***အပြန်လမ်း***(စ/ဆုံး)
————————-
“ဒီမှာ ကိုထွန်း ရှင်က အိမ်ထောင်ခွဲဖြစ်နေပြီ။ကိုယ်အိုး ကိုယ့်အိမ်၊ကိုယ့်မိသားစု လောက်ငအောင် ရှင်နဲ့ကျွန်မ ဝန်ထမ်းလစာလေးနဲ့ ရုန်းကန်နေရတာလေ။သားသမီး ငါးယောက်နဲ့ ဘယ်လောက် ဒုက္ခရောက်နေလည်း ။ရှင် စဉ်းစားကြည့်”
“ဟာ ဒီမိန်းမ တိုးတိုးပြောပါဟ။ငါမသိပဲနေမလား။ကြည့်ကောင်းအောင်တော့ ပြောရမှာပေါ့”
“အမလေး တော်စမ်းပါတော်။ ရှင့်အပြောနဲ့ဆို နောက်ခါ လာအုံးမှာပဲ ။မလာတော့အောင် တစ်ခါတည်း အပြတ်ပြောလိုက် ရှင့်အမေကို”
“ဟာ ကွာ တောက် ဒီမိန်းမတော့လေ”
ဧည့်ခန်းထဲမှာထိုင်နေရင်း ဒေါ်ရီမြင့်တစ်ယောက် မျက်ရည်လေးဝဲနေမိသည်။ အဆင်မပြေလောက်ဘူးဟု စိတ်က ထင်နေပြီမို့ ပြန်ဖို့အတွက် အားယူလိုက်သည်။ ရုံးဝန်ထမ်း သားကြီးတို့ လင်မယား ဘွဲ့ရဓါတ်ပုံကို ကြည်နူးစွာ စိုက်ကြည့်ရင်း ပုခုံးပေါ်တင်ထားသော တဘတ်ကလေးဖြင့် ကျလုဆဲဆဲမျက်ရည်ကို သုတ်လိုက်သည်။
“အမေ ဟိုလေ ဟို ဟို…”
အိမ်ခန်းထဲမှ ထွက်လာပြီး ပြောဖို့ရာ မဝံ့မရဲဖြစ်နေသော သာကြီးကို ကြည့်၍ အပြုံးလေးနဲ့ တုံ့ပြန်ကာ
“ရပါတယ် သားကြီးရယ်။ဘာမှ စိတ်မကောင်းမဖြစ်နဲ့ ။ခုကိစ္စကိုလညါး ခေါင်းထဲ ထည့်မနေနဲ့နော်။ အမေသွားပြီ”
“ဖြည်းဖြည်းသွားနော် အမေ”
“အင်းပါသားရယ်။ သားလည်း မိန်းမနဲ့ စကားများမနေနဲ့အုံးနော်။ အမေပြောတဲ့ ကိစ္စ ။ခေါင်းထဲထည့်မနေနဲ့။ မကြားဘူးလို့ပဲ သဘောထားလိုက်နော်”
“အဲ ဟို ဟို ဟုတ် အမေ”
သားကြီးကို နူတ်ဆက်၍ ဒေါ်ရီမြင့် ထွက်လာခဲ့သည်။ အသက်အရွယ်အရ ခြေလှမ်းတွေက မသွက်တော့။ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ အားလုံး ဇရာအရ ယိုယွင်းပျက်ဆီးနေပြီ။စိတ်သွားတိုင်း ကိုယ်မပါတဲ့ဘဝ။အရွယ်လွန်တွေ၏ မပြည့်စုံမှု့က
ရှိရင်းစွဲ အသက်တွေကို ပို၍ အိုမင်းစေသည်။ ငယ်ရွယ်နုပျိုစဉ်အခါက သားသမီးခြောက်ယောက်ကို မညီးမငြူ မိဘဝတ်တရားကျေခဲ့တုန်းက အဖြစ်လေးတွေတွေးရင်း သမီးလတ်၏ အိမ်သို့ ခြေလှမ်းဦးတည်လိုက်သည်။ သည်အိမ်မှာ တော့ အဆင်ပြေပါစေလို့ ဆုတောင်းမိသည်။ သည်နေ့ရမှ ဖြစ်မှမို့
