သုံးပါးသီလ(စ/ဆုံး)
—————-
အိမ်ရှေ့တွင် ပွစာကျဲနေသော တုတ်ချောင်းငယ်များ ပလတ်စတစ် အိတ်ငယ်များကို တကုန်းကုန်းနှင့် ကောက်သိမ်းနေသော ဘိုးလေးမောင် ကို ကြည့်ကာ ဘွားရင် သက်ပြင်း အသာချလိုက်ပါသည်။ အမှန်ဆိုလျှင် အိမ်အလုပ်များသည် ဘွားရင်လုပ်နေ ကျ အလုပ်များဖြစ်သည်။ သို့သော် ယခုအချိန်တွင် ဘွားရင် ဘာကိုမျှ လုပ်ချင်ကိုင်ချင်စိတ်မရှိ။ ဖက်ကြမ်း ဆေးလိပ်ကိုသာ မိမိဖွာရင်း အိမ်ပြတင်း ပေါက်နား ဘွားရင် ထိုင်နေသည်မှာ တစ်နာရီခန့်ပင် မကတော့။ ဘိုးလေး မောင်က ဧည့်သည်များ သောက် သွားသော အကြမ်းပန်းကန်များနှင့် လက်ဖက်ပန်းကန်ကို သိမ်းဆည်း ဆေးကြောရင်း ဘွားရင်ကို လှမ်း
ဆေးလိပ်တွေ လျော့သောက် ကြည့်နေသည်။ ဦးနော် အဘွားကြီး။ မင်းက အခုမှ နလန်ထဟ”
ဘိုးလေးမောင်၏ စကားကို ဘွားရင် မချိပြုံးလေး ပြုံးပြရင်းနှင့် ခေါင်းညိတ်ပြလိုက်သည်။ ဘွားရင်၏
ဘဝတွင် ဘိုးလေးမောင်သည် ဖခင် ကဲ့သို့၊ အစ်ကိုကဲ့သို့ပါ အားကိုးရ သော လင်ယောက်ျားဖြစ်သည်။ ဘိုးလေးမောင်၏ ပြောစကားဆိုလျှင် တစ်ခွန်းဆိုတစ်ခွန်း ဘွားရင်က မြေဝယ်မကျ နားထောင်သည်။ ဘိုးလေးမောင်ကလည်း မည်သည့် အခါမှ ကြမ်းကြမ်းတမ်းတမ်း၊ နိုင့် ထက်စီးမင်း မပြောတတ်။ နူးညံ့ ချိုသာစွာ ပြောဆိုဆုံးမတတ်သည် မဟုတ်ပါလား။
အိမ်ထောင်ဦးမှ ယခုအချိန်ထိဘိုးလေးမောင်၏ အကြောင်းကို တွေး တိုင်း ဘွားရင် ကြည်နူးချမ်းမြေ့ရသည်။ စိတ်ချမ်းသာရသည်။ အားကိုးလေးစား ရသည်။ “မရင်”နှင့် “လေးမောင်”တို့၏ဖူးစာဆုံခဲ့ပုံသည် သိပ်တော့အဆန်းတကြယ် မဟုတ်လှ။ မိမဲ့ဘမဲ့ ဖြစ်ရုံသာမက စာပင်တစ်လုံးမှမတတ်သော ရိုးရိုးအအ တောသူမလေး “မရင်”ကို “လေးမောင်” သည် အသနားပိုခဲ့ သည်။ အချစ်ပိုခဲ့သည်။
အိမ်ထောင်ကျကာစကတည်း ကပင် လေးမောင်သည် မရင်ကိုစာသင်ပေးသည်။ ငါးရာ့ငါးဆယ် နိပါတ်များနှင့် ဇာတ်ကြီးဆယ်ဘွဲ့ စသည်တို့ကိုလည်း တဖွဲ့တနွဲ့ ပြောပြ တတ်သကဲ့သို့ ဘုရားရှိခိုး အမျိုးမျိုး ကိုလည်း နှုတ်တိုက် ချပေးတတ် ပြန်သည်။ “မရင်”ကလည်း သူ့ထက် ငါးနှစ်မျှကြီးသော ကျောင်းထိုင် ဆရာတော်၏ တူဖြစ်သော၊ စာ အတော်အတန် ရေးတတ်ဖတ်တတ် သော၊ အေးဆေးတည်ငြိမ်သော လေးမောင်ပြောသမျှ စီစဉ်သမျှကို တပြုံးပြုံးနှင့် နာခံခဲ့သည်ချည်း ဖြစ် သည်။ လေးမောင်ကိုယ်၌ကလည်း အားလပ်ချိန်တွင် ဘကြီးဘုန်းကြီးထံ သွား၍ ဗုဒ္ဓအဆုံးအမများကို နာယူ မှတ်သားတတ်သည်။ ဘာသာတရား ၏ အဆုံးအမနှင့်အညီလည်း နေထိုင် သည်။ လေးမောင် အမြဲပြောတတ် သော စကားရှိသည်။
