“”ရင်…..အက်သံ “”(စ/ဆုံး)
——————–
“”ပလို့ လို့ ဂျိ ဗေ ထီး ဗေထီး အဟိ..ဟိ””
မနက်ဖြန်ဧည့်သည်တွေလာမှာမို့ အိမ်သန့်ရှင်းရေးတွေလုပ်နေတဲ့ ကျွန်မ အနားမှာ
အသက်ငါးဆယ်အမေဟာ ပျော်မြုးပြီး
သီချင်းတွေ ဆိုနေပါပြီ။
ညီမဝမ်းကွဲလေးနှစ်ယောက်နဲ့ အဒေါ်ဖြစ်သူက
ကျွန်မ မျက်နှာကို စိတ်မကောင်းသလို
တစ်ချက်လှမ်းကြည့်နေကြပါသည်။
ခပ်လှမ်းလှမ်းက ဖခင်က ထိုင်ရာမှ ထလာပြီး
“”မညို ပျော်နေတာလား
နည်းနည်းလေးစိတ်ကိုထိန်းဦး မိန်းမရဲ့။
မနက်ဖြန်ကျ အကိုတို့သမီးလေး နွေးနွေး ကို
သမီးလေးရဲ့ချစ်သူအမျိုးသားလေးဘက်က
လာပြီးကမ်းလှမ်းတောင်းရမ်းကြမှာမို့
အိမ်မှာ လူစည်ကားနေတာပါ။
မညိုက ပျော်နေတာလား
သတိလေးထားနော် မညို
အကိုတို့သမီးလေး နွေးနွေးက တန်ဖိုးရှိရှိ
လာပြီးတောင်းရမ်းခံရမှာ မို့
စိတ်လေးကိုငြိမ်ငြိမ်ထား စိတ်ကိုထိန်းနော်””
မိခင်ဖြစ်သူရဲ့မျက်နှာဟာ ခုနကလို
စိတ်ဂနာမငြိမ်သည့်အသွင်သဏ္ဍာန်မှ လျော့ပါးစ
ပြုလာခဲ့ပြီးနောက် အိန္ဒြေရရလေး
အခန်းထောင့်မှာ ထိုင်ပြီး ကျွန်မကိုလှမ်းကြည့်နေပါသည်။
ကျွန်မ အသက်ဆယ်နှစ်အရွယ်မှာ
မိခင်ဟာဒုတိယမြောက်ကိုယ်ဝန်ဆောင်ခဲ့ရပြီး
မွေးဖွားသည့်အခါမှာ ခလေးဟာ
ကံဆိုးစွာအသက်ပါမလာခဲ့ပါဘူး။
သားယောကျာ်းလေးလိုချင်နေသည့်မိခင်မှာ
ဆုံးပါးသွားသည့် သားငယ်လေးအတွက်
စိတ်မကောင်းအတော်လေးဖြစ်နေပါသည်။
မီးနေသည်တို့၏အရေးကြီးဆုံးရက်ဖြစ်သော
သုံးရက်မြောက်နေ့(သွေးသစ်လောင်းသည့်နေ့)မှာ
မထင်မှတ်ပဲ ကျွန်မတို့ အိမ်နှင့်ကပ်လျှက်အိမ်ဟာ
မီးလောင်မှု့ဖြစ်ပေါ်ခဲ့ပါတယ်။
ရပ်ကွက်ထဲကလူတွေ အသိဦးပြီးညီညီညွုတ်ညွုတ်နဲ့ ဝိုင်းဝန်းငြိမ်းသတ်လိုက်နိူင်၍
ဘေးအိမ်များသို့ မကူးစက်ပဲ မီးလောင်မူ့ဟာ
ပြီးဆုံးသွားခဲ့ပါတယ်။
မိခင်ဟာ မီးလောင်မှု့၏ ရုတ်ရုတ်သဲသဲအခြေအနေကြောင့်သွေးလန့်ပြီး သတိလစ်မေ့မြောသွားခဲ့ပါတယ်။
ကံကောင်းထောက်မ၍ဆေးရုံသို့အရောက်မြန်ပြီး
အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ပါသည်။
သို့ပေမယ့် သွေးနုသားနုမှာ အထိတ်တလန့်ဖြစ်ခဲ့ရမှု့၏အကျိုးဆက်အဖြစ် သတိ၊အသိ မထိန်းချုပ်နိူင်တော့ပဲ စိတ်ဝေဒနာသည်ဖြစ်ခဲ့ရပါတယ်။
စဖြစ်ကာစမှာ စိတ်ကျန်းမာရေးဆရာဝန်များနှင့်
ပြသပြီး ဆရာဝန်များ၏ညွုန်ကြားသော
