အိမ်နီးချင်းကောင်း

 

မနက်ခင်း နှိုးစက်သံ မြည်လာတဲ့အခါ ကျွန်တော် ခေါင်းအုံးအောက်က ဖုန်းကို စမ်းတဝါးဝါးနဲ့ ပိတ်လိုက်မိတယ်။ ခေါင်းထဲမှာက ဒီနေ့ လုပ်ရမယ့် ရုံးပရောဂျက်အကြောင်းတွေ၊ မပြီးသေးတဲ့ အစီရင်ခံစာတွေနဲ့ ပြည့်နှက်နေတာ။ ပုံမှန်ဆိုရင် ကျွန်တော့်အိပ်ခန်း ပြတင်းပေါက်ရဲ့ တစ်ဖက်ခြမ်းမှာ "တောက်... တောက်... တောက်" ဆိုတဲ့ ငရုတ်ဆုံထောင်းသံလေး ကြားနေရကျ။ ဘေးအိမ်က အဒေါ်ကြီး ဒေါ်သက်က မနက်တိုင်း ဟင်းချက်ဖို့ ပြင်ဆင်နေတဲ့ အသံပေါ့။ အဲဒီအသံဟာ ကျွန်တော့်အတွက်တော့ မလိုချင်တဲ့ မနက်ခင်းနှိုးစက်တစ်ခုလိုပဲ ဖြစ်နေခဲ့တာ။

ဒါပေမဲ့ ဒီနေ့မှာတော့ ထူးဆန်းစွာပဲ အဲဒီအသံလေး တိတ်ဆိတ်နေတယ်။ ကျွန်တော် ရုံးသွားဖို့ အင်္ကျီကြယ်သီးတပ်ရင်း ဘေးအိမ်ဘက်ကို လှမ်းကြည့်မိတော့ ခြံထဲမှာ ခြောက်ကပ်လို့။ အရင်ကဆိုရင် ဒေါ်ဒေါ်သက်က ပန်းပင်လေးတွေကို ရေလောင်းရင်း "မောင်မင်း... အလုပ်သွားတော့မလို့လား၊ ထမင်းဗူး ထည့်သွားဦးလေ" လို့ လှမ်းနှုတ်ဆက်တတ်တာ။ ကျွန်တော်ကတော့ နာရီကို ကြည့်ပြီး "မအားဘူး အန်တီကြီး၊ ရုံးနောက်ကျနေပြီ" လို့ ခပ်ပြတ်ပြတ်ပဲ ပြန်ပြောပြီး ကားပေါ်တက်ခဲ့မိတာ ရက်ပေါင်း မနည်းတော့ဘူး။ ဒီနေ့မှာတော့ အဲဒီနှုတ်ဆက်သံလေးလည်း မရှိ၊ ငရုတ်ဆုံသံလေးလည်း မရှိ။ ရင်ထဲမှာတော့ တစ်မျိုးကြီး ခံစားနေရပေမဲ့ "အန်တီကြီး နေမကောင်းလို့ အိပ်နေတာ ဖြစ်မှာပါ" လို့ တွေးပြီး ရုံးကိုပဲ အလောတကြီး ထွက်လာခဲ့မိတယ်။

အခန်း ()

ကျွန်တော် ဒီရပ်ကွက်ကို တစ်ယောက်တည်း စပြောင်းလာတုန်းက လူပျိုလူလွတ် ရုံးဝန်ထမ်းတစ်ယောက်ပီပီ အိမ်မှုကိစ္စဆိုတာ ဘာမှမသိဘူး။ အဲဒီနေ့က မိုးတွေကလည်း သည်းကြီးမည်းကြီး ရွာနေတာ။ အထုတ်အပိုးတွေနဲ့ ဒုက္ခရောက်နေတဲ့ ကျွန်တော့်ဆီကို ဒေါ်သက်က ထီးလေးဆောင်းပြီး ရောက်လာခဲ့တယ်။ "သား... အခက်အခဲရှိရင် အန်တီကြီးကို ပြောနော်" ဆိုပြီး သူက နွေးနွေးထွေးထွေး ကြိုဆိုခဲ့တာ။ အဲဒီညက သူ လာပေးတဲ့ ဝက်သားချဉ်ဟင်းနဲ့ ငရုတ်သီးကြော်နံ့လေးက အခုထိ နှာခေါင်းထဲမှာ စွဲနေတုန်းပဲ။