“မရင်ရေ— လူရယ်လို့ ဖြစ် လာမှတော့ ငါးပါးသီလလောက် တော့ ထိန်းနိုင်သလောက် ထိန်းမှ ဟ။ နောင်ဘဝကောင်းစားဖို့တွေ ဘာတွေ နောက်ထား။ ဒီဘဝတော့ လိပ်ပြာလုံလုံ၊ သိက္ခာရှိရှိလေးအသက်ဆက်ချင်သဟ။ မုသာဝါဒ ကတော့ စင်းလုံးချော မထိန်းနိုင်ပါ ဘူးကွာ။ မလွှဲသာ မရှောင်သာရင် ပြောနေရရော။ အဲဒီတော့ ကျန် လေးပါးတော့ ငါက အတတ်နိုင်ဆုံး သေသေချာချာ စောင့်ထိန်းတယ်ကွ”
လေးမောင်သည် ပြောစကားနှင့် ညီအောင်လည်း နေသည်။ မရင် ကိုလည်း သမ္မာအာဇီဝကျကျနှင့် ခါးကျိုးအောင် လုပ်ကျွေးခဲ့သည်။ လောကပင်လယ်ကြီးထဲ လင်စုံ မယားဖက် လက်ပစ်ကူးခဲ့ကြသည်မှာ ယခုဆိုလျှင် လေးမောင်နှင့် မရင် ဘဝမှ ဘိုးလေးမောင်နှင့် ဘွားရင်ဘဝ အထိ ရောက်လာခဲ့ပြီးဖြစ်သည်။ မွေး ထားသော သားသမီးသုံးယောက်ပင် အတောင်စုံ၍ အဝေးသို့ ပျံကုန်ကြ ပြီ။ နောက်ဆုံးတွင်တော့ ဘိုးမောင်နှင့် ဘွားရင် တို့သည် အိမ်အိုလေးတစ်လုံးနှင့် အသုပ်ဆိုင်သေးသေးတစ်ခုကို အမှီ ပြုရင်း လင်ကိုယ်မယား ဖေးမကာ ဘဝလမ်းကို ယိုင်နဲ့နဲ့ဖြင့် ဆက် လျှောက်နေရတော့သည်။
(၂)
ဘွားရင်ကို လူအများက လင် ကံကောင်းသည်ဟု ပြောတတ်ကြ သည်။ အမှန်လည်း ဘွားရင် လင်ရ ကံကောင်းခဲ့ပါသည်။ သို့သော် သားသမီးကံကတော့ ဘွားရင်တို့ မကောင်းခဲ့။ တစ်ဦးတည်းပါသော သားယောက်ျားလေးသည် ရွှေတော လိုလို၊ ကျောက်စိမ်းလိုလိုနှင့် အိမ်က ထွက်သွားသည်မှာ အလွန်ပင် ကြာခဲ့ပြီဖြစ်သည်။ စာမလာ၊ သတင်း မကြားရ၍ ဘွားရင် ငိုခဲ့ရသည့် နှစ်များမှာ မနည်းလှ။ အချို့က သားဖြစ်သူကို တရုတ်ပြည်မှာ တွေ့ ခဲ့သယောင်၊ အချို့က ယိုးဒယား ဘက်မှာ မြင်ခဲ့သယောင် ဆိုကြသည်။ ဘွားရင်ကတော့ တစ်နေ့တွင် သား ဖြစ်သူ ပြန်လာမည်ဟု အခိုင်အမာ ယုံကြည်ထားသည်။ သားကြောင့် စိတ်ဆင်းရဲရသကဲ့သို့ သမီးနှစ်ယောက် ကလည်း စိတ်ချမ်းသာမှုမပေး။ အဝေးတစ်နေရာတွင် သူတို့အိုး၊ သူတို့အိမ်နှင့် အခြေချရင်း အပူရှိပါက မိဘအိမ်သို့ အပြေးလာ၍ ငိုကြယိုကြ အပူပေးကြသည်။ အဆင် ပြေနေသောအချိန်တွင်တော့ ဘာသံမှ မကြားရ။ တစ်နှစ်တစ်ခါ ငွေကြေး အနည်းငယ် ကန်တော့ပြီးလျှင် သူတို့ တာဝန်သည် ကျေပြီဟုသာ တွေးကြ သည်။ တစ်ခါတလေ သူတို့ကမိခင် ကြီး၏ အသုပ်ဆိုင်ကို မျက်စောင်း ထိုးတတ်ကြသေးသည်။
“အမေ့အလုပ်ဆိုင်က ဒီလောက် ရောင်းကောင်းနေတာ ပိုက်ဆံတွေများ ဘယ်နားသိမ်းတုန်း။ လင်မယား နှစ်ယောက်က စရိတ်ကလည် ဘာမှ မကုန်ဘဲနဲ့”
