ကျွန်တော်အကြံပေး(စ/ဆုံး)
————————
“ဆရာ … အိမ်ခန်းရှာနေတယ်ဆို”
“ဟုတ်တယ် … လာရ ပြန်ရတာ ဝေးလွန်းတော့ ဒီကျောင်းနားမှာပဲ ငှားနေမလားလို့ပါ။ နေ့တိုင်း ကားစီးရတာ သိပ် မလွယ်တော့ဘူး”
“အိမ်ခန်းတစ်ခန်းလွတ်နေတယ်ဆရာ … ဈေးလည်းသင့်တယ် … ကျောင်းလွှတ်ရင် လိုက်ကြည့်ပါလား”
ဆရာမဒေါ်ခင်စန်း အဆွယ်ကောင်းမှုကြောင့် အေးချမ်းသာယာရပ်ကွက်ထဲကို အိမ်အကြည့်ရောက်ခဲ့သည်။
လမ်းနာမည်က အေးချမ်းသာယာဆိုသဖြင့် စိတ်ဝင်စားသွားသည်။
“ဒီအိမ်ပဲဆရာ … တစ်အိမ်ကို နှစ်ခန်းခွဲပြီး ငှားစားတာ … ခြေရင်းခန်းကလည်း လင်မယားနှစ်ယောက်တည်း ဆရာ … ကလေးမရှိဘူး … တစ်နေ့လုံး ကောင်မလေးတစ်ယောက်ပဲရှိတာ … သူ့ယောက်ျားက ကားသမားဆရာ … မိုးလင်းထွက် … မိုးချုပ်မှပြန်လာတာ”
ဒေါ်ခင်စန်းက ပွဲခမည်မျှရထားမှန်းမသိ။ ကျွန်တော် ထိုအခန်းကို ပြောင်းလာမိသည်။
ခြေရင်းခန်းမှ ကလေးမလေးက ကျွန်တော့်ကို ကျောင်းဆရာမှန်းသိသဖြင့် ရိုရိုသေသေဆက်ဆံသည်။ ကောင်လေးက ညဥ့်နက်မှ ပြန်လာတတ်သည်။
ပြန်လာလျှင်လည်း မူးလာပုံရသည်။ သို့သော် ကောင်လေးက အသံ သိပ်မထွက်။ ကောင်မလေးကတော့ အတော်လေးစွာပုံရသည်။ တိုးတိုးတိတ်တိတ် ဆူနေ၊ ဆဲနေသံများ မကြာခဏ ကြားရသည်။
ထိုအဖြစ်က ညတိုင်းဖြစ်သည်။ ကျွန်တော်ကလည်း မူးလာသူနှင့် ရန်ဖြစ်သူများကို မုန်းတတ်သဖြင့် သူတို့ကို သိပ်အရော မဝင်ဘဲ ကိုယ့်ဘာသာကိုယ် တံခါးပိတ်ကာ နေတတ်သည်။
ပူအိုက်သော နွေတစ်ညတွင် ကျွန်တော်က ခြံထဲ၌ ပက်လက်ကုလားထိုင်ချပြီး ထမင်းလုံးစီကာ မှိန်းနေမိသည်။
“ဆရာကြီး”
“ဟေ”
မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ခြေရင်းခန်းက ကောင်မလေး
“ဘာကိစ္စလဲကွယ်”
“သမီး ဆီထမင်းထိုးစားလို့ … ဆရာကြီးကို လာပို့တာပါ”
“ဟုတ်လား … အေး … ခုံပေါ်ထားခဲ့ …”
“ဆရာကြီး”
“ဘာလဲကွယ်”
“ဆရာကြီးကို အဖေတစ်ယောက်လို သဘောထားပြီး တိုင်ပင်ချင်လို့ပါ”
“ထိုင်ကွယ် … ပြောပါ”
ကောင်မလေးကို ကျွန်တော် ခြေတင်ထားသည့် ကြိမ်ထိုင်ခုံလေး ထိုးပေးလိုက်သည်။
“ဒီလိုပါ ဆရာကြီး … သမီး ယောက်ျားက ညတိုင်းမူးနေတာပဲ … အဲဒါ စိတ်ညစ်လို့ပါဆရာကြီးရယ် … သမီး ဘာလုပ်သင့်သလဲ … အကြံပေးပါဦး”
“နေဦး … သမီး ယောက်ျားက သမီးတို့ချင်း ညားပြီးမှ သောက်တတ်တာလား … မညားခင်ကတည်းက သောက်နေတာလား”
