မြတ်သောစိတ်ထား

 မြတ်သောစိတ်ထား

-------------------------

ကျွန်တော်မနက်က လမ်းလျှောက်တာ နည်းနည်းများသွားသည်။ အပြန်ခရီးမပါ အသွားတင် ခြေလှမ်း ၁၂,၀၀၀ ကျော်သွားသည်။ တိုရှည်စားချင်သည်နှင့် လက်ဖက်ရည်ဆိုင်တွင် တိုရှည်ဝင်စားသည်။ ထို့နောက် အပြန်ခရီး အတွက် ဘတ်စ်ကားမှတ်တိုင်ကိုလာပြီး ကားထိုင်စောင့်နေသည်။


မနက် ၈ နာရီကျော်ပြီဖြစ်သော်လည်း ကားဆက်ကပြတ်သည်။ ကျွန်တော်ထိုင်နေသည့် မှတ်တိုင်ထိုင်ခုံမှာ လမ်းဆုံမီးပွိုင့်နှင့်နီးသည်။ ကျွန်တော်ငေးရင်းက မီးပွိုင့်တွင် လိုက်တောင်းနေသည့် ကလေးတစ်ယောက်ကို သတိထားမိလိုက်သည်။


ထိုကလေးသည် ၁၂ နှစ် ၁၃ နှစ်လောက်ပဲရှိဦးမည်ထင်သည်။ သူက ကားတစ်စီးပြီးတစ်စီး မှန်တံခါးများကို ပုတ်ကာ လိုက်တောင်းနေသည်။ သူဆာလို့လည်း ဖြစ်နိုင်သည်။ တစ်ဦးဦးက သူ့နောက်ကွယ်မှ ကြိုးကိုင် ထားသောကြောင့်လည်း ဖြစ်နိုင်သည်။


ယခုကာလအတွင်း မီးပွိုင့်တွေမှာ တောင်းရမ်းမှုတွေ အလွန်များလာသည်။ ကလေးက၊ ကလေးကို မနိုင်မနင်း ချီပိုးပြီး တောင်းနေတာတွေလည်းတွေ့ရသည်။ ပုံစံမျိုးစုံနှင့်ဖြစ်သည်။ ကားတွေကြားထဲ ကလေးတွေ ဟိုဖြတ် သည်ဝင်နှင့် လိုက်တောင်းနေကြသည်မှာ ကိုယ့်မြေးလေးတွေသာဆိုရင်ဟူ၍တွေးပြီး ရင်လေးသည်။ ကိုယ့်မြေး တွေကို အိမ်ထဲက အိမ်ပြင်ပင် ထွက်ခိုင်းခြင်းမရှိ။ ဤကလေးတွေဘဝကား မတွေးဝံ့အောင်ပင်။


ကျွန်တော်သတိထားနေသည့်ကလေးသည် ကားတစ်စီးပေါ်က ပစ်ချလိုက်သည့် ရေသန့်ဘူးခွံကို သွားကောက် သည်။ သူက ဘူးကိုဖွင့်ပြီး ရေကျန်ကို မော့နေသည်။ သူရေအတော်လေးဆာနေပုံပေါ်သည်။ သူက ရေသန့်ဘူး အခွံလေးကိုင်ကာ လိုက်တောင်းနေပြန်သည်။


ကျွန်တော်သည် ကလေးတွေလာတောင်းလျှင် ပေးလေ့မရှိပါ။ ကလေးတွေကို တောင်းစားချင်စိတ် မခိုင်မြဲ စေရန်ဖြစ်သည်။ ထိုကလေးက လမ်းဘေးရှိ စမူဆာနှင့် ကော်ပြန့်ကြော်ရောင်းသည့် ဆိုင်ရှေ့တွင်သွားရပ်ပြီး တောင်းနေသည်ကို တွေ့ရပြန်သည်။ ထိုဆိုင်ကလည်း သူ့ကို မောင်းထုတ်နေပြန်သည်။ သူတကယ်ပဲ ဆာနေဟန် တူပါသည်။