"အိမ်နီးချင်းဆိုတာ အရေးကြုံရင် အမျိုးထက်တောင် အားကိုးရတယ် သားရဲ့" လို့ သူက ပြောခဲ့ဖူးတယ်။ အဲဒီတုန်းက ကျွန်တော်ကတော့ "ကျေးဇူးပါ အန်တီကြီး" လို့ပဲ ယဉ်ယဉ်ကျေးကျေး ပြန်ပြောခဲ့ပေမဲ့ စိတ်ထဲမှာတော့ "ငါ့ဘာကိုယ် အေးအေးဆေးဆေး နေချင်တာ၊ အိမ်နီးချင်းတွေနဲ့ ရောရောနှောနှော မနေချင်ဘူး" လို့ တွေးခဲ့မိတာ အမှန်ပဲ။ ဒေါ်သက်ကတော့ စေတနာအပြည့်နဲ့ ကျွန်တော့်ဆီကို ဟင်းတစ်ခွက်၊ မုန့်တစ်ထုပ် အမြဲလာပေးတတ်တဲ့ အမေအရင်းတစ်ယောက်လို နွေးထွေးခဲ့သူပါ။

အခန်း ()

ဒေါ်သက်က တစ်ဦးတည်းသော သားရှိပေမဲ့ သားဖြစ်သူက နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတာ ကြာပြီ။ အိမ်ကြီးထဲမှာ သူတစ်ယောက်တည်း နေရတာ။ ညနေခင်း ကျွန်တော် ရုံးကပြန်လာလို့ ကားပါကင်ထိုးတဲ့အချိန်တိုင်း ဒေါ်သက်က ခြံစည်းရိုးနားမှာ ရှိနေတတ်တယ်။ "သား... ဒီနေ့ ရုံးမှာ အဆင်ပြေရဲ့လား" လို့ သူ မေးလေ့ရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အလုပ်က ပင်ပန်းလာတာရယ်၊ ဖုန်းထဲက မက်ဆေ့ခ်ျတွေကို ပြန်နေရတာရယ်ကြောင့် "ဟုတ်... ပြေပါတယ်" ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ပဲ သူ့ကို ကျောခိုင်းခဲ့မိတယ်။

ဒေါ်သက်က စကားပြောချင်ရှာတာ။ သူ့သားအကြောင်းတွေ၊ သူ့ရဲ့ ကျန်းမာရေးအကြောင်းတွေ ပြောချင်ပုံရပေမဲ့ ကျွန်တော်အလုပ်တေ ရှုပ်နေတာဖြစ်တဲ့အတွက်ကြောင့် သူ​ ကျွန်တော့်ကို စကားပြောဖိုအားနာခဲ့ဟန်တူပါတယ်။ ကျွန်တော်တို့ကြားက အုတ်တံတိုင်းက ခြောက်ပေပဲ မြင့်ပေမဲ့၊ ကျွန်တော့်ရဲ့ "မအားဘူး" ဆိုတဲ့ စကားကတော့ ကမ္ဘာခြားစေခဲ့တာပေါ့။ ဒေါ်သက်ရဲ့ မျက်လုံးတွေထဲမှာ အထီးကျန်ရိပ်တွေ ထင်နေတာကို မြင်နေရပါလျက်နဲ့ ကျွန်တော်ကတော့ ကိုယ့်ရဲ့ အသက်မပါတဲ့ ရုံးအလုပ်တွေနောက်ကိုပဲ တစ်ကောက်ကောက် လိုက်နေခဲ့မိပါတယ်။

အခန်း ()

