သူငယ်ချင်းကိုခဲတံမငှားပါ (စ/ဆုံး)

 သူငယ်ချင်းကိုခဲတံမငှားပါ (စ/ဆုံး)

———————————
တောင် … တောင် … တောင် … ။
ထမင်းစားဆင်းချိန် တွင် မြကလေးသည် အိမ်ကထုပ်ပေးလိုက်သော ထမင်းဘူးလေးကိုဖွင့်ကာ စားဖို့ပြင်ဆင်နေလေသည်။ လက်သုတ်ပဝါလေးကို စားပွဲပေါ်အရင်ခင်းသည်။ ထို့နောက် ထမင်းဘူးလေးကို ခင်းထားသည့်အပေါ် တင်ကာ ဖွင့်လိုက်သည် ။ ထိုအချိန်တွင် …

” မြကလေး ဘာဟင်းလဲ … ”
” ကြက်ဥကြော်နဲ့ ချဉ်ရည်ဟင်း … ”

သူငယ်ချင်းဖြစ်သူ စိုးစိုးက မေးတာကြောင့် မြကလေးက ပြန်ဖြေရင်း စားဖို့ပြင်သည်။ စိုးစိုးက ကြည့်နေတာကြောင့် မြကလေးသည် မစားသေးဘဲ …

” နင်ရော ထမင်းမစားသေးဘူးလား ”
” ထမင်းချိုင့် လာမပို့သေးလို့ … ၊ ဗိုက်ကဆာနေပြီ ”

မြကလေးသည် ၃ တန်း အခန်းရှေ့ကို လှမ်းကြည့်ကာ စိုးစိုးကို ထမင်းလာပို့မည့် သူအား ရှာဖွေကြည့်သည် ။ အရင်ရက်တွေကဆို အန်တီကြီးတစ်ယောက်လာပို့သည်။ ထိုအန်တီကြီးက စိုးစိုးအိမ်၏ အိမ်အကူဟု သိရသည်။ ခု ထိုအန်တီကြီးကို မတွေ့ပါ။

” ဗိုက်ဆာနေရင် ငါ့ဆီကနေ အဆာပြေ နည်းနည်း စားထားပါလား ၊ ဟင်းတော့ မကောင်းဘူး ”

ကြက်ဥကို ကြက်သွန်နှင့်ကြော်ထားတာလေးရယ်၊ ချဉ်ပေါက်ရွက်ချဉ်ရည်ဟင်းရယ်က မြကလေးအတွက်တော့ အဆင်အပြေဆုံးဟင်းပေမဲ့ စိုးစိုးလို ပိုက်ဆံရှိသူ၏ သားသမီးအတွက်ကတော့ ‌စားဖို့ အဆင်ပြေချင်မှပြေမည် ။

” ကြက်ဥကြော်လေးက ကြက်သွန်နဲ့ရောကြော်ထားလို့လားမသိဘူး မွှေးနေတယ် ”

စိုးစိုးက ထိုသို့ပြောကာ ဇွန်းနှင့် ကြက်ဥကြော်ကို ဖဲ့၍ ထမင်းတစ်လုတ်စားသည် ။ စိုးစိုး ကြိုက်သည့်အတွက် မြကလေး ကျေနပ်သွားရပေမဲ့ စိုးစိုးက ဟင်းစားကြီးတာ တစ်ခုတော့ အဆင်မပြေပေ။ ကြက်ဥကြော်က တစ်လုံးတည်းကိုကြော်ထားတာမို့ သိပ်မများပါ။ စိုးစိုးက ထမင်းတစ်လုတ်ကို ထမင်းကနည်းနည်း ကြက်ဥကြော်ကို များများစားသည်။ ထမင်းဘူးထဲက ထမင်း တစ်ဝက်ကျိုးခါနီးမှာ …

” စိုးစိုးရေ သမီး ”
” မေမေ … ”

