ရေအိမ် (ဝတ္ထတို)
(၁)
ဝုန်းခနဲ ထပျံသော ယင်ကောင် မည်းမည်းစိမ်းစိမ်း အုပ်စုကြီးကို အဝေးကပင် လှမ်းမြင်နေရသည်။ စင်စစ် ရေအိမ်ဟုဆိုသော်လည်း ရေတစက်တလေမျှပင် ရှိသည်မဟုတ်။ ပိုးလောက်တို့ တဖွားဖွားဖြင့် ခြေချစရာမရှိအောင် အမြဲတမ်း ညစ်ပတ်ပေရေနေတတ်သော သည်ရေအိမ်ကလေးကို တခါက ‘ရေလောင်းအိမ်သာ’ ဟု ခေါ်ဝေါ်ခဲ့ကြဖူးသည် ဆိုခြင်းကမူ ယခုအခါ အိပ်မက်အဖြစ်သာ ကျန်ရစ် တည်ရှိနေတော့သည်။
(၂)
သည်တန်းလျားခန်းတွေကလည်း ဆောက်ခါစ၊ သည်ရေအိမ်ကလေး ကလည်း ဆောက်ခါစ။ အဲ့သည်တုန်းကတော့ ခပ်ဝေးဝေး ရေစက် တစ်ခုမှ တစ်လက်မ ရေပိုက်တစ်ချောင်းကို သွယ်ယူကာ ရေအိမ်ဟူသောအမည်နှင့် လိုက်လျောညီထွေစွာ ရေတွေ တဝေါဝေါ ကျနေစေ ခဲ့ဖူးသည်။ သည်တုန်းက လူတွေကလည်း များလှသည် မဟုတ်သေး။ စုစုပေါင်းမှ အိမ်ထောင်စုခြောက်စု၊ လူဦးရေအားဖြင့် နှစ်ဆယ် လောက် ရှိမည်။ နှစ်လုံးတွဲ ရေအိမ်ကလေးသည် အသစ်တုန်းကတော့ သူ့ဝန်နှင့်သူ့အား မျှတနေခဲ့သည် ဆိုပါတော့။ ခပ်မြင့်မြင့် အုတ်ရိုးစီ အင်္ဂတေအုတ်ခုံပေါ်မှာ သွပ်ပြားမြောင်းကြဲ ထူထူကြီးတွေ ကာရံထားသည်။ အမိုးကလည်း သွပ်ပြားထူထူကြီးတွေပါပဲ။ တံခါးတွေကတော့ ကျွန်းသားတွေကို ထောင်ကွေးကာ သွပ်ပြားဂိတ်ထူထူ တစ်ချပ်လုံးကို ရိုက်ကပ်ထားသည်။
ပြီးတော့ ရေအိမ်ထဲမှာ နှစ်ခန်းကို တစ်လုံးနှုန်းဖြင့် မီးလုံးလေး တစ်လုံးကိုလည်း တပ်ဆင်ပေးထားသည်။ (သွပ်ပြားကို မီးလုံးတစ်လုံးစာ ဖြတ်တောက်၍ အခန်းအလယ်က တပ်ထားသဖြင့် နှစ်ခန်းစလုံးလင်းသည်) ရေအိမ်၏နောက်မှာ ကပ်လျက်က ‘စံပရိတ်တင့်’ ဟု ခေါ်သော သီးခြားရေစစ်ကန်တစ်လုံး ရှိသည်။ သည်ကန်ကရေနှင့် အညစ်အကြေးကို တစ်ကန့်စီ စစ်ထုတ်ပေးသည်။ ရေစစ်ကန်၏ အမိုးတွေကို အုတ်ကြွပ်ဖြင့် မိုးထားသဖြင့် မိုးရေနှင့် အမှိုက်သရိုက်များ ရုတ်တရက် မဝင်နိုင်ပါ။ ရေပိုက်ခေါင်းမှ တဝေါဝေါ ကျနေသော ရေက ရေအိမ်ကြွေခွက်ထဲကို အစဉ်မပြတ် ကျနေတတ်သဖြင့် အသုံးပြုနေစဉ်ရော၊ အသုံးပြုပြီးအချိန်ရော အမြဲ သန့်ရှင်းနေတတ်သည်။ တန်းလျားခန်းကလေးမှာ နေသူတွေက တစ်ခါတစ်ရံ မနက်ပိုင်းကလေးလောက်မှာသာ တစ်ယောက်နှင့်တစ်ယောက် စောင့်ဆိုင်းနေရ တတ်သော်လည်း အများအားဖြင့် အဆင်ပြေသည်သာ ဖြစ်လေသည်။