လွန်ခဲ့တဲ့ တစ်ပတ်က ကျွန်တော် ရုံးမှာ ပရောဂျက်တစ်ခုကြောင့် စိတ်ဖိစီးနေတဲ့နေ့ပေါ့။ ညနေစောင်း အိမ်ပြန်ရောက်တော့ ဒေါ်သက်က အိမ်ရှေ့က သစ်သားကုလားထိုင်လေးမှာ ထိုင်နေတယ်။ သူက ကျွန်တော့်ကို မြင်တော့ အားယူပြီး ထရပ်လိုက်တယ်။ "သား... ခဏလေး၊ အန်တီကြီး ပြောစရာရှိလို့" လို့ သူက လှမ်းခေါ်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော့်ဆီကို ရုံးက ဖုန်းဝင်လာတယ်။ ကျွန်တော်က ဖုန်းကို ကိုင်လိုက်ရင်းနဲ့ ဒေါ်ဒေါ်သက်ကို "အန်တီကြီး ခဏလေးနော်၊ ကျွန်တော် အရေးကြီး ဖုန်းပြောနေလို့" ဆိုပြီး လက်ကာပြကာ အိမ်ထဲ ဝင်သွားခဲ့တယ်။

အဲဒီအချိန်မှာ ဒေါ်ဒေါ်သက်ရဲ့ မျက်နှာက အရမ်းကို ညှိုးငယ်သွားတာကို ကျွန်တော် ခံစားမိလိုက်ပေမဲ့ ဂရုမစိုက်နိုင်ခဲ့ဘူး။ ဖုန်းပြောပြီးတော့လည်း အလုပ်ကိစ္စတွေနဲ့ပဲ ခေါင်းရှုပ်နေတာကြောင့် သူ့ဆီကို ပြန်ထွက်ဖို့ မေ့သွားခဲ့တယ်။ အဲဒါဟာ သူနဲ့ ကျွန်တော် နောက်ဆုံး ဆုံတွေ့ခဲ့ရတဲ့ အချိန်မှန်း ဘယ်သူက သိမှာလဲ။ ကျွန်တော်သာ အဲဒီနေ့က ဖုန်းကို ခဏလေးချပြီး သူ့အနားကို သွားခဲ့ရင်... သူ ဘာတွေ ပြောချင်ခဲ့မလဲ။ အခုတော့ အဲဒီ "ခဏလေး" ဆိုတဲ့ စကားဟာ ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံး နောင်တ ဖြစ်လာခဲ့ပါပြီ။

အခန်း ()

ဒုတိယမြောက်နေ့မှာ ဒေါ်ဒေါ်သက်ရဲ့ အိမ်ဘက်က ဘာအသံမှ မကြားရတော့ဘူး။ ကျွန်တော် ရုံးသွားဖို့ ထွက်လာတော့ သူ့အိမ်ရှေ့က နို့ဗူးလေးတွေက အိမ်ပြင်မှာ တန်းစီနေတုန်းပဲ။ "အန်တီကြီး ခရီးသွားတာလား" လို့ ခဏတော့ တွေးမိသေးတယ်။ ဒါပေမဲ့ ရုံးက အစည်းအဝေးရှိတာကြောင့် အဲဒီအတွေးကို ချက်ချင်းပဲ ဖျောက်ပစ်လိုက်တယ်။ မြို့သားတစ်ယောက်အတွက်တော့ ဘေးအိမ်က လူထက် ကိုယ့်ရဲ့ ရာထူးတိုးဖို့၊ ကိုယ့်ရဲ့ လစာတိုးဖို့က ပိုအရေးကြီးနေခဲ့တာကိုး။

ညဘက် အိမ်ပြန်ရောက်တော့လည်း ဒေါ်ဒေါ်သက်ရဲ့ အိမ်က မှောင်အတိကျနေတယ်။ ပုံမှန်ဆိုရင် သူက ညဘက် ဘုရားဝတ်ပြုရင် မီးထွန်းထားတတ်တာ။ "အိပ်နေတာ ဖြစ်မှာပါ" လို့ တွေးပြီး ကျွန်တော်လည်း ကိုယ့်အိမ်ထဲကိုယ်ဝင်၊ တံခါးကို ဂျိတ်ထိုးပြီး အိပ်ပျော်သွားခဲ့တယ်။ ကျွန်တော့်ရဲ့ လုံခြုံတဲ့ အိမ်လေးထဲမှာ ကျွန်တော် အိပ်ပျော်နေချိန်မှာ ဘေးအိမ်က လူတစ်ယောက်ဟာ သေခြင်းတရားနဲ့ တစ်ယောက်တည်း ရုန်းကန်နေရတာကို ကျွန်တော် မသိခဲ့ဘူး။ ကျွန်တော်တို့ကြားက အုတ်တံတိုင်းက တကယ်တော့ မေတ္တာတရားတွေကိုပါ ကာဆီးထားခဲ့တာပါ။

