စုံလုံးရယ် မကန်းစေလို(စ/ဆုံး)
——————————–
ဆုံးဖြတ်ချက် ချဖို့အတွက်
လင်မယားနှစ်ယောက်လုံး တွေဝေနေကြသည်။
နှစ်ယောက်စလုံး အတွေးကိုယ်စီနှင့် အိပ်မပျော်တာလည်း သီတင်းပါတ်ပြည့်တော့မည်။စားလည်းဒီစိတ်၊သွားလည်းဒီစိတ်နဲ့ အတွေးကိုယ်စီနဲ့ စိတ်နဲ့လူနဲ့မကပ်ကြပေ။ ဘာလုပ်လုပ် အယောင်ယောင် အမှားမှား ဖြစ်နေ၍ ကိုယ့်အခန်းကို ဝင်ပြီး အတွေးတွေနဲ့ ချာချာလည်နေတော့သည်။
“အမေ…အဖေကို သေချာပြောပေးပါဗျာ။ ဒီတခါနောက်ဆုံးပါပဲ။ယူထားတဲ့ ငွေတွေက ဒီလကုန်မှ ပြန်မဆပ်ရင် ကျွန်တော်တို့ ခုနေတဲ့ အိမ်လေးကို
အကြွေးနဲ့ လာသိမ်းမှာတဲ့အမေရယ်။ ကယ်ပါအုံးဗျာ။ကျွန်တော်တို့ မိသားစု လမ်းဘေးရောက်တော့မယ် အမေ ကယ်ပါအုံးဗျာ”
အသက်(၄၅)နှစ်အရွယ်ရှိပြီဖြစ်သည့် သားကြီး၊ ကလေးသုံးယောက် ဖခင်ကြီး၊ပွဲရုံလုပ်ငန်းလုပ်ကိုင်နေတဲ့ သားကြီးက ကလေးတယောက်လို သူ့မရင်ခွင် ထဲဝင်ပြီး အကူအညီ လာတောင်းနေတာ ကြည့်၍
သားကြီးနည်းတူ ရင်နင့်ခံစားခဲ့ရသည်။ လုပ်ငန်းအရှုံးပေါ်လို့ ပြန်မဆပ်ရင် နေအိမ်လေးပါ အသိမ်းခံရတော့မည်။ သူ့အဖေနှင့်တိုင်ပင်ရတော့မည်။
“အမေ..အမေ့သားဆိုးတာ တော်တော်လွန်နေပြီ။
ရှိသမျှပစ္စည်း အကုန်အလောင်းအစား လုပ်လို့ ဘာမှမရှိတော့ဘူး။ ခုတော ခုတော့…ကျွန်မမိဘတွေ ထောင်ပေးထားတဲ့ (Taxi)လေးကို ပါ သူက ပေါင်ပြီး အလောင်းအစားလုပ်လိုက်ပြီတဲ့ အမေရဲ့.။.အမေ့သားအရမ်းလွန်လာပြီ..။.ကျွန်မသားလေးခေါ်ပြီး တခြားနေရာ ရှေ့ဦးတည့်ရာပဲ သွားတော့မယ်။ အမေ့သားနဲ့လည်း မပေါင်းနိုင်ဘူး။ကျွန်မမိဘအိမ်လည်း မပြန်ရဲဘူး အမေရဲ့.. အီးဟီးဟီး..”
