်းညိတ်ပြလိုက်မိပါသည်။

နေလင်းညိုက တွဲဖို့ပြောခဲ့ပေမဲ့ အေးသန္တာက မတွဲခဲ့ပေ ။ သူမ ယောက်ျားတွေကို စိတ်ကုန်နေ‌ေကြာင်း၊သူမ ၏ အတိတ်ကို နားလည်ပြီး သဘောထားကြီးစွာ ကြည်ဖြူပေးမည့်သူ မရှိနိုင်ကြောင်း ကျွန်မကိုပြောပြသည် ။ ကျွန်မ အေးသန္တာကို သနားမိပါသည် ။ အတိတ်ဝဋ်ကြွေးတွေပါလာလို့ ဟုသာ ကျွန်မ တရားချမိသည် ။

နွယ်ရီချိုကတော့ သူမ၏ အလုပ်က မန်နေဂျာ၊ ကလေးနှစ်ယောက်အဖေ တစ်ခုလပ် အမျိုးသားတစ်ယောက်နှင့် တွဲနေပါသည် ။ သူမဘဝအကြောင်း ၊ သူမအတိတ်အကြောင်းတွေ အကုန်လုံးကို ထိုလူ့ဆီဖွင့်ဟဝန်ခံထားပြီး ခုချိန်မှာ တစ်ယောက်ကိုတစ်ယောက် နားလည်မှုယူနေကြသည် ။ နောက်နှစ်ထဲမှာ ယူကြမည်ဟု သိရသည် ။ ကျွန်မ၏ ဝမ်းသာမှုကတော့ အတိုင်းထက်အလွန်ပါပင် ။ နွယ်ရီချို့လိုမျိုးပဲ အေးသန္တာကိုလည်း ထိုသို့ နားလည်ပေးပြီး လက်တွဲနိုင်မည့် ယောက်ျားတစ်ယောက်နှင့် တစ်အိုးတစ်အိမ်ထူထောင်စေချင်ပါသည် ။ အေးသန္တာကတော့ ခေါင်းမာနေသည် ။တစ်သက်လုံး သူမ၏အမေ အန်တီမော်နှင့်ပဲ အတူနေသွားတော့မည်ဟု ကျွန်မကို ပြောသည် ။

ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းလေးဖြစ်သည် ။ အချိန်ယတ္တရားလည်နေသ၍ လူတွေဟာ သံသရာတစ်ကွေ့တစ်ထောင့် တစ်နေရာမှာ ပြန်ဆုံနိုင်ကြသည် ။ ထိုနေ့က ကျွန်မသမီးလေး ကျောင်းမှာ ဆော့ကစားရင်း လက်ခေါက်လဲလို့ ဆေးရုံကြီးကို ပြေးခဲ့ရသည် ။ ပြင်ပလူနာဌာနမှာ နံမည်စာရင်း ပေးနေတုန်း …

” ရှင့် မိန်းမက ခွဲမွေးမှ ရမှာလေ ၊ ရှင်သိထားပြီးသား မဟုတ်ဘူးလား ၊ ဒါကို ပိုက်ဆံ စုမထားဘူးဆိုတော့ ရှင်ဘယ်လို ယောက်ျားလဲ … ”
” ဟုတ်တယ်လေ ကလေး‌မွေးတယ်ဆိုတာ ဒီနေ့ဗိုက်ကြီးပြီးနောက်နေ့ တန်းမွေးတာမှမဟုတ်တာ၊ ၉ လ ၁၀ လ‌ေလာက်မှာ လက်ထဲ သုံးလေးသိန်းတော့ စုထားသင့်တာပေါ့ရှင် ”

သူနာပြုဆရာမတွေက ဝိုင်းပြောနေကြတော့ ဘေးကလူတွေလည်း ဝိုင်းကြည့်နေကြသည် ။ ကျွန်မလည်း အမှုမဲ့အမှတ်မဲ့ လှမ်းကြည့်မိလိုက်၏ ။ ထိုအခါ ကျွန်မ မျက်လုံးကိုပင် ကျွန်မ မယုံနိုင် …

” ကောင်း ကောင်းဆက်ဟန် ”

