သူငယ်ချင်းတစ္ဆေ
သော်တာဆွေ“လူတွေဟာ အယူသီးတတ်ကြတယ်ကွ “ဆိပ်ကမ်းညစောင့် အလုပ်သမားကြီးသည် သူတစ်ယောက်တည်း စကားပြောစရာ လူမရှိ၍ တစ်နေရာရာမှ ရောက်လာသော သူ့ခြေထောက်အကြား ဘောင်းဘီစကို ကိုယ်နှင့် ပွတ်တိုက်နေသော မျက်စိတစ်ဖက်လပ် ကြောင်နက်ကြီး တစ်ကောင်အား အရေးတယူ ပြောဆိုနေလေသည်“အထူးသဖြင့် … မင်းတို့လို ကြောင်နက်တွေကို တချို့လူတွေက အမင်္ဂလာ ကောင်လို့ ယူဆကြတယ်ကွ၊ သူတို့ စားသောက်မယ်လို့ ပြင်ဆင်ထားတဲ့ အစာအာဟာရတွေများ ကြောင်နက်တစ်ကောင်က အမှတ်မဲ့ ရောက်လာပြီး အလစ် ဝင်စားလိုက်မယ် ဆိုရင် မကောင်းဆိုးရွား ဝင်နှောက်ပြီရယ်လို့ အားလုံး သွန်ပစ်ကြရော… သူတို့ ကံဆိုးမိုးမှောင်ကျပြီလို့လည်း ယူဆကြရော၊ ငါ ကျွဲခေါင်းအရက်ဆိုင် သွားတုန်းက ကြားဖူးခဲ့တာဖြင့် ‘လူတစ်ယောက်ဟာ အဲလို ကိုယ့်ဆီလာပြီး ဂြိုဟ်ဆိုးဝင်တဲ့ ကြောင်နက် တစ်ကောင်ကို သတ်လိုက်မိတာနဲ့ သူ့တစ်သက်တာမှာ .အဲဒီ ကြောင်နက်တစ္ဆေက အမြဲ လိုက်ခြောက်နေတော့တာပဲ’ တဲ့။ စင်စစ်တော့ အဲဒီလူဟာ သူ့စိတ်နဲ့သူ ဥပါဒါန် ဖြစ်နေတာပါပဲ”လို့ ပြောရင်း သူသည် ကြောင်ကြီး၏ လည်ပင်း၊ နားရွက်နောက်နားလေးကို ပွတ်သပ်ပေးကာ“ဒီလို အယူသီးပြီး ကြောက်တတ်တဲ့ လူမျိုးတွေဟာ ငါတို့လို ညကြီးမင်းကြီး တစ်ယောက်တည်း ကိုယ့်တာဝန် ထမ်းဆောင်ရတဲ့ ညစောင့် အလုပ်သမားမျိုး ဘယ်ဖြစ်နိုင်ပါ့မလဲနော်၊ ကဲ.. အခုပဲ မင်း ငါ့ဆီလာနေတော့ မင်းကို ငါ မကောင်းဆိုးဝါးလို့ ယူဆရင် မခက်ပါလားကွာ၊ တကယ်တော့ အယူသီးမှုဟာ စိတ်သဘောထား သေးသိမ်နုနယ်ခြင်းပါပဲ”ဟု ပြောပြီး သူသည် ထိုင်ရာမှထ၍ ဆိပ်ကမ်းတံတားပေါ်မှာ လမ်းအနည်းငယ် လျှောက်ရင်း သူ့ဆေးတံကို ဆေးထည့်သည်။ ထိုစဉ် ကြောင်ကြီးက တခြားမသွားသေးဘဲ သူ့ခြေကြား ကပ်ပါလာသည်၌ နေရာ သူပြန်ထိုင်၍ ဆေးတံကို မီးညှိကာ ဖွာလိုက်ပြီး ကြောင်ကြီးအား ..“မင်း တခြားမသွားသေးဘူးဆိုရင် ငါ ပြောချင်ပါသေးတယ်၊ အယူသီးမှုဟာ ကောင်းတာလည်းရှိ၊ မကောင်းတာလည်း ရှိသကွ၊ ငါ့မိတ်ဆွေ တစ်ယောက်အကြောင်း ပြောပြမယ်၊ သူ့နာမည်က ဘီလ်ဘာတင်ရှော တဲ့”အဲ.. ဘာတင်ရှောရဲ့ အမေကိုယ်တိုင်ကလည်း ဘယ်လောက် အယူသီးသလဲ ဆိုရင် လူတွေဟာ သေရင် တစ္ဆေဖြစ်တယ်အဲဒီတစ္ဆေဟာ သူ ခင်မင်တဲ့ အိမ်ကို လာပြီး နှုတ်ဆက်တတ်တယ်၊ ဒါကြောင့် သူ့ဆွေမျိုး မိတ်ဆွေထဲက သေပြီဆိုရင် သူ့အိမ်လာလာပြီး တံခါးခေါက်ကြသတဲ့။ ညအချိန်မှာ သူ့အိမ်နံရံကို သုံးချက်ခေါက်သံ ကြားရရင်ဖြင့် သူခင်မင်တဲ့လူထဲက တစ်ယောက်ယောက် သေပြီဆိုတာ မုချပဲတဲ့။ အဲ တစ်ခါလည်း ညလင်းအားကြီး သုံးနာရီလောက်မှာ နံရံကို တဒေါက်ဒေါက် ခေါက်နေတာ သုံးခါမကဘူး။ထူးခြားပါတယ်ဆိုပြီး ထပြီး မီးဖွင့်ပြီး..“ဟဲ့.. ဘယ်သူလဲဘယ်ဝါလဲ၊ ကောင်းရာ သုဂတိ သွားပေရော့ဆိုတော့ တစ်ဖက်ခန်းကလူက “ကျွန်တော့် ဓာတ်ပုံချိတ်ဖို့ သံရိုက်နေတာပါဗျ” လို့ ပြန်ပြောသတဲ့၊ ဟား ဟား..”အဲဒီမိခင်ရဲ့ သား ဘီလ်ဘာတင်ရှောဟာ အချိန်အရွယ်ရောက် လူလားမြောက်တဲ့ အခါမှာ သင်္ဘောသားအလုပ်နဲ့ … ပင်လယ်ခရီးမှာ ပါသွားလေတော့ အယူသီးမှုမှာ ပိုမိုဆိုးရွားသတဲ့။ ဒီအဖြစ်ရောက်သွားတာက ဆိုက်လတ်စ်ဝင့်ချ် ဆိုတဲ့ အခြား သင်္ဘောသားတစ်ယောက်နဲ့ ပေါင်းသင်းမိခြင်းပဲကွ။ ဆိုက်လတ်စ်ဟာ မျက်နှာရှည်ရှည်မျက်လုံးပြူးပြူးပါးစပ်ပြဲပြဲနဲ့ သူ့ ပုံသဏ္ဌာန်ကိုကလည်း သရဲခြောက်နေတာနဲ့ တူတယ်။ သရဲတစ္ဆေ အကြောင်းတွေလည်း အင်မတန် ပြောတတ်တယ်။ သူကလည်း