ရေအိမ်ကိုရော ရေစစ်ကန်ကိုပါ ရင်ဆို့ခန့်မြင့်သော ငါးပတ်လည် သစ်သားတိုင်များဖြင့် စနစ်တကျ ကာရံထားသည်။ တင်းတင်းရင်းရင်း ဆွဲကာထားသော သံဆူးကြိုးတွေကြောင့် ရေအိမ်ကလေးနှင့် သီးသန့် ရေအိမ်လေးလို ဖြစ်နေသည်။
‘သန့်ရှင်းပါ’ ၊ ‘ရေကိုသာသုံးပါ’ ၊ ‘သင့်သန့်ရှင်းမှုသည် သင့်ကျန်းမာရေး’ ၊ ‘သန့်ရှင်းမှုဖြင့် ဂုဏ်ယူတတ်ပါစေ’ ၊ ‘တုတ်နှင့်စက္ကူ မသုံးရ’ စသည့် စသည့် စာတမ်းတွေကိုလည်း ရေအိမ်ဝမှာ ဆွဲချိတ်ထားသေးသည်။ ရေအိမ်ကို မဝင်ခင်မှာ သည်စာတန်းတွေကို အရင်တွေ့ ရမည် ဖြစ်သည်။ ရေအိမ်ထဲမှာ အကန့်လေးတစ်ကန့် ရှိသေးသည်။ အင်္ဂတေအကန့်ကလေး ဖြစ်သဖြင့် ရေကန်ကလေးလို ဖြစ်နေသည်။ ရေပိုက်မှကျသော ရေတွေက သည်ကန်ကလေးထဲကို အရင်ကျကာ ပိုလျှံသောရေတွေကမှ ရေအိမ်ကြွေခွက်ထဲကို အဆက်မပြတ် ကျနေခြင်းဖြစ်သဖြင့် ရေအိမ်ကြွေခွက်သည် အညစ်အကြေးများ တင်မနေတော့ဘဲ အမြဲ သန့်ရှင်းနေတတ်သည်။ သို့သော် အသုံးပြုသူ၏ ကိုယ်ကာယ သန့်ရှင်းရေးအတွက်ကိုမူ သည်ရေကန်ကလေးထဲက ရေကိုသုံးရသည်။ တချို့က သည်ရေကန်ထဲကရေနှင့် မသန့်စင် ချင်ကြ။ စက္ကူကို သုံးချင်ကြသည်။ ဤသို့ဖြင့် ရေအုပ်စုနှင့် စက္ကူအုပ်စုဟူ၍ အုပ်စုကြီးနှစ်ခု ကွဲလာသည်။ တချို့က သတင်းစာစက္ကူ၊ တချို့က မဂ္ဂဇင်းဟောင်းများ၊ တချို့က ဘိလပ်မြေစက္ကူလို မာဆတ်ဆတ်စက္ကူ စသည်ဖြင့် စက္ကူအမျိုးမျိုးကို သုံးစွဲကြသည်။
ထိုအခါ ပြဿနာနှစ်ခု ရှိလာတော့သည်။ တစ်ခုမှာ စက္ကူအုပ်စု၏ အသုံးပြုပြီး စက္ကူများ ထားသိုရန်နေရာကိစ္စ ဖြစ်လေသည်။
တချို့ကတော့ အသုံးပြုပြီးစက္ကူများကို ရေအိမ်အမိုးနှင့် နောက်ဘက် သွပ်ပြားအကာကြားက လက်ငါးလုံးခန့် ဟနေသော လေဝင်ပေါက် မှ အနောက်ဘက် ရေစစ်ကန် အုပ်ကြွပ်အမိုးပေါ် ပစ်ချတတ်၏။
တချို့ကတော့ ရေအိမ်တွင်း ကြွေခွက်ဘေးက အုတ်အကန့်ကလေး၏ ဘောင်ပေါ်မှာ မသိမသာ တင်ထားခဲ့တာလည်း ရှိ၏။
တချို့တလေက ထိုသုံးပြီးစက္ကူကို ရေအိမ်အပြင်ဘက်သို့ မရွံမရှာ ကိုင်လာကာ ရေအိမ်လမ်းဘေးတွေမှာ ပစ်ချခဲ့တာလည်းရှိသည်။ ထိုအခါ အညစ်အကြေးတွေ ပေကျံနေသော စက္ကူမျိုးစုံက ရေစစ်ကန် အမိုးတွေပေါ်မှာ၊ ရေကန်ကလေးဘေးမှာ၊ လူသွားလမ်းတွေ ပေါ်မှာ တစ်စစီ ပြန့်ကျဲနေတော့သည်။ ထိုအခါ တန်းလျားခန်းကလေးက ရေသုံးသူဘက်က အသံထွက်လာတော့သည်။
