“တစ်ယောက် တစ်ဝက်”(စ/ဆုံး)
—————————–
အမျိုးသမီး၏ မျက်ဝန်းများသည် ရှေ့နေစားပွဲမှာ ထိုင်နေသော လူကို လှမ်းမြင်ပြီး စူးရှစွာ ကျဉ်းမြောင်းသွားသည်။
“ဘယ်လို လုပ်လိုက်တာလဲ ရှေ့နေကြီး”
ထို့နောက် စားပွဲရှေ့မှာ ထိုင်နေသော ထိုအမျိုးသားအား အမျိုးသမီးက လုံးဝ မကြည့်တော့ဘဲ ရှေ့နေနှင့်သာ မျက်လုံးချင်းဆိုင်၍ စကားပြောသည်။
“ကျွန်မ သူနဲ့ စကားမပြောချင်ဘူး၊ ရှေ့နေကြီးက တစ်ဆင့်ပဲ ညှိနှိုင်းမယ်လို့ ပြောထားတာ၊ ခု ဘယ်လိုဖြစ်တာလဲ”
ရှေ့နေက အခြေအနေကို ထိန်းသိမ်းလိုဟန်နှင့် ကမန်းကတန်း မတ်တတ်ထ ရပ်သည်။
“ခဏလေး ထိုင်ပါလား အစ်မကြီး၊ အစ်မကြီးတို့ ကိစ္စက မျက်နှာချင်းဆိုင် ဖြေရှင်းမှ ရမှာမို့ပါ”
“အို…ကျွန်မ သူနဲ့ လုံးဝ စကားမပြောနိုင်ပါဘူး၊ ဒါဆို ကျွန်မ အခု ပြန်မယ်”
ရှေ့နေက ပျာပျာသလဲ ပြေးထွက်ကာ လက်ဆွဲခေါ်တော့မယ့်ပုံ ဖြစ်လာသည်။
“အဲဒီလို မလုပ်ပါနဲ့တော့ဗျာ၊ ဒီတစ်ခါ ညှိနှိုင်းရတဲ့ အခေါက်က နောက်ဆုံး ဖြစ်မှာပါ၊ ဒီတစ်ခါလေးပဲ စကားပြောပေးပါ၊ ဒီလိုမှ မလုပ်ရင် မဖြစ်တော့လို့ပါ၊ အစ်မကြီးတို့ နှစ်ယောက်စလုံး ဘယ်သူမှ အလျှော့မပေးချင်ကြဘဲ ပစ္စည်းတွေ အားလုံး တစ်ယောက်တစ်ဝက် ခွဲယူဖို့ဆိုတဲ့ နေရာမှာ နှစ်ခြမ်းခွဲလို့ မရတဲ့ ပစ္စည်းတွေ ရှိသေးတယ်လေ၊ ပြီးတော့ တချို့ ပစ္စည်းတွေက အစ်မကြီးရော အစ်ကိုကြီးကပါ လိုချင်နေကြတာ၊ ဘယ်လို လုပ်မလဲ”
အမျိုးသမီး၏ မျက်နှာသည် ခုနကထက် ပို၍ မာကျောအေးစက်သွားသည်။
“အဲ့ဒါ သူ သက်သက်မဲ့ ကပ်တာပဲ”
ရှေ့နေ၏ စားပွဲဘေးမှာ ထိုင်နေသူ အမျိုးသားကြီးသည် အဲ့ဒီစကားအရောက်မှာတော့ ခါးကိုမတ်ပြီး ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။
အမျိုးသားကြီး၏ မျက်ဝန်းထဲမှာ ထိန်းချုပ်ထားသော ဒေါသတွေကို မြင်ရသည်။
“ငါ အလျှော့ပေးခဲ့ရပေါင်း များနေပြီ၊ အခု မင်းတောင်းတဲ့ ပစ္စည်းတိုင်း ငါ မပေးနိုင်တော့ဘူး၊ ပါးစပ်က တစ်ယောက်တစ်ဝက်လို့ လူကြားကောင်းအောင် ဟစ်နေပြီး…”
“ကျွန်မ ရှင်နဲ့ စကားမပြောချင်ဘူး၊ ရှေ့နေနဲ့ပဲ ပြောမယ်”
တိခနဲ ဖြတ်ချလိုက်သော အမျိုးသမီး၏ စကားကြောင့် အမျိုးသား၏ မျက်နှာမှာ အိုးတိုးအမ်းတမ်း ဖြစ်သွားသည်။
အမျိုးသမီး လက်ထဲမှာ ကိုင်ထားသော ပိုက်ဆံအိတ်ကို တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ကာ ရှေ့နေ၏ စားပွဲဆီသို့ ခပ်ဆိုင်းဆိုင်း လှမ်းသွားသည်။
ရှေ့နေ၏ မျက်နှာမှာ အခုမှ စိတ်အနည်းငယ် သက်သာရာ ရသွားပုံနဲ့ စားပွဲမှာ ထိုင်ချလိုက်ပါသည်။
အမျိုးသမီးကိုလည်း သူ့စားပွဲရှေ့မှ ထိုင်ခုံတစ်လုံးမှာ ညွှန်ပြ၍ ထိုင်ခိုင်းလိုက်သည်။
“ထိုင်ပါ၊ ထိုင်ပါ…အစ်မကြီး၊ ကျွန်တော် အဆင်ပြေအောင် ညှိပေးပါ့မယ်”
အမျိုးသမီးက ထိုင်ခုံကို အမျိုးသားကြီးနဲ့ ဝေးတဲ့နေရာဘက် အနည်းငယ် ရွှေ့ထိုင်လိုက်တဲ့အပြင် မျက်နှာကိုလည်း အခန်းထောင့်သို့ တမင်တကာ ခပ်လွှဲလွှဲထားသည်။
“ကျွန်မ အချိန်မရဘူး ရှေ့နေကြီး၊ မြန်မြန်လုပ်ပေးပါ ရှေ့နေကြီး၊ သမီးကျူရှင်ကို အပြန် ဝင်ကြိုရဦးမယ်”
အမျိုးသားက သူ့လက်မှ နာရီကို သူ ငုံ့ကြည့်သည်။ ပြီးတော့ မျက်မှောင် ကုတ်သည်။