ထိုစကား ကြားရသောအခါ ဘွားရင် ရင်ထဲ ဆို့နှင့်ကာ မျက်ရည် ကျချင်မိသည်။ ရပ်ကွက်ငယ်လေး ထဲတွင် ဖွင့်ထားသော အသုပ်ဆိုင် သေးသေးလေးမှ ဝင်ငွေသည် ဘယ် လောက်မှ မများ။ စားစရိတ်နှင့် သာရေးနာရေးများအတွက် မနည်းရုန်းကန်နေရသည်ကို သမီးများ သိအောင် ပြောမပြချင်တော့။
(၃)
ဘွားရင် ယခုတလော ညဘက် များတွင် အိပ်မပျော်။ အကြောင်းရင်း သည် ဘိုးလေးမောင် နေမကောင်း ရာမှ အစပြုသည်။ ဘိုးလေးမောင် ကို ဆေးကုလိုက်ရ၍ ရှိစုမဲ့စု စုဆောင်းထားသော ငွေလေးများ ကုန်သွားသည်။ ထိုအချိန်ထိ ဘွားရင် မမှုသေး။ သို့သော် ဘိုးလေးမောင် နလန်ထသည်နှင့် ဘွားရင် အိပ်ရာထဲ လဲတော့သည်။ ဘွားရင် အိပ်ရာထဲလဲသောအခါ အသုပ်ဆိုင်လည်း မဖွင့်နိုင်တော့ ဝင်ငွေလည်း မရှိ၍ စားဖို့သောက်ဖို့ ချေးငှားရသလို ဆေးဖိုးအတွက်လည်း ငွေတိုးယူရ တော့သည်။ တော်သေးသည်ဟု ပြောရမည်။ အိမ်နီးနားချင်းများက အလွယ်တကူ ချေးငှားပေးသလို ငွေတိုးချေးပေးသော အပျိုကြီးက လည်း ဘွားရင်တို့ကို သနား၍ အတိုးမယူ။
သမီးများဆီ ဘွားရင် ဖုန်းဆက် သေးသည်။ သမီးများကလည်း အဆင် မပြေဟု ဆိုသည်။ ငွေရှာရဦးမည် ဟု ပြောသည်။ ယခင်ကတည်းက သားသမီးများဆီ အပူကပ်လေ့ကပ်ထ မရှိသော ဘွားရင်တို့လင်မယားလည်း ဘာမှထပ်မပြောတော့။ ဘွားရင် လူက နေကောင်းလာသော်လည်း စိတ် က မကောင်းလှ။ အသုပ်ဆိုင်လေး ပြန်မဖွင့်နိုင်၍ ဖြစ်သည်။ ဆိုင်လေး ဖွင့်နိုင်လျှင် အကြွေးများလည်း ဖဲ့ဆပ် နိုင်မည်။ စားဖို့လည်းမပူရ။ ဆိုင် ဖွင့်ရန်လည်း ချေးစရာလူက မရှိတော့။ အပျိုကြီးကလည်း ယခင် ပိုက်ဆံပင် မကျေဘဲ ထပ်ချေးပေးမည် မထင်။ ယခင်ပိုက်ဆံကို အတိုးမယူ ဘဲ ချေးပေးသည်ကပင် ကျေးဇူး တင်စရာ ကောင်းလှပြီဖြစ်သည်။ ညဘက်များတွင် ဘွားရင် အိပ်မပျော် သလို ဘိုးလေးမောင်လည်း အိပ် ပျော်ဟန်မတူ။ ဘွားရင်ကတော့ ဘုရားရှိခိုးတိုင်း အသုပ်ဆိုင်လေး အမြန်ပြန်ဖွင့်နိုင်ပါစေဟုသာ ဆု တောင်းမိတော့သည်။
ယနေ့ညနေ ဘွားရင်တို့အိမ် ရှေ့ ကားသေးသေးလေးတစ်စင်း လာရပ်သည်။ ထို့နောက် ကားထဲမှ မိန်းကလေးတစ်ယောက် ထွက်လာ ကာ-
“ဦးလေးမောင်၊ ဒေါ်ရင်တို့ အိမ်လားရှင့်”
ဟု မေးသည်။ ဘွားရင်မှာ မမြင်ဖူး၊ မတွေ့ဖူးသော မိန်းကလေး ကို ကြည့်ရင်း ယောင်နနနှင့် ခေါင်း ညိတ်ပြလိုက်သည်။ ထိုအချိန်တွင် ကားပေါ်မှ ကောင်းလေးတစ်ယောက် ထွက်လာပြီး ဘွားရင်ကို ဖုန်းနှင့် ဓာတ်ပုံလား၊ ဗီဒီယိုလားမသိ ရိုက် သည်။ မကြုံဖူးသဖြင့် ဘွားရင် အတော်လန့်သွားကာ ဘိုးလေးမောင် ကို အော်ခေါ်ရတော့သည်။ မိန်းကလေး ကတော့ ဘွားရင်ကိုကြည့်၍ သဘော တကျနှင့် ရယ်နေသည်။ဘိုးလေးမောင် ထွက်လာသောအခါမှ