ဆေးဝါးများကို ယနေ့ထက်တိုင် သောက်နေရသူဖြစ်ပါတယ်။
သာမာန်အားဖြင့် လူကောင်းတစ်ဦးသာဖြစ်ပြီး
ထူးခြားသောအခြေအနေတစ်ခုခုခံစားရပါမှ
စိတ်ကစဥ်ကလျားဖြစ်လာသူဖြစ်ပါတယ်။
သာမာန်အားဖြင့် ကျွန်မတို့အိမ်မှာအမြဲတစေ
မိသားစုသုံးဦးသာရှိနေခဲ့ပေမယ့်
ကျွန်မရဲ့ မဂ်လာကိစ္စရှိနေသည့်အတွက်
လိုအပ်သည့် အိမ်သန့်ရှင်းရေးများနှင့်စျေးဝယ်ခြင်းများ၊ဧည့်သည်များလာရောက်ပါက ဧည့်ခံရမည်များကို ဆွေမျိုးများက ဝိုင်းဝန်လုပ်ဆောင်ပေးနေသည့်အတွက် လူစည်ကားနေခြင်းဖြစ်ပြီး
ထိုအခြေအနေမှာပင် မိခင်ဖြစ်သူမှာ
အနည်းငယ် စိတ်ဖောက်ချင်နေခြင်းဖြစ်ပါသည်။
“”မညိုရေ..ညီမလေး
ညီမလေး သမီးနွေးနွေးလေးကလေ
အခုဆိုရင်အသက်ကလည်း နှစ်ဆယ့်လေးနှစ်ရှိပြီ
သူအလုပ်လုပ်တဲ့ ပွဲရုံပိုင်ရှင်ရဲ့သား က
မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားပြီး
မနက်ဖြန်ကျရင်လာမြန်းမှာလေ။
ဝမ်းသာစရာနော် ညီမလေး
ပျော်တယ်မို့လား””
အဒေါ်လေးခင်မြက မိခင်ကို အကျိုးအကြောင်း
ပြောပြနေပါသည်။
ကျွန်မ စိတ်အနည်းငယ်ညစ်သွားသည်။
အကယ်၍များမနက်ဖြန် ကျွန်မချစ်သူ
ကိုမောင်တို့ အသိုင်းအဝိုင်းက လာရောက်ပြီး
မဂ်လာစကားပြောနေကြချိန်မှာ မိခင်ဖြစ်သူ
အခြေအနေဆိုးလာပြီး သောင်းကျန်းလေမလား။
ကိုမောင်ကတော့ ကျွန်မမိခင်၏ဝေဒနာကို
ပွင့်ပွင့်လင်းလင်း ပြောပြထား၍သိပြီးဖြစ်ပါသည်။
ကိုမောင်၏မိဘဆွေမျိုးများက
ကျွန်မမိခင်၏ ဝေဒနာကိုနားလည်ပေးနိူင်
ကြပါ့မလား။
စိတ္တဇသည်မိခင်၏သမီးဖြစ်သူဆိုပြီး
အထင်မြင်သေးကြမည်လား။
ကျွန်မတွေးမိရုံနှင့်တင် ရင်ထဲမှာမွန်းကြပ်၍
လာခဲ့ပါတော့သည်။
မိခင်ကို မဂ်လာအချိန်တွင် အဒေါ်လေးခင်မြတို့အိမ်သို့ ခေတ္တခဏပို့ထားလိုက်ရင်ကောင်းလေမလားလို့
စဥ်းစားနေမိသည်။
“”သမီးနွေးနွေး…သမီးဘာတွေသောကရောက်နေတယ်ဆိုတာ ဖေကြီးသိပါတယ်။
သမီးစိုးရိမ်တဲ့အခြေအနေမျိုး ဖြစ်မယ်မထင်ပါဘူး
အရမ်းလည်းစိုးရိမ်မနေပါနဲ့ကွယ်””
ဖခင်ကြီးက ကျွန်မကိုနှစ်သိမ့်စကားဆိုလာပါသည်။
ကျွန်မကိုအခုလို ထုတ်ပြောလာတော့လည်း
ကျွန်မ ဖခင်ကြီးကိုအားနာမိပြန်သည်။
“”ဟုတ်ကဲ့ပါဖေဖေ
ကိုမောင်လည်း သမီးဘဝအစအဆုံးကိုသိပြီးသားသူမို့ သိတ်ပြီးတော့မစိုးရိမ်ပါဘူး။
ဧည့်သည်တွေများတာကိုမြင်ပြီး
မေကြီး ရုပ်ပျက်ဆင်းပျက် ဖြစ်မှာတစ်ခုပဲ