သူနာပြုဆရာမတွေကြားထဲမှာ ခေါင်းငုံ့နေနေနေရင်းက ကျွန်မကို မြင်တော့ သူ မျက်လုံးပြူးသွားသည် ။ သူ့မျက်နှာမှာ အားငယ်စိတ် ၊ ရှက်ရွံစိတ်တွေ ပြည့်နှက်နေသည် ။ ကျွန်မ စဉ်းစားလို့မရပါ ။ သူရသည့်လစာဟာ နည်းတဲ့အထဲမပါဘဲ အဘယ်ကြောင့်ဒီအခြေအနေရောက်နေရသနည်း ။ နောက်ပြီး ရတီပွင့်ဦးဟာ ပြည့်စုံချမ်းသာသူတစ်ယောက်မဟုတ်လား ။ ကောင်းဆက်ဟန်က ပိုက်ဆံမထုတ်နိုင်လျှင်တောင် ရတီပွင့်ဦး၏ မိသားစုဘက်က သူတို့သမီးမျက်နှာငယ် ဒုက္ခရောက်ရအောင် ဒီအတိုင်းကြည့်နေ မတဲ့လား ။ ဒါဟာ ရတီပွင့်ဦး၏ ဒုတိယကိုယ်ဝန်မဟုတ်လား ။

ကျွန်မ သမီး‌ေလးကို သတိရသွား‌ေတာ့ သူ့ဆီကနေ မျက်နှာလွှဲကာ သမီးလေးဆီ ပြေးမိသည်။ သူကလည်း ကျွန်မဆီပြေးလာသည် ။ ကျွန်မသည် သမီးလေးမျက်နှာ သူမမြင်အောင်နှင့် သူ့မျက်နှာ ကို သမီးလေး မမြင်ရအောင် သမီးလေးမျက်နှာကို ကျွန်မ ရင်ခွင်ထဲ အပ်ထားလိုက်သည်။

” သက်ထား ”

ကျွန်မ သူ့ကိုလှည့်မကြည့်ပါ ။

” ဒါ … ဒါက … ”

သူ့စကားထပ်ထွက်မလာအောင် ကျွန်မသူ့ကို အကြည့်စူးစူး တစ်ချက် ကြည့်လိုက်သည် ။ သူက ကျွန်မအကြည့်ကို နားလည်စွာဖြင့် နှုတ်ခမ်းတို့ ပိတ်စိသွားသည်။ ထိုစဉ် …

” မပန်းငုံရဲ့ ယောက်ျား ဘယ်မှာလဲ … ”

သူချာခနဲ လှည့်သွားသည် ။

” ဒီမှာပါ ”
” အဲ့မှာ ဘာလုပ်နေတာလဲ ၊ ဒီမှာ ရှင့်မိန်းမက မွေးတော့မယ်လေ … ”

သူကျွန်မကို တစ်ချက်ငဲ့ကြည့်သွားပြီးမှ မျက်နှာငယ်ဖြင့် ပြေးထွက်သွားသည် ။ ကျွန်မရင်ထဲ ဝမ်းနည်းစ်ိတ်ဟာ လှိုက်တက်လာ၏ ။ တစ်ချိန်က ဖုန်းမှားယူသွားမိလို့ ရှက်စိတ်ခပ်သွေးသွေးဖြင့် ‌ပြေးထွက်သွားသော လူငယ်လေးကို မြင်ယောင်သွားမိသည် ။ ကျွန်မရင်ထဲ စူးခနဲ နာကျင်သွားရသည်။ ကျွန်မ ပါးပြင်ပေါ် မျက်ရည်တွေ ကျလာတော့ သမီးလေး မမြင်အောင် ကပျာကယာ သုတ်ရသေးသည် ။

သူ ရတီပွင့်ဦးနှင့် ဘာတွေ ဖြစ်ခဲ့သလဲ ။ခုလက်ရှိယူထားသော ပန်းငုံဆိုသော မိန်းကလေးကရော။ ဘယ်လိုအခြေအနေရှိသလဲ ။ ငွေ သုံးလေးသိန်းတောင် မစုမိသည်အထိ သူဘာတွေ ဖြစ်နေ ၊ လုပ်နေသလဲ ။

