စိတ်နှင့်တန်သော ဘဝတွေ(စ/ဆုံး)
———————————
အိမ်ဘက်ရှိရာလမ်းချိုးလေးသို့အကွေ့တွင်..
ဖုန်တသောသောကြားမှ ပိုက်ဆံအိတ်အနီရဲရဲဖောင်းဖောင်းလေးအားယမုံတွေ့ရှိလိုက်လေသည်။
ယမုံသည် တစ်ခဏတော့..ယောင်တောင်ပေါင်တောင်ဖြင့်ပိုက်ဆံအိတ်လေးအားကျော်တက်သွားမိသေးလေသည်။ ထို့နောက် စိတ်ထဲမှနေ၍ ငါ့ပစ္စည်းမဟုတ်လို့ငါကမကောက်ယူမိရင် နောက်တစ်ယောက်ကတွေ့တဲ့အခါ၊ ငါလိုမကောက်ပဲကျော်တက်သွားမှာလား
လူတိုင်းက ငါလိုမဟုတ်ဘူး။ ဘာပဲ ဖြစ်ဖြစ် ပိုင်ရှင်ပြန်လာရှာတဲ့အခါ ငါပြန်ပေးရမယ်။ ငါပဲကောက်သွားတော့မယ်။ ယမုံသည် အတွေးဝင်မိသည်နှင့်လက်ကတပြိုင်နက်ဆိုသလို ပိုက်ဆံအိတ်ကလေးကိုကောက်ယူလိုက်လေသည်။ ထိုစဥ်
လမ်းချိုးလေးထဲကွေ့ဝင်လာသော စျေးဆွဲ ခြင်းတောင်းကိုင်ဆွဲလျှက် မခင်မာမြင့်ကို တွေ့လိုက်သည်။ မခင်မာမြင့်ကလည်းလျှပ်တစ်ပြက်အတွင်းယမုံကုန်းကောက်လိုက်တာကိုမြင်တွေ့သွားပုံရသည်။ မျက်နှာမှာ မချိုမချဥ် ရယ်တော့မလိုလို ပြုံးတော့မလိုလိုဖြစ်သွားကာ ကျီးကြည့်ကြောင်ကြည့် တောင်မြောက်ဝဲယာအိမ်တွေဆီလိုက်ကြည့်လိုက်ပြီး ယမုံအနား ပြေးကပ်လာသည်။
“ဟီးဟီး..ညီမလေးယမုံ..အစ်မလည်း မြင်လိုက်တယ်နော်..အစ်မလည်းတစ်ဝက်ဆိုင်တယ်။..ပေး..ပေး…ဖွင့်ကြည့်ရအောင်…အို…လမ်းမမှာဆိုတော့မကောင်းဘူး..ပေး..ပေး. အစ်မအိမ်ပဲယူသွားမယ်…အိမ်ကိုလိုက်ခဲ့..အိမ်ကျရင်တစ်ဝက်ပြန်ခွဲပေးမယ်”
“ရှင်…….”
ယမုံသည်လုံးဝထင်မှတ်မထားသောမခင်မာမြင့်နှုတ်ကထွက်လာသောစကားကြောင့်ယောင်မှားစွာပင်အာမေဋိတ်သံပြုလိုက်မိပြီးပိုက်ဆံအိတ်ကိုချိုင်းကြားထိုးညှပ်လိုက်မိသည်။ ယမုံ့အပြုအမူကြောင့်မခင်မာမြင့်မျက်နှာပျက်သွားပြီး
“ဒါ..ညည်းတစ်ယောက်ထဲအပိုင်မဟုတ်ဘူး..ငါလည်းမြင်လို့ငါလည်းဆိုင်တယ်။ပိုင်ရှင်လည်းဘယ်သူဆိုတာညည်းရောငါရောမသိဘူး…လုပ်ပါ…ငါ့ကိုတစ်ဝက်ပေး”
ယမုံသည် ဘာပြောရမှန်းမသိသေးခင်
မခင်မာမြင့်ကယမုံ၏လက်မောင်းကိုဆွဲကိုင်ကာ ယမုံတို့အိမ်ဘက်သို့ဆွဲခေါ်လာလေသည်။ မခင်မာမြင့်အိမ်နှင့်ယမုံတို့ငှားနေနေသောအိမ်ခန်းသည် မျက်စောင်းထိုးလောက်ကလေးဖြစ်ပြီးယမုံ့အမေရှိသည့်ဘုရားခန်းဘက်သို့အတင်းတက်လေသည်။ မခင်မာမြင့်က ယမုံ့ထက် ယမုံနှင့်အတူနေ ယမုံအမေနှင့်ပို၍ခေါ်ခေါ်ပြောပြောရင်းရင်းနှီးနှီးရှိသည်။