“သမီးနဲ့ ညားမှပါဆရာကြီးရယ်”
“ဟုတ်ပြီ … ငါမြင်တာပြောမယ်နော် … သမီးစိတ်မဆိုးရဘူး”
“ပြောပါဆရာကြီးရယ် … မိဘအရင်းလို သဘောထားပါတယ်”
“သမီးက နှုတ်ကြမ်းလွန်းသလားလို့ပါ … ကိုယ့်ယောက်ျားက ရှာဖွေကျွေးလို့ အေးအေးချမ်းချမ်း နေရတာ မဟုတ်လား … သူပြန်လာချိန်မှာ ချိုချိုသာသာလေး ဆက်ဆံကြည့်ပါလား”
“ဘယ်လိုဆက်ဆံရမှာလဲ ဆရာကြီးရယ်”
“အင်း … ခက်တော့တာပဲ … ငါဘယ်လိုပြောရပါ့ … ဒီလို … ဒီလို မောင်ရယ် … ပင်ပန်းလာသလား … ရေလေးများ ချိုးလိုက်ပါလား … ကျွန်မ ထမင်းပြင်ထားမယ် … ဒီနေ့ မောင်ကြိုက်တတ်တဲ့ ငါးဟင်းလေးချက်ထားတယ် … ရော့ … ရေအေးအေးလေးသောက်လိုက်ဦး … ကျွန်မစောင့်နေမယ်နော် … မောင်နဲ့တူတူစားမှာ … ဘာ ညာပေါ့ကွယ် … အလိုလေး … သင်ရတာရှက်လိုက်ပါဘိ”
ကောင်မလေးက ပါးစပ်ကို လက်ဝါးနှင့်အုပ်ကာ ရယ်သည်။
“ဆရာကြီးရယ် ညားကတည်းက တစ်ခါမှ အဲသည်လို မပြောမိပါဘူး”
“အေး … အဲဒါကြောင့် နင့်ယောက်ျားက ဆိုးနေတာ … မိန်းကလေးပဲ … မူရ ချွဲရ နွဲ့ရသကွယ်”
“ဆရာကြီးရယ် ရှက်လိုက်တာ”
“ငါလည်း ညည်းကို ဒီလိုပြောဖို့ ရှက်တာပဲ … ဒါပေမဲ့ ယောက်ျားဆိုတာမျိုးက အချော့ကြိုက်တွေ … မယုံရင် ချော့ကြည့်လိုက် … မောင်ရယ် … နောက် သောက်မလာနဲ့နော်တို့ ဘာတို့ ပြောကြည့် … ကိုယ့်ဘက်ကို ပါအောင် ဆိုတာအပျော့ဆွဲလေးနဲ့ နွဲ့နွဲ့လေးပစ်တတ်ရတယ်”
“ကောင်းပါပြီဆရာကြီးရယ် … သမီး ဒီညကစပြီး လက်တွေ့ကျင့်သုံးကြည့်မယ်”
ကျွန်တော်က ဆီထမင်းစားကောင်းအောင် အကြံပေးပြီးနောက် အိမ်ထဲကိုဝင်ကာ စာဖတ်ရင်း နားစွင့်နေမိသည်။ ယနေ့မှ ကိုယ်တော်ချောက ၁ နာရီထိုးသည်အထိ ပြန်မရောက်။
၁ နာရီခွဲပြီ
“မိန်းမရေ”
အသံတော့ကြားရပြီ။ ကျွန်တော်က မအိပ်သေးပဲစောင့်ကာ နားစွင့်နေသည်။
“မိန်းမရေ”
“ဟာ … မောင် ပြန်လာပြီ … ပေး … ပေး … အိတ်ပေး”
တံခါးဖွင့်သံတွေကြားရသည်။
“မောင် ရေချိုးမလား … ဒီမှာ ရေလဲ … မောင်ကြိုက်တတ်တဲ့ ဝက်ကလီစာဟင်းလေး ဝယ်ထားတယ် … ပြီးတော့ … ဒီမှာကြည့်စမ်း”
“ဘာလဲ”
“သေသေချာချာကြည့်လေ”
“ဘာလဲကွ”
“သနပ်ခါးလူးထားတာ မလှဘူးလား”
“မွှေးနေတာပဲ”
“သွား … ရေသွားချိုးဦး … စောင့်နေမယ် … ဟင်း … ဟင်း”
ကျွန်တော်က ပီတိဖြစ်နေမိသည်။ ကျွန်တော့်လက်ချာ အောင်မြင်သွားပြီ။ ကလေးတွေက ခက်ပါသည်။ အိမ်ထောင်သာ ပြုချင်ကြသည်။