အပြောကောင်းတော့ သူ့စကား နားထောင်မိပြီဆိုရင် အဖော်သင်္ဘောသားတွေဟာ ညအချိန်မှာဆိုရင် တစ်ယောက်တည်း မနေဝံ့တော့ဘူး။ဆိုက်လတ်စ်ဟာ သရဲတစ္ဆေကိုလည်း မြင်တတ်တယ်၊ တွေ့တတ်တယ်တဲ့။ တစ်ခါဟာဖြင့် သင်္ဘောသားကြီး ဘင်းဟတ်ဂင်ရဲ့ အိပ်ရာပေါ်မှာ လည်ပင်းပြတ်နေတဲ့ တစ္ဆေကြီး လဲလျောင်းနေတာ သူ မြင်နေရတယ်ဆိုတာနဲ့ ဘင်းဟတ်ဂင်ဟာ သူ့အိပ်ရာပေါ် သူ တက်မအိပ်ဝံ့တော့ဘူး။ ကြမ်းပြင်ပေါ်မှာချည်း အိပ်နေရတာ တစ်ပတ်လောက် ကြာတော့ မတတ်နိုင်တော့ဘူး၊ ဆိုက်လတ်စ်ကို ဒေါ်လာဝက်ပေးပြီး အိပ်ရာချင်း လဲအိပ်ရသတဲ့ကွာ၊ ဟား.. ဟား.. ဆိုက်လတ်စ်ဆိုတဲ့ ကောင်က အဲဒီလို လူစား။ငါ့မိတ်ဆွေ ဘီလ်ဘာတင်ရှောဟာ အဲဒီ ဆိုက်လတ်စ်နဲ့ သူငယ်ချင်းအဖြစ် ပေါင်းသင်းလာခဲ့တာ သူ အိမ်ထောင်ကျပြီး၊ သင်္ဘောသားအလုပ်က ထွက်တော့မှပဲ လူချင်း ကွဲသွားတော့တယ်၊ ဒါပေမဲ့ သူ ဆိုက်လတ်စ်ကို မေ့မရ၊ အမြဲတမ်း စိတ်ထဲတထင့်ထင့်နဲ့ စိုးရိမ်နေရတဲ့ အဖြစ်ကို ဖန်တီးမိခဲ့တယ်။ ဘာလဲဆိုရင် တစ်ညနေ မူးမူးရူးရူးနဲ့ သူတို့နှစ်ယောက်ဟာ အချစ်ဆုံးသူငယ်ချင်း ဖြစ်တဲ့အတွက် နောင် လူချင်းကွဲသွားလို့ ရှိတောင်မှ တစ်ယောက်သေရင် တစ်ယောက်ဆီလာပြီး ကိုယ်ထင်ပြစတမ်းလို့ လက်မောင်းသွေးဖောက် အရက်ထဲ ထည့်သောက်ပြီး ကတိသစ္စာ ပြုခဲ့ကြသတဲ့ကွ။ဒါကြောင့် ဘီလ်ဘာတင်ရှောစိတ်ထဲမှာ ဝင့်ချ်သေရင် တစ္ဆေဖြစ်ပြီး သူ့ဆီ ဘယ်နေ့ရောက်လာမလဲ စိတ်ထဲတထင့်ထင့်၊ ဆိုက်လတ်စ်ဝင့်ချ်ရဲ့ တစ္ဆေ အခြောက် မခံရအောင် ဆိုလည်း သူက အရင်သေပြီး ဆိုက်လတ်စ်ဆီ သွားခြောက်ပါမှ၊ မူးမူးရူးရူးနဲ့ ထားခဲ့ကြတဲ့ ကတိသစ္စာဟာ ဘီလ်အတွက် ဘယ်လိုမှ မသက်သာဘူး၊ ဒါကြောင့် သူ အရက်ကိုပဲ ဖိသောက်တော့တယ်။သူ သောက်နိုင်လောက်အောင်ကလည်း သင်္ဘောသားအလုပ်က ထွက်လာပြီးနောက် ရတဲ့ အလုပ်ဝင်ငွေက တစ်ပတ်ကို နှစ်ပေါင်ဆိုတော့ မနည်းဘူး။ နို့ပြီး သားသမီးကလည်း မထွန်းကားတော့ လင်ကိုယ်မယား နှစ်ယောက်တည်းပဲ။ ဘီလ်မိန်းမ အေမီဟာ ရိုးသားပြီး သဘောကောင်းပါတယ်။ ဘီလ်လည်းပဲ.. အရက်မမူးခင်ဖြင့် မခုတ်တတ်တဲ့ ကြောင်လိုပဲ၊ သူ့မယားအပေါ်မှာ အင်မတန် သဘောကောင်းပါတယ်။ ရလာတဲ့ငွေကို အကုန်အပ်ပါတယ်။ အဲ.. မူးပြီဆိုရင်တော့ မယားကို ရိုက်လားပုတ်လား လုပ်တတ်တယ်။ သူပေးထားတဲ့ငွေကို ပြန်တောင်းတတ်တယ်။လောကဓမ္မတာပဲ .. ဆိုရမယ်။ .. အရက်သမားတို့ ထုံးစံဟာ လူကြီးလာလေ … ဘီလ်ဟာ ကြာလာလေ … အရက်ပိုသောက်လေနဲ့ နောက်ဆုံးမှာ ဘယ်လောက်ဆိုးလာသလဲဆိုရင် သူတို့ မင်္ဂလာဦးတုန်းက ဝယ်ထားတဲ့ အိမ်ထောင် ပရိဘောဂတွေကိုပါ ရောင်းပြီး သောက်ပစ်တယ်။ အဲဒီနောက်တော့ သူတို့ဧည့်ခန်းမှာ စားပွဲကုလားထိုင်မှ မရှိတော့ သူ ဒီအိမ်မှာ နေချင်စရာ ကောင်းလောက်အောင် မသာယာတော့ဘူး ဆိုပြီး အခြားသွား သောက်စားနေရာက အိမ်ကို အချိန်မတော် သန်းခေါင်ကျော်မှ ပြန်လာလေ့ ရှိတော့တယ်။အဲဒီလို ဘီလ်ဟာ အဆိုးသွမ်းဆုံး ဖြစ်နေတဲ့ အချိန်မှာ တစ်နေ့သ၌တော့ ဆိုက်လတ်စ်ဝင့်ချ်ဟာ ဘီလ်အိမ်ကို မေးစမ်းပြီး ရောက်လာတယ်။ စနေနေ့ မွန်းလွဲပိုင်း ဖြစ်လေတော့ ဘီလ် အိမ်မှာမရှိဘူး။ ဘီလ်မိန်းမကို သူဘယ်သူဖြစ်ကြောင်း ပြောပြတော့ အေမီဟာ သူ့လင် မကြာခဏ ပြောဖူးတဲ့အတိုင်း ဆိုက်လတ်စ်ဝင့်ချ်ဆိုတာ သိနေတော့ ဧည့်ခန်းထဲကို နောက်ဖေးက ကုလားထိုင်ဟောင်းတစ်လုံး ယူလာပြီးတော့ ထိုင်စေတယ်။ဆိုက်လတ်စ်ဟာ ဧည့်ခန်းထဲမှာ ဘာစားပွဲ ကုလားထိုင်မှ မရှိတာ ကြည့်ပြီး…“ဟေ့… မင်းတို့လင်မယားက ဧည့်ခန်းထဲမှာ ဒီလိုပဲ ရှင်းရှင်းလင်းလင်း နေတတ်သလား”ဆိုတော့ အေမီက သူ့လင်ရဲ့ လုပ်ပုံကိုင်ပုံ ဖြစ်ကြောင်းကုန်စင်ကို ပြောပြတယ်။ ဒီတော့ ဆိုက်လတ်စ်ရဲ့ မျက်နှာကြီးဟာ ပိုရှည်သွားတယ် ထင်ရပြီး..