ကောင်လေးက ကားတွေကိုလိုက်တောင်း၍လည်း မည်သူမျှမပေး၊ ဆိုင်တွေမှာတောင်းတော့လည်း သူ့ကို မည်သူကမျှ မကျွေးသဖြင့် ကျွန်တော်ထိုင်နေသည့် လမ်းတစ်ဖက်ရှိ မှတ်တိုင်နေရာကို လျှောက်လာသည်။ ထိုမှတ်တိုင်တွင် အဘိုးအိုတစ်ယောက်ထိုင်နေသည်။ အဘိုးအိုဘေးတွေ အိတ်တွေနှင့်ဖြစ်သည်။ သူ့တစ်ကိုယ် လုံးလည်း ညစ်ပေနေသဖြင့် သူလည်းပျံကျတစ်ဦးဖြစ်ပေလိမ့်မည်။


အဘိုးအိုက ခွက်တစ်ခုထဲကို အီကြာကွေးနှစ်ကာ တစ်မြုံ့မြုံ့ဝါးနေသည်။ ကောင်လေးက အဘိုးအိုစားနေ သည်ကို ငေးကြည့်နေသည်။ ကားတွေက တစ်စီးပြီးတစ်စီးဖြတ်သွားသဖြင့် သူတို့မြင်ကွင်းက ပျောက် သွားလိုက် ပြန်ပေါ်လာလိုက်ဖြစ်နေသည်။ ကျွန်တော်လည်း ကြည့်ကောင်းကောင်းနှင့်ကြည့်နေမိသည်။


အဘိုးအိုက သူစားနေသည်ကို ကောင်လေးငေးကြည့်ကာ မျှော်နေမှန်းသိသည်။ သူက ကောင်လေးကို လက်ပြပြီး သူ့အနားကိုခေါ်လိုက်သည်။ ကောင်လေးက သူ့အနားကိုရောက်သွားသည်။ အဘိုးအိုက သူစားလက်စ အီကြာကွေးတစ်ပိုင်းကို ကောင်လေးလက်ထဲ ထည့်ပေးလိုက်သည်။ ထို့နောက် ကောင်လေး ရှေ့ကို သူသောက်လက်စ လက်ဖက်ရည်ခွက်အား ထိုးပေးလိုက်သည်။


ကောင်လေးက အဘိုးအိုခွက်ထဲကို အီကြာကွေးအားနှစ်လိုက်ပြီးနောက် သူ့ပါးစပ်ထဲသို့ လုံးထွေးထည့်ပြီး အားရပါးရစားသည်။ အဘိုးအိုက လက်ဖက်ရည်ခွက်ကိုဆက်သောက်သည်။ ကောင်လေးက အဘိုးအိုအနီးမှ ထွက်သွားသည်။ သူတို့တစ်ဦးနှင့်တစ်ဦး ဘာမျှတော်စပ်ပုံမရ။ သို့သော် ဘဝတူချင်း၏ ဆာလောင်မှုနှင့် အမှန်တရားကို ဘဝတူချင်းသာ စာနာသနားနိုင်သည်ဆိုသည့် အသိတစ်ခု ကျွန်တော့်ထံတွင် လက်ခနဲဖြစ်သွား သည်။


သိန်းထောင်သောင်းချီကာ ဝတ်နိုင်၊ စားနိုင်၊ ဖြုန်းနိုင်၊ သုံးနိုင်ခြင်းကို ဂုဏ်ဆာပြနေကြသည့် လူတွေလည်း တွေ့နေရသည်။ သိန်းသောင်းချီ၊ ထောင်ချီတန်သည့် အဆောက်အအုံကြီးဆောက်ပြလိုက်မှ ဂုဏ်ရှိသည်ဟု ထင်သူတွေ ကလည်း ရှိသေးသည်။


မည်သို့ဆိုစေ


ကိုယ်စားနေသည့် အီကြားကွေးလေးတစ်ပိုင်းကို ဆာနေသည့် ကလေးတစ်ယောက်အား ဖဲ့ကျွေးနိုင်သည့် လမ်းဘေးက အဘိုးအိုတစ်ယောက်လောက် စိတ်ထားမြတ်ကာ တန်ဖိုးရှိသူတွေဟူ၍ ကျွန်တော်တော့မမြင်။


တင်ညွန့်


၁၂.၂.၂၀၂၆