သားလတ်၏ ဆိုးသွမ်းမူကြောင့် လင်ဆိုးမယားဖြစ်နေသည့် ချွေးမဖြစ်သူကို ကြည့်၍ ပို၍ သောကများရပေပြီ။ ငယ်ငယ်ကတည်းက ဆိုးတဲ့စရိုက်။ မိန်းမနင့်သားသမီးရတာတောင် မပြင်တော့တာ ကံဆိုးလှသည့် ချွေးမနှင့်မြေးကိုကြည့်၍ အိပ်မပျော်ပေါင်းလည်း များခဲ့ပြီဖြစ်သည်။
“အမေ..အခွင့်အရေးလေးရတုန်း ကျွန်တော်ကြိုးစားကြည့်ချင်တယ်။ သူငယ်ချင်းတွေ အရမ်းအဆင်ပြေနေကြပြီ။ကျွန်တော့်မှာ အရင်းအနှီးမရှိတော့ ဒီအတိုင်းနေနေရတာဗျာ။အမေ့ချွေးမ အရောင်းဆိုင်လေးနဲ့ စားလောက်ရုံပဲရှိတာပေါ့ဗျာ။သားသမီးတွေနောင်ရေးရှိသေးတယ်လေ။အဲဒါ..အမေ ကူညီပါနော်..အဖေ့ကို ပြောပေးပါအုံးဗျာ”
နို့ညှာကောင်၏ …အိမ်မက်။ သူငယ်ချင်းတွေနှင့် ကုမ္မဏီ ရှယ်ယာဝင်ချင်၍ မိဘကို အကူအညီ လာတောင်းတာသည်။ ဘွဲ့လည်းရ၊ မိန်းမလည်းရ မိဘကို တလလေးတောင် မလုပ်ကျွေးသွားသည့် သား ဖြစ်သည်။
“အမေ..ပြောထားပြီးသားနော် သား ကျောင်းပြီးတာနဲ့ နိုင်ငံခြားသွားမယ်လို့။ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီးပြီ။ဒီမှာလည်း အလုပ်မလုပ်ချင်ဘူး။ လိုအပ်တဲ့ ငွေကြေးကိစ္စ အမေတို့ အမြန်ဆုံးစီစဥ်ပေးနော်..
တလပဲလိုတော့တာ”
အငယ်ဆုံးသားလေး၏ ဆန္ဒ။ သူတို့ဖြည့်ဆည်းပေးရတော့မည်။
အသက်(၆၅)နှစ်ကျော် လင်မယားနှစ်ယောက်အတွက် ဘယ်သူမှ မပူကြ ။သူတို့အတွက် အစစအရာရာ ပူစရာလည်းမရှိပေ။ပင်စင်စားလင်မယားနှစ်ယောက်အတွက် ဖူလုံပါသည်။
မိဘတွေအမွေပေးခဲ့သော အိမ်ကြီးပေါ်မှာနေခဲ့ကြ၍ သာမန်ရုံးဝန်ထမ်းဘဝဖြစ် အေးချမ်းစွာ ဖြတ်သန်းခဲ့ကြသည်။ သားလေးယောက်ကိုလည်း
သူ့တို့ဘဝ သူတို့ ရပ်တည်နိုင်သည့် အထိ မိဘတာဝန်ကျေပွန်ခဲ့ကြပြီဖြစ်သည်။
ခုတော့ ကိုယ့်အတွက်မပူရ သားလေးယောက်အတွက် ပူရသည့် အပူမီးက သောကကိုယ်စီပွားနေရပြီဖြစ်သည်။
မယဥ်ရွှေတယောက် အိပ်မရ၍ အခန်းထဲမှ ထွက်လာသည်။ ဧည့်ခန်းထဲတွင် ကိုစိုးမောင်က အရင်ရောက်နေပြီဖြစ်သည်။ သူလည်း အိပ်ပျော်မည်မဟုတ်ပေ။
(၂)
“ကိုစိုးမောင်”.
မိန်းမဖြစ်သူ၏ ခေါ်သံကြောင့် သူအတွေးတွေ ပြတ်သွားသည်။ သူ့ဆုံးဖြတ်ချက်အတိုင်း စီစဥ်လိုက်တော့မည်။
“ငါ ဆုံးဖြတ်လိုက်ပြီ ယဥ်ရွှေ.”