စိတ်အားတင်းရင်း နာနေသည့် ခြေထောက်တွေကို ဂရုမစိုက်နိုင်ပဲ အမြန်လှမ်းလာခဲ့သည်။
(၂)
ကုန်စုံဆိုင်ကြီးဖွင့်ထားသော သမီးလတ်က လက်မလည်အောင်ရောင်းနေရသည်။ ရောက်လာသော အမေကိုတောင် နှုတ်ဆက်ရကောင်းမှန်းမသိ။ သူ့အရောင်းအဝယ် ကိစ္စနှင့်သာ အလုပ်များနေသည်။
စီးပွားရေး ဘယ်လောက်အဆင်ပြေနေလည်းမသိပေ။ တစ်ကိုယ်လုံး ရွှေတွေညွှတ်နေသည်။ လင်ယော်ကျားကလည်း ပွဲစားမို့ ပို၍ အဆင်ပြေသည်။
အရောင်းအဝယ်ပါးတုန်းလေ စကားစရုံရှိသေးသည်။ ပြောလိုက်သည့် စကားများကြောင့် ဒေါ်ရီမြင့် ရင်ဝကို အရာဝတ္ထုကြီးကြီးနှင့် ပစ်လိုက်သလို နာကျင်သွားရသည်။
“အမလေး အမေရယ်။ ကုန်စုံဆိုင်ဆိုတာ ဘာမြတ်လို့လည်း။ အရင်းစိုက်ထားရတာ အများကြီး တချို့ပစ္စည်းတွေဆို အကြွေးယူထားရတာ။အဟောင်းပေး အသစ်ယူတွေအများကြီး။ အဆင်မပြေပါဘူးအမေရယ်။”
“ဟိုလေ ဟို အမေက လကုန်ပြန်ပေးမှာပါကွယ်”
“ခု ပေးလိုက်ဖို့ကို ပိုက်ဆံမရှိတာ အမေရေ။ အမေ့သမက် က ကားတစ်စီးဆွဲထားတာ ငွေမလောက်လို့
သမီးရှိတဲ့ ပိုက်ဆံလေး ကုန်ပါရောလား။နောက်ပြီး အမေ့မြေး သုံးယောက်ကလည်း အတန်းကြီးတွေလေ။ကုန်လိုက်တာ အမေရယ်။ငွေပို၊ငွေလျှံဆိုတာ လက်ထဲ တစ်ပြားမှကို မရှိတာ။”
“အင်းပါသမီးရယ်။ အဆင်မပြေတော့လည်း ဘာတတ်နိုင်မလဲလေ။ကဲ ကဲ ဈေးရောင်းလိုက်အုံး ။ဟိုမှာ ဝယ်သူတွေ လာနေပြီ။ အမေသွားတော့မယ်နော်”
“ဟုတ် အမေ”
သမီးလတ်ဆီမှာလည်း မအောင်မြင်တော့ သားလတ်ဆီပဲသွားရတော့မည်။
“အမေ နေကောင်းလား။အဆင်ပြေရဲ့လား။အဖေကော။ဘာစားမလဲ။ဘာသောက်မလဲ”
ဆိုတာတောင် စကားအဖြစ်နှင့် မေးဖော်တောင် မရတသည့် သားကြီးနှင့် သမီးလတ် ကို ဒေါ်ရီမြင့်စိတ်ထဲ ဘဝင်မကျ နည်းနည်းလေး ဖြစ်ရုံက လွဲ၍
