လျော့ကြည့်လိုက်ပါ

 လျှော့ကြည့်လိုက်ပါ(စ/ဆုံး)


‎——————-

‎တစ်နေ့တွင် ဘုန်းကြီးကျောင်းအတွင်းသို့ အမျိုးသမီးကြီးတစ်ယောက် ဝင်လာသည်။ ဆရာတော်က ကျောင်းထဲတွင် တံမြက်စည်း လှည်းနေသည်။ အမျိုးသမီးက ဆရာတော်ကို ဦးချလိုက်သည်။

‎“ဒကာမကြီး ကျန်းမာရဲ့နော်”

‎“လူကကျန်းမာပါတယ်ဘုရား”

‎“လူက ကျန်းမာတယ်ဆိုတော့ … အခြားဘာဖြစ်နေလို့လဲ”

‎“စိတ်ဆင်းရဲနေရပါတယ်ဘုရား … တပည့်တော် … အတော်လေး စိတ်ညစ်နေပါတယ်ဘုရား … တပည့်တော်ကို စိတ်ချမ်းသာအောင် တရားပြပါဘုရား”

‎“ဪ စိတ်ဆင်းရဲနေတာကိုး”

‎“တင်ပါ့ဘုရား”

‎“တရားပြရမယ်ပေါ့”

‎“တင်ပါ့ဘုရား”

‎“ကိုင်း … တရားပြမယ် ဒကာမကြီး ဒီမှာတော့ မဟုတ်ဘူး … ဟိုး တောင်ကုန်းပေါ်က ဘုရားပေါ်ရောက်မှ”

‎“တပည့်တော်လိုက်ခဲ့ပါ့မယ်ဘုရား”

‎ဆရာတော်က တံမြက်စည်းကို သစ်ပင်တစ်ပင်တွင် ထောင်ထားလိုက်ပြီးနောက် ရှေ့ကကြွသွားသည်။

‎တောင်ကုန်းထက်တွင် စေတီလေးတစ်ဆူရှိသည်။ ဆရာတော်က တောင်ကုန်းကိုတက်ရမည့် လှေကားရင်းကို ရောက်သည့်အခါတွင် အုတ်နီခဲတွေကို ဆင့်လိုက်ပြီး မ,ရန် ပြင်လိုက်သည်။

‎“အို ဆရာတော်ဘုရား … တပည့်တော် သယ်လာပေးပါ့မယ်ဘုရား … တပည့်တော်ကို ပေးပါဘုရား”

‎“တောင်ကုန်းပေါ်မှာ ဇရပ်ပြင်နေတယ် … အဲဒါကြောင့် တောင်ကုန်းပေါ်တက်ရင် အုတ်နီခဲတွေကို နိုင်သလောက် သယ်သွားရတယ်”

‎“တပည့်တော် သယ်ပေးပါ့မယ်ဘုရား … တပည့်တော် ခေါင်းပေါ်တင်ပေးပါဘုရား”

‎အမျိုးသမီးကြီးက ပါလာသည့် တဘက်ကို ခွေလိုက်ပြီး ခေါင်းပေါ်ကို တင်လိုက်သည်။ ဆရာတော် ကလည်း အမျိုးသမီးခေါင်းပေါ်ကို အုတ်ခဲ သုံးလုံးတင်လိုက်သည်။

‎“ဒကာမကြီး ရပြီလား”

‎“ထပ်တင်ပါဘုရား … တပည့်တော် နိုင်ပါတယ်”

‎လေးလုံးတင်လိုက်သည်

‎“ရရဲ့လား”

‎“ငါးလုံးတင်ပါဘုရား … ရပါတယ်”

‎ဆရာတော်က အမျိုးသမီးခေါင်းပေါ် အုတ်ခဲ ငါးလုံးတင်ပေးလိုက်ပြီးနောက် ရှေ့က ကြွသွားသည်။

‎တောင်က မတ်စောက်သည်။ လှေခါးထစ်တွေကလည်း မညီမညာဖြစ်သောကြောင့် မနည်းထိန်းတက်နေ ရသည်။ ဝေးကလည်း ဝေးသည်။

‎ခရီးသုံးပုံတစ်ပုံခန့်အရောက်တွင် ဆရာတော်က နောက်လှည့်ကြည့်သည်။ ရဟန်းအစ်မကြီးကား မောဟိုက် နေပြီ။

‎“ဒကာမကြီးရရဲ့လား”

‎“တောင်ကမတ်တော့ နည်းနည်း မောတယ်ဘုရား”