အခန်း ()

တတိယမြောက်နေ့ မနက်မှာတော့ ကျွန်တော် ဘယ်လိုမှ စိတ်မအေးနိုင်တော့ဘူး။ ဒေါ်ဒေါ်သက်ရဲ့ အိမ်ရှေ့က နို့ဗူးတွေက နေပူထဲမှာ အနံ့တွေ ထွက်နေပြီ။ ယင်ကောင်လေးတွေကလည်း အိမ်ရှေ့တံခါးနားမှာ ပျံဝဲနေတာကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ရဲ့ ကျောရိုးထဲအထိ စိမ့်တက်သွားခဲ့တယ်။ "အန်တီကြီး... အန်တီကြီး... မောင်မင်းပါ" လို့ အော်ခေါ်ပေမဲ့ ဘာသံမှ ပြန်မကြားရဘူး။ ကျွန်တော် ရင်တုန်တုန်နဲ့ ရပ်ကွက်လူကြီးတွေကို ဖုန်းဆက်ပြီး အကူအညီတောင်းခဲ့ရတယ်။

လူတွေ စုရုံးရောက်ရှိလာပြီး တံခါးကို ဖျက်ဆီးဝင်လိုက်တဲ့အချိန်မှာ ထွက်လာတဲ့ အနံ့က ကျွန်တော့်ကို ခေါင်းမူးသွားစေခဲ့တယ်။ အဲဒီအနံ့ဟာ သေခြင်းတရားရဲ့ အနံ့ပါ။ ဧည့်ခန်းထဲကို လှမ်းကြည့်လိုက်တဲ့အချိန်မှာ ကျွန်တော် မြင်လိုက်ရတဲ့ မြင်ကွင်းက ကျွန်တော့်ရဲ့ နှလုံးသားကို ဓားနဲ့ အချက်ပေါင်းများစွာ မွှန်းလိုက်သလိုပါပဲ။ ဒေါ်ဒေါ်သက်ဟာ ဘုရားစင်ရှေ့မှာ မှောက်လျက်လေး လဲနေတာပါ။ သူ့ရဲ့ လက်တစ်ဖက်က ဘုရားစင်ပေါ်က ရေချမ်းခွက်ကို လှမ်းယူဖို့ ကြိုးစားခဲ့ပုံရပေမဲ့ အင်အားတွေက ကုန်ခမ်းသွားခဲ့ပြီ ထင်ပါတယ်။

အခန်း ()

ကျွန်တော် ဒေါ်သက်ရဲ့ အနားကို ဒူးထောက်ပြီး တိုးသွားမိတယ်။ သူ့ရဲ့ ရုပ်အလောင်းက အေးစက်တောင့်တင်းနေပြီ။ ဒါပေမဲ့ ထူးဆန်းတာက သူ့ရဲ့ ကျန်တဲ့လက်တစ်ဖက်မှာ ဓာတ်ပုံလေးတစ်ပုံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတာပါ။ အဲဒါကတော့ သူ့သားရဲ့ ငယ်ငယ်တုန်းက ဓာတ်ပုံလေးပါ။ သေခါနီးအချိန်မှာ သူ ဘယ်လောက်တောင် ကြောက်ရွံ့ခဲ့မလဲ၊ ဘယ်လောက်တောင် အထီးကျန်ခဲ့မလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ကျွန်တော့် ရင်ဘတ်ထဲမှာ ဆို့တက်လာတယ်။ သူ သေဆုံးသွားတာ အနည်းဆုံး နှစ်ရက်လောက် ရှိနေပြီလို့ ဆရာဝန်က ပြောတယ်။