စိတ်မဆိုးမိပေ။ သူတို့ မိသားစု ပြေပြေလည်လည်လေး ရှိနေတာကိုက စိတ်ချမ်းသားစရာပင်ဖြစ်သည်။တစ်အိမ်ကနေ နှစ်အိမ် ကူးလားခဲ့ပြီမို့ ခြေထောက်တွေ ညောင်းကိုက်နေသည်။
လာရင်းကိစ္စက အဆင်မပြေသေးဘူးမို့ သားလတ်၏ အိမ်သို့ ရှေ့ဦးလှည့်လိုက်သည်။ ဆိုင်ကယ်ပြင်ဆိုင်နှင့် အအေးဆိုင်လေး ဖွင့်ထားသည့် သားလတ်တို့ မိသားစုကတော့ ရနိုင်လောက်မည် ထင်မိသည်။ အတွေးက စိတ်ကူးယဉ်ရင်း လာခဲ့လိုက်သည်။ အချိန်ကလည်း နေ့လည် (၁၁)နာရီ ရှိပြီမို့ နေရှိန်ပြင်းလှသည်။ ကျလာသော ချွေးတွေကို တဘတ်အဟောင်းလေးနှင့် သုတ်လိုက်ရင်း လိုရာခရီးကို သွားလိုက်သည်။
ဆိုင်ကယ်ပြင်သူတွေနှင့် စည်ကားနေသည့် သားလတ်ဆိုင်လေးကိုကြည့်၍ ဒေါ်ရီမြင့် ကြည်နူးမိသည်။ ချွေးမ ဖွင့်ထားသည့် အအေးဆိုင်ကလေးကလည်း ပုံမှန်လေးရောင်းနေရတာ မြင်တော့ ဝမ်းသာမိသည်။
“အမလေး အမေရယ်။ အမေ့သား ပြင်သာ ပြင်နေရတာ။ငွေချက်ချင်းမရဘူး။ အကြွေးများတယ်အမေရေ။ လကုန်လာပေးရတာနဲ့။အဆင်မပြေပါဘူး။ အပေါင်းအသင်းများတော့ အလကား လုပ်ပေးနေသလိုပဲအမေရေ။ သမီး အအေးဆိုင်လေးကြောင့် စားနေရတာ။ အမေ့သား လုပ်စာနဲ့ဆို ထမင်းသုံးနပ် မှန်မယ်မထင်ဘူး”
အကူအညီပေးရမှာကြောင့်၍ အဆင်မပြေမှု့ကို ပြောနေပေမယ့်လည်း တဖျတ်ဖျတ်တောက်ပနေသော စိန်နားကပ်ကြီးနှင့် လက်စွပ်ကြီးက်ု ကြည့်၍ ဒေါ်ရီမြင့် သက်ပျင်းချမိသည်။ အရင်တစ်ပတ်က ဆုကြေးပေါက်ထား၍ သိန်းသုံးဆယ်ရသည်ဟု သတင်းကြားထားသည်။ မသိဟန်ဆောင်နေ၍ အကူအညီမတောင်းချင်တော့ပေ။ နှုတ်ဆက်၍သာ
နောက်တစ်အိမ်ကူးလာခဲ့ရသည်။
(၃)
သမီးငယ်နားက ရမှဖြစ်မည်။ လင်မယားနှစ်ယောက်လုံး အလုပ်အကိုင် ကောင်းသည်။ယော်ကျားလုပ်သူက ပန်းရံအချောကိုင်။အလုပ်တွေ လည်း မပြတ်ပေ။ သမီးငယ်က အထည်ဆိုင်လည်း ဖွင့်ထား၍ ဈေးသို့သာ လာခဲ့လိုက်သည်။ ရပ်ကွက်ဈေးလေးမို့ မနက်နှင့် ညလေးသာ လူရှိသည်။ ခု နေ့လည် ဆိုတော့ လူရှင်းမည်။
အထည်တွေခေါက်နေသော သမီးငယ်ကို မြင်တော့
ဒေါ်ရီမြင့် ဝမ်းသာအားရ ဝင်ထိုင်ရင်း အကြောင်းစုံကို ဖွင့်ပြော၍ အကူအညီတောင်းမိသည်။