“ဟင်း.. ဘီလ်ဟာ ဒီလောက်တောင် ဆိုးနေသလားကွာ၊ ဒီကောင်တော့ ငါ တွေ့ဦးမှပဲသူ ဘယ်အချိန် ပြန်လာတတ်သလဲ ”ဆိုတော့ အေမီက ..“သူ ပြန်လာမှာကတော့ သန်းခေါင်ကျော်မှပါပဲ ဒါပေမဲ့ ရှင် အဲဒီအချိန်မှာ သူနဲ့တွေ့လို့ မဖြစ်ဘူး ထင်တယ်ဘာကြောင့်လဲဆို သူက မူးရူးလာမှာမို့ ရှင်တို့ချင်း ကတိသစ္စာထားကြတာ သူကျွန်မကို အကုန် ပြောပြထားပါတယ်၊ တစ်ယောက်သေရင် တစ်ယောက်ဆီလာပြီး ကိုယ်ထင်ပြမယ်ဆိုထားတော့ သူက ရှင့်ကိုမြင်ရင် ဧကန္တ တစ္ဆေလာပြီး ခြောက်တယ် ထင်တော့မှာပဲ ”အဲဒီအခါမှာ ဆိုက်လတ်စ်ဟာ သူ့ခေါင်းကို ကုတ်ရင်း ခေတ္တ စဉ်းစားပြီး..“သူက ငါ့ကို တစ္ဆေထင်မယ် အေး.. ဒီလိုဆိုရင် ဟုတ်ပြီ၊ ငါက တစ္ဆေယောင် ဆောင်ပြီး သူ့ကို နောက်ထပ် အရက်မသောက်ဖို့ စကားပြောမယ်အဲဒီလိုဆိုရင် မင်းအဖို့ရော သူ့အဖို့ရော ကောင်းသွားမယ်”အေမီဟာ ဆိုက်လတ်စ်စကားကို ရုတ်တရက် နားမလည်သေးဘူး။ နောက်ထပ် ဆိုက်လတ်စ်က ရှင်းပြတော့မှ သဘောပေါက်သွားပြီး သူတို့နှစ်ယောက် အစီအစဉ်ကို တိုင်ပင်ကြတယ်။ နောက်ဆုံးမှာ အေမီက..“ဒီလို ရှင့်ကိုယ်ကျိုး မပါဘဲနဲ့၊ ကျွန်မတို့အတွက် ဆောင်ရွက်ပေးမှာကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်”“အို… ဒါကတော့ အထူးပြောစရာ မလိုပါဘူးကွာ၊ ဘီလ်ဟာ ငါ့အချစ်ဆုံး သူငယ်ချင်းပဲ၊ သူ့အတွက် ငါဘာမဆို ဆောင်ရွက်ပေးရမှာပဲ၊ ဒါဟာ သူ့အတွက် ငါလုပ်ပေးတာ ပထမဦးဆုံးလည်း မဟုတ်ပါဘူး၊ နောက်ဆုံးလည်း မဟုတ်သေးပါဘူးကွယ် ”“ကျေးဇူးပါပဲရှင်၊ … ဒါပေမဲ့ မတော်တဆ ရှင် တစ္ဆေ ယောင်ဆောင်တာ ပေါ်သွားရင်ဖြင့် ကျွန်မ ဘာမှမသိဘူး ပြောပါနော်၊ နို့မဟုတ်ရင် သူ ကျွန်မကို အရေဆုတ်ပါလိမ့်မယ် ““အေး ကောင်းပါပြီ၊ နို့ပြီး ငါ့အတွက်လည်းပဲ စိုးရိမ်ရသေးတယ်၊ သူ့အိပ်ရာနားမှာ ဘာ လက်နက်မှ မရှိပါစေနဲ့နော်၊ မင်းတို့ အိပ်ခန်းတံခါးကိုလည်း အသာလေး စေ့ရုံစေ့ထား၊ မီးရောင်ကလည်း မြင်သာရုံ ခပ်မှိန်မှိန်လေး လင်းပစေ၊ (၃) နာရီလောက် ငါလာခဲ့မယ် ကြားလား”ထိုည၌ ဘီလ်ကား သူ့ထုံးစံအတိုင်း သန်းခေါင်ကျော်လောက်မှ အလွန်အကျွံ မူးကာ လိုက်ပို့သော သူ့အဖော်များနှင့် ရောက်လာလျှင် အိမ်အောက်မှ ရုန်းရင်းဆန်ခတ် ဖြစ်ကြပြီးနောက် … အိပ်ရာထဲရောက်၍ ဒုန်းခနဲလဲကျကာ အစန့်သား . အိပ်ပျော် သွားလေသည်။အမူးသမားတို့ မည်သည်မှာ လူအိပ်ပျော်သော်လည်း နှုတ်နှင့် ခြေလက်တို့က အငြိမ်မနေ။ ယောင်ယမ်း လှုပ်ရှားခြင်းတို့ကြောင့် အေမီသည် တော်တော်ကြီးကြာမှ အိပ်ပျော်သွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော အသံကြီးတစ်ခုကြောင့် လန့်နိုး၍ မျက်စိကို ဖွင့်ကြည့်လိုက်တော့ ခုတင်ခြေရင်း၌ ဆိုက်လတ်စ် သင်္ဘောသား အဝတ်အစားနှင့်၊ သူ့ကိုယ်မှာလည်း ရေတွေရွဲရွဲစိုလျက် မျက်နှာတွင် ပြောင်လက်နေသော ဆေးရောင်များ ခြယ်ထားသည်။ ဦးထုပ်ကိုလည်း နောက်သို့ ခပ်လန်လန် ဆောင်းထား၍ နဖူးပေါ်မှ ဖွာရာကျနေသော ဆံပင်တို့မှာလည်း ရေညှိ ရေမှော်များ ကပ်လျက် ..