ဟောဒီမှာပဲပြုတ်(စ/ဆုံး)
——————–
“ဟောဒီမှာပဲပြုတ်”
“လာပါဦး”
မနက်တိုင်းကြားနေကြအသံ။နေ့တိုင်းကျွန်မက ပဲပြုတ်၅၀၀ဖိုး ဝယ်နေကြ။
ကြာလာတော့လည်း ပဲပြုတ်သည်သူမနဲ့ကျွန်မရင်းနှီးလာတော့ ကျွန်မ မနိုးသေးရင် ပဲပြုတ်အိတ်ကို အိမ်ရှေ့က တံခါးသံတိုင်မှာ ချိတ်ထားခိုင်းပါတယ်။
သူမရပ်ကွက်တစ်ပတ်လှည့်ရောင်းပြီးပြန်လာရင် ပိုက်ဆံဝင်ယူပေါ့။
ပိုက်ဆံဝင်ယူရင်း ကျွန်မအိမ်မှာ သူမပဲပြုတ်တောင်းလေးချ ခဏနား။ကျွန်မက အမောပြေရေတိုက်။
ခင်လာတာကြာတော့လည်း သူမဘဝအကြောင်း စပ်စုရင်း…..
စပ်စုတယ်ဆိုရတာလည်း တခြားအကြောင်းတော့မဟုတ်။
သူမက ပဲပြုတ်သာရောင်းနေတာ ရုပ်ရည်ကမဆိုး။ကိုယ်လုံးကိုယ်ပေါက်က ခပ်တောင့်တောင့်နဲ့လှရှာသား။
လည်ပင်းမှာလည်း ဆွဲကြိုးကဆွဲထားတော့…..
သူမ နာမည်က နီနီ။
“နီနီ ဆွဲကြိုးယောက်ကျားဆင်ပေးထားတာလား.”
“မနက်အစော ပဲပြုတ်ရောင်းရတော့ တော်နေကြာ အလုခံနေရဦးမယ်”
“ဘယ်ကလာ ယောက်ကျားဆင်ပေးရမှာလည်းအမရယ်”
“ယောက်ကျားသာ အားကိုးရရင် ကျွန်မ ရွှေဝတ်ဖို့နေနေသာသာ လံကွပ်တီနဲ့တောင်ညားနေမလားမသိ”
“ဟင်”
“ဘာဖြစ်လို့”
“ကျွန်မယောက်ကျား ခုတော့သေသွားပါပြီ”
“ခု ဆွဲကြိုး ဆင်ထားတာက အကိုဆင်ပေးတာ”
“လူရိုသေ ရှင်ရိုသေ လေအမရယ်”
“သြော်”
“ယောက်ကျားက ဘာဖြစ်လို့သေသွားတာလဲ ဘာလို့လံကွတ်တီ….?”
“ပြောပြမယ်အမရေ။ဒီလို……”
သူမ(နီနီ)ငယ်ငယ်ကထည်းက အိမ်နီးချင်းကိုချိုတာနဲ့အိမ်ထောင်ကျခဲ့တာပါ။ငယ်လင်ငယ်မယားပေါ့။
ကိုချိုတာက ကားမောင်း။
သို့ပေမယ့် ကားမောင်းရတဲ့ငွေက နီနီ့လက်ထဲအပြည့်မရောက် မအပ်တာများပါတယ်။
နီနီအိမ်ထောင်မကျခင်ကထည်းက ပဲပြုတ်ရောင်းခဲ့တာဆိုတော့ အိမ်ထောင်ကျလည်း ရောင်းရဆဲ။
(နီနီ့အမေကလည်းပဲပြုတ်ရောင်းတာပါ)
ကိုချိုတာက အိမ်ကပ်တာမဟုတ်။အိမ်ပြန်လာတော့လည်းခဏသာပါပဲ။
အပြင်မှာ အပေါင်းအသင်းတွေနဲ့ဟေးလားဝါးလား အရက်သောက်ရင်း အပျော်ရှာတတ်သူ။
သူမ(နီနီ)ကတော့ ငယ်လင်ငယ်မယားလည်းဖြစ်ပြန် တကယ်လည်းချစ်ရပြန်တာ ဆိုတော့ သည်းခံစမြဲ။
ကိုချိုတာက ကားသမားသာဆိုတာ လူပုံက အသားဖြူ ဖြူ ထောင်ထောင်မောင်းမောင်း ရွှေကိုင်းမျက်မှန်နဲ့လူချော။
မွေးထားတာက သမီးလေးတစ်ယောက်။
သမီးလေးမွေးထားလို့ကိုချိုတာ အိမ်မြဲမလားဆို ပိုတောင်ဆိုး။
သမီးလေး ၃တန်းနှစ်အရောက်*
ဘယ်ကနေဘယ်လို အိမ်ကိုခေါ်ချလာမှန်းမသိ။မိန်းမတစ်ယောက် လူပုံကညှပ်ညှပ်ဆံပင်ကတိုတို ထမီကတိုတို မျက်လုံးကပြူးပြူး ဝတ်တာကရှပ်အကျီ ငျ်။
ကိုချိုတာ နားတကပ်ကပ်။
အိပ်တော့လည်း သူတို့လင်မယားကအပေါ်ထပ်မှာ။
သမီးလေးနဲ့ကျွန်မ နီနီက အောက်ထပ်မှာ။
ရပ်ကွက်ထဲမှာတော့ ကိုချိုတာနောက်မယားခေါ်လာတာ နာမည်ကြီးပေါ့။
သို့ပေမယ့် မယားကြီးလုပ်တဲ့ကျွန်မက ကိုချိုတာကို ကွာမှမကွာနိုင်တာ ပြတ်မှမပြတ်နိုင်တာ ကျွန်မ အချစ်က မျက်ကန်းချစ်လေ။
ကြာလာတော့လည်း ကိုချိုတာက မယားကြီးဖြစ်တဲ့ကျွန်မကို ပြန်ကပ်ချင်တာ
ခုရောက်လာတဲ့ဟိုကောင်မနဲ့
ရုပ်ချင်းကိုယ်လုံးချင်းက ယှဉ်ကြည့်မလားကျွန်မကို မှီမှမမှီတာ..ဟင်းဟင်း။
ကိုချိုတာ ကျွန်မကို စိတ်ပြန်လည် လာတာ ဆန်းသလား?
