ကျွန်တော်အကြံပေး(စ/ဆုံး)

 ကျွန်တော်အကြံပေး(စ/ဆုံး)

‎————————

‎“ဆရာ … အိမ်ခန်းရှာနေတယ်ဆို”

‎“ဟုတ်တယ် … လာရ ပြန်ရတာ ဝေးလွန်းတော့ ဒီကျောင်းနားမှာပဲ ငှားနေမလားလို့ပါ။ နေ့တိုင်း ကားစီးရတာ သိပ် မလွယ်တော့ဘူး”

‎“အိမ်ခန်းတစ်ခန်းလွတ်နေတယ်ဆရာ … ဈေးလည်းသင့်တယ် … ကျောင်းလွှတ်ရင် လိုက်ကြည့်ပါလား”

‎ဆရာမဒေါ်ခင်စန်း အဆွယ်ကောင်းမှုကြောင့် အေးချမ်းသာယာရပ်ကွက်ထဲကို အိမ်အကြည့်ရောက်ခဲ့သည်။

‎လမ်းနာမည်က အေးချမ်းသာယာဆိုသဖြင့် စိတ်ဝင်စားသွားသည်။

‎“ဒီအိမ်ပဲဆရာ … တစ်အိမ်ကို နှစ်ခန်းခွဲပြီး ငှားစားတာ … ခြေရင်းခန်းကလည်း လင်မယားနှစ်ယောက်တည်း ဆရာ … ကလေးမရှိဘူး … တစ်နေ့လုံး ကောင်မလေးတစ်ယောက်ပဲရှိတာ … သူ့ယောက်ျားက ကားသမားဆရာ … မိုးလင်းထွက် … မိုးချုပ်မှပြန်လာတာ”

‎ဒေါ်ခင်စန်းက ပွဲခမည်မျှရထားမှန်းမသိ။ ကျွန်တော် ထိုအခန်းကို ပြောင်းလာမိသည်။

‎ခြေရင်းခန်းမှ ကလေးမလေးက ကျွန်တော့်ကို ကျောင်းဆရာမှန်းသိသဖြင့် ရိုရိုသေသေဆက်ဆံသည်။ ကောင်လေးက ညဥ့်နက်မှ ပြန်လာတတ်သည်။

‎ပြန်လာလျှင်လည်း မူးလာပုံရသည်။ သို့သော် ကောင်လေးက အသံ သိပ်မထွက်။ ကောင်မလေးကတော့ အတော်လေးစွာပုံရသည်။ တိုးတိုးတိတ်တိတ် ဆူနေ၊ ဆဲနေသံများ မကြာခဏ ကြားရသည်။

‎ထိုအဖြစ်က ညတိုင်းဖြစ်သည်။ ကျွန်တော်ကလည်း မူးလာသူနှင့် ရန်ဖြစ်သူများကို မုန်းတတ်သဖြင့် သူတို့ကို သိပ်အရော မဝင်ဘဲ ကိုယ့်ဘာသာကိုယ် တံခါးပိတ်ကာ နေတတ်သည်။

‎ပူအိုက်သော နွေတစ်ညတွင် ကျွန်တော်က ခြံထဲ၌ ပက်လက်ကုလားထိုင်ချပြီး ထမင်းလုံးစီကာ မှိန်းနေမိသည်။

‎“ဆရာကြီး”

‎“ဟေ”

‎မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ခြေရင်းခန်းက ကောင်မလေး

‎“ဘာကိစ္စလဲကွယ်”

‎“သမီး ဆီထမင်းထိုးစားလို့ … ဆရာကြီးကို လာပို့တာပါ”

‎“ဟုတ်လား … အေး … ခုံပေါ်ထားခဲ့ …”

‎“ဆရာကြီး”

‎“ဘာလဲကွယ်”

‎“ဆရာကြီးကို အဖေတစ်ယောက်လို သဘောထားပြီး တိုင်ပင်ချင်လို့ပါ”

‎“ထိုင်ကွယ် … ပြောပါ”

‎ကောင်မလေးကို ကျွန်တော် ခြေတင်ထားသည့် ကြိမ်ထိုင်ခုံလေး ထိုးပေးလိုက်သည်။

‎“ဒီလိုပါ ဆရာကြီး … သမီး ယောက်ျားက ညတိုင်းမူးနေတာပဲ … အဲဒါ စိတ်ညစ်လို့ပါဆရာကြီးရယ် … သမီး ဘာလုပ်သင့်သလဲ … အကြံပေးပါဦး”

‎“နေဦး … သမီး ယောက်ျားက သမီးတို့ချင်း ညားပြီးမှ သောက်တတ်တာလား … မညားခင်ကတည်းက သောက်နေတာလား”

‎“သမီးနဲ့ ညားမှပါဆရာကြီးရယ်”