ကျွန်မ သမီးလေးကို သူနာပြုများနှင့် ခဏထားခဲ့ကာ သားဖွားမီးယပ်ဆောင်ရှေ့ကို အသာလေး သွားကြည့်မိခဲ့သည်။ သူသည် ခုတင်ပေါ်မှာ လှဲနေသော အမျိုးသမီးလေး၏ လက်ကို ကြင်နာယုယစွာ ဆုပ်ကိုင်ထားသည် ။ထိုအမျိုးသမီးလေးက ငိုနေပါသည်။ ကျွန်မရင်ထဲမကောင်းလိုက်တာ ။ သူ ကျွန်မနှင့်အတူရှိနေတုန်းက ထိုသို့ ကြင်နာယုယမှု နည်းပါးခဲ့တယ် မဟုတ်လား ။ သူတို့အနားမှာ အန်တီကြီးတစ်ယောက်ပဲရှိသည် ။ ထိုအန်တီကြီး ထွက်လာချိန်ကို ကျွန်မ စောင့်နေလိုက်တော့ …

” အန်တီ ဟိုးက ကောင်းဆက်ဟန်တို့နဲ့ ဘာတော်လဲဟင် … ”
” ကောင်းဆက်ဟန် အသိလား ”
” ဟုတ်ကဲ့ ”

အန်တီကြီးက အံ့ဩသော မျက်နှာဖြင့် …

” တစ်သက်နဲ့တစ်ကိုယ် ကောင်းဆက်ဟန် အသိဆိုပြီး ငါတွေ့ဖူးတာ ညည်းပဲရှိသေးတယ် ”
” ဟုတ်ကဲ့ ၊ သူတို့က ဘယ်လိုဖြစ်တာလဲဟင် … ဪ ၊သူက ခုစိတ်အခြေအနေ မကောင်းတော့ ကျွန်မသူ့ကို မမေးချင်လို့ပါ ”

အန်တီကြီးက သူတို့ကို တစ်ချက်လှမ်းကြည့်ပြီးမှ …

” ငါက သူတို့အကြွေးရှင် ၊ ငါ့ဆီမှာ သူတို့လင်မယား အကြွေးတင်နေတာ ဒီတစ်ခါနဲ့ဆို ၁၀ သိန်းကျော်ပြီ ”
” ဟိုလေ ကောင်းဆက်ဟန် ရဲ့ အရင်ဇနီးအကြောင်းများ ”
” ရတီပွင့်ဦးကို ပြောတာလား ”

ထိုအန်တီကြီး၏ နံမည်က ဒေါ်ရွှေနွဲ့ ဖြစ်သည် ။ ခုလက်ရှိ ကောင်းဆက်ဟန်နေနေသော ရပ်ကွက်က ဟု သိရသည်။

” ငါသိသလောက်ပြောပြရရင် ၊ ရတီပွင့်ဦးနဲ့ ယူပြီး ဘယ်လောက်မှတောင် မကြာဘူး ကောင်းဆက်ဟန်က သူ့အလုပ်က ကောင်မလေး တစ်ယောက်နဲ့ ဖော က်ပြန်လို့ဆိုပြီး ပြသနာတွေတက်ကြပါလေရော ၊ သူတို့ရန်ဖြစ်ရင်း ကောင်းဆက်ဟန်က လက်ပါလိုက်လို့ ကိုယ်ဝန်ပျ က်ကျတယ်လေ ၊ ကောင်းဆက်ဟန်ကို ရတီပွင့်ဦးတို့မိဘတွေဘက်က တရားစွဲမယ် ထော င်ချမယ် ဖြစ်တော့ ကောင်းဆက်ဟန် အမေရော ကောင်းဆက်ဟန်ရော တောင်းပန်ခဲ့ရသေးတယ် ၊ နောက်တော့ တရားမစွဲတော့ဘဲ ရတီပွင့်ဦးတို့ဘက်က ရှေ့နေကနေတဆင့် လျော်ကြေးတောင်းတယ် ၊ ကိုယ်ဝန်ပျ က်ကျတာရယ် ဖော က်ပြန်တာရယ် မျိုးစုံ အကြောင်းပြပြီး တောင်းတာ ၊ ကောင်းဆက်ဟန်ဘက်က သူတို့‌ေကျနပ်တဲ့အထိ အလျော်ပေးလိုက်ရတယ် ၊ အဲ့တာအပြင် ကောင်းဆက်ဟန်အလုပ်ကိုပါ ရတီပွင့်ဦးတို့မိဘတွေက တိုင်တော့ ‌သူ အလုပ်ပါပြု တ်ရော ”