ဆိုက်လတ်စ်သည် ဝမ်းခေါင်းသံကြီးနှင့် ညည်းတွားတွား အသံမျိုး အော်လိုက်ပြန်သည်။ အကယ်တန္တု အေမီသည် ကြိုတင် သိရှိမထားဘူး ဆိုပါက ရုတ်တရက် အသက် ထွက်သွားလောက်ပါ၏။ သို့သော် မူးမူးနှင့် အိပ်မောကျနေသော ဘီလ်ကား အသက်ရှူ မပျက်။ ဆိုက်လတ်စ်က ဒီအသံမျိုး သုံးခါ ဆက်အော်သော်လည်း နကမ္ပတိ။ ဒီတော့ အေမီက အကြံပေး၏။“စူးစူးရှရှအသံမျိုး အော်ပါလားရှင့်”ဆိုက်လတ်စ်သည် အေမီ အကြံပေးသည့်အတိုင်း ငါးခါ အော်၏။ အာခေါင်ခြောက်၍ ချောင်းတဟွတ်ဟွတ်သာ ဆိုးလာသည်။ အရက်ရှိန်နှင့် လောကကြီးကို အဆက်ပြတ်နေသော ဘီလ်ကား တုတ်တုတ်မျှ မလှုပ်သေး။ ဒီတော့ အေမီက …“ပထမလို အသံကြီးကြီးနဲ့ ခုနလို စူးစူးရှရှ အသံနှစ်မျိုးလုံး တွဲအော်ရှင့် ”ဆိုက်လတ်စ်သည် အေမီကို မျက်စောင်းထိုးပြီး..“ငါခွီးတဲ့.. လူကို သံစုံမင်းသားများ အောက်မေ့နေသလား “ဟု ပြန်ပြောသော်လည်း အေမီ အကြံပေးသည့်အတိုင်းပင် အသံနှစ်မျိုး တွဲအော်ရာ လေးငါးခါလောက်ရှိတော့မှ ဘီလ်သည် သဲ့သဲ့ ကြားဟန်တူ၏။ မျက်လုံးတော့ မဖွင့်ဘဲ အေမီကို တံတောင်နှင့်တွက်၍“ဟေ့.. သတိထားစမ်း၊ ဘာတွေ အိပ်မက်ပြီး အော်နေတာလဲ”အေမီက ဘာမျှပြန်မပြော။ ဆိုက်လတ်စ်က အားတက်လာပြီး တစ်ချီ ကျုံးအော်လိုက်တော့မှ ဘီလ် လန့်ဖျပ်ကာ မျက်လုံးဖွင့်ကြည့်လိုက်မိသည်၌ ခုတင် ခြေရင်းက ဆိုက်လတ်စ်ကို မြင်သည်နှင့် တစ်ပြိုင်နက် အမယ်လေး တစ်ချက်တပြီး စောင်ကို တအားဆွဲဆောင့်ခြုံလျက် သူ့ကိုယ် ပုဝင်သွားတော့၏။ယင်း၌ ဆိုက်လတ်စ်က ဝမ်းခေါင်းသံကြီးနှင့်..“ဘီလ်..”ဘီလ်ကိုယ်သည် အိပ်ရာအောက် ယက်ဝင်တော့မည်ကဲ့သို့ ကျုံ့ဝင်သွားသည်။“ဘီလ်.. မင်း ငါခေါ်နေတာကို ဘာလို့ ပြန်မထူးလဲကွ”ဒီအခါမှာ သူ့အသံက လေးလေး အေးစက်စက်ကြီးဖြင့် ….“ငါကတော့ မင်းနဲ့ ကတိသစွာ ထားခဲ့တဲ့အတိုင်း ပစိဖိတ်သမုဒ္ဒရာအောက် သေရွာကနေပြီး ထလာခဲ့ရတယ်၊ မင်း ငါ့ကို နှုတ်မဆက်တော့ဘူးလားကွာ သူငယ်ချင်း”ဒီတော့ ဘီလ်က စောင်ခြုံအောက်က တုန်လှုပ်သောအသံဖြင့် ….“ဂွဒ်.. ဂွဒ်.. ဂွဒ်ဘိုင်”ယင်း၌ ဆိုက်လတ်စ်က စိတ်ပျက်သော အသံကြီးနှင့် တစ်ချက် ညည်းညူ လိုက်ပြီး..“ဪ မင်းက ငါ့ကို ဒီတစ်ခွန်းပဲ ပြောစရာ ရှိတော့သလား၊ ငါဖြင့် သင်္ဘောပျက်လို့ သမုဒ္ဒရာအောက်ရောက်ပြီး သေသေချင်း ငါကတိအတိုင်း ငါ့အချစ်ဆုံး သူငယ်ချင်းတော့ သွားနှုတ်ဆက်မှပဲလို့ ရေမွန်းပြီး ငါ့ဖက်နေတဲ့ ကပ္ပတိန်ရဲ့ စားပွဲထိုးကလေးအလောင်းကို ခြေနဲ့ကန်ထပြီး မင်းဆီကို လာခဲ့ရတာကွ သိလား”ဒီအချိန်မှာ ဘီလ်ဟာ အကြောက်လွန်ပြီး အရက်မူးတွေ ပြေနေလျက်“ဟုတ် ဟုတ်.. ဟုတ်ပါပြီ ဆိုက်လတ်စ်ရယ်၊ မင်း ကတိတည်ပါပေတယ်၊ ကောင်း.. ကောင်း.. ကောင်းရာသုဂတိကို လားပါစေ”အဲဒီတုန်း ဆိုက်လတ်စ်က ဘာမှပြန်မပြောရမီ အေမီက ကိုယ်ကို ပုတ်လိုက်ပြီး“ဘီလ် ဘာတွေ ယောင်နေတာလဲ၊ ရှင် အိပ်မက်နေသလား၊ ဆိုက်လတ်စ်ဆိုတာ ဘယ်သူလဲ၊ ရှင် ဘာတွေ ပြောနေတာလဲ”ဘီလ် စောင်ခြုံအောက်က သူ့မျက်လုံးကိုတော့ မဖွင့်ဘဲ အေမီကိုယ်ကို ဖျစ်ညှစ်လျက် လေသံတိုးတိုးဖြင့် .. ။“ငါ အိပ်မက်နေတာ မဟုတ်ဘူးဟဲ့၊ ခုတင်ခြေရင်းမှာ ငါ့သူငယ်ချင်း ဆိုက်လတ်စ်ရယ် မတ်တတ်ရပ်နေတာ နင်မမြင်ဘူးလား”“မြင်ပေါင်တော်၊ ရှင်အိပ်မက်ပြီး အရက်မူးမူးနဲ့ စိတ်ကြောင်တောင်တောင် ဖြစ်နေတာပါ”“နင်တကယ် ဘာမှ မမြင်ဘူးလား”“မြင်ပါဘူးတော်၊ အိပ်မက်မက်တာပါ။ ကဲ.. ကဲ.. ပြန်အိပ်တော့ ကျွန်မလည်း အိပ်ချင်လှပြီ၊ တကတဲတော် သရဲကြောက်တဲ့ ကလေးလေး ကျနေတာပဲ၊ စောင်ခြုံထဲ ဝင်ပုပြီး တွေ့ကရာတွေ လျှောက်ပြောနေတယ်”ထို့နောက် အေမီသည် တစ်ဖက်သို့ လှည့်သွား၍ အိပ်ချင်ယောင် ဆောင်နေလိုက်တော့သည်။ ယင်းမှ ဆိုက်လတ်စ်က အသံသြကြီးနှင့်“ဘီလ်”ဘီလ်က မသက်သာသော အသံနှင့် ..