**သေပြီးသော်မှ ** (စ/ဆုံး)
**သေပြီးသော်မှ ** (စ/ဆုံး)မိုးလေး တဖွဲဖွဲရွာလာသည့်အချိန်မှကျနော်အိမ်ပြန်ရန် သတိရလိုက်သည်။အချိန်က ရှစ်နာရီခွဲခန့် ရှိပြီး ဖြစ်သဖြင့်လိုင်းကား အသွားအလာလည်း မရှိတော့။မြို့တွင်းမှ အပြန်ကားတစ်ချို့သာ ရပ်ကွက်ထဲဝင်လာသည်ကို တွေ့နေရသည်။လမ်းပေါ်မှာလည်း မိုးရွာနေသည့်အတွက်လူရှင်းသလောက် ဖြစ်နေသည် သူငယ်ချင်းမိတ်ဆွေလေးယောက် ဆုံမိပြီး လက်ဖက်ရည်ဆိုင်မှာစကားကောင်းနေမိခြင်း ဖြစ်သည်။သူတို့၏ ရပ်ကွက်ဖြစ်သဖြင့် အချိန်လင့်သော်လည်းအကြောင်းမဟုတ်သဖြင့် ထိုင်ရာမှ မထကြသေး။ကျနော်က သူတို့ရပ်ကွက်မှ အပြန်လမ်းလျှောက်လျှင်တစ်နာရီနားပါးမျှ ကြာပေလိမ့်မည်။သို့ကြောင့် ဆိုက်ကား စီး၍ စိတ်ကူးပြီးအနီးပတ်ဝန်းကျင်မှာဆိုက်ကားရှိ/မရှိ ကြည့်လိုက်သည်။ဆိုက်ကားတစ်စီးမှမတွေ့ ရှေ့လမ်းဆုံမှာရှိကောင်းပါရဲ့တွေးပြီးထီးဆောင်းကာ ဆက်လျှောက်လာခဲ့သည်။ကလင်…ကလင်…ကလင်…ခြေလှမ်းအနည်းငယ်ပဲ လှမ်းရသေးသည်။နောက်ဘက်က ဆိုက်ကားဘဲလ်တီးသံကြောင့်ဝမ်းသာအားရနှင့် နောက်လှည့်ကြည့်ပြီး ဆိုက်ကားကိုတားလိုက်သည်။အနားသို့ ရပ်လာသော ဆိုက်ကားဆရာက…“ဘယ်သွားမလဲ ဆရာကြီး”“ကျန်စစ်သား လမ်းကိုပါ”“တစ်ထောင့်ငါးရာတော့ပေးဗျာ”ကျနော်လည်း စျေးမဆစ်တော့ဘဲ ဆိုက်ကားပေါ်သို့တက်လိုက်သည်။ နေ့ခင်းဆို တစ်ထောင်ပေးစီးရသောလမ်းဖြစ်သည်။ဆိုက်ကားနင်း၍ မကြာခင်ဆိုက်ကားဆရာက စကားစပြောသည်။“မိုးက ကုန်တော့မယ် ဒီနှစ် မုန်တိုင်းကြီးကြီးမားမားမကျလို့ တော်တော်လေးကံကောင်းတဲ့ နှစ်လို့ပြောလိုရတယ်”“မုန်တိုင်းကို ကြောက်လို့လား”“ဟာ ဆရာကြီးကလည်း မုန်တိုင်းဆိုတဲ့ အသံ နောက်ပြောင်ပြောတာတောင် မကြားချင်ဘူး။ ကျနော်တို့ မိသားစုကွေကွင်းရတာ ။ ဘဝတွေပျက် ။စီးပွားတွေ ပျက်ရတာလည်း ဒီမုန်တိုင်းကြောင့် ဆိုပါတော့”“ဆရာကြီးက ဘယ်မုန်တိုင်းနဲ့ ကြုံဖူးလိုက်လို့လဲ”“ဘယ်မုန်တိုင်းဖြစ်ရမလဲ ။နာဂစ်မုန်တိုင်းပေါ့ဗျာ။ကျနော်က ဘိုကလေးမြို့နယ်မှာ နေတာ။မိသားစု ခုနှစ်ယောက်ရှိတဲ့ အထဲက ကျနော်ရယ်မြေးမလေးရယ်ပဲ အသက်ရှင်ကျန်ခဲ့တာ။ကျနော်တို့ရဲ့ ဆွေမျိုးတွေလည်း အကုန်သေကုန်တယ်မုန်တိုင်းစဲတော့ ကယ်ဆယ်ရေးစခန်းမှာတစ်လနေခဲ့တယ်။ နောက်ပိုင်း အဲဒီသားကွဲ မယားကွဲ။ဆွေမျိုး ကွဲတဲ့နေရာဒေသမှာ မနေချင်တော့လို့မြေးမလေးကို ခေါ်ပြီး ရန်ကုန်ကို ထွက်လာခဲ့တာ။ဒီရန်ကုန်မှာ ရရာအလုပ်ရှာပြီး လာလုပ်နေတာ။အခု ဆိုက်ကားနင်းပြီး အလုပ်လုပ်နေတယ်။မြေးမလေးကလည်း အထည်ချုပ် စက်ရုံမှာအလုပ်,လုပ်နေပြီ ။ မြေးမလေးက ရန်ကုန်ကိုလာကာစက ဆယ့်သုံးနှစ် သမီးပဲရှိတာ။အခုတော့ အရွယ်ရောက်နေပါပြီ။မြေးအဖိုး နှစ်ယောက်ရတဲ့ ပိုက်ဆံနဲ့ အိမ်ငှားခစားဝတ်နေရေး ဖြေရှင်းရတာပေါ့ဗျာ”“အဲဒီအချိန်က လူတွေတော်တော်သေမှာပဲနော်”“သေတာတော့ မပြောပါနဲ့ဗျာ။သိန်းဂဏန်းချီတယ်။လေတိုက်နှုန်းကလည်း (၁၂၀)ကျော်တယ်တဲ့။ဧရာဝတီတိုင်းမှာ ဟိုင်းကြီးကျွန်းလပ္ပတ္တာမြို့နယ် မော်ကျွန်းမြို့နယ်ဘိုကလေးမြို့နယ် ဖျာပုံမြို့နယ်ကျိုက်လတ်မြို့နယ် ဒေးဒရဲမြို့နယ်ကွမ်းခြံကုန်း ကော့မှူးမြို့နယ်တွေကအထိနာဆုံးဗ်”“လူတွေ ဒီလောက်အများကြီးသေတာ။အစိမ်းသေတွေဆိုတော့ သရဲလည်းတော်တော်ခြောက်မှာပဲနော်”“သရဲကတော့ နေရာအနှံ့ခြောက်တာပေါ့ဗျာ။ဒါပေမဲ့ ကြောက်အောင်ခြောက်တာတော့ မဟုတ်ဘူး။အပူသည်တွေ မဟုတ်လား။ညညဆိုရင် ကယ်ပါ ယူပါ တဆာဆာဆာအော်သံတွေကြောက်လန့်ပြီး ပြေးလွှားသံတွေ ငိုယိုပြီးမိသားစုကို ခေါ်နေတဲ့အသံတွေ ညတိုင်းလိုလိုကြားနေရတယ်”“ဒါထက် သရဲအကြောင်းလေးများကိုယ်ပိုင်ကြုံတွေ့ခဲ့ရင်ပြောပြပါလား ။ ကျနော်ကသရဲအကြောင်းစာရေးနေတာဆိုတော့ကြုံဖူးတာလေးများ ရှိရင် ကြုံတုံးပြောပြပါလား”“အင်း…ရေစကြီးကာစ အချိန်မှာပဲသနားစရာကောင်းတဲ့ ဝိညာဉ်သရဲတစ်ကောင်နဲ့ကြုံလိုက်သေးတယ်။အဲဒီအကြောင်း ပြောပြမယ်”“ဟုတ်ကဲ့ ကျေးဇူးပါပဲ”XxXXXXXအချိန်က တန်ခူးလဆုတ်(၁၂)ရက် ၂၀၀၈ ခုနှစ် မေလ (၂)ရက်သောကြာနေ့ ည(၈)နာရီကျော်မှစ၍ နာဂစ်မုန်တိုင်းစတင်တိုက်ခတ်လာသည်။လေသံက တဝုန်းဝုန်း ကြောက်ခမန်းလိလိတိုက်ခတ်နေသည်။ဦးထွန်းလှ၏အိမ်က ကြမ်းပြင်မှမြေပြင်အထိ လေးပေခန့်မြင့်သည်။“အဖေ အဖေ ဒီလေတော်တော် ပြင်းတယ်။ဒီအတိုင်း ဆက်တိုက်နေရင် သစ်ပင်တွေ လဲနိုင်တယ်”“ဟော …ခြံထဲက ကုက္ကိုပင်ကြီးလဲသွားပြီဟင်…အုန်းပင်ပါ လဲတော့မယ်”လေစတိုက်စဉ် မိုးသက်လေပြင်းက