စက္ကူမသုံးရ၊ ရေကိုသာသုံးစွဲရေး၊ စည်းကမ်းမဲ့ စက္ကူသုံးသူများ ရှာဖွေပညာပေးရေးတွေ လုပ်လာရတော့သည်။ (ထိုအခါမျိုးတွင် ကျွန်တော့်ကို လာခေါ်တတ်ကြသည်)
“ဒီလိုဗျာ၊ ရေအိမ်ရဲ့ သဘောသဘာဝကိုက ရေလောင်းစနစ်နဲ့ လုပ်ထားတာ မဟုတ်လား၊ စက္ကူနဲ့ဆိုတော့ ရေအိမ်ရဲ့ သဘာဝနဲ့ ဘယ်လိုမှကို မကိုက်နိုင်တော့ဘူးလေ၊ နောက် ဆိုးတာက စက္ကူတွေ ထင်တိုင်း ပစ်ချနေတာ တွေ့နေရတယ်၊ ဘယ်သူတွေလဲ ဆိုတာတော့ ကိုယ့်ဟာကိုယ်တော့ သိမှာပေါ့လေ၊ အဲဒါ ရေကို သုံးကြဖို့တော့လိုမယ်”
မည်သို့ပင်ဖြစ်စေ စက္ကူမသုံးရေး အစည်းအဝေးအပြီးမှာ စက္ကူတွေ ခါတိုင်းလိုပင် ပြန့်ကျဲနေတတ်မြဲ ဖြစ်သည်။ နောက်ထပ် စက္ကူ ပြဿနာ တစ်ခုကတော့ အသုံးပြုပြီး စက္ကူကို ရေအိမ်ကြွေခွက်ထဲကို ချထားခဲ့ခြင်းဖြစ်သည်။
‘ဝီလ်ဆင်နှင့် သားများကုမ္ပဏီ’ ဟု တံဆိပ်ထိုးထားသော တိုင်းခြားဖြစ် ရေအိမ်ကြွေခွက်၏ အညစ်အကြေးဆင်းရာ အပေါက်မှာ ကျယ်လှသည် မဟုတ်ချေ။
ပြီးတော့ အပေါက်ကလည်း တစ်ဖြောင့်တည်း မဟုတ်။ အတွင်းမှာ တစ်ဆစ်ချိုး အခွေအကောက်ဖြစ်သည်။ ထိုအခါ နူးပွလွယ်သော စက္ကူအမျိုးအစားက အကြောင်းမဟုတ်သော်လည်း ဘိလပ်မြေအိတ်ခွံလို မာခေါက်ခေါက် ပျင်းတွဲတွဲ စက္ကူမျိုးကျတော့ ကြွေခွက်အဝကို ဆို့ပိတ်လိုက်သလို ဖြစ်နေတတ်သည်။ တဝေါဝေါ ကျနေသည့် ရေကလည်း သည်စက္ကူတွေ သွားနိုင်လောက်အောင် ဆွဲခေါ်မသွားနိုင်။ ထိုအခါ အညစ်အကြေးတွေ ဆို့ပိတ်နေကာ ညစ်ပတ်သထက် ညစ်ပတ်လာတော့သည်။
ဘာပဲဖြစ်ဖြစ် အဲသည်တုန်းကတော့ ရေအိမ်ကလည်း ကောင်းနေသေးသည်။ ရေလည်း ရှိသေးသည်။ အသုံးပြုသူကလည်း နည်းပါး သေးသည်။ သည်တော့ အဆင်ပြေနေသေးသည်လို့ပဲ ပြောနိုင်သေးသည်။
အဘယ်ကြောင့်ဆိုသော် ရေအုပ်စုကြီးက စက္ကူအုပ်စုကြီးကို လွှမ်းမိုးနေသေးလို့ပဲ ဖြစ်သည်။
(၃)
နှစ်ကလေး တော်တော်ရလာတော့ နောက်ထပ် တန်းလျားခန်း သုံးခန်းလောက် တိုးလာသည်။ တန်းလျားသုံးခု တိုးလာသဖြင့် လူဦးရေ ကလည်း သုံးဆလောက် များလာသည်။
နောက်ထပ် ဆောက်လုပ်သော တန်းလျားခန်းတွေအတွက် ရေအိမ်တွေက တော်တော်ဝေးဝေးမှာ ဆောက်ပေးခြင်း၊ မီးနှင့်ရေ မတပ်ဆင် ရသေးခြင်းတို့ကြောင့် အသုံးပြုသူ မရှိသလောက်ပင်။
