လျှော့ကြည့်လိုက်ပါ(စ/ဆုံး)
——————-
တစ်နေ့တွင် ဘုန်းကြီးကျောင်းအတွင်းသို့ အမျိုးသမီးကြီးတစ်ယောက် ဝင်လာသည်။ ဆရာတော်က ကျောင်းထဲတွင် တံမြက်စည်း လှည်းနေသည်။ အမျိုးသမီးက ဆရာတော်ကို ဦးချလိုက်သည်။
“ဒကာမကြီး ကျန်းမာရဲ့နော်”
“လူကကျန်းမာပါတယ်ဘုရား”
“လူက ကျန်းမာတယ်ဆိုတော့ … အခြားဘာဖြစ်နေလို့လဲ”
“စိတ်ဆင်းရဲနေရပါတယ်ဘုရား … တပည့်တော် … အတော်လေး စိတ်ညစ်နေပါတယ်ဘုရား … တပည့်တော်ကို စိတ်ချမ်းသာအောင် တရားပြပါဘုရား”
“ဪ စိတ်ဆင်းရဲနေတာကိုး”
“တင်ပါ့ဘုရား”
“တရားပြရမယ်ပေါ့”
“တင်ပါ့ဘုရား”
“ကိုင်း … တရားပြမယ် ဒကာမကြီး ဒီမှာတော့ မဟုတ်ဘူး … ဟိုး တောင်ကုန်းပေါ်က ဘုရားပေါ်ရောက်မှ”
“တပည့်တော်လိုက်ခဲ့ပါ့မယ်ဘုရား”
ဆရာတော်က တံမြက်စည်းကို သစ်ပင်တစ်ပင်တွင် ထောင်ထားလိုက်ပြီးနောက် ရှေ့ကကြွသွားသည်။
တောင်ကုန်းထက်တွင် စေတီလေးတစ်ဆူရှိသည်။ ဆရာတော်က တောင်ကုန်းကိုတက်ရမည့် လှေကားရင်းကို ရောက်သည့်အခါတွင် အုတ်နီခဲတွေကို ဆင့်လိုက်ပြီး မ,ရန် ပြင်လိုက်သည်။
“အို ဆရာတော်ဘုရား … တပည့်တော် သယ်လာပေးပါ့မယ်ဘုရား … တပည့်တော်ကို ပေးပါဘုရား”
“တောင်ကုန်းပေါ်မှာ ဇရပ်ပြင်နေတယ် … အဲဒါကြောင့် တောင်ကုန်းပေါ်တက်ရင် အုတ်နီခဲတွေကို နိုင်သလောက် သယ်သွားရတယ်”
“တပည့်တော် သယ်ပေးပါ့မယ်ဘုရား … တပည့်တော် ခေါင်းပေါ်တင်ပေးပါဘုရား”
အမျိုးသမီးကြီးက ပါလာသည့် တဘက်ကို ခွေလိုက်ပြီး ခေါင်းပေါ်ကို တင်လိုက်သည်။ ဆရာတော် ကလည်း အမျိုးသမီးခေါင်းပေါ်ကို အုတ်ခဲ သုံးလုံးတင်လိုက်သည်။
“ဒကာမကြီး ရပြီလား”
“ထပ်တင်ပါဘုရား … တပည့်တော် နိုင်ပါတယ်”
လေးလုံးတင်လိုက်သည်
“ရရဲ့လား”
“ငါးလုံးတင်ပါဘုရား … ရပါတယ်”
ဆရာတော်က အမျိုးသမီးခေါင်းပေါ် အုတ်ခဲ ငါးလုံးတင်ပေးလိုက်ပြီးနောက် ရှေ့က ကြွသွားသည်။
တောင်က မတ်စောက်သည်။ လှေခါးထစ်တွေကလည်း မညီမညာဖြစ်သောကြောင့် မနည်းထိန်းတက်နေ ရသည်။ ဝေးကလည်း ဝေးသည်။
ခရီးသုံးပုံတစ်ပုံခန့်အရောက်တွင် ဆရာတော်က နောက်လှည့်ကြည့်သည်။ ရဟန်းအစ်မကြီးကား မောဟိုက် နေပြီ။
“ဒကာမကြီးရရဲ့လား”
“တောင်ကမတ်တော့ နည်းနည်း မောတယ်ဘုရား”