“သမီးကြီးက နှစ်နာရီမှ ကျူရှင်ဆင်းမှာပဲ၊ အခု ဆယ့်နှစ်နာရီခွဲပဲ ရှိသေးတာ၊ ငါတို့ ညှိနှိုင်းတာ တစ်နာရီခွဲ မကြာပါဘူး”
အမျိုးသမီးရဲ့ မျက်နှာပေါ်မှာ စိတ်အနှောင့်အယှက် ဖြစ်သွားဟန် အထင်းသား ပေါ်လာသည်။
အမျိုးသားဘက်ကို လှည့်မကြည့်ဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ခပ်မာမာ ပြန်ပြောလေသည်။
“ကားမောင်းဖို့အချိန် နာရီဝက် ချန်ထားမှ ရမယ်၊ ဒရိုင်ဘာ ခွင့်ယူထားတယ်၊ ကျွန်မကိုယ်တိုင် သွားကြိုရမှာ၊ ညှိနှိုင်းဖို့ တစ်နာရီပဲ အချိန်ရမယ် ရှေ့နေကြီး၊ အဲဒီအချိန်ထဲမှာ ပြတ်အောင် လုပ်ပေးပါ”
ရှေ့နေက ခေါင်းတဆတ်ဆတ် ညိတ်ပြရင်း ပြုံးပါသည်။
“ဒါဆို ကျွန်တော်တို့ စ လိုက်ကြရအောင်၊ တစ်ဝက်စီ ခွဲပေးလို့မရတဲ့ ပစ္စည်းစာရင်းကို ကျွန်တော် ဖတ်ပြပါ့မယ်၊ တချို့တွေကတော့ အကြမ်းဖျင်း ညှိနှိုင်းပြီးသားပဲ၊ ဒါပေမဲ့ အခု အစ်မကြီးတို့ နှစ်ယောက်စလုံး ဆုံတုန်း အတည်ပြုလိုက်ကြတာပေါ့”
ရှေ့နေက လည်ချောင်းကို တစ်ချက် ရှင်းသည်။
ပြီးတော့ သူကိုင်ထားသော စာရွက်စာတမ်း တစ်ထပ်ကြီးကို မျက်မှန်လေး အသာ ပင့်တင်ကြည့်ရင်း စ ဖတ်သည်။
“ပထမဆုံး မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းစာရင်းက စ ရအောင်၊ ကမ္ဘောဇလမ်းက အစ်မကြီး အခုနေတဲ့ တိုက်နဲ့ခြံကို အစ်မကြီး ယူမယ်၊ အစ်ကိုကြီးက မြေနီကုန်း ကွန်ဒိုတိုက်ခန်းကို ယူမယ်၊ ပေါက်စျေးအရ လိုတဲ့ငွေကို အစ်မကြီးက ပြန်အမ်းပေးမယ်နော်”
“အမ်းပေးမယ်”
အမျိုးသမီး၏ လေသံသည် ရှေ့နေ၏ ရုံးခန်းထဲမှာ လေးအေးစက် လေအတိုင်း အေးစက်ခြောက်သွေ့နေသည်။
“ဆယ့်ခြောက်လမ်းက အစ်ကိုကြီးရဲ့ ပွဲရုံနဲ့ တစ်ဆက်တည်း တိုက်ခန်းနဲ့ ပတ်သက်ပြီး အစ်မကြီးက လုံးဝ စိတ်မဝင်စားဘူးလို့ ပြောထားတယ်နော်၊ ပြီးတော့ ပွဲရုံရဲ့ ရင်းနှီးလှည့်ပတ်ငွေတွေ…”
“အို…ကျွန်မ စိတ်မဝင်စားဘူးလို့ ပြောပြီးပြီပဲ၊ ကျွန်မရဲ့ ပုဇွန်တောင်က အထူးကုဆေးခန်းနဲ့ ဆေးရုံသုံး ပစ္စည်းတွေကို သူ မထိရင် ပြီးတာပဲ၊ ဟိုတုန်းကတည်းက သူ့ပွဲရုံက ဝင်ငွေကို ကျွန်မ မက်တာ မဟုတ်ဘူး၊ ကျွန်မမှာ ကျွန်မဆေးခန်း ရှိပြီးသား”
“မင်းဆေးခန်းက ပစ္စည်းတစ်ခုမှ ငါ မထိပါဘူး၊ ဒါပေမဲ့ ငါ့ပွဲရုံရဲ့ လက်ရှိ ရင်းနှီးငွေ တစ်ဝက်တိတိဟာ မင်းနဲ့ ဆိုင်တယ်၊ ငါ ပေးချင်တယ်”
အမျိုးသမီးသည် ပထမဆုံးအကြိမ် အဖြစ် အမျိုးသားကို နာနာကြည်းကြည်း စိုက်ကြည့်လိုက်လေသည်။
“မယူဘူး”
အမျိုးသမီး၏ တိကျပြတ်သားသော အဖြေစကား အဆုံးမှာ အမျိုးသားကြီး၏ မျက်ဝန်းထဲတွင် ကြေကွဲရိပ် သေးသေးလေး မသိမသာ ထင်ဟပ်သွားပါသည်။
သို့သော် အမျိုးသား၏ မေးကြောများ ထောင်ထလာပြီး နှုတ်ခမ်းတွေက ပိုမို တင်းစေ့သွားသည်။
“မင်းတစ်ယောက်တည်းအတွက် စဉ်းစားပြီး ငြင်းမနေနဲ့၊ သမီးနဲ့ သားရဲ့ ရှေ့ရေးအတွက် ငါ ပေးနေတာ၊ မင်း ငါ့ငွေကို မကိုင်ချင်ရင် ရတယ်၊ ဘဏ်မှာ သမီးနဲ့ သားနာမည်နဲ့ အပ်ထားပေးမယ်၊ ဒါကို မင်း လက်ခံရမယ်”
အမျိုးသမီးက ဘာမှပြန်မဖြေဘဲ မျက်နှာကို အောက်စိုက်၍ မျက်မှောင်ကြုတ်ထားသည်။
ငြင်းဆန်သံ ထွက်မလာ၍ အမျိုးသားကြီးက ဆက်ဖတ်ပါဆိုတဲ့ သဘောမျိုး ရှေ့နေကို ခေါင်းတစ်ချက် ဆတ်ပြသည်။
စာရင်းစာရွက်တွေကို လှန်လှောလိုက်သံတွေ ထွက်ပေါ်လာသည်။ ရှေ့နေက သူတို့နှစ်ယောက်ကို မော့မကြည့်တော့ဘဲ စာရွက်တွေကိုသာ ငုံ့ဖတ်လိုက်သည်။
