ဂျာအေးကို ရိုက်ပါလို့ (စ-ဆုံး)

 ဂျာအေးကို ရိုက်ပါလို့ (စ-ဆုံး)

မစန္ဒာ

စက်ဘီးနီနီလေး နောက်ဘက်တွင် ခုံအပိုကလေး ပါသည်။ ပစ္စည်း တင်ချင်တင်၊ မတင်လျှင်လည်း ညီမလေးဖြစ်ဖြစ်၊ မောင်လေးဖြစ်ဖြစ် တစ်ယောက်ယောက်ကိုတင်ကာ စီးနိုင်သည်။

မေမေက “သမီးရေမဂျာအေး ဆီအစိတ်သား သွားဝယ်စမ်း” သို့မဟုတ် “အာလူးအစိတ်သား သွားဝယ်စမ်း” “ငရုတ်သီးမှုန့် တစ်မတ်ဖိုး သွားဝယ်စမ်း” ဟု မကြာခဏ ခိုင်းတတ်သည်။

ထိုအချိန် ထိုအခါမျိုးတွင် အောက်နားက စုတ်နေသော ဂါဝန်ကို လက်တစ်ဖက်နှင့် စုကိုင်ကာ ကြိမ်ခြင်းအစုတ်လေးကိုဆွဲပြီး ခပ်ငိုက်ငိုက်သွားမည့်အစား စက်ဘီးကလေးပေါ်သို့ လွှားခနဲခုန်တက်ပြီး မော့မော့ကလေးစီး၍ သွားချင်စမ်းလှသည်။ လေအဟုန်ထဲတွင် ဆံပင်ပျော့ပျော့ကလေးများ တလွင့်လွင့်နှင့် ဝဲပျံနေအောင် စက်ဘီးကို တအားကုန် နင်းပစ်လိုက်ချင်သည်။

“အဖေကတော့ ပြောတယ်၊ ထီပေါက်ရင် ဝယ်ပေးမယ်တဲ့”

အိုးပုတ်သေးသေးကလေးအထဲသို့ ရွှံ့စေးများကို ဖိသိပ်ပြီးထည့်နေသော ညီမလေးကို ကြည့်ရင်း ဂျာအေးက တစ်ဦးတည်း ပြောသည်။

“ထီက ဘယ်တော့ပေါက်မှာလဲဟင်”

ညီမလေးက လှမ်းမေးတော့ ဂျာအေး နည်းနည်းစိတ်တိုသွားသည်။ ထိုမေးခွန်း၏အဖြေကို သူလည်းသိချင်သည်ပင်။ အဖေက ထီပေါက်စဉ်ကို ကြမ်းတွင်ဖြန့်ပြီး ထီလက်မှတ်ကလေး ကိုင်ကာ ထီတိုက်နေလျှင် ဂျာအေးခမျာ ရင်တလှပ်လှပ် ခုန်နေတတ်သည်။ “ပေါက်ပြီကွ” ဟုအော်ရင်း ထများ ခုန်လေမလားဟု အဖေ့ကို မျက်တောင်မခတ် စိုက်ကြည့်ပြီး အကဲခတ်နေရတတ်သည်။ သို့သော် အဖေသည် တစ်ခါမျှ ထမခုန်ဖူးသေးပေ။ ထီလက်မှတ်လေးကို ပစ်ချကာ ခေါင်းခါသည်ကိုသာ တွေ့ရတတ်သည်။

“ဒီတစ်ခါလည်း မပါပြန်ဘူးကွာ” ဟူသော အသံကိုသာ ကြားရတတ်လေသည်။ အမေကမူ “ထီဆိုတာကြီးကိုလည်း စောင့်ပြီး ထိုးမနေချင်တော့ပါဘူးကွယ်။ တစ်နေ့တုန်းက ထီဆိုင်နား ရောက်သေးတယ်၊ ပိုက်ဆံထုတ်ပြီးမှ ငွေနှစ်ကျပ် အဆုံးမခံတော့ပါဘူး၊ ကလေးတွေဖို့ ရွှေဖရုံသီးမုန့် ဝယ်သွားတာက ပိုပြီးလက်တွေ့ကျသေးတယ်လို့ တွေးမိတာနဲ့ မုန့်ပဲ ဝယ်ခဲ့တယ်အစ်ကိုရေ” ဟု အဖေ့ကို ပြောနေသည်ကို ဂျာအေး ကြားခဲ့ရသေးသည်။

