‎မကြည်ပြာ(စ/ဆုံး)

 ‎မကြည်ပြာ(စ/ဆုံး)

‎———–

‎ကျွန်တော့်ကျောင်းကို ဆရာမလေး ကြည်ပြာရောက်လာသည်မှာ အလွန်စိတ်ချမ်းသာစရာ ကောင်းလှပါသည်။ သူက တည်ငြိမ်အေးဆေးသလောက် အသင်အပြလည်းကောင်းလှသည်။ စကားကို တိုးတိုးညင်သာပြောတတ် သဖြင့် ကျွန်တော်က သူစာသင်နေလျှင် အသံကို တိုးပေးထားရသည်။ ကျွန်တော့်အသံက ပုံမှန်ပြောလျှင်ပင် မာကြောကြော လောက်စပီကာ မလိုသည့် အသံဖြစ်နေသောကြောင့်ဖြစ်သည်။

‎တစ်နေ့ ဆရာမလေး မကြည်ပြာက ကျောင်းမတက်မီ ကျွန်တော့်ဆီကိုလာပြီး

‎“ဆရာကြီး”

‎“အေး … ဘာလဲကွယ်”

‎“ကျွန်မ ကလေးတွေကို တရားထိုင်တာ တရားမှတ်တာမျိုးတွေ သင်ပေးလို့ရမလား”

‎“ကြည်ပြာရယ် ဒါမကောင်းတာ လုပ်တာမှ မဟုတ်တာ ဘာဖြစ်လို့ မရရမှာလဲ … ဒါပေမဲ့ တစ်ခုတော့ ရှိတယ် … ညည်းအတန်းမှာက ခရစ်ယာန်တစ်ယောက်ရှိတယ် … သူ့ကိုတော့ အတင်းအဓမ္မ မလုပ်ခိုင်းပါနဲ့”

‎“ဟုတ်ကဲ့ပါဆရာကြီး … ကျွန်မ ကလေးတွေကို တရားထိုင်ခိုင်းတယ်ဆိုတာလည်း စိတ်ကို ငြိမ်းချမ်းအောင် ၅ မိနစ် … ၁၀ မိနစ်လောက် တည်ဆောက်ခိုင်းတဲ့သဘောပါ။ ဘာတွေ ညာတွေ ပြောမှာ မဟုတ်ပါဘူး။ သူတို့ကို တည်ငြိမ်အောင် ထိုင်ခိုင်းပြီး စိတ်ကို ဘယ်လောက်ထိန်းသိမ်းနိုင်တယ်ဆိုတာ လေ့ကျင့်လိုက်ရင် စာသင်ရ တာလည်း ပိုပြီးတော့ စူးစိုက်နိုင်စွမ်းတွေ ကောင်းလာမယ်ထင်လို့ပါ”

‎“ကောင်းတယ်ကွယ် … ငါတောင် ညည်းလို စိတ်ကူးမရမိဘူး”

‎ကျွန်တော်က ကလေးတွေကို သူမည်သို့ သင်ကြားမည်ကို စောင့်ကြည့်နေမိသည်။

‎ကြည်ပြာက ကလေးတွေကို ခုံတန်းတွေကြားတွင် ငြိမ်ငြိမ်လေး ထိုင်ခိုင်းထားသည်။ ကျွန်တော့်ကျောင်းက ခုံနိမ့်လေးတွေနှင့်ဖြစ်ပြီး ကြမ်းပြင်ပေါ်ထိုင်ကြရသည်။

‎“သားတို့ … သမီးတို့ စိတ်တွေကိုလျှော့ … ခေါင်းထဲမှာ ဘာမှ မထည့်ထားနဲ့တော့ … စာတွေလည်း မထည့်နဲ့ … ဆရာတွေလည်း မထည့်နဲ့ … စိတ်လျှော့ … စိတ်ကိုလျှော့လိုက် … အသက်မှန်မှန်ရှူ … ရှူသွင်း … ရှူထုတ် … ရှူသွင်း … ရှူထုတ် … မျက်လုံးတွေ မမှိတ်ထားနဲ့ ရတယ် … အသက်ရှူတာကို ပုံမှန်လေးလုပ်နေ … ဟုတ်ပြီ … ဟုတ်ပြီ”