“ဒါဆို ရန်ကုန်က အိမ်၊ ခြံ၊ မြေတွေ အတွက် ရှင်းသွားပါပြီ၊ တောင်ကြီးကအိမ်…”
ရှေ့နေစကားကို ဒီတစ်ခါတော့ အမျိုးသားကြီးက ကျယ်လောင်စွာ အော်ဟစ် တားမြစ်လိုက်တာ ဖြစ်သည်။
“ကျုပ် မပေးနိုင်ဘူး”
အမျိုးသမီးက ဆတ်ခနဲ အမျိုးသားအား လှည့်ကြည့်ကာ ချက်ချင်း မျက်နှာကို ပြန်လွှဲလိုက်သည်။ အမျိုးသားကို မကြည့်ဘဲ လေသံကို ပုံမှန် အနေအထားနဲ့ တမင် ထိန်းပြောလိုက်သည်။
“အဲဒီ တောင်ကြီးက အိမ်အတွက် ကျွန်မ ရှင့်ကို ငွေပြန်အမ်းမယ်လို့ ပြောပြီးပြီပဲ”
“ငွေ မလိုချင်ပါဘူး၊ အိမ်ပဲ လိုချင်တာ၊ ငါ မင်းကို ငွေပြန်အမ်းမယ်”
အမျိုးသမီးသည် စိတ်မရှည်သော အမူအရာနှင့် နှုတ်ခမ်းထောင့်က ကျစ်ခနဲ အသံပြု၏။
“သားနဲ့သမီးက နွေရာသီဆို တောင်ကြီး သွားရမှ ကျေနပ်တာ ရှင်သိတယ်၊ သူတို့အတွက် ကျွန်မ ဒီအိမ်ကို ယူကိုယူရမယ်”
“သူတို့အတွက် ဒီ့ထက်ကောင်းတဲ့ တိုက်နဲ့ခြံကို တောင်ကြီးမှာ ငါ ဝယ်ပေးမယ်၊ အဲဒီအိမ်ကိုတော့ ငါ လုံးဝ မပေးနိုင်ဘူး၊ ဒါပဲ”
အခန်းထဲမှာ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက် သွားလေသည်။
ရှေ့နေသည် သူတို့နှစ်ယောက်စလုံးကို နားမလည်နိုင်စွာ ငေးစိုက်ကြည့်နေ၏။
ဒီ့ထက် ငွေပမာဏ ပိုတန်ဖိုးရှိသော အိမ်ခြံမြေတွေကို ခွဲခြမ်းရာမှာ ဘာပြဿနာမှ မတက်ဘဲ ဒီတောင်ကြီးက အိမ်သေးသေးလေး တစ်လုံးကျမှ ကပ်ဖဲ့နေတာကို သူ နားမလည်။
သူကိုင်ထားသော ပိုင်ဆိုင်မှု စာရင်းစာရွက်ထဲမှာ အဲဒီ တောင်ကြီးက အိမ်ရဲ့ မြေအကျယ်ဟာ ပေခြောက်ဆယ် ပတ်လည်လောက်ပဲရှိသည်။ တစ်ထပ်တိုက်ကလေး ဖြစ်သည်။ မြို့အစွန်နားကျကျ ရပ်ကွက်တစ်ခုမှာ တည်ရှိသည်။
ဒီလို သာမန် နွေရာသီ တည်းခိုးစရာ အိမ်လေးတစ်လုံးကို ဘာလို့များ သူတို့ မက်နေကြပါလိမ့်။
ရှေ့နေသည် စက္ကန့်ပေါင်းများစွာ တိတ်ဆိတ်နေကြသော သူ့ရှေ့က အမျိုးသားနဲ့ အမျိုးသမီးကို ငေးကြည့်နေမိသည်။
အမျိုးသားကြီးသည် အခန်းထောင့်က စာအုပ်စာတမ်းတွေ တင်ထားသော စင်လေးကို စိုက်ငေးနေခဲ့သည်။ သို့သော် အမျိုးသား၏ မျက်လုံးများက အဲဒီအရာတွေကို မြင်နေပုံ မရပါ။
အမျိုးသမီးသည် ရှေ့နေ၏ စားပွဲပေါ်မှ ပန်းအိုးကလေးကို စိုက်ကြည့်နေပြန်သည်။
အခန်းထဲမှာ လေအေးစက်၏ စက်လည်ပတ်သံက အဆူညံဆုံး ဖြစ်နေသည်။
အမျိုးသမီးက အလျင်ဆုံး ခေါင်းမော့လာသည်။
တိတ်ဆိတ်မှုကို သူမအသံ အက်ကွဲကွဲက ဖြိုခွင်းပေးလိုက်၏။
“အဲဒီအိမ်ကို ကျွန်မ မယူတော့ဘူး”
ရှေ့နေက စိတ်ကျဉ်းကျပ်နေရာမှ လွတ်မြောက်သွားလို့ သက်ပြင်းချရန် ပြင်နေဆဲ…။
“ဒါပေမဲ့ ရှင်လည်း မယူရဘူး၊ အဲ့ဒီအိမ်ကို ရောင်းမယ်၊ ပြီးရင် ငွေကို တစ်ယောက်တစ်ဝက် ခွဲယူမယ်”
“မင်း…ဘာဖြစ်နေတာလဲ”
အမျိုးသားကြီး၏ အသံက ဒေါသနှင့် ကျယ်လောင်အောရှနေလေသည်။
ရှေ့နေသည် သူတို့နှစ်ဦးကို ဘယ်လို စေ့စပ်ညှိနှိုင်းပေးရမလဲ မသိတော့ချေ။
အမျိုးသားက အမျိုးသမီးဘက် လှည့်၍ ခက်ထန်စွာ စိုက်ကြည့်သည်။ ပြီးတော့ ပြောသည်။
“အဲ့ဒီအိမ်ကို လုံးဝ မရောင်းနိုင်ဘူး၊ ပေးလည်း မပေးနိုင်ဘူး၊ မင်း ဘာလုပ်ချင်လဲ”
အမျိုးသမီး၏ မျက်နှာပေါ်မှာ ကောက်ကျစ်သော အပြုံးလေးတစ်ခု ပွင့်လာသည်။
အေးစက်ရှတသော လေသံဖြင့် သူမ ပြန်ဖြေသည်။
“ဒါဆို…ဒီအိမ်ရဲ့ ကျွန်မ ပိုင်ဆိုင်မှု တစ်ဝက်တန်ဖိုးအဖြစ် ရှင် ကျွန်မကို တစ်ခု ပြန်ပေးရမယ်”
“ဘာပေးရမလဲ၊ ပြော…ရတယ်၊ ဘာဖြစ်ဖြစ် ပေးမယ်”
“အဲဒီခြံထောင့်က ထင်းရှူးပင်ကို ခုတ်ပစ်လိုက်ပါ”
ရှေ့နေ၏ အခန်းသည် ခုနတုန်းကလိုပင် ပြန်လည် တိတ်ဆိတ်သွားပြန်လေသည်။
လူသား သုံးယောက်စလုံး၏ အသက်ရှူသံတွေ ပို၍ ပြင်းထန်စွာ ကျယ်လောင်လာသယောင် ထင်ရသည်။
အမျိုးသားကြီးဆီမှ မသဲကွဲသော ရေရွတ် ညည်းတွားသံတစ်ခု ကြားရသော်လည်း အဓိပ္ပါယ် မပီသချေ။
အမျိုးသမီးက ပြတ်သားစွာ ထပ်ပြောသည်။
“ထင်းရှူးပင်ကို ခုတ်မပေးဘူး ဆိုရင်…”
“ခုတ်ပေးမယ်”
အမျိုးသားကြီးက ခပ်လှောင်လှောင် အပြုံးတစ်ခုနှင့် လိုက်လျောပေးမည့် စကားကို ပြော၏။
“အဲဒီ သစ်ပင်ပေါ်မှာ မင်း ရေးထွင်းခဲ့တဲ့ စာကို ငါ ပြန်မြင်နေမှာ မင်း မလိုချင်တော့လို့ မဟုတ်လား၊ စိတ်ချ၊ သစ်ပင်ကို အရင်းက စပြီး ခုတ်လှဲပေးမယ်၊ ဒါပေမဲ့ စကားတစ်ခွန်းတော့ ငါပြောလိုက်ဦးမယ်၊ မင်း မြဲမြဲမှတ်ထားစမ်းပါ”
အမျိုးသား၏ အသံသည် တိုးတိမ်သွားပေမယ့် ကြည်လင်ပြတ်သားသေးသည်။
“ဒီ့ထက် နက်ရှိုင်းတဲ့ နေရာမှာ ရေးထွင်းခဲ့တဲ့ စကားလုံးတွေကို မင်း ဘယ်တော့မှ ခုတ်လှဲပစ်လို့ မရဘူး”
အမျိုးသမီး၏ မျက်ဝန်းများသည် တည်ငြိမ်နေရာမှ လှုပ်ခတ်ရွေ့လျားသွားသည်။
အမျိုးသမီး၏ လက်ချောင်းများက သူမရဲ့ သားရေပိုက်ဆံအိတ်အား ဆုပ်နယ်ခြေမွနေတာ ရှေ့နေက တွေ့သော်လည်း မမြင်ချင်ယောင် ဆောင်နေလိုက်သည်။
ငြိမ်သက်တိတ်ဆိတ်နေမှုက အချိန်တွေကို တတိတိ တိုက်စားနေပြီမို့ ရှေ့နေက စိတ်မရှည်နိုင်တော့ဘဲ ဖြတ်ပြောလိုက်လေသည်။
“ပစ္စည်းစာရင်းကို ကျွန်တော် ဆက်ဖတ်လို့ ရပြီလား ခင်ဗျာ”
အမျိုးသမီးက မျက်နှာ ခပ်ပျက်ပျက်နှင့် ကျယ်လောင်စွာ အဖြေပေးသည်။
“ရပြီ”
ရှေ့နေက ကိုင်ထားသော စာရွက်တွေကို အသံမြည်တဲ့အထိ လှန်လှောလိုက်သည်။ အဲ့ဒီအချိန်မှာ အမျိုးသမီးက စူးစူးရှရှ ထ အော်သည်။
“ခဏနေဦး”
ရှေ့နေက သူမကို ကြောင်စီစီနှင့် မော့ကြည့်သည်။ အမျိုးသားကြီးကလည်း အမျိုးသမီးကို စိတ်တိုလာပုံနှင့် ခပ်မာမာ စိုက်ကြည့်လိုက်၏။
အမျိုးသမီးက ဘယ်သူ့ကိုမှ ပြန်မကြည့်ဘဲ မျက်လုံးကို အောက်စိုက်ရင်း ပြောသည်။
“အဲ့ဒီ တောင်ကြီးအိမ် အဝတ်ဗီရိုထဲက သူ့ရဲ့ ခေါင်းစွပ်ဆွယ်တာ မီးခိုးရောင်ကို ပြန်ပေးပါ၊ ကျွန်မ ပြန်လိုချင်တယ်”
“ဗျာ…”
ရှေ့နေရဲ့ နှုတ်ခမ်းတွေ ဝိုင်းစက်စွာ ပွင့်ဟသွားသည်။
အမျိုးသားကြီးအား ရှေ့နေက စပ်စု စုံစမ်းလိုဟန်နှင့် လှည့်ကြည့်လိုက်သည်။
အမျိုးသားက မျက်မှောင်များကြုတ်လျက် စဉ်းစားနေသည်။
“ဒီဆွယ်တာက ငါ့အင်္ကျီပဲ၊ မင်းနဲ့ မဆိုင်ပါဘူး”
“ဒါပေမဲ့…”
အမျိုးသမီးသည် ဒေါသကို မျိုချနေရသည့် ဟန်ပန်မျိုးနှင့် သက်ပြင်းကို ခပ်လေးလေး ရှိုက်လိုက်၏။
“ဒါပေမဲ့ ဒီသိုးမွေးအင်္ကျီကို ကျွန်မ လက်တွေနဲ့ ကိုယ်တိုင် ထိုးထားတာ၊ ကျွန်မပဲ ပိုင်တယ်၊ ကျွန်မကို ပြန်ပေးပါ”
“ငါ့ကို ပေးပြီးသား ပစ္စည်းကို ဘာလို့ ပြန်တောင်းနေရတာလဲ”
“ကျွန်မလက်နဲ့ ထိတွေ့ခဲ့ဖူးတဲ့ အရာဝတ္ထု မှန်သမျှ ရှင့်ဆီမှာ မရှိစေရဘူး”
အမျိုးသားကြီးက ဟက်ခနဲ ခပ်မဲ့မဲ့ ရယ်ချလိုက်သည်။