စိုးစိုးက မေမေ ဟု ခေါ်လိုက်လို့သာ စိုးစိုးအမေဖြစ်မည်ဟု မြကလေး တွေးလိုက်‌မိပေမဲ့ စိုးစိုးအမေကို အရင်က တစ်ခါမှ မမြင်ဖူးခဲ့ပါ ။

” အမေရယ် သမီးကို ထမင်းပို့ဖို့မေ့နေလို့ ၊ သတိရရချင်း ဟင်းဝယ်ပြီး ထွက်လာခဲ့တာ ”

စိုးစိုးအမေ၏ လက်ထဲမှာ ထမင်းချိုင့်လေး မြင်တော့ မြကလေးသည် စိုးစိုးက သူမနှင့်အတူ လာစားမည်ဟု ထင်သွားသည်။ အတူလာစားလျှင် သူမ ဟင်းလေးနည်းနည်းတောင်းစားမည်ဟု စိတ်ကူးထားသည် ။ သို့သော် စိုးစိုးက…

” ကျောင်းထိပ်က အအေးဆိုင်မှာ သွားစားမယ် ” ဟု ဆိုလေသည်။

” ဒီမှာ သမီးသူငယ်ချင်းနဲ့မစားဘူးလား ” ဟု စိုးစိုးအမေက မေးသည် ။ စိုးစိုးသည် ခေါင်းကို အတင်းခါယမ်းကာ …

” အအေးသောက်ရင်း စားချင်လို့ ” ဟု ဆိုပြီး သူမအမေလက်ကိုဆွဲ၍ ထွက်သွားလေသည် ။ မြကလေးသည် စိတ်ထဲဝမ်းနည်းသွားမိကာ တစ်ဝက်ကျော်ကျော်ကျန်နေသော ထမင်းနှင့် နည်းနည်းလေးသာ ရှိတော့သော ကြက်ဥကြော်ကိုကြည့်လိုက်မိသည်။ မြကလေးသည် ချဉ်ရည်ဟင်းကိုရွှဲရွှဲစမ်း၍ ကြက်ဥကြော်လေးကို ခြွေတာကာ စားလိုက်ရ၏ ။ ထမင်းကုန်သွားချိန်မှာ မြကလေး ထမင်းမဝချင်သေးပါ။ သို့သော် စိုးစိုးကို အဆာပြေကျွေးလိုက်ရတာ ပဲ ဟုတွေးရင်း စိတ်ဖြေလိုက်လေသည်။

+

သင်္ချာတွက်နေချိန်မှာ စိုးစိုးသည် အရှေ့တန်းကနေ မြကလေး၏ အတန်းဆီ လှည့်လာသည် ။ မြကလေးသည် ခဲတံ‌‌ေလး‌ေတွကို ခဲတံချွန်စက်ထဲ ထည့်လှည့်နေ၏ ။ စိုးစိုးက မြကလေးချွန်ထားပြီးသား ခဲတံနှစ်ချောင်းထဲက တစ်ချောင်းကို ဖက်ခနဲယူကာ …

” ငါ့ခဲတံ‌ပျောက်သွားလို့ ငှားပါလား ” ဟု ပြောပြီး အရှေ့ပြန်လှည့်သွားသည် ။ မြကလေးက ငှားမယ်၊ မငှားဘူး တစ်ခွန်းမှမပြောလိုက်ရသေးပါ။ မြကလေးသည် စိတ်ထဲအလိုမကျပေမဲ့ ဘာမှမပြောဘဲ နေလိုက်သည် ။ ကျောင်းဆင်းတော့ စိုးစိုးက ခဲတံပြန်မပေးဘဲ အိမ်ပြန်သွားလေသည်။ နောက်တစ်နေ့မှာလည်း စိုးစိုးက မြကလေး၏ ခဲတံနှင့်ရေးနေသည်။ မြကလေးသည် စိုးစိုး ခဲတံမဝယ်ရသေးတာ ဖြစ်မည် ဟု တွေးကာ ပြန်မတောင်းဘဲ ထားလိုက်သည် ။ နေ့လည် ထမင်းစားဆင်းချိန်မှာ စိုးစိုးသည် မုန့်တွေအများကြီးဝယ်စားတာကို မြကလေးမြင်သည်။ စိုးစိုးသည် မြကလေးကို ခဲတံလေး လက်ညှိုးလောက် ကျန်မှ ပြန်လာပေးသည်။