တချို့တလေက ထိုရေအိမ်များဆီသို့ သွားတတ်သော်လည်း အများစုကမူ သည်ရေအိမ်ဟောင်းကလေး ဆီကိုပဲ လာကြသည်။ နောက် တစ်ခုက ခပ်ဝေးဝေးမှာ ချောက်ချီးချောက်ချက် ရောင်းသော ဈေးဆိုင်တန်းကလေးက သည်တန်းလျားတွေနားကို ရုတ်တရက်ကြီး ပြောင်းရွှေ့လာရခြင်း ဖြစ်သည်။ ဈေးဆိုင်တန်းကလေး ဆိုသော်လည်း ဈေးငယ်လေး တစ်ဈေးစာလောက် ရှိသဖြင့် သည်နေရာကလေး ပိုမိုစည်ကားလာသည်။ အနားမှာ မြို့ပတ်ဘူတာရုံကလေးကလည်း ရှိသဖြင့် ခရီးသည် တချို့ကလည်း သည်နေရာမှ ရှိနေတတ်သည်။
ဤသို့ဖြင့် လူတွေအားလုံး၏ ကြိုတင်တွက်ဆမထားသော အညစ်အကြေးစွန့်ခြင်းကိစ္စသည် သည်ရေအိမ်ကလေးဆီသို့ ဦးတည်ကာ မမျှော်လင့်ဘဲ ရောက်ရှိလာလေသည်။ ဤသို့ဖြင့် သည်ရေအိမ်ကလေးသည် တန်းလျားခန်း အိမ်သာလည်းဖြစ်၊ ဈေးအိမ်သာလည်း ဖြစ်ကာ ခရီးသည်များ၏ ဘူတာအိမ်သာလည်း ဖြစ်သွားရတော့သည်။
အဆိုးဆုံးကတော့ ဈေးလေးရောက်ရှိလာခြင်းပင် ဖြစ်လေသည်။ မနက်မိုးမလင်းခင် ရောက်နေတတ်သော ဈေးသည်များသည် မနက် မိုးလင်းတာနှင့် သည်ရေအိမ်ကလေးမှာ လုယက်တိုးဝင် အသုံးပြုကြသည်။
လူဦးရေများလာသော တန်းလျားခန်းက လူတွေကလည်း မနက် မနက် သည်ရေအိမ်ကလေးရှေ့မှာ တိုးတိုးဝှေ့ဝှေ့။ တန်းစီစောင့် နေရသော လူတွေကိုကြည့်ကာ တချို့ကလည်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းသည်။ တချို့ကတော့လည်း တွန့်လိမ် ရှုံ့တွနေသော မျက်နှာတွေနှင့် ရေအိမ်ကလေးက ဆင်းလာမည့်သူကို မျှော်လင့်တကြီး စောင့်ဆိုင်းနေတတ်သည်။
တစ်ခါကတော့ နှုတ်လျှာကြမ်းကြမ်း ဈေးသည် မိန်းမတစ်ဦးနှင့် တန်းလျားခန်းက မိန်းမတို့ ရေအိမ်သို့ အရင်ရောက်ခြင်း၊ မရောက်ခြင်း ထက် ရေအိမ်နှင့် သက်ဆိုင်ခြင်း၊ မသက်ဆိုင်ခြင်းကသာ အဓိကကျသည်ဟု ယူဆကာ ရေအိမ်ကို လုဝင်သည်။
ထိုအခါ နံနက်စောစော ‘ဖေ’ ချင်း မိုးမွှန်အောင် ဆဲရေးတိုင်းထွာခြင်း Jazz တေးသွားများ ဝေစီသွားတော့သည်။ တစ်ခါကတော့ ရေအိမ် ပေါ်မှာ လိုအပ်သည်ထက် ပိုမိုကြာမြင့်သည်ဟုဆိုကာ တံခါး အတင်းဆွဲဖွင့်မှု ဖြစ်ပွားခဲ့သေးသည်။
ရေအိမ်ရှေ့မှာ ဖြစ်ပွားခဲ့သော အသေးအဖွဲ အမှုကလေးများမှာ မှတ်တမ်းမှတ်ရာ မရှိသော်လည်း မနည်းလှတော့ချေ။