ကျွန်မ စိတ်မကောင်းဖြစ်ခဲ့မိတာကိုပင် နောင်တရမိသွားသည် ။ ခုထက်ထိ ဖော က်ပြန်တုန်းတဲ့လား ။ အသိုင်းအဝိုင်းကြီးနှင့်တိုးတော့ ဒင်းဒုက္ခ လှလှရောက်ရပြီပေါ့ ။

” ပန်းငုံနဲ့ မနှစ်က ၁၁ လပိုင်းကမှ ယူတာပါ၊မယူခင်ကတည်းက ဗိုက်ကကြီးနေပြီလေ ပန်းငုံရဲ့ အဖေက အရက်သမား ၊ အမြဲမူးရူး သောင်းကျန်းနေတဲ့လူ ၊ပန်းငုံကို မယူခင်က ဗိုက်ကြီးလို့ဆိုပြီး ရိုက်နှက် အိမ်ပေါ်ကနှင်ချထားတာ ”

ကြားရသမျှ ဟာ စိတ်ချမ်းသာစရာကို မရှိပေ။

“ကောင်းဆက်ဟန်က အဖေမရှိဘူး အမေပဲရှိတာဆို ”
” ဟုတ်ပါတယ် ”
” သူ့အမေ ဟိုးအရင်နှစ်က ဆုံးသွားပြီလေ ”
” ရှင် … ”
” ဟုတ်တယ် ၊ ရတီပွင့်ဦးနဲ့ ကွာရှင်းပြီး နောက်တစ်နှစ်မှာ ဆုံးတာ ”

ကြားရသမျှစကားထဲ ဒီတစ်ခွန်းက ကျွန်မကို စိတ်အထိခိုက်စေဆုံး ဖြစ်သည် ။ မယူခင်ကတည်းကနေ ယူပြီးသည့်တိုင် ကွာရှင်းခဲ့သည်အထိ ကောင်းဆက်ဟန်အမေကို ကျွန်မ ထိပ်တိုက်တွေ့ခဲ့တာဆိုလို့ လက်ချိုးရေတွက်လို့ရသည် ။ သူ့အမေဟာ အပြောအဆိုမတတ်တာကြောင့် ကျွန်မနှင့်မတည့်ပါ ။ ထို့ကြောင့် ကျွန်မ သူ့အမေဆီ သူနှင့်ယူပြီးတာတောင် အလည်မသွားခဲ့ပါ ။ သူ့ဆီကို သူ့အမေဖုန်းဆက်လို့ ကျွန်မကို စကားပြောခိုင်းလျှင်လည်း ကျွန်မ မပြောချင်တာကြောင့် မပြောပါ ။ အမှန်တော့ အပြောအဆိုမတတ်တာ တစ်ခုကလွဲလျှင် ကျွန်မအပေါ် သမီးတစ်ယောက်လို သဘောထားသူဖြစ်သည် ။ ကျွန်မ ဝမ်းနည်းဆို့နစ်သွားမိပါသည် ။ ကျွန်မ နာရေးသတင်းတောင် မကြားခဲ့ရပါလား ။ ဝေးပြန်တော့လည်း သတင်းအစအနပင်မရသည်အထိ ဝေးခဲ့ရသည် ။ ဆုံပြန်တော့လည်း မထင်မှတ်စွာ ဆုံရလေသည် ။

” ဒီကောင်မလေး အပေါ်တော့ ကောင်းဆက်ဟန်က တကယ် စိတ်နှစ်ထားပုံရပါတယ် ၊ ကောင်မလေးက ရောဂါသည်လေ ၊ နှလုံးရောဂါသည်လေး ၊ ငါက ကိုယ်ဝန်မရနိုင်ဘူးတောင် ထင်တာ ၊ ခုလည်း ခွဲမွေးမှရမယ့်အခြေအနေ ဖြစ်နေတာ ၊ မကြည့်ရက်တော့ ငါပဲ ထုတ်ချေးရပြန်တာပေါ့ ”
” ကောင်းဆက်ဟန်က ဘာအလုပ်မှ မလုပ်ဘူးလား ”
” လုပ်ပါတယ်အေ ၊ မွေးခါနီးမှ အိမ်မီးလောင်လို့ သူတို့တောင် မနည်းလွတ်အောင် ပြေးခဲ့ရတော့ အကုန်မီးထဲပါကုန်တာ ”
” ဘုရား ဘုရား ဖြစ်ရလေလေ ”