” ငါ့ကို ရှည်တာလေးနဲ့ လဲပေးပါလား ၊ ဒီလိုတိုသွားရင် ငါမရေးတတ်တော့လို့ ”

စိုးစိုးသည် ခဲတံမဝယ်ရသေးတာကို မြကလေး သိလိုက်သည်။ မြကလေးသည် တစ်နေ့ မုန့်ဖိုး ၅၀၀ သာရသည်။ စိုးစိုးက‌ တစ်နေ့ မုန့်ဖိုး နှစ်ထောင်ထက်မနည်း ရသည်။ မြကလေးသည် တစ်ခုခုဝယ်ချင်လျှင် မုန့်မစားဘဲ မုန့်ဖိုးထဲက စုဝယ်ရသည်။ စိုးစိုးကတော့ မုန့်ဖိုးရသမျှကို မုန့်ပဲစားကာ လိုတာကို အိမ်ကဝယ်မပေးသေးလို့ ဟု အကြောင်းပြပြီး မဝယ်ဘဲ‌ေနသည်။ မြကလေးသည် သူမရေးနေသည့် ခဲတံအရှည်ကို စိုးစိုး ပြန်ပေးသည့် ခဲတံအတိုနှင့် လဲပေးလိုက်သည်။ စိုးစိုးကသူမ ခဲတံဝယ်ပြီးလျှင် ပြန်ပေးမည် ဟု ပြောသည်။ နောက်နှစ်ပတ်လောက်ကြာတော့ စိုးစိုးဆီမှာ ခဲတံအသစ်တစ်ဘူး တွေ့ရသည် ။ မြကလေးသည် သူမကို စိုးစိုးက ခဲတံအသစ်တစ်ချောင်း အစားပြန်ပေးလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် စိုးစိုးသည် မြကလေးဆီက ငှားသွားသော ခဲတံကိုသာ ပြန်ပေးခဲ့သည်။ မြကလေးငှားလိုက်စဉ်က ခဲတံ ရှည်သည် စိုးစိုးပြန်ပေးတော့ တိုတိုလေးသာ ကျန်တော့သည်။ ခုဆို မြကလေးမှာ ခဲတံ အရှည်ဆိုလို့ တစ်ချောင်းသာ ကျန်တော့သည်။ ကျန်နှစ်ချောင်းက စိုးစိုး ငှားရေးလို့ တိုသွားချေပြီ ။

+

မြကလေးသည် နေသိပ်မကောင်းတာကြောင့် ဒီမနက် ထမင်းစားမလာ၍ အိမ်က ပေါက်စီလေး တစ်လုံးဝယ်ထည့်ပေးလိုက်သည်။ မြကလေးသည် ကျောင်းတက်ခေါင်းလောင်း ထိုးခါနီးမှ ဗိုက်ဆာ၍ ပေါက်စီလေးကို ထုတ်စားလေသည်။

” မြကလေး ပေါက်စီဝယ်လာတာလား ”
” အင်း နေသိပ်မကောင်းလို့ မနက်စာ စားမလာဘူးလေ ၊ အဲ့တာကြောင့် ပေါက်စီဝယ်ထည့်ပေးလိုက်တာ … ”
” ငါလည်း မနက်စာ ဘာမှစားမလာဘူး ၊ ငါ့ကိုနည်းနည်း ကျွေးပါလား ”
” စားလေ ၊ ငါလည်း မကုန်ပါဘူး ၊ ပေါက်စီသိပ်မကြိုက်ဘူး ”

