မကြည်ပြာ(စ/ဆုံး)
———–
ကျွန်တော့်ကျောင်းကို ဆရာမလေး ကြည်ပြာရောက်လာသည်မှာ အလွန်စိတ်ချမ်းသာစရာ ကောင်းလှပါသည်။ သူက တည်ငြိမ်အေးဆေးသလောက် အသင်အပြလည်းကောင်းလှသည်။ စကားကို တိုးတိုးညင်သာပြောတတ် သဖြင့် ကျွန်တော်က သူစာသင်နေလျှင် အသံကို တိုးပေးထားရသည်။ ကျွန်တော့်အသံက ပုံမှန်ပြောလျှင်ပင် မာကြောကြော လောက်စပီကာ မလိုသည့် အသံဖြစ်နေသောကြောင့်ဖြစ်သည်။
တစ်နေ့ ဆရာမလေး မကြည်ပြာက ကျောင်းမတက်မီ ကျွန်တော့်ဆီကိုလာပြီး
“ဆရာကြီး”
“အေး … ဘာလဲကွယ်”
“ကျွန်မ ကလေးတွေကို တရားထိုင်တာ တရားမှတ်တာမျိုးတွေ သင်ပေးလို့ရမလား”
“ကြည်ပြာရယ် ဒါမကောင်းတာ လုပ်တာမှ မဟုတ်တာ ဘာဖြစ်လို့ မရရမှာလဲ … ဒါပေမဲ့ တစ်ခုတော့ ရှိတယ် … ညည်းအတန်းမှာက ခရစ်ယာန်တစ်ယောက်ရှိတယ် … သူ့ကိုတော့ အတင်းအဓမ္မ မလုပ်ခိုင်းပါနဲ့”
“ဟုတ်ကဲ့ပါဆရာကြီး … ကျွန်မ ကလေးတွေကို တရားထိုင်ခိုင်းတယ်ဆိုတာလည်း စိတ်ကို ငြိမ်းချမ်းအောင် ၅ မိနစ် … ၁၀ မိနစ်လောက် တည်ဆောက်ခိုင်းတဲ့သဘောပါ။ ဘာတွေ ညာတွေ ပြောမှာ မဟုတ်ပါဘူး။ သူတို့ကို တည်ငြိမ်အောင် ထိုင်ခိုင်းပြီး စိတ်ကို ဘယ်လောက်ထိန်းသိမ်းနိုင်တယ်ဆိုတာ လေ့ကျင့်လိုက်ရင် စာသင်ရ တာလည်း ပိုပြီးတော့ စူးစိုက်နိုင်စွမ်းတွေ ကောင်းလာမယ်ထင်လို့ပါ”
“ကောင်းတယ်ကွယ် … ငါတောင် ညည်းလို စိတ်ကူးမရမိဘူး”
ကျွန်တော်က ကလေးတွေကို သူမည်သို့ သင်ကြားမည်ကို စောင့်ကြည့်နေမိသည်။
ကြည်ပြာက ကလေးတွေကို ခုံတန်းတွေကြားတွင် ငြိမ်ငြိမ်လေး ထိုင်ခိုင်းထားသည်။ ကျွန်တော့်ကျောင်းက ခုံနိမ့်လေးတွေနှင့်ဖြစ်ပြီး ကြမ်းပြင်ပေါ်ထိုင်ကြရသည်။
“သားတို့ … သမီးတို့ စိတ်တွေကိုလျှော့ … ခေါင်းထဲမှာ ဘာမှ မထည့်ထားနဲ့တော့ … စာတွေလည်း မထည့်နဲ့ … ဆရာတွေလည်း မထည့်နဲ့ … စိတ်လျှော့ … စိတ်ကိုလျှော့လိုက် … အသက်မှန်မှန်ရှူ … ရှူသွင်း … ရှူထုတ် … ရှူသွင်း … ရှူထုတ် … မျက်လုံးတွေ မမှိတ်ထားနဲ့ ရတယ် … အသက်ရှူတာကို ပုံမှန်လေးလုပ်နေ … ဟုတ်ပြီ … ဟုတ်ပြီ”