အတော်ဆိုးတဲ့ကံပါလား … ။

” ခုတော့ကောင်းဆက်ဟန် အမေထားခဲ့တဲ့ အိမ်က မီးလောင်၊ မပြင်နိုင်သေးတော့ နေစရာက မရှိ ၊အရင်မိန်းမကို ရှိသမျှအလျော်ပေးရ တော့ ချွတ်ခြုံကျ ၊ပန်းငုံ အဖေက အိမ်ပေါ်အတက်မခံ ၊ အိမ်ငှားနေရတော့ အိမ်ငှားခနဲ့ ဘယ်လည်ပတ်လိမ့်မလဲ ”
” မီးကအတော်ကြီးသွားတာလား ”
” အိမ်တစ်ခြမ်းလုံးလောင်သွားတာ … ”

ကျွန်မ သက်ပြင်းမောကြီးသာ ချလိုက်မိသည်။ ကျွန်မ ကောင်းဆက်ဟန်တို့ကို တဖန်လှမ်းကြည့်မိချိန်မှာ ကောင်းဆက်ဟန်နှင့် အကြည့်ချင်းဆုံသွားသည်။ သူ့မျက်ဝန်းမှာ အံ့ဩမှုနှင့်အတူ မတ်တပ်ထရပ်ကာ ကျွန်မဆီလာဖို့ပြင်နေသည် ။ ကျွန်မ အန်တီ‌ေဒါ်ရွှေနွဲ့ကို အမြန်နှုတ်ဆက်လိုက်ရ၏ ။

ကျွန်မ လှည့်ထွက်ပြီးလို့ ခြေသုံးလှမ်းစာလောက် ဝေးသွားချိန်မှာ သူကျွန်မအနောက်ကနေပြေးလိုက်လာသည် ။

” သက်ထား … သက်ထား ငါတို့ စကားလေး ခဏပြောရအောင် … ”

‌အန်တီဒေါ်ရွှေနွဲ့က ‌အနောက်ကနေ ကျွန်မတို့၏ ဆက်ဆံရေးကို အကဲခတ်နေသည် ။ ကျွန်မ သူ့ကို မျက်နှာချင်းမဆိုင်ချင်ပါ ။ တစ်ချိန်က ကျွန်မ သိပ်ကိုမြတ်နိုးတန်ဖိုးထားခဲ့ရသော ထိုအမျိုးသားဟာ ခုချိန်မှာ ကျွန်မ အမုန်းဆုံး အခါးသီးဆံုးလူတစ်‌ေယာက်ဖြစ်နေသည်။ သူ့မျက်နှာမှာ ဟိုအရင်ကလို ငယ်ရွယ်တက်ကြွမှုတွေလည်း မရှိတော့သလို သူ့ရုပ်ရည်အပေါ်ယံုကြည်မှု‌ေတွလည်းပျောက်ဆုံးနေပါသည် ။ အရင်ကဆို ထိုရုပ်ရည်ကိုယုံကြည်ကာ လှပသော မိန်းကလေးများကို ဖွင့်ပြောတိုင်း တစ်ခါမှအငြင်းမခံခဲ့ရဘူးဟု ကျွန်မကိုပြောပြဖူးသည် ။ ခုတော့ဖြင့် သူ့မျက်နှာဟာ မက်လောက်စရာ မရှိတော့အောင် ညှိုးလျော် ဖျော့တော့နေ‌ေလသည် ။

” ဒီလို ပြန်တွေ့မယ်လို့ ငါမထင်ထားဘူးဟာ ၊ ငါ အရမ်းဝမ်းသာတာပဲ ”

ကျွန်မသူ့ကို ခပ်တည်တည်စိုက်ကြည့်ရင်း

” နင်နဲ့ငါက ပြန်တွေ့တာကို ဝမ်းသာရမယ့် ဆက်ဆံရေးမျိုးလား ”