“ပင်ပန်းလွန်းရင် အုတ်ခဲတစ်ခဲလျှော့လိုက်လေ”
“တင်ပါ့ဘုရား”
ရဟန်းအစ်မကြီးက အုတ်ခဲတစ်ခဲကို လမ်းဘေးချလိုက်သည်။ ထို့နောက် ဆက်တက်သည်။ ခရီးတစ်ဝက် မရောက်မှ နားရပြန်သည်။
“ဒကာမကြီး ဖြစ်ပါ့မလား”
“ချွေးတော့ပြန်နေပြီဘုရား”
“အုတ်ခဲတစ်ခဲ လျှော့လိုက်ပါလား”
အုတ်ခဲတစ်ခဲကို လမ်းဘေးတွင် ချခဲ့ရပြန်သည်။ ဆက်တက်ကြသည်။ ခရီးတစ်ဝက်အရောက်တွင် ရဟန်း အစ်မကြီး နားနေပြန်သည်
“ဒကာမကြီးဖြစ်ပါ့မလား”
“ဖြစ်ပါတယ်ဘုရား”
“အုတ်ခဲလျှော့လိုက်ပါ … ကိစ္စမရှိပါဘူး … ကျောင်းသားတွေ နောက်ကလိုက်လာပြီး ကောက်လာလိမ့်မယ်”
တစ်ခဲလျှော့လိုက်ပြန်သည်။
ဤသို့ဖြင့် နောက်ဆုံးတွင် တောင်ပေါ်သို့ရောက်သည့်အခါ ရဟန်းအစ်မကြီးထံတွင် အုတ်ခဲတစ်ခဲသာ ပါတော့ သည်။
တောင်ပေါ်ရောက်သည်နှင့် ရဟန်းအစ်မကြီးက ဘုရားကို ဝတ်ပြုသည်။ ဇရပ်ပျက်ထဲတွင် ထိုင်နေသည့် ဆရာတော်ကို ဦးချပြီးနောက်
“အရှင်ဘုရား … တပည့်တော်ကို တရားပြပါဘုရား”
“တရားပြပြီးပြီလေ … ဒကာမကြီး”
“ခုမှထိုင်တာလေဘုရား ဘယ်မှာ တရားဟောရသေးလို့လဲ”
“ဒကာမကြီး”
“ဘုရား”
“တောင်အောက်ကနေ အုတ်ခဲစသယ်တော့ ဘယ်နှလုံး သယ်လာသလဲ”
“ငါးလုံးပါဘုရား”
“တောင်ပေါ်ကို ဘယ်နှလုံးပါလာသလဲ”
“တစ်လုံးတည်းပါဘုရား”
“အုတ်ခဲတွေကို တစ်လုံးလျှော့လိုက်တိုင်း ဘယ်လိုခံစားရသလဲ”
“ပေါ့သွားပါတယ်ဘုရား”
“ခုဆိုရင် ဒကာမကြီး ခေါင်းပေါ်မှာ ရွက်ပိုးထားတာ ဘယ်နှလုံးရှိသေးလဲ”
“တစ်လုံးမှ မရှိတော့ပါဘုရား”
“တစ်လုံးမှ မရှိတော့ ဘယ်လိုနေသလဲ … မောသေးလား … ပင်ပန်းသေးလား”
“မမောတော့ပါဘုရား … မပင်ပန်းတော့ပါဘုရား”
“အင်း … ဒကာမကြီး … ကိုယ့်အပေါ်ကို ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့နိုင်သမျှ လျှော့တော့ ဟုတ်ပြီလား … လျှော့နိုင်လေ … ခရီးရောက်လေ … မလျှော့နိုင်လေ … ပင်ပန်းလေ … ဘာဖြစ်လို့ ဝန်ထုပ်ဝန်ပိုးတွေကို ဆက်ရွက်နေချင်သေးသလဲ … မနိုင်ရင် ချထားခဲ့ … ခရီးရောက်အောင် ဘာမှမပါဘဲ တက်နိုင်လေ … မြန်မြန် ရောက်လေပဲ … လက်တွေ့မဟုတ်လား”
“တင်ပါ့ဘုရား … တပည့်တော် သဘောပေါက်ပါပြီဘုရား”
“သာဓု … သာဓု … သာဓု”
တင်ညွန့်
၁.၃.၂၀၂၂