ကျွန်တော် ရှိုက်ကြီးတငင် ငိုမိတော့တယ်။ ကျွန်တော်ဟာ သူ့ရဲ့ အနီးဆုံးမှာ ရှိနေပါလျက်နဲ့၊ သူ အကူအညီတောင်းခဲ့တဲ့ အချိန်တုန်းက ဘာလို့ "မအားဘူး" လို့ ပြောခဲ့မိတာလဲ။ ကျွန်တော့်ရဲ့ ရုံးအလုပ်တွေ၊ ကျွန်တော့်ရဲ့ ဖုန်းတွေက ဒေါ်ဒေါ်သက်ရဲ့ နောက်ဆုံးထွက်သက်ထက် ပိုအရေးကြီးနေခဲ့တာလား။ ကျွန်တော် သူ့ရဲ့ အေးစက်နေတဲ့ လက်ကလေးကို ကိုင်ကြည့်မိတယ်။ အရင်က ကျွန်တော့်ကို ဟင်းကမ်းပေးခဲ့တဲ့၊ ကျွန်တော့်ကို ကြိုဆိုခဲ့တဲ့ အဲဒီနွေးထွေးတဲ့ လက်ကလေးတွေက အခုတော့ အသက်မဲ့နေပါပြီ။

အခန်း ()

အိမ်ကို ရှင်းလင်းရေးလုပ်နေတုန်းမှာ ဒေါ်ဒေါ်သက်ရဲ့ ကုတင်ဘေးက စားပွဲလေးပေါ်မှာ စာအိတ်လေး တစ်အိတ်ကို တွေ့ရတယ်။ အဲဒီပေါ်မှာ တုန်ရီနေတဲ့ လက်ရေးနဲ့ "သားမောင်မင်းအတွက်" လို့ ရေးထားတယ်။ စာအိတ်ထဲမှာတော့ စာတိုလေးတစ်စောင်နဲ့အတူ သော့တစ်ချောင်း ပါလာတယ်။ "သား... အန်တီကြီး နေလို့မကောင်းတာ ကြာပြီ။ သားက အလုပ်တွေ အရမ်းရှုပ်နေတာဆိုတော့ အားနာလို့ မပြောဖြစ်တာ။ အန်တီကြီး တစ်ခုခုဖြစ်သွားရင် ဒီသော့နဲ့ အံဆွဲကိုဖွင့်ပြီး သားကို အကြောင်းကြားပေးပါဦး။ ပြီးတော့ မီးဖိုချောင်ထဲက ဗူးလေးထဲမှာ သားကြိုက်တဲ့ ငါးရံ့ခြောက်ဖုတ်လေးတွေ အန်တီကြီး လုပ်ထားပေးတယ်၊ ယူစားနော်" တဲ့။

ကျွန်တော် စာကိုဖတ်ရင်း လူကြားထဲမှာတင် အော်ငိုချလိုက်မိတယ်။ သူဟာ ကိုယ်တိုင် သေခြင်းတရားနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာတောင် ကျွန်တော် ဗိုက်ဆာမှာကို စိုးရိမ်နေခဲ့တာလား။ သူပေးတဲ့ မေတ္တာတွေက အရမ်းကို ကြီးမားလွန်းလှပေမဲ့ ကျွန်တော်ကတော့ သူ့ကို အချိန်တစ်မိနစ်တောင် မပေးနိုင်ခဲ့ဘူး။ မီးဖိုချောင်ထဲက ဗူးလေးကို ဖွင့်ကြည့်လိုက်တော့ သေသေချာချာ ထုပ်ပိုးထားတဲ့ ငါးရံ့ခြောက်ဖုတ်လေးတွေကို တွေ့ရတယ်။ အဲဒါတွေက အေးစက်နေပေမဲ့ ဒေါ်ဒေါ်သက်ရဲ့ မေတ္တာနံ့တွေကတော့ ခုထိ သင်းပျံ့နေတုန်းပါပဲ။

အခန်း ()