ကလေးတွေကို သူက အသက်ရှူနည်း သင်သည်
“တော်ပြီ … ခဏလေး နားလိုက်ဦး … ရှေ့ကိုတည့်တည့်ကြည့်ထား … ငါ့စိတ်ထဲမှာ ဘာမှ မရှိဘူး … ဘာမှ မရှိဘူး။ မျက်လုံးလေးတွေကို မှိတ်ထား … အသက်ကို မှန်မှန်လေးရှူ … ဟုတ်ပြီ … အရမ်းကြီး မရှူနဲ့ မှန်မှန် လေးပဲ … ကိုယ်တွေကို တတ်နိုင်သလောက် ငြိမ်ထား … ဘာကပဲနှောက်ယှက်သည်ဖြစ်စေ စိတ်ထဲက ဖျောက်ထား … ဖယ်ထား … ဒီနေရာက ငြိမ်းချမ်းတာပဲ … ကိုယ့်အတွက် ဘာမှ အန္တရာယ်မှမရှိတာ … ကြောက်စရာလည်း မရှိဘူး … လန့်စရာလည်း မရှိဘူး”
ကျွန်တော်က သူ့သင်တန်းကို စိတ်ဝင်စားစွာ ကြည့်နေမိသည်။ ကလေးတွေက ပုံမှန်လေးထိုင်ပြီး အသက်တွေ ရှူကာနေကြသည်။
ထိုအချိန်တွင် ကြည်ပြာက စာအုပ်တစ်အုပ်ကို စားပွဲပေါ်က ယူပြီး အောက်ကို လွှတ်ချလိုက်သည်။
“ဘုန်း”
ကလေးတွေ လန့်သူက လန့်သွားသည်။
ရှေ့နားက ချစ်ဝင်းဆိုသည့် ကျောင်းသားက ထသွားပြီး ဆရာမ လွှတ်ချလိုက်သည့် စာအုပ်ကို သွားပြန်ကောက် ပေးသည်။
ကြည်ပြာက ကလေးကောက်ပေးသည့် စာအုပ်ကို ယူလိုက်ပြီး သူ့ကို ချီးကျူးရမည့်အစား စာအုပ်နှင့် ခေါင်းကို အသာလေး ရိုက်လိုက်သည်။
“ဆရာမက မင်းတို့စိတ်ကို စမ်းလိုက်တာ။ ဘယ်လောက် တည်ငြိမ်မှုရှိသလဲလို့ … စာအုပ်က ကျသွားတာ မဟုတ်ဘူး … ဆရာမက တမင်လွှတ်ချလိုက်တာ … ဒါကြောင့် ကျသွားတိုင်း လာကောက်ပေးစရာ မလိုဘူး … ခုအချိန်က ဆရာမ မင်းတို့စိတ်ကို ဘယ်လောက်ခိုင်မာသလဲ ဆိုတာ စမ်းနေတာ … ပြန်လုပ်မယ် … အသက်ကို ပြန်ရှူ … မှန်မှန်လေးပဲ”
ကြည်ပြာက သူ့နည်းသူ့ဟန်ဖြင့် သူ့ကလေးတွေကို စာမသင်မီ စိတ်ကိုတည်ဆောက်ခိုင်းနေသည်။
ကျွန်တော်ကလည်း ကျွန်တော့်အတွေးနှင့်ကျွန်တော်
လွတ်ကျသွားတာလား
လွှတ်ချလိုက်တာလား
ပြန်ကောက်ပေးစရာ လိုသလား
ပြန်ကောက်ပေးစရာ မလိုဘူးလား
ကျွန်တော် ပြုံးလိုက်မိသည်။
မူလတန်းကျောင်းလေးတစ်ကျောင်းမှာ ဆရာတစ်ယောက်တည်း သင်နေရသည့်ဘဝကို ကိုယ်ချင်းစာကြည့်ကြ စေချင်ပါသည်။