အဖေကတော့ “ဘယ်တော့ပေါက်မယ်တော့ မသိဘူး၊ ပေါက်တော့ ပေါက်မှာပေါ့ သမီးရာ” ဟု အားပေးတတ်လေသည်။

“အာ .. ဗူး”

အတွေးကောင်းနေသော ဂျာအေး၏ပေါင်ပေါ်သို့ မောင်ကလေးက ဖက်တက်ရင်း ဗှုးမှုတ်လိုက်သည်။ လက်ကလေးတစ်ဖက်ကို မြှောက်ရင်း ဂျာအေး၏မျက်နှာကို မမီမကမ်းနှင့် လှမ်းပြီးကုတ်ဆွဲသည်။

“ဟ ကောင်လေး၊ နာတယ်ဟ”

ဂျာအေးက မောင်လေးကို လှမ်းဖက်ကာ ပါးကိုနမ်းသည်။ နှပ်ချေးကြောင်းထင်နေသော ပါးပြင်သည် မမွှေးပျံ့နိုင်လှပေ။

“ဟင်း ... မွှေးလည်း မမွှေးဘူး၊ အလကား ချေးအိုးတုံးကလေး”

မောင်လေး၏နှာခေါင်းဝတွင် နှပ်တွေပြူကျနေသဖြင့် ဂါဝန်အနားလှန်ကာ သုတ်ပေးရင်း “မမကြီးကို ချစ်ရဲ့လား” ဟု မေးသည်။ မောင်လေးက သူ့မျက်နှာကို လှမ်းကုတ်သည်။ မမီတော့ ဆံပင်ကို လှမ်းပြီးဆုပ်ဆွဲလေသည်။

“အား... နာတယ်၊ နာတယ်၊ ဟောဒီမှာ အဖေရေ .. မောင်လေးကို ကြည့်ပါဦး”

ဂျာအေးက တအားအော်တော့ အိမ်နောက်ဖေးတွင် ကန်စွန်းရွက်သင်နေသော အဖေက ထွက်လာသည်။ တင်းတင်းဆုပ်ထားသော မောင်လေး၏လက်များကို ကူပြီး ဖြည်ပေးသည်။ မောင်လေးက မကျေမနပ်နှင့်အော်ငိုတော့ “ဟေ့ကောင်.. ငဆိုး၊ မင်း တော်တော်ဆိုးနော်” ဟု ကြိမ်းမောင်းရင်း တင်ပါးဖင်ပြောင်ကလေးကို ခပ်ဆဆရိုက်သည်။

“အဖေ့သား နို့ဆာနေပြီလားမှ မသိတာ”

“အေး .. ဆာရင်တော့ ငါ့နို့ပဲ စို့ခိုင်းရတော့မှာပဲ၊ အိမ်မှာလည်း နို့မှုန့်ကုန်နေပြီ”

အဖေက စိတ်တိုတောင်းစွာ ပြောသည်။ အိပ်ရေးပျက်သဖြင့် ချောင်ကျနေသောမျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုက အထင်းသားပေါ်နေသည်။

“ဒီလိုဆို အမေက အိမ်မှာပဲနေပြီး မောင်လေးကို နို့တိုက်နေပါလား၊ ဘာဖြစ်လို့ အလုပ်သွားလုပ်နေတာလဲ”

ညီမလေးက ရွှံ့ပေနေသောလက်ကို ဂါဝန်အနားနှင့် သုတ်လိုက်ရင်း အလိုက်ကန်းဆိုးမသိပြောတော့ အဖေ့မျက်နှာ ပိုပြီးညိုသွားသည်။ ညီမလေးကို အဖေစိတ်ဆိုးပြီး အော်လိမ့်မည်ဟု ဂျာအေး ထင်မိသော်လည်း အဖေက မအော်ပေ။