‎ကလေးတွေကို သူက အသက်ရှူနည်း သင်သည်

‎“တော်ပြီ … ခဏလေး နားလိုက်ဦး … ရှေ့ကိုတည့်တည့်ကြည့်ထား … ငါ့စိတ်ထဲမှာ ဘာမှ မရှိဘူး … ဘာမှ မရှိဘူး။ မျက်လုံးလေးတွေကို မှိတ်ထား … အသက်ကို မှန်မှန်လေးရှူ … ဟုတ်ပြီ … အရမ်းကြီး မရှူနဲ့ မှန်မှန် လေးပဲ … ကိုယ်တွေကို တတ်နိုင်သလောက် ငြိမ်ထား … ဘာကပဲနှောက်ယှက်သည်ဖြစ်စေ စိတ်ထဲက ဖျောက်ထား … ဖယ်ထား … ဒီနေရာက ငြိမ်းချမ်းတာပဲ … ကိုယ့်အတွက် ဘာမှ အန္တရာယ်မှမရှိတာ … ကြောက်စရာလည်း မရှိဘူး … လန့်စရာလည်း မရှိဘူး”

‎ကျွန်တော်က သူ့သင်တန်းကို စိတ်ဝင်စားစွာ ကြည့်နေမိသည်။ ကလေးတွေက ပုံမှန်လေးထိုင်ပြီး အသက်တွေ ရှူကာနေကြသည်။

‎ထိုအချိန်တွင် ကြည်ပြာက စာအုပ်တစ်အုပ်ကို စားပွဲပေါ်က ယူပြီး အောက်ကို လွှတ်ချလိုက်သည်။

‎“ဘုန်း”

‎ကလေးတွေ လန့်သူက လန့်သွားသည်။

‎ရှေ့နားက ချစ်ဝင်းဆိုသည့် ကျောင်းသားက ထသွားပြီး ဆရာမ လွှတ်ချလိုက်သည့် စာအုပ်ကို သွားပြန်ကောက် ပေးသည်။

‎ကြည်ပြာက ကလေးကောက်ပေးသည့် စာအုပ်ကို ယူလိုက်ပြီး သူ့ကို ချီးကျူးရမည့်အစား စာအုပ်နှင့် ခေါင်းကို အသာလေး ရိုက်လိုက်သည်။

‎“ဆရာမက မင်းတို့စိတ်ကို စမ်းလိုက်တာ။ ဘယ်လောက် တည်ငြိမ်မှုရှိသလဲလို့ … စာအုပ်က ကျသွားတာ မဟုတ်ဘူး … ဆရာမက တမင်လွှတ်ချလိုက်တာ … ဒါကြောင့် ကျသွားတိုင်း လာကောက်ပေးစရာ မလိုဘူး … ခုအချိန်က ဆရာမ မင်းတို့စိတ်ကို ဘယ်လောက်ခိုင်မာသလဲ ဆိုတာ စမ်းနေတာ … ပြန်လုပ်မယ် … အသက်ကို ပြန်ရှူ … မှန်မှန်လေးပဲ”

‎ကြည်ပြာက သူ့နည်းသူ့ဟန်ဖြင့် သူ့ကလေးတွေကို စာမသင်မီ စိတ်ကိုတည်ဆောက်ခိုင်းနေသည်။

‎ကျွန်တော်ကလည်း ကျွန်တော့်အတွေးနှင့်ကျွန်တော်

‎လွတ်ကျသွားတာလား

‎လွှတ်ချလိုက်တာလား

‎ပြန်ကောက်ပေးစရာ လိုသလား

‎ပြန်ကောက်ပေးစရာ မလိုဘူးလား

‎ကျွန်တော် ပြုံးလိုက်မိသည်။

‎မူလတန်းကျောင်းလေးတစ်ကျောင်းမှာ ဆရာတစ်ယောက်တည်း သင်နေရသည့်ဘဝကို ကိုယ်ချင်းစာကြည့်ကြ စေချင်ပါသည်။