‎“ပင်ပန်းလွန်းရင် အုတ်ခဲတစ်ခဲလျှော့လိုက်လေ”

‎“တင်ပါ့ဘုရား”

‎ရဟန်းအစ်မကြီးက အုတ်ခဲတစ်ခဲကို လမ်းဘေးချလိုက်သည်။ ထို့နောက် ဆက်တက်သည်။ ခရီးတစ်ဝက် မရောက်မှ နားရပြန်သည်။

‎“ဒကာမကြီး ဖြစ်ပါ့မလား”

‎“ချွေးတော့ပြန်နေပြီဘုရား”

‎“အုတ်ခဲတစ်ခဲ လျှော့လိုက်ပါလား”

‎အုတ်ခဲတစ်ခဲကို လမ်းဘေးတွင် ချခဲ့ရပြန်သည်။ ဆက်တက်ကြသည်။ ခရီးတစ်ဝက်အရောက်တွင် ရဟန်း အစ်မကြီး နားနေပြန်သည်

‎“ဒကာမကြီးဖြစ်ပါ့မလား”

‎“ဖြစ်ပါတယ်ဘုရား”

‎“အုတ်ခဲလျှော့လိုက်ပါ … ကိစ္စမရှိပါဘူး … ကျောင်းသားတွေ နောက်ကလိုက်လာပြီး ကောက်လာလိမ့်မယ်”

‎တစ်ခဲလျှော့လိုက်ပြန်သည်။

‎ဤသို့ဖြင့် နောက်ဆုံးတွင် တောင်ပေါ်သို့ရောက်သည့်အခါ ရဟန်းအစ်မကြီးထံတွင် အုတ်ခဲတစ်ခဲသာ ပါတော့ သည်။

‎တောင်ပေါ်ရောက်သည်နှင့် ရဟန်းအစ်မကြီးက ဘုရားကို ဝတ်ပြုသည်။ ဇရပ်ပျက်ထဲတွင် ထိုင်နေသည့် ဆရာတော်ကို ဦးချပြီးနောက်

‎“အရှင်ဘုရား … တပည့်တော်ကို တရားပြပါဘုရား”

‎“တရားပြပြီးပြီလေ … ဒကာမကြီး”

‎“ခုမှထိုင်တာလေဘုရား ဘယ်မှာ တရားဟောရသေးလို့လဲ”

‎“ဒကာမကြီး”

‎“ဘုရား”

‎“တောင်အောက်ကနေ အုတ်ခဲစသယ်တော့ ဘယ်နှလုံး သယ်လာသလဲ”

‎“ငါးလုံးပါဘုရား”

‎“တောင်ပေါ်ကို ဘယ်နှလုံးပါလာသလဲ”

‎“တစ်လုံးတည်းပါဘုရား”

‎“အုတ်ခဲတွေကို တစ်လုံးလျှော့လိုက်တိုင်း ဘယ်လိုခံစားရသလဲ”

‎“ပေါ့သွားပါတယ်ဘုရား”

‎“ခုဆိုရင် ဒကာမကြီး ခေါင်းပေါ်မှာ ရွက်ပိုးထားတာ ဘယ်နှလုံးရှိသေးလဲ”

‎“တစ်လုံးမှ မရှိတော့ပါဘုရား”

‎“တစ်လုံးမှ မရှိတော့ ဘယ်လိုနေသလဲ … မောသေးလား … ပင်ပန်းသေးလား”

‎“မမောတော့ပါဘုရား … မပင်ပန်းတော့ပါဘုရား”

‎“အင်း … ဒကာမကြီး … ကိုယ့်အပေါ်ကို ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့နိုင်သမျှ လျှော့တော့ ဟုတ်ပြီလား … လျှော့နိုင်လေ … ခရီးရောက်လေ … မလျှော့နိုင်လေ … ပင်ပန်းလေ … ဘာဖြစ်လို့ ဝန်ထုပ်ဝန်ပိုးတွေကို ဆက်ရွက်နေချင်သေးသလဲ … မနိုင်ရင် ချထားခဲ့ … ခရီးရောက်အောင် ဘာမှမပါဘဲ တက်နိုင်လေ … မြန်မြန် ရောက်လေပဲ … လက်တွေ့မဟုတ်လား”

‎“တင်ပါ့ဘုရား … တပည့်တော် သဘောပေါက်ပါပြီဘုရား”

‎“သာဓု … သာဓု … သာဓု”

‎တင်ညွန့်

‎၁.၃.၂၀၂၂