(၄)
အဆိုးဆုံးက ရေအိမ်ကိုသွယ်ထားသော ရေပိုက်တစ်ချောင်းလုံး ညဘက်မှာ လူခိုးခံရခြင်း ဖြစ်သည်။ ရေပေးနေသည့်ရေစက်မှ ရေအိမ် အထိ အတန်ငယ် ရှည်လျားသော သံပိုက်ကို ဖြတ်တောက်ကာ ခိုးယူသွားခဲ့ခြင်း ဖြစ်သည်။
ခါတိုင်း ရေတွေ တဝေါဝေါ ကျနေတတ်သော ရေအိမ်ကလေးမှာ ရေလုံးဝ ပြတ်တောက်သွားတော့သည်။ တချို့ကလည်း ရေပိုက် ပြန်လည် တပ်ဆင်နိုင်ဖို့ ကျွန်တော့်ကို တာဝန်ပေးလာသည်။
“ဘာပဲဖြစ်ဖြစ် ရေမရှိလို့တော့ မဖြစ်တော့ဘူးထင်တယ်၊ ရေပိုက် ပြန်ဝယ်ပြီးတပ်ဖို့”
“ရေပိုက်၊ ဘယ်သူက ဝယ်ရမှာလဲ”
“ကျုပ်တို့ပဲ ဝယ်ရမှာပေါ့ဗျ၊ ဘယ်သူက ဝယ်ရဦးမှာလဲ၊ ကျုပ်တို့ တန်းလျားနဲ့ ဆိုင်တာပဲ”
“ဘာ … တန်းလျားလိုင်း အိမ်သာရမှာလဲ၊ ဘုံအိမ်သာ ဖြစ်သွားပြီရှင့်၊ ဈေးအိမ်သာဖြစ်သွားပြီ သိရဲ့လား၊ ဈေးသည်တွေပဲ သွားကောက်”
“ဒီလိုလေဗျာ ရေ … ”
“အို…မထည့်နိုင်ပါဘူး၊ ရေမရှိလည်း ရတာပဲ၊ တစ်ပြားမှ လာမကောက်နဲ့၊ မထည့်နိုင်ဘူး၊ လာကောက်တဲ့လူ ခွေးပြောသလို ပြောပစ် လိုက်မယ်”
ဤသို့ဖြင့် ရေပိုက်လည်း မဝယ်ဖြစ်တော့ပါ။ ရေအိမ်က မီးလုံး မရှိတာလည်း နှစ်နှင့်ချီပြီး ကြာပြီ။ တံခါးချပ်တွေ၊ လက်ကိုင်ကွင်းတွေ မရှိတော့တာလည်း ကြာပြီ။ ပတ်ပတ်လည် ကာထားသော သွပ်ပြားအောက်ခြေတွေလည်း ဆွေးမြည့်ပြတ်ထွက်ကုန်ပြီ။ အဆိုးဆုံးက ရေအိမ်အနောက်ဘက် သွပ်ပြားမှာ နှစ်ပေ ပတ်လည်ခန့်ဝိုက်၍ ပြုတ်ကျနေခြင်းဖြစ်သည်။
ရေအိမ်ထဲမှာ လူထိုင်နေတာကို တော်တော်ဝေးဝေးက တွေ့နိုင်သည်။ (အောက်ခြေက အင်္ဂတေ အုတ်ခုံအကာတန်းလေး ရှိသဖြင့် လူအောက်ပိုင်းကိုတော့ မမြင်ရပါ။) သွပ်ပြားပေါက်ကို စိတ်လိုလက်ရ ဖာမည့် ထေးမည့်သူလည်း မရှိ။ ပတ္တာတစ်ဖက် ပြုတ်နေသော ရေအိမ်တံခါးအောက်ခြေ၊ သွပ်ပြားကလည်း လူတစ်ယောက် ဝင်နိုင်လောက်အောင် ဆွေးမြည့်ပေါက်ပြဲနေသည်။ ဒါကိုတော့ တစ်ယောက်က ဝါးထရံ အပိုင်းအစတစ်ခုကို ရေအိမ်ထဲ ထည့်ပေးထားခြင်းဖြင့် ရှေ့ပိုင်း လုံခြုံမှုကို ရနေစေသည်။
ဒါပေမယ့် သည်ဝါးထရံ အပိုင်းကလေးကလည်း တစ်ပတ်လားပဲ ခံသည်။ ရေအိမ်မှာ သန့်ရှင်းရေးသုံး ကိရိယာများအဖြစ် တစ်ချောင်းချိုး၊ နှစ်ချောင်းချိုးဖို့ အတော်ပဲ ဖြစ်သွားသည်။ ရေအိမ်ကလေးဘေးမှာ သုံးပြီးစ ဝါးထရံစတွေ ပြန့်ကျဲနေလေသည်။