မြကလေးက ပေါက်စီတစ်ခြမ်းဖဲ့ပေးလိုက်သည်။ စိုးစိုးက ဝမ်းသာအားရယူ၍ အချဉ်ရည်ပါ ဖောက်ထည့်ကာ စားနေလေသည် ။ နေ့လည် ထမင်းစား‌ေကျာင်းဆင်းတော့ မြကလေးကို အိမ်က ဆန်ပြုတ်လေး လာပို့ပေးသည် ။ မြကလေးသည် ဆန်ပြုတ်လေးစားကာ ဆေးသောက်လိုက်၏။ အာလူးကြော်လေး စားချင်တာကြောင့် အာလူးကြော် အထုပ်သေးလေး တစ်ထုပ် ဝယ်လိုက်သည်။ ဝယ်ပြီး အခန်းထဲပြန်လာတော့ စိုးစိုးလည်း ရှိတာမို့ မြကလေးက …

” အာလူးကြော် စားဦးမလား ” ဟု မေးကာ မုန့်ထုပ်ကိုဖောက်ပြီး စိုးစိုးဘက် ကမ်းပေးလိုက်သည်။ စိုးစိုးက လှမ်းနှိုက်စားကာ …

” ဒါက သိပ်မကောင်းဘူး ၊ တစ်ငါးရာတန် လျှာဂျွမ်းထိုးအာလူးကြော်မှ ကောင်းတာ ” ဟု ပြောပြသည်။ မြကလေးသည် မုန့်ဖိုး ၅၀၀ ပဲရတာမို့ စိုးစိုးပြောတာကို ခေါင်းသာညိတ်ပြလိုက်ပြီး ဘာမှပြန်မပြောဖြစ်ပေ ။ စိုးစိုးသည် သိပ်မကောင်းဘူး ဟု မှတ်ချက်ပေးပေမဲ့ မုန့် ကုန်မှပဲ အမှိုက်အိတ်ကို စားပွဲပေါ်တင်ထားလေသည်။ မြကလေးသည် သုံးခါလားပဲ အားလူးကြော်လေး၊ လေးငါးချပ် စားလိုက်ရသည်။

+

ထမင်းဘူးကို ဖွင့်ကြည့်လိုက်တော့ ပဲပြုတ်ဆီစမ်းနှင့် ထမင်းဖြူလေးပဲ ပါတာမို့ မြကလေး မျက်နှာညှိုးသွားသည် ။ ‌ဟင်းမ‌ကောင်း၍ ထမင်းမစားချင်ပေမဲ့ ဗိုက်ကဆာနေတာမို့ မစားလို့မဖြစ်ပါ။ ဘေးက တခြားထမင်းချိုင့်ထုပ်လာသော ကျောင်းသားများ၏ ဟင်းကို စူးစမ်းကြည့်တော့ ကြက်သားဟင်း ၊ ပုစွန်ဟင်း ၊ ငါး ဟင်းများ ဖြစ်ကြသည်။ မြကလေးသည် သွားရည်မျိုချ ရုံမှတစ်ပါး မတတ်နိုင်ပေ။

” ငါ့အိမ်က လိုင်းပေါ်ကနေ မှာပေးထားတာလေ ”

စိုးစိုးသည် ကျောင်းခန်းထဲကို ကျောင်းသူ သုံးလေးယောက်နှင့် အတူဝင်လာပြီး အရှေ့တန်းမှာ ထိုင်ကာ အားပါးတရပြောဆိုနေသည်။ စိုးစိုးရှေ့မှာ ပလတ်စတစ်ဘူးလေးတွေအများကြီး တွေ့ရ၏ ။ စိုးစိုးက တစ်ဘူးချင်းစီကို ဖွင့်နေပြီး ဘေးက ကျောင်းသူများက မျက်စိမခွာတမ်းကြည့်နေကြသည်။ ထိုကျောင်းသူများက စိုးစိုးကဲ့သို့ ပိုက်ဆံရှိသားသမီးများဖြစ်ကြပါသည်။