သူပြံုး‌ေနရာကမျက်နှာ ပျ က်သွားသည် ။ ပြီးမှ ပြန်လည်အားတင်းပြီး ပြုံးပြသည် ။

” အေးပါ နင် ငါ့ကို မုန်းနေမှာ ငါသိပါတယ် ”
” မုန်းတာထက်ပိုတယ် … ”

သူက ခေါင်းအသာညိတ်သည် ။

” ငါနားလည်ပါတယ် ၊ ငါ့လုပ်ရပ်က သပွတ်အူကြီးလို ဖြစ်ခဲ့တာကိုး ၊ အဲ့သပွတ်အူထဲကနေ နင်ကအရင်ရုန်းထွက်ခဲ့တာ ဆိုတော့ နောက်ဆုံးထိ ရုန်းမထွက်ခဲ့တဲ့ ငါ့ကို နင် ရွံလည်းရွံနေမှာပေါ့ ”

သူက သက်ပြင်းချကာ ကျွန်မကို ကြည့်သည်။ သူမျက်ရည်လည်နေသည် ။ ခုချိန်ကျမှ သူ့ဆီက နောင်တမျက်ရည်ကို မြင်ရတော့ ဘာလုပ်မှာလဲ။

” ငါ သိပ်နောင်တရပါတယ် ၊ အမေဆုံးပြီးကတည်းက ငါ့ဘဝကြီးက လုံးဝ တစ်ယောက်တည်းပဲ ၊ ငါ စိတ်ဓာတ်တွေကျပြီး ခဏခဏ မထူနိုင်မထနိုင်လို့ ဆေးတွေလည်း သောက်ခဲ့ရတယ် ၊ အဲ့လို အချိန်တွေတိုင်းမှာ နင်နဲ့ သမီးလေးကို ငါသိပ်သတိရတယ် ၊ မိသားစုနဲ့ နေရဖို့ကံပါပါလျက် ငါမကောင်းလို့၊ ငါ မကောင်းခဲ့လို့ တစ်ယောက်တည်းဖြစ်နေရတာ ဆိုပြီး တွေးမိတိုင်း မျက်ရည်ကျရတယ် ”

ကျွန်မ မျက်ရည်ဝဲနေပေမဲ့ အံကိုတင်းတင်းကြိတ်ကာ မကျမိအောင် တင်းခံထားသည်။

” သမီးလေးက ဘယ်နှနှစ်ရှိပြီလဲဟင် သူ့နံမည်ကရော ”

သမီးလေး၏ အသက်ကိုတောင် မှတ်မထားဘဲ သတိရခဲ့သတဲ့လား ။

” သမီးလေးက ပထမတန်းတက်နေပြီ ”
” ဟာ ဟုတ်လား ၊ ဘယ်ကျောင်းမှာလဲ ၊ နံမည်ကရော ၊ ငါ့ ငါ့နံမည် ပါရဲ့လား ”
” ဟင်း စိတ်တောင်မကူးနဲ့ ”

ကျွန်မက သူ့ကို ခပ်ချဉ်ချဉ်မဲ့ကာ ပြောပစ်လိုက်သည် ။

” နင့်နံမည်တစ်လုံးမှမပါဘူး ၊ ထည့်ဖို့ မတန်လို့ မထည့်တာ ၊ ငါ့သမီးနံမည်လည်း နင့်ကို တစ်သက်လုံး မပြောဘူး ၊ ငါ့သမီးနဲ့တွေ့ရဖို့လည်း စိတ်မကူးနဲ့ ၊ သူ့ကို ငါ ပြောထားပြီးပြီ ၊ သူ့အဖေက သူမမွေးခင်ကတည်းက ‌ေ သပြီ ”

သူမျက်ရည်ကျသည် ။ သူကျွန်မကို အံ့ဩထိတ်လန့်စွာဖြင့် ကြေကြေကွဲကွဲ ကြည့်လေသည် ။ သူ ဘာမှမပြောပါ ။ သူ့မှာ ကျွန်မကို ဘာစကားမှလည်း ပြောနိုင်စွမ်းမရှိပါ ။