မူလတန်းဆိုသည်မှာ အတန်း ၅ တန်း ရှိသည်။ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတၳတန်းဟူ၍ဖြစ်သည်။
လမ်းစဉ်ပါတီ အောင်ရမည်ဟု ကြွေးကြော်နေသည့်ခေတ်တွင် ပညာရေးကတော့ အဘက်ဘက်က နိမ့်ကျနေ သည်။ ဆရာခန့်ထားရေးများကို ပါတီကောင်စီတွေက ချုပ်ကိုင်ထားပြီး နီးစပ်ရာမြို့ပေါ်ထားကာ ကျေးလက် များသို့ တော်ရုံနှင့်ဆရာမရောက် ဖြစ်နေသည်။ ရောက်လာသည့်ဆရာတွေကိုလည်း ပါတီကောင်စီ တာဝန်တွေနှင့် ပြန်ခေါ်လိုက ပြန်ခေါ်နေကြသော ခေတ်ပျက်ကြီးထဲတွင် ပညာရေးကိုတောနယ်များ၌ တစ်ကိုယ်တော် ပျော်ပျော်ကြီး သင်ကြားပေးနေကြသည့် ဆရာ ဆရာမများထဲ၌ ကျွန်တော်လည်း အပါအဝင် ဖြစ်သည်။
မကြည်ပြာရောက်လာခြင်းကလည်း အတော်လေး ထူးခြားသည်။ မည်သူနှင့်မှလည်းမသိ၊ မည်သူ့ကိုမှလည်း မကပ်၊ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းဝင်မှလည်းမဟုတ်၊ ဤကြားထဲတွင် ရိုးအေးလွန်းသူ ဖြစ်သည့်အတွက် လည်း ထားရာနေ၊ စေရာသွားစာရင်းထဲ အသွင်းခံလိုက်ရခြင်းဖြစ်သည်။
အပျိုဆရာမလေးတစ်ယောက် ရောက်လာခြင်းမှာ ကျွန်တော့်အတွက်တော့ သောကများစရာ။ ပညာရေးဌာနက ဆရာမလေးတစ်ယောက် ၂၀ ဝန်းကျင်လောက်၊ အပျိုအရွယ်လေးကို ဝေးလံခေါင်သီသော ဒေသဆီသို့ အော်ဒါ ထုတ်ကာ လွှတ်လိုက်ရုံသာဖြစ်သည်။ ထိုဆရာမလေးများအတွက် စားဝတ်နေရေး၊ လုံခြုံရေး၊ ဘဝမပျက်ရေး ဘာမှထည့်သွင်းကာ စဉ်းစားပေးလိုက်ကြသည် မဟုတ်ပါ။
ဒေသခံဆရာ သို့မဟုတ် ဒေသအပေါ် သြဇာရှိသော ဆရာကြီး ဆရာမကြီးတစ်ယောက်လောက် အထောက်အခံ ရှိလျှင် ကိစ္စမရှိပါ။ မည်သူ့ကိုမှ အားမကိုးရ၊ ရွာရောက်မှ အားကိုးစရာ ရှာရမည့် ဆရာမ လေးများ ဘဝကိုလည်း ကိုယ်ချင်းစာကြည့်စေချင်ပါသည်။