သူ့ရဲ့ လက်ဖဝါးကို သူ ထောင်၍ စိုက်ကြည့်နေသေးသည်။ သူ့မျက်လုံးတွေက တဖြည်းဖြည်း မှိုင်းမှုန်လာခဲ့သည်။
ထို့နောက် တစ်ကိုယ်တည်း ရေရွတ်လိုက်တဲ့ ပုံစံနဲ့ စကားတိုးတိုး စ ပြောသည်။
“ဒီလက်ညှိုးပေါ်မှာ နို့ဆီဘူးဖောက်ရင်း ရှသွားတဲ့ ဒဏ်ရာကို မင်း ဆေးထည့် ပတ်တီးစည်းပေးခဲ့တဲ့ အမာရွတ် သေးသေးလေး ကျန်နေသေးတယ်”
ရှေ့နေသည် ဘာစကား ဆက်ပြောရမှန်း မသိတော့ချေ။
အမျိုးသမီးရဲ့ မျက်နှာကို ရှေ့နေက မဝံ့မရဲ ခိုးကြည့်မိလိုက်သေးသည်။ အမျိုးသမီးက အခန်းမှာ ကာထားသော ခန်းဆီးလိုက်ကာစကို မော့ငေးနေဟန် ဆောင်ထားသည်။
စက္ကန့်ပိုင်းမျှ အကြာမှာ အမျိုးသားဆီက စကားသံကို ထပ်ကြားရသည်။
“အင်းပေါ့လေ၊ အမာရွတ်တွေကတော့ နည်းနည်းပါးပါး ကျန်ခဲ့မှာပေါ့၊ ဖျောက်ဖျက်ပစ်လို့မှ မရဘဲ”
ရှေ့နေက သိသိသာသာ ချောင်းတစ်ချက် ဝင်ဟန့်ပစ်လိုက်သည်။
“မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းစာရင်းကတော့ ဒါ အကုန်ပါပဲ၊ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေထဲကမှ ကားနှစ်စီးစလုံးကို အစ်မကြီးက ယူမယ်၊ အစ်ကိုကြီးကို ငွေပြန်အမ်းမယ်နော်”
“အမ်းမှာပါ”
“အစ်မကြီးက အစ်ကိုကြီး ဝယ်ပေးထားတဲ့ လက်ဝတ်လက်စားတွေကို အကုန်ပြန်ပေးမယ် ပြောထားတယ်၊ စာရင်းအရတော့ ရွှေချည်း သက်သက် အလေးချိန်…”
“အသေးစိတ် ပြန်ပြောနေဖို့ မလိုဘူး ရှေ့နေကြီး၊ ကျွန်မ အချိန်မရဘူး၊ တန်ဖိုး နောက်မှ တွက်ပါ၊ အဓိက က…”
အမျိုးသမီးသည် သူမ၏ ခင်ပွန်းဟောင်းဘက် လှည့်ကာ ခပ်တည်တည် စိုက်ကြည့်၍ မေးလိုက်သည်။
“ကျွန်မဆီက ရှင် လိုချင်တာ ဘာရှိသေးလဲ၊ အခု တစ်ခါတည်း ပြောပါ”
“သားနဲ့ သမီး”
“ဘာ…”
အမျိုးသမီး၏ မျက်ဝန်းများ မီးတောက်သွားသလို ထင်ရသည်။
ထို့နောက် အမျိုးသားကြီးထံမှ အကြည့်ကို ချာခနဲ ရုတ်သိမ်းလိုက်သည်။
“ဒီအချိန်ဟာ အပြောင်အပြက် ပြောရမယ့်အချိန် မဟုတ်ဘူးဆိုတာ ရှင် သိသင့်တယ်”
“ကိုယ်က ရင်ထဲမှာ ရှိတဲ့အတိုင်း ဖြေတာပဲ၊ မင်းက ဘာလိုချင်သေးလဲ ဆိုလို့”
“ကျွန်မတို့ သားသမီးတွေ အုပ်ထိန်းခွင့်ကို အကျေအလည် ဆွေးနွေးပြီးပြီလို့ ထင်တယ်၊ ဒီကိစ္စကို ဘာမှ ထပ်ပြောစရာအကြောင်း မရှိတော့ဘူး”
“တစ်ယောက်တောင် မပေးနိုင်တော့ဘူးလား”
“ဘယ်တရားရုံးမှာဖြစ်ဖြစ် ဖောက်ပြန်တဲ့ မိဘဘက်က အုပ်ထိန်းခွင့် မရှိလို့ ဆုံးဖြတ်မှာပဲ၊ ရှင် စောဒက တက်ချင်သေးလား”
အမျိုးသားသည် နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ရင်း သူ့ကိုယ်သူ အားတင်းလိုက်ပုံ ရသည်။
“နားလည်အောင် ရှင်းပြရင် သူတို့ ကိုယ့်ကို ခွင့်လွှတ်လိမ့်မယ်လို့ ကိုယ်ယုံကြည်တယ်၊ မင်း ခွင့်မလွှတ်တာကို ကိုယ် ဂရုမစိုက်ဘူး”
အမျိုးသမီးက ပြတ်သားစွာ ခေါင်းကို ခပ်ဖြည်းဖြည်း ခါလိုက်သည်။
“အမှားတွေကို လွယ်လွယ်ကျူးလွန်ပြီး လွယ်လွယ်တောင်းပန်ရင် ပြီးစတမ်း ဆိုတဲ့ အကျင့်မျိုးတွေ ကျွန်မ သားသမီးတွေကို ကူးစက်မှာစိုးတယ်၊ အမှားတိုင်းအတွက် အပြစ်ဒဏ်ဆိုတာ ရှိသင့်တယ်၊ ရှင် သူတို့ကလွဲပြီး ကျန်တာ ကျွန်မဆီက တောင်းပါ”
သူတို့နှစ်ယောက် အကြားမှာ ရှေ့နေက သက်ပြင်းကို ခိုးချလိုက်သည်။
အမျိုးသားကြီးရဲ့ မျက်ဝန်းတွေသည် နောင်တတွေကို ထင်ရှားစွာ ဖော်ပြနေသည်။ သို့သော် အဲဒီနောင်တတွေကို ဖျတ်ခနဲ သူ ဖုံးအုပ်ကာကွယ်လိုက်ပြန်သည်။