ဆန်းနေတာက မယားငယ်မ။
ကိုချိုတာကို အလွတ်မပေး။
မျက်စိအောက်က အပျောက်မခံလေ ပါးစပ်ကလည်း ကို* ကို* ကို*နဲ့။
တကယ့်ကောင်မ။
ကိုချိုတာကို နောက်ပိုင်းမှာ ကားတောင်မမောင်းခိုင်းတော့။
ဘယ်သူရှိမလဲ အဲဒီမိန်းမ အဲဒီမိန်းမပေါ့။
စားတာလား?
ကျွန်မဆီကပေါ့ ကျွန်မချက်တဲ့ ထမင်းဟင်း သူတို့လင်မယား ယူစားကြတာပေါ့။
ဒေါသလား?
ဖြစ်တာပေါ့ ဒေါသက ငယ်ထိပ်ရောက်လို့လူတောင်သတ်ချင်တာ သမီးလေးမျက်နှာ ထောက်နေလို့။
မကောင်းမှန်းသိပေမယ့်လို့ ကျွန်မပါးစပ်က
ကျိန်စာတိုက်မိတာပေါ့ရှင်။
“ငါ့ကို ဒုက္ခပေးတဲ့ လင်မယား မြန်မြန်သေပါစေ”
“ငါစိတ်ဆင်းရဲ ဒုက္ခရောက်သလို စိတ်ဆင်းရဲပါစေ ဒုက္ခရောက်ပါစေ”ဆိုပြီးပြောမိတာပေါ့ ကျွန်မမညာပါဘူး ခံစားရတော့ကျိန်စာကထွက်ပြီပေါ့။
အဲဒီအချိန်က ကျွန်မအကိုလား?
အကိုမရှိဘူး အကိုကမြဝတီဘက်မှာ အလုပ်သွားလုပ်နေတာလေ အကိုရှိလို့ကတော့ ဒီကောင်သေတာကြာလှပြီလေ။
မြောက်ဥက္ကလာ မယ်လမုဘုရားပွဲကြီးစတော့ သူတို့လင်မယား နေ့တိုင်းပွဲသွားကြည့်ကြတာများ မုန်းလိုက်တာ။
ကျွန်မယောက်ကျား သေပန်းပွင့်ချိန်ရောက်လာတော့ သူတစ်ယောက်ထည်း မယားငယ်စားဖို့ရေမုန့်ထွက်ဝယ်တာတဲ့။
ဓါးထိုးခံရလို့သေပါရောလား?
ဘယ်သူတွေထိုးသွားတာလည်း ခုထိမသိရပါဘူး။
ကိုချိုတာလည်းသေရော မယားငယ်မလည်း အိမ်ပေါ်ကဆင်းပြေးသွားတာ ကြက်ပျောက် ငှက်ပျောက်။
နီနီပြောပြတဲ့ သူမရဲ့အကြောင်းပါ။
“နီနီ နောက်အိမ်ထောင်ပြုဦးမှာလား?” ကျွန်မကစစနောက်နောက်နဲ့ထပ်အမေး။
“အမလေး အမရယ် ဒီတစ်ယောက်နဲ့တောင် ကျွန်မဘဝတစ်သက်စာမှတ်သွားပြီ ခု ကျွန်မမှာ စိတ်ကိုချမ်းသာလို့”
“ကျွန်မအကိုကလည်း ကျွန်မနဲ့သမီးကိုကြည့်တယ်လေ ကျွန်မ ပဲပြုတ်ရောင်းရတာလေးနဲ့လည်း စားလောက်တယ်အမရဲ့”
“အမေဆုံးတော့ အကိုက အမွေသူမယူဘူး။အမေ့အိမ်ကို ကျွန်မနဲ့သူ့တူမလေးကိုပဲဆက်နေခိုင်းတာ”
“အကိုက အိမ်ထောင်ကျနေပြီလေ သူကပြေလည်တော့ ကိုယ်ပိုင်အိမ်နဲ့အေးအေးဆေးဆေး သူ့မိသားစုနဲ့သူ”
“အေးပါ အေးပါ”
“ဒီလိုလေးစိတ်ချမ်းချမ်းသာသာ ပြေပြေလည်လည်လေးနေနိုင်တာ ကံကောင်းတာပေါ့နီနီရယ်”
“ကျွန်မဘဝက ယောက်ကျားမလိုတော့ပါဘူးအမရယ် ဒီပဲပြုတ်တောင်းလေးရှိနေရင်ပဲ ပြည့်စုံပါပြီအမရယ်”
“အမ”
“ကျွန်မသွားတော့မယ်နော် ကျန်တဲ့ပဲပြုတ်လေးဆက်ရောင်းလိုက်ဦးမယ်”
“အေးအေးသွားသွား”
“ဟောဒီမှာ ပဲပြုတ်”::::::::::::::::::::::::::::::::::::::::::::::::::
စံဌာနီထွန်း