ကျွန်တော်ကတော့ ရွာအပေါ်သြဇာတည်ဆောက်ထားပြီး နိုင်နင်းသဖြင့် မကြည်ပြာအတွက် ကိစ္စမရှိ။ သူ့ နေရေး၊ ထိုင်ရေး၊ စာရေးသောက်ရေးကအစ စီစဉ်ပေးနိုင်ခဲ့သည်။ ရွာကို ဆရာမအပျိုလေးတစ်ယောက် ရောက်လာသည်နှင့် ကျောင်းအုပ်ကြီးများမှာ အလိုလိုနေရင်း ဘီလူးကြီးတွေ ဖြစ်ကုန်သည်။ ကိုယ့်ဆရာမလေး တွေကို မစော်ကားရဲအောင်၊ မစ မနောက်ရဲအောင် မာန်ဖီရ အစွယ်ထုတ်ပြရနှင့် အလိုလိုနေရင်း ဘီလူးမယ့်ကြောင့် စောင့်ရသည့်အနေအထားကို ရောက်ကုန်သည်။
“ဆရာကြီး”
“ဘာလဲဟ”
“ရွာထဲကနေ ကျောင်းကိုလာတဲ့ လမ်းမှာလေ လူနှစ်ယောက်က ကျွန်မကို လိုက်စနေလို့”
“ဟေ ဟုတ်လား … ကလေးတွေနဲ့ အတူလာတာ မဟုတ်လား”
“ပူစူးနဲ့ အတူလာတာပဲဆရာကြီး”
“ဟဲ့ ပူစူးလာစမ်း … ဘယ်ကကောင်တွေလဲ”
“ကြီးတော်မြရဲ့ သားနှစ်ယောက်လေ ဆရာကြီး … အကြီးကောင်နဲ့ အငယ်ကောင်”
ခက်တော့နေပြီ ရွာအော့ကြောလန်နှစ်ကောင်နှင့်မှ တိုးလာပြီ။
“အေး … အေး … ငါကြည့် စီစဉ်လိုက်မယ် … နင့်ကို နောက် လာပြီးတော့ မနှောင့်ယှက်စေရဘူး”
ပြောသာပြောရသည် ထိုနှစ်ကောင်မှာ ရပ်မနိုင်၊ ရွာမနိုင်။ မူးလာပြီး သောင်းကျန်းလည်း သည်နှစ်ကောင်၊ တစ်ရွာလုံးပတ်ဆဲလည်း သည်နှစ်ကောင်ဖြစ်သည်။ သို့သော် ကျွန်တော့်ကိုတော့ရှိန်သည်။ ကျောင်းပတ် ဝန်းကျင်ကို လာပြီးတော့ သောင်းကျန်းခြင်းတော့မရှိ။
ယခုတော့ ဆရာမလေးကို ထိကပါး ရိကပါးလုပ်သည်ဆိုခြင်းမှာ အစတစ်ခုပျိုးလာခြင်းဖြစ်သည်။ ထိုအစကို မနှိမ်နိုင်လျှင် အားလုံးစိတ်ကသိကအောက်ဖြစ်ကုန်လိမ့်မည်။
နေ့ခင်း ကျောင်းလွှတ်ချိန်တွင် ကျွန်တော်က ရုံးခန်းထဲ၌ အလုပ်ရှုပ်နေစဉ်
“ဆရာကြီး ဧည့်သည်ရောက်လာတယ်” ဟု အော်သံကြားလိုက်ရသည်
ကျွန်တော့်ရုံးခန်းဝတွင်ရောက်နေသူက ဗိုလ်ခင်မောင်ဝင်း
“ဟေ့ … ခင်မောင်ဝင်း … လာကွ … ဘယ်တုန်းကရောက်သလဲ”
“ဒီမနက်ပဲတက်လာတာ ဆရာကြီး … ဆရာကြီးကျောင်းအတွက် မြို့က ပုံနှိပ်စာအုပ်တွေ လူကြုံပေးလိုက် တယ်။ အဲဒါရဲဘော်တွေ ယူလာလိမ့်မယ်”
“ဟုတ်လား … ကျေးဇူးပဲကွာ … ဒါနဲ့ မင်းတို့ ဒီမှာ စခန်းချမှာလား … ဆက်တက်မှာလား”
“ဒီမှာ တစ်ညအိပ်မယ်ဆရာကြီး … မနက်ဖြန်မှ အထက်ကို ဆက်တယ်မယ်”