ပါလာသည့်အတွက်ရေပါကြီးတက်လာသည်။ ညဆယ်နာရီခန့်အရောက်အိမ်ကြမ်းပြင်ကို ရေထိခတ်သံ ကြားလိုက်ရသည်။ဦးထွန်းလှက အိမ်ရှိ လူအားလုံးကို သတိပေးလိုက်သည်။“ဟဲ့ အခြေအနေမကောင်းဘူး ။ရေ ဒီထက်ပိုတက်လာရင် အိမ်ထဲမှာ နေလို့မရတော့ဘူးတာပေါ်သွားကြမယ်”တာက ဆယ်ပေမှ ဆယ့်နှစ်ပေခန့် မြင့်သဖြင့်ရေလွတ်နိုင်သည်။“နေပါဦး …တော်…ခဏနေ လေငြိမ်သွားရင်ရေပြန်ကျသွားမှာပဲ စောင့်ကြည့်ပါဦး”ဝေါ ဝေါ ဝေါဝုန်း…ဝုန်း…ဝုန်း…ဝှီး…ဝှီး …ဝှီးသူတို့နေသော အိမ်အမိုးပွင့်ထွက်သွားသည်။လုံးဝ အမိုး မရှိတော့ ခြံထဲမှ အုန်းပင်များ သစ်ပင်များလည်းယိုင်လဲနေပြီ ။“ကဲ…အားလုံး ဆင်းကြ ။ ဘာပစ္စည်းမှယူမနေနဲ့ လူလွတ်ဖို့ အရေးကြီးတယ်”သူတို့မိသားစု အိမ်ပေါ်က ဆင်း၍မြေပြင်အရောက်မှာ ရေက ရင်စို့ခန့် ရောက်နေပြီ ဖြစ်သည်။ဦးထွန်းလူက မြေးမလေးကို ပခုံးပေါ် ခွထိုင်ခိုင်းလိုက်သည်။ထို့နောက် ဇနီးသည်ကို လက်ကဆွဲသည်။သားကြီးက သူ၏သားကြီးကို ကုပ်ပေါ်တင်ပြီးဇနီးသည်အား လက် လက်က ဆွဲသည်။ဇနီးသည်ကလည်း သားငယ်လေးကို ကုပ်ပေါ်တင်ပြီးလှိုင်းပုတ်ခတ်နေသော ရေကို အံတုပြီး အိမ်ပေါ်မှဆင်းခဲ့ကြသည်။တာလမ်းရှိရာသို့ ဦးတည်လျှောက်ခဲ့သည်။ရေက လည်ပင်းအထိ နစ်မြှုပ်နေသလိုလှိုင်းများ၏ ရိုက်ခတ်မှုက မျက်နှာကိုလာရောက် ထိခတ်နေသည်။“မြေးလေး အဘိုးခေါင်းကို သေသေချာချာ ကိုင်ထားမမြအေး လျှောက်လို့ရလား”ဒေါ်မြအေးက ဦးထွန်းလှအရပ်နှင့် သိပ်မကွာသည့်အတွက်ရေက လည်းပင်အထိ ရောက်သေးသည်။အားလုံးရေထဲ စမ်းပြီး လျှောက်နေခဲ့သည်။ရေဆန် လေဆန် တိုးဝှေ့သွားနေရသဖြင့်ခရီးမထွင် လေက ပြင်းထန်လွန်းသဖြင့်လှိုင်းများက တစ်လုံးပြီး တစ်လုံး ခေါင်းပေါ်ကဖြတ်ဖြတ်သွားသည့်အတွက် ရေမွန်းနေကြသည်။တာလမ်းမကြီးပေါ်မှာ လူတစ်ချို့ ရောက်နေကြောင်းဓါတ်မီးရောင်များကြောင့် သိနေရသည်။ထိုနေရာကို မှန်းပြီး လာနေပေမယ့် လေပြင်းကြောင့်ရှေ့ကို မရောက်နိုင် …“ဝေါ…ဝေါ…ဝေါ…”“အမလေး”ရေအောက်မှာ လဲနေသော သစ်ပင်အကိုင်းများကိုခလုတ်တိုက်ပြီး ဦးထွန်းလှ၏ချွေးမက ယောင်္ကျားလက်မှလွတ်ပြီးရေစီးနှင့်အတူ မျောသွားသည်။“မိစိုး …ရေ…မိစိုး