“ဗျာ..”“မင်းမိန်းမဟာ ငါ့ကိုယ်ကို မြင်လည်း မမြင်ရဘူး၊ ငါပြောတာကို ကြားလည်း မကြားရဘူး”“ဟုတ်ကဲ့ ..”“ငါက မင်းဆီကို လာတာကိုးကွ၊ မင်းနဲ့ငါဟာ သင်္ဘောသားဘဝမှာ အချစ်ဆုံးသော သူငယ်ချင်း ဖြစ်ခဲ့တယ်၊ ပင်လယ်ခရီးများစွာ အတူတကွ သွားခဲ့ကြတယ်၊ တို့ဟာ အဲဒီတုန်းက သောက်အတူ၊ စားအတူ၊ နေအတူနော် ဘီလ်”“ဟုတ်ပါတယ်”ဘီလ်သည် စောင်ခေါင်းမြီးခြုံကိုတော့ မဖွင့်ပေ။“နောက်ဆုံးမှာ တို့လူချင်း ခွဲခွာရသည့်တိုင် မမေ့ကြစတမ်း၊ သေသော်မှ အလျင်သေတဲ့လူဆီကို လာရောက်နှုတ်ဆက်ကြ စတမ်းလို့ တစ်ယောက်လက်မောင်းသွေး တစ်ယောက်ဖောက်ပြီး ကတိသစ္စာပြုခဲ့တယ် မဟုတ်လား ဘီလ်”“ဟုတ်ပါတယ် ဆိုက်လတ်စ် ““အခု ငါက ငါ့ရဲ့ ကတိသစ္စာအတိုင်း ပစိဖိတ်သမုဒ္ဒရာအောက် သေရာက ထလာခဲ့တော့ မင်းကို တွေ့ရတာ ငါ စိတ်မချမ်းသာဘူး။ ဘာကြောင့်လဲဆို မင်းဟာ အရက်ကို အလွန်အကျွံ သောက်တယ်။ အိမ်ကို အချိန်မတော်မှ ပြန်လာတယ်။ အရက်မူးရင် မိန်းမကို ညှဉ်းဆဲတယ်။ ပေးထားတဲ့ ပိုက်ဆံကို ပြန်တောင်းတယ်။ နောက်ဆုံး ပိုက်ဆံမရှိတော့ကွာ အိမ်ထောင်ပရိဘောဂကိုတောင် ရောင်းသောက်တယ်။ ဒါတွေကို မင်းမငြင်းပါနဲ့၊ ငါက တစ္ဆေတို့ရဲ့ ကမ္မဇိဒ္ဓိ တန်ခိုးနဲ့ သိတာကွ။ ကဲ.. ငါပြောတာတွေ မဟုတ်ဘူးလား။ မင်း ဝန်ခံစမ်း”ဘီလ်သည် အလွန် တုန်လှုပ်ကြောက်ရွံ့စွာနှင့် ..“မှန်ပါတယ် သူငယ်ချင်း”“ဒီတော့ ငါက မင်းရဲ့ မိတ်ဆွေကောင်းပီပီ မင်းရဲ့ ကောင်းကျိုးအတွက် ငါ ဆောင်ရွက်ရလိမ့်မယ်။ မင်း လက်ခံမလား ဘီလ်”“ခံပါ့မယ် သူငယ်ချင်း ”“တခြားတော့ မဟုတ်ပါဘူး။ မင်း ယနေ့ ယခုအချိန်မှစပြီး မူးယစ်စေတတ်သော သေရည်သေရက်မှန်သမျှ ဘာကိုမှ မသောက်ရတော့ဘူး “ဘီလ်သည် စောင်ခြုံအောက်မှ တုန်လှုပ်စွာနှင့် “ဆေးဖြစ် ဝါးဖြစ်ကလေးမှ မသောက်ရဘူးလား”“တစ်စက်မှ မသောက်ရဘူး။ ခရစ္စမတ်ပွဲမှာတောင် မသောက်ရဘူး ကြားရဲ့လား”“ကြားပါတယ်”“ကြားရင် မင်းရဲ့ ညာလက်ကိုမြှောက် “ဘီလ်သည် သူ့စောင်ခြုံထဲမှ ညာလက်ကို မြှောက်ရသည်။ဆိုက်လတ်စ်က..“ကတိသစ္စာ ပြုရမယ်။ ငါပြောသလို လိုက်ဆို” ဟု ပြောပြီး ..“ကျွန်ုပ်အချစ်ဆုံးသော သူငယ်ချင်း”“ကျွန်ုပ်အချစ်ဆုံးသော သူငယ်ချင်း”“သေရာမှ ထလာသော ““သေရာမှ ထလာသော”“ပစိဖိတ်သမုဒ္ဒရာအောက်မှ တစ္ဆေကြီး”“ပစိဖိတ်သမုဒ္ဒရာအောက်မှ တစ္ဆေကြီး”“ဆိုက်လတ်စ်ဝင့်ချ်၏ ဝိညာဉ်အားဖြင့် ကျိန်ဆိုပါသည်”“ဆိုက်လတ်စ်ဝင့်ချ်၏ ဝိညာဉ်အားဖြင့် ကျိန်ဆိုပါသည် ““မူးယစ်စေသော”“မူးယစ်စေသော”“သေရည် သေရက် မှန်သမျှကို”“သေရည် သေရက် မှန်သမျှကို”“ယနေ့ည ယခုအချိန်မှ စပြီး”“ယနေ့ည ယခုအချိန်မှ စပြီး”“တစ်စက်ကလေးမျှ မသောက်တော့ပါ ““တစ်စက်ကလေးမျှ မသောက်တော့ပါ ““သောက်ခဲ့သည်ရှိသော်”“သောက်ခဲ့သည်ရှိသော်”“တစ္ဆေကြီး ဆိုက်လတ်စ်ဝင့်ချ်သည်”“တစ္ဆေကြီး ဆိုက်လတ်စ်ဝင့်ချသည်”“စိတ်ဆိုးသဖြင့် ““စိတ်ဆိုးသဖြင့် ”“တစ်ဖန် ပြန်လာသည်ရှိသော်”“တစ်ဖန် ပြန်လာသည်ရှိသော်”“အကြင်တစ္ဆေကြီးကို ဒုတိယအကြိမ် မြင်ရ၍”“အကြင်တစ္ဆေကြီးကို ဒုတိယအကြိမ် မြင်ရ၍”“ထိုကတိသစ္စာ ဖျက်သူသည်”“ထိုကတိသစ္စာ ဖျက်သူသည်”“ချက်ချင်းသေစေသတည်း”“ချက်ချင်းသေစေသတည်း”“အဟွတ် .. အဟွတ် ”“အဟွတ် .. အဟွတ် ”“ဟေ့.. ဒါမပါဘူးကွ။ ငါက ရေနစ်ပြီး အအေးမိနေလို့ ချောင်းဆိုးနေတာကွ”အေမီသည် ရယ်ချင်သော်လည်း အောင့်အည်း၍ အိပ်ချင်ယောင်ဆောင်ကာ ဟောက်မြဲ ဟောက်နေရ၏။ထို့နောက် ဆိုက်လတ်စ်က ဆက်လက်၍..