ထိုအခါ နောက်ထပ် ဝါးထရံ ရောက်မလာတော့ဘဲ ရေအိမ်တွင်းသို့ လေနှင့် အလင်းရောင် လုံလောက်စွာ ရရှိနေလေသည်။
(၅)
ရေအိမ်ပတ်လည်မှာ ကာရံထားသော ငါးပတ်လည် သစ်သားတိုင်များနှင့် သွပ်ဆူးကြိုးများ ယိုင်နဲ့ ပြုတ်ထွက်သွားခြင်းမှာလည်း ရေအိမ်ကလေး၏ ဂုဏ်သရေကို ပိုမို နိမ့်ကျသွားစေလေသည်။
ရေစစ်ကန်အဖုံး အုတ်ကြွပ်တန်းတွေ ဆွေးမြည့်ကာ ရေစစ်ကန်ထဲသို့ ပြုတ်ကျကုန်သည်။ အုတ်ကြွပ်တန်းတွေ ပြုတ်ကျတော့ အုတ်ကြွပ် တွေလည်း ကွဲကုန်တော့သည်။ ထိုအခါ ရေစစ်ကန်ထဲက ရေနှင့် အညစ်အကြေးများကို မျက်စိတစ်ဆုံး မြင်နေရသည်။ နှစ်ချို့ အညစ် အကြေးများ၏ ပုပ်အက်နံစော်သော အနံ့အသက်က သည်နားတစ်ဝိုက်မှာ အမြဲလိုလို ဝေ့ဝဲနေသည်။
အဆီးအတားမဲ့ ရေစစ်ကန်ဟောင်းထဲသို့ ပတ်ဝန်းကျင်က ခွေးငယ်များ၊ ကြက်များ၊ ဝက်များ ကျသည်ကလည်း အကြိမ်ကြိမ်။ အဆိုးတကာ့ အဆိုးဆုံးမှာ ခါတိုင်း ရေတွေကျနေတတ်သော ရေအိမ်ကလေးမှာ ရေလုံးဝ ပြတ်တောက်သွားသဖြင့် အညစ်အကြေးများ ပြည့်လျှံလာခြင်း ဖြစ်သည်။
တချို့က ကိုယ့်အိမ်က ရေတစ်ပုံး ဆွဲလာကာ ဆေးကြောသုတ်သင်သည်။ ထိုအခါ ခဏကလေး သန့်ရှင်းသွားသော်လည်း အများစု ကြီးက ရေပါလာသည် မဟုတ်ချေ။ ထိုအခါ အညစ်အကြေးတွေက ပိုမိုပြည့်လျှံကာ ညစ်ပတ် ပေပွနေလေသည်။
ရေအိမ်ကလေးထဲမှ အညစ်အကြေးတွေက ကြွေခွက်ထဲမှာတင် မဟုတ်တော့ဘဲ အုတ်ရေကန်ကလေးထဲမှာပါ ပြည့်သိပ်သွားသည်။ သည်ရေအိမ်ကလေး၏ မှောင်မည်း တိတ်ဆိတ်မှုကို အကာအကွယ်ယူကာ အသုံးချသူများလည်း ရှိလာသည်။
တစ်ခါက ညဘက်မှာဖြစ်သည်။ မီးရောင်လည်း မရှိသဖြင့် ရေအိမ်ကလေး ပတ်ဝန်ကျင်မှာ မှောင်မည်းနေသည်။ (ညဘက်တွင် ရေအိမ်က ခြေချစရာမရှိအောင် ညစ်ပတ်ခြင်း၊ မီးမရှိခြင်း၊ သရဲခြောက်သည် သတင်းကြီးခြင်းတို့ကြောင့် အသုံးပြုသူ နည်းပါးသည်။) ကျွန်တော် ရောက်သွားချိန်မှာ ပကတိ တိတ်ဆိတ်နေသည်။ ဆိုးရွားပြင်းထန်သော အနံ့အသက်များကို ရှူရှိုက်ကာ ရေအိမ်တံခါးဆီသို့ ချဉ်းကပ်မိချိန်၌ ဝုန်းခနဲ လူတွေ ထပြေးသောအသံကို ကြားလိုက်ရသည်။
ရုတ်တရက် လန့်ဖျပ်သွားကာ လက်နှိပ်ဓာတ်မီးနှင့် လိုက်ထိုးကြည့်တော့ လူသုံးယောက်လောက်ဟုသာ ခန့်မှန်းနိုင်သည်။ အံ့ဩခြင်း ကြီးစွာ ပြန်လာရသော်လည်း တစ်ညလုံး စဉ်းစား၍မရ။
နောက်တစ်နေ့မနက် ဈေးတန်းကလေးမှဖြတ်ကာ ထွက်လာချိန်တွင် အမျိုးသမီးငယ်တစ်ဦး ပြေးလိုက်လာသည်။ ထိုမိန်းကလေးကို သည်ဈေးတန်းကလေးမှာ တွေ့နေကြဖြစ်သော်လည်း ကျွန်တော်နှင့် မရင်းနှီးပါ။
သူမ၏ ထူအမ်းသော နှုတ်ခမ်းတွေကို လိမ်တွန့်လိုက်ကာ ပြောသည်။
“အစ်ကိုဟာလေ တော်တော်ဆိုးတယ်”
“ဗျာ … ဘာဖြစ်လို့လဲ”
“ဘာရမှာလဲ၊ အစ်ကိုလည်း ဝါသနာပါတာ မဟုတ်ဘဲနဲ့ သူများကို လိုက်နှောင့်ယှက်တာလေ”
“ကျွန်တော် နှောင့်ယှက်တယ်၊ ဘာပါလိမ့်”
“ညကလေ အစ်ကို မဟုတ်လား၊ လာချောင်းတာ”
“ချောင်းတယ်၊ ဘယ်မှာလဲ၊ ဘာကိုမှ လာမချောင်းရပါလား”
“အိမ်သာမှာလေ၊ အဲသလို မလုပ်ပါနဲ့ အစ်ကိုရယ်၊ ကျွန်မမှာ အဲဒါစီးပွားရေး အစ်ကိုရဲ့”
ကျွန်တော် အံ့ဩသွားသည်။ သူမကို သည်အခြေအနေမျိုးနှင့် တွေ့ရလို့မဟုတ်။ သည်ရေအိမ်ကလေး၏ ကံကြမ္မာကိုသာ ဖြစ်လေသည်။
သည်နောက်ပိုင်း ရေအိမ်ကလေး၏ အခြေအနေမှာ ပို၍ပင် ဆိုးလာတော့သည်။ ရေအိမ်ကြွေခွက်ကို လုံးဝမမြင်ရတော့လောက်အောင် အညစ်အကြေးတွေ ပြည့်လျှံညစ်ပတ်နေသည်။ အသုံးပြုသူတွေက ရေအိမ်သန့်ရှင်းသွားဖို့ စိတ်မကူးတော့ဘဲ ကြွေခွက်ခြေနင်းပေါ် အုတ်ခဲနှစ်လုံးတင်ကာ အသုံးပြုသည်။ အညစ်အကြေးတွေက အုတ်ခဲလောက်မြင့်လာတော့ နောက်ထပ် အုတ်ခဲတစ်လုံးစီ ထပ်တင် သည်။ ဤသို့ဖြင့် အုတ်ခဲတွေ မြင့်သထက် မြင့်လာသည်။
ဆွေးပြီး ပြတ်ကျနေသော အနောက်ဖက်သွပ်ပြားက နေရောင်တွေ ဝင်နေတတ်ကာ တံခါးအပေါက်ကြီးဘက်က လေတွေ တဟူးဟူး တိုးဝင်သည်။ အသုံးပြုသူက သုံးလေးထပ်မြင့်နေသော အုတ်ခဲတွေပေါ်မှာ ဟန်ချက်ညီညီ ထိုင်ရင်းက ပြုတ်ထွက်နေသော တံခါးချပ် ကိုလည်း ထိန်းထားရသေးသည်။
ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် လက်စွမ်းပြထားသော ညစ်ညမ်းရုပ်ပုံတွေကတော့ မမြင်ချင်အဆုံး ဖြစ်လေသည်။ သည်ရပ်ကွက်ကလေးထဲမှာ လူ၏ခန္ဓာဗေဒကို ကျွမ်းကျင်သော ပန်းချီဆရာ တစ်ဦးတလေ ရှိနေသည်မှာ သေချာနေသည်။
ခဲတံ၊ ဘောလ်ပင်၊ နီပြာတံတွေနှင့် ရေးထားသော ညစ်ညမ်းစာတွေကတော့ ဘယ်ဘက်လှည့်လို့မှ မလွတ်နိုင်။ အုတ်ကန်ကလေး ထဲမှာတော့ အညစ်အကြေးစတွေ ပေပွနေသည်။ တုတ်စတွေပြည့်နှက်နေသည်။ တုတ်စတွေကလည်း အရွယ်အမျိုးမျိုး။ လက်ညှိုး လောက်၊ လက်မလောက်၊ တချို့က တံမြက်စည်းရိုးတံတွေ၊ ဝါးခြမ်းပြားကြီးကြီးတွေလည်း ပါသေးသည်။