“သမီးတို့က ပစ္စည်းလာပို့ တာပါ အဘ”
ဟု ဆိုသည်။ မိန်းကလေး စကားကြောင့် ဘွားရင်လည်း အံ့သြ သွားသည်။ ဘာပစ္စည်းမှ မှာမထား ၍ မည်သည့်ပစ္စည်း လာပို့သည်”ဟု မှန်းဆမရ ဖြစ်နေသည်။ ထိုအချိန် တွင် မိန်းကလေးသည် ကားပေါ်မှ ပစ္စည်းတစ်ခုကို ယူလာသည်။ ဘွားရင်သည် မိန်းကလေးလက်ထဲမှ ပစ္စည်းကိုကြည့်၍ အံ့သြသွားသည်။ ထို့နောက်တွင်တော့ အခြေအနေအရပ်ရပ်ကို နားလည်သွားတော့ သည်။ မိန်းကလေးသည် ဘွားရင် လက်ထဲသို့ ပိုက်ဆံပန်းစည်းလေး ထည့်ပေးသည်။ ထို့နောက်-
“ဘယ်သူပေးတာထင်လဲ”
ဟု ရယ်မြူးစွာ မေးသည်။ ဘွားရင်တို့ လင်မယားအတွက်တော့ အရှည်တဝေး စဉ်းစားနေစရာမလို၊ “သမီးနှစ်ယောက်လား”
ဟု ဘွားရင်က မေးလိုက်သည်။ မိန်းကလေးက ခေါင်းညိတ်ပြရင်း ဘွားရင်ကို မေးခွန်းများ တစ်ခုပြီး တစ်ခု မေးတော့သည်။ ဘွားရင်သည် မိန်းကလေးမေးသော မေးခွန်းများကို အယောင်ယောင်အမှားမှား ဖြေရင်း ရင်များ တလှပ်လှပ် ခုန်လာသည်။ လူကလည်း ငိုချင်သလိုလို၊ ရယ်ချင် သလိုလို ဖြစ်နေသည်။ ဘွားရင်၏ အိမ်လေးထဲတွင် ရပ်ကွက်ထဲမှလူများ စုရုံးလားပြီး တစ်ယောက်တစ်ပေါက် ပြောကြဆိုကြ၊ ရယ်ကြမောကြနှင့် ပွက်လောရိုက်နေတော့သည်။
ဘိုးလေးမောင်ကတော့ တပြုံး ပြုံးနှင့် ဘာမျှပင်မပြော။ ခဏအကြာ တွင် ဘွားရင်၏ သမီးနှစ်ယောက် ဆီမှ ဖုန်းဝင်လာသည်။ အနည်းငယ် အဆင်ပြေလာ၍ ညီအစ်မနှစ်ယောက် ပေါင်းကာ ပိုက်ဆံငါးသိန်းကို အဖနှင့် အမေ ပျော်စေရန် စပရိုက်လုပ်ပေး ကြောင်း ဖောင်ဖွဲ့၍ ပြောကြသည်။ သမီးနှစ်ယောက်နှင့် ဖုန်းပြောပြီး သည်နှင့် ပိုက်ဆံပန်းစည်းလေးကို ကိုင်ကာ ဘွားရင် အိမ်ပေါ်သို့ တက် လာခဲ့သည်။ တစ်သက်မှာ တစ်ခါသာရဖူးသော ပိုက်ဆံပန်းစည်းလှလှ လေးကို ကြည့်ပြီး ဘွားရင်မှာ မတို့ရက်၊ မထိရက်။ သို့နှင့် ညကျ မှ အဝကြည့်ပြီး ပိုက်ဆံများဖြုတ်ရန် ဘွားရင်စိတ်ကူးကာ ပန်းစည်း လေးကို ဘုရားစင်ပေါ်သို့ အသာ တင်ထားလိုက်သည်။ ထို့နောက် ညနေစာချက်ရန် ဘွားရင် မီးဖိုချောင် သို့ ဝင်တော့သည်။
ဘွားရင် ညနေစာချက်ပြီးချိန် တွင် ရပ်ကွက်ထဲမှ ကုန်စုံဆိုင်ပိုင်ရှင် မမူနှင့် အိမ်နီးချင်းအချို့သည် ဘွားရင် ၏ အိမ်ကလေးပေါ်သို့ တက်လာသည်။ သူတို့ကို မြင်သောအခါ ဘွားရင် သက်ပြင်းတစ်ချက် အသာချလိုက်မိသည်။
“သူတို့တွေလည်း သူတို့ပိုက်ဆံ သူတို့ ပြန်လိုချင်ကြမပေါ့” ဟု တွေးလိုက်မိသည်။
“ဘွားရင်ရေ— ကျွန်မလည်း ဆိုင်ကို ပစ္စည်းလေး ထပ်တင်ချင် လို့။ အဲဒါလေ….”
“ဘွားရင်ရေ. ကျောင်းဖွင့်ပြီ ဆိုတော့လေ အိမ်က ကလေးတွေကို ကျောင်းပစ္စည်းလေး ဝယ်ပေးရမှာမို့”
“ဘွားရင်ရေ… ကျွန်မလည်း ပိုက်ဆံလေး လိုနေလို့လေ”
တစ်ယောက်က စလိုက်သည်နှင့် အတိုင်အဖောက်ညီညီ ထွက်လာကြ သော စကားသံများကို နားထောင်ရင်း ဘွားရင် အသာပြုံးလိုက်မိသည်။ “ပိုက်ဆံမြင်တာနဲ့ လာတောင်းရ ချည်ရဲ့”ဟုလည်း အပြစ်မဆိုရက်။ မရှိ၍ ချေးငှားလျှင်လည်း အလွယ်တကူ ရှိတာလေး ထုတ်ချေးပေးတတ် ၍ ပိုက်ဆံမြင်လျှင်လည်း သူ့ထက် ငါ ရချင်ကြသည်မှာ ဒီရပ်ကွက် ငယ်လေး၏ ထုံးစံပင်ဖြစ်သည်။ ပြောရင်းဆိုရင်းနှင့်ပင် မိန်းမ တစ်ယောက်သည် ဘုရားစင်ပေါ် တင်ထားသော ပန်းစည်းလေးအား မြင်သွားသည်။ ထိုမိန်းမသည် အတော်ပင် အားနာသွားဟန်နှင့် –
“ဘွားရင်ကို လာပြောပြတာပါ။ ပိုက်ဆံတွေတောင် မဖြုတ်ရသေးဘူး။ အားနာစရာကြီး။ မနက်မှ လာခဲ့ တော့မယ်နော် ဘွားရင်”
အားတုံ့အားနာဟန်နှင့် ထပြန် တော့မည့် အိမ်နီးချင်းများကို ဘွားရင် အသာပြုံးပြလိုက်ရင်း-
“မဟုတ်တာဟယ် . . . ညည်း တို့လည်း ကိုယ့်အလုပ်နဲ့ကိုယ်ဆို တော့ လာရပြုရတာ အလုပ်များပါ တယ်အေ။ တစ်ခါတည်းသာ ယူသွား ကြပါ”
ဘွားရင်၏ စကားအဆုံးတွင် ဘိုးလေးမောင်သည် တစ်ခုခု ပြော ချင်ဟန်နှင့် ဘွားရင်ကို လှမ်းကြည့် လိုက်သည်။ သို့သော် ဘာမျှမပြော တော့ဘဲ ဘုရားစင်ပေါ်မှ ပိုက်ဆံ ယူလိုက်သည်။ ပန်းစည်းလေးကိုသာ အသာလှမ်း
“ပိုက်ဆံတစ်ရွက်ချင်းစီကို ပလတ်စတစ်နဲ့ပိတ်ပြီး တုတ်ချောင်း လေးတွေမှာ ကပ်ထားတာပဲဟ။ ငါ တုတ်တွေ ချွတ်ပြီး တစ်အိတ်ချင်း ပေးလိုက်မယ်။ အိတ်တော့ ညည်း တို့ဖာသာ ခွာကြတော့ကွယ်”
ပြောပြောဆိုဆိုနှင့် ဘိုးလေးမောင် သည် တုတ်ချောင်းလေးများတွင် ကပ်ထားသော ပိုက်ဆံပလတ်စတစ် အိတ်ကလေးများကို ထိုင်ချွတ်နေ သည်။ ဘွားရင်ကတော့ ဧည့်သည် တွေအတွက် ရေနွေးချပေးလိုက်၊ စကားပြောလိုက်နှင့် အလုပ်များနေ သည်။ ဘိုးလေးမောင်သည် တုတ် ချွတ်ပြီးသော