ပိုက်ဆံအိတ်ကိုယမုံအေမရှေ့ဖွင့်ကြည့်ပြီးငွေများစစ်ကြည့်သောအခါ၊ ငွေမှာ နှစ်သိန်းတိတိရှိနေသည်။ ဆိုးဆိုးဆတ်ဆတ်ဖြင့် မခင်မာမြင့်က ငွေတစ်သိန်းယူပြီး အမေ့အားနှုတ်ဆက်ကာ သူ့အိမ်ဘက်ပြန်ကူးသွားလေသည်။ မပြန်ခင် “ပိုက်ဆံအိတ်ကောက်ရတာ ညည်းနဲ့ငါပဲသိတယ်..ဒီကြားထဲပိုင်ရှင်ပေါ်လာလည်းမသိဟန်သာဆောင်နေ. သူတို့ပေါ့ဆလို့ ကိုယ်ရတာ..ကိုယ်နဲ့ပဲဆိုင်တယ်..ညည်းသာဘယ်သူမှလျှောက်ပြောမနေနဲ့”
အမေကယမုံအားဘာမှမပြောပဲစိတ်ညစ်နေသည့်ယမုံအခြေအနေကိုကြည့်ကာ..ပိုက်ဆံအိတ်ထဲ..သူ့သေတ္တာထဲမှထုတ်လာသောငွေတစ်သိန်းဖြည့်ထည့်လိုက်လေသည်။
“ကဲ…ရော့…လူကြီးအိမ်သွားအပ်ချင်အပ်ထားလိုက်သမီးသဘော၊ အဲ့လိုအပ်တယ်လို့ခင်မာမြင့်သိသွားရင်လည်းအမေပဲရှင်းလိုက်မယ်..သမီးစိတ်ထဲဘယ်လိုခံစားနေရလဲအမေသိတယ်..စိတ်ညစ်မခံနဲ့”
ယမုံနှင့်အမေပိုက်ဆံအိတ်ကလေးကိုင်ကာလူကြီးအိမ်သို့သွားအပ်ကြဖို့ပြင်စဥ် ယမုံတို့ခေါင်းရင်းအိမ်တစ်အိမ်ကျော် မှ ယမုံနှင့်အလုပ်မတူသော်လည်းတစ်ဌာနထဲအတူနေသူမသော်တာဆိုသူထံမှ ပိုက်ဆံအိတ်ပျောက်ကျကျန်ခဲ့ ကြောင်း အသံအကျယ်ကြီး ထွက်လာသည်။
ပိုက်ဆံအိတ်ပျောက်ကျကျန်ခဲ့ကြောင်း..ကားပေါ်မှာလိုလို၊ အိမ်ပြန်လာသည့်လမ်းမှာလိုလို..ငိုသံပါကြီးဖြင့်မသော်တာသည်ပြာယာခတ်စွာအိမ်ရှေ့လမ်းမပေါ်ယောက်ယတ်ခတ်ကာရှာဖွေနေလေသည်။ ယမုံသည်..သူမကောက်ရခဲ့ကြောင်း.
မသော်တာအားလှမ်း၍အသိပေးမည်ပြင်စဥ်
“ပိုက်ဆံအိတ်ကောက်ရတဲ့သူခိုးတွေရေ…သူများပိုက်ဆံမတော်မတရားယူလိုက်ရလို့ပျော်ကြရဲ့လား..ငါ့ချွေးနှဲစာ.
ငါ့လုပ်အားခတွေအကုန်ယူပြီးမိသားစုလိုက်မြိုကြစို့ကြလို့အားရကြပါစေတော်…အဟီးဟီး…ကုန်ပါပြီငါ့ငွေလေးတွေ…”
ယမုံသည်အမေ့မျက်နှာအားအံအားကြီးသင့်စွာငေးကြောင်ကြည့်နေမိရင်း ပိုက်ဆံအိတ်အနီအားယောင်ယမ်း၍ပင်ဖွက်မိလိုက်သည့်အဖြစ်။ အမေက ခေါင်းခါကာ..”သူ..ဘာပြောပြော..မနာနဲ့..သူ့ပိုက်ဆံနှစ်သိန်းအတိ အိတ်ထဲပြည့်နေရင်ပြီးတာပဲ..ခင်မာမြင့်တစ်ဝက်ယူသွားတာလည်းပြောမနေနဲ့ခေါ်ပေးလိုက်”
“မသော်တာ…ဒီမှာ…ပိုက်ဆံအိတ်”
“ဟင်….ပေး…ပေး…အစောထဲကမပြောဘူး..”
သော်တာသည် ယမုံဖိနပ်ချွတ်ကနေဆင်းပေးသောငွေအိတ်အားလှမ်းယူပြီး..ငွေတွေကိုချက်ချင်းထုတ်စစ်သည်။ “ငါးသောင်းလိုသေးတယ်…”
“ဘာ…..”