“ဖေ့ဝင်ငွေနဲ့ မလောက်လို့ပေါ့ သမီးရယ်” ဟု ခပ်တိမ်တိမ် ပြောလေသည်။

“ကဲ .. သမီး၊ မောင်လေးကို ထိန်းထားဦး၊ အဖေ ကန်စွန်းရွက်ကြော်လိုက်ဦးမယ်”

အဖေ မီးဖိုချောင်ပြန်ဝင်သွားတော့ ဂျာအေးသည် မောင်လေးကို ပေါင်ပေါ်တင်ရင်း “ကိုကို ကျွန်တော့်ကို ချာတိတ်လို့ မခေါ်နဲ့၊ နာမည်ရှိတယ် မကြိုက်ဘူးသိရဲ့လား၊ ကိုကိုနဲ့ကျွန်တော် အရပ်ချင်း တိုင်းကြည့်မလား " ဟူသောသီချင်းကို ဆိုကာ ကလေးထိန်းသည်။ သူ့အသံကို သည်းညည်းခံနိုင်ဟန်မတူသော မောင်လေးက နှုတ်ခမ်းကို လှမ်းပြီး ကုတ်ဆွဲသည်။ ဂျာအေးက ခေါင်းကိုငဲ့ကာ ရှောင်တိမ်းရင်း “မီခါနီးပြီ ဒါကလေးလား .. အား .. ဟ ဟာ ဟား”ဟု ဆက်၍ဟစ်သည်။

“ဂျာအေး”

ညီမလေးက တိုးတိုးခေါ်သည်။

“ငါတို့တွေက ဆင်းရဲတယ်နော်”

“ဟ မဆင်းရဲပါဘူး”

ဂျာအေးက ကမန်းကတန်း ငြင်းချက်ထုတ်သည်။ သူ့ကိုယ်သူတော့ ဆင်းရဲသည်ဟု မထင်။

“ဒီလိုဆို ချမ်းသာလား”

“ချမ်းတော့လည်း ဘယ်ချမ်းသာမှာလဲ”

ညီမလေးပြောမှ ဂျာအေးပင် အတန်ငယ် တွေဝေသွားသည်။ ဆင်းရဲလား၊ မဆင်းရဲလားတော့မသိ။ သူတို့တစ်တွေ မချမ်းသာသည်ကတော့ အမှန်ပင်။ အိမ်ရှေ့က ဖိုးတုတ်တို့အိမ်တွင် ကက်ဆက်ရှိသည်။ ခုနတုန်းက သူဆိုသောသီချင်းကိုလည်း ထိုကက်ဆက်မှ ကြားဖူးခြင်းဖြစ်သည်။ ခေါင်းရင်းက ကြီးတော်အေးတို့အိမ်တွင်ကား ရေဒီယိုရှိသည်။ မျက်စောင်းထိုးတစ်အိမ်ကျော်ရှိ ငုဝါတို့အိမ်တွင်ကား ကက်ဆက်ရော၊ ရေဒီယိုရော နှစ်မျိုးလုံးရှိလေသည်။ ကျန်အိမ်များသည်ကား ဂျာအေးတို့နှင့် အတူတူပင်၊ ကက်ဆက်လည်းမရှိ၊ ရေဒီယိုလည်းမရှိ၊ ဧည့်သည်လာလျှင်လည်း ထိုင်စရာကုလားထိုင် မရှိ၊ ကျွန်းခုတင်တွေ၊ မှန်ဗီရိုတွေလည်း မရှိ၊ ကတော်မယားများတွင်လည်း စိန်ရွှေ ပြောင်ပြောင်လက်လက် မရှိပေ။