” ဒါက ထမင်းလိပ် တဲ့ ၊ ဒါက ဂဏန်းသား sandwich၊ ဒါက spicy ကြက်သားကြော် ၊ ဒါက Bubble Tea ”

မြကလေးသည် စားစရာများကိုကြည့်ကာ ဗိုက်ထဲ တဂွီးဂွီးမြည်လာသည်။ စိုးစိုး က သူမကို စားဦးမလား ဟု မေးလျှင်ကောင်းမှာပဲ ဟုတွေးလိုက်မိသည်။ သူမ ဘာစားစား စိုးစိုးကိုကျွေးနေကျမို့ ကျွေးလောက်မှာပါ ဆိုပြီးလည်း မျှော်လင့်ချက်တစ်ဝက်ထားမိသည်။ စိုးစိုးသည် မြကလေးကိုလှည့်ကြည့်လာ၏။

” ဘာဟင်းလဲ ”
” ပဲပြုတ် ”
” ဟင့်… ဟင်းလည်းမကောင်းဘူး ”

စိုးစိုးသည် ထိုသို့ပြောကာ အရှေ့သို့ပြန်လှည့်သွားပြီး သူ့ဘေးက တခြားကျောင်းသူများနှင့်အတူ စားသောက်နေလေသည်။ မြကလေးကို မကျွေးပါ ။ မြကလေးသည် မျက်နှာလေး ညှိုးသွား၏ ။ စိုးစိုးက စားစရာတွေ ကုန်သည်အထိ သူမကို မကျွေးတော့ မျက်ရည်ကျမိ‌ေလသည်။ မြကလေး ဝမ်းနည်းစွာ ငိုရှိုက်မိသည်။ ညနေ အိမ်ပြန်ရောက်တော့ မြကလေးက အစ်မဖြစ်သူ ရီရီကို ရန်ရှာမိသည်။

” မမ ဘာလို့ ပဲပြုတ်ကြီးနဲ့ ထုပ်‌ေပးတာလဲ ၊ သမီး မကြိုက်ဘူး … ”

ငိုပြီးပြောတာမို့ ရီရီသည် ထိတ်လန့်သွားပြီး မြကလေး၏ လက်မောင်းလေးများကို ဆုပ်ကိုင်လိုက်လေသည် ။

” မမနေသိပ်မကောင်းတော့ ဟင်းမချက်နိုင်လို့ပါ အငယ်လေးရယ် ၊ အငယ်လေးပဲ အရင်က ဒီပဲပြုတ်ကြိုက်တယ်ဆို ၊ ခုမကြိုက်တော့ဘူးလား ”

မြကလေးသည် ဘာမှမပြောဘဲ ငိုသာငိုနေသည်။

” နေ့လည်က သမီးပဲ ဟင်းမကောင်းတာ ၊ သမီးသူငယ်ချင်းဆို သူ့အိမ်က လိုင်းပေါ်ကနေ မုန့်မှာပို့ပေးတာတဲ့ ၊ အများကြီးပဲ ၊ စားချင်လိုက်တာ ၊သမီးကို မကျွေးဘူး ၊ သမီးသာဆို သူ့ကိုကျွေးမှာ ”

ရီရီသည် စိတ်မကောင်းဖြစ်သွားကာ မြကလေး၏ ခံစားချက်ကို နားလည်သွားလေသည်။ ကလေးမို့ ဘာမှမသိမတတ်ဟု ထင်ခဲ့မိပေမဲ့ ကလေးတစ်ယောက်မှာလည်း သူ့ခံစားချက်နှင့်သူ ရှိကြောင်း နားလည်မိသွားသည် ။

” မငိုနဲ့တော့နော် မမ ပြောင်းဖူးဖု တ်ဝယ်ကျွေးမယ် ၊ အငယ်လေး ကြိုက်တယ်မလား ”