ဖြစ်စဥ်ကို အစအဆုံးသူတို့အိမ်ဘက်ကနေ စိတ်မလုံစွာလှမ်းကြည့်နေသောမခင်မာမြင့်သည်..ယမုံအား.. မှတ်ပြီလားဆိုသောအကြည့်နှင့်လှမ်းကြည့်နေလေသည်။ ရပ်ကွက်ကလူေတွသည် မသော်တာအသံကြောင့်အိမ်ပြင် ထွက်ကာ ဝိုင်းကြည့်နေကြလေသည်။ အနေအေးသောအမေသည် မျက်နှာနီရဲတက်လာပြီး..ယမုံအားကျောကုန်းထုကာ
“ပြဿနာကိုအိမ်သယ်လာတယ် မိယမုံ…နောက်ကို..ဘာပစ္စည်းပဲတွေ့တွေ့ ကိုယ့်ပစ္စည်းမဟုတ်ရင်ကောက်မလာခဲ့နဲ့…ဟင်…အခုတော့..လူတွေကအမှန်တရားနဲ့..
ဘယ်သူမှ မတန်ဘူးဆိုတာညည်းသိပြီလား…ညည်းပုံစံကခုလိုမအူမလည်ပုံစံမျိုးကြပ်ကြပ်လုပ်နေလေ..ညည်းကိုနှာတစ်ဖျားလေးကြောပြီးညည်းအပေါ်ကလိန်ကကျစ်လုပ်စားသွားကြလေဆိုတာညည်းဘဝနဲ့လည်းရင်းပြီးသိခဲ့ရပြီးပြီ..ခုလည်း..ဒီဘာမဟုတ်တဲ့..ပိုက်ဆံအိတ်လေးကြောင့် ညည်းမှာရှိတဲ့ဂုဏ်သိက္ခာတွေအကုန်ကျရပြီမဟုတ်လား….အင်းဟယ်…အင်းဟယ်…”
အမေသည်..ခါတိုင်းသာမာန်အချိန်မျိုးဆိုအေးဆေးစွာနေတတ်ပြီးစကားနူးညံ့ချိုသာစွာပြောတတ်သလောက်..သူ့သမီးအပျိုကြီး၏မထုံတက်တေးအမူအရာနှင့်ရိုးပုံရိုးလက်ပုံစံအပေါ် လည်စားပတ်စားလုပ်ရက်ကြသူလူတွေအားနာကျည်းမျက်သိုသွားဟန်ရှိသည်။ ချက်ချင်း ကျားနာတစ်ကောင်ကဲ့သို့ဒေါမာန်တွေကြီးကာယမုံအားထုရိုက်အပြီး မသော်တာနှင့်ဝိုင်းအုံကြည့်နေကြသည့်လူအုပ်ဘက်လှည့်ကာ
“ဒီမှာ မသော်တာ..ညည်းပိုက်ဆံအိတ်ကိုငါ့သမီးကောက်ရခဲ့တာမှန်တယ်…အိမ်ပေါ်ထိယူလာခဲ့တာလည်းမှန်တယ်..ဒါပေမယ့်..အိတ်ကိုဖွင့်ကြည့်တာငါ့သမီးလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူး..ခင်မာမြင့်လိုက်လာပြီးခင်မာမြင့်ဖွင့်ကြည့်ပြီးနှစ်သိန်းတိတိရှိတာကအစသူပဲရေပြီးသူပဲတစ်သိန်းသူနဲ့ဆိုင်တယ်ဆိုပြီးယူသွားတာ၊ကျန်တစ်သိန်းထဲကို ငါ့ပိုက်ဆံတစ်သိန်းထပ်ဖြည့်ပြီး..အခုပဲလမ်းထဲကလူကြီးအိမ်ကိုသွားအပ်မလို့ငါတို့သားအမိပြင်နေတုန်းညည်းပိုက်ဆံအိတ်ပျောက်ပြီးဆဲဆိုနေတာကြားတာပဲ..ညည်းဘာသာညည်းငါးသောင်းလိုတယ်မလိုဘူးဆိုတာတော့ညည်းအသိဆုံးပဲနေမှာပေါ့..မယုံရင်..ခင်မာမြင့်သာမေးကြည့်လိုက်တော့”
မခင်မာမြင့်သည်…ဆောင့်ဆောင့်..ဆောင့်ဆောင့်ဖြင့်ယမုံတို့သားအမိတွေရှေ့လာရပ်ကာခုနကသူယူသွားသောငွေတစ်သိန်းကိုယမုံ့အမေလက်ထဲထည့်ကာ
“ရော့…အဒေါ်..အဒေါ့်ငွေပြန်ယူတော့…ဇွတ်ကြီးဖြူစင်ပြနေလို့ခုခေတ်ကမရဘူးအဒေါ်တို့ရေ…အခုတွေ့ပြီလား..ရေအဆုံးကုန်းတစ်ဝက်တဲ့..သူ.သောက်စည်းကမ်းမရှိလို့လမ်းမှာကျပျောက်တဲ့ငွေကိုယမုံကောက်ရလို့ကျမကမြင်လို့တစ်ဝက်လိုက်ယူတယ်..အခုပိုင်ရှင်ပေါ်လို့အဒေါ်ဇွတ်ဖြူစင်ကြီးတို့သားအမိကလိုက်ပြန်ပေးတယ်..အခုပိုင်ရှင်က.သူ့ရှိတဲ့ငွေထက်ပိုပျောက်တယ်လို့ပြောတယ်…နာလည်းနာရသေးနံလည်းနံရသေးဆိုတာဒါမျိုးပေါ့..