ထို့အပြင် အလုပ်ကလည်း လုပ်ကြရသည်။ ကြီးတော်အေးက ဈေးထဲတွင် ကုန်စိမ်းရောင်းသည်။ ဖိုးတုတ်တို့အမေက အကြော်ရောင်းသည်။ ငုဝါတို့အမေက ဆီးထုပ်ထုပ်သည်။ ဂျာအေးတို့အမေက အရင်တုန်းက ဘာမျှမလုပ်သော်လည်း အခုတော့ ဆေးရုံတွင် လူနာစောင့်လုပ်လေသည်။ တစ်နေ့ကို ဆယ့်ငါးကျပ်၊ နှစ်ဆယ်ရတော့ အမေ နေ့တိုင်းသာ လူနာစောင့်ရလျှင် အမေ့ဝင်ငွေက အဖေ့ဝင်ငွေထက်ပင် သာသည်။ ဒီတော့လည်း အမေက လူနာစောင့်သောအလုပ်ကို ဘုရားပေးသောအလုပ်၊ သိကြားပေးသောအလုပ်လို သဘောထားပြီး လေးလေးစားစား လုပ်လေသည်။

မနက်မိုးလင်းသည်နှင့် ထမင်းအိုးတစ်လုံး တည်ပေးကာ ပဲပြုတ်ငါးမူးဖိုး ဝယ်ပြီး အိမ်မှ ခပ်သုတ်သုတ် ထွက်သွားတတ်သည်။ ညနေမိုးချုပ်ပြီး ဖိုးတုတ်တစ်ယောက် စာအော်ကျက်နေမှ အမေပြန်ရောက်လာတတ်သည်။ အမေရောက်ပြီး မကြာမီ အဖေက အိမ်မှ ထွက်သွားရပြန်သည်။ အဖေက သတင်းစာတိုက်တွင် လုပ်သည်။ ညဘက် အလုပ်ဆင်းရသည်ဟု ပြောလေသည်။

“ဆင်းရဲလို့ တိရစ္ဆာန်ရုံ မရောက်ဖူးတာပေါ့”

ညီမလေးက မကျေမချမ်း ထပ်ပြောတော့ ဂျာအေးလည်း စိတ်လက် ရှုပ်ထွေးပြီး ခေါင်းကုတ်မိသည်။ ပြီးခဲ့သော မတ်လကပင် ဂျာအေးအသက် ငါးနှစ်ပြည့်ခဲ့ပြီဟု အမေကပြောသည်။ ညီမလေးက လေးနှစ်ရှိပြီ၊ မောင်လေးကတော့ ကိုးလသာ ရှိသေးသည်။ သူတို့တစ်တွေ တိရစ္ဆာန်ဥယျာဉ်သို့ တစ်ခါမျှ မရောက်ဖူးကြသေးပေ။ တိရစ္ဆာန်ဥယျာဉ်တစ်ခုတည်းကိုသာ မဟုတ်၊ ရွှေတိဂုံဘုရား၊ ဆူးလေဘုရား၊ သမ္မတရုံ စသည်များကိုလည်း မရောက်ဖူးပေ။ ကရဝိတ်ဆိုတာ သိပ်လှကြောင်း၊ ထိုနေရာတွင် ရေခဲမုန့် ရောင်းကြောင်း ဆိုတာကိုလည်း ကြားဖူးရုံသာ ရှိလေသည်။

“အာ .. ဗူး”

မောင်လေးက ဗူးမှုတ်ပြန်သည်။ ထို့နောက် ငြိမ်ငြိမ်မနေဘဲ ခါးကိုကော့ကာ အော်သည်။ ခြေထောက်နှစ်ဖက်ကို တဒိုင်းဒိုင်း ဆောင့်သည်။

“ပေး .. ငါချီမယ်”

“အမယ် နိုင်လို့လား”

ဂျာအေးက မောင်လေးကို မနိုင်မနင်း ချီကာ လမ်းလျှောက်သည်။ သူချီသည်က ကိုယ်ကြီးလိမ်ကာ ခါးကော့နေသဖြင့် မသက်မသာဖြစ်နေသော်လည်း မောင်လေးက ခေတ္တတော့ အငိုတိတ်သွားသည်။

“အမေကလည်း အိမ်မှာပဲနေပြီး မောင်လေးကို နို့တိုက်တာ မဟုတ်ဘူး”