အိမ်ထောင်ရေးသဘောတရားတွေကို နားမလည်ချင်။ အဘယ်မှာလျှင် နားလည် နိုင်အံ့နည်း။ သူတို့ စာမဖတ်ကြသောကြောင့်ဖြစ်သည်။ ခက်ခဲပွေလီ ထွေလီဆန်းပြား လောကနိယာမ တရားတွေကို သူတို့သိထားကြလျှင် အိမ်ထောင်ရေးသာယာမည်ကို မသိလေရော့သလား။
“ဝုန်း”
ဟ … ဘာလဲဆိုကာ ကျွန်တော် ကုတင်ပေါ်က ခုန်ဆင်းလိုက်သည်။
“ပါတယ်မ … ဘာလဲ … လင်ငယ်နေချင်လို့ ငါ့ကို မျက်နှာချိုသွေး … လေပြေထိုးနေတာလား … ငါးမြွေထိုးမ … ဘာလဲ … လင်ငယ်အိမ်က ပြန်လာပြီး လင်ငယ်နဲ့ ဆက်ဆံတဲ့ ပုံစံက အကျင့်ပါလာလို့ ငါ့ကို လာပြီး အဲဒီအတိုင်း ဆက်ဆံနေတာလား … ပါတယ်မ”
“မဟုတ်ပါဘူး မောင်ရယ် … ထိုင်နော် … ထမင်းစားရအောင် … ကျွန်မ မစားရသေးဘူး … မောင့်ကို စောင့်နေတာ”
“ငါးမြွေထိုးမ … ဆာဦးမှပဲ … ရင်ပြည့်အောင် နင့်လင်ငယ်က ဘယ်လောက် ကျွေးလိုက်ပြီလဲ … ငါ့ကိုလာပြီးတော့ မျက်နှာချိုသွေးမနေနဲ့ ရွံလိုက်တာ … ဝေါ့”
တိတ်နေသည်
“ဒိုင်း … ဒုန်း”
ပန်းကန်သံတွေ ကျကွဲသံကြားလိုက်ရသည်
“ခွေးသူတောင်းစား … ငါကလျှော့ပေးနေလို့ လူပါးဝမလာနဲ့ … ငါးမြွေထိုး”
“ဖုန်း”
“အောင်မယ်လေးဗျ”
ဘာကိုကန်လို့ ဘာကိုထိသွားသည်မသိ။ ငယ်သံပါအောင် အော်လိုက်ပြီး တိတ်သွားသည်
“နင်က … ငါ့ကို ကန်တယ်ဟုတ်လား … ပါဆယ်မ … သိမယ်”
“အမလေးဗျ … သေပါပြီ … ကယ်ကြပါဦး”
ယောက်ျားအော်သံဖြစ်သည်။ ဘာလုပ်လိုက်သည်မသိ။ အိမ်ရှေ့အိမ်က ဆိုက်ကားသမားသာတီးက
“ဟေ့ … ဟေ့ … တော်ကြတော့ … ရပ်ကွက်ရုံးက လာဆွဲလို့ နှစ်ယောက်စလုံး အချုပ်ထဲရောက်နေမယ် … ဘာဖြစ်တာလဲ”
“ကိုသာတီး … ဒီကောင်မ ကျွန်တော့်ကို အရမ်းကောင်းပြနေတာ”
“ကောင်းပြတာ ဘာဖြစ်လဲ … ဆိုးပြနေတာမှ မဟုတ်တာ”
“မလိုချင်ဘူး … ကျုပ်က သူ့ ဆူသံ … ဆဲသံမှ မကြားရရင် အိပ်ပျော်တာ မဟုတ်ဘူး … ဒီနေ့မှ ဘာဖြစ်တယ် မသိဘူး … လူကို လာချွဲနေတယ် … ဘယ်မအေပေးတွေက မြှောက်ပေးလိုက်တယ် မသိဘူး”
ကျွန်တော် အသံမထွက်ရဲပါ။ ငြိမ်ငြိမ်လေး ခြင်ထောင်ထဲတွင် ထိုင်နေရသည်။
နောက်တစ်နေ့ကစပြီး ကောင်မလေးက သူ့ယောက်ျားကို ခါတိုင်းထက် နှစ်ဆ ဆူဆဲသည်။ ယောက်ျားဖြစ်သူထံက
“ဟဲ … ဟဲ … ဟဲ … မင်းကလည်းကွာ” ဆိုသည့်အသံကြားရပြီး တိတ်သွားသည်။
ကျွန်တော်ထိုနေ့မှစပြီး စာတွေ့အကြံပြုခြင်းများကို မည်သူ့ကိုမျှ မလုပ်တော့ပါ။
တင်ညွန့်
၁၁.၂.၂၀၂၀