ရီရီသည် လိုင်းပေါ်ကဈေးကြီးမုန့်တွေ ဝယ်ကျွေးဖို့မတတ်နိုင်ပေမဲ့ မြကလေးကြိုက်သည့် တစ်ထောင်တန်ပြောင်းဖူးဖု တ်‌ေလာက်တော့ ဝယ်ကျွေးနိုင်ပါသည် ။

+

မြကလေးသည် ဒီနေ့ရသည့် မုန့်ဖိုးနှင့် ခဲတံလေး အသစ်တစ်ချောင်းဝယ်လာသည် ။ ထိုခဲတံလေးကို ချွန်စက်ထဲ ထည့်ချွန်နေတုန်း စိုးစိုးက အရှေ့တန်းကနေ လှည့်လာသည် ။

” ခဲတံအသစ် ဝယ်လာတာလား ”
” အင်း … ”
” ငါ့ကိုငှားပါလား ၊ ငါ့ခဲတံ ပျောက်သွားလို့ ”

မြကလေးသည် စိုးစိုးကို ကြည့်လိုက်၏။

” နင်က ကိုယ့်ပစ္စည်းကိုယ် ရိုမှမရိုသေတာ ၊ ငါဆို အိမ်က အမြဲဝယ်မပေးနိုင်လို့ တရိုတသေသုံးတယ် စည်းကမ်းရှိရှိသုံးတယ် ၊ နင့်ကို နင့်အိမ်ကလည်းဝယ်ပေးနိုင်တာပဲ ၊ နင်မုန့်ဖိုးလည်း ရတာ မနည်းဘူးလေ ၊ ပျောက်သွားရင် အသစ်တစ်ချောင်း သွားဝယ်လိုက်ပေါ့ ၊ ငါ့မှာ ဒီတစ်ချောင်းပဲ ပါတာ ”

စိုးစိုးသည် စိတ်ဆိုးသွားကာ အရှေ့ကို ပြန်လှည့်သွား၏။ မြကလေးသည် ကျန်သည့်ခဲတံနှစ်ချောင်းကို လွယ်အိတ်ထဲ ထည့်ဝှက်ထားကာ အသစ်နှင့်ပဲ ရေးလေသည် ။ စိုးစိုးသည် တခြားကျောင်းသူကို မြကလေးဆီ ခဲတံလာငှားခိုင်းသည်။ မြကလေးသည် စိုးစိုးကို ပြောသည့်အတိုင်းပဲ ပြောလွှတ်လိုက်၏။ ထို့နောက်မှာတော့ စိုးစိုးကို တမင်မငှားတာဖြစ်ကြောင်း သိအောင် ပြန်ခါနီးမှာ ဝှက်ထားသော ခဲတံနှစ်ချောင်းကို စားပွဲပေါ် ပေါ်တင်ထုတ်၍ လွယ်အိတ်ထဲ ထည့်ပြလိုက်သည်။ စိုးစိုးသည် မြကလေးကို အတော်စိတ်ဆိုးသွားကာ ထိုအချိန်ကစပြီး မခေါ်တော့ပေ။ မြကလေးသည်လည်း ကိုယ့်အပေါ်နိုင်စားသော သူငယ်ချင်းကို ပြန်မခေါ်ပါ ။ အိမ်ပြန်ရောက်တော့ မြကလေးက ရီရီ့ကို ကျေနပ်နေသော မျက်နှာလေးနှင့် ပြောလိုက်သည်။

” ဒီနေ့ အဲ့သူငယ်ချင်းက ခဲတံလာငှားတော့ မမ‌ ပြောခိုင်းသလို ပြောလိုက်တာ ၊ ခု သမီးကို မခေါ်တော့ဘူး ”

ရီရီသည် မြကလေး၏ မျက်နှာမှာ နောင်တကင်းသော အပြုံးတချို့ကို မြင်ရလေသည်။ သူငယ်ချင်းဆိုတာလည်း သူငယ်ချင်းပီသမှ ပေါင်းသင်းဖို့ ထိုက်တန်တာမျိုး မဟုတ်လား ။

ပြီးပါပြီ ။
#JoJo