ညီမလေးက မကျေမချမ်း ပြောပြန်သည်။

“အခုတော့ မိုးလင်းတာနဲ့ ထွက်သွားရော”

“အလကားသွားတာ မဟုတ်ဘူး၊ အလုပ်သွားလုပ်တာပါဆိုနေမှ၊ နင်ကလဲ”

“ဘာလို့ လုပ်ရတာလဲ”

“ဟ .. အဖေ့လုပ်စာနဲ့ မလောက်လို့ပါဆို၊ တကထဲမှပဲ”

“ဒီလိုဆို ဆင်းရဲလို့ပေါ့”

“အေးဟာ .. အေးဟာ... ဆင်းရဲလို့၊ ဆင်းရဲလို့၊ အဲဒါ ဘာဖြစ်လဲ”

ဂျာအေးက ဒေါသနှင့်အော်သည်။ သူက ညီမလေးကို အော်ခြင်းဖြစ်သော်လည်း မောင်လေးက လန့်သွားလေသည်။ ဂျာအေး၏မျက်နှာကို စူးစူးစိုက်စိုက်ကြည့်ကာ ဝါးခနဲ ထငိုသည်။

“အိုး အိုး ..အို .. တိတ် တိတ်၊ မောင်လေးကို ပြောတာ မဟုတ်ဘူးနော်၊ တိတ် တိတ်”

မောင်လေးက ခါးကိုကော့ကာ လှန်ချသည်။ ခြေထောက်နှစ်ဖက်ကို ဇွတ်ရုန်းရင်း တအားအော်သည်။

“လိမ္မာပါတယ်ကွယ်၊ တိတ်တိတ်၊ ကရဝိတ်ကို လိုက်ပို့မယ်နော်၊ ရေခဲမုန့်တွေ စားမယ်နော်”

ဂျာအေးက သူလုပ်ချင်သည်ကို သူပြောရင်း ချော့သည်။ ခုနတုန်းက အိပ်မက်မက်နေသော စက်ဘီးနီနီကလေးက ခေတ္တမျှ မှိန်ပြီးပျောက်သွားသည်။ စက်ဘီးနေရာတွင် ကရဝိတ်ရောက်လာသည်။ သွားလို့ရလျှင် ကရဝိတ်ကို အခုပင် ပြေးပြီး သွားလိုက်ချင်သည်။

“ဟကောင် .. ငဆိုး ...အော်လှချည်လား”

စိတ်ကူးကောင်းနေသဖြင့် သူ့ဘေးသို့ အဖေရောက်လာသည်ပင် မသိလိုက်ချေ။ အဖေ့လက်ထဲတွင် သံဇလုံလေးပါသည်။ ထမင်းကို ဆီဆမ်း ဆားဖြူးပြီး ထည့်လာလေသည်။

“လာ သား၊ မံမံ စားမယ်”

အဖေက ထမင်းဆီဆမ်းကို ဝါးပြီး မောင်လေးကို ခွံ့ပေးသည်။ မောင်လေးက စားသော်လည်း အငိုကောင်းကောင်းမတိတ်ပေ။ သုံးလေးလုတ် စားပြီးတော့ ပြန်ပြီးထွေးထုတ်တော့သည်။ ထို့နောက် တအားငိုသည်။

“သူက နို့ဘူးပဲ စို့ချင်တာ”

“တစ်နေကုန် နို့မှ မစို့ရပဲကိုး”

“သကြားဖျော်တိုက်ရင်ကော အဖေ .. ဟင် .. မရဘူးလား”

“သကြားလည်း မရှိ၊ နို့ဆီလည်း မရှိ၊ ထမင်းရည်လည်း မရှိဘူး သမီးရယ်”

“အမေကလည်း နို့မှုန့်ကုန်နေတာ သိသားနဲ့၊ စောစောက ဝယ်ပေးခဲ့ပါလား”

ညီမလေးက အလိုက်ကန်းဆိုးမသိ ပြောပြန်သည်။ အဖေက သက်ပြင်းသာချသည်။ ဘာမျှ ပြန်မပြောတော့ပေ။