“မရှိပါဘူး အမေရယ်။ စားလောက်ရုံပဲ အဆင်ပြေတာပါ။ အထည်ရောင်းတာလည်း အမေသိတဲ့အတိုင်း ပဲလေ။ တစ်နေ့မှ နှစ်ထည် သုံးထည်ဟာ။ အမေ့သားမက်ကလည်း ခုတလော အလုပ်နားနေရတာ ကြာပေါ့။ မနေ့ကမှ အလုပ်စဆင်းရတာ အမေရေ။ ရှိတာ ထိုင်စားလို့ ကုန်ပြီ”
“သမီးရယ် ခုက တကယ် အရေးကြီးလို့ပါ။ သူများဆီကလည်း မယူချင်ဘူးလေ”
“သမီးမှာလည်း မရှိလို့ပါအမေရယ်။ ရှိရင် ပြောမနေဘူး။ခုလို”
“အင်းပါ သမီးရယ်”
ဘယ်သူ့နားမှ အကူအညီမရတော့ ဒေါ်ရီမြင့်စိတ်ပျက်လာမိသည်။ သားသမီးတွေကို အတင်းအကြပ်လည်း အပူမပေးချင်၍ အိမ်ထောင်ကျသည့် သားသမီး ငါးယောက်မှာ နောက်ဆုံးတစ်ယောက်ဖြစ်သည့် သားငယ်ဆီသာ သွားကြည့်ရတော့မည်။ မျှော်လင့်ချက်ကတော့မရှိပေမယ့် ရလိုရငြားသွားရပေမည်။ နောက်ဆုံးလက်ကျန်လေးမို့ ဘုရားမလို့ အဆင်ပြေပါစေ။
သားငယ်ကအဌားယာဉ်မောင်းသည်။ မိန်းမက အိမ်မှာ စက်ချုပ်၍ စီးပွားရေးကတော့ အဆင်ပြေသည်။
ရပါစေဟူသော စိတ်ကလေးနှင့် အားကိုးတကြီးလာမိသည်။
“အမေ့သား ကားမောင်းတာ အိမ်မပါဘူးအမေရေ။အပြင်မှာ သုံးခဲ့တာနဲ့ ကုန်တာ။ ကိုယ်ပိုင်ကားလေး သမီးမိဘတွေ ဝယ်ပေးထားလို့ ။ဌားမောင်းမယ်ဆို မလွယ်ဘူး။ အလောင်းအစားကလည်း ဝါသနာပါသေး အမေ့သားက။သမီး စက်ချုပ်နေလို့တာလူမကြားတာနော်။ ”
“သမီးရယ် အဆင်ပြေအောင် လုပ်ပေးလို့ မရဘူးလားကွယ်။ခုဟာက အရေးတကြီးလိုနေလို့ပါ”
“သမီးလက်ထဲ ငွေကမရှိလို့ပါ အမေရယ်။ရှိရင် ပေးလိုက်ပါတယ်”
“ဟူး”
ဘယ်သူ့မှ အားကိုးစရာမရှိတော့၍ သက်ပြင်းရှည်ကြီးချ၍ ခြေလှမ်းလှမ်းဖို့ပင် အင်အားမရှိတော့ပေ။
ချွေးမဖြစ်သူကို နှုတ်ဆက်ရင်း အတွေးများစွာနှင့်ဒေါ်ရီမြင့် ပြန်လာခဲ့သည်။
(၄)
ညနေ သုံးနာရီထိုးပြီမို့ မနက်ကတည်းက ထမင်းကြမ်းလေးစားပြီ ထွက်လာသည့် ဒေါ်ရီမြင့်တစ်ယောက် ဝမ်းဗိုက်က တဂွီဂွီနှင့် ဆန္ဒပြလာသည်။
လမ်းဘေး ရေအိုးစင်လေးတွေ့တော့ အငမ်းမရသောက်ရင်း ခဏ အမောဖြေလိုက်သည်။