‎မူလတန်းဆိုသည်မှာ အတန်း ၅ တန်း ရှိသည်။ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတၳတန်းဟူ၍ဖြစ်သည်။

‎လမ်းစဉ်ပါတီ အောင်ရမည်ဟု ကြွေးကြော်နေသည့်ခေတ်တွင် ပညာရေးကတော့ အဘက်ဘက်က နိမ့်ကျနေ သည်။ ဆရာခန့်ထားရေးများကို ပါတီကောင်စီတွေက ချုပ်ကိုင်ထားပြီး နီးစပ်ရာမြို့ပေါ်ထားကာ ကျေးလက် များသို့ တော်ရုံနှင့်ဆရာမရောက် ဖြစ်နေသည်။ ရောက်လာသည့်ဆရာတွေကိုလည်း ပါတီကောင်စီ တာဝန်တွေနှင့် ပြန်ခေါ်လိုက ပြန်ခေါ်နေကြသော ခေတ်ပျက်ကြီးထဲတွင် ပညာရေးကိုတောနယ်များ၌ တစ်ကိုယ်တော် ပျော်ပျော်ကြီး သင်ကြားပေးနေကြသည့် ဆရာ ဆရာမများထဲ၌ ကျွန်တော်လည်း အပါအဝင် ဖြစ်သည်။

‎မကြည်ပြာရောက်လာခြင်းကလည်း အတော်လေး ထူးခြားသည်။ မည်သူနှင့်မှလည်းမသိ၊ မည်သူ့ကိုမှလည်း မကပ်၊ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းဝင်မှလည်းမဟုတ်၊ ဤကြားထဲတွင် ရိုးအေးလွန်းသူ ဖြစ်သည့်အတွက် လည်း ထားရာနေ၊ စေရာသွားစာရင်းထဲ အသွင်းခံလိုက်ရခြင်းဖြစ်သည်။

‎အပျိုဆရာမလေးတစ်ယောက် ရောက်လာခြင်းမှာ ကျွန်တော့်အတွက်တော့ သောကများစရာ။ ပညာရေးဌာနက ဆရာမလေးတစ်ယောက် ၂၀ ဝန်းကျင်လောက်၊ အပျိုအရွယ်လေးကို ဝေးလံခေါင်သီသော ဒေသဆီသို့ အော်ဒါ ထုတ်ကာ လွှတ်လိုက်ရုံသာဖြစ်သည်။ ထိုဆရာမလေးများအတွက် စားဝတ်နေရေး၊ လုံခြုံရေး၊ ဘဝမပျက်ရေး ဘာမှထည့်သွင်းကာ စဉ်းစားပေးလိုက်ကြသည် မဟုတ်ပါ။

‎ဒေသခံဆရာ သို့မဟုတ် ဒေသအပေါ် သြဇာရှိသော ဆရာကြီး ဆရာမကြီးတစ်ယောက်လောက် အထောက်အခံ ရှိလျှင် ကိစ္စမရှိပါ။ မည်သူ့ကိုမှ အားမကိုးရ၊ ရွာရောက်မှ အားကိုးစရာ ရှာရမည့် ဆရာမ လေးများ ဘဝကိုလည်း ကိုယ်ချင်းစာကြည့်စေချင်ပါသည်။

‎ကျွန်တော်ကတော့ ရွာအပေါ်သြဇာတည်ဆောက်ထားပြီး နိုင်နင်းသဖြင့် မကြည်ပြာအတွက် ကိစ္စမရှိ။ သူ့ နေရေး၊ ထိုင်ရေး၊ စာရေးသောက်ရေးကအစ စီစဉ်ပေးနိုင်ခဲ့သည်။ ရွာကို ဆရာမအပျိုလေးတစ်ယောက် ရောက်လာသည်နှင့် ကျောင်းအုပ်ကြီးများမှာ အလိုလိုနေရင်း ဘီလူးကြီးတွေ ဖြစ်ကုန်သည်။ ကိုယ့်ဆရာမလေး တွေကို မစော်ကားရဲအောင်၊ မစ မနောက်ရဲအောင် မာန်ဖီရ အစွယ်ထုတ်ပြရနှင့် အလိုလိုနေရင်း ဘီလူးမယ့်ကြောင့် စောင့်ရသည့်အနေအထားကို ရောက်ကုန်သည်။