“ဆိုကာ..ထမီကိုတိုတိုတမင်ဗြန်းခနဲဗြန်းခနဲဝတ်ပြပြီးမသော်တာရှေ့ကနေ မသော်တာအားတမင်ပုခုံးပါတိုက်ကာထွက်သွားလေသည်။
ယမုံတို့သားအမိလည်း.
အိမ်ခြံထဲ ပြန်ဝင်ကာတံခါးကိုပိတ်လိုက်လေသည်။
ေငွငါးသောင်းလိုနေသေးသည်ဟုအပိုပြောသောမသော်တာသည်လည်းသူ့ငွေအိတ်ကိုကိုင်ကာသူ့အိမ်ဘက်ရှိရာ ပြန်သွားလေသည်။
ရပ်ကြည့်နေသူအပေါင်းတို့လည်း..သူတို့အိမ်တွေဘက်ကိုယ်စီ ကိုယ်စီပြန်သွားကြလေသည်။
စာဖတ်သူအားလုံးနှင့် ကျွနု်ပ်ကိုယ်တိုင်မသိသေးတာ တစ်ခုပြောချင်ပါသည်။
သူ၏ငွေအိတ်ပါဟု..ပြောကာတမင်ယမုံတို့ကောက်ရပါသောငွေအိတ်ပိုင်ရှင်အစစ်အမှန်မှာ မသော်တာဖြစ်နိုင်မဖြစ်နိုင် ။
မသော်တာသည်..ယမုံနှင့်မခင်မာမြင့်မျက်စိမျက်နှာအပျက်ပျက်နှင့်ယမုံတို့အိမ်ထဲအတူတူဝင်သွားတာကိုရော၊ မျက်နှာမှိုရသကဲ့သို့ ခင်မာမြင့်ပြန်ထွက်လာတာကိုရော မြင်ထဲက..တစ်ဌာနထဲနေသူအလွန်ရိုးသားထုံအသည်ဟုထင်ရသောသူမနှင့်ရွယ်တူအပျိုကြီးမယမုံအကြောင်းကြိုသိထားသူမို့ယခုလိုရမ်းဖြန်းကာ ကြားဝင်အသုံးချသွားသည်ဆိုတာရော ဖြစ်နိုင်သည်မဖြစ်နိုင်သည်ခန့်မှန်းပေးခဲ့ကြပါဦး။
ဘာလို်ဆို…ဤအဖြစ်အပျက်ကိုစလယ်ဆုံးမြင်တွေ့ကာဝတ္ထုတစ်ပုဒ်ကုန်ကြမ်းရေးခြစ်မိသည့်ကျွန်ုပ်ကိုယ်တိုင်လည်းမသိပါ။
သိူ့သော်လည်း
လူတိုင်းသည်..စိတ်နှင့်တန်သောဘဝကိုရကြပါသည်။
ထိုတစ်နှစ်အတွင်း
တစ်ဌာနထဲနေသူ မယမုံက ရာထူးတိုးဖြေထားတာအောင်မြင်၍အခြားနယ်မြို့လေးတစ်မြို့သို့ပြောင်းရွှေ့သွားကာရိုးသားကြိုးစားမှုကြောင့်သူမထက်ရာထူးတစ်ဆင့်မြင့်သူလူပျိုကြီးတစ်ယောက်နှင့်အိမ်ထောင်ကျသွားခဲ့ပြီး
မသော်တာတို့မခင်မာမြင့်တို့မှာတော့ အရင်အတိုင်းဒုံရင်းဒုံရင်းဘဝတွေကတက်မလာတော့တာပင်။
ဖတ်ရှုအားပေးသူတိုင်းကို တစ်ဦးတစ်ယောက်ခြင်းစီကျေးဇူးတင်ပါ၏။
ဤစာမူကိုစရေးချိန် 1:55pm
ဤစာမူကိုရေးပြီးချိန် 2:34pm
4.10.2023
ရွက်ဝါရင့်ရင့် #ဝါလှဖြူ