ကွမ်းယာထုပ်သည့် စက္ကူစလောက်ကလေးတွေကို ဘယ်လိုအသုံးချသလဲဟု မသိရသော်လည်း စက္ကူတွေကလည်း အရွယ်အမျိုးမျိုး ရှိနေသည်။ ဗာဒံရွက်၊ ဗျိုင်းချေးရွက်နှင့် သန့်စင်သူ၊ အုတ်ခဲထက်ပိုင်းကျိုးနှင့် သန့်စင်သူ အစုံအစုံ။
“ကျွန်မတို့ ကုသိုလ်ယူကြရအောင်၊ မောင်က ရေဆွဲပေး၊ ကျွန်မက ဆေးချမယ်”
ဇနီးသည်က နှာခေါင်းကို အဝတ်စတစ်စစည်းရင်း ကျွန်တော့်ကို ခေါ်ဖူးသည်။ ခပ်လှမ်းလှမ်း ရေဘုံဘိုင်ကလေးမှ ရေပုံးပေါင်းများစွာခပ်၍ တဝုန်းဝုန်း လောင်းချသန့်ရှင်းတော့မှ ပြောင်စင်သွားသည်။
ရေလောင်းသန့်စင်ပြီး ရေအိမ်မှ ထွက်လိုက်သည့်အခါ အပြင်မှာ မိန်းမတစ်ယောက် ရှိနေသည်။ စိတ်မရှည်စွာ စောင့်ဆိုင်းနေရဟန်ဖြင့် မျက်နှာတစ်ခုလုံး တင်းမာနေသည်။ သူမလက်ထဲမှာတော့ သစ်ကိုင်းစကလေး နှစ်စ။
တစ်ရက်၊ နှစ်ရက်အတွင်းမှာပင် ရေအိမ်ကလေး ပြန်လည် ညစ်ပတ်သွားပြန်သည်။
(၆)
အခုတော့ အင်္ဂတေအုတ်ခဲတွေလည်း ပဲ့ကျကာ အုတ်ပေါက်တွေပေါ်နေပြီ။ တံခါးရွက်တွေ ပြုတ်ကျကုန်ပြီ။ (စာရွက်ပေါ်က သန့်ရှင်းပါ၊ သင့်သန့်ရှင်းမှုသည် သင့်ကျန်းမာရေး စာတန်းကလေးတွေလည်း မရှိတော့ပါ)
ရေစစ်ကန်ထဲကို မိုးရေတွေဝင်ထားသဖြင့် အညစ်အကြေးရေတွေ အပြင်ကို လျှံထွက်နေတာလည်း ရှိသည်။ ပတ်ပတ်လည် သွပ်ပြား အဟကြီးက ကျယ်သထက် ကျယ်လာကာ ကြွေခွက်ခြေနင်းပေါ်က အုတ်ခဲတွေလည်း မြင့်သထက် မြင့်လာပြန်ပြီ။
စက္ကူစတွေက ရေအိမ်ကလေးဘေးမှာ ဖွေးဖွေးလှုပ်နေကာ တချို့ကလေးငယ်တွေက ရေအိမ်ဘေး လမ်းတစ်လျှောက်မှာ အညစ် အကြေး စွန့်နေကြပြီ။
ဝုန်းခနဲ ထပျံတတ်သော ယင်ကောင် မည်းမည်းစိမ်းစိမ်းကြီးတွေကို လှမ်း၍မြင်နေရ၏။ ဆွေးမြည့်နေသော သစ်သားနှင့် အင်္ဂတေက တွဲစပ်မှု မရှိတော့ဘဲ အဟတွေကြားမှာ ပိုးလောက်တွေ တလွန့်လွန့် တွယ်တက်နေသည်။
အကောင်းဆုံးက သည်ရေအိမ်ကလေးကို တွန်းလှဲဖြိုဖျက်လိုက်ဖို့ပင် ဖြစ်သော်လည်း ဈေးကလေးကလူတွေ၊ တန်းလျားခန်းတွေက လူတွေ၊ တစ်ခါတစ်ခါ ဘူတာရုံက လမ်းကြုံခရီးသည်တွေက သည်ရေအိမ်ကလေးကို အသုံးချနေကြဆဲ ဖြစ်လေသည်။
နေဝင်းမြင့်