ပလတ်စတစ်အိတ်နှင့် ပိုက်ဆံရွက်ကလေးများကို ပေးစရာ ရှိသူများအား တစ်ဦးချင်းပေးနေသည်။ ကုန်စုံဆိုင်ပိုင်ရှင် မမူ”ကို အရင်ပေး သည်။ ထို့နောက် နှစ်သောင်းစ၊ သုံးသောင်းစ ပေးရမည့်သူများကို ပေးသည်။ ထိုအချိန်မှာပင် ငွေတိုးချေး သော အပျိုကြီးသည် အိမ်ပေါ်သို့ တက်လာသည်။
“ဘွားရင်တို့သမီးတွေ ငွေပို့ လိုက်တယ်ဆိုလို့ လာလည်ရင်း သတင်းမေးမလို့ ဝင်လာတာ”
စကားအလှ မည်သို့ပင် သုံးပါစေ၊ အကြွေးတောင်းရန် လာခြင်း ဖြစ်သည်ကို အိမ်လေးပေါ်ရှိ လူအားလုံး က သိကြသည်။ အပျိုကြီးသည် ပြောရင်းဆိုရင်းနှင့်ပင် အိမ်ပေါ်တွင် ထိုင်နေသောသူများကို မျက်လုံးတွေ ကြည့်လိုက်သည်။ ကုန်ဆုံဆိုင်ပိုင်ရှင် မမူကို မြင်သောအခါ အပျိုကြီး မျက်နှာအတော်ပျက်သွားသည်။ မမူ နှင့် အပျိုကြီးက လုံးဝမတည့်။ ဘွားရင်မှာ မျက်စိမျက်နှာပျက်နေ သော အပျိုကြီးကိုကြည့်ရင်း နေရ ခက်လာသည်။
“သူတို့အရင်ရောက် လို့ အရင်ပေးလိုက်ရတာ”
ဟု ရှင်းပြရန်လည်း မဖြစ်နိုင်။ အပျိုကြီးသည် လည်း အတိုးမယူသော မျက်နှာမှ မထောက်။ သူနှင့်မတည့်သောသူကို အရင်ပေးရကောင်းလားဟု စိတ် မျက်နေဟန်ရှိသည်။ ထိုအချိန်တွင် ဘိုးလေးမောင်မှ
“မယ်ရင်… လက်ဖက်နှပ်လေး ရှိသေးသလား … သွားသုပ်ပါဦးဟ”
ဘိုးလေးမောင် စကားကြောင့် ဘွားရင်တစ်ယောက် ဝမ်းသာအားရ နှင့် မီးဖိုချောင်ထဲ ဆင်းခဲ့သည်။ မီးဖိုချောင်ထဲရောက်မှ အသက်ဝဝ ရှူနိုင်တော့သည်။
ဘွားရင် လက်ဖက်သုပ်နေစဉ် မှာပင် အိမ်ရှေ့ခန်းမှ မမူနှင့် အိမ်နီး ချင်းများ နှုတ်ဆက်၍ ပြန်သွားသော အသံ၊ အပျိုကြီး၏ ကျယ်လောင်သော စကားသံများကို ကြားလိုက်ရသည်။ လက်ဖက်ပန်းကန်လေးကို ကိုင်ကာ ဘွားရင် အိမ်ပေါ်တက်လာသော အခါတွင် ဘိုးလေးမောင်သည် အပျိုကြီးကို ချော့မော့တောင်းပန်နေ သည်ကို တွေ့လိုက်ရသည်။
“ဦးလေးတို့ကလည်း တူမကြီး ကို အရင်ပေးဖို့ စိတ်ကူးရှိပြီးသား ပါကွယ်။ ဒါပေမဲ့ သူတို့က အရင် ရောက်လာတော့. . .””