တွေ့တဲ့သစ်ကိုင်းကို ဆွဲထား”ကုပ်ပေါ်မှ ကလေး၏ အလေးချိန်ကြောင့်တစ်ဖက်သို့ လဲကျသွားသော မစိုးမေလည်း ကုပ်ပေါ်ကကလေးလွတ်သွားသဖြင့် ကလေးကို မမိတော့။ယောင်္ကျားဖြစ်သူလည်း ဇနီးသည် ရေထဲမျောပါသွားသည်ကိုတွေ့သဖြင့် လိုက်ဆယ်ရန် ကြိုးစားသော်လည်းကုပ်ပေါ်မှာ ကလေးတစ်ယောက်က ရှိနေသလိုလေကလည်း လူကို တွန်းထုတ်သလို ဖြစ်နေသည်။လှိုင်းကလည်း ပြင်းထန်စွာ ရိုက်ခတ်နေသည့်အတွက်နီးရက်နဲ့ ဝေးသွားရတော့သည်။မယားဖြစ်သူက အဝေးသို့ မျောသွားသလို လင်ဖြစ်သူကလည်းရေထဲမှ သစ်ကိုင်းကို ခလုတ်တိုက် လဲကျပြီးကုပ်ပေါ်က ကလေးပြုတ်ကျသွားသဖြင့်ကလေးကို လိုက်ဆယ်ယူရာက သစ်ကိုင်းများနှင့်ငြိတွယ်ပြီး ရေပေါ်သို့ ပြန်ပေါ်မလာတော့။ယောင်္ကျားဖြစ်သူလည်း ဇနီးသည်ရေထဲမျောပါသွားသည်ကိုတွေ့သဖြင့် လိုက်ဆယ်ရန် ကြိုးစားသော်လည်းကုပ်ပေါ်မှာ ကလေးတစ်ယောက်က ရှိနေသလိုလေကလည်း လူကို တွန်းထုတ်သလို ဖြစ်နေသည်။လှိုင်းကလည်း ပြင်းထန်စွာ ရိုက်ခတ်နေသည့်အတွက်နီးရက်နဲ့ ဝေးသွားရတော့သည်။ မယားဖြစ်သူကအဝေးသို့ မျောသွားသလို လင်ဖြစ်သူကလည်းရေထဲမှ သစ်ကိုင်းကို ခလုတ်တိုက် လဲကျပြီးကုပ်ပေါ်က ကလေးပြုတ်ကျသွားသဖြင့်ကလေးကို လိုက်ဆယ်ယူရာက သစ်ကိုင်းများနှင့်ငြိတွယ်ပြီး ရေပေါ်သို့ ပြန်ပေါ်မလာတော့။ဦးထွန်းလှလည်း သားနှင့် ချွေးမတို့အဖြစ်ကိုမြင်ပြီး ရှေ့ကို ဆက်မသွားနိုင်ဖြစ်နေသည်။အမှောင်ထုကလည်း တစ်ယောက်နှင့်တစ်ယောက်သိပ်မဝေးပါဘဲ မမြင်နိုင်သော အဖြစ်မျိုး ကြုံနေရသည်။ထိုအချိန် ရေလှိုင်းများက တဝုန်းဝုန်း ရိုက်ခတ်နေသည့်အတွက်ဦးထွန်းလှ၏ ဇနီးမှာ ရေမွန်းပြီး အသက်ရှုကြပ်နေသည်။အဒေါ်ကြီးမှာ နှလုံးရောဂါအခံကလည်း ရှိသည်။သားနှင့် ချွေးမ မြေးငယ်များ၏ အဖြစ်ကို မြင်ပြီးရေထဲမှာပင် သတိမရ တစ်ချက်ရ တစ်ချက်ဖြစ်ကာအသိလွတ်,လွတ်သွားသည်။ဝါးတစ်ပြန်ခန့်သာရှိတော့သည်။တာလမ်းသို့ရောက်ရန် ရေစီးကို အံတုပြီးအားကုန် တိုးသွားသည်။ဇနီးသည်ကိုလည်း လက်က မလွတ်တမ်း ဆွဲထားသည်။“ကယ်ကြပါဦး…ကယ်ကြပါဦး”တာပေါ်မှ လူများကြားရန် မိုးလေသံကိုအံတုပြီး အားကုန်အော်လိုက်သည်။ဦးထွန်းလှ၏ အသံကို ကြားသဖြင့် တာပေါ်မှလူများ ဓါတ်မီးနှင့် လှမ်းထိုးကြသည်။“ရှေ့တိုး လာခဲ့ဗျို့။ရောက်တော့မယ်”တာဘေးမှာ ကပ်ရောက်နေသော သစ်ပင်ကြီးတစ်ပင်၏အကိုင်းကို ဦးထွန်းလှ ဖမ်းဆုပ်ကိုင်မိလိုက်သည်။ထိုအပင်ကြီးကလည်း လေပြင်းတိုက်၍ရေလှိုင်းရိုက်သဖြင့် လှုပ်ရှားနေသည်။သူသတိထားပြီး ဖမ်းဆုပ်လိုက်သည်။တာပေါ်မှ လူငယ်နှစ်ယောက်က သစ်ကိုင်းကြီးကိုအားပြုပြီး ဦးထွန်းလှတို့ကို ရေထဲဆင်းပြီး လာဆွဲသဖြင့်ကံကောင်းထောက်မစွာ တာပေါ်သို့ ရောက်ခဲ့သည်။ဦးထွန်းလှလက်ထဲမှ မလွှတ်ဘဲ ဆွဲလာသော ဇနီးသည်ကတာပေါ်ရောက်လာပေမဲ့ အသက်ပါမလာတော့ချေ။တာလမ်းမနှင့် အိမ်ပေခြောက်ဆယ်ခန့်သာဝေးသော်လည်း လေပြင်းနှင့် ရေလှိုင်းတို့ကသူတို့ မိသားစု ခုနှစ်ယောက်မှ ဦးထွန်းလူနှင့်မြေးမလေး တို့နှစ်ယောက်ကိုသာ အသက်ရှင်ခွင့်ပေးခဲ့သည်။ထို့နောက်ပိုင်း ဦးထွန်းလှတို့ကဲ့သို့ပင် တစ်ယောက်စနှစ်ယောက်စ တာပေါ်သို့ ရောက်လာကြသည်။သူတို့တစ်တွေလည်း မိသားစု အကွဲကွဲအပြားပြားနှင့် ရောက်ရှိလာခြင်း ဖြစ်သည်။အချိန်က ဆယ်တစ်နာရီခွဲခန့်ရှိပြီး အသက်နှစ်ဆယ်ခန့်ရှိသောလူငယ်တစ်ယောက် တာပေါ်သို့ ကုတ်ဖက်တွယ်တက်လာသည်။သူက အဝါရောင်တီရှပ်နှင့် အနီရောင်ဘောင်းဘီကိုဝတ်ဆင်ထားသည်။“ကယ်ကြပါ …ကယ်ကြပါဟိုနားမှာ ကျနော့်ညီလေးနဲ့ ကျနော့်အမေ ရေနစ်နေတယ်ဟိုရှေ့က မလဲသေးတဲ့အုန်းပင်မှာ တွယ်ကပ်နေတယ်ဝိုင်းကယ်ပေးကြပါ”“မင်းငါတို့ကို ဓါတ်မီးနဲ့ ထိုးပြ”လူကြီးတစ်ယောက်က ဓါတ်မီးလှမ်းပေးသည်။“ဦးလေးပဲ ထိုးကြည့်ပါ။ဟိုရှေ့က အုန်းပင်ကြီးမှာပါ”မိုးကလည်း သည်းကြီးမည်းကြီး ရွာနေသလိုလေပြင်းကလည်း တိုက်နေသည်။ဓါတ်မီးရောင်က အဝေးသို့တိုင် မမြင်ရမိုးစက်မိုးပေါက်များက ပိတ်ထားသလို ဖြစ်နေသည်။“တွေ့ပြီ အုန်းပင်တော့ တွေ့ပြီ”“အဲဒီအပင်မှ တွယ်ပြီး ဖယ်ထားတယ်”တာပေါ်မှာ လူလတ်ပိုင်းနှစ်ယောက် ရေထဲသို့ဆင်းသွားပြီး ဓါတ်မီးဝိုင်း ထိုးထားသောအုန်းပင်သို့ ကူးသွားသည်။ရေကူးလာသော လူရွယ်နှစ်ရွယ်က ခါးတစ်ပိုင်းပေါ်နေသော ဆယ်နှစ်ရွယ် ကောင်လေးကိုတွေ့၍ ဆွဲယူလိုက်သည်။ထို့နောက် ကျန်လူရွယ်က ရေထဲမှာခေါင်းသာပေါ်နေသော အဒေါ်ကြီးကိုရေပေါ်ဆွဲယူလိုက်ပြီး တာလမ်းဘက်သို့ကူးခဲ့သည်။တာပေါ်မှ နေ၍ လူတစ်စုက ဝိုင်းဆွဲ တင်ကြသည်။ကောင်လေးက ဘာမှ မဖြစ်သော်လည်းအသက်ငါးဆယ်ခန့် အဒေါ်ကြီးက သတိမေ့လျက်ပါလာသည်။ပါးစပ်ထဲမှ ရေများထွက်အောင် လုပ်ပြီး သတိရအောင်ပြုရကြသဖြင့် ခဏအတွင်း သတိပြန်ရလာသည်။“ဟဲ့…ငါ့သားကြီး …ငထွန်း …ငထွန်း သားကြီးရောသားကြီး သားကြီးရေ”“အမေ…အစ်ကိုကြီးကို မတွေ့ဘူး”“စောစောက သူလာပြောလို့ အဒေါ်တို့ သားအမိကိုကျနော်တို့ ဆင်းဆယ်တာ”“မဟုတ်ဘူး …မဟုတ်ဘူး သားသေပြီနဲ့ တူတယ်သားက အဒေါ်တို့ကို အပင်မှာ ဖက်ပြီး ထမ်းတင်ပေးထားတာ”“မဟုတ်သေးဘူးအဒေါ် …သူလာပြောလို့ ကျနော်တို့အခုလို ဆင်းဆယ်ဖြစ်တာ အဒေါ်တို့က ဘယ်နှယောက်လဲ”“အိမ်က ထွက်လာကတည်းက သုံးယောက်ထဲကျန်တဲ့သမီးနဲ့ သမက်က ငါးရှားတဲ့ နေရာမှာ ရောက်နေတယ်သူတို့လည်း ရှိတော့မယ် မထင်ဘူး။ငါ့သားကြီးကို သွားကယ်ကြပါ”“ဟေ့ ..သိန်းဇော် ရေကူးနိုင်သေးလား အဒေါ်ကြီးကျေနပ်အောင် သွားကြည့်ပေးပါ”“စောစောက လာပြောတဲ့ ကောင်လေးဘယ်မှာလဲ”အမှောင်ထဲမှာ ယောင်္ကျား မိန်းမဆယ့်ငါးယောက်ခန့်ရှိသော်လည်း စောစောက ကယ်ပါယူပါ ဟု လာပြောသောကောင်လေးကို ခေါ်ထုတ်ရာ မရသဖြင့် သိန်းဇော်ဆိုသောလူရွယ်လည်း ရေထဲ ဆင်းသွားသည်။အဒေါ်ကြီး သားအမိကို ကယ်တင်ခဲ့သော အုန်းပင်ကြီးသို့ကူးသွားသည် ။တာလမ်းမှ ပေနှစ်ဆယ်ခန့်သာဝေးပေမယ့် လေပြင်းကလျော့ မသွားသလိုနှစ်ပေသုံးပေခန့်မြင့်သော လှိုင်းလုံးများကတဝုန်းဝုန်း ပစ်ရိုက်နေသဖြင့် အုန်းပင်ရှိရာသို့ပင်ပန်းကြီးစွာ ကူးခတ် သွားရသည်။အုန်းပင်ကြီးသို့ရောက်သည်နှင့် ရေအောက်သို့ငုပ်ပြီးစမ်းလိုက်သည်။အဒေါ်ကြီးပြောသည့်အတိုင်းအောက်နားမှာ အုန်းပင်ကို ဖက်ထားသော လူတစ်ယောက်ကိုစမ်းမိလိုက်သည်။ဖက်ထားသော လက်ကို ဆွဲဖြုတ်ကာရေပေါ်သို့ ဆွဲတင်လိုက်သည်။သိန်းဇော် ဆွဲတင်လိုက်သော လူမှာအသက်ကင်းမဲ့နေကြောင်း သိသော်လည်းတာရိုးအထိ ကြိုးစား ဆွဲခေါ်ခဲ့သည်။တာပေါ်က လူအားလုံးသတိကင်းမဲ့သော လူရွယ်ကိုမြင်လိုက်သည်နှင့် တအံတသြ ဖြစ်သွားကြသည်။“ဟင်…ဒီကလေး အသက်မရှိတော့ဘူး”“ငါ့သား သေပြီ ဟုတ်လား ဟီး ဟီး…အမလေးသားကြီးရဲ့ အမေတို့ကို ရေပေါ်,ပေါ်အောင်အုန်းပင်ကို ဖက်ခိုင်းထားပြီး သူက