ထိုစဉ် ဆရာမလေးကြည်ပြာက အခန်းထဲဝင်လာသည်။
“ဟာ … အတော်ပဲ … ခင်မောင်ဝင်းရေ … ဒါ ငါ့ကျောင်းကို ခုမှ ရောက်လာတဲ့ ဆရာမလေး … မကြည်ပြာတဲ့ … ကြည်ပြာရေ … ဒါ ဒီနယ်မြေ တာဝန်ခံ ဗိုလ်ခင်မောင်ဝင်း”
“ဟုတ်ကဲ့ ဆရာကြီး … ကျွန်မ အတန်းကို သွားတော့မယ် … ကျောင်းတက်လိုက်မယ်နော်”
“အေး … အေး”
ခင်မောင်ဝင်းက ကျွန်တော့်အနားကိုတိုးလာပြီး
“ဆရာကြီး ဆရာမလေးက ချောတယ်နော်”
“ဟေ့ကောင် … သီလရှင်ကျောင်းနဲ့ စာသင်ကျောင်း မှားရောက်လာတာ။ ကျောင်းဆရာမသာဆိုတယ် …. သီလရှင်လိုနေတာ … စိတ်နဲ့တောင် မပြစ်မှားနဲ့”
“ဆရာကြီးကလည်း ချောတာပဲ ပြောတာပါ … ကျွန်တော်က ဘယ်မှာ ပြစ်မှားနေလို့လဲ”
“ဟာ … ဟုတ်ပြီ … ဟုတ်ပြီ … ခင်မောင်ဝင်း … ငါ့ကို တစ်ခု ကူညီကွာ”
“ဘာကူညီရမှာလဲ ဆရာကြီးရယ် … ပြောနေစရာ လိုသေးလို့လား”
“ပြောစရာလိုသကွ … မင်းကူညီမှ ကောင်းမယ်”
“ဘာများလဲဆရာကြီး”
“ဒီလိုကွ …”
ညနေကျောင်းဆင်းချိန်တွင် ကြည်ပြာက ရုံးခန်းထဲရောက်လာသည်။ ကျွန်တော်က
“ကြည်ပြာရေ … ငါပြောစရာရှိလို့”
“ဘာများလဲဆရာကြီးရယ်”
“နင့်ကို ရွာက ကောင်လေးတွေ မနှောင့်ယှက်ရအောင် ငါတစ်ခု စီစဉ်ထားတယ်။ နင်လက်ခံမလား။ ငါပြောသလို လုပ်လိုက်ရင်တော့ နင့်ကို တစ်ရွာလုံးက မော်ပြီးတော့တောင် ကြည့်မှာ မဟုတ်တော့ဘူး”
“ဘာများလဲဆရာကြီးရယ်”
“နင် … ဒီညနေ ရွာထဲကို ဗိုလ်ခင်မောင်ဝင်းနဲ့ တစ်ပတ်လောက်အတူတူ ပတ်ရမယ် … ပြီးရင် ရွာဦးကျောင်းက ရေကန်မှာလည်း လမ်းအတူတူလျှောက်ပြရမယ်”
“ဘာဖြစ်လို့လဲ ဆရာကြီး”
“ခက်တော့တာပဲ … နင် အတော် ဒုံးဝေးတာပဲ … နင်နဲ့ ဗိုလ်ခင်မောင်ဝင်းကို တစ်ရွာလုံးက သမီးရည်းစားတွေလို့ ထင်စေချင်လို့”
“အို … ဆရာကြီးရယ် ဘယ်ဖြစ်ပါ့မလဲ … သူများကို အားနာစရာ”
“ဗိုလ်ခင်မောင်ဝင်းက အားနာစရာကို မလိုတာ … နင်က သရုပ်ဆောင်ပြလိုက်တာနဲ့ တစ်ခါတည်း ကိစ္စပြီး သွားမယ်”
“သူကရော အဲဒီလို လုပ်ပေးမှာတဲ့လား”