” နင်ခုယူထားတဲ့ ပန်းငုံဆိုတဲ့မိန်းကလေးကို ငါ့လို ခံစားရအောင် မလုပ်ပါနဲ့ ကောင်းဆက်ဟန် ၊ ဒါငါ နင့်ကို ဒီတစ်သက်တာလုံးမှာ ပထမဆုံးတောင်းဆိုတဲ့တောင်းဆိုမှုပါ ၊ ငါတို့မယူခင်ကရော ယူပြီးတော့ရော နင်ငါ့ကို အမြဲချစ်ပေးဖို့ ၊ ထားမသွားဖို့ ၊ သစ္စာမဖော က်ဖို့ ငါဘာဆိုဘာမှ မတောင်းဆိုခဲ့ဖူးဘူး မဟုတ်လား ၊ ငါတို့ညီအစ်မတွေ ညံ့လို့ ရူးမိုက်လို့ နင် အတွက်နဲ့ခံစားခဲ့ရတယ် ၊ ပန်းငုံကိုတော့ ညံ့ညံ ၊ ရူးရူး ၊ မိုက်မိုက် နင် မပစ် လိုက်ပါနဲ့ ၊ သမီးလေးကို ငဲ့ပြီးပဲ ဖြစ်ဖြစ် ငါ့စကားကို နင်မှတ်ထားပေးပါ … ”

သူမျက်ရည်တွေ ကျနေရင်းက ခေါင်းအကြိမ်ကြိမ်ညိတ်သည် ။

” စိတ်ချပါ သက်ထားရယ် ၊ ငါ ငါ့ကိုယ်ငါ အကောင်းဆုံးပြင်ဆင်တော့မှာပါ ၊ ဒါပေမဲ့ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်လေး ပဲဖြစ်ဖြစ် သမီးလေးကို တွေ့ခွင့်ပေးပါလားဟာ ၊ ငါ အဝေးကနေပဲ ကြည့်ပါ့မယ် ”
” မပေးနိုင်ဘူး ၊ နောက်လည်း တွေ့ရမှာမှမဟုတ်တာ ၊ ဘာလို့ သံယောဇဉ် ဖြစ်အောင် တွေ့နေမှာလဲ ၊ နင့်မှာ ပန်းငုံမွေးပေးတဲ့ ကလေးတစ်ယောက်ပဲရှိတယ်လို့ သဘောထားလိုက်ပါ ၊ ငါ အသက်ရှိနေသ၍ ငါ့သမီးလေးကို နင်နဲ့မ‌ေတွ့အောင်ထားမှာ နင်တွေ့ချင်ရင် ငါ‌ေ သမှပဲလာခဲ့ပေါ့ ”

သူကျွန်မကို နာကျင်စွာ ငေးကြည့်နေသည် ။ သူ့မျက်ဝန်းတွေ ထဲမျက်ရည်တွေပြည့်လို့ပါ။ တစ်ချိန်က ကျွန်မလည်းသူ၏ လုပ်ရပ်တွေကို ဤသို့ ဘာမှမတတ်နိုင်ဘဲ ရပ်ကြည့်ခဲ့ရသည်မဟုတ်လား ။

ကျွန်မ ကျောခိုင်းလိုက်ပါသည်။ ကျွန်မ ရင်ထဲပူနေပါသည် ။ မျက်ရည်ကို ပါးပြင်ဆီလုံးဝကျဆင်းခွင့်မပြုပါ။ ကျွန်မ သမီးလေးကို မွေးပြီးကတည်းက သူ့အတွက်နှင့် ထပ်မငိုဖို့ ဆုံးဖြ တ်ထားခဲ့သည်။ ကျွန်မ သမီးလေးကို ဆေးရုံကြီးမှာ မပြတော့ပါ ။ အပြင်ဆေးခန်းကိုပဲ သွားလိုက်သည်။ သမီးလေး၏ မျက်နှာကို သူမြင်မှာ မလိုလားပါ။ သမီးလေးဟာ သူ့သမီးမှန်း သိသာစွာ ရုပ်ချင်း တထေရာတည်း တူသည်။ သူမသိစေရပါ။ သိခွင့်မပေးပါ ။ ကျွန်မ ထိုနေ့ကနေစပြီး တခြားမြို့မှာ ပြောင်းနေဖို့ စီစဉ်တော့သည်။ သမီးလေး၏ ကျောင်းပြောင်းလက်မှတ်ရတော့ ကျွန်မ ချက်ချင်း ပြောင်းခဲ့သည်။ အဖေနှင့်အ‌ေမကလည်း ကျွန်မ ဆန္ဒကို အားပေးလိုက်လျော ခဲ့ပါသည် ။ သူတို့လည်း လက်ရှိအိမ်နှင့်ခြံကို ရောင်းဖို့ စီစဉ်နေကြသည် ။ ချက်ချင်းရောင်းမထွက်သေးတာကြောင့် ကျွန်မတို့နှင့် အတူလိုက်မလာနိုင်သေးပါ။