‎“ဆရာကြီး”

‎“ဘာလဲဟ”

‎“ရွာထဲကနေ ကျောင်းကိုလာတဲ့ လမ်းမှာလေ လူနှစ်ယောက်က ကျွန်မကို လိုက်စနေလို့”

‎“ဟေ ဟုတ်လား … ကလေးတွေနဲ့ အတူလာတာ မဟုတ်လား”

‎“ပူစူးနဲ့ အတူလာတာပဲဆရာကြီး”

‎“ဟဲ့ ပူစူးလာစမ်း … ဘယ်ကကောင်တွေလဲ”

‎“ကြီးတော်မြရဲ့ သားနှစ်ယောက်လေ ဆရာကြီး … အကြီးကောင်နဲ့ အငယ်ကောင်”

‎ခက်တော့နေပြီ ရွာအော့ကြောလန်နှစ်ကောင်နှင့်မှ တိုးလာပြီ။

‎“အေး … အေး … ငါကြည့် စီစဉ်လိုက်မယ် … နင့်ကို နောက် လာပြီးတော့ မနှောင့်ယှက်စေရဘူး”

‎ပြောသာပြောရသည် ထိုနှစ်ကောင်မှာ ရပ်မနိုင်၊ ရွာမနိုင်။ မူးလာပြီး သောင်းကျန်းလည်း သည်နှစ်ကောင်၊ တစ်ရွာလုံးပတ်ဆဲလည်း သည်နှစ်ကောင်ဖြစ်သည်။ သို့သော် ကျွန်တော့်ကိုတော့ရှိန်သည်။ ကျောင်းပတ် ဝန်းကျင်ကို လာပြီးတော့ သောင်းကျန်းခြင်းတော့မရှိ။

‎ယခုတော့ ဆရာမလေးကို ထိကပါး ရိကပါးလုပ်သည်ဆိုခြင်းမှာ အစတစ်ခုပျိုးလာခြင်းဖြစ်သည်။ ထိုအစကို မနှိမ်နိုင်လျှင် အားလုံးစိတ်ကသိကအောက်ဖြစ်ကုန်လိမ့်မည်။

‎နေ့ခင်း ကျောင်းလွှတ်ချိန်တွင် ကျွန်တော်က ရုံးခန်းထဲ၌ အလုပ်ရှုပ်နေစဉ်

‎“ဆရာကြီး ဧည့်သည်ရောက်လာတယ်” ဟု အော်သံကြားလိုက်ရသည်
‎ကျွန်တော့်ရုံးခန်းဝတွင်ရောက်နေသူက ဗိုလ်ခင်မောင်ဝင်း

‎“ဟေ့ … ခင်မောင်ဝင်း … လာကွ … ဘယ်တုန်းကရောက်သလဲ”

‎“ဒီမနက်ပဲတက်လာတာ ဆရာကြီး … ဆရာကြီးကျောင်းအတွက် မြို့က ပုံနှိပ်စာအုပ်တွေ လူကြုံပေးလိုက် တယ်။ အဲဒါရဲဘော်တွေ ယူလာလိမ့်မယ်”

‎“ဟုတ်လား … ကျေးဇူးပဲကွာ … ဒါနဲ့ မင်းတို့ ဒီမှာ စခန်းချမှာလား … ဆက်တက်မှာလား”

‎“ဒီမှာ တစ်ညအိပ်မယ်ဆရာကြီး … မနက်ဖြန်မှ အထက်ကို ဆက်တယ်မယ်”