“အေး .. မင်း ငါ့ကို ဒုတိယအကြိမ် မြင်ရရင်တော့ မင်းကတိသစ္စာအတိုင်း မင်းသေပြီ မှတ်ပေရော့”“ဒီတော့ မင်းကလည်း ငါ့ဆီမှာ တစ်ခါ ကိုယ်ထင်ပြပြီးဆိုတာလည်း သတိထားပါကွာ”ဘီလ်က ပြန်ပြော၏။“ကောင်းပြီ။ ဒါနဲ့ ငါမသွားမီ တစ်ခုပြောခဲ့ရဦးမယ်။ အခု ငါသေတော့ မိန်းမ မုဆိုးမဖြစ်ပြီး ကျန်ခဲ့တယ်။ ဘယ်သူမှ ကူညီထောက်ပံ့မယ့်လူ မရှိဘူး”ဘီလ်က စုပ်သတ်၍..“သွပ်.. သွပ်.. သွပ်.. သနားစရာ”“ဒီတော့ ငါစဉ်းစားမိတယ်။ ငါသာ မင်းအလျင် သေလို့ မင်းမိန်းမက မုဆိုးမအဖြစ်နဲ့ ကျန်ခဲ့မယ်ဆိုရင် ငါမနေနိုင်ဘူး၊ ကိုယ်တတ်နိုင်သလောက်တော့ ကူညီမှာပဲ”ဘီလ်သည် ဘာမှပြန်မပြောဘဲ ဆိတ်ဆိတ်နေလိုက်၏။ ဆိုက်လတ်စ်က ဆက်လက်၍ –“အခု မင်းလောက်သာ ဝင်ငွေရမယ်ဆိုရင် တစ်ပတ်ကို (၁၅) သျှီလင်တော့ မှန်မှန် ပေးနေမှာပဲကွ”ဒီတော့မှ ဘီလ်က.. “ဘာ တစ်ပတ်ကို (၁၅) သျှီလင်”“အေးလေ.. မင်းအခု အရက် မသောက်တော့ဘူး ဆိုရင် ဒီလောက်ငွေဟာ ဘာခဲယဉ်းတော့မလဲ”အေမီသည် သူနှင့် မူလအစီအစဉ်တွင် ဤကိစ္စမပါသဖြင့် မျက်လုံးပြူးသွားသည်။ သို့သော် ဝင်၍ဖြင့် မဖြစ်တော့၊ သူ့ယောက်ျား ဘာပြန်ပြောမလဲဟု နားထောင်နေစဉ် ဘီလ်က..“ကောင်းပြီလေ။ မင်းမိန်းမကို ငါသွားကြည့်ပါ့မယ်”ယင်း၌ ဆိုက်လတ်စ်က တင်းမာသော လေသံနှင့် ..“အိုး.. ဒါကို ပြင်းထန်စွာ တားမြစ်တယ်။ ငါ့အမျိုးသမီးဆီကို မသွားလင့်။ သူမသည် ငါသေသည်ကို မသိသေး။ မသိစေချင်၊ သိသော် သူမသည် ပြင်းထန်စွာ ပူဆွေးသောက ရောက်လတ္တံ့။ ထို့ကြောင့် ယခင်က သူမဆီ ငါပို့သည့်နည်းတူ တစ်ပတ်ကို (၁၅) သျှီလင် စာတိုက်ကနေပို့ပါ။ နံပါတ် (၁၅)၊ ရှက်ပဲလမ်း၊ မစ္စဝင့်ချ်၊ ဒီလိပ်စာမှတ်မိလား ဘီလ်”“မှတ်မိပါတယ်”“ကောင်းပြီ၊ ဒါဖြင့် သင့်ညာဘက်လက်ကိုမြှောက် ကတိသစ္စာတစ်ဖန်ဆို ”ဟုပြောပြီး ခုနအတိုင်း “မိန်းမထံသို့ တစ်ပတ်လျှင် (၁၅) သျှီလင် စာတိုက်က မှန်မှန်ပို့ပါမည်။ မပို့လျှင် တစ္ဆေကြီး ဆိုက်လတ်စ်ဝင့်ချ် ဒေါသထွက်၍ ဒုတိယအကြိမ် ကိုယ်ထင်ပြလာသည်၌ ဘီလ်သည် ချက်ချင်း သေစေသတည်း” ဟု ကျိန်ဆိုလိုက်ရပြန်၏။အေမီမှာ အလကားသက်သက် ကိုယ့်လင်ငွေကြေး ထိတော့ မခံမရပ်နိုင် ဖြစ်၏။ သို့သော် အခြေအနေအရ ဘာမျှ မတတ်နိုင်။မူလက ငွေအနည်းအကျဉ်းချေးရန် ဘီလ်ထံ လာခဲ့သော ဆိုက်လတ်စ်သည် ယခုတစ်ပတ်လျှင် (၁၅) သျှီလင် အရက်ဖိုး ထိုင်စောင့်ယူနေရမည့် အဖြစ်မျိုး ရောက်သည်၌ အားရကျေနပ်သွားကာ ..“ကဲ.. ဒါဖြင့် ငါသွားမယ် ဘီလ်”“ကောင်းပြီ ဆိုက်လတ်စ် ”“အေး.. မင်း အဲဒီ ကတိသစ္စာ နှစ်ခုကိုတော့ သတိထားနော်၊ တစ်ခုခု ဖျက်မယ်ဆိုရင်တော့ ငါမနေသာဘူး၊ ဒုတိယတစ်ဖန် လာရတော့မှာပဲ”“မလာပါနဲ့ သူငယ်ချင်းရယ်..၊ ငါလိုက်နာပါ့မယ် .. စိတ်ချပါ”“အေး.. ဒီလိုဆိုရင်ဖြင့် ငါခု ပစိဖိတ်သမုဒ္ဒရာကြီးရဲ့ အောက်မှာ တာဝန် ငြိမ်းချမ်းစွာ လဲလျောင်းနေရတော့မှာပေါ့ကွာ၊ သွားပြီ…သွားပြီ၊ အချစ်ဆုံး သူငယ်ချင်းရေ..”