“စားပါကွ သားရ၊ မံမံ မံမံ ဖိုးလမင်းကြီးရေ .. ထမင်းဆီဆမ်း ရွှေလင်ဗန်းနဲ့ ပေးပါ။ မံမံ ထမင်းမပါရင် နေပါစေဗျာ၊ ရွှေလင်ဗန်းကြီး ပစ်ချပေးလိုက်စမ်းပါ .. မံမံ”

အဖေက ချော့ပြီး ကျွေးသည်။ အဖေနှင့်မောင်လေးကို ငေးကြည့်ရင်း ဂျာအေးသည် သူ၏စိတ်ကူးကမ္ဘာထဲသို့ မီးရောင်စုံတွေနှင့် ထိန်ထိန်လင်းနေသော ကရဝိတ်ကြီးကိုပါ ဆွဲထည့်လိုက်သည်။ ကရဝိတ်ကအပြန် တိရစ္ဆာန်ဥယျာဉ်နှင့် ကန်တော်ကြီးကိုပါ ဝင်ပြီးလည်မည်။ စက်ဘီးနီနီလေးကိုလည်း ယူသွားမည်။ ဂါဝန်နီနီလေး ဝတ်သွားမည်။ ဖဲပြားနီနီလေး စည်းသွားမည်။

“သမီးတို့ ထမင်းစားတော့၊ အဖေ ကန်စွန်းရွက်ကြော်ပြီးပြီ။ ငါးပိရည်ကိုတော့ အဖေဖို့ ချန်ထားကြဦး”

အဖေက ပုလင်းထဲတွင် ရေထည့်ပြီး မောင်လေးကို တိုက်သည်။ မောင်လေးက အငမ်းမရနှင့် တပြွတ်ပြွတ်စို့ပြီး ရေမှန်းသိတော့ နို့ဘူးကို တွန်းပစ်ကာ အော်လေသည်။

“ဟေး .. မိုးရွာရင် မိုးရေချိုးမယ်။ မေမေလာရင် နို့စို့မယ်၊ နို့စို့ပြီးရင် သားသားအိပ်တော့မယ်၊ မေမေရေ လာပါတော့ဗျာ”

အဖေက မောင်လေးကို ပခုံးပေါ်တွင် ထမ်းရင်း အခန်းကျဉ်းကျဉ်းကလေးထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်သည်။ အဖေ့ခြေချက သိပ်မညင်သာလေတော့ တေ့ဆက်ဆက်ပြီး ခင်းထားသော ကြမ်းခင်းများ ကျွိခနဲ ကျွိခနဲ မြည်သွားတတ်ကြသည်။ ဂျာအေးတို့ညီအစ်မလည်း တိတ်တိတ်ဆိတ်ဆိတ်ပင် ထမင်းစားကြသည်။

“အမေလာရင် ကရဝိတ်လိုက်ပို့ခိုင်းဦးမယ်”

ဂျာအေးကပြောတော့ ညီမလေးက ခေါင်းခါသည်။

“ငါတော့ မပြောဘူး”

“ဘာဖြစ်လို့လဲ”

“ပြောလို့ရမှာမှ မဟုတ်တာ”

“ရချင်ရင်လည်း ရမှာပေါ့ဟာ”

ဂျာအေးက အတန်ငယ် စိတ်ပျက်သွားသည်။ ညီမလေးပြောလျှင် မှန်တတ်သည်။ အမေကလည်း ပြောတတ်သည်။

“အငယ်မက အလိုက်ကန်းဆိုးမသိ၊ ပြောချင်ရာ ပြောတတ်ပေမယ့် လူရိပ်လူကဲကို သိတယ်၊ ပြောချင်လို့သာ သက်သက်မဲ့ဆိုးပြီး ပြောတာ၊ တကယ် အ တာက အကြီးမ” ဟု မကြာခဏ ပြောတတ်လေသည်။

“ငါတော့ ပြောကြည့်ဦးမယ်၊ ကရဝိတ်သွားဖို့ က ထီပေါက်စရာမလိုပါဘူး”