‎ထိုစဉ် ဆရာမလေးကြည်ပြာက အခန်းထဲဝင်လာသည်။

‎“ဟာ … အတော်ပဲ … ခင်မောင်ဝင်းရေ … ဒါ ငါ့ကျောင်းကို ခုမှ ရောက်လာတဲ့ ဆရာမလေး … မကြည်ပြာတဲ့ … ကြည်ပြာရေ … ဒါ ဒီနယ်မြေ တာဝန်ခံ ဗိုလ်ခင်မောင်ဝင်း”

‎“ဟုတ်ကဲ့ ဆရာကြီး … ကျွန်မ အတန်းကို သွားတော့မယ် … ကျောင်းတက်လိုက်မယ်နော်”

‎“အေး … အေး”

‎ခင်မောင်ဝင်းက ကျွန်တော့်အနားကိုတိုးလာပြီး

‎“ဆရာကြီး ဆရာမလေးက ချောတယ်နော်”

‎“ဟေ့ကောင် … သီလရှင်ကျောင်းနဲ့ စာသင်ကျောင်း မှားရောက်လာတာ။ ကျောင်းဆရာမသာဆိုတယ် …. သီလရှင်လိုနေတာ … စိတ်နဲ့တောင် မပြစ်မှားနဲ့”

‎“ဆရာကြီးကလည်း ချောတာပဲ ပြောတာပါ … ကျွန်တော်က ဘယ်မှာ ပြစ်မှားနေလို့လဲ”

‎“ဟာ … ဟုတ်ပြီ … ဟုတ်ပြီ … ခင်မောင်ဝင်း … ငါ့ကို တစ်ခု ကူညီကွာ”

‎“ဘာကူညီရမှာလဲ ဆရာကြီးရယ် … ပြောနေစရာ လိုသေးလို့လား”

‎“ပြောစရာလိုသကွ … မင်းကူညီမှ ကောင်းမယ်”

‎“ဘာများလဲဆရာကြီး”

‎“ဒီလိုကွ …”

‎ညနေကျောင်းဆင်းချိန်တွင် ကြည်ပြာက ရုံးခန်းထဲရောက်လာသည်။ ကျွန်တော်က

‎“ကြည်ပြာရေ … ငါပြောစရာရှိလို့”

‎“ဘာများလဲဆရာကြီးရယ်”

‎“နင့်ကို ရွာက ကောင်လေးတွေ မနှောင့်ယှက်ရအောင် ငါတစ်ခု စီစဉ်ထားတယ်။ နင်လက်ခံမလား။ ငါပြောသလို လုပ်လိုက်ရင်တော့ နင့်ကို တစ်ရွာလုံးက မော်ပြီးတော့တောင် ကြည့်မှာ မဟုတ်တော့ဘူး”

‎“ဘာများလဲဆရာကြီးရယ်”

‎“နင် … ဒီညနေ ရွာထဲကို ဗိုလ်ခင်မောင်ဝင်းနဲ့ တစ်ပတ်လောက်အတူတူ ပတ်ရမယ် … ပြီးရင် ရွာဦးကျောင်းက ရေကန်မှာလည်း လမ်းအတူတူလျှောက်ပြရမယ်”

‎“ဘာဖြစ်လို့လဲ ဆရာကြီး”

‎“ခက်တော့တာပဲ … နင် အတော် ဒုံးဝေးတာပဲ … နင်နဲ့ ဗိုလ်ခင်မောင်ဝင်းကို တစ်ရွာလုံးက သမီးရည်းစားတွေလို့ ထင်စေချင်လို့”

‎“အို … ဆရာကြီးရယ် ဘယ်ဖြစ်ပါ့မလဲ … သူများကို အားနာစရာ”

‎“ဗိုလ်ခင်မောင်ဝင်းက အားနာစရာကို မလိုတာ … နင်က သရုပ်ဆောင်ပြလိုက်တာနဲ့ တစ်ခါတည်း ကိစ္စပြီး သွားမယ်”

‎“သူကရော အဲဒီလို လုပ်ပေးမှာတဲ့လား”

‎“ငါပြောပြီးပြီ … ညနေကျရင် ၅ နာရီလောက် ငါ့တဲကိုလာခဲ့။ ခင်မောင်ဝင်းကို ငါခေါ်ထားတယ်”