ဆိုက်လတ်စ်၏အသံ ပျောက်ကွယ် ဆိတ်ငြိမ်သွားပြီ ဖြစ်သော်လည်း ဘီလ်သည် တော်တော်နှင့် မျက်စိမဖွင့်ဝံ့သေးဘဲ နှစ်မိနစ်၊ သုံးမိနစ်လောက်ကြာမှ စောင်ခြုံကို ခွာ၍ ကြည့်လိုက်သော် သူ့ ခုတင်ခြေရင်းမှာ ဘာမျှ မမြင်ရတော့ချေ။ သည်တော့မှ သူ သက်ပြင်းကြီး ချလိုက်တော့၏။ အိပ်ချင်ယောင်ဆောင်နေသော သူ့မိန်းမ၏ တခေါခေါ ဟောက်သံကို ကြားရ၏။ဘီလ်သည် ဆိုက်လတ်စ် နောက်တစ်ခါ ပြန်လာလျှင် သေရမှာ အလွန်ကြောက်ရွံ့၍ ‘မစွက်ဝင့်ချ် (၁၅) ရှက်ပဲလမ်း’ ဆိုသည့် လိပ်စာကို မမေ့ရန် အထပ်ထပ် ရွတ်ဆိုနေမိလျက် နှစ်နာရီလောက် မျက်လုံးကြောင်နေပြီးမှ ပြန်လည် အိပ်ပျော်သွားလေသည်။နံနက်မိုးသောက်၌ အိပ်ရာထ၍ မျက်နှာသစ်ပြီးသော် အံ့သြဟန်နှင့် နားထောင်နေသော သူ့ဇနီးအား ညက သူငယ်ချင်းတစ္ဆေလာကာ သူ့အား မှာကြားသွားသည်များကို ပြောကြားပြီးနောက် သူ့လက်ကျန် အိမ်စောင့်အရက်ကလေးကို နှမြောလှစွာနှင့် သွန်ပစ်လိုက်ရတော့၏။ထိုမှ ဘီလ်သည် တကယ်ပင် အရက်ဖြတ်လေရာ (၄-၅-၆) ရက်မျှလောက် စားမဝင် အိပ်မပျော်သော ဝေဒနာကို ခံစားရပြီးနောက် တစ်ပတ်ကျော်သော အခါတွင်မူ လူနာ နာလန်ထသကဲ့သို့ အလွန်စားကောင်း အိပ်ပျော် ဖြစ်သွားလေသည်။ဒီတော့မှ သူသည် ယခင်က သောက်ခဲ့သော အချိန်တွေ၊ ကုန်ခဲ့သော အရက်ဖိုးတွေ တွေးတွေးပြီး နှမြောလျက် သူနှင့်ခင်မင်သော မိတ်ဆွေတို့အား အရက်ဖြတ်ရန် နှိုးဆော်သော အဖြစ်သို့ပင် ရောက်သွားလေသည်။ သူ့ခန္ဓာကိုယ်လည်း အရက်ဖော အရက်ပွ မဟုတ်တော့ဘဲ အသားအရေ ကျစ်လျစ်ကာ လန်းဆန်းစိုပြည်၍ လာသည်။သို့ရာတွင် ဘီလ်သည် ကျန်းမာရေး အခြေအနေ ကောင်းမွန်လာသလောက် သူ့ဇနီးအေမီမှာ တစ်နေ့တခြား ပိန်၍လာသည်။ အကြောင်းမှာ ဘီလ်သည် ဆိုက်လတ်စ်ကို ကတိ ပေးထားလိုက်သည့်အတိုင်း အပတ်စဉ်မှန်မှန် အမှတ်(၁၅) ရှက်ပဲလမ်းသို့ ငွေ (၁၅) သီလင် ပို့နေရသောကြောင့် “သက်သက် ငါ့လင်လုပ်စာကို ဒီ ဆိုက်လတ်စ်ဆိုတဲ့ကောင် သေချင်ယောင်ဆောင်ပြီး ရိက္ခာယူနေတယ်” ဟု မိန်းမသားပီပီ သဝန်တိုမိသည့်အတွက် ဘီလ် အပတ်စဉ်ငွေရ၍ စာတိုက်ကပို့သော သောကြာနေ့တိုင်း သူ ဒေါသထွက်ပြီး မစားနိုင်၊ မအိပ်နိုင်၊ ခေါင်းကိုက်သော ဝေဒနာကို ခံစားရ၏။ယင်းသို့ဖြင့် တစ်လမျှ ကြာသောအခါ၌ အေမီမှာ အရိုးပေါ်အရေတင် ဖြစ်လာသည်။ သူ၏ ဝေဒနာရသည့် အကြောင်းကို လင်တော်မောင်အား ဖွင့်ပြော၍ကလည်း မဖြစ်၊ အကယ်တိ ဆိုက်လတ်စ်ညာကြောင်း အမှန်ကို သိသွားခဲ့သော် ဘီလ် အရက်ပြန်သောက်မည်။ နောက်တစ်ချက်က သူကပါ ဆိုက်လတ်စ်နှင့် ပေါင်းပြီး ညာထားသဖြင့် မိမိအား အရိုးကွဲအောင် ရိုက်ပေလိမ့်မည်။စင်စစ်တော့ ဆိုက်လတ်စ်ကြောင့် ဘီလ် အရက်ပြတ်သွားသည်ကို အေမီက ကျေးဇူးတင်ဖို့ ကောင်းသည်။ ယခင်က ဘီလ် အရက်သောက်ပစ်သည့် ငွေများကို မိမိ ရနေသည်။ ထို့ပြင် လင်ယောက်ျား၏ အမူးဒဏ်ကိုလည်း မခံရ။ သို့ရာတွင် လူတို့မည်သည် ရလေလိုလေ အိုတစ္ဆေ ဆိုသည့်အတိုင်း ထိုတစ္ဆေ အယောင်ဆောင်ကာ မိမိ လင်ယောကျာ်း၏ လုပ်စာ၊ မိမိပိုင်သည့် ငွေကို လက်ဝေခံ အချောင်စားနေတာ မခံနိုင်ခြင်း၏ ဆင်းရဲသော ဝေဒနာကြောင့် သီတင်း (၆) ပတ်မျှ ကျော်သောအခါ၌ အေမီမှာ ကျောနှင့်ရင်နှင့် ထိလုခမန်း ဖြစ်လာသည်။ယင်းသို့ဖြင့် အိပ်မပျော်သော ညများ၌ တစ်ခုသော သန်းခေါင်းကျော်တွင် အေမီသည် သူ့စိတ်ကူးထဲမှ အလွန်ကောင်းသော အကြံတစ်ခုကို ရလေ၏။ ယင်းအကြံကို ဘယ်ပြောင်းညာလှည့်ဖြင့် အထပ်ထပ် အခါခါ စဉ်းစားပြီးနောက် ယခုညပဲ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ချက် ချလိုက်ကာ မိမိနံဘေး၌ အိပ်ပျော်နေသော လင်တော်မောင်ကို ကြည့်လိုက်သည်။ ဘီလ်သည် အသက်မှန်မှန်ရှူလျက် သိပ်ပြီး အိပ်ပျော်နေသည် မဟုတ်ချေ။ အနည်းငယ်သော အသံကိုကြားလျှင် နိုးနိုင်သော အခြေတွင် ရှိသည်။ထို့ကြောင့် သူ့စိတ်ကူးဉာဏ် အလုပ်ကို စ၏။ အေမီသည် ရုတ်တရက် စူးရှသောအသံဖြင့် ..