အောက်ကထမ်းတင်ပေးထားတယ်။ အမလေးသားရဲ့သားသေမယ့် အစား ဒီအိုကြီး အိုမကြီး သေတာကကောင်းသေးတယ် ဟီး ဟီး ဟီး”“အဒေါ် …အဒေါ် သားအတွက် ဖြေပါ ။အဒေါ် သားက သူ့အသက်အသေခံပြီး တာတောင်။အဒေါ်တို့ကို ကယ်ပေးဖို့ လာပြောသွားတယ်”“ဘာ…ဘာပြောတယ်”“စောစောက အဒေါ်တို့ကို လာမဆယ်ရသေးခင်သူ့မှသူ ဒီဘောင်းဘီတို အနီရောင် တီရှပ်အဝါရောင်နဲ့တာပေါ်တက်လာပြီး ဟိုအုန်းပင်မှာအမေနဲ့ ညီလေးဖက်ထားတယ် သွား ကယ်ပေးကြပါလို့အသည်းအသန် လာပြောတာနဲ့ ကျုပ်တို့ ဆင်းကယ်ဖြစ်တာ”“ဟုတ်တယ် ဒီအင်္ကျီနဲ့ ဒီဘောင်းဘီကို ငါတို့မှတ်မိတယ်”အားလုံး ဝိုင်းပြောကြသည်။“အမလေး …ငါ့သားကြီး သေပြီးတာတောင် အမေနဲ့ညီလေးကို ကယ်ခိုင်းသွားသေးတယ်။ဟီး…ဟီး…ဟီး”“ကဲ…စိတ်မကောင်း မဖြစ်နဲ့တော့ အဒေါ်သူအသက်ပေးပြီး ကယ်သွားခဲ့တာ အဒေါ်တို့သားအမိအသက်ရှင်အောင် နေပေတော့”တစ်ယောက်ကို တစ်ယောက်အားပေးနေကြသော်လည်းအားလုံးဆောင်းစရာ မရှိ။ မိုးကာမရှိ။ မိုးထဲလေထဲမှာအသည်း ခိုက်အောင် ချမ်းနေကြသည်။တစ်ညလုံး မိုးမစဲ လေတိုက်မရပ်ပါက တာပေါ်မှာရောက်နေသူတို့၏ အသက်အားလုံး ရှင်နိုင်ဖွယ် မရှိနိုင်တော့ရေက တာပေါ်ရောက်ရန် နှစ်ပေခန့်သာ ရှိတော့သည်။XXXXXXXX“အဲဒါ …နာဂစ်ဖြစ်တဲ့ညမှာ သေသွားပြီဖြစ်တဲ့သရဲဝိညာဉ်ကောင်လေးက လူအသွင်နဲ့ တာပေါ်ကိုရောက်လာပြီး သူ့အမေနဲ့ သူညီကို ကယ်ခိုင်းခဲ့တယ်ကယ်တဲ့ လူတွေလည်း ရေထဲဆင်းရော သူလည်းပျောက်သွားရောပဲ တကယ့်ကြေကွဲစရာပါပဲဗျာမိုးလင်းတော့ တာပေါ်မှာ လူလေးယောက်အအေးပတ်ပြီးသေသွားသေးတယ်။ကျုပ်တို့မြေးအဖိုးနဲ့ ဝိညာဉ်ကောင်လေးရဲ့အမေနဲ့ ညီလေးလည်း မသေဘဲ ကျန်ခဲ့တယ်။လေကလည်း ငြိမ်သက်ပြီဆိုတော့ ကယ်ဆယ်ရေးတွေရောက်လာတယ်။ကျုပ်တို့ မြေးအဖိုးဘုန်းကြီးကျောင်းတစ်ကျောင်း ရောက်ခဲ့တယ်။ဆေးတွေတိုက် အရင်ရောက်သူတွေက ဝိုင်းပြုစုလို့အသက်မသေခဲ့ဘူး။ဒီလိုနဲ့ ညဘက်ရောက်ခဲ့တယ်သန်းခေါင်လောက်လည်းရောက်ရော…“စိန်းညို…စိန်းညို…သမီး…ဒီမှာ ရှိလား”အက်တက်တက် ရှတတ မိန်းမတစ်ယောက်ဘုန်းကြီးကျောင်းရှေ့မှာထမီရင်လျားနဲ့ လာအော်နေသည်။“စိန်းညိုရေ စိန်းညို သမီးအမေ့ကို အသံပြုဦး”ကျောင်းမှာရှိသော လူများထဲမှာ စိန်းညို မရှိသဖြင့်မရှိကြောင်း လှမ်းအော်ပြောလိုက်သည်။ထိုမိန်းမလည်း အပြင်ပြန်ထွက်သွားပြီး ကျောင်းခြံစည်းရိုးစပ်ကရေထဲဆင်းသွားသည်ကို လူတော်တော်များများမြင်လိုက်ကြသည်။ထိုမိန်းမကြီးက ညဆယ့်တစ်နာရီကျော်လောက်ရောက်ပြီဆိုလျှင် ဘုန်းကြီးကျောင်းအနီးရေစပ်ကထမီရင်လျားနှင့် တက်လာပြီး …“စိန်းညို …စိန်းညို …သမီး ဒီမှာ ရှိလား”“စိန်းညို …စိန်းညို”“စိန်ညို ဒီကျောင်းမှာ မရှိဘူးဟေ့”ကျောင်းထဲက မရှိဘူးဆိုသော အသံကြားသည်နှင့်ထမီရင်လျား ရေစက်လက်နှင့် ရေထဲပြန်ဆင်းသွားသည်ကိုအားလုံးတွေ့ကြရသည်။ကျောင်းထိုင်ဆရာတော်က ပြောတယ်သေသွားတဲ့သမီးကိုစိတ်စွဲပြီး …လွတ်ရာကျွတ်ရာမသွားနိုင်ဘဲလိုက်ရှာနေတာတယ်အဲဒါတွေကတော့ ကျနော်ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ကြုံလိုက်ရတာ တမလွန်ရောက် သံယောဇဉ် ဝိညာဉ်တွေပါပဲအဲဒါပါဘဲ …နာဂစ်ကာလတုန်းက မခြောက်မလှန့်ပဲကြုံလိုက်ရတဲ့ ဝိညာဉ်သရဲတွေ အကြောင်းပါ”“အင်း…ကျနော် ဆိုက်ကားစီးမိတာ အတော်တန်ဖိုးရှိတာပဲ”“ဘာကြောင့် တန်ဖိုးရှိတာလည်းဗျ”“အော် …နာဂစ်မုန်တိုင်းကြားက မိဘကို ကူညီတဲ့ဝိညာဉ်အကြောင်းရောကြေကွဲဖွယ်ကောင်းတဲ့ ဝိညာဉ်အကြောင်းပါသိလိုက်ရလိုပါ ““အချိန်မရလို့ အကျဉ်းချုပ်ပြောရတာ။အဲဒီအချိန်တုန်းက အကြောင်းတွေကို တွေးမိတိုင်းဒီနေ့ ဒီအချိန် ဖြစ်ပျက်နေသလို ခံစားနေရတယ်သုံးလေးနှစ်ရောက်တဲ့အထိ မိသားစု မျက်စေ့အောက်မှာအသေဆုံးနဲ့ ကြုံတွေ့ခဲ့ရတာကို မျက်လုံးထဲကဖျောက်ဖျက်လို့ မရခဲ့ဘူး။မိုးတွင်းရောက်ရင်ပိုဆိုးတာပေါ့ဗျာ”“ကျနော်လည်း ကိုယ်ချင်းစာပါတယ် ဆရာကြီးရာဟော …အဲဒီရှေ့ကအိမ်ပဲ ရပ်တော့ …ရပ်တော့”ကျနော်လည်း ဆိုက်ကားသမားကြီးကို ပိုက်ဆံတစ်ထောင်တန်နှစ်ရွက်ပေးပြီး ပြန်အမ်းမခိုင်းတော့ဘဲအိမ်ထဲ ဝင်ခဲ့တော့သည်။မိသားစု အကျိုးပေး ဆိုးဝါးလွန်းလှသော ဆိုက်ကားသမားကြီး၏အကြောင်းကြားရသဖြင့် စိတ်မကောင်းရသလိုမိခင်နှင့် ညီလေးအတွက် အသက်အသေခံ၍သေပြီးမှ မိဘတွေကို ကယ်ခွင့်ရခဲ့သောလူငယ်လေး၏ ဝိညာဉ်လည်း ကောင်းရာမွန်ရာရောက်ပါစေဟု ဆုတောင်းပေးလိုက်မိပါတော့သည်။ပြီးပါပြီမူရင်းရေးသူ ဆရာ ဧကန်မင်း