‎“ဟုတ်ပြီ … ငါမြင်တာပြောမယ်နော် … သမီးစိတ်မဆိုးရဘူး”

‎“ပြောပါဆရာကြီးရယ် … မိဘအရင်းလို သဘောထားပါတယ်”

‎“သမီးက နှုတ်ကြမ်းလွန်းသလားလို့ပါ … ကိုယ့်ယောက်ျားက ရှာဖွေကျွေးလို့ အေးအေးချမ်းချမ်း နေရတာ မဟုတ်လား … သူပြန်လာချိန်မှာ ချိုချိုသာသာလေး ဆက်ဆံကြည့်ပါလား”

‎“ဘယ်လိုဆက်ဆံရမှာလဲ ဆရာကြီးရယ်”

‎“အင်း … ခက်တော့တာပဲ … ငါဘယ်လိုပြောရပါ့ … ဒီလို … ဒီလို မောင်ရယ် … ပင်ပန်းလာသလား … ရေလေးများ ချိုးလိုက်ပါလား … ကျွန်မ ထမင်းပြင်ထားမယ် … ဒီနေ့ မောင်ကြိုက်တတ်တဲ့ ငါးဟင်းလေးချက်ထားတယ် … ရော့ … ရေအေးအေးလေးသောက်လိုက်ဦး … ကျွန်မစောင့်နေမယ်နော် … မောင်နဲ့တူတူစားမှာ … ဘာ ညာပေါ့ကွယ် … အလိုလေး … သင်ရတာရှက်လိုက်ပါဘိ”

‎ကောင်မလေးက ပါးစပ်ကို လက်ဝါးနှင့်အုပ်ကာ ရယ်သည်။

‎“ဆရာကြီးရယ် ညားကတည်းက တစ်ခါမှ အဲသည်လို မပြောမိပါဘူး”

‎“အေး … အဲဒါကြောင့် နင့်ယောက်ျားက ဆိုးနေတာ … မိန်းကလေးပဲ … မူရ ချွဲရ နွဲ့ရသကွယ်”

‎“ဆရာကြီးရယ် ရှက်လိုက်တာ”

‎“ငါလည်း ညည်းကို ဒီလိုပြောဖို့ ရှက်တာပဲ … ဒါပေမဲ့ ယောက်ျားဆိုတာမျိုးက အချော့ကြိုက်တွေ … မယုံရင် ချော့ကြည့်လိုက် … မောင်ရယ် … နောက် သောက်မလာနဲ့နော်တို့ ဘာတို့ ပြောကြည့် … ကိုယ့်ဘက်ကို ပါအောင် ဆိုတာအပျော့ဆွဲလေးနဲ့ နွဲ့နွဲ့လေးပစ်တတ်ရတယ်”

‎“ကောင်းပါပြီဆရာကြီးရယ် … သမီး ဒီညကစပြီး လက်တွေ့ကျင့်သုံးကြည့်မယ်”

‎ကျွန်တော်က ဆီထမင်းစားကောင်းအောင် အကြံပေးပြီးနောက် အိမ်ထဲကိုဝင်ကာ စာဖတ်ရင်း နားစွင့်နေမိသည်။ ယနေ့မှ ကိုယ်တော်ချောက ၁ နာရီထိုးသည်အထိ ပြန်မရောက်။

‎၁ နာရီခွဲပြီ

‎“မိန်းမရေ”

‎အသံတော့ကြားရပြီ။ ကျွန်တော်က မအိပ်သေးပဲစောင့်ကာ နားစွင့်နေသည်။

‎“မိန်းမရေ”

‎“ဟာ … မောင် ပြန်လာပြီ … ပေး … ပေး … အိတ်ပေး”

‎တံခါးဖွင့်သံတွေကြားရသည်။

‎“မောင် ရေချိုးမလား … ဒီမှာ ရေလဲ … မောင်ကြိုက်တတ်တဲ့ ဝက်ကလီစာဟင်းလေး ဝယ်ထားတယ် … ပြီးတော့ … ဒီမှာကြည့်စမ်း”

‎“ဘာလဲ”

‎“သေသေချာချာကြည့်လေ”

‎“ဘာလဲကွ”

‎“သနပ်ခါးလူးထားတာ မလှဘူးလား”

‎“မွှေးနေတာပဲ”

‎“သွား … ရေသွားချိုးဦး … စောင့်နေမယ် … ဟင်း … ဟင်း”

‎ကျွန်တော်က ပီတိဖြစ်နေမိသည်။ ကျွန်တော့်လက်ချာ အောင်မြင်သွားပြီ။ ကလေးတွေက ခက်ပါသည်။ အိမ်ထောင်သာ ပြုချင်ကြသည်။