သားသမီးငါးယောက်အိမ် ရောက်ခဲ့သည်။
“အမေ ဘာစားမလဲ”
“အမေ ဘာသောက်မလဲ”
“အမေ ထမင်းစားသွားလေ”
“အအေးသောက်သွားလေ”
လို့တောင် တစ်ဦးတယောက်မှ မေးဖော်မရ၍ စိတ်ထဲနာကျင်မိသည်။ အလုပ်မအား၍လားဟု ဖြေတွေးမိသည်။ အကူအညီလာတောင်း၍ စိတ်ရှုပ်သွားလို့ မပြောတာလားလို့ ဝေခွဲမရဖြစ်နေပေမယ့် စိတ်ထဲ ခံစားမှု့က ခဏလေးပင်ဖြစ်သည်။
တနေကုန် ပင်ပန်းသမျှကို သစ်ပင်ရိပ်လေးမှာ ခဏနားရင်း ဘယ်လို လုပ်ရမလည်းဆိုတာ တွေးနေရင်း
စိတ်ပျက်နေမိသည်။ အဆင်ပြေနေသည့် သားသမီးတွေ ရှိပါရက်နှင့် တခြားလူနား အကူအညီတောင်းလျှင် သားသမီးတွေကို အများက ကဲ့ရဲ့ကြမှာမို့ ဒေါ်ရီမြင့် ရှောင်ခဲ့သည်။ လူတွေပါးစပ်က ပြောစရာရှိလျှင် ရပ်တော့မည်မဟုတ်ပေ။ သားသမီးတွေ ကြားလျှင် စိတ်အနှောက်အယှက်ဖြစ်ပြီး ပြဿနာဖြစ်မှာလည်း စိတ်ပူရသည်။
“အမလေး သားသမီးတွေ ဒီလောက်အဆင်ပြေနေတာ။ဒေါ်ရီမြင့်တို့ ငွေလာချေးတယ်တော်။လူကြားမကောင်းပါဘူးရှင်”
“ကျွန်မတို့ကို လာနောက်နေတာလား။ရယ်စရာပါရှင်”
“သားသမီးတွေက မထောက်ပံ့ဘူးလား”
ဆိုသည့်စကားတွေ ကြားလာမှာမို့ တစ်ပါးသူဆီက အခုထိ အကူအညီမတောင်းခဲ့ပေ။ ခုဟာက အငယ်ဆုံးသမီးထွေးလေး ၏ ဘဝရှေ့ရေးအတွက်မို့ သားသမီးငါးယောက်ရဲ့ အိမ်ကို အောက်ကျခံ အကူအညီသွားတောင်းရသည်။ တစ်ဦးတစ်ယောက်မှ အားကိုးစရာမရှိ၍ သူစိမ်းဆီက ချေးဌားရုံက လွဲ၍ မဖြစ်နိုင်တော့ပေ။ အားတင်းရင်း အတွေးများနေပေမယ့်
အိမ် အပြန်လမ်းက သူ့အတွက် အင်အားမရှိပေ။
(၅)
အိမ်ပေါက်ဝကို ရောက်တော့ ဝင်ရမှာ အင်အားမရှိလှပေ။ ။သမီးထွေးလေးအလုပ်ကိစ္စအတွက် အတွေးတွေက ခေါင်းထဲဝင်နေ၍ ဘာလုပ်ရမလဲဟူသော စဉ်းစားစရာတွေနှင့် ပြည့်လို့နေသည်။
“ဟ ရီမြင့် နင်တနေကုန်ဘယ်သွားနေတာလဲ”
“ဟုတ်တယ် အမေရယ် သမီးဖြင့်စ်ိတ်ပူနေတာ။ထမင်း၊ဟင်းချက်လည်း မဖြောင့်ဘူး။ ခုထိ အဖေနဲ့ သမီး နေ့လည်စာတောင် မစားရသေးဘူး”
“မဟုတ်ပါဘူး။သမီးရယ်။ အမေလေ သမီးလေးအတွက်…..”