ဒီအိမ်ကြီးကို ရောင်းပြီး သူတို့လိုအပ်တာ ပေးလိုက်တော့မယ်ကွာ”
“ဟင်”
“ငါတို့တွေ… ဘယ်လိုပဲကြိုးစားပြီး ထိန်းသိမ်းခဲ့လည်း ခုတော့ ရောင်းရတော့မှာပေါ့ကွာ”
“ဟင့်..ဟင့် ကျွန်မတို့က ဘယ်လို နေ နေ”
“မင်းရော၊ငါရော ပင်စင်စားပါကွာ၊ မငတ်ပါဘူး
နေစရာကတော့ မြို့ပြင်မှာငါ့သူငယ်ချင်းအပ်ထားတဲ့ စိုက်ခင်းလေးရှိတယ် ။ တို့နှစ်ယောက် စိုက်ခင်းမှာပဲ..အိမ်ကလေးဆောက်ပြီးနေကြတာပေါ့ကွာ။
ကိုစိုးမောင်တစ်ယောက် ဆုံးဖြတ်ချက် အခိုင်အမာချထားပုံပေါက်သည်။ အရာရာကို တွေးတော ဆုံးဖြတ်ထားပြီမို့ မျက်နှာကတော့ တည်ငြိမ်အေးချမ်းလွန်းသည်။
“သူ တို့ ကိုယ်တိုင်တောင် သူတို့အပူ၊ သူတို့လောဘ၊
သူတို့အနာဂတ်တွေနဲ့ လာပြီး အကူအညီတောင်းကြတာ၊ ငါတို့ နှစ်ယောက်အတွက် ဘာများစိတ်ပူနေလို့လည်းကွာ။ အဖေနေကောင်းလား၊အမေနေကောင်းလားတောင် မမေးတဲ့သူတွေ ကျန်တာဆို ဘာမှ စိတ်ကူးမယဥ်နေနဲ့။ သူတို့ကို ငါတို့က ဘာများမျှော်လင့်နေမှာလည်းကွာ။မိဘဆိုတာ ပေးဆပ်မူနဲ့ လာပြီးသားပဲ ရယူမူနဲ့ သူတို့ကို အပူမပေးတော့နဲ့
သူတို့လည်း ငါတို့အရွယ်ရောက်ရင် ငါတို့လိုပဲ ခံစားရမှာပါ။သူတို့လည်း ငါတို့လိုပဲ ဆုံးဖြတ်မှာပဲလို့ ငါယုံကြည်တယ်”
ကိုစိုးမောင်၏ စကားကို ကြားပြီး မယဥ်ရွှေ ရင်ထဲ ပူနေသော သောကလေးငြိမ်းအေးသွားသည်။
“မနက်ဖြန်..မင်းသားတွေကို ခေါ်လိုက်တော့ ရှေ့နေနဲ့ခေါ်ပြီး အညီအမျှပေးလိုက်ကွာ။ငါတို့အတွက်ကတော့ ဘာမှ မလိုပါဘူး။ခုချိန်မှာက မင်းအနားမှာငါရှိရင် မင်းအတွက် ကူညီဖော်ရသလို၊ငါ့နားမှာ မင်းရှိနေရင်လည်း..ငါ့အတွက် ကူညီဖော်ရတယ်လေ”
လင်တော်မောင် အိမ်ဦးနတ်၏ စကားကို နားထောင်ပြီး မယဉ်ရွှေတစ်ယောက် သောက အပူလေးတွေ ပျောက်ကွယ်သွားရသည်။
“သူတို့အပူကို သူတို့ပဲနိုင်အောင် ငြိမ်းနိုင်ပါစေကွာ၊
ငါတို့က အပူမပေးမိစေနဲ့ သူတို့ပြေလည်တာ၊စိတ်ချမ်းသာနေတာကိုက ငါတို့အတွက် ရင်အေးစရာပါကွာ အားလုံးအပူငြိမ်းအေးလေ။ငါတို့ပီတိဖြစ်လေပဲမဟုတ်လား။သူတို့အဆင်ပြေပါစေလို့ပဲ ငါတို့လင်မယားနှစ်ယောက် ဆုတောင်းပေးကြတာပေါ့ကွာ.”
“ဟူး..ခုမှပဲ စိတ်ထဲပေါ့သွားတော့တယ်”
“ကဲ.. မယဥ်ရွှေ ထမင်းခူးတော့ ငါဆာနေပြီ ခုမှပဲ
ထမင်းစားဝင်တော့မယ်”
“ဟုတ်ပ.ရှင် ကျွန်မလည်း ရင်ခံနေတာ ကြာပြီ
ခုမှပဲ… ပေါ့ပါးသွားတော့တယ် ဗိုက်တွေလည်း ဆာလာပြီ..ဟီ”
အပြုံးကိုယ်စီနှင့် ထမင်းစားခန်းထဲဝင်ခဲ့ကြသည်။