“ငါပြောပြီးပြီ … ညနေကျရင် ၅ နာရီလောက် ငါ့တဲကိုလာခဲ့။ ခင်မောင်ဝင်းကို ငါခေါ်ထားတယ်”
ဤသို့ဖြင့် ကျွန်တော် ဒါရိုက်တာလုပ်သည့် ရုပ်ရှင်ဇာတ်ထုပ်ကို အောင်မြင်စွာ ကနိုင်ခဲ့ပါသည်။ တစ်ရွာလုံး နောက်ဆိုလျှင် ကြည်ပြာကို မော်ပင်မကြည့်ရဲ။ အကြီးကောင်နှင့် အငယ်ကောင်ဆိုလျှင် ရွာထဲကိုပင် ပြန်မလာတော့။ ဒါရိုက်တာကြီး ကျွန်တော်မှာ မိမိရိုက်ကူးထုတ်လုပ်လိုက်သည့် ဇာတ်လမ်းကို ပီတိဖြစ်ကာ အကယ်ဒမီ ကိုယ့်ဘာသာကိုယ် ပေးလိုက်မိသည်။
ဤသို့ဖြင့် နှစ်တစ်နှစ်ကုန် နွေရာသီကျောင်းတွေပိတ်တော့သည်။ မကြည်ပြာ ကျေးဇူးကြောင့် ယခုနှစ် လေးတန်းကလေးတွေ တန်းလုံးကျွတ်အောင်သည်။
နောက်စာသင်နှစ် ကျောင်းပြန်ဖွင့်ရန်အတွက် မြို့နယ်ပညာရေးမှူးရုံးသို့ အစည်းအဝေးလာတက်သည်။ မြို့နယ် ပညာရေးမှူးက ကျွန်တော့်ကိုတွေ့တွေ့ချင်း
“ဆရာကြီးတော့ ရှင်နည်းရာ အဂ္ဂလူထွက် ဖြစ်ပြီ”
“ဘာများလဲဆရာကြီးရယ်”
“ဒီမှာ ဆရာကြီးတပည့် ထွက်စာလာတင်သွားတယ်”
“ဟာ”
ကျွန်တော်က စိတ်ပျက်စွာဖြင့် ရုံးအပြင်ဘက်ထွက်လာပြီး လက်ဖက်ရည်ဆိုင်ထိုင်ရန် လမ်းအကူးတွင် ကျွန်တော့်ဘေးကို ဂျစ်ကားလေးတစ်စီး ထိုးဆိုက်လာသည်။ ကားပေါ်က ဆင်းလာသည်မှာ ဗိုလ်ခင်မောင်ဝင်း
“ဟေ့ … ခင်မောင်ဝင်း … ဘယ်လဲကွ”
“ဆရာကြီးဆီလာတာ”
“လာလေကွာ … လက်ဖက်ရည်ဆိုင်ထဲသွားကြမယ် … ဘာကိစ္စလဲ”
“ဆရာကြီးကို လာတောင်းပန်တာ”
“ဘာလဲကွ … မင်းဟာက အရင်းမရှိ အဖျားမရှိ”
“ကြည်ပြာရေ”
သူအော်ခေါ်လိုက်မှ ကျွန်တော် ဂျစ်ကားပေါ်လှမ်းကြည့်လိုက်မိသည်။ ကြည်ပြာက ရှက်စနိုး အမူအရာဖြင့် ဆင်းလာသည်။
“ဆရာကြီး ကျွန်မကို ခွင့်လွှတ်ပါ … ကျွန်မ သူ့နောက်ကို လိုက်သွားတော့မယ်”
“ဟေ”
ဗိုလ်ခင်မောင်ဝင်းက
“ဆရာကြီးကို ကျေးဇူးတင်လိုက်တာ။ ဆရာကြီး စီစဉ်ညွှန်ကြား ရိုက်ကူးတဲ့အတိုင်း ကျွန်တော် အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့ပါတယ်နော်”
“ဟာ … မင်းကွာ”
“ဟား … ဟား … ဟား”
တင်ညွန့်
၅.၃.၂၀၁၉