“ထင်တယ် အမေ။ သမီးအတွက် ဘာမှ မပူနဲ့ သမီးဆရာဖြစ်သင်တန်း တက်ဖို့အတွက် လိုအပ်တဲ့ ငွေလေးကို သမီးဆွဲကြိုးနဲ့ လက်စွပ်ရောင်းလိုက်မယ်။ သမီး သင်တန်းပြီးတာနဲ့ လခရတော့ ပြန်ဝယ်တာပေါ့အမေရယ်”
“သမီးငယ်ရယ်။ သမီးက မိန်းကလေးလေ။ အများကြားမှာ ဘာမှမရှိရင် မတင့်တယ်ဘူး။ အမေ စိတ်မကောင်းဘူးကွယ်”
“ဘာမှ စိတ်မကောင်း မဖြစ်နဲ့ အမေရေ။ နားကပ်လေးရှိပါတယ်အမေရယ်။ သမီးအတွက် ဘာမှမလိုဘူး။ သမီး သင်တန်းတက်ချိန်သာ အဖေနဲ့ အမေအတွက် စိူးရိမ်တာ”
“သမီးရယ်”
မျက်ရည်တွေကြားက ဒေါ်ရီမြင့်ပြုံးမိသည်။ သားသမီး ခြောက်ယောက်။အရှေ့က အစ်ကို၊အမတွေ ကိုယ်စီအိမ်ထောင်ပြုသွားကြပေမယ့် မိဘကို ငဲ့သည့် သမီးအငယ်ဆုံးလေး။ဆယ်တန်းအောင်တော့ အဝေးသင်လေးတက်ကာ စတိုးဆိုင်မှာ အရောင်းစားရေးမ ဝင်လုပ်ခဲ့သည်။ ခုဘွဲ့ရလို့ ဆရာဖြစ်သင်တန်းတက်မယ်ဆိုတော့ လိုအပ်သည့် ငွေကြေးလေးအတွက် သားသမီးတွေနား အကူအညီသွားတောင်းပေမယ့် ဘယ်ကမှမရခဲ့ချေ။ သမီးငယ်ကိုယ်တိုင်လည်း အစ်ကိုအစ်မတွေကို အားမကိုးတတ်။ကိုယ့်အား ကိုကိုးပြီး ကျောင်းတက်ခဲ့သည်။ ခုလည်း သူမသင်တန်းတက်ဖို့အတွက် လိုအပ်သည့် ငွေကြေးကို သူ့ချွေးနဲစာလေးနှင့် ခြစ်ခြုတ်စုဆောင်းပြီးဝယ်ထားသည့် ေရွှလေးကို ရောင်းမယ်ဆိုတော့ ေဒါ်ရီမြင့်ရင်ထဲ နင့်နေအောင် ခံစားလိုက်ရသည်။
ပင်စင်စားလင်ယော်ကျား၏ လစာနှင့် မိသားစု သုံးယောက် ချွေတာ စားခဲ့သည်။ငွေပိုငွေလျှံတော့ မရှိခဲ့ပေ။ ခုလို သမီးငယ်လေး လိုအပ်မှု့ကို မကူညီနိုင်၍ စိတ်မကောင်းဖြစ်ရ၏။ တစ်ပါးသူနားက ချေးဌားခဲ့လျှင် ကျန်သည့် သားသမီးတွေအတွက် အများအပြစ်ပြောစရာဖြစ်မည်မို့ စိတ်ထွေခဲ့ရသည်။
တနေကုန်ပင်ပန်းခဲ့သမျှ အပြန်လမ်း က ရင်မောစရာတွေနှင့် ကြုံခဲ့ရသည်။ သိုပေသိ သိတတ်လိမ္မာသည့် သမီးငယ်ကြောင့် ပူစရာသောကတွေ ပျောက်ကွယ်သွားရသည်။
သူအလာကို ထမင်းစားစောင့်နေသည့် လင်ယော်ကျားနှင့် သမီးငယ်က အမေ တနေကုန်ဘယ်သွားနေလဲ မေးပေမယ့် မုသားသုံး၍ သာ ဖြေလိုက်ရသည်။
“သာသမီးတွေ မတွေ့တာ ကြာလို့ သွားလည်နေတာပါ”
ဟုပြောရင်း ဝမ်းက ဟာနေပြီမို့ သမီးငယ်ပြင်ပေးထားသော ထမင်းဝိုင်းမှာ ဝင်ထိုင်ရင်း အငမ်းမရစားနေမိသည်။
လင်ယော်ကျားနှင့် သမီးငယ်က သူ့ကို ငေးကြည့်ရင် ငါတို့သိပါတယ်ဆိုသည့် မျက်ဝန်းတွေ နှင့် သနားကရုဏာသက်စွာကြည့်နေသည်။ သူတို့မျက်လုံးတွေကို ရင်မဆိုင်ရဲပဲ ထမင်းကိုသာ ငုံ့စားနေပါတော့သည်။
ပြီး
ဆောင်းမာန်ဝင့်အောင်
(တောင်ကြီး)
၁၂.၆.၂၀၂၀
ဒုတိယအကြိမ်