သားသမီးအပူတွေကို ဖြည့်ဆည်းပေးခဲ့ပြီမဟုတ်ပါလား။
(၃)
အိမ်ကြီးကို ရောင်းချပြီး ရှေ့နေ နှင့် လက်မှတ်ထိုးကာ အညီအမျှခွဲပေးလိုက်သည်။ အမေ ကျေးဇူးတင်လိုက်တာ။အဖေရယ် ကျေးဇူးတင်လိုက်တာလို့ ဟန်ဆောင်လို့တောင် မပြောသွားကြပေ။ သူတို့ လိုချင်တာ ရသွားတော့ သူတို့ အပူတွေ ငြိမ်းသွားလို့ထင်သည်။ အားလုံးကိုယ်စီ သူတို့ ခွဲတမ်း ယူသွားကြပြီး ပျော်ရွှင်စွာ ထွက်သွားကြသည်။
“အဖေနဲ့ အမေ ဘယ်လိုနေမှာလဲ”
“ဘယ်မှာ နေကြမှာလဲ”
“ဘယ်လို စားကြမှာလဲ။အသက်ကြီးပြီနော်”
“သားတို့နဲ့ လာနေ”
ဆိုသည့် နှစ်သိမ့်စရာ စကားလေးတောင် မပြောသွားကြသော သားသမီးတွေကို ကြည့်၍ လင်မယားနှစ်ယောက်လုံး သက်ပြင်းကိုယ်စီ ချရင်းပြုံး လိုက်ကြသည်။ သူတို့၏ လိုအပ်ချက် အပူသောကတွေကို ငြိမ်းပေးနိုင်ပြီမို့ မိမိတို့ လင်မယားလည်း သားသမီးတွေအပေါ် ပူပန်နေရသည့် စိတ်တွေလည်း လျော့ပါးသွားပြီဖြစ်သည်။
(၄)
သူတို့ လင်မယားနှစ်ယောက် အတွက် ဘာအပူမှမရှိတော့ချေ။ လင်မယားနှစ်ယောက်စလုံး လစဉ် ပင်စင်လခက ပိုလျှံလို့ နေလိမ့်မည်။ မြို့ပြင်က ခြံကလည်း အမျှော်အမြင်ကြီးစွာဖြင့် သူတို့လင်မယားပဲ ဝယ်ထားတာဖြစ်သည်။သားသမီးတွေကို လိုချင်ရမ္မက်တွေပိုများလာမှာ ကြောက်၍ ရှေ့နေနှင့် တိုင်ပင်ကာ သူတို့လင်မယား မရှိတော့သည့်အချိန်မှ အညီအမျှခွဲပေးရန်မှာထားသည်။ မိန်းမမှာ အိမ်ထောင်ကျကတည်းက စုဆောင်ထားသည့်ငွေကြေးနှင့် လက်ဝတ်လက်စားတွေရှိသေးသည်။
ခြံထဲမှာ နေထိုင်ရင်း အလုပ်သမားတွေ ငှားကာ ရာသိီပေါ် သီးနှံလေးတွေ စိုက်ပျိုးထား သည်။ခုဆို လတိုင်း ဝင်ငွေရနေတာဖြစ်သည်။ မြို့ထဲမှာ နေရတာထက် သည်နေရာလေးက သူတို့လင်မယားအတွက် ခုလို အသက်အရွယ်မှာ နေရတာ သင့်လျော်သည်။ လေကောင်းလေသန့်ရသည်။ မြို့ပြင်မှာ ရှိတဲ့ ခြံကလေးက သူတို့လင်မယားအတွက် ဘာနှင့်မှ လဲလို့မရသည့် နိဗ္ဗာန်ဘုံလေးမို့ သောက အပူတွေ ၊လောဘ၊မောဟတွေ ကင်းရှင်းသွားသည်။
“ယဥ်ရွှေ ”
“ရှင် ကိုစိုးမောင်”
“မင်း ဘာမှ မပူပါနဲ့ကွာ အိမ်မှာထိုင်နေပေမယ့် ငါ့ဝင်ငွေက အမြဲရနေတာပါ”
သူ့စကားကြောင့် ဇနီးသည်တစ်ယောက် မျက်လုံးအဝိုင်းသားဖြင့် အံံ့သြတကြီးကြည့်နေ၍ ဦးစိုးမောင် ပြုံးလိုက်မိသည်။
“ငါ ပင်စင်မယူခင်ငါးနှစ်လောက်ကတည်းက ငါ့အထက်လူကြီး အဆွယ်ကောင်းလို့ ဆေးကုမ္မဏီတစ်ခုမှာ ရှယ်ယာလေးဝင်ထားတာကွ။ခု ကုမဏီက အောင်မြင်နေတော့ လစဥ်ဝင်ငွေရနေပြီလေ။မင်းကို မပြောပဲ သီးသန့်စုထားတာ ဘဏ်မှာတော်တော်များနေပြီ”