ဂျာအေးကတော့ အားခဲထားသည်။ အမေတို့အဖေတို့ သူ့ကို စက်ဘီးဝယ်မပေးချင်နေ၊ အိရှံဂါဝန်လှလှ ဝယ်မပေးချင်နေ၊ တိရစ္ဆာန်ဥယျာဉ်လေး၊ ကရဝိတ်လေးကိုတော့ တစ်ခေါက်တလေလောက် ပို့သင့်သည်ဟု သူထင်သည်။

“သမီးတို့မောင်လေးတော့ ငိုရတာမောပြီး အိပ်သွားပြီ။ အဖေ့ကို ဖျာခင်းပေးဦး”

အဖေက မောင်လေး၏ဘေးတွင်ပင် လှဲအိပ်သည်။ ညီမလေးက ခေါင်းအုံးယူလာပေးတော့ အဖေ အိပ်ပျော်နေပေပြီ။

“ညနေတောင် ရောက်နေပြီ။ မောင်လေးက ဒီအချိန်ကြီး အိပ်နေရင် ညကျရင် အိပ်တော့မှာ မဟုတ်ဘူး၊ အမေတော့ စိတ်ညစ်တော့မယ်”

ဂျာအေးက လှေကားတွင်ထိုင်ကာ အမေ့ကို မျှော်ရင်းမှ တွေးမိသည်။

“အဖေကတော့ သနားပါတယ်လေ။ ညကျရင် မအိပ်ရဘူးတဲ့”

အိမ်ရှေ့မှ ဖိုးတုတ်က စာကျက်ရန် ဟန်ပြင်နေချေပြီ။ ဖိုးတုတ်ကို ငေးကြည့်ရင်း “နောက်နှစ်ကျရင် ငါလည်း ကျောင်းနေရတော့မယ်တဲ့”ဟု တွေးမိသည်။ လက်ရေးလှစာအုပ်တွေ၊ အတွက်စာအုပ်တွေ၊ ခဲတံလှလှ၊ ပေတံလှလှလေးတွေ လိုလာတော့မည်။ မိုးကာလေးတစ်ထည်လောက်လည်း လိုမည်။ အဖေက “ထီပေါက်တော့ ဝယ်ပေးမယ်”ဟူ၍တော့ မပြောတန်ကောင်းဘူး ထင်ရသည်။ သို့သော် ကျောင်းတွေမဖွင့်ခင် ကျောင်းစ မတက်ရခင် ကရဝိတ်နှင့်တိရစ်ဆာန်ဥယျာဉ်ကိုတော့ တစ်ခါလောက် ရောက် ဖူးချင်သည်။ သူနှင့် ဘေးချင်းယှဉ်ပြီး ထိုင်မယ့်သူငယ်ချင်းကို ကရဝိတ်မှ ရေခဲမုန့် မည်မျှစားကောင်းကြောင်း ပြောပြချင်သည်။

“အဖေ .. ထ .. ထ .. ဖိုးတုတ် စာကျက်နေပြီ”

ညီမလေးက အဖေ့ကိုနှိုးသည်။ ဖိုးတုတ်စာကျက်ပြီဆိုလျှင် အဖေ အလုပ်သွားရခါနီးပြီ။ ထို့ပြင် အမေလည်း ပြန်လာခါနီးပြီဖြစ်သည်။

“ဟော”

လမ်းထိပ်က ဓာတ်မီးတိုင်အောက်တွင် အမေ့အရိပ်ကို တွေ့ရသည်။ လက်တစ်ဖက်က ဆွဲခြင်းကို ဆွဲပြီး လက်တစ်ဖက်က အထုပ်တစ်ထုပ်ကို ပိုက်ထားသည်။

“အမေ လာပြီ”

ဂျာအေးက ဝမ်းသာအားရ အော်သည်။ လှေကားထစ်ပေါ်မှ ခုန်ဆင်းပြီး အမေ့ဆီပြေးသွားသည်။ အမေ့လက်ထဲမှ ခြင်းတောင်းကို ကူဆွဲသည်။ ပိုက်လာသောအထုပ်ကို ဘာများလဲဟု မော့ကြည့်တော့ နို့မှုန့်ဘူးဖြစ်နေသည်ကို တွေ့ရသည်။ သူ့အတွက် အိရှံဂါဝန်လေး မဟုတ်သည်ကိုတော့ နဂိုထဲက သိသားပင်။