“မဟုတ်ဘူးလေ ဦးလေးရဲ့။ ကျွန်မပြောချင်တာက ကျွန်မက ဦးလေးတို့ကို အတိုးတောင် မယူဘဲ ချေးပေးထားတာလေ။ ကျွန်မကျ အပြည့်မရဘဲ မမူကကျ အပြည့်ရ တယ်ဆိုတော့ ကျွန်မ ဘယ်စိတ် ကောင်းမလဲ”
အပျိုကြီး၏ စကားအသွား အလာကို နားထောင်ရင်းနှင့်ပင် ဘွားရင် သက်ပြင်းမောတစ်ခု အသာ ချလိုက်မိသည်။
“ကဲပါ ငါ့တူမကြီးရယ်… အခုလည်း နှစ်သိန်းလောက် ကျန်ပါ သေးတယ်။ ငါ့တူမကြီး ယူသွား လိုက်ပါ။ ကျန်တဲ့တစ်သိန်းကိုတော့ ဦးလေးတို့ ဖြည်းဖြည်းချင်း ခွဲဆပ်ပါ့ မယ်ကွယ်။ တူမကြီး မြင်တဲ့အတိုင်း ပဲ။ ဒါ ပိုက်ဆံအကုန်ပါပဲ။ ဦးလေး တို့ သုံးဖို့တောင် မချန်ထားပါဘူး ကွယ်”
ဘိုးလေးမောင်၏ စကားကြောင့် အပျိုကြီးသည် စိတ်မကောင်းဖြစ် သွားဟန်တူသည်။ တင်းနေသော မျက်နှာသည် ပျော့ပျောင်းသွားပြီး.
“အင်းပါ… ဒါဆိုလည်း ကျန်တဲ့ဟာပဲ ယူသွားလိုက်ပါ့မယ်”
အပျိုကြီး စကားအဆုံး ဘိုးလေး မောင်သည် ပေါင်ပေါ်တင်ထားသော အိတ်စွပ်ထားသည့် ပိုက်ဆံလေးများ ကို အကုန်စီပြီး အပျိုကြီးအား လှမ်း ပေးလိုက်သည်။ စုစုပေါင်း နှစ်သိန်း တစ်သောင်းတိတိ။ အပျိုကြီးသည် ပိုက်ဆံလေးများကို ပလတ်စတစ် မချွတ်ဘဲ လက်ကိုင်အိတ်ထဲ စုထည့် လိုက်သည်။ ထို့နောက် သူ၏ပိုက်ဆံ အိတ်လေးထဲမှ ငါးထောင်တန် လေးရွက်ကို ထုတ်ကာ ဘွားရင် အား လှမ်းပေးသည်။
“ဒီနှစ်သောင်းက ကျွန်မက ဦးလေးနဲ့အဒေါ်ကို ကန်တော့တာ နော်။ ချေးတာ မဟုတ်ဘူးနော်”
ဘွားရင်သည် ပိုက်ဆံနှစ်သောင်း ကို အသာလှမ်းယူရင်း တုန်ယင် သာအသံဖြင့် သာဓုခေါ်လိုက်သည်။ သွားရင်သည် မျက်ရည်မကျအောင် မနည်းထိန်းရင်း အပျိုကြီးပြောသော စကားများကို အလိုက်သင့် ပြန်ပြော နေရသည်။ သို့သော် ဘွားရင်သည် စိတ်နှင့်ကိုယ် မကပ်တော့။ ဝမ်းနည်း အားငယ်နေတော့သည်။ သမီး နှစ်ယောက်သို့ စိတ်က ရောက်လိုက်၊ မဖွင့်ဖြစ်သော အသုပ်ဆိုင်ကလေးသို့ စိတ်ကရောက်လိုက်နှင့် ဖြစ်နေသည်။ အပျိုကြီး ပြန်သွားသောအခါ ဘွားရင် သည် အိမ်ရှေ့ပြတင်းဆီသို့ လေးလေး ဖင့်ဖင့် လျှောက်သွားကာ ပံ့ပို့ကလေး ထိုင်နေမိတော့သည်။ ထို့နောက် တွင်တော့ တံခါးမှတစ်ဆင့် မြင်ရ သော လမင်းကြီးကို ငေးကြည့်ရင်း ဖက်ကြမ်းဆေးလိပ်ကိုသာ နာနာပိ၍ ဖွာနေတော့သည်။
*စိတ်လည်း သိပ်မညစ်ပါနဲ့ မယ်ရင်ရယ်…”
ဘိုးလေးမောင်သည် ဘွားရင် ဘေးသို့ ကပ်ထိုင်ရင်း တိုးတိုးလေး ဆိုသည်။ ထို့နောက် ဘွားရင်၏ လက်မောင်းပိန်ပိန်လေးကို အသာ ဖျစ်ညှစ်ရင်း အားပေးသည်။