ကျွန်မ ကောင်းဆက်ဟန်နှင့် အတော်ဝေးသောမြို့ကို ပြောင်းခဲ့သည် ။ ကျွန်မ ကိုယ်ပိုင်အိမ်မဝယ်နိုင်သေးပါ ။ အိမ်ငှားနေရသည် ။ သားအမိနှစ်ယောက်တည်းမို့ အိမ်ရှင်အဒေါ်ကြီးကလည်း ကြည်ကြည်ဖြူဖြူရှိပါသည်။ အဖေကတော့ သူတို့၏ လက်ရှိခြံရောင်းထွက်လျှင် ထိုကရသည့်ပိုက်ဆံရယ် ၊ စု‌ေဆာင်း ထားသည့် ပိုက်ဆံရယ်နှင့် ဒီမြို့မှာ မိသားစုလေးယောက် နေလို့ရရုံ အိမ်လေး ဝယ်မည် ဟု ပြောသည် ။ ကျွန်မ စိတ်ချမ်းသာရပါသည်။ ကျွန်မစိတ်လည်းအေးရပါပြီ ။ ထိုယောက်ျား လူ့လောကမှာ မရှိတော့သည့်အချိန်ကျမှ ကျွန်မ ထိုဇာတိမြို့လေးကိုပြန်မည် ။ ကျွန်မ အတ္တကြီးသည်ပဲဆိုဆို ကျွန်မ သမီးလေးကိုသူတစ်သက်လုံး မမြင်စေရပါ။ ကျွန်မ သူနှင့်ကွာရှင်းတုန်းက သူ့မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ယူထားသည် ။ တစ်ချိန်သမီးလေး မှတ်ပုံတင်လုပ်လျှင် သူနှင့် ဆက်သွယ်စရာမလိုအပ်အောင်ပါ ။

ဤသို့ဖြင့် ကျွန်မတို့၏ ရှုပ်ထွေးပွေလီလှသော သပွတ်အူ အိမ်ထောင်ရေးကြီးဟာ ထိုနေရာမှာ ဆုံးခန်းတိုင်‌ခဲ့ပါသည်။ ကျွန်မတို့လို သပွတ်အူ အိမ်ထောင်ရေးမျိုး ဘယ်နေရာ ဘယ်ဒေသ ဘယ်လူ့ပတ်ဝန်းကျင်မှာ မှ မရှိပါစေနှင့် ၊ ကောင်းဆက်ဟန်လို ယောက်ျားမျိုးလည်း မရှိပါစေနှင့်ဟု ကျွန်မ ညတိုင်း ဆုတောင်းမိဆဲ ။ ‌ကျွန်မ၏ အဖြစ်အပျ က်၊အေးသန္တာ၏ အဖြစ်အပျ က် နှင့် နွယ်ရီချို၏ အဖြစ်အပျ က် များကနေ မိန်းကလေးများ သင်ခန်းစာယူနိုင်ဖို့အတွက် ဒီဝတ္ထုလေးကို ရေးပေးဖို့ တောင်းဆိုခဲ့ရခြင်းဖြစ်ပါသည်။

ပြီးပါပြီ ။
#JoJo

ဒီဝတ္ထုလေးကို ရေးပေးခွင့်ရသည့်အတွက်လည်း ဝမ်းမြောက်မိပါသည် ။
စာဖတ်သူများအားလုံး စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံ၍ နေ့ရက်တိုင်းမှာ အဆင်ပြေ ချောမွေ့ကြပါစေ ။

ဆက်လက်ကြိုးစားပါဦးမည်။
ချစ်သော JoJo