အမျိုးသားရော၊ အမျိုးသမီးရောဆီက ကြမ်းရှသည့် မာနတွေရဲ့ စိမ်းသက်သက် ရနံ့ကို ရှေ့နေကြီး ရှူရှိုက်လိုက်ရသည်။
အမျိုးသားကြီးသည် ခုနကတည်းက စဉ်းစားထားခဲ့ပုံရသော ပစ္စည်းတစ်ခုကို စတင် ထုတ်တောင်းသည်။
“မင်းအိမ် ဧည့်ခန်းထဲက စာအုပ်စင် ဒုတိယဆင့်မှာရှိတဲ့ စာအုပ်တစ်အုပ်ကို ငါ လိုချင်တယ်”
ရှေ့နေရော အမျိုးသမီးပါ မျက်မှောင်တွေ ကြုတ်သွားကြသည်။
ရှေ့နေက အမျိုးသမီးအစား ဝင်မေးပေးလိုက်သည်။
“ဘာစာအုပ်လဲဆိုတာ အစ်ကိုကြီး၊ တိတိကျကျ ပြောပြလို့ ရမလား”
“ရတယ်”
အမျိုးသားကြီးသည် သူ၏ ဇနီးဟောင်း မျက်နှာကို ကွက်ခနဲ တစ်ချက် လှမ်းကြည့်သည်။
“တက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ “စိမ်းနေဦးမည့် ကျွန်တော့်မြေ” ဆိုတဲ့ စာအုပ်ပါ”
အမျိုးသမီးရဲ့ မျက်နှာဟာ ယခုတစ်ကြိမ်မှာ ပို၍ ဆိုးဆိုးရွားရွား ပျက်ယွင်းသွားသည်။
ရှေ့နေကတော့ ပဟေဠိ ဖြစ်နေဆဲ။ သူတို့နှစ်ယောက်ရဲ့ အမူအရာတွေကို နားမလည်နိုင်စွာ အကဲခတ် ကြည့်နေရသည်။
ဒီစာအုပ်က ဘာများ အရေးပါလို့လဲဟု တွေးနေမိသေးသည်။ သို့ပေမဲ့ ယဉ်ကျေးမှုအရ သူ မမေးသင့်ကြောင်း သိပါသည်။
အမျိုးသမီးက မျက်နှာကို ချက်ချင်း ပြင်ဆင်လိုက်ကာ တမင် အေးစက်စက် ပြန်ပြောလိုက်မှန်း ရှေ့နေကြီး ရိပ်မိလိုက်သည်။
“အဲဒီ ဝတ္ထုစာအုပ် မရှိတော့ဘူး၊ သမီးက သူ့သူငယ်ချင်းတွေ ငှါးလိုက်တာ ပျောက်ကုန်ပြီလို့ ပြောတယ်”
“မဖြစ်နိုင်ဘူး”
အမျိုးသားကြီးရဲ့ အသံက သိပ်ကို သေချာပြတ်သားလွန်း နေလေသည်။
“တခြားစာအုပ်တွေ ငှါးချင် ငှါးမယ်၊ ဒီစာအုပ်ကို သမီး ဘယ်တော့မှ ငှါးမှာ မဟုတ်ဘူး၊ ငါ ပြောထားတယ်”
အမျိုးသမီးသည် သူမ လိမ်ပြောလိုက်မိတာအတွက် ရှက်ရွံ့သွားတဲ့ ပုံစံနဲ့ ခေါင်းငုံ့ထားသည်။
အမျိုးသားကြီးက နက်ရှိုင်းသော အပြုံးတစ်ခုကို ခပ်ဖွဖွ ပြုံးလိုက်၏။
“ငါ ငှက်ဖျားနဲ့ ဆေးရုံတက်တုန်းက မင်း ငါ့ကို ဆေးရုံပေါ်မှာ လာစောင့်ရင်း တစ်အုပ်လုံး ဖတ်ပြခဲ့လို့ ဒီစာအုပ်ကို ငါ အမှတ်တရ သိမ်းထားမှန်း သမီး သိပါတယ်၊ သူ ဘယ်သူ့ကိုမှ ငှါးမှာ မဟုတ်ဘူး”
အမျိုးသားရဲ့ အသံတွေသည် ရုတ်တရက် သိသာလွန်းစွာ တုန်ယင်လာပါသည်။
“အဲဒီစာအုပ်ကို ပေးဖို့ မင်း မငြင်းပါနဲ့၊ ငါ့ကို သားသမီးတွေအစား ဒီစာအုပ်ကလေး ပြန်ပေးပါ”
ရှေ့နေသည် ဘာမှ ဝင်မပြောရဲချေ။ စိတ်ထဲကတော့ အဲဒီစာအုပ်ကလေးကို ပေးလိုက်ဖို့ အမျိုးသမီးအား တိုက်တွန်းချင်နေသည်။
အမျိုးသမီးက မျက်တောင်တွေ တဖျတ်ဖျတ် ခတ်နေသည်။ အောက်နှုတ်ခမ်းတွေကိုလည်း ဖိကိုက်နေမှန်း ရှေ့နေက တစ်ချက် ဝေ့ကြည့်လိုက်ရုံနဲ့ တွေ့သွားသည်။
စိတ်လှုပ်ရှားနေပုံရသော အမျိုးသားကြီးမှာလည်း အသံတွေ ပြန်လည် တည်ငြိမ်သွားပြီးမှ စကားတစ်ခွန်း ထပ်ပြောသည်။
“မင်းမှာ ဖတ်စရာစာအုပ်တွေ အများကြီး ရှိပါတယ်၊ ငါ့ကို ဒီတစ်အုပ်တော့ ပေးပါလို့ တောင်းပန်ပါရစေ၊ အဲဒါ…ငါ့အတွက်…”
အမျိုးသား၏ စကားကို အမျိုးသမီးက ရုတ်တရက် ဖြတ်ပြောလိုက်သည်။
“ကျွန်မကို ရှင် တစ်ခု ပြန်ပေးပါ”
“ဘာလဲ”
“ဆယ့်ခြောက်လမ်းအိမ်က ရှင် ယူသွားတဲ့ စက်ဘီး”
ရှေ့နေသည် အူကြောင်ကြောင် ဖြစ်နေသည်။