‎ဤသို့ဖြင့် ကျွန်တော် ဒါရိုက်တာလုပ်သည့် ရုပ်ရှင်ဇာတ်ထုပ်ကို အောင်မြင်စွာ ကနိုင်ခဲ့ပါသည်။ တစ်ရွာလုံး နောက်ဆိုလျှင် ကြည်ပြာကို မော်ပင်မကြည့်ရဲ။ အကြီးကောင်နှင့် အငယ်ကောင်ဆိုလျှင် ရွာထဲကိုပင် ပြန်မလာတော့။ ဒါရိုက်တာကြီး ကျွန်တော်မှာ မိမိရိုက်ကူးထုတ်လုပ်လိုက်သည့် ဇာတ်လမ်းကို ပီတိဖြစ်ကာ အကယ်ဒမီ ကိုယ့်ဘာသာကိုယ် ပေးလိုက်မိသည်။

‎ဤသို့ဖြင့် နှစ်တစ်နှစ်ကုန် နွေရာသီကျောင်းတွေပိတ်တော့သည်။ မကြည်ပြာ ကျေးဇူးကြောင့် ယခုနှစ် လေးတန်းကလေးတွေ တန်းလုံးကျွတ်အောင်သည်။

‎နောက်စာသင်နှစ် ကျောင်းပြန်ဖွင့်ရန်အတွက် မြို့နယ်ပညာရေးမှူးရုံးသို့ အစည်းအဝေးလာတက်သည်။ မြို့နယ် ပညာရေးမှူးက ကျွန်တော့်ကိုတွေ့တွေ့ချင်း

‎“ဆရာကြီးတော့ ရှင်နည်းရာ အဂ္ဂလူထွက် ဖြစ်ပြီ”

‎“ဘာများလဲဆရာကြီးရယ်”

‎“ဒီမှာ ဆရာကြီးတပည့် ထွက်စာလာတင်သွားတယ်”

‎“ဟာ”

‎ကျွန်တော်က စိတ်ပျက်စွာဖြင့် ရုံးအပြင်ဘက်ထွက်လာပြီး လက်ဖက်ရည်ဆိုင်ထိုင်ရန် လမ်းအကူးတွင် ကျွန်တော့်ဘေးကို ဂျစ်ကားလေးတစ်စီး ထိုးဆိုက်လာသည်။ ကားပေါ်က ဆင်းလာသည်မှာ ဗိုလ်ခင်မောင်ဝင်း

‎“ဟေ့ … ခင်မောင်ဝင်း … ဘယ်လဲကွ”

‎“ဆရာကြီးဆီလာတာ”

‎“လာလေကွာ … လက်ဖက်ရည်ဆိုင်ထဲသွားကြမယ် … ဘာကိစ္စလဲ”

‎“ဆရာကြီးကို လာတောင်းပန်တာ”

‎“ဘာလဲကွ … မင်းဟာက အရင်းမရှိ အဖျားမရှိ”

‎“ကြည်ပြာရေ”

‎သူအော်ခေါ်လိုက်မှ ကျွန်တော် ဂျစ်ကားပေါ်လှမ်းကြည့်လိုက်မိသည်။ ကြည်ပြာက ရှက်စနိုး အမူအရာဖြင့် ဆင်းလာသည်။

‎“ဆရာကြီး ကျွန်မကို ခွင့်လွှတ်ပါ … ကျွန်မ သူ့နောက်ကို လိုက်သွားတော့မယ်”

‎“ဟေ”

‎ဗိုလ်ခင်မောင်ဝင်းက

‎“ဆရာကြီးကို ကျေးဇူးတင်လိုက်တာ။ ဆရာကြီး စီစဉ်ညွှန်ကြား ရိုက်ကူးတဲ့အတိုင်း ကျွန်တော် အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့ပါတယ်နော်”

‎“ဟာ … မင်းကွာ”

‎“ဟား … ဟား … ဟား”

‎တင်ညွန့်

‎၅.၃.၂၀၁၉