ရက်အနည်းငယ်အကြာမှာ ဒေါ်သက်ရဲ့ သားဖြစ်သူ နိုင်ငံခြားကနေ ပြန်ရောက်လာတယ်။ သူ အိမ်ထဲကို ပြေးဝင်လာပြီး အမေ့ရဲ့ ရုပ်အလောင်းရှေ့မှာ ဒူးထောက်ငိုကြွေးနေတဲ့ မြင်ကွင်းက ကြည့်ရတာ အရမ်းကို ရင်နာဖို့ကောင်းပါတယ်။ "အမေ... ကျွန်တော် ပိုက်ဆံတွေ အများကြီး ရှာနိုင်ပြီလေ၊ အမေ့ကို လာခေါ်တာလေ... ဘာလို့ မစောင့်တာလဲ" ဆိုတဲ့ သူ့ရဲ့ အော်ဟစ်သံက တစ်အိမ်လုံးကို တုန်ခါသွားစေတယ်။ ပိုက်ဆံတွေက အသက်ကို ဝယ်လို့မရဘူးဆိုတာ သူ အခုမှ သိလိုက်ရပုံပါပဲ။

ကျွန်တော်လည်း သူ့အနားမှာ ရပ်နေရင်း ကိုယ့်ကိုယ်ကိုယ် သတ်ပစ်ချင်စိတ် ပေါက်လာတယ်။ ကျွန်တော်သာ အိမ်နီးချင်းကောင်းတစ်ယောက် ဖြစ်ခဲ့ရင်၊ ကျွန်တော်သာ အဲဒီနေ့က "မအားဘူး" လို့ မပြောခဲ့ရင် ဒေါ်သက်ဟာ သူ့သားကို ပြန်တွေ့သွားနိုင်သေးတာ။ ကျွန်တော်တို့ ရုံးဝန်ထမ်းတွေဟာ အလုပ်ထဲမှာပဲ စိတ်နှစ်ထားရင်းနဲ့ ကိုယ့်ဘေးနားက တန်ဖိုးရှိတဲ့ လူသားတွေကို မေ့လျော့နေကြတာ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းသလဲဆိုတာ ကျွန်တော် ကောင်းကောင်းကြီး သိလိုက်ရပါပြီ။

အခန်း (၁၀)

အခုဆိုရင် ဒေါ်သက်ရဲ့ အိမ်လေးက သူစိမ်းတွေဆီ ရောင်းလိုက်ပြီ။ အိမ်အသစ်က လူတွေကတော့ အရင်ကထက် ပိုမြင့်တဲ့ အုတ်တံတိုင်းတွေ ဆောက်လိုက်ကြတယ်။ သံဆူးကြိုးတွေ ခတ်လိုက်ကြတယ်။ ကျွန်တော် မနက်တိုင်း ရုံးသွားဖို့ အိမ်ပြင်ထွက်တိုင်း ခြံစည်းရိုးမှာ ပြုံးပြီးစောင့်နေတတ်တဲ့ ဒေါ်သက်ကို မြင်ယောင်နေမိတုန်းပဲ။ အခုတော့ "တောက်... တောက်... တောက်" ဆိုတဲ့ ငရုတ်ဆုံသံလေးလည်း မရှိတော့ဘူး၊ "သားမောင်မင်း" ဆိုတဲ့ ခေါ်သံလေးလည်း မရှိတော့ဘူး။

ဒီဇာတ်လမ်းကနေ ကျွန်တော် သင်ယူလိုက်ရတာကတော့ "အလုပ်" ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်သင့်ပြီး ဘဝတစ်ခုလုံး မဖြစ်စေသင့်ဘူးဆိုတာပါပဲ။ သင့်ရဲ့ အိမ်နီးချင်း၊ သင့်ရဲ့ မိဘ၊ သင့်ရဲ့ သူငယ်ချင်းတွေဟာ ပိုက်ဆံထက် သင့်ရဲ့ "ဂရုစိုက်မှု" ကိုပဲ လိုလားနေတတ်ကြပါတယ်။ ဒီစာကို ဖတ်နေတဲ့ ရုံးဝန်ထမ်း သူငယ်ချင်းတို့လည်း ကိုယ့်ရဲ့ အလုပ်တွေကြားမှာ ဘေးနားက လူတွေကို မေ့မထားလိုက်ပါနဲ့။ ကျွန်တော်လိုမျိုး တစ်သက်လုံး ပေးဆပ်ရမယ့် နောင်တတွေ မပိုင်ဆိုင်ပါစေနဲ့။

စာရေးသူ- လူချော ⁽ᴴᵃⁿᵈˢᵒᵐᵉ⁾