ဒီလို ပစ္စည်းမျိုးတွေကို ခွဲခြမ်းဝေမျှယူဖို့အတွက် ရှေ့နေတစ်ယောက် ငှါးရမ်းဖို့ လိုသလား။ သူ မသိချေ။
အမျိုးသားကြီးက လေးလေးနက်နက် စဉ်းစားနေပြန်သည်။
“ဟို…ရလေးစက်ဘီးကို ပြောတာလား”
“ဟုတ်တယ်”
“ဘာလုပ်ဖို့လဲ၊ စက်ဘီးက စီးလို့တောင် မရတော့ဘူး၊ ပွဲရုံက အလုပ်သမားတွေ…”
“ရှင်…ဘာမှ ပြန်မမေးပါနဲ့၊ အဲဒီ စက်ဘီးကိုပဲ လိုချင်တယ်”
အမျိုးသားကြီးသည် အမျိုးသမီးအား အနက်ရှိုင်းဆုံးအထိ ထွင်းဖောက်ကြည့်သလိုမျိုး စူးစိုက်ကြည့်လိုက်၏။ သူတို့နှစ်ယောက် အကြားမှာ အုတ်နံရံတစ်ခု ခြားထားခြင်းကို မကျေမနပ် စိုက်ကြည့်လိုက်သလို ပုံစံမျိုး။
“အဲဒီစက်ဘီးကို ဘယ်သူ တောင်းခိုင်းလဲ”
တိတ်ဆိတ်လွန်းသော ထိုအခန်းထဲမှာ အမျိုးသားကြီး၏ အသံ ဟိန်း၍ ထွက်လာသည်။
“သားလား…သမီးလား”
အမျိုးသမီးရဲ့ ခန္ဓာကိုယ်သည် ဆတ်ခနဲ လှုပ်ရှားသွားသဖြင့် ချက်ချင်း ရန်ပြန်တွေ့လိုက်မလားဟု ရှေ့နေက ထင်သွားမိသေးသည်။
သို့သော် မဟုတ်ချေ။
အိခနဲ အသံလေး ရုတ်တရက် ထွက်ပေါ်လာကာ သူမ ငိုချလိုက်လေသည်။
အခန်းထဲရှိ ယောက်ျားနှစ်ဦးစလုံးသည် လုံးဝ မထင်မှတ်ထားသည့် အဖြစ်ကြောင့် အံ့သြမှင်တက်စွာ ငေးကြောင်သွားကြသည်။
အခန်းထဲ စ ဝင်လာစဉ်က မာကျောတည်ငြိမ်လွန်းသည့် အမျိုးသမီးရဲ့ ပုံစံကြောင့် သူတို့နှစ်ဦးစလုံး အနေတောင် ကျုံ့ခဲ့ကြသေးသည်။
ယခုတော့ ရှေ့နေကြီးရဲ့ ရှေ့မှောက်မှာတင် ဟန်လေးဘာလေးတောင် မဆောင်နိုင်ဘဲ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျဆင်းလာနေတာ ခုနက မိန်းမမှ ဟုတ်ရဲ့လားလို့တောင် သံသယဖြစ်စရာ ကောင်းနေသည်။
အမျိုးသမီးရဲ့ ရှိုက်သံသည် ဗလုံးဗထွေး ဖြစ်နေသည်။
သူမ တစ်ခုခုကိုပြောဖို့ ကြိုးစားနေပုံရသည်။ သို့သော် သူမ နှုတ်ခမ်းက စကားလုံးများ ထွက်ကျမလာဘဲ ငိုသံများသာ ထပ်ထွက်လာပြန်သည်။
သူမကို ရှေ့နေရော အမျိုးသားကြီးကပါ ငေးစိုက်ကြည့်နေရုံပဲ တတ်နိုင်တော့သည်။
သူမက နှုတ်ခမ်းကို လက်ဖဝါးဖြင့်အုပ်ကာ ဝမ်းပန်းတနည်း ငိုကြွေးနေခဲ့သည်။
ခဏကြာတော့ သူမ စိတ်ကို ထိန်းနိုင်သွားပုံ ပေါ်ပါသည်။
ငိုသံများ ကျဲပါးသွားသည်။
နောက်ဆုံးအကြိမ်အဖြစ် သူမ တစ်ချက်ရှိုက်လိုက်ပြီး စကား စ ပြောသည်။
“အဲဒီ စက္ဘီးက…”
အမျိုးသမီးရဲ့ အသံက အက်ကွဲ၍ ဆို့နင့်နေသည်။
“သား…သားက…တောင်းခိုင်းတာ”
ရှေ့နေက အမျိုးသားကြီးရဲ့ မျက်နှာကို ဖျတ်ခနဲ လှည့်ကြည့်မိလိုက်သည်။
အမျိုးသားကြီးက ကျေနပ်စွာ ပြုံးနေ၍ ရှေ့နေခမျာ အနည်းငယ်တော့ စိတ်ချမ်းသာ သွားရသည်။
အမျိုးသားက ကြမ်းပြင်ကို ငေးကြောင်ကြည့်နေရင်း ထိုစကားကို ပြောပြသည်။
“ထင်သားပဲ”
အမျိုးသားကြီး၏ အသံသည် အံ့သြစရာ ကောင်းလောက်အောင် တည်ငြိမ်နေခဲ့သည်။
“အဲဒီ စက်ဘီးကို သား ကိုးနှစ်မြောက် မွေးနေ့တုန်းက ငါ ဝယ်ပေးခဲ့တာလေ၊ ပြီးတော့ ငါ…ငါကိုယ်တိုင်”
ရှေ့နေကြီး အခုမှ အနေရ အထိုင်ရ ခက်သွားပါသည်။
အမျိုးသားရဲ့ အသံက နစ်ဝင်ပျောက်ကွယ်သွားရင်း မျက်လုံးတွေမှာ မျက်ရည်တွေ ပြည့်နှက် အိုင်ထွန်းလာတာကို သူ တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
“ငါကိုယ်တိုင် သူ့ကို စက်ဘီးစီး သင်ပေးခဲ့တာ၊ ဒီစက်ဘီးနဲ့ပဲပေါ့၊ ခဏခဏ သူ လဲကျခဲ့တာလေ”
အမျိုးသားကြီးသည် အသံမထွက်အောင် ကျိတ်ငိုနေသည်။