“စိတ်ညစ်တယ်ရယ်လည်း မဟုတ်ပါဘူး အဘိုးကြီးရယ်… တော့်သမီးတွေလုပ်ပုံ မဟုတ်တာကို စိတ်ဆိုးတာပါတော်။ ပိုက်ဆံငါးသိန်းကို ဒီအတိုင်းလွှဲပေးလိုက်ရင် ကျုပ် တို့လည်း အရင်းအနှီးလုပ်ဖို့ ဖယ်တန် တာဖယ်၊ အကြွေးလည်း ခွဲဆပ် တန်တာ ဆပ်လို့ရသပေါ့။ အခုတော့ ကသီကလင်နဲ့ မရတဲ့သူတွေကလည်း စိတ်ဆိုး။ ဆိုင်ကလေးဖွင့်ဖို့မှ အရင်း အနှီးကလည်း မကျန်။ သူတို့ အဲ့လို ပို့လိုက်မှ ကျုပ်တို့ ပိုဒုက္ခရောက်သလို တောင် ခံစားရတယ်။ ပျော်ရတာက ခဏရယ်။ စိတ်ပင်ပန်းမွန်းကြပ် ရတာက ပိုများလို့ပါတော်”
ဘွားရင်၏ စကားအဆုံး ဘိုးလေးမောင်သည် ဘွားရင်၏ လက် တစ်ဖက်ကို အသာဆွဲယူလိုက်သည်။ ထို့နောက် ဘွားရင်၏ လက်ထဲသို့ ပစ္စည်းအချို့ ထည့်ပေးသည်။တိတိကျကျဆိုရသော် ပလတ်စတစ်အိတ်လေးများထဲ ထည့်ထားသော ပိုက်ဆံ များဖြစ်သည်။ လက်ထဲမှ ပိုက်ဆံ လေးတွေကို ကြည့်ရင်း ဘွာရင်မှင်သက်သွားသည်။
ဘိုးလေးမောင်၏ ရယ်သံဟဟ
“ငါ ခုနက ပိုက်ဆံတွေဖြုတ် ရင်း ပုဆိုးကြားညှပ်ယူထားလိုက် တာ မယ်ရင်…။ အပျိုကြီး ရောက် လာတော့ ငါအတော်လေး စိတ်ညစ် သွားတာ။ သူ့သာ အကုန်ပေးလိုက်ရင် ငါတို့စျေးရင်းဖို့ တော့မလဲကွာ။ မြင်နေရက်နဲ့ မပေးပြန်ရင်လည်း မမူကျတော့ အကုန်ရ တယ်။ သူ့ကျ မရဘူးနဲ့ စိတ်ဆိုးဦး မယ်။ ဒါကြောင့် သူမသိအောင် ပုဆိုးကြားထဲ အသာညှပ်ယူထား လိုက်တာ။ နောက်ရက်တွေကျဈေးရင်းဖို့ လိုသေးတယ်လေကွာ။ သူများနားက ပြန်ချေးရအောင်လည်း မနေ့တစ်နေ့ကမှ အကြွေးဆပ်၊ ဒီနေ့ ပြန်ချေးဆိုရင် သူများလည်း ဘယ် ချေးချင်ပါ့မလဲ။ အခု ငါယူထားတဲ့ ပိုက်ဆံခြောက်သောင်းရယ်၊ အပျို ကြီး ပေးခဲ့တဲ့ နှစ်သောင်းရယ်ဆို ဈေးရင်းဖို့ ရပြီလေ။ ပြောသာ ပြော နေရတာ မယ်ရင်ရာ.. တစ်ခါမှ မခိုးဖူးတော့ လက်တွေရော၊ ရင်တွေ ရော တုန်သဟာ”
ဘိုးလေးမောင်၏ရယ်သံဟဟနှင့် စကားကိုနားထောင်ရင်း ဘွားရင်မျက်ရည်များတာကျိုးသကဲ့သို့ စီးကျလာတော့သည်။ဘိုးလေးမောင်ကတော့ သူ့လက်ပိန်ပိန်လေးတွေနှင့်မျက်ရည်များ အသာသုတ်ပေးရင်း-
“စိတ်မကောင်း မဖြစ်ပါနဲ့ မယ်ရင်ရာ.. ငါ… ငါးပါးမပြည့် တောင် သုံးပါးသီလတော့ လုံပါသေးသဟ”
ဘိုးလေးမောင်သည် ရယ်သံ စွက်၍ ပြောသော်လည်း ဘွားရင် လိုက်၍မရယ်နိုင်တော့။ ဘိုးလေး မောင်၏ လက်မောင်းကို မှီတွယ်ရင်း အားရပါးရ ငိုချလိုက်မိတော့သည်။ ဘိုးလေးမောင်ကတော့ ဘွားရင်၏ ကျောပြင်ကို အသာအယာ ပုတ် ပေးလို့…။ ပြတင်းအပြင်ဘက်မှ လမင်းကြီးကလည်း အိမ်အိုလေး ထံမှ လူသားအိုနှစ်ယောက်ကို ငုံ့ ကြည့်လို့..။
ခင်နေခြည်စိုး
အတွဲ – ၂ အမှတ် – ၅
မန္တလေးပုံရိပ်