ဆန္ဒ

 ဆန္ဒ

-----

လူသုံးယောက်သည် စားသောက်ဆိုင်ရှိ စားပွဲတစ်လုံးတွင် ဆုံမိကြသည်။ တစ်ယောက်က ရက်ကန်းသမား၊ တစ်ယောက်က လက်သမား၊ တတိယတစ်ယောက်မှာ မြေတူးသမားဖြစ်သည်။


ရက်ကန်းသည်က


“ယနေ့ ငါအထည်တစ်အုပ် ရောင်းလိုက်တာ ရွှေနှစ်စရတယ်။ တစ်ဝကြီးသောက်ကြရအောင်ဟေ့” ဟုဆိုလိုက် သည်။ (အလောင်းပတ်ရန်ပိတ်အုပ်ကို ရောင်းရခြင်းအားဆိုလိုသည်)


လက်သမားက


“ငါလည်း ဒီနေ့ အကောင်းဆုံး အခေါင်းတစ်လုံး ရောင်းလိုက်ရသကွ။ အရက်နဲ့မြည်းဖို့ အသားကင်ကို ငါကတာဝန်ယူသဟေ့” ဟုဆိုလိုက်သည်။


မြေတူးသမားက


“ဒီနေ့တော့ သင်္ချိုင်းမှာ မြေတူးလိုက်တာ ငါ့အလုပ်ရှင်က ငါ့ကိုငွေနှစ်ဆ ပေးလိုက်လို့ ပျားရည်ကိတ်မုန့်ကို တော့ ငါ့တာဝန်သာ ထားလိုက်ကြ” ဟု ဆိုပြန်သည်။


ထိုညနေတွင် စားသောက်ဆိုင်တစ်ခုလုံး အရက်တောင်းသံ၊ အသားနှင့် ကိတ်မုန့်တောင်းသံများဖြင့် ဆူညံကုန် တော့သည်။ သူတို့သုံးယောက်မှာ ပျော်ရွှင်နေကြလေသည်။


ဆိုင်ရှင်ကလည်း သူ့လက်တွေကို ပွတ်ကာ သူ့ဇနီးကို ပြုံးပြနေလေသည်။ သူ့ဧည့်သည်တွေက ပျော်ပျော်ပါးပါး သောက်စား သုံးဖြုန်းနေကြသောကြောင့်ဖြစ်သည်။


ညဉ့်နက်လာချိန်တွင် သူတို့သုံးယောက် ထွက်သွားကြပြီးနောက် လမ်းတစ်လျှောက် သီချင်းတွေဆိုကာ အော်ဟစ်သွားကြသည်။


ဆိုင်ရှင်နှင့် သူ့ဇနီးသည် ဆိုင်ဝတွင် ရပ်ကာ သူတို့ကို ကြည့်ကာ ကျန်ခဲ့သည်။


ဇနီးဖြစ်သူက


“အလိုတော် ဒီလူကြီးလူကောင်းတွေက လက်ကလည်းဖွာ အတော်လည်း ပျော်နိုင်ကြသူတွေပဲ။ ကျွန်မတို့ဆီကို သူတို့ နေ့တိုင်းလာရင်ကောင်းမှာ။ ဒါမှ ကျွန်မတို့သားလေးလည်း ဆိုင်မှာ ပင်ပင်ပန်းပန်း မလုပ်ရတော့မှာ။ သူ့ကို ပညာတွေ သင်ပေးနိုင်မှ သူက ဘုန်းကြီးဘဝရောက်မှာ” ဟု ဆိုလိုက်လေသည်။


(Ambition, Khalil Gibran)


တင်ညွန့်


၁၁.၂.၂၀၂၆