“မောင်လေး ကောင်းကောင်းနေရဲ့လား”

“နို့ဆာလို့ ငိုတယ်”

“အင်း .. နို့မှုန့်ကုန်နေတာကိုး”

အမေက ပန်းလျစွာ ပြောသည်။

“အဖေရော သွားပြီလား”

“မသွားသေးဘူး”

“အိပ်နေလား”

“နိုးပါပြီ”

အမေက ဘာမျှဆက်မပြောတော့ ဂျာအေးက “သမီးတို့လည်း ထမင်းစားပြီးပြီ”ဟု ဖြည့်၍ပြောသည်။ အမေက ခေါင်းညိတ်ပြလေသည်။ အိမ်နားရောက်ခါနီးတော့ ဂျာအေးက အမေ့လက်ကို ဆွဲကာ ပြောသည်။

“အမေ .. အမေ”

“ဟင်”

“ကရဝိတ် သွားရအောင်နော်”

“ဘာရယ်”

“တိရစ္ဆာန်ဥယျာဉ်ကိုရောလေ၊ ပျော်ပွဲစား”

အမေ့မျက်နှာ တင်းခနဲဖြစ်သွား၍ အခြေအနေမကောင်းကြောင်း သိသော်လည်း ဂျာအေးက ပြောချင်စိတ်ကို မမျိုသိပ်နိုင်ပေ။

“နော် အမေ၊ ပျော်ပွဲစား”

“ကဲဟာ .. အဲဒါ .. ပျော်ပွဲစား၊ တကထဲ ဒီမှာ မောရပန်းရတဲ့အထဲ၊ အေးအေးစားနေရရင် အေးအေးနေတာမဟုတ်ဘူး”

အမေက ဂျာအေး၏ကျောပြင်ကို လက်ဝါးနှင့် ဖြန်းခနဲရိုက်သည်။ ရည်ရွယ်ပြီးပါသလော၊ မရည်ရွယ်ပါသလောတော့ မသိ၊ အတွင်းအားတော့ အတော်ပါသွားပုံရသည်။ ဂျာအေးခမျာ ကျောကော့သွားသည်။ “အီး” ခနဲအော်ကာ ငိုရသည်။

“နို့မှုန့်ပါရဲ့လား”

“ပါတယ်”

“ဘယ်လောက် ပေးခဲ့ရလဲ”

“ရှစ်ဆယ့်ခုနစ်ကျပ်”

အမေ့အသံက ဆတ်နေသည်။ ဂျာအေးသည် သူ့ကျောကို သူလက်နှင့် မမီမကမ်းပွတ်ရင်း အဖေ့ကို လှမ်းကြည့်သည်။ အဖေ့မျက်နှာထားက အတန်ငယ်ပျော့နေသောကြောင့် အဖေ့ဆီ ရှိုက်ငိုပြီး သွားသည်။

“အမေရိုက်တယ် အဖေ”

ဂျာအေးက အဖေ့ဘေးတွင် ကပ်ထိုင်ရင်း ရှိုက်သံနှင့် တိုးတိုးလေး တိုင်သည်။ အဖေက သူ့ကျောကို ပွတ်ပေးသည်။ ပင့်သက်ကို မသိမသာ ရှိုက်သည်။

“အမေရိုက်တာ မဟုတ်ပါဘူး သမီးရယ်”

“ဒါဖြင့် ဘယ်သူရိုက်တာလဲ”

“သူရိုက်တာပေါ့၊ ရှစ်ဆယ့်ခုနစ်ကျပ်တန်ကြီးလေ”

အဖေက သူ့ဘေးတွင် အမေချသွားသော နို့မှုန့်ဘူးကို လက်နှင့် ပုတ်ပြလေသည်။

#မစန္ဒာ