“ကိုစိုးမောင်ရယ်”
ဇနီးသည်၏ အပျော်မျက်နှာကို မြင်တော့ သူကျေနပ်သွားသည်။သားသမီးဆိုတာ ရယူခြင်းဖြင့် ယူခဲ့သည်မဟုတ်။ပေးဆပ်သူသာ ရာခိုင်နူန်းများသည်။ သားသမီးယုံလို့ စုံလုံးကန်းသည့် အဖြစ်မျိုး သူအရောက်မခံနိုင်။သည်အရေးတွေကို ကြိုမြင် သိနေသည်။ပတ်ဝန်းကျင် လူ့ဘောင်လောကမှာလည်း အများကြီးတွေ့နေရတာမို့ သူကြိုတွေးထာခဲ့ခြင်းဖြစ်သည်။သိတတ်သည့် သားသမီးပါလျှင် ပိုကံကောင်းသည်ဟုတွေးထားသည်။ခုတော့ ဆန်ရေလေးတစ်စက်တောင် မပါတာမို့ ထူးပြီးဝမ်းမနည်းတော့ပေ။လစဥ်ဝင်ငွေ၊နေစရာ သူတို့လင်မယားကျန်းမာရေးအတွက် စုဆောင်းငွေ၊လက်ဝတ်လက်စားလေးတွေက ရှိနေတာမို့ ကျေနပ်အားရမိသည်။သူတို့ရသည့်ဝင်ငွေက လင်မယားနှစ်ယောက် စားလို့မကုန် ပိုလျှံနေတာမို့ စစ်စီဆုဆောင်းတတ်သည့် ဇနီးသည်ရှိတာမို့ သူပို၍ ဝမ်းမြောက်ရသည်။
(၅)
ခုဆို သူတို့ခြံလေးက ရာသီပေါ်သီးနှံတွေဖြင့် စိမ်းစိုနေတော့သည်။အလုပ်သမားတွေကလည်း မိဘသဖွယ် စိတ်ရင်းဖြင့် လုပ်ကိုင်ပေးကြတော့ သူတို့အဆင်ပြေသည်။သူတို့လင်မယားကလည်း လိုအပ်သလို မုန့်ဖိုး၊အဝတ်အစား၊ဆန်၊ဆီကအစ တတ်နိုင်သလောက်ထောက်ပံ့တော့ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ နေထိုင်ရင်း သူတို့လင်မယားအတွက် ဘဝနေဝင်ချိန်က လှပခဲ့သည်။ခြံလေးထဲမှာတစ်ထပ်တိုက်ကလေးပင်ဆောက်ထားလိုက်သည်။အတော်အသင့်ကျယ်ဝန်းတာမို့ မြေပိုမကျန် အကုန်စိုက်ထားသည်။
တစ်နှစ်တစ်ခါ သားသမီးမြေးမြစ်တွေရောက်လာတော့လည်း အလိုက်သင့်နေပေးလိုက်သည်။သူတို့ပေးတာယူလိုက်သည်။အပြန်တော့ ခြင်းကြီးခြင်းငယ် အပြည့်ထည့်ပေးလိုက်သည်။နေကောင်းကျန်းမာ အဆင်ပြေကြတော့ စိတ်ချမ်းသာသည်။ဘဝနေဝင်ချိန်မို့ သံယောဇဥ်တွေ အများကြီးမထားတော့ပေ။ပူလောင်မူဒဏ်ကို အကြာကြီးမခံစားချင်ပေ။လုပ်သင့်လုပ်ထိုက်တာ ပေးဆပ်ခဲ့ပြီးပြီမို့ မိဘတာဝန်ကျေပြီဟုထင်မိသည်။သားသမီးတွေ ပေးဆပ်ဖို့ ကံမပါလေတော့ ကိုယ်က ဉာဏ်ဥိီးရမည်ဖြစ်သည်။
နားထဲသို့ အနီးနား ဘုန်းကြီးကျောင်းက တရားသံကြားမှ မနက်ဖြန်လပြည့်နေမို့ သီလယူရန် သတိရမိသည်။မသေခင် ဉာဏ်ဦးရမည်။ဝါဆိုချိန်မို့ ဝါဆိုသက်န်းလေးလည်းကပ်ရမည်။ဘဝမှာ စုံလုံးကန်းမဖြစ်ခဲ့လို့ ဇရာအိုချိန် ဘဝလှခဲ့သည်။နေမဝင်ချိန်ထိ အဓိပ္ပါယ်ရှိရှိ သူတို့နှစ်ယောက်ဖြတ်သန်းကြရပေမည်။
ပြီး
ဆောင်းမာန်ဝင့်အောင်
(တောင်ကြီး)
4.8.2013
(အဟောင်းလေးပါ