စိုးရိမ်မိတာပါ။
မေကြီးသမီးဖြစ်ရလို့ ရှက်တာရွံတာမျိုးတော့
လုံးဝမဖြစ်ပါဘူး။
ရှက်လည်းမရှက်ပါဘူးဖေဖေ။
ဧည့်သည်တွေစုံချိန် မေကြီးထဖောက်တဲ့အခါ
မေကြီးကို အထင်သေးမှာစိုးရိမ်မိတာပါ””
ကျွန်မနှင့်ဖခင်စကားပြောနေရာအနီးသို့
မိခင်ကတိုးကပ်လာပြီး တိုးတိုးလေးစကားဆိုလာပါသည်။
“”သားအဖတွေ အညိုကိုကျဘေးဖယ်ထားပြီး
ဘာတွေတိုင်ပင်နေကြတာလဲ””
“”မဟုတ်ပါဘူး မညိုရာ
တို့သမီးလေး တူတူတန်တန်အိမ်ထောင်ဘက်နဲ့
အကြောင်းဖက်ရမှာမို့ ဝမ်းသာနေကြတာပါ။
မညိုရော..ဝမ်းသာတယ်မို့လား””
ဖခင်စကားကြောင့်မိခင်အနည်းငယ်တွေဝေသွားပါသည်။
ကျွန်မ၏လက်ကလေးနှစ်ဘက်ကိုလာရောက်ဆုပ်နယ်၍ မျက်ရည်ဝိုင်းလေးဖြင့်စကားဆိုလာပါသည်။
“”သြော်….အမေ့သမီးလေးတောင်
အိမ်ထောင်ပြုတဲ့အရွယ်ရောက်ခဲ့ပြီကို။
အမေက ခဏခဏကျန်းမာရေးဖောက်နေတော့
အမေတစ်ယောက်ရဲ့တာဝန်တွေ မကျေပွန်ခဲ့ဘူး
လိမ္မာသိတတ်တဲ့ အမေ့သမီးလေး
အသက်ရှည်ပါစေ။ဘုန်းကြီးပါစေ။
သီလရှင်လည်းကြီးပါစေ။
ယောဂီလည်း ကြီးပါစေ ဟေ့ ဟေ””
ကျွန်မ မိခင်ကိုကြည်ရင်းသက်ပြင်းမောကိုချလိုက်မိပါတော့သည်။
မရောက်သေးသည့် မနက်ဖြန်အတွက်
ကြိုတင်ပြီး ရင်မော၍နေပါတော့သည်။
##########
ရပ်ကွက်လူကြီးများရော ဖိတ်ကြားထားသည့်
ဧည့်သည်တော်များပါစုံညီစွာရောက်ရှိနေပြီး
ကျွန်မတို့အိမ်ဟာစည်ကားလျက်ရှိနေပါပြီ။
အိမ်ဦးခန်းအဖေနဘေးမှာ မိခင်ဟာ
သေသေသပ်သပ်ဝတ်စား၍ ခေါင်းမှာပန်းတွေပင်
ဝေလျှက်လှပနေပါသည်။
တချိန်လုံး ပြုံးပြီး ကျွန်မကိုသာကြည့်နေပါသည်။
ယောကျာ်းလေးရှင်ဘက်မှ
တူတူတန်တန် ခမ်းခမ်းနားနား မဂ်လာပွဲအစီအစဥ်များကို လူပုံအလယ်မှာပြောပြနေ၍
ဂုဏ်သိက္ခာရှိသည့် မိန်းမသားတစ်ဦး အနေဖြင့်
ကျွန်မကို ကျွန်မ ဂုဏ်ယူချင်မိပါသည်။
သို့သော် မိခင်များဘယ်အချိန်ထ ဖောက်လိုက်လေမလဲဆိုသည့်စိုးရိမ်စိတ်ကလည်း ကြီးစိုး၍
နေပါတော့သည်။
စိုးတထင့်ထင့်စိတ်၊ မပျော်တဝက် ပျော်တဝက်စိတ်ဖြင့် အချိန်တို့သည်တဖြေးဖြေးချင်းကုန်ဆုံး၍
လာပါတော့သည်။
ရပ်ကွက်အတွင်းမှ ဧည့်သည်များလည်းအသီးသီး
ပြန်သွားကြပြီဖြစ်သည်။
ကိုမောင်မိဘများကလည်း ပြန်တော့မည်မို့
ဖခင်ကိုရော မိခင်ကိုပါ နူတ်ဆက်စကားဆိုနေကြပြီဖြစ်သည်။
အိမ်ရှေ့ရှိ ရပ်ထားရာကားများဆီသို့ အသီးသီး
တက်နေကြပြီဖြစ်သည်။
ထိုစဥြ…..