ရှေ့နေသည် စိတ်ကျဉ်းကျပ်မှုကြောင့် သူကိုင်ထားသော စာရွက်တွေကို စုထပ်လိုက်၊ ဖြန့်ကြည့်လိုက် လုပ်နေသည်။
“အခုတော့ သားက စက်ဘီးကောင်းကောင်း စီးတတ်သွားပါပြီ၊ ပြိုင်ဘီးတောင် စီးနေပြီ မဟုတ်လား၊ ဒါတောင် သူက ဒီစက်ဘီးဟောင်းလေးကို အဖေ့ဆီက တောင်းခိုင်းသေးသတဲ့လား”
အမျိုးသားကြီး၏ အသံသည် စိတ်ထိခိုက်ဖွယ်ရာ ကောင်းလောက်အောင် ကြွေနေသည်။
“ကျွန်မ ဒီနေ့ ဆက်ပြီး မညှိနှိုင်းနိုင်တော့ဘူး၊ ကျွန်မ နေမကောင်းဘူး၊ ကျွန်မကို ပြန်ခွင့်ပြုပါ”
အမျိုးသမီးက ရုတ်တရက် မတ်တတ်ထရပ်လိုက်သောကြောင့် သူတို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။
အမျိုးသမီးက ရပ်နေရင်း ညာဘက်သို့ ဒူးညွှတ် ယိုင်နဲ့သွားရာ ဝုန်းခနဲ အမျိုးသားကြီးက ပြေးတွဲသည်။
အမျိုးသမီးက လက်ကို ဆောင့်ရုန်းလိုက်သည်။
“ရတယ်၊ ဘာမှ မဖြစ်ဘူး”
သို့သော် အမျိုးသမီး၏ မျက်နှာမှာ ဝေဒနာတစ်ခုကို ခံစားနေရပုံ အထင်းသား ပေါ်နေသည်။
အမျိုးသားကြီးက အမျိုးသမီးရဲ့ မျက်နှာကို ငုံ့ကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။
“ဘာလို့ အဲဒီလောက် ငိုချလိုက်တာလဲ၊ မင်းက ငိုရင် သွေးတိုးတတ်တယ်လေ၊ ကားမောင်းပြန်လို့ ရပါ့မလား၊ ငါ…”
“မလိုဘူး”
အမျိုးသမီး အသံက အခန်းထဲ ဝင်လာခါစအတိုင်း ပြန်လည် မာကျောသွားသည်။
ဒါပေမဲ့ အမျိုးသားကို မကြည့်ဘဲ သူမက ထပ်ပြောလိုက်သည်။
“သမီးကို သွားကြိုပြီး အိမ်ကို ပြန်ပို့ပေးပါ၊ သမီးက…”
“သမီး ကျူရှင်နေရာ ငါ သိပါတယ်၊ ဒါပေမဲ့ မင်းတို့အိမ်မှာ ကားတွေအကုန်လုံး ထားခဲ့တာလေ၊ ငါ ကားမဝယ်ရသေးဘူး၊ စျေးဆိုင်ထားတုန်း၊ အခု ဒီကို တက္ကစီနဲ့ လာတာ”
အေးစက်တင်းမာနေသော အမျိုးသမီးရဲ့ မျက်လုံးများ ရုတ်တရက် ပြေပျော့သွားသလို ထင်ရသည်။ အမျိုးသားက သူမကို ထပ်ပြောသည်။
“ဒါပေမဲ့ ဒီလိုလုပ်လေ၊ မင်းကားနဲ့ ငါ မင်းကို အလျင် အိမ်ပြန်ပို့ပေးမယ်၊ ပြီးတော့မှ သမီးကို ငါ ဒီကားနဲ့ သွားကြိုပေးပါ့မယ်၊ ဖြစ်မလား”
အမျိုးသမီးက ဘာစကားမှ ပြန်မပြောဘဲ ချာခနဲ လှည့်ထွက်သွား၍ အမျိုးသားကြီးမှာ နေရာတွင်ပင် ရပ်၍ ငေးကြောင်ကျန်ရစ်ခဲ့လေသည်။
ရှေ့နေမှာ သူနှင့်ဆိုင်သော ကိစ္စ မဟုတ်သဖြင့် ဝင်ပြောရ ခက်နေသည်။
အမျိုးသမီးက ရှေ့နေ၏ အခန်းပေါက်ဝ အရောက်မှာ နောက်သို့ ဆတ်ခနဲ လှည့်ကြည့်သည်။
“အဲ့ဒီစားပွဲပေါ်မှာ ကားသော့ ကျန်ခဲ့တယ်လေ၊ ယူပြီး လိုက်လာပါလား၊ ရှင်က ဘာရပ်လုပ်နေသေးတာလဲ”
အမျိုးသားရဲ့ မျက်နှာမှာ လှစ်ခနဲ အပြုံးသေးသေးလေးတစ်ခု ပေါ်လာခဲ့သည်။
သူမ ပြောသည့်အတိုင်း သူက ကားသော့ကို ချွင်ခနဲ မြည်အောင် ကောင်ယူပြီး နောက်က ပြေးလိုက်သွားလေသည်။ ရှေ့နေကို နှုတ်ဆက်ဖို့ ဘယ်သူမှ သတိမရခဲ့ကြပါ။
အခန်းထဲက သူတို့ ထွက်သွားကြတော့ အခန်းလေးသည် အထီးကျန်စွာ တိတ်ဆိတ်ရှင်းလင်းသွားတော့သည်။
ရှေ့နေမှာလည်း သူ့လက်ထဲက ပိုင်ဆိုင်မှု စာရင်းစာရွက်တွေ တစ်ထပ်ကြီးကို စိုက်ငေးကြည့်ရင်း ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။
ပစ္စည်းတွေကို တစ်ယောက်တစ်ဝက် ခွဲဝေပေးဖို့ ကိစ္စမှာ သူတို့ သူ့ကို လိုအပ်ဦးမည်လား။
သူ…မပြောတတ်ပါ။
#မိုးနီလွင်
#ရွှေအမြုတေမဂ္ဂဇင်း၊ ဇွန် ၂ဝဝ၃