‎အိမ်ထောင်ရေးသဘောတရားတွေကို နားမလည်ချင်။ အဘယ်မှာလျှင် နားလည် နိုင်အံ့နည်း။ သူတို့ စာမဖတ်ကြသောကြောင့်ဖြစ်သည်။ ခက်ခဲပွေလီ ထွေလီဆန်းပြား လောကနိယာမ တရားတွေကို သူတို့သိထားကြလျှင် အိမ်ထောင်ရေးသာယာမည်ကို မသိလေရော့သလား။

‎“ဝုန်း”

‎ဟ … ဘာလဲဆိုကာ ကျွန်တော် ကုတင်ပေါ်က ခုန်ဆင်းလိုက်သည်။

‎“ပါတယ်မ … ဘာလဲ … လင်ငယ်နေချင်လို့ ငါ့ကို မျက်နှာချိုသွေး … လေပြေထိုးနေတာလား … ငါးမြွေထိုးမ … ဘာလဲ … လင်ငယ်အိမ်က ပြန်လာပြီး လင်ငယ်နဲ့ ဆက်ဆံတဲ့ ပုံစံက အကျင့်ပါလာလို့ ငါ့ကို လာပြီး အဲဒီအတိုင်း ဆက်ဆံနေတာလား … ပါတယ်မ”

‎“မဟုတ်ပါဘူး မောင်ရယ် … ထိုင်နော် … ထမင်းစားရအောင် … ကျွန်မ မစားရသေးဘူး … မောင့်ကို စောင့်နေတာ”

‎“ငါးမြွေထိုးမ … ဆာဦးမှပဲ … ရင်ပြည့်အောင် နင့်လင်ငယ်က ဘယ်လောက် ကျွေးလိုက်ပြီလဲ … ငါ့ကိုလာပြီးတော့ မျက်နှာချိုသွေးမနေနဲ့ ရွံလိုက်တာ … ဝေါ့”

‎တိတ်နေသည်

‎“ဒိုင်း … ဒုန်း”

‎ပန်းကန်သံတွေ ကျကွဲသံကြားလိုက်ရသည်

‎“ခွေးသူတောင်းစား … ငါကလျှော့ပေးနေလို့ လူပါးဝမလာနဲ့ … ငါးမြွေထိုး”

‎“ဖုန်း”

‎“အောင်မယ်လေးဗျ”

‎ဘာကိုကန်လို့ ဘာကိုထိသွားသည်မသိ။ ငယ်သံပါအောင် အော်လိုက်ပြီး တိတ်သွားသည်

‎“နင်က … ငါ့ကို ကန်တယ်ဟုတ်လား … ပါဆယ်မ … သိမယ်”

‎“အမလေးဗျ … သေပါပြီ … ကယ်ကြပါဦး”

‎ယောက်ျားအော်သံဖြစ်သည်။ ဘာလုပ်လိုက်သည်မသိ။ အိမ်ရှေ့အိမ်က ဆိုက်ကားသမားသာတီးက

‎“ဟေ့ … ဟေ့ … တော်ကြတော့ … ရပ်ကွက်ရုံးက လာဆွဲလို့ နှစ်ယောက်စလုံး အချုပ်ထဲရောက်နေမယ် … ဘာဖြစ်တာလဲ”

‎“ကိုသာတီး … ဒီကောင်မ ကျွန်တော့်ကို အရမ်းကောင်းပြနေတာ”

‎“ကောင်းပြတာ ဘာဖြစ်လဲ … ဆိုးပြနေတာမှ မဟုတ်တာ”

‎“မလိုချင်ဘူး … ကျုပ်က သူ့ ဆူသံ … ဆဲသံမှ မကြားရရင် အိပ်ပျော်တာ မဟုတ်ဘူး … ဒီနေ့မှ ဘာဖြစ်တယ် မသိဘူး … လူကို လာချွဲနေတယ် … ဘယ်မအေပေးတွေက မြှောက်ပေးလိုက်တယ် မသိဘူး”

‎ကျွန်တော် အသံမထွက်ရဲပါ။ ငြိမ်ငြိမ်လေး ခြင်ထောင်ထဲတွင် ထိုင်နေရသည်။

‎နောက်တစ်နေ့ကစပြီး ကောင်မလေးက သူ့ယောက်ျားကို ခါတိုင်းထက် နှစ်ဆ ဆူဆဲသည်။ ယောက်ျားဖြစ်သူထံက

‎“ဟဲ … ဟဲ … ဟဲ … မင်းကလည်းကွာ” ဆိုသည့်အသံကြားရပြီး တိတ်သွားသည်။

‎ကျွန်တော်ထိုနေ့မှစပြီး စာတွေ့အကြံပြုခြင်းများကို မည်သူ့ကိုမျှ မလုပ်တော့ပါ။

‎တင်ညွန့်

‎၁၁.၂.၂၀၂၀