အလုပ်သရဲ
---------------
ရုံးတော်က လူငယ်တစ်ယောက်ကို သေဒဏ်အမိန့်ချမှတ်လိုက်သည်။
သူ့ဖခင်သည် နာမည်ကျော် ဥပဒေပညာရှင်တစ်ယောက်ဖြစ်သည်။ တရားသူကြီးက လူငယ်၏စိတ်ဆန္ဒကို သိလိုသဖြင့် မေးလိုက်သည်။
“မောင်မင်း ဖခင်နဲ့ပတ်သက်ပြီး အမှတ်အရဆုံးက ဘာများလဲ”
လူငယ်ကဖြေသည်
“ကျွန်တော် မှတ်မိတာကတော့ အဖေ့ဆီသွားပြီးတော့ အကြံတောင်းတော့ အဖေက ကျွန်တော့်ကို သူ့စာအုပ်ကို ရေးနေရာကနေလှမ်းကြည့်ပြီး သွားစမ်းကွာ … ဒီမှာ အလုပ်များနေတယ်လို့ ပြောလိုက်တာပါပဲ”
“နောက် ကျွန်တော်သူ့ကို စကားပြောဖို့ကြိုးစားတော့ … သွားပါကွာ … ဒီမှာ ငါ့စာအုပ်ပြီးတော့မယ်လို့ ပြောလိုက်တယ်”
တရားသူကြီးက မှတ်ချက်ချသည်။
“ဖြစ်ရလေကွယ် … သူ့စာအုပ်ကတော့ ပြီးသွားမှာပေါ့ … သူ့သားကိုတော့ သူဆုံးရှုံးလိုက်ရတယ်”
ထိုအဖြစ်အပျက်လေးကိုဖတ်ပြီး ကျွန်တော်စိတ်မကောင်းဖြစ်နေမိသည်။
ကျွန်တော့်စိတ်ထဲတွင်ပေါ်လာသည်ကတော့ အလုပ်စွဲသူ (Workaholic) သို့မဟုတ် အလုပ်သရဲတွေ အကြောင်း ဖြစ်သည်။
ကျွန်တော်တို့က အလုပ်စွဲသူ (Workaholic) တွေကို “ကြိုးစားသူတွေ” ဟူ၍ အပေါ်ယံသတ်မှတ်လေ့ရှိကြ သည်။ အမှန်တော့ ထိုသူများသည် စိတ်ပိုင်းဆိုင်ရာဖြစ်တည်မှု အနေအထားတစ်ခုတွင် ရှင်သန်နေကြသူတွေ သာဖြစ်သည်။
အချို့သော (Workaholic) တွေ၏ အလုပ်စွဲလမ်းမှုသည် ရလဒ်ကို စွဲလမ်းခြင်းထက် အလုပ်ရှုပ်နေရသည်ကို သာယာနေသောကြောင့်ဖြစ်သည်။ ထိုသူတို့သည် တီထွင်ဖန်တီးမှု အသစ်တွေကို ဖော်ဆောင်နိုင်ခြင်းထက် အလုပ်တွေကိုဖိလုပ်နေခြင်းအပေါ် သာယာနေသောကြောင့်လည်း သူ့ဘဝ၏ဖြစ်သင့်ဖြစ်ထိုက်၊ လုပ်သင့် လုပ်ထိုက်သည်တို့ကို မေ့ထားသူများ ဖြစ်နိုင်သည်။
ကိုယ့်ဌာနတွင် ကိုယ့်အထက်အရာရှိသည် (Workaholic) တွေဖြစ်နေလျှင် လက်အောင်ငယ်သားတွေက စိတ်ကုန်ခမ်းခြင်း (Burnout) ဖြစ်စေနိုင်သည့်အတွက် ရေရှည်တွင် အဖွဲ့အစည်းကိုပါ ပျက်စီးသွားစေနိုင်ပါ သည်။
Workaholic တွေသည် မိသားစုကို ချမ်းသာကြွယ်ဝအောင် ထားကောင်းထားနိုင်ပါလိမ့်မည်။ သို့သော်လည်း မိသားစုအတွင်း၌ “ရှိသော်လည်း မရှိသကဲ့သို့” ဖြစ်လာတတ်သည်။ အိမ်တွင် ရှိနေချိန်လေးမှာပင် အလုပ်ထဲ စိတ်ရောက်နေသည့်သူမှာ မိသားစုနှင့် စိတ်ချင်းဆက်နွယ်မှုတွေ ပြတ်တောက်သွားတတ်သည်။
မိသားစုနှင့်အိမ်ကို ငွေတွေပုံပေးထားပြီး အချစ်နှင့်နွေးထွေးမှုမရှိသောအိမ်သည် ရေရှည်တွင် မိသားစု အတွက်ပါ စိတ်ဒဏ်ရာ (Trauma) ဖြစ်စေနိုင်ကြောင်း သတိပြုစေလိုပါသည်။
ကြိုးစားသူနှင့် အလုပ်စွဲလမ်းသူ Workaholic တို့သည် ကွာခြားသည်။
ကြိုးစားသူက သူ့ရည်ရွယ်ချက်အတိုင်း ပန်းတိုင်တစ်ခုကို အောင်မြင်အောင်လုပ်သည်။
အလုပ်စွဲသူတွေက ပန်းတိုင်ရှိချင်မှရှိမည်။ အလုပ်မလုပ်ရလျှင် စိုးရိမ်စိတ် (Anxiety) ဖြစ်နေတတ်သည်။
ကြိုးစားသူက အလုပ်နှင့် မိသားစုကို ခွဲခြားနိုင်သည်။
အလုပ်စွဲသူကို အလုပ်က ဘဝတစ်ခုလုံး ဝါးမျိုထားသည်။
ကြိုးစားသူက အလုပ်ကို အဓိပ္ပာယ်ရှိသော အရာတစ်ခုအနေဖြင့်မြင်သည်။
အလုပ်စွဲသူက အလုပ်ကို ထွက်ပေါက်တစ်ခုအနေဖြင့် အသုံးချသည်။
ကြိုးစားသူက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သည်။
အလုပ်စွဲသူက ကျန်းမာရေးနှင့် ပေါင်းသင်းဆက်ဆံရေးတို့ကို လျစ်လျူရှုသည်။
Workaholic ဘဝရောက်နေသူတွေ စဉ်းစားဆင်ခြင်ရန်ဖြစ်သည်။
တင်ညွန့်
၂၅.၂.၂၀၂၆