“”သမီးလေးက တခါတည်းလိုက်သွားတော့မှာလားဟင်””
မိခင်က မရဲတရဲ စကားဆိုလာပါသည်။
သူမရဲ့ လက်ကိုလည်း ဖြစ်ညုစ်၍နေပါသည်။
မိခင်၏ မျက်ဝန်းတွင် မျက်ရည်စများမှာ
စီးကျလုနီးပါး ခိုတွဲ၍နေပါပြီ။
“”မလိုက်ပါဘူး မေကြီးရဲ့
မဂ်လာဆောင်ပြီးရင်လည်း ကိုမောင်က သမီးတို့အိမ်မှာလာနေမှာပါ။
မေကြီးနဲ့ဖေကြီးကို သမီးက ပစ်မထားခဲ့ပါဘူး””
ကျွန်မရဲ့တုံပြန်စကားကြောင့် စီးကျနေပြီဖြစ်သည့်
မျက်ရည်များကြားမှ မိခင်ပြုံးလာပြီး
ကျွန်မကို လွတ်ထွက်သွားမှာစိုးသည့်အလား
အတင်းဖက်တွယ်ထားပါသည်။
မိခင်ရဲ့ အသားတွေဟာ တဆတ်ဆတ်ပင်တုန်ရင်၍
နေပါတော့သည်။
မိခင်သည်လွတ်ထွက်လာတော့မည့် စိတ်ကို
မရမကချိုးနှိမ့်ထားနေသည့်ပုံဖြစ်နေပါသည်။
“”မညို သတိထားနော်
သမီးလေးရဲ့ မဂ်လာရှိတဲ့နေ့လေးနော် မိန်းမ””
ဖခင်က မိခင်ပခုံးကိုဖက်၍သတိပေးစကားဆိုသည်။
မိခင်က ကျွန်မကို ဒုတိယအကြိမ်ဖက်တွယ်လာပြန်သည်။
လူအချို့၏အကြည့်တို့က ကျွန်မတို့ မိသားစုဆီအကြည့်ရောက်၍ လာနေကြပါပြီ။
“”သမီးလေး….မေကြီးလေ
မေကြီး…သမီးလေးကို အရမ်း…..အရမ်း..ချစ်တယ်””
မိခင်နူတ်ကနေ အတော်လေးကို ထိန်းသိမ်းပြီးပြောလိုက်တဲ့စကားပါ။
အသံလေးဟာတိုးညုင်းတုန်ရီနေပါသည်။
လွတ်ထွက်ချင်နေသည့်စိတ်ကို ချုပ်တည်းပြီး
ပြောချလိုက်သည့် မိခင်၏စကားပါ။
ကျွန်မ မိခင်ကို ပြန်လည်ဖက်တွယ်ထားလိုက်သည်။
မိခင် နှလုံးသားက ထွက်ကျလာတဲ့
“”ရင်…အက်သံ”” ကြောင့် ကျွန်မဟန်မဆောင်နိူင်ပဲ
ငိုလိုက်မိပါတော့သည်။
ယွန်းနှင်းဆီခိုင်