“သူပို့ပါတယ်ရှင် သူပို့ပါတယ်”ဟု အော်လိုက်သည်၌ အိပ်၍ မပျော်တပျော် ဖြစ်နေသော ဘီလ်နိုးကာ အေမီကိုယ်ကို ပုတ်လိုက်ကာ..“ဘာလဲ အေမီ .. မင်းဘာတွေ အိပ်မက်ယောင်နေတာလဲ “သို့သော် အေမီသည် သူ့စကားကို ကြားဟန်မပြုဘဲ တစ်စုံတစ်ခုအတွက် စိုးရိမ်သော အသံဖြင့်..“သူပို့တယ်၊ သောကြာနေ့တိုင်း မှန်မှန်ပို့ပါတယ်၊ အို.. ရှင် သူ့ကိုတော့ နောက်တစ်ကြိမ် ကိုယ်ထင်မပြလိုက်ပါနဲ့ ”ယင်းကို ကြားရသည်၌ ဘီလ်သည် ဆိုက်လတ်စ် တစ္ဆေကို သတိရကာ ကြောက်ရွံ့တုန်လှုပ်သွား၍ မျက်စိမဖွင့်ဝံ့ဘဲ ဆိတ်ဆိတ်နေတော့၏။အေမီက ဆက်လက်၍“သူ ပို့ရိုးတော့ အမှန်ပါ၊ စာတိုက်က တစ်စုံတစ်ခု ချွတ်ယွင်းလို့ ဖြစ်ပါလိမ့်မယ်၊ စောင့်ကြည့်ပါဦး”အေမီသည် ခေတ္တ ရပ်နေပြီးမှ တစ်ဖန် ဆက်လက်၍..“ကောင်းပြီရှင့်၊ ကျွန်မ ဘီလ်ကိုယ်စား ဆောင်ရွက်ပါ့မယ်၊ ဟုတ်ကဲ့ရှင့် .. ဟုတ်ကဲ့.. ဘီလ်ကိုယ်တိုင် မသွားစေရပါဘူး.. ဟုတ်ကဲ့.. ဟုတ်ကဲ့ ကျွန်မအားလုံး တာဝန်ယူပါ့မယ်၊ ကောင်းပါပြီရှင် ကောင်းပါပြီ.. မှန်ပါတယ်.. မှန်ပါတယ်.. စိတ်ချလက်ချသာ သွားပါတော့”ထို့နောက် အေမီသည် သက်ပြင်းကြီး ချလိုက်ကာ စိတ်သက်သာရာ ရသွားသည့်ပုံနှင့် ဘီလ်ခေါင်းကို သူ့ရင်ခွင်ထဲသွင်း၍ ယုယစွာ ပွေ့ပိုက်လျက် ..“အလိုလေး ကံကြီးပေလို့”ဆိုသည့် ပုံသဏ္ဌာန်မျိုး။ ထိုအခါမှ ဘီလ်က..“အေမီ..”“အို.. ရှင်နိုးပြီလား.. ဘီလ်”“ငါနိုးနေတာ ကြာပြီကွ၊ မင်းဘယ်သူနဲ့ ဘာတွေ ပြောနေတာလဲ”“ရှင့်သူငယ်ချင်း တစ္ဆေကြီး လာတယ်ရှင့်၊ အမယ်လေး ကြောက်စရာကြီးပါလား၊ သူ့ကိုယ်မှာလည်း ရေတွေရွှဲစိုလို့ သူ့နဖူးမှာလည်း ဆံပင်တွေ စုတ်ဖွားနဲ့ ရေညှိရေမှော်တွေ ကပ်လို့”ဘီလ်က စိုးရိမ်မကင်းသော အသံနှင့်..“အခု သူသွားပြီလား”“သွားပြီ.. သွားပြီ.. ဘယ့်နှယ်တော် ရှင့်ခေါ် နိုးနေဦးမှာစိုးလို့ ကျွန်မနဲ့တင် ကိစ္စပြီးအောင် လုပ်လိုက်ရတာပေါ့”“မင်း တော်ပါတယ်ကွာ ”ဘီလ်က သူ့မယားကို ကြည်သောအသံနှင့် ..“သူဘာတွေ ပြောသွားလဲကွ”“အခုတစ်ပတ် သူ့မယားဆီ ငွေမရောက်ဘူးတဲ့၊ ဒါကြောင့် ဘီလ် သစ္စာဖောက်ဆိုပြီး သူလာတာတဲ့ ”“အို.. ငါ ပို့လိုက်သားပဲ”“ဟုတ်ပါတယ်၊ ဒါကြောင့် ကျွန်မက ဘီလ်ဟာ ရှင့်မယားဆီကို အပတ်စဉ် မှန်မှန် ပို့ပါတယ်၊ စာတိုက်က တစ်စုံတစ်ခုကြောင့် ဖြစ်ပါလိမ့်မယ်၊ ကျွန်မကိုယ်တိုင် သူ့မယားဆီကို သွားပို့ပါတဲ့၊ ဒီတော့ ကျွန်မကလည်း သူကျေနပ်အောင် စိတ်ချပါ၊ ကျွန်မ ဆောင်ရွက်ပါ့မယ်လို့ တာဝန်ခံလိုက်ရတယ် “ဘီလ်က..“အေး.. မင်းပြောတာ ငါကြားလိုက်ပါတယ်၊ ကောင်းပြီလေ ဒီကိစ္စကို မင်း တာဝန်ယူပေတော့၊ ငါ ငွေမှန်မှန် ပေးပါမယ်”ဒီအခါမှာ အေမီက အလွန် ရိုသေကျိုးနွံသော အသံနှင့်..“ကောင်းလှပါပြီ ဘီလ်ရယ်”ထို့နောက် လင်မယားနှစ်ယောက် ဆိတ်ငြိမ်သွားကြသည်။ အေမီစိတ်ထဲမှာ သူ့အကြံအောင်၍ အကျေနပ်ကြီး ကျေနပ်သည်။ ဘီလ်က သူ့မယား အလိမ္မာကို ချီးမွမ်းမိသည်။နံနက်လင်းလျှင်ပင် ဘီလ်သည် ယခုအပတ် မရသေးဘူးဆိုသော ငွေ (၁၅) ချီလင်ကို သွားပို့ရန် အေမီအား ပေးသည်။ ထို့နောက် အပတ်စဉ် မှန်မှန် သောကြာနေ့တိုင်း (၁၅) သျှီလင် (၁၅) သျှီလင်…. …အေမီမှာ ယင်းသို့ အပိုငွေမပြတ် ရရနေတော့ သူသုံးချင်ရာသုံး၊ ဝတ်ချင်ရာဝတ်၊ စားချင်ရာစားဖြင့် စိတ်အေးချမ်းသာ ရှိလှ၍ တစ်နေ့တခြား ကျန်းမာဝဖြိုး အလှတိုး၍ လာလေသတည်း။(သင်္ဘောသားသုံးယောက် ဟာသဝတ္ထုတိုများ)
Tags
About bookstory
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.